Switch Mode

Chapter – 16

လူတိုင်းက လူလိမ်များ ဖြစ်နေသည်လော

Chapter – 16 လူတိုင်းက လူလိမ်များ ဖြစ်နေသည်လော

အနီရောင်သစ်ရွက်မြို့၏ ဆူညံနေသော ပလာဇာတွင် အဖြူရောင်အလင်းများ ပေါ်လာပြီး ကစားသမားများက တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက်လာကြသည်။ ထိုကစားသမားများသည် ပြန်ရှင်လာသော ရှဲဒိုးအဖွဲ့မှ ကစားသမားများ ဖြစ်၏။

သူတို့၏ မျက်နှာပေါ်တွင် စိတ်ဓာတ်ကျနေသည့် အရိပ်အယောင်များဖြင့် ပြည့်နေလေသည်။

သူတို့သည် မကြာမီသေးမီက အနိုင်ရလဒ်ကို ပိုင်ဆိုင်ထားသော်လည်း ယခုအခါတွင် အရှုံးရလဒ်ကို ရရှိသွားကြသည်။

စောစောလေးကပင် သူတို့က အနီရောင်သစ်ရွက်မြို့တွင် အုပ်ချုပ်သူများဖြစ်လာရန် အိမ်မက် မက်နေကြသေး၏။ သို့သော်လည်း သိပ်မကြာခင်မှာပင် သူတို့က သေဆုံးသွားရပြီး သူတို့၏ အဆင့်နှင့် စကေးကျွမ်းကျင်မှုအမှတ်များကို ဆုံးရှုံးသွားကြရသည်။ ထို့အပြင် သူတို့၏ လက်ရှိ EXPက ယခင်အဆင့်၁၌ ရှိသော EXP ထက်ပင် နည်းနေသေး၏။ ထို့ကြောင့် သူတို့က သာမန်ကစားသမားများထက်ပင် အခြေအနေဆိုးနေလေသည်။

ဖလိမ်းမင်းတိုက်ဂါးသည် ပြန်ရှင်လာပြီးနောက် သူ၏ မျက်နှာအမူအရာက လွန်စွာ သုန်မှုန်နေပြီး သူ၏မျက်လုံးများက လူတစ်ယောက်ကိုပင် ဝါးမြိုနိုင်သကဲ့သို့ ဖြစ်နေလေသည်။

စနစ်။ ။ သင့်အား ရီဖုန်းမှ သတ်သွားသည်။ နောက် ၃စက္ကန့်ကြာလျှင် သင်က အနီရောင်သစ်ရွက်မြို့၌ ပြန်လည်ရှင်သန်လိမ့်မည်။ သေဆုံးသွားသည့်အတွက် အဆင့် ၁ဆင့်နှင့် စကေးကျွမ်းကျင်မှုအမှတ် ၁၀၀ လျော့ခံရမည်။

“ရီဖုန်း… မင်းကိုငါ ဘယ်တော့မှ မကြေဘူးကွ… မင်းကို သေချင်စိတ်ပေါက်လာတဲ့အထိ လုပ်ပြမယ်… “

ဖလိမ်မင်းတိုက်ဂါးက စနစ်မှ ကိန်းဂဏန်းများကို ကြည့်ပြီး ဒေါသဖြင့် အော်လိုက်သည်။ သူ၏ အပြုအမူကြောင့် တခြားကစားသမားများက အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည့် သူ့ကို အလျင်အမြန် ရှောင်ရှားလိုက်ကြ၏။

အချိန်ခဏလောက် ပေါက်ကွဲပစ်ပြီး‌နောက် သူက ကျသွားသည့်အိုင်တမ်များကို စစ်ဆေးကြည့်ရန် တခြားရှဲဒိုးအဖွဲ့ဝင်များအား အမိန့်ပေးလိုက်သည်။

သူတို့၏ သေဆုံးခြင်းက သူတို့အတွက် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်သော်လည်း သူတို့က ကိုဘိုးများထံမှ EXP တင် မဟုတ်ဘဲ ပစ္စည်းများကိုပါ ရရှိခဲ့သေး၏။ ယခု ထိုပစ္စည်းများက သူတို့၏ တစ်ခုတည်းသော စိတ်ဖြေစရာ ဖြစ်လေသည်။

ဖလိမ်းမင်းတိုက်ဂါးက သူ၏အိတ်အတွင်းသို့ စစ်ကြည့်လိုက်ပြီးနောက် လည်ချောင်းမှ ချိုမြသော အရသာကို ခံစားမိသွားပြီး သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

“အားလုံးပဲ… အခုချက်ချင်း အမှောင်လတောင်ကြားကို သွားမယ်… အဲ့ကောင်ကို ငါ သတ်မှ ရမယ်… “ ဖလိမ်းမင်းတိုက်ဂါး၏ ဒေါသများက အထွတ်အထိပ်သို့ ရောက်နေလေသည်။

သူ့ အိတ်ထဲတွင် ရှီဖုန်းကို သရော်ရန်အတွက် ကြံစည်ထားသော စကေးစာအုပ် မရှိတော့ပေ။ ထိုစာအုပ်သည် ဓားသမားအတွက် အလွန်ရှားပါးသော စကေးစာအုပ် ဖြစ်ပြီး ကိုဘိုးများထံမှ ရရှိသည့် ပစ္စည်းများထဲမှ တန်ဖိုးအရှိဆုံး ပစ္စည်းဆိုလည်း မမှားပေ။

ဒေါသထွက်စရာ အကောင်းဆုံး ကိစ္စကား ထိုစကေးစာအုပ်က ရှီဖုန်း၏ လက်အတွင်းသို့ ရောက်သွားခြင်း ဖြစ်သည်။ သူ၏ ကြိုးစားအားထုတ်မှုများက နောက်ဆုံးတွင် ရှီဖုန်းအတွက် အကျိုးအမြတ်များ ဖြစ်သွားစေခဲ့သည်။ ထို့ကြောင့် သူက ရှီဖုန်းကို အဆင့်သုညရောက်သည်အထိ သတ်ဖြတ်လျှင်တောင်မှ သူ့ရင်ထဲမှ အမုန်းများက ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် ရုတ်တရက် ဖြစ်သွားသည့် ဖလိမ်းမင်းတိုက်ဂါး၏ အပြုအမူများကို တခြားရှဲဒိုးအဖွဲ့ဝင်များက နားမလည်နိုင်အောင် ဖြစ်နေရသည်။ ရှီဖုန်းကို ယခု သွားရှာလျှင်တောင်မှ ရှီဖုန်းက ထိုနေရာတွင် ရှိမနေနိုင်တော့ချေ။ မည်သူကမှ ကိုယ့်ကို လက်စားချေမည့်လူအား ထိုင်စောင့်နေလိမ့်မည် မဟုတ်ချေ။ ရှီဖုန်းက ထိုနေရာမှ ထွက်သွားပြီး တခြားနေရာတစ်ခုတွင် သူတို့ကို လှောင်ပြောင်နေပေလိမ့်မည်။

ထိုအချိန်၌ ဖလိမ်းမင်းတိုက်ဂါး၏ စနစ်မှ ဆက်သွယ်ရေးအချက်ပေးသံ မည်လာသည်။

“ဘယ်သူလဲ… ဒီလိုအချိန် ငါ့ကို လာနှောင့်ယှက်တာ သေချင်လို့လား… “ ဖလိမ်းမင်းတိုက်ဂါးက တစ်ဖက်မှ ဆက်သွယ်မှုကို လက်ခံပြီးသည်နှင့် ချက်ချင်း အော်ပြောလိုက်သည်။

“ဖလိမ်းမင်းတိုက်ဂါး… မတွေ့တာ တစ်ရက်လောက်ပဲ ရှိသေးတယ်… မင်းရဲ့ ဒေါသတွေက တော်တော်ကြီးလာတာပဲ… “ တစ်ဖက်မှ အသံကလည်း အလွန်ဒေါသထွက်နေသကဲ့သို့ အေးစက်ခက်ထန်နေလေသည်။

ဖလိမ်းမင်းတိုက်ဂါးက ထိုအသံကို ရင်းနှီးနေသည်။ သူက အသံပိုင်ရှင်ကို မှတ်မိလိုက်သည်နှင့် သူ့မျက်နှာက ချက်ချင်း ပျက်သွား၏။

“အစ်ကိုကျန်းလား… အခု ကျွန်တော့်လက်အောက်ငယ်သားတွေကို ဆုံးမနေလို့ပါ… အစ်ကိုကျန်းက ကျွန်တော့်ကို ဆက်သွယ်လာလိမ့်မယ်လို့ ထင်မထားဘူးလေ… စိတ်မရှိပါနဲ့နော်… “

“ရပြီ… မင်းရဲ့ ပြဿနာကို ငါ သိပြီးပြီ… အနီရောင်သစ်ရွက်မြို့မှာရှိတဲ့ ရှဲဒိုးအဖွဲ့ ရဲ့ တိုးတက်မှုတွေကို မင်း ဘယ်လောက်တောင် ဖျက်ဆီးလိုက်လဲ ပြန်ကြည့်စမ်း… မင်းဆီကို ငါ ချက်ချင်း လာခဲ့မယ်… အခု မင်းက အနီရောင်သစ်ရွက်မြို့မှာ ရှိတဲ့ ရှဲဒိုးအဖွဲ့ရဲ့ အုပ်စုခေါင်းဆောင် မဟုတ်တော့ဘူး… မင်းနေရာကို ဒြပ်စင်ထိန်းချုပ်သူ ဆိုင်းလန့်ရိမ်းက ယာယီတာဝန်ယူလိမ့်မယ်… ငါက မင်းဆီကို ရောက်လို့မှ မင်းက အဆင့် ၂ကို မရောက်သေးရင် ရှဲဒိုးအဖွဲ့ကနေ ထွက်လိုက်တော့… မသုံးမကျတဲ့ လူတွေကို ရှဲဒိုးအဖွဲ့က မလိုအပ်ဘူး… “

တစ်ဖက်မှ စကားကို ကြားပြီးနောက် ဖလိမ်းမင်းတိုက်ဂါးက စိတ်ဓာတ်ကျသွား၏။ ထို့အတူ ရှီဖုန်းအပေါ်တွင် ရှိသည့် အမုန်းကလည်း ကန်၅ကန်၊ ပင်လယ်၄ခုနှင့် ဆေးလျှင်တောင်မှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်တော့ချေ။

ထိုအချိန်၌ အမှောင်လတောင်ကြားထဲတွင် ရှီဖုန်းနှင့် ဘလက်ကီက ရှဲဒိုးအဖွဲ့ဝင်များဆီမှ ကျခဲ့သည့် အိုင်တမ်များကို လိုက်ကောက်နေလေသည်။

ယခု ရှီဖုန်းက ဖလိမ်းမင်းတိုက်ဂါးက ကျခဲ့သည့် စကေးစာအုပ်ကို ကိုင်ထား၏။

“ဖလိမ်းမင်းတိုက်ဂါးက အရမ်း သဘောကောင်းတာပဲ… ငါ့အတွက် ဒီလိုအိုင်တမ်မျိုးကိုတောင် ချန်ပေးထားခဲ့တယ်… “

ရှီဖုန်းက စကေးစာအုပ်မှ စကေးကို ချက်ချင်းပင် သင်ယူလိုက်သည်။

လေဓားသွား (လှုပ်ရှားမှု အမျိုးအစား)

လိုအပ်ချက် = ဓား

အဆင့် ၁

ကျွမ်းကျင်မှု ၀/၃၀၀

၅ကိုက်နှင့် ၃၀ကိုက်အတွင်းရှိ ရန်သူကို တိုက်ခိုက်နိုင်သည်။ ရန်သူဆီသို့ ပြေးဝင်သွားချိန်တွင် ရွေ့လျားမှုနှုန်းကို ၄၀% တိုးပေးပြီး တိုက်ခိုက်မှုနှန်းကို ၂၀%တိုးပေးသည်။ တိုးလာသော စွမ်းရည်က ၃စက္ကန့်သာ ခံမည်။

ပြန်လည်အသုံးပြုရန် ကြာချိန် = ၂၅စက္ကန့်

ဤစကေးနှင့်ဆိုလျှင် ဓားသမားတစ်ယောက်၏ ရွေ့လျားနိုင်မှုက အများကြီး တိုးလာပေလိမ့်မည်။ ဤစကေးသည် အဝေးမှ တိုက်ခိုက်သော ရိန်းဂျားများနှင့် မှော်ဆရာများကို ပြန်လည်တိုက်ခိုက်ရာတွင် အလွန်အသုံးဝင်သည်။

“အကိုဖုန်း… ကျွန်တော်တို့လိုတဲ့ ဥက္ကာခဲသတ္တုရိုင်းတွေအားလုံး ဒီမှာပဲ… ကြေးသတ္တုရိုင်းတစ်ချို့တောင် ပါသေး…ရှဲဒိုးအဖွဲ့က ဒီတစ်ခေါက် တော်တော်ကူညီသွားတယ်… “

ဘလက်ကီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူက မြေပြင်မှ သတ္တုရိုင်းများကို ကောက်ယူနေရင်း အစိမ်းရောင်ရင့်ရင့် သတ္တုရိုင်းတစ်ခုကို သတိပြုမိလိုက်သည်။ ထိုသတ္တုရိုင်းကို ကောက်ယူပြီး ရှီဖုန်းအား မေးလိုက်သည်… “အစ်ကိုဖုန်း… ကြယ်သလင်းကျောက်ဆိုတာ ဘာလဲ… “

‘ကြယ်သလင်းကျောက်’ ဆိုသည့် အသံကို ကြားလိုက်သည်နှင့် ရှီဖုန်းက မြေပြင်မှ တခြားသတ္တုရိုင်းများကို စိတ်မဝင်စားတော့ဘဲ ဘလက်ကီဆီသို့ ပြေးသွားလိုက်သည်။

“တစ်ကယ်ကို ကြယ်သလင်းကျောက်ပဲ… ဒီလိုအရာမျိုးကိုတောင် ရတယ်ဆိုတော့… ဘလက်ကီ…မင်းက ကံတော်တော် ကောင်းတာပဲ… “ ရှီဖုန်းက အစိမ်းရင့်ရောင် သတ္တုရိုင်းကို ယူကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

နတ်ဘုရားနယ်မြေရှိ မွန်းစတားတိုင်းမှ ကြယ်သလင်းကျောက် ရနိုင်ချေ ရှိ၏။ သို့သော်လည်း ကြယ်သလင်းကျောက် ရနိုင်သည့်နှုန်းသည် တစ်မီလီယံတွင် တစ်ကြိမ်ခန့်သာ ရှိသည်။ ကြယ်သလင်းကျောက်က တခြာသူများအတွက် အမှိုက်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရှီဖုန်းအတွက်ကတော့ အလွန်အဖိုးတန်သည့် ရတနာတစ်ခု ဖြစ်သည်။

“အစ်ကိုဖုန်း… ဒီကြယ်သလင်းကျောက်က ဘာလုပ်လို့ ရလဲ… “

ဘလက်ကီ မနေနိုင်တော့ဘဲ မေးလိုက်သည်။ ပုံမှန်ဆိုလျှင် ရှီဖုန်းက တည်ငြိမ်ပြီး အေးဆေး၏။ ယခု သူ့ထံမှ စိတ်လှုပ်ရှားသည့်အမူအယာက ကြယ်သလင်းကျောက်၏ တန်ဖိုးကို ပြနေလေသည်။

“ဒါက စားရတာ ဟာ… ဒါပေမဲ့ ကစားသမားတွေအတွက် မဟုတ်ဘူး… “ ရှီဖုန်းက မသိမသာ ပြုံးရင်း ကြယ်သလင်းကျောက်ကို သိမ်းလိုက်သည်။

“ဒါက စားရတဲ့ဟာလား… “ ဘလက်ကီက အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။ မည်သူက ကျောက်တုံးကို စားနိုင်မည်နည်း။ သို့သော်လည်း ရှီဖုန်းတွင် အကြောင်းရင်း ရှိမည်ကို သိသဖြင့် ဘလက်ကီက ထပ်မမေးတော့ချေ။

ခဏကြာပြီးနောက်တွင် ကျသည့် ပစ္စည်းများအားလုံးကို သိမ်းဆည်းပြီးသွား၏။ ဥက္ကာခဲသတ္တုရိုင်း ၁၄ခုနှင့် ကြေးသတ္တုရိုင်း ၃၂ခု ရရှိခဲ့သည်။ ရှီဖုန်းက ဥက္ကာခဲသတ္တုရိုင်းများကို လိုတာထပ်ပင် ပိုရလိုက်၏။

ထို့နောက် သူတို့၂ယောက်က ပန်းပဲဖိုဆီသို့ ထွက်လာခဲ့ကြသည်။

“မာစတာဂျက်… သင့်တောင်းဆိုထားတဲ့ ဥက္ကာခဲသတ္တုရိုင်းတွေ ယူလာပါပြီ… “ ရှီဖုန်းက ဥက္ကာခဲသတ္တုရိုင်းများကို အကုန် ပေးလိုက်သည်။ ဥက္ကာခဲသတ္တုရိုင်းများက တာဝန်အတွက် အိုင်တမ်များသာ ဖြစ်သည်။ NPC ထံတွင် ရောင်းချမည်ဆိုပါက ဥက္ကာခဲသတ္တုရိုင်းတစ်ထုပ်ကို ကြေးပြား ၁ပြားဖြင့်သာ ရောင်းနိုင်လိမ့်မည်ဖြစ်သည့်အတွက် ဥက္ကာခဲသတ္တုရိုင်းများက တန်ဖိုးမရှိဟု ပြောလျှင် ပို၍ မှန်သည်။

“မဆိုးဘူး ကောင်လေး… ဒါပေမဲ့ ထူးချွန်တဲ့ ပန်းပဲဆရာတစ်ယောက် ဖြစ်ချင်ရင် တန်ဖိုးရှိတဲ့ သတ္တုရိုင်းကို ယူနိုင်တဲ့အစွမ်း ရှိရမယ်… အဲ့ဒီနေရာမှာ အစွမ်းထက်တဲ့ ကိုဘိုးမျိုးနွယ်ရဲ့ အကြီးအကဲတစ်ယောက် ရှိတယ်… မင်းရဲ့ အစွမ်းကို သက်သေပြဖို့ သူ့ကို သွားသတ်ချေ… “ မာစတာဂျက်က ဥက္ကာခဲသတ္တုရိုင်းများကို သိမ်းဆည်းရင်း ပြောလိုက်သည်။

စနစ်။ ။ လျှို့ဝှက်တာဝန် “ပန်းပဲပညာရပ်လမ်းစဉ်”။ ကြက်သွေးရောင်ကြယ်စင်မိုင်းတွင်းထဲရှိ ကိုဘိုးအကြီးအကဲကို သတ်ရမည်။ အချိန်ကန့်သတ်ချက် ၁နာရီ။

ဤတာဝန်က ဒုတိယတစ်ဆင့် ရှိသေးသည်ကို မြင်သောအခါ ရှီဖုန်းက ဟမ်းမားထရိတ်ဒင်းကို ကျိန်ဆဲလိုက်သည်။ သည်တစ်ကြိမ်တွင် သူ့ကြောင့် ရှီဖုန်း ဒုက္ခရောက်လေပြီ။

ထင်ထားတဲ့အတိုင်းပင် လူတိုင်းက ကိုယ်ကျိုးအတွက် တစ်ခုခုတော့ ချန်ထားတတ်ကြသည်။ ထို့ကြောင့် မည်သူ့ကိုမှ ယုံကြည်၍ မရချေ။ လူတိုင်းက လူလိမ်များ ဖြစ်ကြသည်။

ယခင်ဘဝက ဟမ်းမားထရိတ်ဒင်သည် ဤတာဝန်၌ ဒုတိယတစ်ဆင့်ရှိကြောင့် မပြောပြခဲ့ပေ။ ယခု အချိန်ကန့်သတ်ချက်ရှိသော ဒုတိယတာဝန် ပေါ်လာသည့်အပြင် တာဝန်ကလည်း ကိုဘိုးအကြီးအကဲကို သတ်ရမည် ဖြစ်သည်။ ကိုဘိုးအကြီးအကဲသည် လက်ရွေးစင်မွန်းစတားတစ်ကောင် မဟုတ်ချေ။ ကိုဘိုးအကြီးအကဲက အထူးလက်ရွေးစင်များထက် အစွမ်းထက်သည့်အပြင် မြေအောက်ဘုံမှ ဘော့စ်များနှင့်ပင် ယှဉ်နိုင်သည်။ ရှီဖုန်းက ယခု အဆင့်၃သို့ ရောက်နေပြီ ဖြစ်သော်လည်း ကိုဘိုးအကြီးအကဲကို တိုက်ခိုက်နိုင်သည့် အဆင့် မဟုတ်သေးချေ။

ယခင်ဘဝ၌ ဟမ်းမားထရိတ်ဒင်းက တာဝန်ကို ရရှိချိန်တွင် အဆင့် ၁၆သို့ ရောက်နေပြီဖြစ်သည့်အတွက် တာဝန်ကို အလွယ်တကူ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

“ကျန်တာတွေကို မေ့လိုက်တော့… အရင်ဆုံး တစ်ချက်လောက် သွားကြည့်ရမယ်… “

ယခုအချိန်တွင် ရှီဖုန်းက ဘာမှ မတတ်နိုင်တော့သော်လည်း တာဝန်ကို လက်လျှော့ရန် မတွေးချေ။ ပန်းပဲစွမ်းရည်သည် အလွန်အသုံးဝင်သည့်အတွက် သူက ကျိန်းသေ သင်ယူနိုင်ရပေမည်။

ထို့နောက် ရှီဖုန်းနှင့် ဘလက်ကီက လမ်းတစ်လျှောက်ရှိ ကိုဘိုးများကို သတ်ရင်းဖြင့် ကြယ်စင်မိုင်းတွင်း၏ အတွင်းဘက်ထဲသို့ တဖြည်းဖြည်း ဝင်သွားကြသည်။

မိုင်းတွင်းထဲရှိ ကိုဘိုးများက အဆင့်၄ပင် မဟုတ်တော့ဘဲ အဆင့်၅များပင် တွေ့လာရသည်။ ထို့ကြောင့် သူတို့ကို သတ်ရန် အချိန်နှင့်စွမ်းအင်များပါ ပိုကုန်သည်။ တစ်ခါတစ်ရံတွင် တစ်ကောင်သတ်၍ မပြီးသေးခင်မှာပင် နောက်တစ်ကောင် ပြန်ရှင်လာတတ်သည်။ အကယ်၍ စတီးနက်ဘီယာ၏ အဆင့်၂ဆင့် လျော့ချမှုကြောင့်သာ မဟုတ်လျှင် ရှီဖုန်းနှင့်ဘလက်ကီ၏ သတ်ဖြတ်နှုန်းက ကိုဘိုးများ၏ ပြန်လည်ရှင်သန်နှုန်းကို လိုက်မီလိမ့်မည် မဟုတ်ချေ။

နာရီဝက်ခန့် ကြာပြီးနောက် ရှီဖုန်းနှင့် ဘလက်ကီက ကြယ်စင်မိုင်းတွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွား၏။

ထိုနေရာသည် ကွင်းပြင်ကျယ်ကြီးတစ်ခု ဖြစ်ပြီး ပတ်ပတ်လည်တွင် သတ္တုရိုင်းများ တူးနေကြသော ကိုဘိုး၁၀ကောင်ကျော် ရှိ၏။ ဘာမှမရှိသည့် အလယ်တွင်တော့ ပုံရိပ်တစ်ခုက မတ်တပ်ရပ်နေလေသည်။ ထိုပုံရိပ်က ချပ်ဝတ်များ ဝတ်ဆင်ထားသော ကိုဘိုးတစ်ကောင် ဖြစ်ပြီး တခြားကိုဘိုးများကို အမိန့်ပေးနေလေသည်။

ကိုဘိုး အကြီးအကဲ (အကြီးအကဲ အဆင့်)

အဆင့် ၅

HP ၂၁၀၀/၂၁၀၀

ထိုကိုဘိုး၏ HPနှင့်ပင် ကစားသမားတစ်ယောက်က စိတ်ဓာတ်ကျသွားနိုင်သည်။ ဝတ်ဆင်ထားသည့် ချပ်ဝတ်ဖြင့် ဆိုပါက ပြောနေစရာပင် မလိုတော့ချေ။ ထိုချပ်ဝတ်က လေးလံသည့် အမျိုးအစားဖြစ်ပြီး ခုခံမှုကလည်း အလွန်အားကောင်း၏။ ထို့အပြင် အကြီးအကဲအဆင့် မွန်းစတားများ၏ ပြန်လည် ကုသနှုန်းမှာ ၅စက္ကန့်လျှင် 2%ဖြစ်သည့်အတွက် ကိုဘိုးအကြီးအကဲ၏ ပြန်လည်ကုသနှုန်းမှာ ၅စက္ကန့်လျှင် 42HP ဖြစ်သည်။ သာမန်အဆင့်၅ ကစားသမားတစ်ယောက်သည် သာမန်ဓားချက်ဖြင့် ၅စက္ကန့်အတွင်း ထိခိုက်မှု ၄၂မှတ် နှုတ်မယူနိုင်ပေ။

မီးခိုးဗုံးများကို သုံးလျှင်တောင်မှ ကိုဘိုးအကြီးအကဲကို သတ်ရန် မဖြစ်နိုင်ပေ။ အကြီးအကဲအဆင့် ကိုဘိုးမွန်းစတား၏ အဝေးဆုံး မြင်နိုင်သည့် အကွာအဝေးမှာ ၅၅ကိုက် ဖြစ်သည်။ မီးခိုးဗုံးက ၁၀ကိုက် လျော့ချပေးလျှင်တောင်မှ ၄၅ကိုက် ကျန်နေဦးမည် ဖြစ်၏။ အဝေးဆုံး ပစ်ခတ်မှု လုပ်နိုင်သည့် ရိန်းဂျားများတောင်မှ ကိုက်၄၀ထိသာ အဝေးဆုံး ပစ်နိုင်သည့်အတွက် ကိုဘိုးများကို အန္တရာယ်ကင်းကင်း သတ်ရန် ရိန်းဂျားများပင် မဖြစ်နိုင်ချေ။

ရှီဖုန်းက ရှေ့မှ ကိုဘိုးအကြီးအကဲကို ကြည့်ပြီး အကြိမ်ကြိမ် တွေးလိုက်သည်။ ထို့နောက် အကူအညီမဲ့ဟန်ဖြင့် ရယ်လိုက်သည်… “ငါ ဒီဟာကို တစ်ကယ်ကို ထုတ်သုံးရတော့မှာလား… “

အပိုင်း ၁၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset