Switch Mode

Chapter – 47

Chapter – 47

ကျင့်ကြံသူတစ်ယောက်၏ ဒုက္ခဆင်းရဲပင်လယ်က နာမည်အတိုင်း အလွန်ခြောက်ကပ် အသက်မဲ့ကာ အသက်စွမ်းအင်များနှင့် ကင်းလွတ်နေသည်။ သို့ရာတွင် ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်၏ အလယ်တွင်မူ ရွှေရောင်အလင်းစက်က တောက်ပစွာ လင်းလက်နေသည်မှာ နေမင်းအလားထင်ရပြီး အသက်စွမ်းအားအပြည့် ရှိနေပြန်သည်။
ဖန်းပေါ်က ပြောသည့်တိုင်း ထိုဒုက္ခဆင်းရဲပင်လယ်က နတ်စွမ်းအင်အလင်း အနည်းငယ်ကို လွင့်ထုတ်နေသည်။ သို့သော် အလွန်အမင်း အားနည်းနေသေးသည့်တိုင်အောင် ထူးခြားနေသည်မှာ သေချာသည်။ အခြားသောသူများ၏ ဒုက္ခဆင်းရဲပင်လယ်နှင့် နှိုင်းယှဥ်သော် မှော်ဆန်လွန်းသည်ဟု ဆိုရပေမည်။ သက်တတန့်ရောင်တောက်ပသော အဆီအနှစ်များကပင် ခြားနားနေသည်။
“မင်းက အသက်ဘီးကို ဆက်သွယ်နိုင်အောင် လုပ်နေတာလား။”
ဖန်းပေါ်က တွက်ချက်ကြည့်သည်။ ယဲ့ဖန်းက ဒုက္ခဆင်းရဲပင်လယ်အောက်မှ အသက်ဘီးနှင့် ဆက်သွယ်သည့်နည်းလမ်းကို ရှာဖွေလိုက်၍ ဖြစ်သည်။
ယဲ့ဖန်းက ခေါင်းခါပြီးနောက် ငြင်းသည်။
“ဘာလမ်း​ကြောင်းမှ မတွေ့ပါဘူး။ နောက်ပြီး နတ်စွမ်းအား အရင်းအမြစ်ဆိုတာလည်း မရှိသေးဘူး။”
၄င်းက ဒုက္ခဆင်းရဲပင်လယ်ဖြစ်တာ သူက သေချာနေသည်။ ယင်းက အသက်ဘီးထဲမှ ထွက်လာသော နတ်စွမ်းအင် မဟုတ်ချေ။
ဖန်းပေါ်က သက်ပြင်းချသည်။
“တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ရှေးဟောင်းအထွတ်အမြတ် ခန္ဓာကိုယ်တည်ဆောက်ပုံက အတော်လေးကို ထူးခြားပြီး သာမန်လူတွေနဲ့ ကွဲပြားတယ်။ ဒီဒုက္ခဆင်းရဲပင်လယ်ရဲ့ ရွှေရောင်ကတင် လူတိုင်းနဲ့ ကွာခြားနေပြီ။”
“ဒါက ဒုက္ခဆင်းရဲပင်လယ် စပွင့်ခါစ အခြေနေဘဲရှိသေးတယ်။ နောက်ပိုင်းက ဆက်ကျင့်နိုင်ပါ့မလားဆိုတာ မသေချာသေးပါဘူး။”
ယဲ့ဖန်းက အပျော်မလွန်ရဲသေးချေ။
သူက အတွင်းသို့ စစ်ဆေးကြည့်ပြီးနောက်တွင် ဒုက္ခဆင်းရဲပင်လယ်ကို ဂရုတစိုက် စစ်ဆေးကြည့်သည်။ နှမ်းစေ့အရွယ်ရှိသော ဒုက္ခဆင်းရဲပင်လယ်ကို အဆုံးအစမဲ့သော အမှောင်ထု ပြောင်ရှင်းမှုများက လွှမ်းခြုံထားပြီး လွင်ထီးခေါင်နယ်မြေတစ်ခုလို ခြောက်ကပ်နေသည်။
သို့ရာတွင် သူ၏ အလင်းတစ်ခုလုံးဖြင့် အရာအားလုံးကို လွှမ်းခြုံပေးရန် ခက်ခဲလွန်းလေသည်။ ထိုအလင်းစက်လေးက ညကောင်းကင်တွင် တွဲလျားချိတ်ဆွဲထားသော လမင်းနှင့်တူသည်။
ယဲ့ဖန်း၏ နှလုံးသားထဲမှ မျှော်လင့်ချက်များကို မြှင့်တင်ပေးနိုင်သည်။ ဖြစ်နိုင်သည်မှာ တစ်ရက်တွင် သူကလည်း အဆုံးအစမဲ့သော ရွှေရောင်ဒုက္ခဆင်းရဲပင်လယ်ကြီးကို ဖန်တီးနိုင်လောက်ပြီး အမှောင်ထုကို တွန်းဖယ်ကာ သေဆုံးခြင်းစွမ်းအင်များကို ရလျက် ထိုနေရာကို အသက်စွမ်းရည် အပြည့်ဖြစ်အောင် လုပ်နိုင်လောက်သည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က အချိန်အတန်ကြာ ဆွေးနွေးပြီးနောက် ယဲ့ဖန်း၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အခြေအနေက ထူးခြားကြောင်း သတ်မှတ်လိုက်ကြသည်။ ဒါက အဆုံးအစမဲ့သော တွင်းပေါက်ကြီးနှင့်တူပြီး သူက အဆင့်တက်ရန်အတွက် အရင်းအမြစ် ပမာဏပေါင်းများစွာ လိုအပ်နေသည်။ ထို့ကြောင့် သူက သာမန်လူများနှင့် အလွန်ကွာခြားသည်။ သူ၏ ဆေးစွမ်းအင်များက သူ့တွင် အင်အားကြီးတော့မည့်အရေးကို ကြောက်စရာမလိုတော့ချေ။ မလုံလောက်မည့်အရေးကိုသာ စိုးရိမ်နေရမည်ဖြစ်သည်။
ထိုအနှစ်ချုပ်ကို ရသွားပြီးနောက် နှစ်ယောက်လုံးက စိတ်ပျက်အားငယ်သွားသည်။ အခြားသော တပည့်ဂိုဏ်းသားများက ဂိုဏ်းသို့ စဝင်ခါစဆိုလျှင် သုံးလလျှင် တစ်ပုလင်း ရရှိမည်ဖြစ်ပြီး သူတို့ကမူ တစ်နှစ်လျှင် လေးပုလင်းရရှိပေလိမ့်မည်။
သို့ရာတွင် ယဲ့ဖန်းက ငါးဆယ့်ကိုးပုလင်း သောက်ပြီးမှသာ နှမ်းစေ့အရွယ်အစားရှိသည့် ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက အခြားသူများ ဆယ်နှစ်ကျော် အသုံးပြုသော ပမာဏနှင့် ညီမျှနေသည်။ ထိုပမာဏက ကြောက်စရာကောင်းလွန်းသည်။
အကြီးအကဲဝူချင်ဖုန်း၏ စကားအရ ကျင့်ကြံနည်းစနစ်က မြင့်သွားလေလေ ပို၍ ခက်ခဲလာလေဖြစ်သည်။ နောက်ပိုင်းအဆင့်များတွင် တစ်ဆင့်ထက် တစ်ဆင့်တက်ချိန်တိုင်း အရင်အဆင့်များတွင် ကုန်ကျသော အရင်းအမြစ်ထက် ဆယ်ဆမက လိုအပ်လေ့ရှိကြသည်။
ယဲ့ဖန်းကမူ ထိုအကြောင်းကို တွေးမိသောအခါ မှင်သက်သွားရသည်။ ထိုဆေးရည်တွင်လည်း တူညီသော အခြေအနေဖြစ်နိုင်သည်။ အစပိုင်းသာ ရှိသေးသော်လည်း သူကမူ ပုလင်းပေါင်းများစွာကို သုံးနေရသည်။ နောက်ပိုင်း အဆင့်တက်သွားသောအခါ သူ၏အခြေအနေက ပို၍ကြောက်စရာ ကောင်းလောက်သည်။
“မစိုးရိမ်ပါနဲ့။ ဖြေရှင်းချက်တော့ ရှိမှာပါ။”
ထိုအချိန်တွင် ဖန်းပေါ်၏ မျက်လုံးက တောက်ပသွားပြီး တစ်စုံတစ်ရာကို တွေးမိသွားသည်။
“ငါတို့တွေ အကြီးအကဲဝူချင်ဖုန်းကို မင်း ကျင့်ကြံလို့ရတယ်လို့ ပြောလို့ရတာပဲ။ မင်းက ဒီအထွတ်အမြတ် ခန္ဓာကိုယ်ကို အရင်ကအတိုင်း ကျင့်ကြံနိုင်တယ်ဆိုရင် သူတို့တွေကလည်း မင်းကို ထောက်ပံ့ကြမှာပဲ။ ဒါက တကယ်ကို မယုံနိုင်စရာပဲလေ။ နောက်ပြီး ဝိညာဥ်အပျက်အစီး နယ်မြေက အကြီးအကဲတွေ အရမ်းကို အံ့အားသင့်သွားပြီး မင်းကို လိုအပ်တာ ထောက်ပံ့ပေးကြလိမ့်မယ်။”
ယဲ့ဖန်းက တွေးပြီးနောက် ခေါင်းကိုခါလိုက်သည်။
“သူတို့ကို ပြောလို့မရဘူး။”
“ဘာလို့လဲ။”
ဖန်းပေါ်က ပဟေဠိဖြစ်သွားသည်။
“ပထမအချက်အနေနဲ့ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကို မခြိမ်းခြောက်နိုင်လို့ပဲ။ ဒီသတင်းသာ ပြန့်သွားရင် ငါသေလိမ့်မယ်။ ဒုတိယအချက်အနေနဲ့ ဒီရွှေရောင် ဒုက္ခဆင်းရဲပင်လယ်ကြီးက မှော်ဆန်တယ်ဆိုပေမဲ့လည်း ဒီအတိုင်း ဆက်ပြီး ကျင့်ကြံဖို့က မဖြစ်နိုင်လောက်သေးဘူး။ ငါ ဒုက္ခိတ ဖြစ်နိုင်သေးတယ်။”
ဖန်းပေါ်က သေချာစွာတွေးကြည့်ပြီးနောက် ပထမဆုံးအကြောင်းပြချက်ကို လက်ခံလိုက်သည်။ ထိုသတင်း ပေါက်ကြားသွားသည်နှင့် သူ သေသွားနိုင်သည်။
“ဒုတိယအကြောင်းပြချက်ကတော့ မင်း အတွေးလွန်နေတယ်လို ထင်တယ်။”
ယဲ့ဖန်းက ခေါင်းခါသည်။
“အခု ငါ သိတာက ဘာလို့ ဒီခန္ဓာကိုယ်က ရှေးဦးခေတ်မှာဘဲ ပေါ်နိုင်သလဲဆိုတာပဲ။ နောက်ပြီး အခု အရမ်းကို ကျင့်ကြံဖို့ ခက်ခဲသွားပြီ။ လိုအပ်တဲ့ သုံးစွဲရမဲ့ အရင်းအမြစ်ကလည်း သာမန်ဂိုဏ်းတွေက လက်သင့်မခံတော့ဘူး။ ဒီတော့ အစောပိုင်းအဆင့်တွေမှာ အဆင်ပြေနိုင်ဆိုရင်တောင်မှ နောက်ပိုင်း အဆင့်တက်လာတာနဲ့အမျှ ပိုဆိုးသွားမှာပဲ။ နောက်ပြီး ငါကအမန္တတစ်ယောက်ဖြစ်ဖို့ လမ်းစဥ်ကို လိုက်နေတာ။ ဒီတော့ အဆင့်တိုင်းက လိုအပ်သည့်ပမာဏက ဆယ်ဆစီ များသွားလိမ့်မယ်။ ဒီတိုင်းသာ ဆက်ပြီးကျင့်ကြံရမယ် ဆိုရင် အလယ်အလတ်အဆင့်ထိတောင် ကျင့်ကြံနိုင်ဖို့က အတော်လေးကို အံ့အားသင့်စရာ ကောင်းနေလောက်ပြီ။ နောက်ပိုင်းအဆင့်တွေဆို ထည့်ပြောမနေနဲ့တော့။ ငါ စိုးရိမ်တာက အထွတ်အမြတ် မိသားစုတွေတောင်မှ ဆက်လက်ပြီး ပျိုးထောင်ဖို့ ခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုရင် အကျိုးအမြတ်နဲ့ အရင်းအနှီးက မမျှတတော့ဘူးလေ။ အရင်းအနှီးက ပိုပြီးများနေတယ်။ ဒါက ဒီ ပမာဏအတိုင်းကိုသာ အခြားထူးချွန်တဲ့ တပည့်ဂိုဏ်းသားတွေကို ဆုချလိုက်မယ်ဆိုရင် ပိုပြီးမကောင်းလောက်ဘူးလား။”
” ဒီအကြောင်းပြချက်ကြောင့်ဘဲ ရှေးခေတ်က အထွတ်အမြတ် ခန္ဓာကိုယ်က အခု ဒုက္ခိတဖြစ်သွားရတာလား။”
ဖန်းပေါ်က အံ့ဩသွားသည်။
ယဲ့ဖန်းက တွေးတောကြည့်ပြီးနောက် ပြောလိုက်သည်။
“အစောပိုင်း ကျင့်ကြံခြင်းအဆင့်တွေမှာပဲ ထစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်က ဒါပဲ။ ငါတော့ ဒီထက် ပိုဦးမယ်လို့ထင်တယ်။ မဟုတ်ရင် ရှေးဟောင်းမိသားစုတွေနဲ့ အထွတ်အမြတ်လူတွေက အလွယ်တကူ လက်လျော့မှာမဟုတ်ဘူး။ ကြည့်ရတာ လက်သင့်မခံနိုင်တဲ့ အခြားအကြောင်းပြချက်တွေတောင် ရှိလောက်တယ်။”
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
ဖန်းပေါ်က မှင်သက်သွားသည်။ ယဲ့ဖန်း၏ အနာဂတ်က ခြောက်သွေ့နေသည်။ သူ လျှောက်ကြည့်နေသော လမ်းကြောင်းကလည်း အလွန်အမင်း ခက်ခဲနေပြန်သည်။ သို့ရာတွင် ယဲ့ဖန်းက စိတ်ဓာတ်မကျဘဲ ပြောလိုက်သည်။
“ရှေးဟောင်းအထွတ်အမြတ် ခန္ဓာကိုယ်က ကျင့်ကြံရတာ လွယ်ကူနေရင် အဓိပ္ပါယ်က ပျောက်သွားတော့မှာပေါ့။ လမ်းကြောင်းက ပိုပြီးခက်ခဲလေလေ ပိုပြီးထူးခြားလေလေပဲ။ အားလှိုင်းတွေကို ရင်ဆိုင် …။ တောင်တန်းတွေကို တက် ..။ ချောက်ကမ်းပါးတွေကိုကျော်ဖြတ်ပြီး ဝေးနိုင်တမျှ ဝေးဝေးသွားရမယ်။ ဒီလိုဆိုရင် အထွတ်အထိပ်ကို ရောက်သွားမှာပဲ။”
နောက်ရက်များတွင် ယဲ့ဖန်းနှင့်ဖန်းပေါ်တို့က သူတို့၏ကျင့်ကြံခြင်းအဆင့် မြင့်မားလာအောင် ဆက်လက်ပြီး ​ကျင့်ကြံ​နေကြသည်။
ထိုအချိန်အတောအတွင်း အကြီးအကဲ ဝူချင်ဖုန်းက ဖန်းပေါ်ကို ဝိညာဥ် အပျက်အစီး ဂူ၏ တောင် နောက်ဘက်ပိုင်းသို့ ဆင့်ခေါ်ကာ သူက အမန္တမျိုးစေ့ ဖြစ်ကြောင်း အသိအမှတ်ပြုပေးသည်။ သူက ဖန်းပေါ်ကို ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်အောင် အားပေးပြီးနောက် ဒုက္ခဆင်းရဲပင်လယ် နတ်စမ်းရေကန်ကို အမြန်ဆုံး ထွက်လာနိုင်အောင်လုပ်ရန် အားပေးလေသည်။
ထိုအချိန်ကျလျှင် သူက ဖန်းပေါ်ကို နောက်ဆုံးတပည့်အဖြစ် လက်ခံမည်ဟု ဆိုသည်။
အမန္တမျိုးစေ့အဖြစ် တရားဝင်သတ်မှတ်ပြီးနောက် ဖန်းပေါ်က တစ်လလျှင် ဆေးပေါင်းတစ်ရာဆေးရည် ရှစ်ပုလင်းရရှိမည်ဖြစ်သည်။ သူ ယခင်က တစ်နှစ်လျှင် လေးပုလင်းရရှိသည့် ပမာဏနှင့် နှိုင်းယှဥ်လျှင် ဒီဆက်ဆံမှုက ပို၍ကောင်းသည်။
ပို၍ဆိုးသည်မှာ သူ၏ ကျင့်ကြံသည့်အဆင့် တိုးတက်လာသည်နှင့် ရရှိသောအရင်းအမြစ်က ပို၍များလာပေလိမ့်မည်။ ထို့ကြောင့် အရင်းအမြစ် ပြတ်လတ်သွားမည်ကို စိုးရိမ်စရာ မလိုတော့ချေ။
ဂူ၏အနောက်တောင်ဘက်တွင် ဖန်းပေါ်က အကြီးအကဲဝူချင်ဖုန်းကို မေးခွန်းပေါင်းများစွာ မေးသည်။ သူက ယဲ့ဖန်းကို ကူညီပြီး ထိုဒုက္ခဆင်းရဲ ရွှေရောင်ပင်လယ်၏ သံသယကို ဖြေဖျောက်ပေးလိုသည်။
အကြီးအကဲဝူချင်ဖုန်းက သူ့ကိုလျှို့ဝှက်ချက်ပေါင်းများစွာ ပြောပြသည်။ လောကတွင် အချို့သော ထူးခြားသည့် ပုဂ္ဂိုလ်များက ဒုက္ခဆင်းရဲပင်လယ်ကို ဖွင့်သောအခါ ထူးဆန်းသည့်အရာများ ဖြစ်သည်။
“ဘယ်လို ထူးဆန်းတဲ့ဖြစ်စဥ်လဲ။”
အကြီးအကဲ ဝူချင်ဖုန်းက ထူးဆန်းသောဖြစ်စဥ် ဆယ်ခုကျော်ကို ပြောပြသော်လည်း မည်သည့်အခြေအနေကမှ ရွှေရောင်ဒုက္ခဆင်းရဲပင်လယ်နှင့် မတူညီခဲ့ချေ။ အဆုံးတွင် ဖန်းပေါ်က မနေနိုင်ဘဲ တိုက်ရိုက်မေးလိုက်သည်။
“ဒုက္ခဆင်းရဲပင်လယ် ပွင့်သွားတဲ့အခါ ဆူနာမီ မုန်တိုင်းဖြစ်တာ၊ နတ်သက်တန့်ရောင် ထွက်ပေါ်လာတာ၊ ဒုက္ခဆင်းရဲပင်လယ်က ရွှေရောင်ပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားတဲ့ အခြေအနေမျိုး ရှိနိုင်လား။”
“မဖြစ်နိုင်ဘူး။”
အကြီးအကဲဝူချင်ဖုန်းက ခေါင်းခါသည်။ ထို့နောက် တုန့်ဆိုင်းစွာဖြင့် ပြောသည်။
“ဖြစ်နိုင်တာက ဒဏ္ဍာရီလာ နတ်ဘုရားခန္ဓာကဘဲ အဲ့ဒီလို လုပ်ကောင်းလုပ်နိုင်လောက်တယ်။ ဒါပေမဲ့ ဒီလောက်ထိ သက်ရောက်မှု မကြီးမားနိုင်လောက်ဘူး။”
သိပ်မကြာခင်က အရှေ့ဘက်နယ်မြေတွင် ရှားပါးသည့် နတ်ဘုရားခန္ဓာတစ်ခု ပေါ်ပေါက်လာသော ကောလဟာလရှိလာသည်။ တစ်ယောက်ထက်ပင် ပိုနိုင်သေးသည်။ ထိုလူများအားလုံးက ရှေးဟောင်းမိသားစုများ သို့မဟုတ် အထွတ်အမြတ် နယ်မြေများတွင် ပုန်းအောင်းကာ ကျင့်ကြံနေကြသည် ဟုဆိုသည်။ အကြီးအကဲ ဝူချင်ဖုန်းကမူ အချက်အလက်ပေါင်းများစွာကို ရထားသည်။
“ရှားပါးတဲ့ ပါရမီရှင်များအားလုံးကို အထွတ်အမြတ်နယ်မြေက လူတွေ ရှေးဟောင်းကလန်က လူတွေက ခေါ်သွားကြပြီ။”
အကြီးအကဲ ဝူချင်ဖုန်းကလည်း ကူကယ်ရာမဲ့ရသည်။
ဖန်းပေါ်က ပြန်လာသောအခါ သူ ကြားခဲ့တမျှ အရာအားလုံးကို ယဲ့ဖန်းကို ပြန်​ပြောပြသည်။ အဆုံးတွင် သူက ပြောသည်။
“ကြည့်ရတာ ရွှေရောင်ဒုက္ခဆင်းရဲပင်လယ်က အတော်လေးကို ထူးခြားတဲ့ပုံပဲ။ ဒဏ္ဍာရီလာ နတ်ဘုရားခန္ဓာကိုယ်က အရှေ့ဘက်ပိုင်နက် နယ်မြေမှာ ပေါ်လာတယ်တဲ့။ ဒါပေမဲ့ အဲ့ဒီအချိန်က ဒီလောက်ထိသက်ရောက်မှု မကြီးမားခဲ့ဘူးဆိုပဲ။ ငါမျှော်လင့်တာက မင်း ချောချောမွေ့မွေ့ ကျင့်ကြံနိုင်ဖို့ပဲ။ အဲ့ဒီနောက်မှာ မင်းကလည်း အဲ့ဒီဂိုဏ်းကြီးတွေက ပျိုးထောင်ထားတဲ့ ပါရမီရှင်တွေ ဆိုတာနဲ့တောင် ယှဥ်နိုင်လိမ့်မယ်။”
ထိုစကားကို နားထောင်ပြီးနောက် ယဲ့ဖန်းက အချိန်အတန် တွေးတောပြီးမှသာ ဖန်းပေါ်ကိုကြည့်သည်။
“ကြည့်ရတာငါ ဝိညာဥ်အပျက်အစီး ကောင်းကင်ဂူက ထွက်သွားဖို့ အချိန်ကျပြီထင်တယ်။”
“ဘာလို့လဲ … ။”
ဖန်းပေါ်က အလွန်အံ့ဩသွားသည်။ ယဲ့ဖန်းက မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်လာကြောင်း မသိတော့ချေ။
“ငါ ဒီနေရာကို လာတာက ဘယ်လိုကျင့်ကြံရမလဲဆိုတာကို သိချင်လို့ပဲ။ အခု ငါ ဒီနေရာမှာ ဆက်ပြီးနေဖို့ မသင့်တော်တော့ဘူး။ ငါ ကံကောင်းမှုကို ရှာဖွေဖို့ ထွက်သွားသင့်ပြီ။”
“မဟုတ်ဘူး။ မင်း ထွက်သွားမယ်ဆိုရင် ငါလည်း ထွက်သွားရမှာပေါ့။”
ဖန်းပေါ်က ခိုင်မာစွာပြောသည်။
“မင်းက အမန္တမျိုးစေ့အဖြစ် အတည်ပြုခံရပြီးသားပဲလေ။ နောက်ပြီး ဒီဂိုဏ်းကလည်း အကောင်းဆုံးကြိုးစားပြီး မင်းကို ပြုစုပျိုးထောင်ပေးကြလိမ့်မယ်။ မင်း ထွက်သွားဖို့ မလိုပါဘူး။ ဒါပေမဲ့ ငါကတော့ မတူဘူး။ ငါရဲ့ခန္ဓာကိုယ်နဲ့ ဒီနေရာမှာ ဆက်နေရင် ဘာတိုးတက်မှုမှ မရှိနိုင်တော့ဘူး။”
အပိုင်း (၄၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset