Chapter – 46
ထိုနေ့တွင် ယဲ့ဖန်းက ဆေးပေါင်းတစ်ရာ ဆေးရည်ပုလင်း ဆယ့်သုံးပုလင်း သောက်ခဲ့သည်။ ထို့အပြင် လွန်ခဲ့သောနှစ်ရက်ခန့်က သောက်ခဲ့သော ပုလင်းခုနစ်ပုလင်းနှင့် ပေါင်းသော် ပုလင်း နှစ်ဆယ် ကျော်သွားပြီးဖြစ်သည်။ သူ၏သွေးထဲတွင် အဆီအနှစ်များက ဆူပွက်နေခြင်းမှ လွဲပြီး အခြားသော မသက်မသာဖြစ်သော အခြေအနေကို မခံစားရချေ။ သူက ထိုသို့ဆက်တိုက်သောက်နိုင်နေကြောင်း မြင်သောအခါ ဖန်းပေါ်ကပင် ကြောက်လာပြီးနောက် ပြောလိုက်သည်။
“အရင် ရပ်ထားရအောင်။ ငါ အခု ကြောက်လာပြီ။ ငါမျက်ခွံတောင် ဆက်တိုက်လှုပ်နေတာ မတွေ့ဘူးလား။ မင်း ဗုန်းခနဲ ပေါက်ကွဲသွားရင် ဘယ်လိုလုပ်မလဲ။ ငါမင်းကို ထပ်မြင်ရတော့မှာ မဟုတ်ဘူး။ ”
“မင်းအဖေ… ဘာသောက်ပေါက်ကရတွေ လာပြောနေတာလဲ။”
ထိုအချိန်တွင် ယဲ့ဖန်းက သူ၏ ဒုက္ခဆင်းရဲပင်လယ်ထဲမှ အခြေအနေကို သတိထားကြည့်ပြီးနောက် ပြောလိုက်သည်။
“ငါ ထူးဆန်းတဲ့ ခံစားချက်ကို ရလိုက်သလိုပဲ။’
“ဘာလဲ။ သက်ရောက်မှု ရှိတာလား။”
ဖန်းပေါ်က အပျော်လွန်သွားပြီးနောက် ပြောလိုက်သည်။
“ငါ အခု ချက်ချင်း အကြီးအကဲ ဝူချင်ဖုန်းကို သွားခေါ်ပြီး မင်းကို လမ်းပြခိုင်းလိုက်မယ်။”
ယဲ့ဖန်းက သူ့ကို တားလိုက်သည်။
“မသွားနဲ့။ ငါ ကိုယ့်ဘာသာ အာရုံခံနိုင်တယ်။”
အကြီးအကဲ ဝူချင်ဖုန်းကလည်း ယဲ့ဖန်း၏ ခန္ဓာကိုယ်အခြေအနေအရ သူကိုယ်တိုင်သာ ကိုယ့်ကိုကိုယ် အာရုံခံနိုင်အောင် လုပ်ရမည်ဖြစ်ကြောင်း သိထားသည်။ ပြောကြသည်မှာ သာမန်လူတစ်ယောက်၏ အသက်ဘီးက မြေဆီလွှာတစ်မှုန်ခန့်သာ ရှိသည်ဆိုလျှင် ယဲ့ဖန်း၏ ဒီအသက်ဘီးပေါ် သီအိုရီများကမူ နတ်ဘုရားတမျှ ခိုင်မာလွန်းသော သတ္တုတုံးကြီးဟု ဆိုရပေမည်။ သူက မြေဆီလွှာပေါ်တွင် အပင်စိုက်ချင်လျှင် ဂရုတစိုက် ပျိုးထောင်ပေး၍ ရသည်။
ထို့ကြောင့် အချိန်တစ်ခုကြာလျှင် အပင်က ပေါက်လာပေလိမ့်မည်။ ဤနည်းအားဖြင့် ရှင်သန်ကြောင်း လက္ခဏာပြလာပေလိမ့်မည်။ သို့သော် နတ်ဘုရားတမျှ ခိုင်မာသော သတ္တုတုံးကြီးပေါ်သို့ နတ်ဆေးမြစ်ကို စိုက်မည်ဆိုလျှင် ပေါက်ရန် ခက်ခဲပေလိမ့်မည်။
ထိုသို့သော အခြေအနေမျိုးတွင် ထိုသတ္တုတုံးကြီးမှ တဖြည်းဖြည်းချင်း ပြောင်းလဲလာသော အသက်စွမ်းအင် အပြောင်းအလဲကို အာရုံခံနိုင်သော အချက်ကပင် ထူးခြားနေပြီ ဖြစ်သည်။ မဟုတ်လျှင် အပြင်လောကမှ ထောက်ပံ့ပေးနေသော အချက်က မည်မျှပြောင်းလဲနေစေကာမူ သူကိုယ်တိုင်က ပြောင်းလဲနိုင်မည် မဟုတ်ချေ။
ယဲ့ဖန်းတွင် ထူးဆန်းသော ခံစားချက်ရနေသည်။ ထိုခံစားချက်က သူ့ကို အလွန်ပျော်ရွှင်စေသည်။ သူ၏ခန္ဓာကိုယ်က ရှေးဦးမူလခေတ်တွင်ပင် သူတော်စင်အဆင့် လက္ခဏာတည်ဆောက်ပုံဖြစ်သည်။ ယခုမူ အသုံးမကျသော ခန္ဓာကိုယ်အဖြစ် သတ်မှတ်ခံထားရသည်။ သူက ထိုအချက်ကို လက်မခံနိုင်ချေ။ သူ့တွင်လည်း ထူးဆန်းသော ခံစားချက်ရနေသည်။ ထိုခံစားချက်က သူ့ကို အလွန် စိတ်လှုပ်ရှားစေသည်။ ထိုအချိန်တွင် ဖန်းပေါ်၏ မျက်လုံးများက ကျွတ်ထွက်မတက်ဖြစ်လာသည်။
အကြောင်းမူကာ ယဲ့ဖန်းက နောက်ထပ် တစ်ပုလင်းပြီး တစ်ပုလင်း သောက်နေသောကြောင့် ဖြစ်သည်။ သူကရေသောက်သလိုပင် ဆက်တိုက်သောက်နေသဖြင့် သူ၏နှလုံးသားကပင် လည်ချောင်းသို့ ရောက်လာသည်။
“ငါ ပြောမယ်။ ဖြည်းဖြည်း လုပ်ပါ။ မင်း ဒီတိုင်း လုပ်နေတဲ့ပုံကို ကြည့်ရတာ ငါ တကယ် ကြောက်လာပြီ။ မင်း မနက်ဖန်မှ ကျန်တာ ဆက်သောက်ပါလား။ မဟုတ်ဘူးလား။ ငါ အတော်လေးကို ကြောက်လာပြီ။”
ဖန်းပေါ်က ထိုသို့ပြောနေရင်းမှ မြေပြင်တွင် အပုံလိုက်ဖြစ်နေသော ပုလင်းများကို ကြည့်သည်။ ယဲ့ဖန်းက ပုလင်း လေးဆယ် သောက်ပြီးသွားလေပြီ။
“မစိုးရိမ်နဲ့။ ငါ အခု ခံစားချက် အတော်ကောင်းနေတယ်။ ငါ့ရဲ့သွေးတွေက အဆီအနှစ်တွေ ဆက်တိုက်ဆူပွက်နေပြီး အခုပြန်ငြိမ်သွားပြီ။ ကြည့်ရတာ အသက်ဘီးရှိတဲ့နေရာကလည်း ပြင်းပြင်းထန်ထန် တုန်ခါလာပြီ .. ။ ”
ထိုသို့ပြောပြီးနောက် ယဲ့ဖန်းက ဆေးပုလင်းကို ဆက်သောက်သည်။ ထိုသို့ဖြင့် သူ့တွင် တစ်ပုလင်းမှ မကျန်ရစ်တော့ချေ။ ဖန်းပေါ်သောက်လိုက်သော ခုနစ်ပုလင်းကလွဲပြီး ကျန်ငါးဆယ့်ကိုးပုလင်းလုံးကို ယဲ့ဖန်းက သောက်လိုက်သည်။
“မင်း ဘယ်လို ခံစားရလဲ။”
ဖန်းပေါ်က ထိတ်လန့်စွာ မေးသည်။
“ငါအသက်ဘီးရဲ့ တည်ရှိမှုကို နောက်ဆုံးတော့ အာရုံခံနိုင်လိုက်ပြီ။ နတ်စွမ်းအင်ရေကန်ကလည်း ဆူပွက်နေတယ်။”
ထိုအချိန်တွင် ယဲ့ဖန်းက စကားပြောခြင်းကို ရပ်တံ့လိုက်ပြီး တိတ်ဆိတ်စွာဖြင့် တာအိုကျမ်းစာကို သုံးကာ ဒုက္ခဆင်းရဲပင်လယ်ကို တိုက်ခိုက်လိုက်သည်။ ဖန်းပေါ်က သံသယဝင်သွားသည်။ သူက ခပ်တိုးတိုး ရေရွတ်နေသည်။
“အသက်ဘီးရဲ့ နတ်စွမ်းအား အရင်းအမြစ်က ဆူပွက်နေတယ်။ ဘာလို့ ငါ ဒါကို မခံစားမိတာလဲ။”
တွဲလျက်ရှိနေသော တဲအိမ်များကနေ ငြိမ်သက်သွားကြသည်။ ယဲ့ဖန်းက တိတ်တဆိတ် ကျောက်ရုပ်ထုလို ထိုင်နေချိန်တွင် ဖန်းပေါ်ကမူ စိုးရိမ်တကြီးဖြစ်နေပြီး မသက်မသာ စောင့်ကြပ်ပေးနေသည်။
အချိန် မည်မျှ ကုန်ဆုံးသွားကြောင်း မသိတော့သော အချိန်တွင် ရုတ်တရက် ထိုတဲ အိမ်က အလွန်အမင်း တောက်ပလာပြီး ဆူနာမီ မုန်တိုင်း တိုက်ခပ်လာသော အသံများက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အဆုံးအစမဲ့သော နတ်အလင်းတန်းများက ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်ထဲမှ ပေါက်ထွက်လာသည်။ အရောင်က ရွှေရောင်ဖြစ်ပြီး မိုးချိန်းသံများ လျှပ်စီးလျှပ်သောအလင်းတန်းများနှင့် ဝန်းရံထားသည်။
ဖန်းပေါ်က ပို၍ပင် ကြောင်တောင်တောင် ဖြစ်သွားသည်။ သူက အံ့ဩသဖြင့် စကားပင် မပြောနိုင်တော့ချေ။ သူက ထိုနေရာတွင်သာ မှင်သက်စွာ စိုက်ကြည့်နေမိသည်။
ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်ထဲတွင် နတ်အလင်းတန်း သောင်းကျော်လင်းလက်နေပြီး အလွန်ခမ်းနားသော သက်တန့်ရောင်စင်အလင်းတန်း ပေါ်ထွက်လာကြောင်း မြင်လိုက်ရသည်။
ထို့အပြင် ရွှေရောင်လှိုင်းများကလည်း ထိုးတက်လာနေပြီးနောက်တွင် မိုးခြိမ်းသံ လျှပ်စီးသံများက အဖော်ပြုထားသေးသည်။ အလွန်အမင်း ကြမ်းတမ်းသော ဆူနာမီမုန်တိုင်းကြီးကလည်း ရှိနေသေးပြန်သည်။ အားလှိုင်းများက ကောင်းကင်သို့ ထိုးတက်နေတော့သည်။
ထိုသို့ မှင်သက်ဖွယ်ကောင်းသော မြင်ကွင်းက ဒုက္ခဆင်းရဲပင်လယ်ထဲတွင် ဖြစ်ကြောင်း မကြားဖူးခဲ့ချေ။ ဖန်းပေါ်က အလွန်အမင်း အံ့ဩသွားရသည်။ သူ၏ရှေ့ရှိ အရာအားလုံးက ဖော်ပြရန် ခက်ခဲလွန်းသည်။ သူကခပ်တိုးတိုးသာ ရေရွတ်နေလိုက်သည်။
“တကယ်ကို သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ။”
ဆူနာမီမုန်တိုင်း၏ ပေါက်ကွဲသံက ထွက်ပေါ်လာပြီးနောက် ထောင်ကျော်သော တပ်ဖွဲ့များ မြင်းများနှင့် အပြေး ချီတက်လာသလို အသံက တစ်ပါတည်း ကပ်ပါလာသည်။ ဖန်းပေါ်က သူ့ကိုသူ ခပ်ကြမ်းကြမ်း ရိုက်လိုက်သည်။ ဒါက အိမ်မက် မဟုတ်ချေ။
“ဒီဆူနာမီမုန်တိုင်းက ကောင်းကင်ထိ ရောက်သွားတယ်။ အသံကလည်း မိုးခြိမ်းသံလိုပဲ။ နောက်ပြီး လှိုင်းတွေကလည်း သောင်းကျော်နိုင်တယ်။”
သူ၏ပါးစပ်က ခြောက်သွေ့လာသည်ဟု ခံစားလာရသည်။ အရာအားလုံးက အိမ်မက်နှင့်တူနေသည်။ လှိုင်းများ၏ ပေါက်ကွဲသံ မြင်းသည်တော် တစ်ထောင်ကျော်၏ ချီတက်သံက တစ်ချိန်တည်း ထွက်ပေါ်လာသည်။
ထိုအချိန်တွင် သူက တဲအိမ်တွင် ရပ်နေခြင်းမဟုတ်ဘဲ ကမ်းရိုးတန်းတစ်နေရာကို ရောက်နေသလို ကျယ်ပြောသော ပင်လယ်ပြင်ကြီး၏ လှိုင်းလုံးများကို ခံစားနေရသလို ဖြစ်လာသည်။
ယဲ့ဖန်းက တိတ်ဆိတ်ကာ အမူအရာမဲ့နေသေးသည်။ သူက တပလ္လင်ခွေထိုင်ပြီးနောက် ဒုက္ခဆင်းရဲပင်လယ်ထဲမှ နတ်အလင်းတန်းများဖြင့် လွမ်းခြုံခံထားရသည်။ ထိုအလင်းတန်းများက ခမ်းနားကာ မျက်စိကျိန်းမတက် တောက်ပလွန်းသည်။
ထိုအချိန်တွင် လှိုင်းသံများက ဘယ်တော့မှ မရပ်တံ့တော့ဟု ထင်ရလောက်အောင် ဆက်တိုက် ထွက်ပေါ်နေသည်။ ရွှေရောင်အလင်းတန်းကလည်း တောက်ပနေသည်။ လျှပ်စီးများက ကခုန်၏။ မိုးကြိုးများကလည်း ပစ်ခက်နေသည်။ အရာအားလုံးက ကြောက်စရာကောင်းလွန်းနေသည်။
“ဒီရွှေရောင်ပင်လယ်က သူ့ရဲ့ဒုက္ခဆင်းရဲပင်လယ်လား။ ဘာလို့ အပြင်ကိုတောင် ထွက်လာပြီး အခြားသူတွေက မြင်ရတာလဲ။”
ဖန်းပေါ်ကမူ အလွန်အံ့ဩကာ မှင်သက်နေသည်။ သူက ယဲ့ဖန်းကို အံ့အားတကြီး ကြည့်လိုက်သည်။ ထိုဒုက္ခဆင်းရဲပင်လယ်က အလွန်အမင်း တောက်ပလွန်းသည့် နတ်အလင်းတန်းများကလည်း လင်းလက်နေသည်။ နတ်အားလှိုင်းများကလည်း ဆက်တိုက်လိမ့်တက်နေသည်။
ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က ထွက်လာသော ဆူနာမီ မုန်တိုင်းသံကို သူက အတည်ပြုပြီးလေပြီ။ ထိုအသံကပင် ကြောက်စရာကောင်းလွန်းလေသည်။ ဒုက္ခဆင်းရဲပင်လယ်က ခန္ဓာကိုယ်အတွင်းတွင် ပုန်းအောင်းနေခြင်းဖြစ်ပြီး သမုဒ္ဒရာကြီးက အစစ်အမှန်အဖြစ် တည်ရှိ၏။ လှိုင်းလုံးများက မရပ်တံ့တော့သလိုမျိုး ဖြစ်နေသည်။
ဖန်းပေါ်က ထိုနေရာတွင် ရပ်လျက် မဖြစ်နိုင်သော မြင်ကွင်းတစ်ခုကို ပါးစပ်အဟောင်းဖြင့် ကြည့်နေမိသည်။ သူ၏အရှေ့တွင် ကျယ်လောင်သော ပေါက်ကွဲသံက ရှိနေပြီး ရွှေရောင်အလင်းတန်းကလည်း အချိန်မရွေးထွက်လာတော့မလို ဖြစ်နေသည်။ ထိုသို့ဖြင့် လူအများကို ပြင်းထန်သော ခံစားချက်မျိုးကို ပေးသည်။
“ဘာလို့ ရွှေရောင်လဲ။”
ဆူနာမီမုန်တိုင်းကြောင့် အံ့ဩပြီးနောက် ဖန်းပေါ်က ရုတ်တရက် အသိပြန်ဝင်လာကာ အတန်ကြာ ငြိမ်သက်သွားသည်။
ထိုရွှေရောင်ပင်လယ် သမုဒ္ဒရာကြီးက ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်ဆိုလျှင် ပုံမှန် မဟုတ်တော့ချေ။ ဖန်းပေါ်ကိုယ်တိုင်ကလည်း လက်သင့်မခံနိုင်တော့ချေ။ အကြောင်းမူကာ သူ၏ဒုက္ခဆင်းရဲပင်လယ်ကို ကြည့်လိုက်သော်အခါ မှင်ရည်ကဲ့သို့ မဲမှောင်နေပြီး အသက်မဲ့နေသောကြောင့်ဖြစ်သည်။
အကြီးအကဲ ဝူချင်ဖုန်းကလည်း ဒုက္ခဆင်းရဲပင်လယ်က အသက်ဘီးနှင့် ဆက်သွယ်နေခြင်းမရှိကြောင်း ပြောခဲ့ဖူးသည်။ အသက်ဘီးက ဒုက္ခဆင်းရဲပင်လယ်ရဲ့ အထက် ကောင်းကင်တွင်သာ တိမ်စိုင်ပုံစံရှိနေကြောင်း ပြောခဲ့လေသည်။
ဒုက္ခဆင်းရဲပင်လယ် ကိုယ်တိုင်အတွက်မူကား သေဆုံးနေသည့် ခြောက်ကပ်သော ရေပြင်တစ်ခုအဖြစ်သာ သတ်မှတ်ကြသည်။ မည်သည့်အသက်စွမ်းအင်မျှ မရှိချေ။
ထို့ကြောင့် အစိမ်းရင့်ရောင်ဖြစ်ရင်ဖြစ် မဟုတ်လျှင်လည်း ပိန်းပိတ်အောင် မဲမှောင်လျက် ရှိသည်။ ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်ကမူ ခြားနားသည်။ အကြီးအကဲ ဝူချင်ဖုန်းပြောသလို ဖော်ပြချက်နှင့် ဆန့်ကျင်ဘက်ပင် ဖြစ်နေသည်။
ဝုန်း …။
ဒုက္ခဆင်းရဲပင်လယ်၏ အထက်ကောင်းကင်သို့ အားလှိုင်းများက မြောက်တက်သွားပြီး လျှပ်စီးလျှပ်သံများ မိုးခြိမ်းသံများက အချိန်တိုင်းလိုလို ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီမုန်တိုင်းကြီးများကို အဖော်ပြုလျက် တလောကလုံးကို ပြောင်းပြန်လှန်တော့မလို ဖြစ်လာသည်။
ကောင်းကင်နှင့် ပင်လယ်က ချိတ်ဆက်နေပြီး တောက်ပသော ရွှေရောင်အလင်းတန်းက နေရာတိုင်းကို လွမ်းခြုံထားသည်။ မြင်ကွင်းက မှင်သက်ဖွယ်ကောင်းလွန်းသည်။
ဖန်းပေါ်က အလွန်ထိတ်လန့်လာပြီး မျှော်လင့်ထားသလို ဖြစ်လာမည်ကို စိုးရိမ်လာမိသည်။ ထိုအချိန်အတောအတွင်း ယဲ့ဖန်းက မည်သည့်အရာကိုမှ မခံစားရသလို တိတ်ဆိတ်စွာဖြင့် တာအိုကျမ်းစာထဲမှ လျှို့ဝှက်ဆန်းကျယ်သော သိုင်းကိုသာ ဆက်လက်ကျင့်ကြံနေသည်။
နာရီအနည်းငယ်ကြာပြီးနောက် ရွှေရောင်အလင်းတန်းများက ဖြည်းညင်းစွာဖြင့် ပျောက်ကွယ်သွားပြီး လှိုင်းသံများကလည်း လျော့ပါးသွား၏။ ဆူနာမီမုန်တိုင်း၏ အသံကလည်း တဖြည်းဖြည်း တိုးသည်ထက် တိုးလာသည်။ နောက်ထပ် တစ်နာရီခန့် ကြာပြီးနောက် တဲအိမ်တစ်ခုလုံးက ငြိမ်သက်သွားသည်။
ယဲ့ဖန်း၏ ဒုက္ခဆင်းရဲပင်လယ်က သာမန်အတိုင်း ပြန်လည်ငြိမ်သက်သွားလေသည်။ တောက်ပမှုများအားလုံးက ပျောက်ကွယ်သွားပြီး လှိုင်းသံများကလည်း ပျောက်ကွယ်သွားသည်။
သိပ်မကြာခင် ယဲ့ဖန်းက နိုးလာသည်။ သူ၏ မျက်လုံးက ကြည်လင်လာသည်။ သူက မတ်တပ်ထရပ်လိုက်သည့် တစ်ခဏတွင် သူ၏တစ်ကိုယ်လုံးက ပို၍ ဖျတ်လက်တက်ကြွသွားသလို ခံစားလိုက်ရပြီး ထာဝရ တာအို အရှိန်အဝါတစ်ခု ထပ်တိုးလာသလို ဖြစ်လာသည်။
“အခု ဘာဖြစ်သွားတာလဲ။ မင်း ခံစားမိလိုက်လား။ မင်း အခု ဘယ်လိုခံစားရလဲ။”
ဖန်းပေါ်က စိတ်မရှည်စွာ မေးသည်။
“အခုလေးတင် ငါ အသက်ဘီးကို ခံစားလိုက်ရတယ်။ နောက်ပြီး နတ်စွမ်းအားတွေက ဆူပွတ်နေတဲ့ အရင်းအမြစ်စွမ်းအားကြီး တစ်ခုကိုရောပဲ။ ဒါ့အပြင် ငါ ဒုက္ခဆင်းရဲပင်ထဲကို တိုးဝင်သွားတော့ ရွှေရောင်သမုဒ္ဒရာကြီးကို မြင်ရတယ်။ ဒါပုံရိပ်ယောင်လားတော့မသိဘူး။”
ယဲ့ဖန်း၏ ဖော်ပြချက်ကို ကြားသောအခါ ဖန်းပေါ်က ပါးစပ်အဟောင်းသား ဖွင့်လိုက်မိပြီးနောက် ထပ်ခါတလဲလဲ ခေါင်းငြိမ််ကာ ပြောလိုက်သည်။
“ပုံရိပ်ယောင် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ငါလည်းမြင်လိုက်ရတယ်။”
“မင်းလည်း မြင်လိုက်ရတယ် ဟုတ်လား ။”
ယဲ့ဖန်းကိုယ်တိုင်က အံ့ဩသွားရသည်။
“ဟုတ်တယ်။ ဘာလို့ ဒီလောက်ထိ အကြီးအကျယ်ဖြစ်သွားလဲတော့ ငါလည်း မသိဘူး။ ဆူနာမီ မုန်တိုင်းက ကောင်းကင်အထိ ရောက်တယ်။ နတ်အလင်းတန်းတွေကလည်း အရမ်းကို တောက်ပနေတာ။ တဲအိမ်တစ်ခုလုံးကလည်း တုန်ခါနေရောပဲ။ ကံကောင်းစွာနဲ့ ငါတို့က အရမ်းဝေးတဲ့နေရာမှာ ရှိနေတယ်။ မဟုတ်ရင် လူတိုင်းရောက်လာကြလိမ့်မယ်။”
ဖန်းပေါ်၏ ဖော်ပြချက်ကို နားထောင်ပြီးနောက် ယဲ့ဖန်းက ထိုရွှေရောင်သမုဒ္ဒရာနှင့် မုန်တိုင်းက ပုံရိပ်ယောင်မဟုတ်ကြောင်း သိလိုက်သည်။
ဖန်းပေါ်က စိုးရိမ်တကြီး ပြောသည်။
“မင်း ဘယ်လိုခံစားရလဲ။ ဒုက္ခဆင်းရဲပင်လယ်ရဲ့ ရွှေရောင်ပင်လယ်ကြီးက ပျောက်သွားတာကို ငါ တွေ့လိုက်တယ်။ မအောင်မြင်သွားဘူးလား။”
“အောင်မြင်တယ်လို့တော့ သတ်မှတ်လို့ရမလား။ ငါ မသိဘူး။”
ထိုအချိန်တွင် ယဲ့ဖန်းက လျှိူ့ဝှက်ဆန်းကျယ်သော ကျမ်းစာပိုဒ်ကို အသက်သွင်းလိုက်ပြီးနောက် ဒုက္ခဆင်းရဲပင်လယ်ထဲတွင် အလွန်အမင်းသေးငယ်သော ရွှေရောင်အလင်းစက် တစ်စက်က ထွက်ပေါ်လာကြောင်း မြင်လိုက်ရသည်။ ထိုအလင်းစက်က နှမ်းစေ့လောက်သာ ရှိသည်။ သို့သော် တောက်ပလွန်းသည်။
“ဒုက္ခဆင်းရဲပင်လယ်က အတော်လေး သေးပေမဲ့လည်း ပြဿနာတော့ မရှိပါဘူး။ မင်းသာ ဆက်ပြီး ကျင့်ကြံသမျှ ပိုကြီးလာပါလိမ့်မယ်။”
ဖန်းပေါ်က အလွန်စိတ်လှုပ်ရှားသွားသည်။
“မင်းရဲ့ဒုက္ခဆင်းရဲပင်လယ်က တကယ့်ကို ထူးခြားမှာသေချာတယ်။ ရွှေရောင်နော်။ ဒါက သာမန်လူတွေနဲ့ ကွာခြားတယ်။ နောက်ပြီး သူ့ရဲ့တောက်ပမှုက အရာအားလုံးကို ထိုးဖောက်နိုင်တယ်။”
သူက ဒုက္ခဆင်းရဲပင်လယ် တစ်ခုထဲကိုသာ တည်ငြိမ်စွာ ကျင့်ကြံသော်လည်း ယဲ့ဖန်းကမူ ပျော်ရွှင်သွားရသည်။ သူက နောက်ဆုံးတွင် ကျင့်ကြံခြင်း လမ်းစဥ်သို့ ရောက်သွားလေပြီ။
” ငါ ဘာလို့ မင်းရဲ့နှမ်းစေ့ အရွယ်အစားရှိတဲ့ ဒုက္ခဆင်းရဲပင်လယ်က နတ်စွမ်းအင်တွေ ဖြာထွက်နေတယ်လို့ ခံစားမိနေတာလဲ။ နောက်ပြီး အဲ့ဒါက သိပ်သည်းပြီး ဖြစ်တည်လာတဲ့ အဆီအနှစ်ဖြစ်နေတာလား။”
ဖန်းပေါ်က ရုတ်တရက် ပဟေဠိဖြစ်ဟန်ဖြင့် ပြောလိုက်သည်။
အပိုင်း(၄၆)ပြီး၏။