Switch Mode

Chapter – 886 & 900

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၈၆) အခြေအနေဆိုး

လွန်းပျံယာဉ်ကို သူ့အသိစိတ်ပင်လယ်ထဲတွင် သိမ်းဆည်းလိုက်ပြီးနောက် သူထွက်သွားပြီးနောက် အခြေအနေ မည်သို့ ရှိသလဲ သိရအောင် တော်ဝင်သင်္ချိုင်းထဲမှ ထွက်ခဲ့လိုက်သည်။

ယခင် အဖြစ်အပျက်ပြီးနောက် တော်ဝင်တပည့်များသည် ကြိုးကြိုးစားစား ကျင့်ကြံအားထုတ်နေခဲ့ကြကာ အကြီးအကဲ အချို့ပင်လျှင် တော်တော်လေး တိုးတက်လာခဲ့ကြလေသည်။

ရှေးဟောင်းနတ်ဆိုးကလန်သားများသည်လည်း လီရုန်၏ စီမံကွပ်ကဲမှုအောက်တွင် တော်ဝင်တော်နယ်မြေမှ တပည့်များနှင့် ငြိမ်းငြိမ်းချမ်းချမ်း အတူပူးပေါင်း နေထိုင်နေကြလေသည်။

စိုးရိမ်စရာရှိသည်ဆို၍ ကျင့်ကြံရေး ပစ္စးများသာ ဖြစ်ပေသည်။

ဝူကျဲသည် များစွာသော အရင်းအမြစ်များကို ပေးခဲ့သော်လည်း တော်ဝင်နယ်မြေရှိ ထောင့်နှင့်ချီသော တပည့်များသည် အရင်းအမြစ်များကို ပြန်လည်ဖြည့်တင်းနိုင်သည့် နှုန်းထက် ပိုမိုမြန်ဆန်သော အမြန်နှုန်းဖြင့် သုံးစွဲနေကြလေရာ အရင်းအမြစ် မလုံလောက်တော့သည့် တစ်နေ့တော့ ကျိန်းသေ ရှိလာမည်မှာ မလွဲမသွေပင်။

အတိတ်တွင် တော်ဝင်နယ်မြေသည် လိုအပ်သော အရင်းအမြစ်များကို တပည့်များအား ကိုယ်တိုင် ရှာဖွေခြင်းဖြင့် လည်းကောင်း၊ အနီးအနားရှိ အင်အားစုသုံးခုမှ ဆတ်ကြေး ပေးခြင်းဖြင့်လည်းကောင်း ရရှိခဲ့ကြသည်။ ထို့အပြင် မွန်းစတား မျိုးနွယ်စုမှ စီနီယာကြီးဖြင့် သလင်းကျောက်နှင့် အလဲအလှယ် လုပ်၍ လိုအပ်သော ဆေးပင်များ၊ သတ္တုများကိုလည်း ရရှိခဲ့ပေသည်။

သို့သော် လက်ရှိ သလင်းကျောက်တွင်းများသည် မွန်းစတား မျိုးနွယ်စုဝင်များ တူးထုတ်သွားသည့်အတွက် ကုန်လုလု ဖြစ်နေခဲ့ရာ ထပ်တူးစရာ ဘာမှမကျန်တော့ချေ။ ထို့ကြောင့် တော်ဝင်နယ်မြေ၏ လိုအပ်ချက်ကို ဆက်လက် မထောက်ပေးနိုင်တော့ဘဲ တော်ဝင်နယ်မြေလည်း လိုအပ်သည့် ပစ္စည်းများနှင့် လဲလှယ်ရန် သလင်းကျောက် ပြတ်လက်နေခဲ့ရလေတော့သည်။

ရန်ကိုင်သည် သူ့အတွက် အသုံးမဝင်သော အရာမှန်သမျှကို ထုတ်ပေးခဲ့သော်လည်း အခြေအနေကို ယာယီသာ ပြေလည် သွားစေနိုင်ခဲ့သည်။

တော်ဝင်နယ်မြေ၏ အကြီးအကဲများသည်လည်း ထိုကိစ္စကို နေ့နှင့်အမျှ စိုးရိမ်ပူပန်နေခဲ့ရသည်။

သူတို့၏ အမူအရာကိုမြင်ပြီး ရန်ကိုင်လည်း လောကရတနာ တစ်ခုလောက် ရှာပေးရန် အကူအညီ မတောင်းရက်တော့ချေ။

လောကရတနာအားလုံးသည် အသုံးဝင်ဝင်၊ မဝင်ဝင် အရမ်းကိုမှ ရှားပါးလှပြီး အဖိုးတန်သည်ချည်းသာ။ လက်ရှိ ဘဏ္ဏာရေးအခြေအနေဖြင့် တော်ဝင်နယ်မြေသည် လောကရတနာ တစ်ခုကို မည်ကဲ့သို့ ရှာဖွေဝယ်ယူနိုင်မည်နည်း။

ရန်ကိုင်သည်လည်း မစဉ်းစားတတ်သေးသဖြင့် ထိုကိစ္စကို ယာယီ ဘေးဖယ်ထားလိုက်ပြီး တော်ဝင်နယ်မြေနှင့် ပက်သက်သည့် ကိစ္စများကို အကြီးအကဲရှုဟွေနှင့် အခြားအကြီးအကဲများထံ ထပ်မံ အပ်ထား၍ တော်ဝင်သင်္ချိုင်းထဲ ထပ်မံဝင်ရောက်ကာ တံခါးပိတ် ကျင့်စဉ် ဝင်ပြန်လေသည်။

တော်ဝင်သင်္ချိုင်းထဲတွင် အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ပြီး ရန်ကိုင်သည် ကောင်းကင်နိယာမများနှင့် သိုင်းတာအိုကို လေ့လာနေသည့် စိတ်အစဉ်ထဲ နစ်မြော နေခဲ့သည်။

ကျင့်ကြံလို့ ပျင်းလာသည့်အခါကျ စိတ်ပြေလက်ပျောက် ဆေးဖော်စပ်တတ်သည်။

ဆေးပညာကို လေ့လာရခြင်း၏ သူ့မူရင်း ရည်ရွယ်ချက်သည် စိတ်စွမ်းအင်ကို လေ့ကျင့်ရန်ပင် ဖြစ်သည်။

အစစ်အမှန် ဆေးပညာနည်းလမ်းကို ပိုပြီး နက်နက်နဲနဲ လေ့လာနိုင်ရန်အတွက် စိတ်စွမ်းအင် အများကြီး လိုအပ်ပေသည်။

ဆေးပညာဆိုင်ရာ ဗဟုသုတများ၊ အတွေ့အကြံများကို တော်တော်လေး သိရှိလာခဲ့ပြီးနောက် ရန်ကိုင်လည်း ကိုယ့်လမ်း ကိုယ်ထွင်းနိုင်ခဲ့လေသည်။

ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတစ်ခါမှ မထင်ထားခဲ့။ သို့သော် ကံကြမ္မာ အလှည့်အပြောင်း များစွာကို ကျော်ဖြတ် လာပြီးနောက် သူသည် အစစ်အမှန် သူတော်စင် အလယ်အလတ် အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာခဲ့ချေပြီ။ ဤလောကကြီး၏ အားအကောင်းဆုံး လူများထဲမှ တစ်ယောက် ဖြစ်လာခဲ့လေပြီ။

ထိုကဲ့သို့ ဖြစ်လာနိုင်ခဲ့ခြင်းသည် အစစ်အမှန်ဆေးပညာ နည်းလမ်း၏ ကျေးဇူးကြောင့်ပင် ဖြစ်လေသည်။

သို့သော်လည်း ဆေးပညာကို ဆက်လက် လေ့လာရန် ဆုံးဖြတ်လိုက်ရခြင်းမှာ အစစ်အမှန် ဆေးပညာနည်းလမ်းကို လေ့လာရင်း သိုင်တာအိုအပေါ် သူ့နာလည်းသဘောပေါက်မှု များလည်း ပို၍ နက်နဲလာခြင်းကြောင့်ပင် ဖြစ်လေသည်။ ထို့အပြင် ဆေးပညာကို လေ့လာခြင်းဖြင့် တေဇောဓါတ်အသိစိတ်ပင်လယ် ကိုလည်း ပို၍ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုလာနိင်ခဲ့ပေသည်။

ရန်ကိုင်သည် ဆေးပညာအား သိုင်းတာအို၏ အကူ ပညာရပ် တစ်ခုအဖြစ် လေ့လာနိုင်ခဲ့ပေသ်ည။

ထို့ကြောင့် သူ့ကျင့်ကြံခြင်းကို တိုးမြှင့်ရင်း ဆေးပညာ ကိုလည်း မပြတ်မလပ် လေလာခဲ့ပေသည်။

ကံမကောင်းစွာဖြင့် ရှေးဟောင်းနတ်ဆိုးကလန်သားများကို ဆန်းကြယ်လောကကငယ်မှ လွှတ်ပေးရန် သူတော်စင် အလယ်အလတ် အဆင့် ဆေးလုံးများကို သန့်စင်ပြီးနောက် သူ့တွင် သူတော်စင်အဆင့် ဆေးအမယ် များများစားစား မရှိတော့ချေ။

သူ့လက်ရှိအဆင့်အရ သူတော်စင်အဆင့် ဆေးလုံးကိုသာ မသန့်စင်လျှင် သူ့ဆေးစွမ်းရည်ကို ထပ်မံ တိုးတက်အောင် လုပ်နိုင်တော့မည် မဟုတ်ချေ။

တော်ဝင်သင်္ချိုင်းထဲ ဆေးဖော်စပ်နေချိန်အတွင်း သူတော်စင်အဆင့် ဆေးလုံးများကို ဖော်စပ်ရန် သူ့လက်ကျန် ဆေးအမယ်အားလုံးကို အသုံးပြုလိုက်ရလေသည်။ နောက်ဆုံး ဘာမှမကျန်တော့သည့်အခါ ကူကယ်ရာမဲ့မဲ့ဖြင့်သာ တော်ဝင်သင်္ချိုင်းထဲမှ ထွက်လာခဲ့ရသည်။

ယခုတစ်ကြိမ် တော်ထွတ်ကိုးလုံးရှိ လေထုသည် ယခင်ကကဲ့သို့ လန်းဆန်းနေခြင်း မရှိတော့ချေ။

အဓိကခန်းမထဲ၊ အကြီးအကဲအားလုံး ခေါင်းချင်းဆိုင် ဆွေးနွေးနေခဲ့ကြသည်။ ခန်းမတွင်းရှိ အခြေအနေသည်လည်း အတော်လေး မွန်းကြပ်ဖွယ် ကောင်းနေခဲ့သည်။ ရန်ကိုင် လူကိုယ်တိုင် ဝင်လာသည့်အခါမှ အကုန်လုံး သူ့အား သတိပြုမိလိုက်ကြပြီး ထိုင်ရာမှ အလျင်အမြန် ထ၍ နှုတ်ဆက် စကားဆိုလိုက်ကြလေသည်။

“ထိုင်ကြပါ။ ကျုပ် အခုလေးတင်မှ ထွက်လာတာ။ အခြေအနေ ဘယ်လိုရှိလဲလို့ တစ်ချက် လိုက်ကြည့်နေတာ။ ဒီလိုမျိုးတွေ လုပ်နေစရာ မလိုပါဘူး” ရန်ကိုင်က ပြောလိုက်ရာ အကုန်လုံး ခေါင်းညိတ်လိုက်ပြီး ပြန်ထိုင်လိုက်ကြလေသည်။

“တော်ဝင်သခင်က အချိန်ကောင်းကို ရောက်လာတပဲ” ရှုဟွေက စပြောလိုက်သည် “အခုလက်ရှိ အသုံးမပြုတော့တဲ့ တော်ဝင်နယ်မြေရဲ့ နည်းနည်းပါးပါး အသုံးဝင်သေးတဲ့ ပစ္စည်းအချို့ကို ရောင်းရင်ကောင်းမလား စဉ်းစားနေတာ။ တော်ဝင်သခင်ရော ဘယ်လိုထင်လဲ”

“ခင်ဗျားတို့ ဘာတွေကို ရောင်းဖို့ လုပ်နေတာလဲ” ရှုဟွေ စကားကို ကြားကြားချင်း ရန်ကိုင် အံ့အားသင့်သွားခဲ့ရသည်။

“အသုံးမပြုတော့တဲ့ လက်နက်တွေ၊ ကျင့်စဉ်တွေနဲ့ သိုင်းပညာရပ် အချို့ပါ” ရှုဟွေက ပြန်ဖြေလိုက်သည်။

“ဘာလို့ ရောင်းချင်တာလဲ” ရန်ကိုင်က အားလုံးက ဝေ့ကြည့်လိုက်သည်။

အကြီးအကဲအားလုံး ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ကြပြီး မည်သူမှ ပြန်မဖြေရဲခဲ့ကြချေ။

သူတို့၏ တုန့်ပြန်မှုကြောင့် ရန်ကိုင် မျက်မှောင်ကြုံ့၊ ပို၍ ခေါင်းရှုပ်သွားခဲ့ရသည်။

ရှုဟွေက ခါးခါးသီးသီး ပြုံးလျက် “အဓိက အကြောင်းအရင်းက တော်ဝင်သင်္ချိုင်းထဲမှာ ကျင့်ကြံခဲ့တဲ့ တပည့်တွေ အဆင့်ချိုးဖျက်သွားခဲ့လို့ သူတို့ရဲ့ လက်ရှိ ကျင့်ကြံခြင်း အခြေခိုင်အောင် လုပ်ဖို့အတွက် အရင်းအမြစ်တွေ လိုနေလို့ပဲ။ ဒါပေမယ့် တော်ဝင်သခင်က လတ်တလောကမှ ပြန်ပြီး နာလန်ထူလာစပဲ ရှိသေးတာ… အခု ကျုပ်တို့မှာ အရင်းအမြစ်တွေ ပြတ်လပ်နေတယ်။ ဒါကြောင့် ကျုပ်တို့ မသုံးတော့တဲ့ ရတနာတွေကို ချရောင်းလိုက်ရင် ဒီအခက်အခဲကို ဖြေရှင်းနိုင်လောက်မလားလို့ စဉ်းစားနေကြတာ”

“တော်ဝင်သခင်၊ အကြီးအကဲချုပ်ကို ကူတားပေးပါဦးနော်။ သူက အရင်တော်ဝင်သခင် သူ့ကို ပေးထားတဲ့ သူတော်စင် အဆင့်နိမ့် လက်နက်ကို ရောင်းဖို့ လုပ်နေတာ” ယုယင်က လှမ်းပြောလိုက်သည်။

ရန်ကိုင် မှင်သက်သွားခဲ့ရလေပြီ “တော်ဝင်နယ်မြေက အခု အဲ့လောက်တောင် အခြေအနေ ဆိုးနေတာလား”

“ကျုပ်တို့ မဟုတ်လို့ပါဗျာ” ရှုဟွေက ကိုးယိုးကားယား အမူအရာဖြင့် “ဒါပေမယ့် ဒီခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်နိုင်တာနဲ့ တော်ဝင်နယ်မြေက တဖြည်းဖြည်း ပြန်တိုးတက်လာမှာပါ”

“မဟုတ်ဘူး။ ဒါက ခင်ဗျားတို့ရဲ့ အမှား မဟုတ်ဘူး” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး “အဓိက ကျုပ်ခေါ်လာတဲ့ နတ်ဆိုးတွေကြောင့်ပဲ။ သူတို့တွေကို ခင်ဗျားတို့ထဲ အရင်းအမြစ် တော်တော်များများ ဖဲ့ပေးလိုက်ရတယ်မလား”

ရှုဟွေ ထိုအကြောင်းကို တစ်ခါမှ မပြောခဲ့သော်လည်း ရန်ကိုင်သည် ကန်းမနေချေ။

ရှေးဟောင်းနတ်ဆိုးကလန်သားများ တော်ဝင်နယ်မြေသို့ စရောက်သည့်အချိန်မှစ၍ တစ်ခါမှ အရင်းအမြစ် မပြတ်လပ်ခဲ့ချေ။ ရှုဟွေဆီမှ အရင်းအမြစ်များ ရခဲ့သည့်အတွက်ကြောင့်သာ ဖြစ်ပေရပေမည်။

တော်ဝင်နယ်မြေမှ တပည့်များအတွက် အရင်းအမြစ် မရှိလျှင် ကိုယ့်ဘာသာ ထွက်ရှာ၍ ရသော်လည်း ရှေးဟောင်းနတ်ဆိုး ကလန်သားများကမူ ထိုကဲ့သို့ မလုပ်နိုင်ချေ။

သူတို့ တောင်ထွတ်ကိုးလုံး အပြင်ဘက်သို့ ထွက်၍ မရချေ။

သူတို့ကိုသာ ရှာတွေ့သွားခဲ့လျှင် ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။ နတ်ဆိုးထောင်ကျော် ရှိသည့်အနက် များစွာသည် အရမ်းကိုမှ အားကောင်းသော ပညာရှင်များ ဖြစ်ကြပေသည်။ ထို့ကြောင့် ရှေးဟောင်းနတ်ဆိုးကလန် အတွက်နှင့် တော်ဝင်နယ်မြေ၏ အရင်းအမြစ် တော်တော်များများကို သုံးစွဲလိုက်ရသည်မှာ သံသယ ရှိစရာ မလိုချေ။

ရန်ကိုင် ထိုကဲ့သို့ ပြောလာသည့်အခါ ရှုဟွေက ငြင်းဆိုသည့် အမူအရာ လုပ်မပြဘဲ ခေါင်းယဲ့ယဲ့လေးသာ ညိတ်ပြလိုက်သည်။

“ဒီကိစ္စက ကျုပ်တာဝန်ပဲ” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဒီလိုဖြစ်မယ်မှန်း ကျုပ် ကြိုမတွေးမိခဲ့ဘူး”

ခဏလောက် စဉ်းစားနေပြီးနောက် ရန်ကိုင်မျက်ဝန်းများ ရုတ်တရက် တောက်ပသွားခဲ့ပြီး “အကြီးအကဲချုပ်၊ ကျုပ်မေးချင်တာ တစ်ခုရှိတယ်။ ခင်ဗျားနဲ့ အခြားအကြီးအကဲတွေ သူတော်စင်အဆင့်ကို ရောက်ပြီးတဲ့နောက်ပိုင်း သူတော်စင်အဆင့် ပစ္စည်းတွေ စုဆောင်းတတ်တဲ့ အကျင့်လေးများ လုပ်ထားကြလား”

ရန်ကိုင်၏ အဆုံးမရှိ အစမရှိ မေးခွန်းကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သော်လည်း ရှုဟွေက ခေါင်းညိတ်၍ “အင်း။ မသေမျိုးနောက်ပိုင်း အဆင့်ရောက်ကတည်းက ဆေးလုံးတွေ၊ လက်နက်တွေ သန့်စင်ဖို့အတွက် ပစ္စည်းတွေကို စတင် စုဆောင်းလာခဲ့တာ… တစ်နေ့ ဆေးပညာရှင်၊ ဒါမှမဟုတ် လက်နက် ပညာရှင်တစ်ယောက်ကို ခေါ်ပြီး အသုံးဝင်တာ တစ်ခုခု သန့်စင်ခိုင်းမယ်ပေါ့”

“ကျွန်မမှာလည်း စုဆောင်းထားတာတွေ ရှိတယ်” ချန်ယွဲံထုန်က ဝင်ပြောလိုက်သည်။

ခန်းမထဲတွင် စုဝေးနေသော အကြီးအကဲအားလုံး ခေါင်းညိတ်လိုက်ကြသည်။

ကိုယ့်အတွက် အသုံးဝင်သော အရာကို သန့်စင်ရန်အတွက် လိုအပ်သော သူတော်စင်အဆင့် ပစ္စည်းများကို စုဆောင်းရန်မှာ မလွယ်ကူသည့်အတွက် မသေမျိုးအဆင့် ပညာရှင်များသည် အခွင့်အရေး ရသည်နှင့် ဆေးအမယ်များ၊ ကုန်ကြမ်းများ စုဆောင်းတတ်သည့် အကျင့်ကို လုပ်ထားကြသည်။

“ကျုပ်တို့ စုဆောင်းခဲ့တဲ့ ပစ္စည်းတွေအကုန်လုံး ကုန်သွားပြီ… ပြသလဲ့တိမ်တိုက်ဆေးလုံးကို သန့်စင်ဖို့အတွက် အကြီးအကဲယုယင် ဆယ်နှစ်တိုင်တိုင် စုဆောင်းခဲ့တဲ့ ဆေးအမယ်တွေ အကုန်လုံးတောင် ရောင်းပစ်လိုက်တာ မကြာသေးဘူး” ရှုဟွေက ပြောလိုက်သည်။

“ဘာအပိုတွေ ပြောနေတာလဲ” ယုယင်က ယဲ့ယဲ့လေး ပြုံးလျက် “ကိုယ်ပိုင်ထားတာတွေ မရောင်းရသေးတဲ့လူ ဘယ်သူရှိလို့လဲ”

“ငါတို့က မတူဘူးလေ…” လော့ရှုန်းက သက်ပြင်းချလိုက်ပြီး “ငါတို့မှာ ပစ္စည်း အပြည့်အစုံ ရှိတာမဟုတ်ဘူး။ ဒါပေမယ့် နင့်မှာ လိုအပ်တဲ့ ပစ္စည်းအပြည့်အစုံ ရှိနေတာလေ။ နင်လုပ်ဖို့လိုတာ ဆိုလို့ ကျွမ်းကျင်တဲ့ ဆေးပညာရှင်တစ်ယောက် ရှာဖို့ပဲ လိုတော့တာ။ ကံကောင်းရင် ပြာလဲ့တိမ်ဆေးလုံးကို ရပြီး နင့်ခွန်အားကို အကြီးအကျယ် တိုးတက်သွားအောင် လုပ်နိုင်မှာ”

“အတိအကျပဲ”

“တော်ဝင်သခင်ရှေ့မှာ အဲ့လိုအကြောင်းတွေ ပြောမနေနဲ့” ယုယင်က မဲ့ပြုံးပြုံးလိုက်ပြီး “ငါတို့ ဘယ်လောက်တောင် ဆင်းရဲ မွဲတေလာလဲ ဆိုတာကို ထုတ်ကြွားနေသလိုပဲ ဖြစ်နေမှာ”

သူမ စကားကြောင့် အကြီးအကဲအားလုံး ရယ်မော မိလိုက်ကြသည်။ သို့သော် အသက်မပါလှ။

“တော်ဝင်သခင်၊ ဘာလို့ မေးတာလဲ” ရှုဟွေက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ရန်ကိုင်သည် ယုံကြည်ချက်တို့ ပြည့်လျမ်းနေသော တောက်ပသည့် မျက်ဝန်းအစုံဖြင့် “ပြောရရင် မသေမျိုးအဆင့် အများစုနဲ့ အထက်အဆင့်က ကျင့်ကြံသူတွေက လိုအပ်တဲ့ ပစ္စည်းတွေ စုဆောင်းတတ်တဲ့ အကျင့်ရှိတယ်ပေါ့၊ ဟုတ်တယ်မလား”

“အဲ့လို ပြောလို့ရတယ်” ရှုဟွေက အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ရန်ကိုင် ဘာလုပ်နေချင်မှန်း သူမသိ။ သို့သော် ပြောစရာရှိသည်ကိုသာ ဆက်ပြောလိုက်သည် “ဒါပေမယ့် မလိုအပ်တဲ့ ပစ္စည်းတွေ သွားစုဆောင်းမိရင် အချိန်ကုန်တာပဲ အဖတ်တင်မှာ။ ပြီးတော့ အဲ့ဒါတွေကို သန့်စင်ခိုင်းဖို့ သင့်တော်တဲ့ ပညာရှင်တစ်ယောက်ကို ရှာဖွေလည်း လိုသေးတယ်။ အကြီးအကဲ ယုယင် သူ့ပစ္စည်းတွေကို မသန့်စင်နိုင်ခဲ့တာက ပြာလဲ့တိမ်ဆေးလုံးကို သန့်စင်ပေးနိုင်တဲ့ သင့်တော်တဲ့ ဆေးပညာရှင် တစ်ယောက်ကို မရှာနိုင်ခဲ့လိုပဲ။ အဆင့်မြင့် ဆေးပညာရှင်တွေ၊ လက်နက်ပညာရှင်တွေက ရှာတွေ့ဖို့ လွယ်တာမှ မဟုတ်တာ။ ရှာတွေ့ရင်တောင် ၁၀၀ရာခိုင်နှုန်း အောင်မြင်မယ်လို့ ပြောနိုင်တာ မဟုတ်ဘူးလေ”

“ဟုတ်သွားပြီ” ရန်ကိုင်က ပြုံး၍ ယုံကြည်ချက်အပြည့်ဖြင့် ပြန်ပြောလိုက်သည် “အဲ့လိုဆိုမှတော့ တော်ဝင်နယ်မြေရဲ့ လက်ရှိ အခက်အခဲကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းတစ်ခု ကျုပ်မှာ ရှိတယ်…”

“အာ…” အကြီးအကဲအားလုံး အံ့အားသင့်သွားခဲ့ပြီး ရန်ကိုင်အား စိတ်ရှုပ်နေသည့် အမူအရာဖြင့် စိုက်ကြည့်လာခဲ့ကြသည်။

“အကြီးအကဲယုယင်၊ ခင်ဗျား လိုနေတဲ့ တိမ်ပြာလဲ့ဆေးလုံးကို တစ်နေ့ရမှာပါ” ရန်ကိုင်က ယုယင်ကို ပြုံးကာကြည့်၍ ပြောလိုက်သည်။

ယုယင် ကိုယ်လုံးလေး မဆိုသလောက်ကလေး တုန်ရီသွားခဲ့ပြီး မျက်ဝန်းလေးများသည်လည်း မျှော်လင့်ချက်တို့ဖြင့် တဖျတ်ဖျတ် လင်းလက်လာခဲ့လေသည်။

ရန်ကိုင်က ရုတ်တရက် ဆက်ပြောလိုက်သည် “အကြီးအကဲချုပ်၊ ကျုပ်တို့ တော်ဝင်နယ်မြေက စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့်နဲ့ အထက်အဆင့် ဆေးလုံးတွေ သန့်စင်ချင်တဲ့ ဘယ်သူမဆို ဝန်ဆောင်မှုပေးနေတယ်လို့ နည်းလမ်းကုန်သုံးပြီး သတင်းမြန်မြန်ပြန့်အောင် ဖြန့်လိုက်။ သူတော်စင် အထွဋ်အထိပ် အဆင့် ဆေးလုံးတွေတော့ မပါဘူးနော်။ အဲ့အချက်ကိုလည်း မမေ့မလျော့ ထည့်ပြောလိုက်ဦး။ အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့တဲ့ ဆေးလုံးတွေအတွက် အခကြေးကတော့ သလင်းကျောက်၊ ဒါမဟုတ် အဲ့ဆေးလုံးနဲ့ တန်ဖိုးတူညီတဲ့ ဆေးပင်တွေပဲ။ သန်စင်တာ မအောင်မြင်ရင်တော့ တော်ဝင်နယ်မြေက ဆုံးရှုံးသွားတဲ့ ဆေးအမယ်တွေကို လျော်ကြး ပြန်ပေးမယ်လို့”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး အကြီးအကဲအားလုံး ပါးစပ်အဟောင်းသားဖြင့် ရန်ကိုင်ကို စိုက်ကြည့်နေခဲ့ကြသည်။

ရှုဟွေနှင့် အခြားသူများ၏ အပြုအမူကြောင့် ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး “အခကြေးက အရမ်း မြင့်နေလို့လား”

ထိုအခါမှပဲ ရှုဟွေ အသိပြန်ဝင်လာခဲ့ပြီး ကမန်းကတန်း ပြန်ပြောလိုက်လေသည် “ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်တယ်ဆိုတဲ့ ဒီဈေးနှုန်းက မမြင့်ပါဘူး။ သူတို့တွေ စုဆောင်းထားတဲ့ ဆေးအမယ်တွေက တစ်ကြိမ်၊ နှစ်ကြိမ်စာ လောက်တော့ ရှိကြတာပဲလေ။ ဒါကြောင့် တောင်းဆိုတဲ့ ဆေးလုံးနဲ့ တန်ဖိုးတူညီတဲ့ ဆေးပင်၊ သလင်းကျောက်ကို အခကြေးအဖြစ် ပြန်တောင်းတာက သင့်လျော်ပါတယ်။ တကယ်တမ်းပြောရရင် ဒီနှုန်းက တော်တော်လေး တန်တယ်လို့တောင် ပြောလို့ရတယ်”

“ဒါဆိုတာ ဘာလို့ မှင်သေသေ လုပ်နေရတာလဲ” ရန်ကိုင်က လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သည်။

“တော်ဝင်သခင်…” ရှုဟွေ မျက်နှာ အနည်းငယ် ရှုံ့မဲ့သွားခဲ့ပြီး “ကျုပ်တော်ဝင်နယ်မြေမှာ သူတော်စင်အဆင့် ဆေးပညာရှင် မရှိဘူးလေ…”

တံခါးပိတ်ကျင့်စဉ်ဝင်တာ များလို့ ထိုကဲ့သို့သော အခြေကျသည့် အချက်လေးကိုပင် ရန်ကိုင် မေ့များ မေ့သွားလေသလားဟု ရှုဟွေ သံသယဝင် ဝင်မိလာလေပြီ။

တော်ဝင်နယ်မြေသည် အားနည်းသည့် အင်အားစုတစ်ခု မဟုတ်သော်လည်း ၎င်းတွင် သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် မရှိသေးချေ။

ထိုကဲ့သို့ အဆင့်မြင့် ဆေးပညာရှင်များ ရှားပါးနေရခြင်းမှာ ဆေးပညာရှင် အစည်းအရုံးသည် အဆင့်မြင့် ဆေးပညာရှင်များကို အင်အားစုတစ်ခုခုနျင့် အလွယ်တကူ ပူးပေါင်းခွင့် မပေးသောကြောင့် ဖြစ်ပေသည်။

အင်အားစုကိုယ်တိုင် ပြုစုပျိုးထောင်လာသော ဆေးပညာရှင် မဟုတ်သရွေ့ ကျန်သည့် ဆေးပညာရှင်အားလုံးသည် ဆေးပညာရှင် အစည်းအရုံး၏ စီမံကွပ်ကဲမှုအောက်တွင် ရှိပေသည်။

ကံမကောင်းစွာဖြင့် တော်ဝင်နယ်မြေသည် လွန်ခဲ့သည့် နှစ်များအတွင်း သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်ကိုမှ မပျိုးထောင်နိုင်ခဲ့ချေ။

“အရင်ကမရှိလို့ အခုမရှိဘူးလို့ မဆိုလိုဘူးလေး။ ဒီအကြောင်းကို ကျုပ်ပြောတဲ့အတိုင်းသာ သတင်းဖြန့်လိုက်” ရနက်ိုင်က ရယ်သာရယ်လိုက်ပြီး ဘာမှ ထပ်ပြောမနေတော့ချေ။

ရှုဟွေ ခန္ဓာကိုယ် တုန်ရီသွားခဲ့ပြီး တစ်ခုခုအား တွေးမိသွားဟန်ရကာ “တော်ဝင်သခင် ပြောချင်တာက၊ နတ်ဆိုးတွေထဲမှာ…”

သို့သော် သူမျက်မှောင်ကြုံ့မိသွားပြန်လေသည်။ နတ်ဆိုးမျိုးနွယ်စုသည် သူတို့ကိုယ်တွင်းရှိ နတ်ဆိုးချီကြောင့် ဆေးပညာကို မလေ့ကျင့်နိုင်ကြချေ။

“ဆေးပညာရှင် ဘယ်သူဘယ်ဝါ ဆိုတာကို ခင်ဗျားတို့ လိုက်စဉ်းစားနေစရာ မလိုဘူး။ ကျုပ်ပြောတဲ့အတိုင်းသာ လုပ်လိုက်”

“ဟုတ်ကဲ့ပါ” ရန်ကိုင်၏ ယုံကြည်ချက်ရှိသည့် မျက်နှာကြောင့် ရှုဟွေလည်း ဘာမှ ထပ်မေးမနေတော့ဘဲ အခြား အကြီးအကဲများနှင့် ရန်ကိုင် ပြောသည့်အတိုင်း စလုပ်တော့လေသည်။

ယခင်တစ်ကြိမ် တော်ဝင်နယ်မြေ ဒုက္ခတွင်းထဲ ရောက်ခဲ့စဉ်က မည်သူမှ ရှေ့ထွက် မကူညီခဲ့ချေ။ ယခုဆိုလျှင်လည်း နတ်ဆိုးများနှင့် ပူးပေါင်းနေသော ဟူသော သတင်းကြောင့် လူထု၏ ဝေဖန်ခံနေရဆဲ။ သို့သော်လည်း မည်သို့ပင် ဖြစ်နေပါစေ တော်ဝင်နယ်မြေသည် ရန်ကိုင် လွှင့်ခိုင်းသော သတင်းကို လူအများနားသို့ပေါက်အောင် အချိန်တိုအတွင်း လွှင့်နိုင်ခဲ့သည်။

အကြီးအကဲတစ်ယောက်ချင်းစီတိုင်းသည် ကိုယ်ပိုင် အဆက်အသွယ်များ ရှိကြပေသည်။ မဟာမိတ်များ မဟုတ်ကြသော်လည်း သတင်းလေးတစ်ခုလောက် လွှင့်ခိုင်းလိုက်ခြင်းသည် ဘာမှ အပန်းမကြီးလေရာ မည်သူမှ ထိုကိစ္စလေးကို လုပ်ပေးရန် တွန့်တိုနေကြလိမ့်မည် မဟုတ်ပေ။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၈၇) ပထမဆုံးဧည့်သည်

တော်ဝင်သခင်၏ ခြံဝန်းထဲတွင် ရန်ကိုင်သည် လွန်းပျံယာဉ်ကို လေ့လာရင်း အလုပ်ရှုပ်နေခဲ့သည်။

ထိုလွန်းပျံယာဉ်သည် အတော်လေးကိုမှ ထူးဆန်းပေသည်။ ထိုအရာကို သန့်စင်၊ အားဖြည့်ပေးရန် ခက်ခဲရုံသာမက ပဲ့တင်ထပ်အောင် ပြုလုပ်ရန်မှာလည်း အတော်လေးကို ခက်ခဲပေသည်။

ထိုလက်နက်ကို သူ့အသိစိတ်ပင်လယ်ထဲသို့ အသွင်း၊ အထုတ် လုပ်နိုင်ခဲ့သည်မှာ လေးလရှိသွားခဲ့လေပြီ။ ထိုစဉ်ကတည်းက သူ၏ အစစ်အမှန်ချီ၊ စိတ်စွမ်းအင်ဖြင့် အဆက်မပြတ် အားဖြည့်ပေးလာခဲ့ခြင်း ဖြစ်သော်လည်း ယခုထိတိုင် အနည်းငယ်သော တုန့်ပြန်မှုလေးပင် မရရှိသေးခဲ့။

ထိုလက်နက်ကိုယ်တိုင်ထဲ ရန်ကိုင်၏ အရှိန်အဝါတို့ ကိန်းအောင်နေပြီ ဖြစ်သော်လည်း ၎င်းသည် ရန်ကိုင်နှင့် ပဲ့တင်ထပ်ရန် ငြင်းဆိုနေလေရာ ရန်ကိုင်မှာ အတော်လေး ကူကယ်ရာ မဲ့နေခဲ့ရလေသည်။

ရုတ်တရက် တစ်ယောက်ယောက် လာနေမှန်း သတိပြုမိလိုက်သည်။ ခဏကြာ၌ အပြင်ဘက်မှ ရှုဟွေ၏ အသံထွက်ပေါ်လာခဲ့လေသည် “တော်ဝင်သခင်ကို တွေ့ချင်လို့ပါ”

“ဝင်လာခဲ့”

အလျင်စလိုနေသော ခြေသံတို့နှင်အတူ အနည်းငယ် စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ရှုဟွေ ဝင်လာခဲ့ပြီး ရောက်သည်နှင့် လက်သီးဆုပ်ကာ တင်ပြလိုက်လေသည် “တော်ဝင်သခင်၊ ဆေးဖော်စပ်ခိုင်းဖို့ တစ်ယောက်ယောက် လာအကူအညီ တောင်းလို့ပါ”

“အို” ရန်ကိုင် နှုတ်ခမ်း ကွေးတက်သွားခဲ့ပြီး “တစ်ယောက်ယောက် ရောက်လာပြီလား”

“ဟုတ်ပါတယ်… နောက်ဆုံးတော့ ရောက်လာပါပြီ” ရှုဟွေ ခါးခါးသီးသီး ပြုံးလိုက်သည်။

ရန်ကိုင် ကြေညာခိုင်းသည်ကို ကြေညာခဲ့သည်မှာ တစ်လတင်းတင်း ပြည့်သွားခဲ့လေပြီ။ သို့သော်လည်း ယနေ့မှသာ ပထမဆုံး ဆေးဖော်စပ်ရန် အကူအညီတောင်းသည့် လူတစ်ယောက် ရောက်လာခဲ့သည်။

ထိုကဲ့သို့ ဖြစ်ရခြင်း၏ အဓိက အကြောင်းအရင်းကား တော်ဝင်နယ်မြေသည် ထုန်းရွှမ်လောကကြီးတစ်ခွင် ကျော်ကြားသော်လည်း ယခင်ကတည်းက သူတော်စင်အဆင့် ဆေးပညာရှင် မရှိခဲ့သော အင်အားစုတစ်ခု ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရန်ကိုင် ကြေညာချက်ကို မည်သူမှ မယုံခဲ့ခြင်း ဖြစ်သည်။

ပိုဆိုသွားသည်ကား ရန်ကိုင်သည် သူတော်စင် အလယ်အလတ် အဆင့် ဆေးလုံးများကိုပင် သန့်စင်နိုင်သည်ဟု ကြေညာခိုင်းခဲ့ရာ ထိုကြေညာချက်သည် အများအမြင်တွင် မေးခွန်းထုတ်စရာ ဟာသတစ်ပုဒ် သက်သက် ဖြစ်နေခဲ့သည်။

ထိုသို့ ကြေညာလိုက်ခြင်းသည် တော်ဝင်နယ်မြေသည် အနည်းဆုံး သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင် တစ်ယောက် ရှိနေသည်ဟု ဆိုလိုက်ခြင်းပင် မဟုတ်လေလော။

သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင်များသည် ထုန်းရွှမ်လောကကြီးတွင် အရမ်းကိုမှ ရှားပါလှသည်။ ထိုဆေးဝိဇ္ဇာကြီး တစ်ယောက်ချင်းစီတိုင်းသည် တောကြိုအုံကြား မကျန် လူသိများထင်ရှားကျော်ကြားလှပြီး တော်ဝင်နယ်မြေနှင့် သက်ဆိုင်သည့် ဆေးပညာရှင် တစ်ယောက်မှ မပါဝင်ချေ။

ရှင်းရှင်းပြောရလျှင် တော်ဝင်နယ်မြေ အဆင့်မြင့် ဆေးလုံးများ သန့်စင်နိုင်သည်ဆိုသော ကြေညာချက်ကို မည်သူမှ မယုံချေ။

တစ်လကြာပြီးမှသာ လူတစ်ယောက် ပေါ်လာခဲ့သည်။

“ကျုပ်တို့ရဲ့ ပထမဆုံး ဧည့်သည့် ဘယ်မှာလဲ” ရန်ကိုင်က အင်္ကျီကို လိပ်တင်၍ မေးလိုက်သည်။

“သူ့ကို အဓိကနန်းတော်ရဲ့ ဧည့်သည်တွေ့ဆုံခန်းဆီ ခေါ်လာခဲ့ပါတယ်” ရှုဟွေက ချက်ချင်းပဲ ပြန်ဖြေလိုက်လေသည်။

“ကောင်းတယ်။ ပထမဆုံး ဧည့်သည် ဆိုမှတော့ ဒီကိစ္စကို ကျုပ်ကိုယ်တိုင် ကိုင်တွယ်ရမှာပေါ့” ရန်ကိုင်က ထိုင်ရာမှထကာ၍ ရှုဟွေနှင့်အတူ ဧည့်သည့်တွေ့ဆုံခန်းဆီ ပျံသန်းသွားလေသည်။

“အဲ့လူ ဘာဆေးလုံး သန့်စင်ချင်တယ်ပြောလဲ”

“စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့်၊ ဝိဥာဉ်အခြေတည် ဆေးလုံးပါ…”

“စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့်လား” ရန်ကိုင် အနည်းငယ် ကြောင်ချင်သလိုလို ဖြစ်သွားခဲ့သည်။ သူ့အား ဆေးဖော်စပ်ခိုင်းရန် ရောက်ရှိလာသည့်သူမျာ အနည်းဆုံး သူတော်စင်အဆင့် ဆေးလုံးကို ဖော်စပ်ခိုင်းသူ ဖြစ်လိမ့်မည်ဟု ထင်နေခဲ့ခြင်း ဖြစ်သော်လည်း လက်တွေ့တွင်မူ စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေလုံးအား ဖော်စပ်ခိုင်းစေချင်သည့်လူ ဖြစ်နေခဲ့ပေသည်။

ရန်ကိုင် အမှန်ကတကယ်ကို စိတ်ပျက်သွားခဲ့ရသည်။

သို့သော် တော်ဝင်နယ်မြေသည် ဆေးပညာဘက်တွင် ဂုဏ်သတင်းကြီးမားခြင်း မရှိသည့်အကြောင်း ပြန်စဉ်းစားမိသော် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံး ဖော်စပ်ပေးရန် လာတောင်းဆိုသည့် ကိစ္စကို အနည်းငယ် လက်ခံချင်သလိုလို ဖြစ်သွားခဲ့သည်။ ရှင်းရှင်းပြောရလျှင် ဤသည်မှာ အတိတ် နိမိတ်ကောင်း ဖြစ်သည်ဟုပင် ဆို၍ ရပေသည်။ ချက်ချင်း အူမြူးသွားခဲ့ပြီး ပထမဆုံး ရောက်ရှိလာသော ဧည့်သည့် အတတ်နိုင်ဆုံး ဖော်ရွေပျူငှာစွာဖြင့် ကြိုဆိုရင် ပြင်ဆင်လိုက်သည်။

ယခုကိစ္စကိုသာ ကောင်းကောင်း ကိုင်တွယ်နိုင်လျှင် တော်ဝင်နယ်မြေ၏ ဘဏ္ဏာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ရုံမက ဘုံကိုးခုထွတ်မြတ်နယ်မြေနှင့် ပက်သက်သည့် မကောင်းသတင်းများကိုပါ တစ်ခါတည်း ရှင်းထုတ် ပစ်နိုင်ပေလိမ့်မည်။

အရေးအကြီးဆုံးသည်ကာ ထိုအခွင့်အရေးကို အသုံးချကာ သူ့ဆေးစွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်ခြင်းပင်။

ထိုအရာသည်သာ သူ၏ အစစ်အမှန် ရည်ရွယ်ချက် ဖြစ်ပေသည်။

သူတော်စင်အဆင့် ဆေးအမယ်များကို စုဆောင်းရသည်မှာ အရမ်းကိုမှ ခက်ခဲလွန်းပေသည်။ သူ့ဘာသရှာ၍ ဖော်စပ်မည် ဆိုပါက သူ့ဆေးစွမ်းရည်ကို တိုးတက်အောင်လုပ်ရန် မည်မျှ ကြာမည်မှန်း မည်သူမှ ပြောနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဤလောကကြီးရှိ အဆင့်မြင့် ကျင့်ကြံသူ များသည် အဆင့်မြင့် ဆေးအမယ်များ၊ သတ္တုများကို ရှာဖွေ စုဆောင်းတတ်သည့် အကျင့်ရှိကြသည်။ ထိုပညာရှင်များကို တော်ဝင်နယ်မြေဆီ ဖိတ်ခေါ်ပြီး ဝန်ဆောင်မှုပေးခြင်းသည် နှစ်ဖက်စလုံးအတွက် အကျိုးရှိသော သာတူညီမျှ အခြေအနေသာ ဖြစ်ပေသည်။

သူဆေးပညာကို စတင် လေ့လာသည့် အချိန်ကတည်းက အစပိုင်းမှလွဲ၍ နောက်ပိုင်းတွင် မည်သည့်ဆေးလုံးကိုမဆို အောင်အောင်မြင်မြင် ဖော်စပ်သန့်စင်နိုင်ခဲ့ချည်းသာ။ ထို့ကြောင့်ပဲ မအောင်မြင်လျှင် တောင်းဆိုသော ဆေးလုံးနှင့် တူညီသော ဆေးပင်များကို လျော်ကြေးပြန်ပေးမည်ဟု ရဲရဲဝံ့ဝံ့ ပြောရဲခဲ့ခြင်း ဖြစ်ပေသည်။

“ဝိဥာဉ်အခြေခိုင်ဆေးလား…” ရန်ကိုင် ရေရွတ်လိုက်သည် “သူချစ်ရတဲ့လူ၊ ဒါမှမဟုတ် မိတ်ဆွေ တစ်ယောက်ယောက်ရဲ့ ဝိဥာဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရထားလို့ပဲ ဖြစ်ရမယ်”

“တော်ဝင်သခင်က ဆေးလုံးတွေကိုလည်း လေ့လာထားတာလား” ရှုဟွေ ရန်ကိုင်အား အံ့ဩတကြီး စို်ကကြည့်လိုက်သည်။ နာမည်ကြားရုံဖြင့် ထိုဆေးလုံး၏ အသုံးဝင်ပုံကို ရှုဟွေ မပြောပြနိုင်ချေ။

“နည်းနည်းပါးပါးပါပဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

ခဏအကြာ၌ ဧည့်သည့်ဆီသို့ သူတို့နှစ်ယောက် ရောက်ရှိလာခဲ့သည်။

အခန်းထဲတွင် မီးခိုရောင်ဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်းလူကြီးတစ်ဦး ထိုင်နေခဲ့သည်။ ထိုလူကြီးသည် အနည်းငယ် စိုးရိမ်နေဟန်ရပြီး သူ့ခန္ဓာကိုယ် အနေအထား သည်လည်း တောင့်တောင့်ကြီး ဖြစ်နေခဲ့သည်။

အခန်းဘေးဘက်တွင်များ များစွာသော အစေခံ လှလှလေးများ ရပ်နေခဲ့ကြသည်။

လူအိုကြီးအား လက်ဖက်ရည်ဖြင့် တည့်ခင်း ဧည့်ခံ ထားသော်လည်း လူအိုကြီးသည် လက်ဖက်ရည်ခွက်အား တစ်ချက်ကလေးပင် မထိသေးချေ။ တစ်ခုခုကို တွေးပြီးသာ စိတ်ပူပန်နေဟန် ရပေသည်။

ထိုလူအိုကြီးသည် မသေမျိုးပထမအဆင့် တစ်ယောက်သာ ဖြစ်သည်။ ထို့အပြင် သူဘာကြောင့် ဘုံကိုးခုထွတ်မြတ် နယ်မြေသို့ ရောက်လာရသည် ဆိုသည့် အချက်ကိုလည်း ရန်ကိုင် ချက်ချင်း နားလည်သွားလိုက်သည်။

ထိုကျင့်ကြံသူ၏ ခွန်အားသည် အရမ်းကြီး မမြင့်ချေ။ ထို့အပြင် သူ့ခန္ဓာကိုယ်ထက် မည်သည့် အဆင့်မြင့် လက်နက်ကိုမှ လည်း မတွေ့ရပေ။ သူ့ကြည့်ရသည်မှာ ဂိုဏ်ငယ်၊ သို့ မိသားစုလေး တစ်ခုခုမှ ဖြစ်ဟန်တူပေသည်။

သူ့ကဲ့သို့သော ကျင့်ကြံသူတစ်ယောက် အနေဖြင့် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးအမယ်များကို စုဆောင်းရန်မှာ အတော်လေး ခက်ခဲခဲ့ရပေမည်။

မယုံကြည်ရသော ဆေးပညာရှင် တစ်ယောက်ကိုသာ သူလိုအပ်သည့် ဆေးလုံးအား သန့်စင်ခိုင်းလိုက်ပါ မအောင်မြင်လျှင် သူကြိုးစားမှုအားလုံး သဲထဲ ရေသန် ဖြစ်သွားရပေလိမ့်မည်။

သို့သော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေကမူ ကွဲပြား၏။ ဆေးဖော်စပ်မှု ကျရှုံးလျှင် အခေကြေး မယူသည့်အပြင် ထိုဆေးအမယ်များကို လျော်ကြေးပြန်ပေးမည်ဟု ကြေညာထားရာ ကိုယ့်ဆေးအမယ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေစရာ မလိုချေ။

ထိုအကြောင်းပြချက်ကြောင့်သာ ထိုလူ တော်ဝင်နယ်မြေသို့ ရောက်လာခဲ့ရခြင်း ဖြစ်ပေသည်။

ခြေသံများကို ကြားလိုက်ရသည့်အခါ ထိုလူသည် ထိုင်ရာမှ အလျင်အမြန်ထ၍ အခန်းထဲ ဝင်လာသော ရန်ကိုင်နှင့် ရှုဟွေကို ကြည့်လိုက်သည်။ ထို့နောက် အနည်းငယ် ကိုးယိုးကားယား နိုင်သော ရယ်သံဖြင့် လက်သီးဆုပ် ဦးညွှတ်ကာ “အကြီးအကဲချုပ်ရှုဟွေကို တွေ့ရတာ ဂုဏ်ယူစရာပါပဲဗျာ”

“အဲ့လို လုပ်နေစရာ မလိုပါဘူး။ ကျေးဇူးပြုပြီး ထိုင်ပါဦး” သူကဲ့သို့ သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက်မှ မသေမျိုး ပထမအဆင့် ပညာရှင်တစ်ယောက်အား ထိုကဲ့သို့ ပြောသည်မှာ အရမ်းကိုမှ မျက်နှာသာ ပေးလွန်းရာ ကျနေပေပြီ။

ထိုလူမျက်နှာ စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် နီရဲသွားခဲ့ပြီး ချက်ချင်း ထိုင်ချလိုက်ကာ ရန်ကိုင်အား သိလိုစတကြီးဖြင့် လှမ်းကြည့်လိုက်လေသည်။

ရှုဟွေလည်း ရန်ကိုင်အား မိတ်ဆက်ပေးလိုက်လေသည် “ကျုပ်မင်းကို မိတ်ဆက်ပေးရဦးမယ်။ ဒါက တော်ဝင်နယ်မြေရဲ့ တော်ဝင်သခင် ရန်ကိုင်ပဲ”

ထိုစကားကို ကြားလိုက်သည်နှင့် သက်လတ်ပိုင်းလူကြီး ထိုင်ရာမှ ထခုန်လိုက်ပြီး အထိတ်တလန့် အမူအရာဖြင့် အလန့်တကြား ဆိုလိုက်လေသည် “ဒီတော့ တော်ဝင်သခင်ကိုး… ကျုပ်လည်း တော်ဝင်သခင်အကြောင်း အများကြီး ကြားဖူးထားပါတယ်”

“မကောင်းသတင်းတွေချည်းပဲမလား” ရန်ကိုင်က အရွှန်းဖောက်လိုက်သည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်သစ် နတ်ဆိုးမျိုးနွယ်စု၊ မွန်းစတားမျိုးနွယ်စုများနှင့် ပူးပေါင်းနေသည်ဟု သတင်းများ ထွက်နေခဲ့သည်မှာ ကြာချေပြီ။ ထို့အပြင် ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ ဆိုသလို ထိုအချိန်ကျမှ တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းမှာလည်း အတော်လေး လျော့ကျနေခဲ့ရရာ ရန်ကိုင်၏ ဂုဏ်သတင်းများလည်း ပို၍ ဆိုးရွားသွားခဲ့ရလေသည်။

ရန်ကိုင် ထိုစကားမျိုး ပြောလာလိမ့်မည်ဟု သက်လတ်ပိုင်း လူကြီး တစ်ခါမှ မထင်ထားခဲ့။ ရန်ကိုင် စကားကြောင့် တစ်ခဏတာ ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားခဲ့ပြီးနောက် သူ့လက်ကို အလျင်စလို ဝှေ့ရမ်း၍ “မဟုတ်တာဗျာ…”

“ဘာမှမဖြစ်ဘူး။ ကျုပ်သိပြီးသား… ကဲ။ လိုရင်းကိစ္စကို ဆွေးနွေကြးတာပေါ့။ ခင်းဗျားက ဆေးဖော်စပ်ခိုင်းဖို့ ရောက်လာတာဆိုတော့ ဒီကမိတ်ဆွေကို ကျုပ်ဘယ်လို ခေါ်ရမလဲ”

“ကျုပ်နာမည်ကို လူချင်းလို့ ခေါ်ပါတယ်”

“ဝိဥာဉ်အခြေခိုင်ဆေးကို သန့်စင်ချင်တယ်ဆို၊ လိုအပ်တဲ့ ဆေးပင်တွေ ယူလာခဲ့လား”

“ယူလာပါတယ်” လူချင်းလည်း သူ့အိတ်ထဲမှ အထုပ်လေး တစ်ထုပ်ကို ထုတ်ယူလိုက်ပြီး စားပွဲခုံပေါ် တင်လိုက်လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် သူ့ခန်းမှန်းချက် မှန်ကန်နေမှန်း ရန်ကိုင် လုံးဝ ယုံကြည်သွားခဲ့သည်။

ထိုလူတွင် ဆေးပင်များထည့်ရန်အတွက် သိုလှောင်အိတ် တစ်အိတ်ပင် ရှိမနေခဲ့ချေ။

ရန်ကိုင်က ရှုဟွေကို အထုပ်ယူလာပေးရန် အချက် ပြလိုက်သည်။

အထုပ်ကိုဖွင့်၍ ဆေးပင်များကို သေသေချာချာ စစ်ဆေးကြည့်လိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်၍ “စိတ်ဝိဥာဉ် ဆေးပင်တွေကတော့ မဆိုးပါဘူး။ ဆေးအာနိသင် ကလည်း အရမ်းကြီး မလျော့သွားသေးဘူး။ ဆေးဖော်စပ်ဖို့ သုံးလို့ရသေးတယ်။ ဒါပေမယ့် နောင်ပိုင်း ဒီလို သိမ်းထားမဘ် ဆိုရင်တော့ ထည့်စရာ သေတ္တာတစ်လုံးလုံး ရှာပြီး သီးသန့် ခွဲထည့်ထားရင် ပိုကောင်းလိမ့်မယ်”

လူချင်း ကသိကအောက် အမူအရာဖြင့် ပြုံး၍ “တော်ဝင်သခင် ပြောတာ မှန်ပါတယ်။ နောင်ပိုင်း ဒီလူ ပိုဂရုစိုက်ပါ့မယ်”

“ဒါပေမယ့်… ခင်ဗျား ယူလာတဲ့ ဆေးပင်တွေက မစုံဘူး…” ရန်ကိုင်က ပြုံး၍ “ဒီထဲမှ အခြေတည်ဝိဥာဉ်မြင်ပင် ပါမလာဘူး။ ဒါကြောင့် ဒီပစ္စည်းတွေ သက်သက်နဲ့ ဆိုရင်တော့ အောင်မြင်နိုင်ချေ လုံးဝကို‌ လျော့ကျသွားလိမ့်မယ်။ အများဆုံးမှ သုံးလို့ရတဲ့ ဆေးလုံးကို ဖော်စပ်နိုင်ချေ သုံးဆယ်ရာခိုင်နှုန်းပဲ ရှိလိမ့်မယ်”

“အာ…” လူချင် ထိတ်လန်သွားခဲ့ပြီး စိတ်ရှုပ်သွားဟန် ရကာ “ဒါမဖြစ်နိုင်…”

“ဒီဆေးပင်စာရင်း ခင်ဗျားကို ပေးလိုက်တဲ့လူရဲ့ ဆေးပညာရှင်က ဘယ်အဆင့်လဲ”

“စိတ်ဝိဥာဉ် အဆင့်နိမ့် ဆေးပညာရှင်ပါ…”

“မဆန်းပါဘူးလေး။ ဒီဆေးပင်တွေနဲ့ သန့်စင်မယ်လို့ အောင်မြင်ခဲ့တယ် ဆိုရင်တောင် သုံးလို့ရတဲ့ ဆေးလုံးတွေပဲ ရမှာ။ အဲ့ဆေးလုံးလောက်နဲ့ ခင်ဗျား ချစ်ရတဲ့လူ၊ ဒါမှမဟုတ် မိတ်ဆွေကို ကယ်နိုင်မှာ မဟုတ်ဘူး”

“တော်ဝင်သခင် ဘယ်လိုသိ…” လူချင်း ရန်ကိုင်အား အထိတ်တလန့်ဖြင့် ကြည့်လိုက်သည်။

“ဒီဆေးလုံးက လူတစ်ယောက်ရဲ့ ဝိဥာဉ်ကို တည်ငြိမ်အောင် လုပ်တာ၊ ကုသတဲ့ နေရာမှာသုံးတာ” ရန်ကိုင်က ရှင်းပြ လိုက်လေသည် “ဒီဆေးလုံးနဲ့ ရင်းနှီးတဲ့လူတိုင်း ဒီဆေးလုံးကို ဘာအတွက်သုံးမှန်း သိတယ်။ ကျုပ်ထင်တာသာ မမှားရင် ခင်ဗျား မိသားစုဝင်တစ်ယောက်ယောက်၊ ဒါမဟုတ် ရင်းနှီးတဲ့ မိတ်ဆွေ တစ်ယောက်ယောက် တိုက်ပွဲမှာ ဒဏ်ရာရပြီး သတိလစ် မေ့မျော့သွားတာမလား”

လူချင်း မျက်လုံးထဲ လေးစားရိပ်တို့ တရိပ်ရိပ် တက်လာခဲ့ပြီး ခေါင်းညိတ်၍ “တော်ဝင်သခင် ပြောတာ အမှန်ပါပဲ။ ဒဏ်ရာ ရနေတဲ့လူက ကျုပ်သားပါ… နှစ်ဝက်လောက် ရှိနေပါပြီ။ အခု အချိန်အထိ သတိလစ်နေတုန်းပါပဲ။ ဒီလူလည်း အဲ့တကည်းက ဒီဆေးပင်တွေကို အချိန်ရှိခိုက် စုဆောင်းနေခဲ့တာပါ။ လတ်တလောကမှပဲ စုဆောင်းလို့ ပြီးသွားခဲ့တာ။ ပြီးတာနဲ့ ဆေးဖော်စပ်ခိုင်းဖို့ ဆေးပညာရှင် လိုက်ရှာနေတုန်း တော်ဝင်နယ်မြေက ဆေးဖော်စပ်တာနဲ့ ပက်သက်ပြီး ဝန်ဆောင်မှု ပေးနေတယ်ကြားလို့ ဒီကို အပြေးလာခဲ့တာ”

“အင်း။ ခင်ဗျားသာ အခြားဆေးပညာရှင်တစ်ယောက်ကို သွားရှာမယ်ဆိုရင် အောင်မြင်တာ၊ ရှုံးနိမ့်တာကို အသာထား။ ဟိုက ခင်ဗျား တောင်းဆိုချက်ကို လက်တောင် ခံချင်မှခံမှာ။ အခြေတည်ဝိဥာဉ်မြင်ပင်ကို ရှာတွေ့ရင်တော့ တစ်မျိုးပေါ့…”

လူချင်း ရန်ကိုင်အား စိုးရိမ်တကြီး စိုက်ကြည့်လိုက်သည်။ ရန်ကိုင် ငြင်းလိုက်မည်ကို သူလန့်မိနေချေပြီ။

တကယ်တော့ ယခုကိစ္စသည် သူ့အမှား ဖြစ်ပေသည်။

ဆေးပညာရှင် တစ်ယောက်သည် ဆေးကိုသာ ဖော်စပ်ပေးပြီး လိုအပ်သည့် ဆေးအမယ်များ ရှာဖွေရန် တာဝန်မှာ ဆေးဖော်စပ်ပေးရန် တောင်းဆိုသူ၏ တာဝန်ဖြစ်ပေသည်။

“ကျုပ်တို့ တော်ဝင်နယ်မြေမှာ အခြေအနေစိတ်ဝိဥာဉ် မြက်ပင် ရှိနေတာဆိုတော့ ခင်ဗျား ထပ်ရှာနေစရာ မလိုတော့ဘူး”

ထိုစကားကို ကြားမှပဲ လူချင်း စိတ်သက်သာရာ ရသွားပြီး ပျော်သွားခဲ့ကာ နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်၍ “ကျေးဇူးအများကြီး တော်ဝင်သခင်ရန်၊ ကျေးဇူးအများကြီး တင်ပါတယ် တော်ဝင်သခင်ရန်”

“ဘာမှမဟုတ်ပါဘူး။ ဟုတ်ပြီ။ ဒီမှာ ခဏစောင့်နေဦး။ ခင်ဗျားလိုနေတဲ့ ဆေးလုံးကို ဖော်စပ်ဖို့ ကျုပ်ကူညီပေးမယ်။ ဘာမှမဖြစ်ရင် နာရီဝက်ကနေ တစ်နာရီလောက်ပဲ ကြာလိမ့်မယ်” ပြောပြီးသည်နှင့် ဆေးပင်အိတ်ကို ကိုင်ကာ ဧည့်ခန်းမှ ထွက်သွားတော့လေသည်။

ယခု လူချင်း၊ ရှုဟွေနှင့် အစေခံမလေးများသာ ကျန်တော့သည်။

ရှုဟွေလည်း အနည်းငယ် နားမလည်နိုင် ဖြစ်နေခဲ့သည်။

သူသည် ဆေးပင်အကြောင်း အများကြီး မသိသလို ဆေးပညာရပ်ကို တစ်ခါမှ မလေ့လာဖူးသော်လည်း စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးကို သန့်စင်ရန်မှ မည်မျှ ခက်ခဲကြောင်း ‌ကောင်းကောင်း နားလည်ထားပေသည်။

ဒီလောက်တော်တဲ့ ဆေးပညာရှင်တစ်ယောက်ကို တော်ဝင်သခင် ဘယ်ကနေ သွားရှာလာတာလဲ။ ပြီးတော့ လုံးဝ မကျရှုံးစေရဘူးတဲ့။ ဆေးလုံးတိုင်းကို အောင်အောင်မြင်မြင် သန့်စင်နိုင်တဲ့ ဆေးပညာရှင် ဒီလောကကြီးမှာ ရှိလို့လား

ရှုဟွေ နားမလည်နိုင်တော့ချေ။

လူချင်းကမူ ပို၍ပင် ကနာမငြိမ် ဖြစ်နေခဲ့သည်။ ထိုင်ခုံ အစွန်းပိုင်တွင် ထိုင်ချက် စိုးရိမ်စိတ်ကို ပြေပျောက်သွားအောင် လုပ်ချင်သော်လည်း သူတော်စင်အဆင့် ပညာရှင်တစ်ယောက် ဖြစ်သော ရှုဟွေ့ရှေ့၌ စိတ်ရှိသလို လွတ်လွတ်လပ်လပ် မနေရဲချေ။

လူချင်း၏ အမူအရာကို မြင်သော် ရှုဟွေက ပြုံး၍ “ဘာတွေ ဒီလောက် စိုးရိမ်နေတာလဲ။ တော်ဝင်သခင်က အခုလို ပြောသွားမှတော့ ရှုံးနိမ့်သွားရင်တောင် မင်းဆေးပင်တွေကို အလျော်ပြန်ပေးမှာပဲလေ။ အဲ့ဆေးပင်နဲ့ နောက်ထပ် ဆေးပညာရှင် တစ်ယောက်ကို သွားရှာပြီး ဖော်စပ်ခိုင်းလို့ရတာပဲ။ မင်းအတွက် အရှုံးမှ မရှိတာ။ စိတ်မပူနဲ့။ စိတ်ဝိဥာဉ် အဆင့်ဆေးပင်လေး အတွက်နဲ့ ငါတို့တော်ဝင်သခင်က သူ့စကားကို ပြန်ရုတ်သိမ်းမှာ မဟုတ်ဘူး”

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၈၈) လူများစွာ ရောက်လာခဲ့လေပြီ

“မဟုတ်ပါဘူး အကြီးအကဲချုပ်၊ ဒီလူ အဲ့လို ပြောတာမဟုတ်…” လူချင်းမှာ ကမန်းကတန်း ငြင်းဆိုရန် ကြိုးစားသော်လည်း အကြီးအကဲရှုဟွေ စကားကို ကြားပြီးနောက် စိတ်သက်သာရာ ရသွားသည့် အမူအရာကို သူ့မျက်နှာထက် အထင်းသား မြင်တွေ့နေခဲ့၇သည်။

မအောင်မြင်လျှင်ပင် ပေးထားသော ဆေးပင်များ ပြန်ရမည် ဖြစ်လေရာ တော်ဝင်နယ်မြေသို့ လာရန် ဆုံးဖြတ်ခဲ့သော သူ့ဆုံးဖြတ်ချက်သည် အရှုံးမရှိဟု ဆိုနိုင်ပေသည်။

အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင် ထားရင်း အခန်းပေါက်ဆီ မကြာခဏ လှမ်းလှမ်း ကြည့်နေခဲ့သည်။

ရှုဟွေသည် ဘာမှထပ်မပြောတော့ဘဲ တိတ်တဆိတ်သာ ထိုင်နေခဲ့သည်။

နာရီဝက်ကျော်လေက် ကြာပြီးသည့်နောက် ဧည့်ခန်းထဲသို့ ရန်ကိုင် ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဝင်လာခဲ့သည်။

ရန်ကိုင် အမူအရာကို ကြည့်ရုံဖြင့် ဝိဥာဉ်အခြေတည်ဆေးလုံး ကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီမှန်း ရှုဟွေနှင့် လူချင်းတို့ နှစ်ယောက်စလုံး နားလည်လိုက်ကြသည်။

“တော်ဝင်သခင်…” လူချင်က လေးလေးစားစားဖြင့် မတ်တပ်ရပ်၍ ကတုန်ကရင် လေသံဖြင့် စပြောလိုက်သည်။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် “ဘာတွေ စိတ်ပူနေတာလဲ။ ဖော်စပ်တာ အောင်မြင်သွားပြီ။ ပြီးတော့ အံ့အားသင့်စရာလေး လည်း ရှိသေးတယ်”

“အံ့အားသင့်စရာလား” လူချင်း အမူအရာ မဆိုသလောက်ကလေး ပြောင်းလဲသွားခဲ့လေသည်။ ရန်ကိုင် ပြောနေသော အံ့အားသင့်စရာသည် ဘာများ ဖြစ်နေမည်ကိုလည်း စိတ်ထဲတွင် တွေးနေမိသည်။

“ကိုယ့်ဘာသာကြည့်ကြည့်လိုက်၊ ခင်ဗျား ကျေနပ်လောက်မှာပါ” ရန်ကိုင်က လူချင်း လက်ထဲသို့ ကျောက်စိမ်း ပုလင်း တစ်ပုလင်း ထည့်ပေးလိုက်သည်။

ဆေးပုလင်းကို လက်ခံယူလိုက်ပြီးနောက် အဖုံးကို ချက်ချင်း ဖွင့်၍ ဆေးနံ့ကို ရှုကြည့်လိုက်သည်။

“အန်” ရှုဟွေလည်း အံ့အားသင့်သွားခဲ့ပြီး ရှေ့တက်ကာ ကြည့်ကြည့်လိုက်သည်။ ထိုစိတ်ဝိဥာဉ်အဆင့် ဆေးလုံးသည် သာမန်ဆေးလုံးများနှင့် သိပ်မတူသလို ဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။

ရှင်းရှင်းပြောရလျှင် ထိုစိတ်ဝိဥာဉ်အဆင့် ဆေးလုံး၏ ဆေးရနံ့သာ သာမန် စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလံဒးများထက် ပို၍ သင်းပျံ့နေခဲ့လေသည်…

ပုလင်းအတွင်းထဲသို့ ကြည့်မိလိုက်သည့်အခါ လျူချင်း မျက်လုံးများ ရုတ်တရက် ပြူးကျယ်လာခဲ့ပြီး ပုလင်း ကိုင်ထားသော သူ့လက်သည်လည်း ကတုန်ကရင် ဖြစ်လာခဲ့ကာ သက်ပြင်း အမောကြီးရှိုက်လျက် အလန့်တကြား ဆိုလိုက်လေသည် “ဒါ… ဒါက…”

“ဆေးသွေးကြောတွေလား” ရှုဟွေသည်လည်း အသံ အကျယ်ကြီး ထအော်မိလိုက်လေသည်။

နှစ်ယောက်စလုံး မျက်ခုံးပင့်လျက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နှစ်ယောက်စလုံး ထိတ်လန့်တုန်လှုပ် နေခဲ့ကြလေပြီ။

ဆေးသွေးကြောပါသော စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးတစ်လုံး၏ တန်ဖိုးသည် သူတော်စင်အဆင့် ဆေးလုံး တစ်လုံးအောက် တန်ဖိုးမနိမ့်ကျချေ။

မြင်ပြီးသည့်တိုင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သေးသဖြင့် ဆေးလုံးကို လက်ထဲသို့ သွန်ချကာ သေသေချာချာ ထပ်ကြည့်ကြည့်လိုက်သည်။

ဝိဥာဉ်အခြေတည် ဆေးလုံး၏ ဆေးအာနိသည်အစွမ်း မည်မျှ ကောင်းမွန်ကြောင်းကို အနံ့အား ရှူရှိုက်ကြည့်ရုံဖြင့်ပင်လျှင် သိနိုင်နေလေပြီ။ ဆေးမျက်နှာပြင်ထက်တွင်လည်း လူကိုယ်ထဲရှိ‌ သွေးကြောများကဲ့သို့ မျဉ်းကြောင်းလေးများ ရှိနေခဲ့ပေသည်။

ထို့အပြင် ဆေးလုံးသည် နွေးနေဆဲ ဖြစ်လေရာ ယခုလေးတင် သန့်စင်ခဲ့သော ဆေးလုံးဖြစ်ကြောင်း လူချင်း သေချာသိပေသည်။

“တော်ဝင်သခင်ရန်။ ကျုပ်… ဒါက… ဒါပေမယ့်… ဘ…” လူချင်း စကားအထစ်ထစ် အငေါ့ငေါ့ ဖြစ်နေခဲ့သည်။ ဝိဥာဉ်အခြေတည် ဆေးလုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ရုံဖြင့်လျှပင် ကံကောင်းနေပြီ ဖြစ်ပြီဟု ထင်ခဲ့ခြင်း ဖြစ်သော်လည်း ယခုတွင်မူ ဆေးသွေးကြောပါသော ဆေးလုံးကို အမှန်တကယ် ရရှိခဲ့ပေသည်။

ထိုရလဒ်သည် သူ့ခန်းမှန်းထားသည်ထက် အများကြီး ပိုမို ကောင်းမွန်နေခဲ့လေရာ စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင် အဆီအငေါ် တည့်အောင် မပြောနိုင်တော့ချေ။

“ကံကောင်းသွားလို့ ဆေးသွေးကြောတွေ ပေါ်လာခဲ့တာပါ” ရန်ကိုင်က သိပ်ပြီး အရေးမစိုက်ဟန်ဖြင့် ရယ်ရယ်မောမောနဲ့သာ သူ့လက်ကို ဝှေ့ရမ်း၍ ပြောလိုက်သည်။

“ကျုပ်သားကို ကျိန်းသေ ကယ်နိုင်ပြီ” လူချင်း မျက်ရည် ရွဲလဲဖြင့်‌ အော်ပြောလိုက်လေသည်။

“ဟုတ်တယ်။ ကယ်နိုင်ရုံတင်မဟုတ်ဘူး၊ သူသာ ဒီဆေးလုံးကို သေသေချာချာ သန့်စင်လိုက်ရင် သူ့ဝိဥာဉ် ပြန်ကောင်းလာမှာတင် မဟုတ်ဘူး သူ့ခွန်အားတောင် တိုးရင် တိုးလာနိုင်သေးတယ်… ဟုတ်တယ်။ ခင်ဗျားသားရဲဲ့ ကျင့်ကြံခြင်းက သိပ်မမြင့်ရင်တော့ ကူသန့်စင်ပေးလိုက်ပေါ့။ ဒီထဲပါတဲ့ ဆေးအာနိသင်က သူတော်စင် အဆင့်ဆေးလုံးတစ်လုံးထဲမှာ ပါတဲ့ ဆေးအာနိသင်လောက် ပြင်းတာဆိုတော့”

“တော်ဝင်သခင် သတိပေးတာကို ကျုပ်သေချာ မှတ်သားထားလိုက်ပါမယ်” လူချင်းက မျက်နှာတစ်ပြင်လုံး အပျော်တို့ဖြင့် ဝင်းလက်နေခဲ့သည်။ သူ့သား ပြန်ကောင်းလာပြီး တစ်ချိန်တည်းတွင်း သူ့သား၏ စိတ်စွမ်းအင်ပါ တိုးလာသည်ကို ကြိုမြင်နေသည့်အလား…

“ညီလေးလူ၊ ဂုဏ်ယူပါတယ်” ရှုဟွေက ပြောလိုက်လေသည်။

“အကြီးအကဲချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ်။ တော်ဝင်သခင်ကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်…” လူချင်းက ခေါင်းညိတ်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ခဏအကြာ၌ လူချင်း၏ ပျော်နေသည့် မျက်နှာလည်း မဲ့သွားခဲ့ပြီး “ဒီလူက စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံး လိုချင်လို့ သက်သက်ပဲ ရောက်လာခဲ့တာ။ ဆေးသွေးကြောပါတဲ့ ဆေးလုံးကို ရလိမ့်မယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး…”

ထို့နောက် သူ့အမူအရာ တည်ကြည်သွားခဲ့ပြီး ဆက်ပြောလိုက်လေသည် “တော်ဝင်သခင်ရန်၊ အကြီးအကဲချုပ်၊ ကျုပ်သားကို ကယ်ပြီးတာနဲ့ ဒီဆေးလုံးနဲ့ ထိုက်တန်မယ့် လျော်ကြေးကို ကျိန်းသေ လာပေးပါ့မယ်”

ပြောပြီးသည်နှင့် အသင့်ပြင်ထားသော အခေကြေးကို ထုတ်လိုက်လေသည်။

အံ့အားသ့်စရာ မလိုအောင် အခေကြေးများသည် သလင်းကျောက် အချို့သာ ဖြစ်နေခဲ့ပေသည်။

ရှုဟွေ ရန်ကိုင်အား လှမ်းကြည့်လိုက်သည်။

ရန်ကိုင်ကမူ ပြုံးသာပြုံးလျက် ခေါင်းခါရမ်းလိုက်ပြီး “ခင်းဗျားက ကျုပ်တို့ တော်ဝင်နယ်မြေ ပထမဆုံး ဆေးဖော်စပ်ပေးခဲ့တဲ့ ဧည့်သည့်ပဲ။ ဒါကြောင့် အခကြေး မပေးဘဲ အပေးအယူ တစ်ခုလောက် လုပ်ကြရင်ကော”

လူချင်းက လေးလေးစားစား အမူအရာဖြင့် “တော်ဝင်သခင် ပြောစရာရှိရင် ပြောသာပြောလိုက်ပါ။ ကျုပ်တတ်နိုင်တဲ့ ဘောင်အတွင်းမှာ ရှိနေသရွေ့ အကောင်းဆုံး လုပ်ပေးပါ့မယ်”

“စိတ်လျော့ထားလိုက်။ ဒီလောက် အရေးကြီးတာ မဟုတ်ဘူး။ တကယ်တော့ ခင်ဗျား ဘာမှပေးစရာ မလိုဘူး။ ဒီဆေးလံးကို ဒီအတိုင်း ယူသွားလိုက်လို့ ရတယ်…”

“အာ…” လူချင်း မှင်သက်နေခဲ့သည်။

ရုတ်တရက်ကြီး ရန်ကိုင် ဘာကြောင့် ထိုမျှ ရက်ရော သဘောကောင်းနေမှန်း ရှုဟွေ နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။ သို့သော် တစ်ခုခုကို တွေးမိပြီးနောက် သူ့မျက်နှာထက် အပြုံး ယဲ့ယဲ့လေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

“အခကြေးမပေးဘဲ ကျုပ်ကို တစ်ခုလောက် ကူညီပေးရင်ကော” ရန်ကိုင်က လိုရင်းကိုသာ တိုက်ရိုက် ပြောလိုက်လေသည် “တော်ဝင်နယ်မြေက ထွဥ◌်သွားတာနဲ့ ဘုံကိုးခုထွတ်မြတ်နယ်မြေက ဆေးဝိဇ္ဇာကြီးက ခင်ဗျားအတွက် ဆေးသွေးကြောပါတဲ့ ဆေးလုံးကို သန့်စင်ပေးခဲ့တယ်လို့ သတင်း ဖြန့်ပေးစေချင်တယ်။ ဘယ်လိုလဲ”

“အဲ့ဒါပဲလား”

“ဟုတ်တယ်၊ အဲ့ဒါပဲ”

လူချင်းသည် ထိတ်လန့်သည့် သူ့အမူအရာကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး အတည်ပေါက်မျက်နှာဖြင့် “အဲ့လိုလုပ်ပေးရင် ကျုပ်ကတောင် ဂုဏ်ယူနေရဦးမှာ။ စိတ်ချထားလိုက် တော်ဝင်သခင်နဲ့ အကြီးအကဲချုပ်။ ဒီသတင်းကို ကျုပ် မပြန့်ပြန့်အောင် ဖြန့်ပေးမယ်”

“အဲ့လိုမှကြိုက်တာ။ ခင်ဗျားလည်း မြန်မြန် ပြန်တော့လေ။ ခင်ဗျားသားကို ကုရဦးမယ်” ရန်ကိုင်လည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

လူချင်း အူမြူးသွားခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ ဦးညွှတ်လိုက်ပြီးနောက် အလျင်အမြန် ထွက်ခွါသွားလေသည်။

လူချင်း ထွက်သွားသည်ကို ကြည့်ပြီး ရှုဟွေကလည်း ခေါင်းညိတ်၍ “အစကောင်းသွားပြီ”

“ဟုတ်တယ်။ တစ်လလောက် ကြာသွားတယ်ဆိုပေမယ့် အစ မကောင်းတာတော့ မဟုတ်ဘူးလေ” ရန်ကိုင်လည်း ခေါင်းညိတ်လိုက်သည်။

“ဒါပေမယ့် ဒီတစ်ကြိမ် ကျုပ်တို့ တော်တော်လေး နာသွားတာ… ဆေးသွေးကြောပါတဲ့ စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးတဲ့… တကယ့်ကို ရှားမှရှားတဲ့ ရတနာတစ်ပါးပဲ။ ရောင်းသာ ရောင်းလိုက်မယ်ဆိုရင်း သလင်းကျောက်တွေ အများကြီး ရမှာ” ရှုဟွေက အနည်းငယ် နောင်တရနေသည့် လေသံဖြင့် ပြောလိုက်သည်။

ဝိဥာဉ်အခြေတည်ဆေးလုံးသည် အဆင့်မြင့် ဝိဥာဉ် ကုသရေး ဆေးလုံးတစ်လုံး ဖြစ်ပြီး ကျင့်ကြံသူပေါင်းများစွာက ထိုဆေးလုံးကို လိုချင်ကြပေသည်။ အဘယ်ကြောင့်ဆိုသော် တိုက်ပွဲအတွင်း မိမိ၏ ဝိဥာဉ် မတော်တဆ ထိခိုက်ဒဏ်ရာရသွားနိုင်သောကြောင့် ဖြစ်ပေသည်။ ထိုကဲ့သို့ ဒဏ်ရာမျိုးသာ ရသွားခဲ့ပါက ဒဏ်ရာကို ပြန်လည် ကုသပေးနိုင်မည့် ထိုကဲ့သို့ ဆေးလုံးမျိုး လိုပေလိမ့်မည်။

ဝယ်လိုအား များသောကြောင့် ထိုကဲ့သို့သော ဆေးလုံးမျိုးကို ရောင်းရန်မှာ မခက်ခဲလှချေ။

“ရှေ့တည့်တည့်ကို မကြည့်ရဘူး။ ဟိုးအဝေးကို ကြိုကြည့်ရတယ် အကြီးအကဲချုပ်ရဲ့…” ရန်ကိုင်က ရယ်မောလိုက်ပြီး “ဒီသတင်းသာ ပြန့်သွားတာနဲ့ ဒီကို လူတွေ အများကြီး ရောက်လာတော့မှာလေ”

“ဒါလည်း မှန်တာပဲ။ တော်ဝင်သခင်က တကယ်ကို မြင်တတ်တာပဲ။ ကျုပ်တကယ်ကို လေးစားအထင်ကြီးသွားပြီ”

“မြှောက်နေစရာ မလိုပါဘူးဗျာ” ရန်ကိုင်က သွားပေါ်အောင် ပြုံးလိုက်လေသည်။

ရှုဟွေသည်လည်း အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး လေသံကို နှိပ်၍ “တော်ဝင်သခင်… အဲ့ဆေးသွေးကြောက ကံကောင်းသွားရုံ သက်သက်ကြောင့်ပဲလား”

“ခင်ဗျား ဘယ်လိုထင်လဲ” ရန်ကိုင်က အပြုံးယဲ့ယဲ့လေး ပြုံးလျက် ပြန်မေးလိုက်လေသည်။

“တော်ဝင်သခင်က ဒီလို ပြောမှတော့ ဒါကြောင့်ပဲပေါ့” ဤနေရာတွင် ရပ်သင့်ပြီမှန်း ရှုဟွေ သိလိုက်ပေပြီ။ သို့သော်လည်း တော်ဝင်နယ်မြေထဲ ပုန်းအောင်းနေသော ဆေးဝိဇ္ဇာ၏ နာမည်ကို သူအတော်လေး သိချင်နေမိချေပြီ။

တကယ်တော့ ထိုကဲ့သို့သော ဆေးလုံးတစ်လုံးကို နာရီဝက်အတွင်း ဖော်စပ်ပြသွားသည်မှာ အရမ်းကိုမှ အံ့အားသင့်စရာ ကောင်းလှပေသည်။

ကျွမ်းကျင်သော ဆေးပညာရှင်များ၊ အချို့ သူတော်စင် အဆင့် ပညာရှင်များပင်လျှင် ထိုကဲ့သို့ မလုပ်နိုင်မှန်းကို ရှုဟွေ သိပေသည်။

အဲ့ဆေးဝိဇ္ဇာကြီးက ဘယ်သူများလဲ မသိဘူး

ရှုဟွေ အတွေးနယ်ချဲ့နေခဲ့သည်။

ငါးရက်ကြာပြီးနောက် တော်ဝင်နယ်မြေသို့ နောက်တစ်ယောက် ထပ်ရောက်လာခဲ့သည်။ လူချင်း ပြောစကားကြောင့် ထိုလူ တော်ဝင်နယ်မြေသို့ ရောက်လာခဲ့ရခြင်း ဖြစ်ကြောင်း ရှုဟွေ သိခဲ့ရသည်။ ထိုလူသည် တော်ဝင်နယ်မြေသို့ ကံစမ်းရုံ သက်သက်ဖြင့် ရောက်လာခဲ့ခြင်း ဖြစ်ပေသည်။

အံ့အားသင့်စရာကောင်းစွာ ထိုလူသည်လည်း စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးကိုသာ သန့်စင်ချင်နေခဲ့သည်။

သို့သော် ယခုတစ်ကြိမ် စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးသည် ဝိဥာဉ်အခြေတည် ဆေးလုံး မဟုတ်တော့ချေ။ အသက်ကယ်သွေးနီ ဆေးလုံးသာ ဖြစ်ပေသည်။

ရှုဟွေသည် ထိုလူအား ဧည့်ကြိုခန်းဆီ ခေါ်သွားလိုက်ပြီး သူယူလာသော ဆေးပင်များကို ရန်ကိုင်ဆီ ပေးလိုက်လေသည်။

ယခင်နည်းတူ နာရီဝက်မျှကြာပြီးနောက် ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သည်။

ထိုလူလည်း ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြန်ထွက်သွားခဲ့လေသည်။

ထိုလူဆီမှ မည်သည့် အခကြေးကို ရန်ကိုင် လက်မခံခဲ့ချေ။ လူချင်းကဲ့သို့ လုပ်ပေးရန်သာ ပြောခဲ့လေသည်။

သုံးရက်ကြာပြီးနောက် တော်ဝင်နယ်မြေသို့ တတိယမြောက် လူတစ်ယောက် ထပ်မံ ရောက်ရှိလာခဲ့သည်။

ထိုလူတောင်းဆိုသော ဆေးလုံးကို သန့်စင်ရာတွင် ဆေးသွေးကြောများကို ထပ်မံ ဖန်တီးနိုင်ခဲ့ပြန်လေသည်။ တတိယ လူကိုလည်း ယခင်နှစ်ယောက်နည်းတူသာ လုပ်ပေးရန် တောင်းဆိုခဲ့ရာ ထိုလူသလည်း စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ရင်း တော်ဝင်နယ်မြေမှ ပြန်ထွက်သွားလေသည်။ ဆေးသွေးကြော ပါသော ယခုကဲ့သို့ အဆင့်မြင့် အရည်အသွေး ပိုင်ဆိုင်သည့် ဆေးလုံး တစ်လုံးကို တစ်ခါမှ မကြားဖူးကြောင်းကိုလည်း ဆိုသွားခဲ့လေသေးသည်။

ဤသို့ဖြင့် နောက်ထပ်လူတစ်ယောက်သည် တော်ဝင်နယ်မြေကို ထပ်မံ ကြော်ညာပေးပြန်လေသည်။

———————————-

ရက်အနည်းငယ်ကြာပြီဂနောက် ရှေးဟောင်းနတ်ဆိုး ကလန်သားများရှိရာ တောင်ထွတ်ရှိ ခန်းမထဲတွင် ထိုင်ကာ လီရုန်နှင့် ကိစ္စအချို့ကြောင်း ဆွေးနွေးနေစဉ်…

အဝတ်စ တဖျတ်ဖျတ် လှုပ်ခတ်သံ ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ သူ့ဆီ အလောတကြီး ပြေးလာနေသော အကြီးအကဲ ရှုဟွေကို တွေ့လိုက်ရလေသည်။ မရောက်ခင်မှာပဲ အကြီးအကဲ ရှုဟွေက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည် “တော်ဝင်သခင်၊ ဆေးဖော်စပ်ခိုင်းမယ့် လူတွေ ထပ်ရောက်လာပြန်ပြီ”

“အဲ့ဒါလေးနဲ့ ဒီလောက်တောင် စိတ်လှုပ်ရှားစရာ လိုလို့လားဗျာ” ရန်ကိုင် ပြောစရာစကား မဲ့သွားဲ့ရသည်။

သူ့ဘေးတွင် ရှိနေသော လီရုန်လည်း တခစ်ခစ် ရယ်မောနေခဲ့သည်။

“ဒီတစ်ကြိမ် အများကြီး ရောက်လာလို့ပါ။ စုစုပေါင်း ငါးယောက်တောင်… ပြီးတော့ အဲ့ထဲမှာ သူတော်စင်နှစ်ယောက် ပါနေသေးတယ်။ နှစ်ယောက်စလုံးက သူတော်စင်အဆင့် ဆေးလုံးတွေ ဖော်စပ်ခိုင်းဖို့ ရောက်လာကြတာ” ရှုဟွေက အလျင်စလို တင်ပြလိုက်လေသည်။

“အို။ သူတော်စင်အဆင့် ဆေးလုံး ဖော်စပ်ခိုင်းမယ့်လူတွေ နောက်ဆုံးတော့ ရောက်လာပြီပေါ့” ရန်ကိုင် ပြုံးဖြီးလိုက်သည်။

သူအလကား ဖော်စပ်ပေးခဲ့သော ဆေးလုံး သုံးလုံးစလုံးသည် စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးများသာ ဖြစ်ကြပေသည်။ ဆေးလုံး သုံးလုံးအနက် နှစ်လုံးတွင် ဆေးသွေးကြာပါသွားခဲ့လေရာ ယခုလောလောဆယ် သူ့ဂုဏ်သတင်းသည် ထုန်းရွှမ်လောကတစ်ခွင် နေလပမာ ထွန်းတောက်နေခဲ့လေသည်။

“သူတို့တွေကို ဧည့်ကြိုခန်းဆီ ခေါ်လာခဲ့ပြီလား”

“ခေါ်လာခဲ့ပါပြီ”

“ကောင်းပြီလေ။ သွားတွေ့ကြတာပေါ့” လီရုန်ကို နှုတ်ဆက်စကား ဆိုပြီးနောက် ရန်ကိုင်သည် အကြီးအကဲ ရှုဟွေနှင့်အတူ ပျံသန်းထွက်သွားလေသည်။

ဧည့်ကြိုခန်းထဲတွင် ကျင့်ကြံသူငါးယောက် ထိုင်နေခဲ့ကြသည်။ ငါးယောက်စလုံး၏ ရှေ့တွင် လက်ဖက်ရည်တစ်ခွက်စီ ရှိနေခဲ့သည်။

အုပ်ထဲတွင် ယောကျာ်းရော၊ မိန်းမပါ ရှိနေခဲ့ကြသည်။ ခွန်အားသည်လည်း တူညီချင်းမရှိကြ။ နှစ်ယောက်သည် သူတော်စင် ပထမအဆင့်များ ဖြစ်ကြပြီး တစ်ယောက်သည် မသေမျိုး တတိယအဆင့် ဖြစ်ကာ နောက်ဆုံးနှစ်ယောက်သည် မသေမျိုး ပထမအဆင့်များ ဖြစ်ကြသည်။

စောင့်နေစဉ်အတွင်း ငါးယောက်စလုံးသည် တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်နေခဲ့ကြသည်။ အများစုသည် လူစိမ်းများ ဖြစ်ကြသည့်ပုံပင်။ သူတော်စင်ပထမအဆင့် နှစ်ယောက်သာသည် အချင်းချင်း ရင်းနှီးနေဟန်ရပြီး နှုတ်ဆက် စကားများ ပြောနေခဲ့ကြသည်။

သူတို့ထဲမှ တစ်ယောက်က “ရောင်းရင်းဝမ် တော်ဝင်နယ်မြေဆီ ဘာလို့ လာဖို့ ဆုံးဖြတ်လိုက်တာလဲ”

ရောင်းရင်းဝမ်ဆိုသူက အသာအယာ ပြုံးလျက် “ရောင်းရင်း ရှန်ကွမ်းလိုပဲပေါ့”

“ဒီတော့ ရောင်းရင်ဝမ်းက ကောလဟာလတွေ ကြားနေလို့ ကံလာစမ်းကြည့်တာပေါ့”

“ဟုတ်တာပေါ့။ ဒီကိုလာပြီး စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံး ဖော်စပ်ပေးဖို့ အကူအညီ တောင်းခဲ့တဲ့ လူသုံးယောက်ထဲမှာ နှစ်ယောက်က ဆေးသွေးကြောပါတဲ့ ဆေးလုံးကို ရသွားပြီး အခြားတစ်ယောက်ကတော့ အရည်အသွေး အရမ်းကို မြင့်တဲ့ ဆေးလုံး ရသွားတယ်တဲ့။ အဲ့တစ်ယောက်ရဲ့ ဆေးလုံးမှာ ဆေးသွေးကြောမပါပေမယ့် ဆေးလုံးရဲ့ အရည်အသွေးက သာမန် ဆေးပညာရှင်တစ်ယောက် သန့်စင်တဲ့ ဆေးလုံးထက် အပုံကြီး သာတယ်တဲ့။ အဲ့သတင်းတွေသာ မှန်မယ်ဆိုရင် ဒီဆေးပညာရှင်က ကျုပ်လိုအပ်နေတဲ့ ကွက်တိပဲ”

“သတင်းက လုံးဝကို အမှားမဟုတ်ဘူး” ဘေးမှ ထိုင်နားထောင်နေသော လူသုံးယောက်ထဲမှ သက်လတ်ပိုင်း မိန်းမကြီးက ရုတ်တရက် ဝင်ပြောလိုက်သည်။

သူတော်စင်နှစ်ယောက်စလုံး၏ အကြည့် ထိုမိန်းမဆီ ရောက်ရှိသွားခဲ့ပြီး “နင်ဘယ်လိုသိတာလဲ”

“ဆေးဖော်စပ်ပေးဖို့ လာတောင်းဆိုခဲ့တဲ့ တတိယမြောက် လူက ကျွန်မရဲ့ စီနီယာအစ်ကိုပဲဟာကို။ မသိဘဲနေမလား…” အမျိုးသမီးက ပြုံးလိုက်ပြီး “သူရလာတဲ့ ဆေးသွေးကြောပါတဲ့ ဆေးလုံးကို ကျွန်မတောင် တွေ့ခဲ့ရသေးတယ်”

ထိုစကားကို ကြာလိုက်သည်နှင့် အခန်းထဲတွင်ရှိနေသော လူလေးယောက်စလုံး မျက်နှာထက် စိတ်ဝင်စားရိပ်တို့ တလှိုက်လှိုက် တက်လာခဲ့ပြီး ပိုပြီး အသေးစိတ်ကျကျ မေးကြည့်လိုက်ကြလေသည်။

သက်လတ်ပိုင်း မိန်းမကြီးသည် ဘာကိုမှ ဖုံးကွယ်မထားဘဲ သူမ သိသမျှ အကြောင်းအရာ မှန်သမျှကို ပြောပြလိုက်လေသည်။

ထိုအမျိုးသမီး ပြောသည်ကို နားထောင်ပြီးနောက် သူတော်စင် နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရောင်းရင်းဝမ် ဆိုသူက “အဲ့လိုဆိုရင် ဒီမှာ ပုန်းအောင်းနေတဲ့ အဆင့်မြင့် ဆေးဝိဇ္ဇာကြီးတစ်ပါး ရှိနေတာလား”

“ဆေးသုံးလုံးမှာ နှစ်လုံးက ဆေးသွေးကြောပါတယ် ဆိုတော့ ဒါက ကံကောင်းသက်သက် မဖြစ်နိုင်လောက်ဘူး။ ဆေးပညာရှင် ကိုယ်တိုင်ကကို အဆင့်မြင့်တာ ဖြစ်ရမယ်။ ဒီမှာ ပုန်းအောင်းနေတဲ့ ဆေးဝိဇ္ဇာ ငါလိုချင်တဲ့ သူတော်စင်အဆင့်ကို ဆေးလုံးကို တကယ် သန့်စင်ပေးနိုင်မလား ငါတကယ် သိချင်နေပြီကွာ…”

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၈၉) မယုံရင်ထွက်သွားလိုက်

မကြာခင်မှာပဲ ရန်ကိုင်နှင့် ရှုဟွေတို့ ဧည့်ကြိုခန်းသို့ ရောက်လာခဲ့ကြသည်။

ငါးယောက်စလုံး အလျင်စလို ထလိုက်ကြသည်။ သူတော်စင် အဆင့် နှစ်ယောက်သည် ရန်ကိုင်တို့ ဝင်လာသည်နှင့် ရန်ကိုင်သာ စိုက်ကြည့်နေခဲ့ကြသည်။ တော်ဝင်သခင်သစ်သည် ထိုမျှ ငယ်ရွယ်သော လူငယ်လေး တစ်ယောက် ဖြစ်နေသည်ဟု မထင်ထားသည့်ပုံပင်။ သူတို့ မျက်လုံးများထဲ အထင်းသေးရိပ်တို့ တစ်ချက် ဖြတ်ပြေးသွားခဲ့သော်လည်း ရှုဟွေကို မြင်သည်နှင့် မျက်နှာထားကို ချက်ချင်း ပြောင်းလိုက်ရသည်။

ရှုဟွေ၏ ကျင့်ကြံခြင်းသည် သူတို့ထက် တစ်ဆင့် ပိုမြင့်ပေသည်။ အဆင့်သေး တစ်ဆင့်သာ ဖြစ်သော်ငြား အချို့လူတွေအတွက်မူ တစ်ဘဝလုံး ဖြတ်ကျော်မရနိုင်သော အတားအဆီးကြီး ဖြစ်လေသည်။

ငါးယောက်စလုံး အလျင်အမြန် နှုတ်ဆက်စကား ဆိုလိုက်ကြလေသည်။

ရန်ကိုင်လည်း ထိုသူများအား ပြန်ထိုင်ခိုင်းစေလိုက်ပြီးနောက် မေးလိုက်သည် “ဒီက ရောင်းရင်းတို့က ဆေးဖော်စပ်ခိုင်းဖို့ ရောက်လာကြတာလား”

ငါးယောက်စလုံး တစ်ပြိုင်တည်း ခေါင်းညိတ်လိုက်ကြသည်။

“ဟုတ်ပြီ။ ဒါဆိုရင် ခင်ဗျားတို့ ပြင်ဆင်လာတဲ့ ဆေးပင်တွေနဲ့ ဘာဆေးလုံးကို လိုချင်တယ်ဆိုတာ ပြောပြ။ သန့်စင်တာက နည်းနည်းတော့ ကြာလိမ့်မယ်”

ရန်ကိုင်၏ ပေါ့တန်တန် အမူအရာကို မြင်သော် လူငါးယောက်စလုံး၏ မျက်လုံးများ မှေးစင်းသွားခဲ့ကြသည်။ မည်သူမှ အရင်စမလှုပ်ရှားကြ။

ရန်ကိုင်က ထိုငါးယောက်ကို ကြည့်ကာ ပြုံး၍ “ဘာဖြစ်လို့လဲ။ ခင်ဗျားတို့က ဆေးဖော်စပ်ခိုင်းဖို့ ရောက်လာကြတာ မဟုတ်ဘူးလား။ ဆေးဖော်စပ်ဖို့ ရောက်လာတာကိုတောင် လိုအပ်တဲ့ ဆေးပင်တွ ပြင်မလာဘူးလို့တော့ ကျုပ်ကို လာမပြောနဲ့နော်”

“ပြင်လာတာပေါ့။ ဒါပေမယ့်… ကျုပ်မေးခွင့်ရှိမလားတော့ မသိပေမယ့် မေးလိုက်ဦးမယ်။ တော်ဝင်သခင်ရန်၊ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာ အနေနဲ့ သူတော်စင်အဆင့် ဆေးလုံးတွေကို သန့်စင်မယ်ဆိုရင် အောင်မြင်နိုင်ချေ ဘယ်လောက်လောက် ရှိလဲ” သူတော်စင်နှစ်ယောက်ထဲမှ တစ်ယောက်က မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“၁၀၀ ရာခိုင်နှုန်း အောင်မြင်နိုင်ချေ ရှိတယ်ဆိုရင် ခင်ဗျားတို့ ယုံမှဦလား”

လူငါးယောက်စလုံး၏ အမူအရာ မဆိုသလောက်ကလေး ရှုံ့မဲ့သွားခဲ့ကြသည်။ ရန်ကိုင် စကားကို မည်သူမှ မယုံကြ။ ဆေးသွေးကြောများကို မြင်တွေ့ခဲ့ရသော သက်လတ်ပိုင်း မိန်းမကြီးပင်လျှင် မယုံကြည်ပေ။

ဤလောကကြီးရှိ ဆေးပညာရှင်တိုင်း သူတို့ မည်မျှပင် တော်ပါစေ၊ တတ်နေပါစေ ဆေးလုံးတစ်လုံးကို အောင်အောင် မြင်မြင် သန့်စင်နိုင်မည်ဟု အတပ်မဆိုရဲကြချေ။

ဆေးဖော်စပ်လျှင် ရှုံးနိမ့်နိုင်ချေသည် အနည်းနှင့် အများ ဆိုသလို ပါလာစမြဲပင်။

ထျန်းဇန် လူအိုကြီးထံမှ ထိုစကားမျိုး ထွက်လာလျှင်တော့ တစ်မျိုး ပြောင်းသွားနိုင်ပေသည်။ သူမှမလွဲ၍ အခြား ဆေးပညာရှင် တစ်ယောက်က ပြောလာလျှင်မူ မည်သူမှ ယုံလိမ့်မည် မဟုတ်ချေ။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်က… ငယ်လွန်းလို့ သွေးနားထင် ရောက်နေတာလားများလေလား။ ထိုကဲ့သို့ စဉ်းစား မိသည်နှင့် ရောက်လာသော လူငါးယောက်စလုံး သူတို့ ပြင်ဆင်လာသော ဆေးအမယ်များကို ရန်ကိုင်ဆီ ပေးသင့်၊ မပေးသင့် ပြန်စဉ်းစားလာခဲ့ကြလေပြီ။

“ဘယ်လိုလဲ” ထိုငါးယောက်၏ မျက်နှာပေါ်ရှိ မယုံကြည်၊ တုန့်ဆိုင်းတွေဝေနေသည့် အမူအရာများကို မြင်သော် ရှဟွေ မကျေမနပ် ဖြစ်သွားခဲ့ပြီး “ငါတို့ တော်ဝင်နယ်မြေက မင်းတို့ တောင်းဆိုတဲ့ သူတော်စင်အဆင့် ဆေးလုံးကို မသန့်စင် နိုင်ဘူးလို့ ထင်နေကြတာလား”

“အဲ့လိုတော့ မဟုတ်ပါဘူး” ထိုလူ မျက်နှာအမူအရာ ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပဲ ပြန်ရှင်းပြလိုက်သည် “သူတော်စင်အဆင့် ဆေးအမယ်တွေ စုဆောင်းရတာ ရှည်ကြာပြီး ခက်ခဲတာကြောင့်ပါဗျာ။ ဆေးဖော်စပ်တာသာ မအောင်မြင်ရင် ဒီဆေးပင်တွေကို ထပ်စုဆောင်းဖို့ဆိုတာ လွယ်တော့မှာ မဟုတ်ဘူးလေ။ ဒါကြောင့် သေသေချာချာ သတိထားနေရတာပါ။ ရိုင်းပြသလို ဖြစ်သွားရင် တောင်းပန်ပါတယ်၊ တော်ဝင်သခင်ရန်၊ အကြီးအကဲချုပ်”

ရန်ကိုင်က ယဲ့ယဲ့လေး ခေါင်းညိတ်လိုက်ပြီး “သတိထားတာက နားလည်နိုင်ပါတယ်။ ဒါပေမယ့် ဆေးပညာရှင်တစ်ယောက်ကို သူတော်စင်အဆင့် ဆေးလုံး သန့်စင်ခိုင်းရင် ရှုံးနိမ့်နိုင်ချေဆိုတာ အမြဲရှိတာပဲလေ။ ဒီမှာလည်း အတူတူပဲ။ ဒါပေမယ့် ခင်ဗား စိတ်ချထားလိုက်။ ကျုပ်တို့ တော်ဝင်နယ်မြေက ဆေးပညာရှင်ကိုသာ ဖော်စပ်ခိုင်းရင် ရှုံးနိမ့်နိုင်ချေ အနည်းဆုံးပဲ ဖြစ်မှာ။ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တွေတောင် ရရင် ရသွားနိုင်သေးတယ်”

“ဆေးသွေးကြောတွေလား” လူငါးယောက်စလုံး၏ မျက်ဝန်းများ တဖျတ်ဖျတ် လင်းလက်တောက်ပသွားခဲ့ကြသည်။

သက်လတ်ပိုင်း မိန်းမကြီးက ပြတ်ပြတ်သားသားဖြင့် မတ်တပ်ရပ်လိုက်ပြီး “တစ်ယောက်မှ မစချင်မှတော့ ကျွန်မပဲ အရင်စလိုက်တော့မယ်။ ကျွန်မက သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်ခိုင်းဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ကျွန်မ လိုချင်တဲ့ ဆေးလုံးက စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးတစ်လုံးပါပဲ။ ကျရှုံးသွားရင်တောင် လိုအပ်တဲ့ ဆေးအမယ်တွေက ပြန်ရှာရ မခက်ဘူးလေ။ ပြီးတော့ တော်ဝင်နယ်မြေက လျော်ကြေး ပြန်ပေးဦးမယ်လို့ ပြောထားပြီးသားလေ။ မဟုတ်ဘူးလား”

ပြောပြီးသည်နှင့် သူမ သယ်လာသော စိတ်ဝိဥာဉ်အဆင့် ဆေးပင်များကို ထုတ်လိုက်သည်။

ကျန်လေးယောက်သည် တုန့်ဆိုင်းနေသေးသည့်ပုံပင်။ သက်လတ်ပိုင်း မိန်းမကြီး၏ အခြေအနေကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချက် ချမည့်အလား…

သူတို့ ဘာစဉ်းစားနေလဲ ဆိုသည်ကို နားလည်ထားရာ ရန်ကိုင်လည်း ထိုလူများကို စိတ်ထဲမထားတော့။ ခေါင်းသာ ညိတ်၍ ရှုဟွေနှင့်အတူ ထွက်သွားလေသည်။

ငါးယောက်စလုံး ဧည့်ကြိုခန်းထဲ ဆက်လက် စောင့်ဆိုင်း နေခဲ့ကြသည်။

နာရီဝက်ကြာပြီးနောက် ဂုဏ်ယူနေသည့် အမူအရာဖြင့် ရှုဟွေ ပြန်ထွက်လာခဲ့သည်။

ရှုဟွေ၏ အမူအရာကိုမြင်သော် လူငါးယောက်စလုံး ထိုင်ရာမှ အလျင်အမြန် ထလိုက်ပြီး သူ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်လိုက်ကြသည်။

ရှုဟွေက ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ပစ်ပေးလိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောကာ “ငါတို့ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာ ဘယ်လို အရည်အချင်းမျိုး ပိုင်ဆိုင်ထားလဲ ဆိုတာကို ကိုယ့်ဘာသာ ကြည့်ကြည့်လိုက်”

ချက်ချင်းဆိုသလို လူငါးယောက်ဆီမှ အလန့်တကြား အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့လေသည်။

“ဆေးသွေးကြောတွေလား”

ဆေးသွေးကြောများ ထပ်မံ ထွက်ပေါ်လာပြန်ပေပြီ။

ထိုစိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးများ၌ ဆေးသွေးကြောများ ရှိနေပေသည်။

သက်လတ်ပိုင်း မိန်းမကြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ အပြုံးသည် နားရွက်တက်ချိန်တော့မည့်အလား။ ဆေးပုလင်းကိုလည်း လွတ်သွားမှာ စိုးသည့်အလား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလေသည်။

သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်လည်း ထိတ်လန့် နေသည့် အမူအရာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

ကောလဟာလအများအရ တော်ဝင်နယ်မြေတွင် ရှိနေသော ဆေးဝိဇ္ဇာသည် လူသိရှင်ကြား ဆေးလုံးလေးလုံးကိုသာ သန့်စင်ဖူးသေးလေသည်။

ထိုဆေးလုံး လေးလုံးစလုံးသည် စိတ်ဝိဥာဉ် အထွဋ်အထိပ် အဆင့် ဆေးလုံးများ ဖြစ်ကြသည်။

အရေးအကြီးဆုံးသည်ကား လေးလုံးအနက် သုံးလုံးတွင် ဆေးသွေးကြောများ ပါရှိနေခြင်းပင်။ ထိုအခြင်းအရာကို ထောက်ရှုကြည့်လိုက်ပါက ဆေးသွေးကြောပါသော ဆေးလုံးများကို သန့်စင်နိုင်ခဲ့ခြင်းမှာ ကံကောင်းမှု သက်သက်ကြောင့် မဟုတ်မှန်း မြင်တွေ့နိုင်နေလေပြီ။

လေးလုံးတွင် သုံးလုံး၌ ဆေးသွေးကြော ပါရှိခြင်းကြောင့် ဆေးသွေးကြော ပါရှိသော ဆေးလုံးကို သန့်စင်နိုင်ချေမှာ ရှစ်ဆယ်ရာခိုင်နှုန်းနီးပါး ရှိနခဲ့လေပြီ။

ပုံမှန်ဆိုလျှင် ကျော်ကြားသော သူတော်စင်အဆင့် ဆေးပညာရှင်ကြီးများပင် ဆေးသွေးကြောပါသော ဆေးလုံးများကို ဆယ်စုနှစ် တစ်ခါလောက်ကြာမှသာ သန့်စင်နိုင်ကြသည်။

သို့သော် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ဆေးဝိဇ္ဇာသည် စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးလေးလုံးကို လူသိရှင်ကြား သန့်စင်ခဲ့ပြီး သုံးလုံးတွင် ဆေးသွေးကြောများ ရှိနေခဲ့သည်။

“ဟန့်၊ တော်ဝင်သခင်က ပြောလိုက်တယ်။ ဆေးဝိဇ္ဇာက စိတ်ကောင်းဝင်နေတာမို့ ဆေးလုံး သန့်စင်ခိုင်းချင်တယ်ဆိုရင် မြန်မြန် လုပ်ကြတဲ့။ ဆေးဝိဇ္ဇာ စိတ်မကြည်တော့မှာ လာသန့်စင်ခိုင်းရင် ဘာကိုမှ သန့်စင်ပေးမှာ သန့်စင်ပေးတော့မှာ မဟုတ်ဘူးတဲ့” ရှုဟွေက ဘဝင်ခိုက်နေသည့် အမူအရာဖြင့် ထိုလူများကို ကြည့်၍ ပြောလိုက်လေသည်။

“အကြီးအကဲချုပ်၊ ကျုပ်တို့အတွက်လည်း သန့်စင်ပေးဖို့ တောင်းဆိုပါတယ်” လူလေးယောက်စလုံး တုန့်ဆိုင်းမနေတော့။ ဆေးဝိဇ္ဇာကြီး စိတ်ပြောင်းသွားကာ သူတို့အား ဆေးမဖော်စပ် ပေးမည်ကို ကြောက်ရွံ့နေသည့်အလား လေးယောက်စလုံး သူတို့ ယူလာသော ဆေးပင်များကို အလျင်စလို ထုတ်ယူလိုက်ကြသည်။

ထိုဆေးဝိဇ္ဇာကြီးသာ ဆေးသွေးကြောပါသော စိတ်ဝိဥာဉ်အဆင့် ဆေးလုံးများကို အလွယ်တကူ သန့်စင်နိုင်ပါက သူတော်စင်အဆင့် ဆေးလုံးများကိုလည်း ကျိန်းသေ သန့်စင်နိုင်ပေလိမ့်မည်။

ရှုဟွေသည် ဘာမှ ထပ်ပြောမနေတော့ဘဲ ဆေးပင်များကို လက်ခံယူလိုက်ပြီး သက်လတ်ပိုင်း မိန်မကြီး ပြင်ဆင်လာသော အခကြေးကိုယူ၍ အခန်းထဲမှ တည်တည်ငြိမ်ငြိမ်ဖြင့် ထပ်မံ ထွက်သွားလေသည်။

တော်ဝင်သခင်သည် အခကြေးငွေမယူဘဲ အလကား ကူညီပေးနေသည့် ပရဟိတ အင်အားစုတစ်ခုမဟုတ်။ လူသိအောင် ကြော်ငြာပြီးသွားပြီ ဖြစ်လေရာ အခ‌ကြေး ကောက်ယူရန် အချိန် ရောက်လာခဲ့လေပြီ။

တစ်နာရီကြာပြီးနောက် ဆေးပုလင်းနှစ်ပုလင်းနှင့်အတူ ရှုဟွေ ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူသယ်လာသော ဆေးပုလင်း နှစ်ပုလင်းကို မသေမျိုးအဆင့် နှစ်ယောက်ဆီ ပေးလိုက်လေသည်။

ဆေးလုံး နှစ်လုံးစလုံးတွင် ဆေးသွေးကြော မပါရှိသော်ငြား ဆေးလုံး၏ အရည်အသွေးသည် ထိပ်တန်းအဆင့်တွင် ရှိနေခဲ့သည်။ ထို့ကြောင့် အနည်းငယ် စိတ်ပျက်မိသွားသည်မှလွဲ၍ မသေမျိုး အဆင့်နှစ်ယောက်စလုံး တော်တော်လေး ကျေနပ်မိသွားကြသည်။ ပြင်ဆင်လာသော အခကြေးကို ပေးပြီးသွားသည်နှင့် ထွက်သွား ကြလေသည်။

ယခု သူတော်စင်အဆင့် နှစ်ယောက်သာ ကျန်တော့သည်။ နှစ်ယောက်စလုံးသည် ရင်တမမနှင့် စောင့်ဆိုင်းနေခဲ့ကြသည်။ မီးဖိုပေါ် ဖင်ခုထိုင်နေရသည့်အလား ဖင်ဂနာမငြိမ် ဖြစ်ကာ ကောင်းကောင်း မထိုင်နိုင်ကြဘဲ အခန်းထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြလေသည်။ သူတို့ တောင်းဆိုထားသော သူတော်စင်အဆင့် ဆေးလုံးများနှင့်အတူ ရှုဟွေ မြန်မြန် ပြန်လာပါစေဟုလည်း ဆုတောင်းနေခဲ့ကြသည်။

သို့သော် သူတော်စင်အဆင့် ဆေးလုံးကို သန်စင်ရသည်မှာ စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးကို သန့်စင်ရသည်ထက် ပိုခက်ခဲမှန်းကိုတော့ သိထားကြသည်။ ထိုဆေးလုံးနှစ်လုံးကြားမှ ကွာခြားချက်သည် အရမ်းကိုမှ ကြီးမားလှလေရာ စိုးရိမ်နေ၍လည်း အပိုပေ။

စိုးရိမ်နေ၍ အပိုဖြစ်မှန်း သိသည့်တိုင် မစိုးရိမ်ဘဲလည်း မနေနိုင်ချေ။

ခဏအကြာတွင် အကြီးအကဲချုပ် ရှုဟွေကို ရန်ကိုင် ဆင့်ခေါ်လိုက်သည်။

ရန်ကိုင် နန်းတော်ထဲ ဝင်သွားလိုက်သည်နှင့် ဆေးရနံ့ သင်းသင်းလေးကို ရလိုက်သဖြင့် ကျီးကန်းတောင်းမှောက် ဝေ့ပတ် ကြည့်လိုက်မိသည်။

တော်ဝင်နယ်မြေကို ကူညီပေးနေသော ဆေးဝိဇ္ဇာ ဘယ်သူမှန်း သူလည်း သိချင်ပေသည်။

ကံမကောင်းစွာဖြင့် သူမည်မျှ ရှာနေစေကာမူ တတိယမြောက် လူကို ရှာမတွေ့ခဲ့ချေ။

“ဆေးလုံးကို သန့်စင်ပြီးသွားပြီ။ ယူသွားလိုက်တော့။ ဒါပေမယ့် သူတို့ကို ချက်ချင်း မပေးနဲ့ဦး။ အနည်းဆုံး မနက်ဖြန် ရောက်တဲ့အထိ စောင့်လိုက်”

ထိုစကားကို ကြားလိုက်သည့်အခါ ရှုဟွေလည်း တစ်ခဏတာ တွေဝေသွားခဲ့သည်။ ထို့နောက် အသာအယာ ခေါင်းညိတ်၍ ဆေးပုလင်းကို ယူကာ မေးလိုက်သည် “သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်ရတာ မလွယ်မှန်း သူတို့ကို သိသွားစေချင်လို့လား”

ရန်ကိုင်က ရှုဟွေကို သေသေချာချာ စိုက်ကြည့်၍ အဓိပ္ပါယ်ပါပါ ပြုံးလိုက်ကာ “တော်ဝင်နယ်မြေရဲ့ ဆေးဝိဇ္ဇာကို အထင်သေးရင် ဒီလို အကျိုးဆက်မျိုးကို ရင်ဆိုင်ရမယ်မှန်း သူတို့ကို သိစေချင်ရုံပဲ”

ရှုဟွေ မဲ့ပြုံးပြုံးမိလိုက်သည်။ သို့သော် ဘာမှ ထပ်မပြော။ အခန်းတစ်ခန်းလုံးကိုသာ ကျီးကန်းတောင်းမှောက် ဝေ့ကြည့်နေခဲ့သည်။

ရှုဟွေ ချက်ချင်း မထွက်သွားသေးဘဲ သိလိုတကြီးဖြင့် လှည့်ပတ်ကြည့်နေသည်ကို မြင်သော် ရန်ကိုင် ပြုံးလိုက်ပြီး “ဆေးဝိဇ္ဇာကြီးကို ရှာနေတာလား”

ရှုဟွေ သွားပေါ်အောင် ပြုံးဖြီးလိုက်ပြီး “အဲ့လို ဆေးဝိဇ္ဇာမျိုး တော်ဝင်နယ်မြေဆီ ဘယ်ကတည်းက ရောက်လာလည်း ဆိုတာကို ကျုပ်မေးလို့ရမလား တော်တင်သခင်။ ဒီလို ခက်ခဲချိန်မျိုးမှာတောင် ကျုပ်တို့ တော်ဝင်နယ်မြေကို ဘာလို့ အားတက်သရော ကူညီပေးနေတာလဲ။ ဘာပဲဖြစ်ဖြစ်၊ တော်ဝင်နယ်မြေရဲ့ အကြီးအကဲချုပ် တစ်ယောက်အနေနဲ့ ကျုပ်သူ့ကို ကျေးဇူးတင်စကား ပြောသင့်တယ်မလား”

“သူဘယ်သူလဲ သိချင်တာလား” ရန်ကိုင်က ရှုဟွေအား အပြုံးလေးဖြင့် ပြန်မေးလိုက်သည်။

ရှုဟွေ အခိုင်အမာ ခေါင်းညိတ်လိုက်သည်။

“ဒီဆေးလုံးတွေကို ဖော်စပ်တဲ့လူက ကျုပ်လို့ ပြောရင် ခင်ဗျား ယုံမှာလား”

“မနောက်ပါနဲ့ တော်ဝင်သခင်ရယ်…” ရှုဟွေက မယုံကြည်သည့် အမူအရာဖြ်င့ “တော်ဝင်သခင်က ဒီလောက် ငယ်ငယ်လေးနဲ့တင် မသေမျိုး တတိယအဆင့်တစ်ယောက် ဖြစ်နေပြီ။ အကန်အသတ်မဲ့တဲ့ အနာဂတ် လူအများကြားက နဂါးတစ်ကောင်ပဲ။ ဒါပေမယ့် ဆေးပညာမှာလည်း ဒီလိုမျိုး ကျွမ်းကျင်သေးတယ်လို့ ပြောလာရင်တော့… ဟဲဟဲ၊ ဒီလူအိုကြီး လုံးဝ ယုံမှာ မဟုတ်ဘူး။ သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်နိုင်တဲ့ ဆေးဝိဇ္ဇာတိုင်းက ဆေးပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့ကြတဲ့ လူတွေချည်းပဲ။ တော်ဝင်သခင်က အရမ်းကို ငယ်လွန်းတယ်။ အမေ့ဝမ်းဗိုက်မှာကတည်းက ဆေးပညာကို လေ့လာခဲ့ရင်တောင် ဒီလောက်အဆင့်ထိ ရှိဦးမှာ မဟုတ်သေးဘူး”

“ကျုပ်ကို မယုံရင် ထွက်သွားတော့” ရန်ကိုင်က အထင်အမြင် သေးသေးဖြင့် ပြန်ပြောလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

“အန်… အော်၊ အင်းအင်း” ရှုဟွေ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ ထိုပုန်းကွယ်နေသော ဆေးဝိဇ္ဇာကြီးမှာ ဘယ်သူဘယ်ဝါ ဖြစ်သည်ဆိုသည်ကိုလည်း ပို၍ သိချင်လာမိသည်။ သို့သော် ထပ်မံ ကံစမ်းရန် မကြိုးစားတော့ဘဲ ထွက်သာ ထွက်သွားလိုက်လေသည်။

နောက်တစ်နေ့ မနက်သို့ရောက်သော ဧည့်ကြိုခန်းဆီ ရှုဟွေ သွားလိုက်သည်။

သူတော်စင်အဆင့် ပညာရှင် နှစ်ယောက်စလုံး၏ မျက်လုံးများသည် တစ်ညလုံး သောကနေရသည့်အလား နီရဲနေခဲ့သည်။ ရှုဟွေ ရောက်လာသည်ကို မြင်သည်နှင့် သူ့ဆီ အလောတကြီး ပြေးသွားလိုက်ပြီး “အကြီးအကဲချုပ်… အခြေအနေ ဘယ်လိုလဲ”

မေးလိုက်ပြီးသည်နှင့် ရှုဟွေဆီမှ သတင်းဆိုးအား ကြားလိုက်ရမည်ကို ကြောက်ရွံ့နေသည့်အလား သူတို့၏ မျက်နှာထက် တုန်လှုပ်မှု၊ စိုးရိမ်မှုတို့ဖြင့် ပြည့်နေခဲ့လေသည်။

သူတို့အဆင့်ရှိ လူတစ်ယောက်သည် အတော်လေး ကြွယ်ဝနေပြီ ဖြစ်လေရာ သလင်းကျောက် နည်းနည်းပါးပါးလေးကို ဂရုစိုက်နေမည် မဟုတ်ပေ။

သို့သော် အရှေ့တွင် ပြောခဲ့သလို သူတော်စင်အဆင့် ဆေးအမယ်များကို စုဆောင်းရသည်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်ချေ။ အချို့ဆိုလျှင် ငွေမည်မျှရှိရှိ မဝယ်နိုင်သော ဆေးပင်များ ဖြစ်ကြပြီး တောင်အဆက်ဆက်၊ မြစ်အသွယ်သွယ်ကို ဖြတ်ကာ ကြိုးစားပန်းစားဖြင့် တောအုပ်မျက်မည်းကြီးထဲ ရှာဖွေပြီးမှ ရလာခဲ့ခြင်း ဖြစ်သည်။

သူတော်စင်အဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ရန် လိုအပ်သော ဆေးအမယ်းများကို စုဆောင်းဖို့ရာ ကံကောင်းရန်လည်း လိုပေသေးသည်။

ဖော်စပ်ခြင်းသာ ကျရှုံးသွားခဲ့ပါက တော်ဝင်နယ်မြေသည် သူတို့အား အလျော်ပြန်ပေးပေလိမ့်မည်။ သို့သော် သူတို့ ယူလာသော ဆေးပင်များကို ပြန်ပေးမည်မဟုတ်။ သလင်းကျောက်များကိုသာ ပေးပေလိမ့်မည်။

ထပ်မံ ဖော်စပ်ချင်ပါက နောက်ထပ် ဆေးပင်များကို ထပ်မံ စုဆောင်းရပေလိမ့်မည်။

ထိုနှစ်ယောက်၏ ပူပန်ကြောင့်ကြနေသော မျက်နှာ အမူအရာကို ကြည့်ရင်း ရှုဟွေ အကျေနပ်ကြီး ကျေနပ်မိနေသည်။ ထို့နောက် ဘဝင်ခိုက်နေသည့် မျက်နှာထားဖြင့် “ငါတို့ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီးကိုယ်တိုင် ဖော်စပ်တာကို မအောင်မြင်ဘဲ နေမလားကွ။ မင်းတို့ ဘာတွေကို စိုးရိမ်နေမှန်း ငါတကယ်ကို နားမလည်နိုင်တော့ဘူး…”

“ပြောချင်တာက…”

“ရော့ ယူလိုက်” ရှုဟွေက ကျောက်စိမ်းပုလင်း နှစ်ပုလင်းကို လှမ်းပစ်ပေးလိုက်ပြီး “အခြားသူတော်စင်အဆင့် ဆေးလုံးတွေ သန့်စင်စရာရှိသေးရင်လည်း ငါတို့ တော်ဝင်နယ်မြေဆီသာ တိုက်ရိုက် လာခဲ့လိုက်။ မင်းတို့ ကျေနပ်စေရမယ်လို့ ငါအာမခံတယ်”

သူတော်စင်အဆင့် ပညာရှင်နှစ်ယောက်စလုံး ဆေးပုလင်း အဖုံးကို အလျင်စလို ဖွင့်၍ ဆေးလုံးကို လက်ဝါးပေါ် သွန်ချကြည့်လိုက်သည်။ ဆေးလုံးကို မြင်လိုက်သည်နှင့် ထိတ်လန့် အံ့ဩသွားခဲ့ပြီး ကြိုးစားပန်းစား ချီးကျူးတော့လေသည် “အကြီးအကဲချုပ်တို့ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီးက တကယ် တော်တာပဲဗျ။ နောက်တစ်ခါ ဆေးဖော်စပ်ချင်ရင်လည်း တော်ဝင်နယ်မြေဆီပဲ လာခဲ့လိုက်ပါ့မယ်။ ဟုတ်တယ်။ ကျုပ်မှာ ဆေးဖော်စပ်ဖို့ ဆေးပညာရှင်တွေ လိုက်ရှာနေတဲ့ မိတ်ဆွေအချို့ ရှိတယ်ဗျ။ တော်ဝင်နယ်မြေက သူတို့ကို ကူညီပေးနိုင်မလား မသိဘူး”

အခြား သူတော်စင်အဆင့် ပညာရှင်ကလည်း တော်ဝင်နယ်မြေမှ ဆေးပညာရှင်အကြောင်းကို သူ့မိတ်ဆွေ၊ မိသားစုများဆီ ပြောပြလိုက်ပေးမည်ဟု အထပ်ထပ်အခါခါ ပြောနေခဲ့သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၀)

သူတော်စင်အဆင့် ဆေးပညာရှင်များသည် အရမ်းကိုမှ ရှားပါလှသည်။ သူတော်စင်အဆင့် ဆေးပညာရှင်တိုင်းနီးပါးသည် မြို့တစ်မြို့၏ ဆေးပညာရှင်အစည်းအရုံး တာဝန်ခံများ ဖြစ်ကြသည်။ သူတို့အား ဆေးဖော်စပ်ခိုင်းချင်ကြသည့် လူများမှာလည်း တစ်ပုံတစ်ခေါင်းပင်။ ထို့ကြောင့် နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးမှ ထိုကဲ့သို့သော ဆေးဝိဇ္ဇာကြီးတစ်ပါးနှင့် တွေ့ခွင့်ရသည်မှာ အထူးအဆန်းမဟုတ်။

သို့သော်လည်း ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ လက်ရှိ အခြေအနေသည် လုံးဝကို ကွဲပြားနေခဲ့သည်။ အကြောင်းမှာ တော်ဝင်နယ်မြေရှိ ထိုဆန်းကြယ်သော ဆေးဝိဇ္ဇာသည် လူသိများ၊ ကျော်ကြားခြင်း မရှိသလို သူ့အား ဆေးဖော်စပ်ပေးရန် လာရောက် တောင်းဆိုသူများမှာလည်း အရမ်းကိုမှ နည်းပါးလှသည်။ ထို့ကြောင့် တော်ဝင်နယ်မြေသို့ သွား၍ ဆေးဖော်စပ်ခိုင်းမည် ဆိုပါက စောင့်ဆိုင်းနေစရာ မလိုချေ။

ထိုသူတော်စင်အဆင့် နှစ်ယောက်သည် တော်ဝင်နယ်မြေရှိ ဆေးဝိဇ္ဇာအကြောင်းကို သူတို့၏ မိတ်ဆွေများဆီ ပြန်ဖောက်သည် ချပေးမည်ဟု ပြောလာသည့်အခါ ရှုဟွေ အပြုံးကြီးပြုံသွားခဲ့သည်။ ထိုနှစ်ယောက်ကို ကြည့်ရသည်မှာလည်း ပို၍ မျက်စိအမြင် ကြည်လာသလိုလို။ ထို့ခေါင်းလေး တညိတ်ညိတ်ဖြင့် “လာခဲ့လေ။ ရတယ်။ အခကြေး လုံလုံလောက်လောက်သာ ယူလာခဲ့။ ငါတို့ရဲ့ ဆေးဝိဇ္ဇာက သူတို့တောင်းဆိုတာကို ဖြည့်ဆည်းပေးလိမ့်မယ်”

“ဒီအကြောင်းကို ကျုပ်တို့ ကျိန်းသေ ပြန်ပြောမှာပါ” လူနှ်ယောက်စလုံး ခေါင်းညိတ်လိုက်ပြီး အသစ်ရရှိလာသော သူတော်စင်အဆင့် ဆေးလုံးကို သေသေချာချာ ထုပ်ပိုး သိမ်းဆည်းလိုက်ပြီးနောက် သူတို့ ချစ်ခင်သူများဆီ ပြန်လည် ဖောက်သည်ချရန် အလျင်အမြန် ပြန်သွားလေတော့သည်။

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့လေရာ ယခုဆိုလျှင် တစ်လပင် ကျော်သွားခဲ့ချေပြီ။

တောင်ထွတ်ကိုးလုံး အပြင်ဘက်မှာမူကာ လူများစွာတို့ဖြင့် ကြက်ပျံမကျ စည်ကားသိုက်မြိုက်နေခဲ့သည်။

မသေမျိုးအဆင့်၊ သူတော်စင်အဆင့် တန်းစီစောင့်ဆိုင်းရင်း တောင်ထွတ်ကိုးလုံးအား စိုးရိမ်ကြောင့်ကြနေသော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။

တော်ဝင်နယ်မြေရှိ ဆန်းကြယ်သော ဆေးဝိဇ္ဇာကြီးအကြောင်း သတင်း ကြားခဲ့ရသဖြင့် ဤနေရာသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်ပေသည်။

ယခင်လအတွင်း တောင်ထွတ်ကိုးလုံးဆီ လူများ ပိုပို၍ ရောက်ရှိလာခဲ့ကြသည်။ အစပိုင်းတွင် လူတစ်ယောက်စ၊ နှစ်ယောက်စသာ ရောက်လာခဲ့ကြသော်လည်း ရောက်လာသော လူအားလုံးသည် အဆင့်မြင့် စိတ်ဝိဥာဉ်အဆင့်ဆေးလုံးများ၊ သူတော်စင်အဆင့် ဆေးလုံးများဖြင့် ပြန်ထွက်သွားကြသော အခါဝယ်… လူများ ပိုပို၍ ရောက်လာခဲ့ကြရလေသည်။

တစစဖြင့် ကျင့်ကြံသူများသည် နေ့စဉ်မပြတ် တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိလာခဲ့လေသည်။ ရံဖန်ရံခါ အုပ်စုလေးများ ဖွဲ့၍ပင် ရောက်ရှိလာကြသည်။

ကြာလာသည်နှင့်အမျှ လူရောက်လာသည်နှုန်းသည် လျော့မသွား၊ ပို၍ပင် တိုးလာခဲ့ရာ နောက်ဆုံးတွင် ယနေ့ကဲ့သို့ ဖြစ်လာခဲ့ရလေသည်။

ယခု တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် တန်းစီ စောင့်ဆိုင်းနေကြသော သူတော်စင်အဆင့် ပညာရှင်များ၊ မသေမျိုးအဆင့် ပညာရှင်များ ရှိနေကြသဖြင့် အကြီးအကဲ လော့ရှုန်းနှင့် မန်ထျန်ဖေးတို့သည် တော်ဝင်နယ်မြေမှ တပည့်တစ်သိုက်ကို ဦးဆောင်၍ ပြဿနာ မဖြစ်လေအောင် ကိုယ်တိုင်သွားရောက် ကွပ်ကွဲနေခဲ့ရသည်။

တော်ဝင်နယ်မြေမှ တပည့်များသည် ဧည့်သည်များအပေါ် အတတ်နိုင်ဆုံး ပျူငှာယဉ်ကျေးစွာ ဆက်ဆံခဲ့ကြသည်။ အဝေးမှ ရောက်လာသော ဧည့်သည်များအတွက် နေစရာထိုင်စရာများ စီစဉ်ပေးကြသလို အချိုပွဲများလည်း ပြင်ဆင်ပေးကြလေသည်။

သို့သော်လည်း တစ်ယောက်ယောက်သာ မိုက်ရူးရဲဆန်ကာ တော်ဝင်နယ်မြေမှ သတ်မှတ်ထားသော စည်းမျဉ်းများကို ချိုးဖျက်မည် ဆိုပါက အဆင့်အတန်း မည်မျှပင် မြင့်သူဖြစ်ပါစေ တော်ဝင်နယ်မြေမှ ချွင်းချက်မရှိ မောင်းထုတ်ခံရပေလိမ့်မည်။

ထိုစည်းမျဉ်းကို ရန်ကိုင်ကိုယ်တိုင် ချမှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။

“ဘာလို့ ငါတို့အလှည့် မရောက်သေးတာလဲကွာ” လူတန်းရှည်ကြီး၏ ထိပ်ပိုင်းရှိ ကျင့်ကြံသူများထဲမှ တစ်ယောက်က မကျေမနပ်ဖြင့် ရေရွတ်ညည်းတွားလိုက်လေသည်။

“စိတ်လျော့ထား၊ ပြီးရင် ငါတို့အလှည့် ရောက်တော့မှာ” သူ့အဖော်က ပြန်၍ နှစ်သိမ့်ပေးလိုက်သည်။

“ဟုတ်တယ်။ ဘာတွေ လောနေတာလဲ။ ဒီမှာမို့လို့ ရက်နည်းနည်းလေးပဲ စောင့်ရတာ။ အခြားနေရာ သွားကြည့်ပါလား။ နှစ်နဲ့ချီပြီး စောင့်နေရမှာ” အခြား တစ်ယောက်မှ ဝင်ပြောလိုက်ပြန်သည်။

“မင်းပြောတာလည်း ဟုတ်တာပဲနော်” ပထမဆုံး စပြောလိုက်သူ ခေါင်းတညိတ်ညိတ် ဖြစ်သွားခဲ့သည်။ အနားရှိ လူများနှင့် စကားပြောလိုက်ပြီးနောက် အတော်လေး စိတ်ပြန်ကြည်လင်လာကာ “တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာက ဆေးဖော်စပ်တာ တစ်ခါမှ မကျရှုံးသေးဘူးဆို။ သူတော်စင်အဆင့် ဆေးလုံးပဲဖြစ်ဖြစ်၊ စိတ်ဝိဥာဉ်အဆင့် ဆေးလုံးပဲဖြစ်ဖြစ် အကုန်လုံးကို အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တာချည်းပဲတဲ့။ ဆေးဖော်စပ်ဖို့ လာတောင်းဆိုလို့ စိတ်ညစ်ပြီး ပြန်သွားရတဲ့ လူလည်း တစ်ယောက်မှ မရှိဘူးတဲ့”

“အဲ့ဒါတင် ဘယ်ဟုတ်ဦးမလဲကွ။ မင်းကလည်း… ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေရပြီး ပြန်သွားတဲ့ လူတွေတောင် အများကြီးပဲဟ”

“တကယ်ကြီးလား။ အဲ့ဆေးဝိဇ္ဇာက ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေကို တကယ်ကြီး သန့်စင်ခဲ့တာလား”

“ဟုတ်လောက်တယ်။ အဲ့ဆေးဝိဇ္ဇာ သန့်စင်ခဲ့တဲ့ ဆေးလုံးတွေထဲမှာ ဆေးသွေးကြောပါတဲ့ ဆေးလုံးတွေ အများကြီးပဲလို့ ငါလည်း သတင်းတွေ ကြားတယ်”

“အဲ့လိုဆိုရင် အခကြေးကကော… ဆေးသွေးကြောပါတဲ့ ဆေးလုံးကို အခကြေး ပိုတိုးတောင်းလား”

“မတောင်းဘူး… ပုံမှန်ကြေးပဲ။ ဆေးသွေးကြောပါပါ မပါပါ ဒီဈေးက ဒီဈေးပဲ။ မင်းက ပိုပေးချင်တယ် ဆိုရင်တော့လည်း သူတို့က ဘယ်ငြင်းပါ့မလဲ”

“ဘာပဲဖြစ်ဖြစ် ပိုတိုးပေးသင့်တာပေါ့ကွ။ ဒါမှပဲ နောက်တစ်ခါ လူအကူအညီတောင်းရင် ပိုပြီး ချောချောမွေ့မွေ့ ဖြစ်မှာလေ။ ဟဲဟဲ။ ငါဆိုရင် ကံကောင်းလို့ ဆေးသွေးကြောပါတဲ့ ဆေးလုံးများ ရသွားရင် ဆိုပြီး သလင်းကျောက် နည်းနည်းပါးပါးတောင် ပိုပြင်လာသေးတယ်”

“အဲ့ဆေးဝိဇ္ဇာကြီးက တကယ့် ပညာရှင်တစ်ယောက်ပဲ… ဒီလို လုပ်ဖို့ဆိုရင် အနည်းဆုံး သူတော်စင် အလယ်အလတ်အဆင့် ပညာရှင်တစ်ယောက် ဖြစ်ရလိမ့်မယ်။ အခုလောလောဆယ် ငါသိထားတာအရဆိုရင် ထျန်းဇန်လူအိုကြီးကလွဲလို့ သူက ဒီလောကကြီးမှာ အတော်ဆုံး ဆေးပညာရှင်ပဲ…”

“ဒီမှာ သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက်ထက်မက ရှိနေလိမ့်မယ်လို့ ငါပြောရဲတယ်”

“ဘာလို့လဲ”

“သူတို့ဘက်က တောင်းဆိုထားတဲ့ ဆေးလုံးတွေကို ဖော်စပ်ပေးတဲ့နှုန်းက အရမ်းမြန်နေတာကို မင်းတို့ သတိ မထားမိဘူးလား။ တစ်ရက်နည်းနဲ့ စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးကို အမြဲတမ်း သန့်စင်ပေးတယ်။ တစ်ခါတစ်ဆို သူတော်စင်အဆင့် ဆေးလုံးတွေပါ ပါသေးတယ်…ကဲ မင်းတို့ ပြောကြည့်။ ဆေးဝိဇ္ဇာတစ်ယောက်တည်းနဲ့ ဒီလောက်များတဲ့ ဆေးလုံးတွေကို တစ်ရက်အတွင်း ဖော်စပ်ပေးနိုင်မှာလား”

“မင်းပြောတာလည်း ဟုတ်သလိုပဲနော်”

ထိုအကြောင်း တွေးမိလိုက်ကြသည့်အခါ အကုန်လုံး မထိတ်လန့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြသည်။

သူတော်စင်အဆင့် ဆေးပညာရှင်များသည် အလွန့်အလွန်ကိုမှ ရှားပါလှသဖြင့် ဤလောကကြီးရှိ အင်အားစုတိုင်းသည် သူတို့ အင်အားစုအတွက် သူတော်စင်အဆင့် ဆေးပညာရှင် တစ်ယောက် လောက်ကို အသည်းအသန် လိုချင်ကြလေသည်။ သို့သော် အနည်းအကျဉ်းသော အင်အားစုများသာ ထိုကဲ့သို့သော ဆေးဝိဇ္ဇာများကို ပျိုးထောင်ပေးနိုင်ကြသည်။

ထို့အနည်းအကျဉ်းသော အင်အားစုများအတွက်ပင်လျှင် သူတော်စင်အဆင့် ဆေးပညာရှင်များ၏ အဆင့်အတန်းမှာ အရမ်းကိုမှ မြင့်မားလှပြီး သူတို့ဂိုဏ်းအတွက်သာ ဆေးဖော်စပ် ပြေးကြသည်။ အပြင်လူများအတွက် ဖော်စပ်ပေးရန်မူကား စဉ်းပင် မစဉ်းစားကြ။

ထို့အပြင် ထပ်ရှိသေးသည်ကား ထိုးဆေးဝိဇ္ဇာကြီးများ တစ်ခါ ဆေးဖော်စပ်လျှင် လနှင့်ချီ၍ ကြာမြင့်လေ့ရှိသည်။ တစ်ခါတစ်ခါ ဆေးလုံးလေးတစ်လုံးကို‌ ဖော်စပ်ရန်အတွက် နှစ်နှင့်ချီ၍ပင် ကြာမြင့်တတ်သေးသည်။ ထိုဆေးဝိဇ္ဇာကြီးများသည် သူတို့၏ အချိန်အများစုကို ဆေးပညာအား လေ့လာရင်းဖြင့်သာ ကုန်ဆုံးနေခဲ့ကြသည်။

တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးမှာမူကား ယခင်လအတွင်း သဘာဝအလှတရားကို ရှုစားရန်မဆိုထားနှင့် ရေတစ်ငုံ သောက်ရလျှင်ပင် ကံကောင်း၏။ လက်နှင့်အလုပ် မပြတ်နေလေရာ တစ်ခဏလေးပင် နားချိန်မရှိခဲ့ချေ။ ထို့ကြောင့် ထိုဆေးဝိဇ္ဇာသည် ထုန်းရွှမ်လောကကြီးရှိ လူသားအားလုံး လေးစားထိုက်၊ ရိုသေထိုက်သည့် လူသားမျိုးနွယ်စု၏ မဟာကျေးဇူးရှင်ကြီး တစ်ပါး ဖြစ်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာ မရောက်ချေ။

ထိုသတင်းများသည် တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် စောင့်ဆိုင်းနေသူများကြား ပလူပျံအောင် ပျံ့နေခဲ့လေရာ ကြားခဲ့ရသူအားလုံး တော်ဝင်နယ်မြေ၏ အံဩဖွယ်ရာ အမွေအနှစ်၊ လူအင်အားကြောင့် မှင်သက်ထိတ်လန့် သွားခဲ့ကြရသည်။

နောင်တရစရာကောင်းသည်ကား တော်ဝင်နယ်မြေ၏ ဆေးဝိဇ္ဇာသည် လူတစ်ဦးလျှင် ဆေးလုံးတစ်လုံးကျစီသာ ဖော်စပ်ပေးခြင်း ဖြစ်သည်။

သို့သော်လည်း သူ့ကဲ့သို့ ထူးခြားသော ပုဂ္ဂိုလ်ကြီးတွင် ထိုကဲ့သို့သော ထူးဆန်းသည့် အကျင့်စရိုက် ရှိနေသည်မှာ သာမန်သာ ဖြစ်သည်။

နာရီအနည်းငယ် ကြာပြီးနောက် တောင်ထွတ်ကိုးလုံးမှ လူအုပ်တစ်အုပ် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ လူအရေအတွက်မှာ သိပ်မများလှ၊ စုစုပေါင်းမှ ဆယ်လောက်သာ ရှိသည်။ ဆယ်ယောက်စလုံးသည် ကျင့်ကြံခြင်းမတူ၊ အသက်မတူ။ လိင်မတူကြသော်လည်း အားလုံးတွင် တူညီသော တစ်ချက်တော့ ရှိသည်။ ၎င်းမှာ အကုန်လုံးသည် ပြုံးပျော်နေကြခြင်း ဖြစ်သည်။

“သူတို့ ထွက်လာပြီ။ မနေ့တုန်းက ဝင်သွားတဲ့ အဖွဲ့ ထွက်လာပြီကွ” လူတန်း၏ ထိပ်ပိုင်းတွင် ရှိနေသော လူတစ်ယောက်မှ အော်ပြောလိုက်သည်။

အခြား တစ်ယောက်လည်း ထိုလူအုပ်ကို မြင်သည်နှင့် ကမန်ကတန်း ပြေးမေးလေသည် “ဘယ်လိုလဲ။ မင်းတို့ လိုချင်တဲ့ ဆေးလုံးတွေရခဲ့လား “

လူဆယ်ယောက်ထဲမှ လူအိုကြီးတစ်ယောက် ထွက်လာပြီး အူလှိုက်သည်းလှိုက် ရယ်မောရင်း “တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီးက ဆေးဝိဇ္ဇာကြီးလို့ မပြောရဘူး။ တကယ်ကို တော်တာ။ ငါတို့ တောင်းဆိုတဲ့ ဆေးလုံးတွေ အကုန်လုံးကို သန့်စင်သွားတာ တစ်လုံးတောင် မကျရှုံးဘူး။ ပြီးတော့ ဒီလူအိုကြီး တောင်းဆိုလိုက်တဲ့ သူတော်စင်အဆင့်နိမ့် ဆေးလုံးဆိုရင် ဆေးသွေးကြောတွေတောင် ပါလာသေးတယ်ကွာ၊ ဟားဟားဟား”

ခေါင်းကို ကောင်းကင်ပေါ်သို့ မော၍ လူအိုကြီးသည် နှစ်ထောင်းအားရ သည်းလှိုက်အူလှိုက် ရယ်မောလေတော့သည်။

သူနှင့်အတူ ဝင်သွားသည့် လူများသည်လည်း လူအိုကြီးအား မနာလိုအားကျသည့် အကြည့်များဖြင့် ကြည့်လာခဲ့သည်။

စောင့်ဆိုင်းနေသည့် လူများသည်လည်း လူအိုကြီး၏ စကားကြောင့် ထိတ်လန့် တုန်လှုပ်သွားခဲ့ကြလေသည်။ အကုန်လုံးသည် လူအိုကြီးဆီမှ ဆေးလုံးကို ပြေး၍သာ လုပစ်နေချင်မိတော့သည်။

ဆေးသွေးကြောပါသော သူတော်စင်အဆင့် ဆေးလုံးမှာ အရမ်းကိုမှ မြင်ရခဲလှပေသည်။ ထိုကဲ့သို့သော ဆေလုံးမျိုးကို နှစ်တစ်ရာတွင် တစ်ကြိမ်ပင်လျှင် တွေ့ရခဲလှရာ ထိုဆေးလုံးမှာ အဖိုးအနဂ္ဂထိုက်တန်မည်မှာ မလွဲမသွေပင်။

သို့သော်လည်း လူအိုကြီး၏ ကျင့်ကြံခြင်းအဆင့်ကို သတိပြုမိလိုက်သည်နှင့် သူတို့၏ အကြံရိုင်းများကို ချက်ချင်း ချွန်းနှင့်အုပ်ကာ ရပ်တန့်ပစ်လိုက်ကြသည်။

လူအိုကြီးသည် သူတော်စင် ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။

“ကောင်းလိုက်တာ။ မင်းတို့ အားလုံးလည်း ကံကောင်း ပါစေကွာ။ ကဲ… အခု ဒီလူအိုကြီး သွားလိုက်ဦးမယ်” လူအိုကြီးမှာ စိတ်ကောင်းဝင်နေသည်ဖြစ်ရာ လူအုပ်ကြီးကိုပင် ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေ ဆက်ဆံသွားခဲ့သေးသည်။ ပုံမှန်ဆိုလျှင် သူ့ကဲ့သို့သော ပညာရှင်တစ်ဘောက်သည် ဤနေရာတွင် ရှိနေသော ကျင့်ကြံသူများကို တစ်ချက်ပင် စောင့်ငဲ့ကြည့်သွားရိုးမရှိ။ စကားပြန်ပြောရန် ဆိုလျှင်မူကား ဝေလာဝေးပင်။ သို့သော်လည်း ယနေ့တွင်မူ စကားတစ်ခွန်းထက်မက ပိုပြောနေခဲ့လေသည်။

ပြောပြီးသည်နှင့် လူအိုကြီးသည် လော့ရှုန်းနှင့် မန်ထျန်ဖေးတို့ကို လက်သီးဆုပ်နှုတ်ဆက်ပြီး ထွက်ခွါ သွားလေသည်။

လူအိုကြီး ထွက်သွားပြီးနောက် စောင့်ဆိုင်းနေသည့် လူများ၏ မျက်နှာထက် ပို၍ အားတက်သည့် အမူအရာတို့ ထွက်ပေါ်လာခဲ့သည်။

“အကြီးအကဲတို့၊ ကျုပ်တို့ အခုဝင်လို့ရပြီးလား။ ကျုပ်တို့ အလှည့်ရောက်ဖို့ စောင့်နေတာ တော်တော်လေး ကြာနေပြီလေ” ထိပ်ပိုင်းတွင် ရှိနေသော လူက စိုးရိမ်နေသည့် လေသံဖြင့် ယဉ်ယဉ်ကျေးကျေးလေး မေးလိုက်သည်။

လော့ရှုန်းနှင့် မန်ထျန်းရီတို့ အကြည့်ဖြင့် ဖလှယ်၍ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လော့ရှုန်းမှ လူအုပ်ကြီးကို ကြည့်၍ ကြေညာလိုက်သည် “ထိပ်ဆုံးမှာ ရှိနေတဲ့ မိတ်ဆွေဆယ်ယောက်၊ တော်ဝင်နယ်မြေက တပည့်တွေနဲ့အတူ ဧည့်ကြိုခန်းဆီ လိုက်သွားပေးပါ။ အဲ့ရောက်သွားရင် မိတ်ဆွေတို့ရဲ့ တောင်းဆိုချက်ကို လက်ခံပေးမယ့်လူ ရှိနေပါလိမ့်မယ်။ ကျန်တဲ့ ဆယ်ယောက်၊ ရှေ့တက်ပြီး ဆက်စောင့်ပေးကြပါ”

“ကျုပ်နောက် လိုက်ခဲ့ပေးပါ” ထိပ်ဆုံးတွင် ရှိနေသော တော်ဝင်နယ်မြေမှ တပည့်တစ်ယောက် ယဉ်ယဉ်ကျေးကျေးဖြင့် ပြောလိုက်သည်။

ထိပ်ဆုံးတွင် ရှိနေသော ကျင့်ကြံသူ ဆယ်ယောက်သည် နည်းနည်းလေးမှ ဖင်နှေးမနေဘဲ ထိုတော်ဝင်တပည့်နောက် ကပျာကယာ ပြေးလိုက်သွားလေသည်။

အပြင်ဘက်တွင် ရှိနေသူများမှာမူကား စိုးရိမ်တကြီးဖြင့် ဆက်လက် စောင့်ဆိုင်းနေရံသာ တတ်နိုင်သည်။

တော်ဝင်နယ်မြေမှ အကြီးအကဲ နှစ်ယောက်သည် ဘေးချင်းယှဉ်ရပ်လျက် ထိုစိတ်လှုပ်ရှားဖွယ်ရာ မြင်ကွင်းကို တပြုံးပြုံးဖြင့် ကြည့်နေကြသည်။

“အစ်ကိုမန်၊ ဒီလောက်တော်တဲ့ ဆေးဝိဇ္ဇာကို တော်ဝင်သခင် ဘယ်ကနေ ရှာတွေ့လာလဲ သိလားဟင်။ ပြီးတော့ သူ့လို အဆင့်ကြီးက သိပ်ပြီးတော့ ယုံချင်စရာ မရှိဘးနော်”

မန်ထျန်ဖေးက မဲ့ပြုံးပြုံးလျက် “ငါ့လာမေးမှတော့ ငါက ဘယ်သူ့ကို သွားမေးရာမှာလဲ။ အကြီးအကဲချုပ်တောင် အဲ့ဆေးဝိဇ္ဇာကို မသိတာ၊ ငါက ဘယ်လိုလုပ်ပြီး သိမှာလဲ။ ငါတို့ သိတာဆိုလို့ အဲ့ဆေးဝိဇ္ဇာကို တောင်ဝင်သခင် အပြင် သွားနေတုန်း တွေ့ခဲ့တယ် ဆိုတာပဲ”

“လန်းတယ်နော်… ဒီလောက်တဲ့ ဆေးဝိဇ္ဇာကြီးနဲ့တောင် မိတ်ဆွေဖွဲ့နိုင်တယ် ဆိုတော့ တော်ဝင်သခင်က သောက်ရမ်းကို တော်နေလို့ပဲ ဖြစ်ရမယ်”

“ဟုတ်တယ်။ ဒီကိစ္စကြောင့် တော်ဝင်နယ်မြေရဲ့ ဘဏ္ဏာရေး အကြပ်အတည်းလည်း တဖြည်းဖြည်း အဆင်ပြေလာပြီ။ တပည့်တွေလည်း လုံလောက်တဲ့ အရင်းအမြစ်တွေ မရမှာကို ဆက်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး။ ဟတ်၊ ဆေးဝိဇ္ဇာကြီးသာ မင်းနဲ့ငါအတွက် သူတော်စင်အဆင့် ဆေးလုံး နည်းနည်းပါးပါးလောက် သန့်စင်ပေးနိုင်ရင် ပိုတောင် ကောင်းဦးမှာ”

“ဘာတွေ စိတ်ပူနေတာလဲ။ အချိန်တန်ရင် ရလာမှာပဲကို။ တော်ဝင်သခင်ကိုသာ သွားပြောလိုက်။ သူပြန်ပြောပေးလိမ့်မယ်”

“ပြောသာပြောရတာ… ဒီက ကိစ္စတွေနဲ့တောင် ဆေးဝိဇ္ဇာကြီးက လက်မလည်နိုင်အောင် ဖြစ်နေတာဟ…”

ပြောနေရင်း မိုးကုတ်စက်ဝိုင်းဆီ လှမ်းကြည့်လိုက်ရာ ဘုံကိုးခုထွတ်မြတ်နယ်မြေဆီ ပျံသန်းလာသော လူတစ်သုတ်ကို ထပ်မံ တွေ့လိုက်ရပြန်သည်။

ထိုတစ်ဖွဲ့ ပေါ်လာပြီးနောက် နောက်တစ်ဖွဲ့ ထပ်ပေါ်လာပြန်သည်။ ထို့နောက် နောက်တစ်ဖွဲ့၊ နောက်တစ်ဖွဲ့ စသဖြင့် တောက်လျှောက် ပေါ်လာနေခဲ့လေရာ လူတန်းသည် မတိုသွားရုံမက ပို၍ပင် ရှည်လာသေးလေသည်။

လူများလာသဖြင့် ပျော်မိသော်လည်း စိတ်ဓါတ်လည်း ကျမိသည်။

နောက်ဆုံးရောက်လာသည့် အဖွဲ့တွင် လူတော်တော်များ၏။ စုစုပေါင်း ငါးယောက်ရှိပေသည်။ သို့သော် သူတို့ မရောက်ခင် လော့ရှုန်းက ရှေ့တက်၍ တော်ဝင်နယ်မြေ၏ စည်းမျဉ်းစည်းကမ်း များကို ကြိုတင်ရှင်းပြကာ နောက်ဆုံးတန်းတွင် တန်းစီ ခိုင်းလိုက်လေသည်။

ယနေ့ထိတိုင်၊ တော်ဝင်သခင်၏ လူလေးစားခံထိုက်သော သူတော်စင်အဆင့် ပညာရှင်များ ဖြစ်ကြသည့် လော့ရှုန်းနှင့် မန်ထျန်ဖေးတို့သည် နှစ်ယောက်စ၊ သုံးယောက်စသော ဧည့်သည်များကို ကိုယ်တိုင်ကိုယ်ကျ ထွက်ကြိုနေခဲ့ကြသည်။ ထိုပြင် ရောက်လာသည့်သူများမှာ နည်းမသွား၊ ပို၍ပင် များလာသေးသည်။

အဖွဲ့သစ်တစ်ဖွဲ့ကို ကြိုပြီးပြီးချင်းမှာပင် တောင်ထွတ်ကိုးလုံးမှ အကြီးအကဲချုပ်ရှုဟွေ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

ချက်ချင်းပဲ နှစ်ယောက်စလုံး အကြီးအကဲချုပ်ရှုဟွေအား လှည့်နှုတ်ဆက်လိုက်ကြသည်။

ခဏအကြာတွင် အကြီးအကဲချုပ်ရှုဟွေ သူတို့နှစ်ယောက် ရှေ့သို့ ရောက်လာခဲ့သည်။ ရောက်သည်နှင့် လူတန်းရှည်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် “လူတွေက များလှချည်လား”

“ဟုတ်ပါတယ်။ အကြီးအကဲချုပ်။ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီးရဲ့ ကျော်စောသထက် ကျော်စောလာနေတော့ လူတွေလည်း ပိုပို များများရတာပါ” လော့ရှုန်းက အနည်းငယ် မောပန်းနေသည့် လေသံဖြင့် ပြောလိုက်သည်။

“ဒီလိုပဲ ဖြစ်ရမယ်လေ။ ၁၀၀ရာခိုင်နှုန်း ‌အောင်မြင်နိုင်ချေ ဆိုတာက ဒဏ္ဏာရီမှာပဲ ရှိတာလေ။ ဒီလောကကြီးမှာ ငါတို့ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီးကလွဲပြီး အခြား ဘယ်သူများ အဲ့လို လုပ်နိုင်သေးလို့လဲ” ရှုဟွေက ဂုဏ်ယူစွာဖြင့် ဝင့်ကြွား ပြောဆိုလိုက်သည်။

“အကြီးအကဲချုပ် ဘာကိစ္စများရှိလို့လဲ”

“တော်ဝင်သခင် ပြောခိုင်းတာကို ပြောဖို့ ရောက်လာတာ” ထို့နောက် ရှုဟွေက လူအုပ်ကြီးဘက်သို့ လှည့်၍ “မိတ်ဆွေတို့၊ ငါက တော်ဝင်နယ်မြေရဲ့ အကြီးအကဲချုပ်ပဲ။ အားလုံး တွေ့ရတာ ဝမ်းသာပါတယ်”

အကုန်လုံးလည်း အကြီးအကဲချုပ်အား အလျင်အမြန် ပြန်နှုတ်ဆက်လိုက်ကြသည်။ မည်သူမျှ သူ့နှုတ်ဆက်စကားကို လျစ်လျူ မရှုရဲကြချေ။

လူအုပ်ကြီး၏ တုန့်ပြန်မှုကြောင့် ရှုဟွေ အမူအရာ ပို၍ တောက်ပသွားခဲ့ရသည်။ ယနေ့တစ်ခါ တစ်ခါမှ စိတ်မပျော်ခဲ့ဘူး။ ယခင် တော်ဝင်သခင်ဟောင်း အသက်ရှင်နေစဉ်ကပင် ယခုလောက် စိတ်မပျော်ဖူးခဲ့ချေ။

ရှုဟွေက ဆက်၍ ကြေညာလိုက်သည် “တော်ဝင်သခင်ရဲ့ အမိန့်ကြောင့် ငါရောက်လာခဲ့တာ။ မိတ်ဆွေတွေထဲမှာ လောကရတနာ ပိုင်ဆိုင်ထားတဲ့လူများ ရှိကြလား”

လူအများစုက ခေါင်းခါလိုက်ကြပြီး အချို့မှာမူ အချင်ချင်း တီးတိုး ပြောဆိုနေခဲ့ကြသည်။ တော်ဝင်သခင် ဘာကြောင့် ထိုကဲ့သို့ မေးခွန်းမျိုး မေးမှန်း နားမလည်နိုင် ဖြစ်နေကြသည့်ပုံပင်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၁)

လောကရတနာများသည် အရမ်းကိုမှ ရှားပါးလှပြီး တစ်ခုတွေ့ရန်ကိုပင် အရမ်းကိုမှ ခက်ခဲလှကြပေသည်။ သေသည်ထိတိုင် လောကရတနာတစ်ခုကို မမြင်ဖူးသွားသော ကျင့်ကြံသူများမှာလည်း ဒုနှင့်ဒေးပင်။

ထိုလောကရတနာများသည် အသိစိတ် အတိုင်းအတာ တစ်ခုအပထိ ပိုင်ဆိုင်ထားကြသဖြင့် သာမန် အပင်သက်သက်၊ ပစ္စည်းသက်သက်များ မဟုတ်ကြတော့ဘဲ သက်ရှိများ ဖြစ်နေပြီဟု ဆို၍ ရသည်။ ထို့ကြောင့် သူတို့သည် အန္တရာယ်ကို သတိပြုမိနိုင်ပြီး ပြေးတတ်၊ ပုန်းတတ်ကြသည်။

လူအုပ်ကြီး၏ တုန့်ပြန်မှုကို လေ့လာရင်း ရှုဟွေက ရယ်သွမ်းသွေးလျက် ဆက်ပြောလိုက်သည် “စိတ်မပူနဲ့၊ မင်းတို့ရဲ့ အဖိုးတန်ရတနာတွေကို ငါတို့ တော်ဝင်နယ်မြေက အတင်းအကြပ် လုယူမှာ မဟုတ်ဘူး။ တော်ဝင်သခင်က ပြောလိုက်တယ်… ဘယ်အဆင့်ပဲရှိပါစေတဲ့ လောကရတနာဖြစ်တယ်ဆိုရင် အလဲအလှယ် လုပ်လို့ရတယ်။ မင်းတို့ ပိုင်ဆိုင်ထားတဲ့ လောကရတနာကို တော်ဝင်နယ်မြေဆီ လက်လွှဲပေးမယ်ဆိုရင် တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီးက မင်းတို့အတွက် ဆေးလုံးသုံးလုံးကို အလကား သန့်စင်ပေးလိမ့်မယ်။ ပြီးတော့ လောကရတနာကို တော်ဝင်နယ်မြေဆီ ရောင်းမယ်ဆိုရင် ဆက်ပြီး တန်းစီနေစရာမလိုပဲ မင်းတို့ သန့်စင်ချင်တဲ့ ဆေးလုံးကို ချက်ချင်း သန့်စင်ပေးဖို့ တောင်းဆိုနိုင်တယ်။ ပြီးတော့ အဲ့ဆေးလုံးကို လုံးဝ အောင်မြင်အောင် သန့်စင်ပေးမယ်လို့ တော်ဝင်နယ်မြေက အာမခံတယ်”

ထိုကြေညာချက်ကို ကြားပြီးနောက်သည် လူအုပ်ကြီး တစ်ခုလုံး တဒင်္ဂတာ တိတ်ဆိတ်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကျွတ်ကျွတ်ညံသွားလေသည်။

ဆေးဖော်စပ်ပေးရန်အတွက် တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီး တောင်းဆိုသော အခကြေးမှာ များလည်း မများသလို နည်းလည်း မနည်းပါချေ။ ဆေးလုံးတစ်လုံးကို ဖော်စပ်ပေးစေချင်ပါက ထိုဆေးလုံးနဲ့ တန်ဖိုးတူညီသော ဆေးပင်များ၊ သို့ သလင်းကျောက်များကို အခကြေးအဖြစ် ပေးရပေလိမ့်မည်။

ထိုအခကြေးကို လူအများစုက ပေးနိုင်ကြပေသည်။

သူတော်စင်အဆင့် ဆေးပင်များမှာ ရှာရန် ခက်ခဲသော်ငြား ထိုဆေးပင်များကို ပိုင်ဆိုင်ထားသော ပညာရှင်များအတွက် သလင်းကျောက်မှာ ရှားပါမနေချေ။

သို့သော် ဆေးလုံးသုံးလုံးကို အလကား သန့်စင်ပေးမည် ဆိုသော ဆုလာဒ်များ လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင် နိုင်သည်ထက် ပိုနေလေချေပြီ။

ထိုစဉ် လူတန်းထဲမှ တစ်ယောက်က လှမ်းမေးလိုက်သည် “အကြီးအကဲချုပ်၊ အလကားသန့်စင်ပေးမယ့် ဆေးလုံး သုံးလုံးရဲ့ အဆင့်ကို သတ်မှတ်ထားပါလားဗျာ”

ရှုဟွေက ပြုံးကာ ခေါင်းခါရမ်း၍ “မသတ်မှတ်ထားဘူး။ ဆန္ဒရှိရင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံး သုံးလုံးကိုတောင် သန့်စင်ပေဖို့ တောင်းဆိုလို့ရတယ်”

“ဆေးဝိဇ္ဇာကြီးက တကယ်ကို ရတယ်” ထိုလူက အလန့်တကြား ဆိုလိုက်သည်။ သူ့နားတွင် ရှိနေသူများလည်း ထိတ်လန့်နေကြလေပြီ။

ယနေ့ထိတိုင် မည်သူမှ သူတော်စင်အလယ်အလတ်အဆင့် ဆေးလုံးတစ်လုံးကို သန့်စင်ပေးပါဟု လာရောက် မတောင်းဆို ကြသော်လည်း ရှုဟွေ ပြောသွာသည့်ပုံအရ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးသည် ထိုအဆင့်ဆေးလုံးကို အောင်အောင်မြင်မြင် သန့်စင်နိုင်မည်ဟု ယုံကြည်ချက် အပြည့်ရှိနေသည့်ပုံပင်။

“ဒါကြောင့် လောကရတနာတွေ ပိုင်ဆိုင်ထားရင် ဖွက်မထားကြပါနဲ့တော်။ တကယ်တော့ ဒီလို အခွင့်အရေးမျိုးဆိုတာ နောက်တစ်ခါ ပြန်ရဖို့ လွယ်တာ မဟုတ်ဘူးလေ” ရှုဟွေက ပြုံးကာ လူအုပ်ကြီးကို ထပ်မံ သွေးဆောင်လိုက်ပြန်သည်။

လူအုပ်ထဲတွင် လောကရတနာပိုင်ဆိုင်ထားသော လူရှိမရှိ သူမသိလို ရန်ကိုင် ထိုကဲ့သို့သော ပစ္စည်းမျိုး ဘာကြောင့် လိုချင်နေသလဲ ဆိုသည်ကိုလည်း သူမသိချေ။ သို့သော် သူသိသည်၊ မသိသည်မှာ အရေးမပါ၊ တော်ဝင်သခင်၏ အမိန့်ဖြစ်၍
သူ့တာဝန်မှာ ထိုအတိုင်း လုပ်ဆောင်ရန်ပင် ဖြစ်သည်။

လူတန်းရှည်ကြီး၏ နောက်ဆုံးပိုင်မှ အစောပိုင်းကလေးတင် ရောက်ရှိလာခဲ့သော လူအုပ်ထဲမှ တစ်ယောက်က တစ်ခဏတာ တနု့်ဆိုင်းနေပြီးနောက် “အကြီးအကဲချုပ်၊ ဘယ်လို လောက ရတနာမျိုး ဖြစ်ရမယ်ဆိုတာမျိုးလည်း မရှိဘူးမလား”

“မရှိဘူး” ရှုဟွေက သူ့အား လှမ်းမေးလိုက်သည့် လူဆီ လှည့်ကြည့်လိုက်သည်။

ထိုလူက အနည်းငယ် ကသိကအောက်နိုင်သည့် အမူအရာဖြင့် “ကျုပ်ဆေးလုံးတစ်လုံး သန့်စင်ချင်တယ် ဆိုရင်ကော”

“ကျန်တဲ့ အခွင့်အရေးနှစ်ခုကို သိမ်းထားပြီး ကြိုက်တဲ့အချိန် ပြန်သုံးလို့ရတယ်။ ငါတို့တော်ဝင်နယ်မြေဆီ လာပြောလိုက်ရုံပဲ”

“အဲ့လိုဆိုရင်…” ထိုလူက အနည်းငယ် စိုးရိမ်နေသည့် အမူအရာဖြင့် သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းသေတ္တာလေး တစ်လုံးကို ထုတ်ကာ အကြီးအကဲချုပ်ရှုဟွေ လက်ထဲသို့ ထည့်၍ “ဒါဆိုရင် အဆင်ပြေလောက်လား အကြီးအကဲချုပ်”

ထိုလူမျက်နှာမှာ စိုးလည်းစိုးရိမ်မိသလို စိတ်လည်း လှုပ်ရှားမိနေလေသည်။

ထိုလူသည် အသက်သုံးဆယ်မကျော်သေး၊ သူ့ခွန်အား ဆိုလျှင်လည်း အတော်လေးကိုမှ နိမ့်ကျကာ အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့်သို့သာ ရောက်သေးသည်။ သူ့ကျင့်ကြံခြင်းကြောင့် သူတောင်းဆိုမည့် ဆေးလုံးမှား စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံး ဖြစ်မည်မှာ မြေကြီး လက်ခတ်မလွဲပင်။

ထိုကဲ့သို့သော ကျင့်ကြံသူတစ်ယောက် အနေဖြင့် ရှုဟွေကဲ့သို့သော လူသိများကျော်ကြားသည် လူတစ်ယောက်နှင့် စကားပြောရသည့်အခါ အနည်းငယ် စိုးရိမ်၊ စိတ်လှုပ်ရှား မိသည်မှာ သဘာဝပင်။

ရှုဟွေက မျက်ခုံးပင်၍ ကျောက်စိမ်းသတ္တာကို ယူလိုက်သည်။

ထိုလူက အမြန်အဆန်ပဲ ထပ်ပြောလိုက်သည် “အကြီးအကဲချုပ်၊ သတိထားဦးနော်။ အဲ့ဒါက အရမ်းကို အပြေးမြန်တာ။ သတိပေါ့လျော့လိုက်တာနဲ့ ကျိန်းသေ ထွက်သွားသွားမှာ။ ကျုပ်တောင် ကံကောင်းပြီး ဖမ်းနိုင်ခဲ့တာ။ ဒါပေမယ့် အဲ့ဒါက အခုထိ ဘာမှန်းမသိသေးဘူး”

“ကိစ္စမရှိဘူး” ရှုဟွေက ယုံကြည်ချက်အပြည့်ဖြင့် ပြုံးလျက် ထိုကျောက်စိမ်းသေတ္တာကို သူ့ကောင်းကင်စိတ်အာရုံဖြင့် အကြားအလပ် မရှိစေအောင် လွှမ်းခြုံလိုက်သည်။

လူအုပ်ကြီးသည်လည်း လည်ကိုဆန့်ကာ မည်ကဲ့သို့သော လောကရတနာဖြစ်မည်ကို စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် ကြည့်နေခဲ့ကြသည်။

လော့ရှုန်းနှင့် မန်ထျန်ဖေးတို့ပင်လျှင် ခေါင်းလေးစောင်းကာ ကြည့်နေခဲ့ကြသည်။

သေတ္တာကိုဖွင့်လိုက်သည်နှင့် သာယာသိမ်မွေ့လှသော လရောင်ကဲ့သို့သော မှိတ်ဖျော့ဖျော့လေး အလင်းရောင်လေး ပွင့်လန်းတောက်ပလာခဲ့သည်။

သေတ္တာပွင့်သွားသည်နှင့် အထဲတွင် ရှိနေသော အရာသည် အဖြူရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလျက် ချက်ချင်း ပြေးထွက်ရန် ကြိုးစားလေသည်။

ထိုအခြင်းအရာကိုမြင်သော် ရှုဟွေ ရယ်သာ ရယ်လိုက်သည်။ သေတ္တာပတ်လည်ကို သူ့ကောင်းကင်စိတ်အာရုံဖြင့် လွှမ်းခြုံ ထားလေရာ ထိုအရာ မည်ကဲ့သို့ လွတ်မြောက်နိုင်မည်နည်း။

အလင်းရောင်တို့ ပျောက်ကွယ်သွားချိန် အရွက်သုံးရွက်ပါ မြက်ပင်ကဲ့သို့သော အပင်လေးတစ်ပင် ထွက်ပေါ်လာခဲ့သည်။

ထိုအပင်လေးဆီမှ အားနည်းဖျော့တော့သော စွမ်းအင်လှိုင်းတို့ ဖြာထွက်နေခဲ့သည်။ ပင်စည်မှာ အသန့်စင်ဆုံးသော ကျောက်စိမ်းဖြူဖြင့် ထုလုပ်ထားသည့်အလား သလင်းကျောက် ကဲ့သို့ ဖြစ်နေခဲ့လေသည်။

အရွက်သုံးရွက်မှာမူ နှင်းစက်များကို သောက်သုံးထားရသည့် အလား လန်းဆန်းပျော့ပေါင်းလှသည်။

“တကယ့် လောကရတနာပဲ” ရှုဟွေ၏ မျက်လုံးများ တဖျတ်ဖျတ် လင်းလက်သွားခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့် ထိုအပင်လေးသည် အသိစိတ် ပိုင်ဆိုင်ထားသော လောကရတနာတစ်ခုဖြစ်မှန်း ရှုဟွေ အတပ်‌ ပြောနိုင်သည်။

“ဒါ ဘယ်လိုလောကရတနာလဲဆိုတာကို သိတဲ့လူရှိလား”

လူအများစုမှာ ခေါင်းသာ ခါပြကြသည်။ သို့သော လူတစ်ယောက်က ရယ်ရယ်မောမောဖြင့် “အကြီးအကဲချုပ်၊ ဒါက လစမ်းရောင်မြက်ပင်ရဲ့ ရိုးတံပါ။ လရောင်ကို နှစ်ပေါင်းများစွာ စုပ်ယူလာခဲ့ပြီးမှ အသိစိတ်ပေါက်ဖွားလာတဲ့ အပင်တစ်ပင်ပါ။ အဲ့ဒါကို လောကရတနာလို့ သတ်မှတ်လို့ ရပေမယ့် အခုမှ ပျိုးပင်ပေါက် အရွယ်လောက်ပဲ ရှိဦးမယ်။ အရွက်သုံးရွက်ပဲ ရှိတာဆိုတော့ ဘာမှ သုံးလို့တော့ ရမှာမဟုတ်သေးဘူး။ အရွက် ငါးရွက်ဖြစ်လာတဲ့အထိ နောက်ထပ် နှစ်တစ်ရာလောက် ထပ်စောင့်လိုက်မယ် ဆိုရင်တော့ အရမ်းကို အဖိုးတန်သွားမှာ”

“အို၊ ဒီက ရောင်းရင် ဒီအပင်နဲ့ တော်တော်လေး ရင်းနှီးတဲ့ ပုံပဲနော်” ရှုဟွေက စကားပြောလိုက်သည်လူဆီ အပြုံးလေးဖြင့် လှမ်းကြည့်လိုက်သည်။

“မဟုတ်ရပါဘူး‌ဗျာ။ တကယ်တော့ ကျုပ်က ဆေးပင်တွေကို တော်တော်လေး စိတ်ဝင်စားတာလေ။ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက ဆေးပညာရှင် လုပ်ဖို့တောင် ကြံခဲ့တာ။ ဒါပေမယ့် အရည်းအချင်းက မရှိတော့ အဲ့လမ်းကြောင်းပေါ် ခြေမချနိုင်ခဲ့ဘူးလေ။ ဒါကြောင့် သိုင်းလမ်းစဉ်ကိုပဲ လျှောက်လှမ်းဖို့ ရွေးချယ်လိုက်တာ”

“ကျုပ်သိပြီ” ရှုဟွေက ခေါင်းညိတ်လိုက်သည်။ ဆေးပညာရှင် တစ်ယောက်၏ အမျိုးမျိုးသော စိတ်ဝိဥာဉ်အပင်များအပေါ် နားလည်မှုသည် အခြားလူများသည် ပိုမို သာလွန်မည်မှာ သံသယ ရှိစရာ မလိုချေ။ ထိုလူသည် ဆေးပညာရှင်တစ်ယောက် ဖြစ်မလာခဲ့သော်လည်း ဆေးပင်များနှင့် ပက်သက်၍ သူသည် အခြားသူများထက် ပိုသိပေသည်။

“အဲ့လိုဆိုရင်… ဒါက အဆင်ပြေလောက်လား” လစမ်းရောင်မြက်ပင် ပိုင်ရှင်က ခေါင်းကိုကုတ်လျက် စိုးရိမ်ပူပန်နေသည့် လေသံဖြင့် မေးလိုက်သည်။

တစ်ယောက်ယောက်က ရှေ့ထွက်လာပြီး လရောင်စမ်းမြက်ပင်မှာ ဘာမှ အဖိုးမတန်ဘူးဟု ပြောလာသဖြင့် ပိုင်ရှင်ဖြစ်သူ စိုးရိမ်သွားသည်မှာလည်း မဆန်း။

ကတိပေးထားသော ဆုမှာ ဆေးသုံးလုံးကို အလကား သန့်စင်နိုင်ခွင့်ပင်။ လစမ်းရောင်မြက်ပင် တကယ်ရော ထိုမျှ ထိုက်တန်ပါရဲ့လား။

“ပြေတာပေါ့” သို့သော် ရှုဟွေက ပြုံးကာ‌ ခေါင်းညိတ်ကာ “ဒီလူအိုကြီး ပြောပြီးသားလေ။ ဘယ်အဆင့်ပဲဖြစ်ဖြစ်၊ အဖိုးတန်တန် မတန်တန်၊ လောကရတနာ ဖြစ်နေရင် ရပြီ။ ကဲ၊ ဒီလစမ်းရောင်မြက်ပင်ကို ဒီလူအိုကြီး ယူထားလိုက်မယ်။ ညီငယ်လေး၊ ပြောထားတဲ့ ဆုကိုတော့ ငါနဲ့ လိုက်ပြီး ယူပေးတော့”

“ဟုတ်ကဲ့ပါ” ထိုလူက ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။

သူသည် ယနေ့မှသာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သတ်မှတ်ထားသည့်အတိုင်း စောင့်နေရမည် ဆိုပါက အနည်းဆုံး ခြောက်ရက်၊ ခုနှစ်ရက်လောက် ထပ်စောင့်ရပေမည်။ ထို့အပြင် သူလိုချင်သည့် ဆေးလုံးအတွက်လည်း သလင်းကျောက်များ ထပ်မံ ပေးချေရပေဦးမည်။

သို့သော် ယခုအချိန်၌ သူ့အတွက် လုံးဝ အသုံးမဝင်သော လစမ်းရောင်မြက်ပင်လေး တစ်ပင်ကြောင့် တန်းစီစရာ မလိုတော့သည့် အပြင် ဆေးလုံးသုံးလုံးကိုလည်း အလကား သန့်စင်ခွင့် ရလိုက်သေးသည်။

ဆိုလိုသည်ကား နောက်ပိုင်းကျ သင့်လျော်သော ဆေးအမယ် များကိုသာ ရှာနိုင်ပါက ဆေးပညာရှင် မရှာနိုင်မှာကို စိုးရိမ်စရာ မလိုတော့ဘဲ တော်ဝင်နယ်မြေသို့ လာရောက်ကာ သန့်စင်ပေးရန် တောင်းဆိုလိုက်ရုံဖြင့် ရနေလေပြီ။

ကံသာကောင်းလျှင် ဆေးသွေးကြောပါသော ဆေးလုံးကိုပင် ရနိုင်သေးသည်။

ထိုကဲ့သို့ စိတ်ကူးရင် လူငယ်လေးမှာ အရမ်းကို ရင်ခုန်၊ စိတ်လှုပ်ရှားနေမိလေသည်။

“ခဏနေပါဦး” ရုတ်တရက် တန်းစီစောင့်နေသော လူတန်းထဲမှ လူတစ်ယောက် လှမ်းအော်ခေါ်လိုက်သည်။

ရှုဟွေ မျက်မှောင်ကြုံ့သွားခဲ့ပြီး လှမ်းအော်ခေါ်လိုက်သည့် လူဆီ လှည့်ကြည့်လိုက်ရာ ထိုလူသည်လည်း သူတော်စင်အဆင့် ပညာရှင် တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရသဖြင့် မလွှဲမရှောင်သာ ပြန်မေးလိုက်လေသည် “ဒီကမိတ်ဆွေ ဘာအကြံများ ပေးချင်လို့လဲ”

“မပေးရဲပါဘူးဗျာ” ထိုသူတော်စင်အဆင့် ပညာရှင်က ရယ်ရယ်မောမောဖြင့် “ဒီက ညီငယ်လေးနဲ့ ‌ပြောစရာလေးရှိလို့ ခဏလောက် စောင့်ပေးပါလားလို့ အကြီးအကဲချုပ်ကို တောင်းဆိုချင်လို့ပါ”

ထိုလူအား ခဏလောက် စိုက်ကြည့်နေလိုက်ပြီးနောက် အသာအယာ ခေါင်းညိတ်၍ “ကောင်းပြီလေ။ မြန်မြန်တော့ ပြောနော်။ တော်ဝင်သခင်က ဒီလူအိုကြီး လာပြန်သတင်းပို့မှာကို စောင့်နေလို့”

“အကြီးအကဲချုပ်ကို ကျေးဇူးအများကြီး တင်ပါတယ်” ပြောပြီးနောက် အင်မော်တယ်တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် လူငယ်လေးဆီ လမ်းလျှောက်သွားလိုက်လေသည်။

သူတော်စင်အဆင့် ပညာရှင်များ လေသံကိုနှိမ့်၍ တိုးတိုးလေး ပြောနေသဖြင့် မည်သူမှ သူဘာပြောနေလဲ ဆိုသည်ကို မကြားရချေ။

စစချင်းတွင် ထိုကဲ့သို့သော ပညာရှင်တစ်ယောက်၏ အော်ခေါ်ခြင်း ခံလိုက်ရသဖြင့် လစမ်းရောင်မြက်ပင် ပိုင်ရှင်မှာ တော်တော်လေး စိုးရိမ်သွားခဲ့သည်။ သို့သော် သူတော်စင်အဆင့် ပညာရှင်‌ ပြောသည်ကို ကြားပြီးနောက် ချက်ချင်းဆိုသလို စိတ်လှုပ်ရှားသွားခဲ့ကာ ကြက်အစာကောက်သည့်ပမာ ခေါင်းကို တဆိတ်ဆိတ် ညိတ်နေလေတော့လေသည်။

ထိုအခြင်းအရာကို မြင်လိုက်သည်နှင့် လူအုပ်ကြီးလည်း သူတို့ နှစ်ယောက် ဘာပြောနေလဲဆိုသည်ကို အကြမ်းဖျင်း ခန့်မှန်း မိလိုက်ကြသည်။

ခဏအကြာ၌ သူတော်စင်အဆင့် ပညာရှင်လည်း ပြောစရာ ရှိတာကို ပြော၍ ပြီးသွားခဲ့သည်။ နှစ်ယောက်စလုံး သဘောတူညီချက် တစ်ခုရသွားသည့်ပုံပင်။

ရှုဟွေမှာ လူငယ်လေးအား တော်ဝင်နယ်မြေသို့ သူနှင့်အတူ မခေါ်သွားရသေးခင်မှာဘဲ လူတန်းရှည်ကြီးထဲမှ သူတော်စင်အဆင့် ပညာရှင်များ ထပ်မံ ပြေးထွက်လာပြီး လူငယ်လေးနှင့် စကား ထပ်ပြောကြပြန်လေသည်။

ယခု လစမ်းရောင်မြက်ပိုင်ရှင်မှာ ကျဉ်းထဲကြပ်ထဲ ရောက်နေလေပြီ။ ထိုသူတော်စင်အဆင့် ပညာရှင်အားလုံးမှာ သူစော်ကား၍ မရသည့် လူများဖြစ်ကြရာ နောက်ဆုံး မစဉ်းစားတတ်တော့သည့်အဆုံး ရိုးရိုးရှင်းရှင်းသာ အော်ပြောလိုက်လေသည် “စီနီယာတို့၊ ကျေးဇူးပြုပြီး လေလံဆွဲလိုက်ကြပါဗျာ။ အမြင့်ဆုံး ပေးနိုင်တဲ့လူကို အဲ့နေရာ ပေးပါ့မယ်”

ထိုစကားကို ကြားလိုက်သည်နှင့် အနားတွင် စုဝေးနေသော သူတော်စင်အဆင့် ပညာရှင်များသည် ချက်ချင်း စတင် ကမ်းလှမ်းကြတော့လေသည်။ ထိုကဲ့သို့သော အခွင့်အရေးကောင်းကြီး တစ်ခုကို မည်သူမှ လက်မလွှတ်ချင်ကြပေ။

ရှုဟွေလည်း ရယ်ရခက်၊ ငိုရခက် ဖြစ်နေခဲ့သည်။ လရောင်စမ်းမြက်ပိုင်ရှင် ဘာလုပ်နေမှန်း သူနားလည်သွားလေပြီ။

တော်ဝင်နယ်မြေသည် သူ့အတွက် ဆေးလုံးသုံးလုံး အလကား သန့်စင်ပေးမည်ဟု ကတိပေးခဲ့သည်။

သူ့အား ပထမဆုံး စကားလာပြောသည့် သူတော်စင်မှ အစပြု၍ လူငယ်လေးသည် ထိုသုံးနေစရာစလုံးကို ရောင်းချရန် ဆုံးဖြတ်လိုက်လေသည်။

ထိုအခွင့်အရေး သုံးခုမှ ကွဲပြားခြားနားသော ဆုလာဒ် သုံးခုပင် ဖြစ်လေသည်။ သူတောင်းဆို၍ ရရှိလာမည့် ဆေးလုံးထက် ပို၍ အဖိုးတန်သော ဆုလာဒ်ပင်။

ရှုဟွေလည်း ခေါင်းလေး တရမ်းရမ်းဖြင့်သာ ထိုအဖြစ်အပျက်ကို ဝင်မနှောင့်ယှတ်ဘဲ ဒီအတိုင်းသာ ရပ်ကြည့်နေလိုက်သည်။

ခဏအကြာ၌ လစမ်းရောင်မြက်ပိုင်ရှင်သည် အပြုံးကြီး ပြုံးလျက် ပြေးလာခဲ့သည် “အကြီးအကဲချုပ်ကို စောင့်ခိုင်းစေမိလို့ တောင်းပန်ပါတယ်နော်။ အခု သွားလို့ရပါပြီ”

ရှုဟွေက ထိုလူငယ်လေးကို ပြန်ပြုံးပြလိုက်ပြီး “အခြေအနေ ဘယ်လိုလဲ”

လူငယ်လေးက အားမာန်ပါပါဖြင့် ခေါင်းညိတ်လိုက်ပြီး “အရမ်းကောင်းတယ်။ ဒါပေမယ့်… အဲ့လိုလုပ်လို့ အဆင်ပြေပါ့မလား”

“ရတယ်၊ ဘာပြဿနာ မရှိဘူး။ တော်ဝင်နယ်မြေက အခွင့်အရေးသုံးခု ပေးရုံပဲ။ အဲ့အခွင့်အရေးကို ဘယ်လို သုံးမလဲ ဆိုတာကတော့ မင်းကိစ္စပေါ့”

“ကောင်းလိုက်တယ်။ ကျုပ် အရမ်းပျော်သွားပြ” ထိုမျှ များပြားလှသော အကျိုးအမြတ်များ ကောင်းကင်ပေါ်မှ ရွှေမိုး၊ ငွေမိုး ရွာသလို ကျလာခဲ့ရာ လူငယ်လေးမှာ ခေါင်းပင် မူးနောက်နောက် ဖြစ်ချင်လာခဲ့သည်။

သူတော်စင်အဆင့် ပညာရှင်သုံးယောက်မှာ အပြင်ဘက်တွင် ရပ်မစောင့်ချင်ကြပေ။ လူငယ်လေးအား သူတို့ ပေးခဲ့သော အကျိုးအမြတ်မှာလည်း သူတို့ လိုချင်သည့် သူတော်စင်အဆင့် ဆေးလုံးထက် ပို၍ အဖိုးမတန်ချေ။

သူတို့ ပြင်ဆင်လာသော ဆေးအမယ်များနှင့် တူညီသော တန်းဖိုအား အဆင့်နိမ့် လောကရတနာဖြစ်သည့် လစမ်းရောင် မြက်ပင်နှင့် အလဲအလှယ်အဖြစ် လူငယ်လေးအား ပေးလိုက်ခြင်း မည်ပေသည်။

အင်မော်တယ် တက်လှမ်းခြင်း အထွဋ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ယောက်အတွက် ဤအရာမှာ သူ့တစ်သက်တာတွင် အကြီးမားဆုံးသော အခွင့်အလမ်းကြီး ဖြစ်လေသည်။

လူငယ်လေးအား ဧည့်ကြိုခန်းဆီသို့ ခေါ်သွားပြီး သူယူလာသော ဆေးအမယ်သုံးစုံကို လက်ခံလိုက်ပြီးနောက် တော်ဝင်ရုံးတော် ရှိရာဆီသို့ ချက်ချင်း ပျံသန်းသွားလေသည်။

ဆေးရနံ့တို့ဖြင့် သိပ်သည်းပြည့်နှက်နေသော အခန်းတစ်ခုထဲ ရန်ကိုင်သည် ဆေးမီးဖိုလေးတစ်ခုရှေ့ ထိုင်နေခဲ့သည်။

ရှုဟွေ ဝင်လာပြီး ဖြစ်ကြောင်းကုန်စဉ်ကို ရှင်းပြလိုက်သည်။

ရန်ကိုင်က အသာအယာ ခေါင်းညိတ်၍ ဆေးပင်များနှင့်အတူ လစမ်းရောင်မြက်ပင်ကို လက်ခံယူလိုက်ကာ “သန့်စင်လို့ ပြီးသွားရင် ခင်ဗျားကို လှမ်းခေါ်လိုက်မယ်”

“ဟုတ်ကဲ့ပါ”

ရှုဟွေ ထွက်သွားပြီးနောက် ရန်ကိုင်သည် လစမ်းရောင် မြက်ပင်ကို အနက်ရောင်စာအုပ်၏ သိုလှောင်နေရာလွတ်ထဲသို့ ထည့်လိုက်ပြီး သူ့အသိစိတ်ကိုလည်း ထိုထဲသို့ ပို့လိုက်သည်။

လရောင်တန်းလေးတစ်ခု အနက်ရောင်စာအုပ်၏ သိုလှောင် နေရာလွတ်ထဲ ထွက်ပေါ်လာခဲ့ပြီး ပေါ်လာလာချင်းမှာဘဲ သွေးရူးသွေးတန်းဖြင့် လုံခြုံလောက်မည် နေရာတစ်ခုကို ပြေးရှာတေ့လေသည်။

နတ်ဘုရားသစ်ပင်သည် ထိုအသစ်လေးအား စိတ်ဝင်တစားဖြင့် အသေအချာ ကြည့်နေခဲ့သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၂)

နတ်ဘုရားသစ်ပင်၏ အပြုအမူသည် လရောင်စမ်းမြက်ပင်ကို ပို၍ ကြောက်လန့်သွားစေလေရာ ခဏအကြာတွင် လရောင်စမ်း မြက်ပင်သည် ဆေးပေါင်ရေကန်အတွင်း ငုံ့ဝင်သွားလေသည်။

သို့သော်လည်း ဆေးပေါင်းရေကန်ထဲသို့ လရောင်စမ်းရေကန် ငုံ့သွားသည်နှင့်တစ်ပြိုင်နက် ကန်တွင်းရှိ ဆေးရည်များကို လွန်စွာကိုမှ မြန်ဆန်လှသော အမြန်နှုန်းဖြင့် စတင် စုပ်ယူ တော့လေသည်။ လရောင်စမ်းမြက်ပင်လေး၏ အရွက်များ ဆိုလျှင်လည်း တဖျတ်ဖျတ် လင်းလက် တောက်ပလာတော့သည်။

အခြင်းအရာကို မြင်လိုက်သည်နှင့် ရန်ကိုင် မျက်နှာ မည်းမှောင်သွားခဲ့ပြီး လရောင်စမ်းမြက်ပင်ကို ကန်တွင်းမှ ဆွဲထုတ်တော့မည်အပြု နတ်ဘုရားသစ်ပင်က သူ့ထက် အရင် စောအောင် ဆွဲထုတ်လိုက်လေသည်။

အရွက်သုံးရွက်မြက်ပင်အား မမြင်နိုင်သော စိတ်စွမ်းအင်ဖြင့် ရစ်ပတ်၍ ကန်တွင်းမှ ကမန်းကတန်း ဆွဲထုတ်လိုက်လေသည်။

ထို့နောက် နတ်ဘုရားသစ်ပင်သည် လရောင်စမ်းသစ်ပင်နှင့် ဆက်သွယ်ကြည့်လိုက်သည်။

ထိုအခါမှသာ ရန်ကိုင် စိတ်ငြိမ်သွားခဲ့ပြီး အပြုံး ယဲ့ယဲ့လေး ပြုံးလိုက်သည်။

ခဏကြာ တိတ်ဆိတ်နေပြီးနောက် နတ်ဘုရားသစ်ပင်က ရန်ကိုင်ကို ပြောလိုက်သည် “ဆူတော့ ဆူပြီးသွားပြီ။ နောက်ဒီလို မလုပ်အောင် ငါသေချာ စောင့်ကြည့်ထားလိုက်မယ်။ ဒါပေမယ့် ဒီကောင်းလေးက မင်းနဲ့ မတွေ့ခင်တုန်းက ငါလို့မျိုး ဖြစ်နေတော့ သူနဲ့ ပြောဆိုဆက်သွယ်ဖို့က နည်နးည်းတော့ ခက်တယ်။ ဒါက မင်းငါ့ကို ပြောခဲ့တဲ့ လောကရတနာလား”

“ဟုတ်တယ်” ရန်ကိုင်က ရယ်မောလိုက်ပြီး “အချိန်ယူပြီး သေချာ လေ့ကျင့်ပေးလိုက်ဦး။ အခွင့်အရေး ရရင် အခြား လောကရတနာတွေလည်း ထပ်ရှာပေးမယ်။ အဲ့လိုဆို မင်းမှာ အဖော်တွေ အများကြီးရပြီ”

“ရေး” နတ်ဘုရားသစ်ပင်က ပျော်ရွှင်စွာ အော်ဟစ်လိုက်သည်။

နတ်ဘုရားသစ်ပင်အား လောကရတနာများ ရှာပေမည်ဟု ကတိပေးထားသဖြင့် ရှုဟွေအား လောကရတနာအား တော်ဝင်နယ်မြေဆီ အပ်နှံမည်ဆိုပါက ဆေးလုံးသုံးလုံး အလကား သန့်စင်ပေးမည်ဟု ကြေညာခိုင်းလိုက်ခြင်း ဖြစ်သည်။ အစကမူ ထိုကဲ့သို့ ကြေညာခိုင်းခိုင်းချင်း လောကရတနာ ပိုင်ဆိုင်ထားသူ တစ်ယောက်နှင့် ချက်ချင်း တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့။

သို့သော် ကံကောင်း၍ ရေငတ်တုန်း အိုအေးစစ်နှင့် တွေ့သွားသလိုမျိုး ဖြစ်သွားခဲ့ရသည်။

ခဏလောက် ဆက်လက် စောင့်ကြည့်ပြီး ဘာပြဿနာမှာ မရှိမှန်း အတည်ပြုပြီးနောက် သူ့အသိစိတ်ကို အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲမှ ပြန်လည် ရုတ်သိမ်းလိုက်ပြီး ဆေးဖော်စပ်ခြင်း အမှုကို ထပ်မံ လုပ်ဆောင်တော့လေသည်။

ယခင်တစ်လလုံး အဆက်မပြတ် ဆေးဖော်စပ်နေခဲ့ခြင်း ဖြစ်ပြီး အခန်းအပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့။

ထိုအချိန်မှစ၍ ယခုအချိန်အထိ မရေမတွက်နိုင်သော စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့်၊ သူတော်စင်အဆင့်နိမ့် ဆေးလုံးကို သန့်စင်ခဲ့ပြီး တစ်လုံးပင် ကျရှုံးခြင်း မရှိခဲ့။

ထိုကဲ့သို့ တစ်လုံးပင် ကျရှုံးသွားခြင်း မရှိရအောင် အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ခြင်း၏ အဓိက အကြောင်းအရင်းမှာ တေဇောဓါတ် အသိစိတ်ပင်လယ် ကြောင့်ပင် ဖြစ်လေသည်။ တေဇောဓါတ်အသိစိတ်ပင်လယ်ကြောင့် ဆေးးမီးဖိုထဲရှိ စိတ်ဝိဥာဉ်အစီအရင်များကို ပို၍ သေသေချာချာ၊ ထိန်းချုပ်နိုင်သလို ဆေးလုံးများကိုလည်း ပို၍ မြန်မြန် သန့်စင်နိုင်ပေသည်။

သူ့လက်ရှီ အရည်အချင်းဖြင့် ရန်ကိုင်သည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံးများကို ၁၅မိနစ်အတွင်း သန်စင်နိုင်ပြီး သူတော်စင်အဆင့်နိမ့် ဆေးလုံးများကို နာရီဝက်အတွင်း သန့်စင်နိုင်နေလေပြီ။

ထိုအမြန်နှုန်းဖြင့် တစ်နေ့ဆေးလုံး ဆယ်လုံးဆိုသည်မှာ ဘာမှ များများစားစား မဟုတ်လှချေ။

သူ့လက်ကျန် အချိန်မှားကို ဆေးဖော်စပ်ချိန်အတွင်း ရရှိခဲ့သည့် နားလည်သဘောပေါက်မှုများအား ပြန်လည် သုံးသပ်ရင်း ကုန်ဆုံးနေခဲ့သည်။

လိုရှင်းပြောရရလျှင် သူ့လက်ရှိ အခြေအနေကို ရန်ကိုင် ပျော်မွေ့နေပေသည်။

နည်းနည်းလေးမှ စိတ်ပျက်သွားခဲ့ခြင်း မရှိ။

ယခုသူ့တွင် လေ့ကျင့်စရာ အဆင့်မြင့် ဆေးအမယ်များစွာ ရှိနေလေပြီ။ ထို့ကြောင့် ဆေးသွေးကြော ဖန်တီးသည်နှင့် ပက်သက်သော သူ့သုံးသပ်ချက်ကိုလည်း လက်တွေ့ လုပ်ဆောင် နိုင်နေခဲ့လေပြီ။

ဆေးသွေးကြောများကို ဖန်တီးနိုင်မှန်း ရန်ကိုင် အတည်ပြု နိုင်လိုက်လေပြီ။ သို့သော် ထိုကဲ့သို့ ဖန်တီးရန်မှာ မလွယ်ကူလှ။ ဆေးလုံးကို သန့်စင်ပြီးတော့မည့် နောက်ဆုံး အခိုက်အတန့်တွင် များစွာသော ရှုပ်ထွေးလှသည့် စိတ်ဝိဥာဉ်အစီအရင်များကို ဖန်တီးပြီး ပေါင်းစပ်ကာ ဆေးလုံးထဲသို့ ပေါင်းထည့်ပေးရန် လိုအပ်ပေသည်။

ထိုကဲ့သို့ လုပ်နိုင်လိုက်သည်နှင့် ဆေးသွေးကြောပါသော ဆေးလုံးကို ရရှိနိုင်ပေလိမ့်မည်။

ဆေးသွေးကြောပါသော စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးများကို သူ့စိတ်တိုင်းကျ မဖော်စပ်နိုင်သေးချေ။ ထိုကဲ့သို့ လုပ်ရန် ခက်ခဲလှသည်က တစ်ကြောင်း၊ ဆေးလုံးအဆင့် မြင့်လာသည်နှင့် လုပ်ရန်သည့် ဖြစ်စဉ်မှာလည်း ပိုမို ခက်ခဲလာသည်က တစ်ကြောင်းတို့ကြောင့် ဆေးသွေးကြော ပါသော သူတော်စင်အဆင့် ဆေးလုံးများကို ကံကောင်းမှသာ ဖန်တီးနိုင်လေသည်။

ဆေးဖော်စပ်နေစဉ်အတွင်း ရန်ကိုင်သည် တေဇောဓါတ် အသိစိတ်ပင်လယ်ကို အမြဲတမ်း အသုံးပြုခဲ့သည်။ သို့သော် တစ်လလုံးလုံး တေဇောဓါတ်အသိစိတ်ပင်လယ်ကို အသုံးပြုခဲ့သည့်တိုင် မမောပန်းခဲ့ရုံမက သူ့စိတ်စွမ်းအင်သည်ပင် ပို၍ သိပ်သည်းသန့်စင်လာသည်ကို တွေ့ရှိလိုက်ရသည်။

ဆေးဖော်စပ်နေစဉ်အတွင်း နားလည်သဘောပေါက်ခဲ့သည့် အခြင်းအရာများကြောင့် ရန်ကိုင်သည် ကောင်းကင်နိယာမနှင့် သိုင်းတာအိုကို ပို၍ နားလည်လာခဲ့ကာ သူ့အခြေခံအုတ်မြစ်ကို ပို၍ ကျစ်လစ်ခိုင်မာသွားအောင် လုပ်နိုင်ခဲ့သလို့ သူ့ခွန်အားကိုလည်း တိုးတက်အောင် လုပ်နိုင်ခဲ့လေသည်။

ဆေးပညာလမ်းစဉ်နှင့် သိုင်းတာအိုသည် တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေခဲ့သည်။ တစ်ခုတွင် တိုးတက်သွားလျှင် အခြား တစ်ခုတွင်လည်း တိုးတက်သွားနိုင်သည်။ တကယ်ကို ကျေနပ်လောက်ဖွယ်ရာ အတွေ့အကြုံပင်။

သီးသန့်ကြီး ထိုင်မလေ့ကျင့်နေလျှင်ပင် သူ့ကျင့်ကြံခြင်း တတိတိဖြင့် တိုးတက်နေသည်ကို ရန်ကိုင် သတိပြုမိသည်။ ထိုအတိုင်းသာ ဆက်သွားနေပါက သူတော်စင်အဆင့်သို့‌ ရောက်ရန် သိပ်လိုတော့လိမ့်မည် မဟုတ်ပေ။

အခွင့်အရေး တစ်မျိုးမျိုးနှင့် ကြုံကြုံခိုက်ခဲ့ရလျှင် သူတော်စင်အဆင့်သို့ ပို၍ စောစောပင် ရောက်သွားနိုင်သေးသည်။

မသေမျိုးတတိယအဆင့်သည် သူတော်စင်အဆင့်နှင့် လက်တစ်ကမ်း အလိုတွင်သာ ရှိပေသည်။

မသေမျိုးအဆင့်မှ သူတော်စင်အဆင့်သို့ ချိုးဖျက်ခြင်းသည် အစစ်အမှန်ဒြပ်စင်အဆင့်မှ အင်မော်တယ်တက်လှမ်းခြင်း အဆင့်သို့ ချိုးဖျက်ခြင်းနှင့် မတူသလို အင်မော်တယ်တက်လှမ်းခြင်းအဆင့်မှ မသေမျိုးအဆင့်သို့ ချိုးဖျက်ခြင်းနှင့်လည်း မတူညီချေ။ အများကြီး ပိုခက်ခဲပေသည်။

နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်သည် မသေမျိုး တစ်ယောက်အား သူတော်စင်အဆင့်သို့ ချိုးဖျက်ပေးနိုင်အောင် ကူညီပေးနိုင်လေသည်။ ရန်ကိုင်တွင် မသုံးရသေးသော ဆေးအရည် နှစ်စက် ရှိနေပေသေးသည်။

ကြယ်တာရာကောင်းကင်သို့ ရောက်စဉ် ဆေးအရည် ခြောက်စက်ကို သန့်စင်နိုင်ခဲ့ပြီး လေးစက်ကို ကောင်းကင်ဂိုဏ်းတော် သို့ ပြန်ရောက်စဉ်က သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးတို့ လေးယောက်ကို ပေးခဲ့သည်။ ကျန်သည့် နှစ်သက်သည် အနက်ရောင် စာအုပ်၏ သိုလှောင်နေရာလွတ်ထဲတွင် ရှိနေတုန်းပင်။

နှစ်တစ်ထောင်နတ်ဆိုးပန်းပွင့်၏ ဆေးအရည်သည် မည်သည့် ဘေးထွက်ဆိုးကျိုးမှမရှိချေ။ ၎င်းကို အသုံးပြု၍ သူတော်စင် အဆင့်သို့ ချိုးဖျက်ခြင်းဖြင့် မိမိ၏ အခြေခံအုတ်မြစ်ကို ထိခိုက်စေလိမ့်မည် မဟုတ်။

သို့သော် ရန်ကိုင်သည် အဆင့်ချိုးဖျက်တက်ရန် မည်သည့် ပြင်ပတွန်းအားပေး အကူအညီကိုမှ မလိုချေ။ သူ့ကိုယ်ပိုင် ခွန်အားကို အသုံးပြုပြီး အဆင့်ချိုးဖျက်တက်ခြင်းဖြင့်သာ အကောင်းဆုံးသော အကျိုးအမြတ်ကို ရရှိနိုင်လိမ့်မည်ဟု အမြဲတစေ ယုံကြည်နေခဲ့သည်။

ဆေးဖော်စပ်ခြင်းသည် အကောင်းဆုံးသော အထောက်အပံ့ တစ်ခုပင် ဖြစ်လေသည်။ ဆေးဖော်စပ်ခြင်းမှ များလှစွာသော ဥာဏ်အလင်းများ၊ အစစ်အမှန်ဆေးပညာနည်းလမ်းကို လေ့လာရင်းမှ မမျှော်လင့်ထားသော အကျိုးအမြတ်များကို သူရရှိခဲ့ရသည်။

အချိန်သည် တဖြည်းဖြည်းနှင့် ကုန်ဆုံးနေခဲ့သည်။

အံ့အားသင့်ဖွယ်ရာ ဆေးဖော်စပ်ခြင်းနှင့် ပက်သက်သည့် ရလဒ်များကြောင့် တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းသည် ထုန်းရွှမ် လောကကြီးတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားနေလေပြီ။

အချို့ ကျင့်ကြံသူများဆိုလျှင် ကီလိုမီတာ သိန်းပေါင်း များစွာသော အကွာအဝေးကို ဖြတ်သန်း၍ လနှင့်ချီ အချိန်ကုန်ခံကာ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးထံ ဆေးဖော်စပ်ပေးရန် လာရောက် အကူအညီ တောင်းကြသည်။

ဆေးဖော်စပ်ပေးရန် အလို့ငှာ တောင်းဆိုရန် ရောက်လာကြသော လူတန်းရှည်ကြီးမှာ မိုင်နှင့် ချီနေခဲ့လေပြီ။ တစ်နေ့လျှင် လူအယောက်တစ်ရာထက်မက ရောက်လာနေခဲ့ရာ ထိုမျှမရှည်လျှင်သာ အထူးအဆန်း ဖြစ်ပေလိမ့်မည်။

တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးမှာလည်း လွန်စွာကိုမှ အံ့အားသင့်ဖွယ် ကောင်းလှသည်။ ဆေးစဖော်စပ်ပေးသည့် အချိန်မှစ၍ ယခုအချိန်အထိ မအောင်မြင်ခဲ့သော ဆေးလုံး ဆိုသည်မှာ မရှိသေး။ ဆေးသွေးကြောပါသော ဆေးလုံး အများကြီးကိုပင် ဖော်စပ်ပေးနိုင်သေးသည်။

တဖြည်းဖြည်းနှင့် လူအချို့သည် ထိုဆေးဝိဇ္ဇာကြီးကို ထျန်းဇန် လူအိုကြီးနှင့် စတင် နှိုင်းယှဉ်စ ပြုလာခဲ့ကြသည်။ သူတို့ နှစ်ယောက်သာ ပြိုင်လျှင် မည်သူ အနိုင်ရမလဲ ဆိုသည်ပေါ့။

သို့သော်လည်း ထျန်းဇန်လူအိုကြီးသည် လူသား မျိုးနွယ်စုသာမက နတ်ဆိုးမျိုးနွယ်စုနှင့် မွန်းစတားမျိုးနွယ်စုကပင် လေးလေးစားစား ဆက်ဆံရသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ထိုတစ်ချက်တည်းနှင့် တော်ဝင်နယ်မြေသည် ထျန်းဇန် လူအိုကြီးကို မယှဉ်နိုင်တော့ချေ။

တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီး၏ ဂုဏ်သတင်း ကျော်စောလာသည်နှင့်အမျှ ဆေးဝိဇ္ဇဦကြီးသည် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့်နှင့် သူတော်စင်အဆင့်နိမ့် ဆေးလုံးများကို သာမက သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများကိုပါ သန့်စင်ပေးလာခဲ့ရသည်။

တော်ဝင်နယ်မြေသို့ ဆေးဖော်စပ်ပေးရန် လာရောက် တောင်ဆိုသည့် လူအားလုံး စိတ်ညစ်ပြီး ပြန်သွားရသူ တစ်ယောက်မှ မရှိသေးပေ။

ထိုရက်များအတွင် ရှုဟွေနှင့် အခြားအကြီးများအားလုံး နှုတ်ခမ်းမစေ့နိုင်အောင် ပြုံးဖြီးနေခဲ့ကြသည်။ ခံစားခဲ့ရသမျှ စိုးရိမ်ပူပန်မှုများ၊ ကံဆိုးမှုများအားလုံးသည် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ အရှင်း ပျောက်ကွယ်သွားသည့်ပမာ…

တော်ဝင်နယ်မြေ၏ ရတနာဂိုဒေါင်ဆိုလျှင်လည်း သလင်းကျော်ကတုံးများ၊ အမျိုးမျိုးသော အရင်းအမြစ်များဖြင့် ပြည့်နေခဲ့လေပြီ။

ဆေးဝိဇ္ဇာကြီးသည် နောက်ပိုင်းတွင် တစ်နေ့ ဆယ်လုံးအစား တစ်နေ့ အလုံးနှစ်ဆယ် သန့်စင်ပေးမည်ဟု ကြေညာလိုက်သဖြင့် တော်ဝင်နယ်မြေ၏ ငွေရလမ်းမှာလည်း ပို၍ ကျယ်ပြန့် သွားခဲ့ရသည်။

ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုကြသူများသည် သတ်မှတ်ထားသော အခကြေးကိုသာမက ကျေးဇူးတင်သည့် အတွက် အပိုထပ်ဆောင်း လက်ဆောင်များကိုပါ ပေးသွားခဲ့ကြသည်။

တော်ဝင်နယ်မြေထဲတွင် ဆေးဝိဇ္ဇာကြီး တစ်ပါးထက်မက ပုန်းအောင်းနေသလာဟုပင် ရှုဟွေ အတွေးဝင်စ ပြုလာခဲ့သည်။

ထို့ကြောင့်သာမဟုတ်လျှင် လူတစ်ယောက်တည်းဖြင့် ဆေးလုံး အလုံးနှစ်ဆယ်ကို တစ်ရက်အတွင်း မည်သို့ သန့်စင်နိုင်မည်နည်း။

ထိုသို့လုပ်နိုင်ရန်အတွက် အနည်းဆုံး သူတော်စင် အလယ်အလတ် အဆင့် ဆေးပညာရှင်သုံးယောက် ရှိနေရန် လိုအပ်ပေသည်။

တော်ဝင်နယ်မြေ၏ ဆေးဝိဇ္ဇာကြီး ဆိုသူမှာ ရန်ကိုင် ဖြစ်ကြောင်းနှင့် တော်ဝင်နယ်မြေတွင် ဆေးဝိဇ္ဇာဆိုသူ တစ်ယောက်သာ ရှိကြောင်းကို ရှေးဟောင်းနတ်ဆိုးကလန်၏ ဗိုလ်ချုပ်ကြီးများ သိထားကြသည်။ သို့သော် ရန်ကိုင်၏ ခွင့်မပြုဘဲ ထိုလျှို့ဝှက်ချက်ကို ရှုဟွေတို့အား ထုတ်ပြောလိမ့်မည် မဟုတ်။

တော်ဝင်နယ်မြေတွင် အရင်းအမြစ် ပြတ်လတ်နေခြင်း မရှိတော့ရာ ရှေးဟောင်းနတ်ဆိုးကလန်သည်လည်း ကျင့်ကြံ‌ရေး အထောက်အပံ့များအတွက် အပြင်ထွက်ရှာစရာ မလိုတော့ချေ။

ရှုဟွေသည် ရှေးဟောင်းနတ်ဆိုးကလန်သားများအား အရင်းအမြစ် လုံလုံလောက်လောက်ကို ထောက်ပံ့ပေးခဲ့သည်။ လျှော့ပေးခြင်းမျိုး မပြုလုပ်ခဲ့။ ရှေးဟောင်းနတ်ဆိုးကလန် လိုသမျှကို လွတ်လွတ်လပ်လပ် ပေးခဲ့လေရာ လီရုန်လည်း ရှုဟွေအပေါ် အတော်လေး ကျေးဇူးတင်နေမိသည်။

———————————-

တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် အသစ်စက်စက် ဆောက်လုပ်ထားသော ကျောက်တုံးအိမ်တော်ကြီးတစ်လုံး ရှိနေခဲ့သည်။

များလှစွာသော ကျောက်သားဖြင့် ထုလုပ်ထားသည့် ခုံတန်းရှည်များ၊ စားပွဲများ ထိုအိမ်တော်ထဲတွင် ရှိပေသည်။

ယုယင်နှင့် ချုန်ယွဲ့ထုန်သည် ထိုကျောက်တုံးအိမ်တော်ထဲတွင် ထိုင်လျက် လက်ဖက်ရည်ကို တစ်ငုံချင်းစုပ်သောက်၊ စကားစမြည်လေး ပြောရင်း တန်းစီနေသော လူတန်းရှည်ကြီးကို ကြည့်နေခဲ့သည်။

နေ့စဉ် ဧည့်သည့်မပြတ် ရောက်ရှိလာနေခဲ့လေရာ လူများကြား အချင်းမများရလေအောင် အခြေအနေကို ထိန်းကျောင်းပေးရန် အနည်းဆုံး သူတော်စင်အဆင့် အကြီးအကဲ နှစ်ယောက်လောက် ရှိရန် လိုအပ်ပေသည်။ ယနေ့သည့် အကြီးအကဲ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့၏ အလှည့်ပင်။

အမျိုးသမီးနှစ်ယောက်သည် စရိုက်ချင်း မတူသော်လည်း နှစ်ယောက်စလုံး မြင်သည်နှင့် အကြည့်မလွှဲနိုင်လောက်အောင် ပြည့်စုံသော ရုပ်ရည်ရူပကာ၊ မက်မွန်းသီး မှည့်မှည့်လေးကဲသို့ အရည်ရွဲ၊ ဂျယ်လီတုံးလေးကဲ့သို့ ‌ပျော့အိအိဖြင့် မာန်ဝင့်တကြွား တည်ရှိနေသော မို့မောက်မောင် မဟာရင်အစုံ၊ ကချေသည် ခါးလေးများကဲ့သို့ အဆီမရှိ၊ ဗိုက်ချပ်ချပ်လေးဖြင့် တစ်မူထူးခြား လှပနေသော ခါးသွယ်သွယ်လေးများ၊ မတို့ထိရက်စရာ ကောင်းလှအောင် ဖြူဖွေးချောမွတ်လှသော သွယ်လျလျ ခြေတံရှည်လေးများနှင့် ရင်ကိုခုန်၊ နှာခေါင်းသွေးပင် ယိုရသည်အထိ ရစ်မူးဖွယ် ကောင်းလှသော တင်အလှတရားကဲ့သို့သော အပြစ်ဆိုရက်စရာ မရှိအောင် စွဲမက်ဖွယ်ကောင်းလှသည့် ဘုရားပေး လက်ဆောင်များကို ပိုင်ဆိုင်ထားကြသည် ဆိုသော အချက်မှာမူ တူညီကြပေသည်။

ဆေးဖော်စပ်ပေးရန် ရောက်ရှိလာကြသော ကျင့်ကြံသူများမှာ အရမ်းကိုမှ ပျင်းရီငြီးနေငွ့နေခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ ငြီးငွေ့နေသော ဝိဥာဉ်လေးများကို အပျင်းပြေသွားစေရန် နတ်သမီးလေးများသဖွယ် ကျော့ရှင်းလှပတင့်တယ်သော အကြီးအကဲများအား မကြာမကြာဆိုသလို မျက်စိ ကစားနေခဲ့ကြသည်။

ထိုအကြည့်များကြောင့် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့မှာ အတော့်ကိုမှ စိတ်မသက်မသာ ဖြစ်ကြသော်လည်း ဘာမှ ပြန်မလု်ပနိုင်ခဲ့။ အများဆုံးမှာ သူမတို့အား မမြင်ရလေအောင် တော်ဝင်နယ်မြေမှ တပည့်အချို့ကို ကျောက်တုံးအိမ်တော်ရှေ့ ကာထားခိုင်းလိုက်ရုံသာ။

သူတို့၏ အလုပ်မှာ ကျင့်ကြံသူများကြား အချင်း မများစေကောင် ထိန်းကျောင်းဖို့ ဖြစ်လေရာ ပုံမှန်အားဖြင့် ဘာမှ လုပ်စရာမရှိဟုပင် ဆိုနိုင်လေသည်။

ရောက်လာသူ အများစုသည် အရမ်းကိုမှ ယဉ်ယဉ်ကျေးကျေး ပြုမူနေထိုင်ကြကာ ရှေ့သို့ကျော်တက်ခြင်း၊ ပြဿနာရှာခြင်းမျိုး မလုပ်ရဲကြ။

ရံဖန်ရံခါ စောင့်ရသည်ကို စိတ်မရှည်သဖြင့် အဆင့်အတန်းကို အသုံးချကာ ကျော်တက်ရန် လုပ်သူများ ရှိသော်လည်း တော်ဝင်နယ်မြေမှ တပည့်များက ဘာမှမလုပ်ရသေးခင်မှာဘဲ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသော အမျိုးမျိုးသော ကျင့်ကြံသူများကို ထိုလူများကို ရှင်းထုတ်သွားခဲ့ကြလေသည်။

ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုကြသူ အများစုမှာ မသေမျိုးအဆင့်များ ဖြစ်ကြသော်လည်း သူတော်စင်အဆင့်မှာလည်း မနည်းပါချေ။

လူတန်းကို အတင်းကျော်တက်၍ ထိုပညာရှင်များ၏ ဒေါသကို ဆွလိုက်ခြင်းမှာ ကောင်းမွန်သော ရလဒ် ရမည် မဟုတ်သည်မှာ အသေအချာပင်။

ထို့ကြောင့် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့မှ လက်ဖက်ရည်လေး သောက်လျက် အေးအေးဆေးဆေး ထိုင်နေရုံသာ။

လူတန်းရှည်ကြီး၏ အဆုံးပိုင်းနားလောက်တွင် မိန်းမငယ်လေး နှစ်ယောက်နှင့် သက်လတ်ပိုင်းလူကြီးတစ်ဦးပါသော အဖွဲ့တစ်ဖွဲ့ ရှိနေခဲ့သည်။

သက်လတ်ပိုင်းလူကြီးသည် သူ့ရှေ့ရှိ လူတန်းရှည်ကြီးကို ကြည့်ရင်း အချိန်နှင့်အမျှ သက်ပြင်း ထပ်တလဲလဲ ချနေခဲ့သည်။

ယခု သူ့ရှေ့တွင် စောင့်ဆိုင်နေသော လူ ရာနှင့်ချီကာ ရှိနေခဲ့သည်။ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးသည် တစ်နေ့လျှင် ဆေးလုံး အလုံးနှစ်ဆယ်သာ သန့်စင်ပေးလေရာ သူတို့ အလှည့် ရောက်ရန်ဆိုလျှင် အနည်းဆုံး တစ်လလောက် စောင့်ရန် လိုအပ်ပေသည်။

မိန်းမငယ်လေး နှစ်ယောက်ထဲမှ တစ်ယောက်သည် တောင်ထွတ်ကိုးလုံးဆီသို့ ရှုပ်ထွေးသော အမူအရာဖြင့် လှမ်းလှမ်း ကြည့်နေခဲ့သည်။

ခဏအကြာတွင် သက်လတ်ပိုင်းလူကြီးက ရုတ်တရက် တိုးတိုးလေး ပြောလိုက်သည် “ရွမ်အာ။ သမီးက ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင်နဲ့ အသိမလား။ အဖေလိုချင်တဲ့ ဆေးလုံးကို မြန်မြန် သန့်စင်ပေးပါလို့ သမီး သွားတောင်းဆိုပေးလို့ မရဘူးလား။ အဲ့ဆေးဝိဇ္ဇာက တော်ဝင်နယ်မြေကဆိုတော့ တော်ဝင်သခင်ရဲ့ အမိန့်ကို မနာခံဘဲ မနေလောက်ပါဘူး”

“သမီးက သူနဲ့ သိရုံပဲသိတာလေ။ ဒီလောက်ကြီး ရင်းနှီးတာမှ မဟုတ်တာ။ ဘယ်လိုလုပ်ပြီး အဲ့လို အရှက်မရှိ သွားတောင်းဆိုလို့ ဖြစ်ပါ့မလဲ။ သူက သမီးကို မေ့နေရင်တောင် မေ့နေလောက်မှာ” မိန်းမငယ်လေးက အားတင်ပြုံးကာ ပြန်ပြောလိုက်သည်။

သူမ ထိုကဲ့သို့ ပြောလိုက်ခင်မှာဘဲ အနားတွင် ရှိနေသော မိန်းမငယ်လေးက နှာခေါင်းရှုံ့၍ “ဒီလောက်ကြီး မရင်းနှီးပါဘူး ဟုတ်လား။ ငါနားကြားများ မှားသွားတာလား။ နင်နဲ့သူ…”

“ရှင်းယု” ပထမ မိန်းကလေးက ထိုမိန်းကလေးအား စူးစူးရဲရဲ စိုက်ကြည့်လိုက်ရာ ရှင်းယုဆိုသော မိန်းကလေးလည်း လက်မြောက်၍ အရှုံးပေးဟန်ဖြင့် “ကောင်းပြီ၊ ကောင်းပြီ။ ငါဘာမှ မပြောဘူးလို့သာ သဘောထားလိုက်။ ကာယကံရှင်က နင်ဆိုမှတော့ နင်သဘောပဲပေါ့။ နောက်မှ နောင်တမရနဲ့”

ထိုအခြင်းအရာကို မြင်သည့်အခါ သက်လတ်ပိုင်းလူကြီးက ကိုးယိုးကားယား အမူအရာဖြင် ပြုံးလျက် “ရွှယ်အာရယ်၊ သမီးတို့ ဘယ်လောက်ပဲ မရင်းနှီးပါစေ၊ ကြိုးစားလိုက်ရုံ အရှုံးမရှိဘူးမလား။ ဘာပဲဖြစ်ဖြစ်၊ တော်ဝင်သခင်က အဖေတို့ လွတ်လပ်သော အဖွဲ့အစည်းရုံ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့တာပဲလေ။ အဲ့ဒါကိုတော့ သူမမေ့လောက်ပါဘူး”

“သူက လွတ်လပ်သော အဖွဲ့အစည်းကို လာလည်ရုံပဲ လာလည်ခဲ့တာပါလို့ အဖေ့ကို ပြောပြီးသာလေ။ လွတ်လပ်သော အဖွဲ့အစည်းရဲ့ တပည့်ဖြစ်ပါတယ်လို့ ဘာလို့ ထပ်တလဲလဲ ပြောနေရတာလဲ” မိန်းမငယ်လေးက ဒေါသတကြီး ခြေဆောင့်လိုက်ပြီး “နှစ်ယောက်တည်းရှိလို့ ပြောရင် ဘာမှမဖြစ်ဘူး။ အခုက လူမြင်ကွင်းကြီးမှာလေ။ အခြားလူတွေ ကြားသွားမှဖြင့် အရှက်မရှိ ကြွားနေတယ်ဆိုပြီး ထင်ကြကုန်ဦးမယ်”

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၃) တစ်ယောက်ပြီးတစ်ယောက်

သူသမီးစကားကြောင့် သက်လတ်ပိုင်းလူကြီး မဲ့ပြုံးသာ ပြုံးလိုက်မိသည်။

လွတ်လပ်သောအဖွဲ့အစည်းသည် အရမ်းကြီး အားကောင်းသော အဖွဲ့အစည်းတစ်ခုမဟုတ်။ မသေမျိုး တတိယအဆင့်ဖြစ်သည် သူခေါင်းဆောင်သော အင်အားစုလေး တစ်ခုသာ ဖြစ်သည်။

ထုန်းရွှမ်လောကကြီးတွင် သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ပင် မရှိသော အင်အားစုကို မည်သူမှ အထင်မကြီးချေ။

ထို့ကြောင့် သက်လတ်ပိုင်းလူကြီးသည် သူတော်စင် အဆင့်သို့ ရောက်ရန် ကျားကုတ်ကျားခဲ ကြိုးစားခဲ့သည်။ မကြာသေးခင်က ဈာန်ဝင်စားသော အခြေအနေသို့ ဝင်ရောက်နိုင်ခဲ့ပြီး တစ်သက်သာ မက်ခဲ့ရသော အိမ်မက်ကို အကောင်အထည် ဖော်နိုင်မည့် အခွင့်အလမ်းကို မြင်တွေ့ခဲ့ရသည်။ သို့သော် ပင်ကိုယ် အရည်အချင်း ကင်းမဲ့မှုကြောင့် ထိုအခွင့်အလမ်းကို အမိအရ မဖမ်းဆုပ်နိုင်ခဲ့ချေ။

ထို့ကြောင့် ဆေးပညာရှင်တစ်ယောက်ရှာပြီး သူ့အတွက် ကောင်းကင်ခိုးယူခြင်းဆေးလုံး တစ်လုံးလောက် သန့်စင်ခိုင်းရန် ဆုံးဖြတ်လိုက်သည်။

ဓနအင်အား၊ လူအင်အားများစွာ အသုံးပြုပြီးနောက် ထိုဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သော ဆေးအမယ်များကို စုဆောင်းနိုင်ခဲ့လေသည်။ သို့သော် သင့်လျော်သော ဆေးပညာရှင် တစ်ယောက် မရှာနိုင်ခဲ့ ဖြစ်နေခဲ့သည်။

ကျော်ကြားသော ဆေးဝိဇ္ဇာကြီးများဆီ အကူအညီ သွားတောင်းရန် အရမ်းကိုမှ ခက်ခဲလှသည်။ တစ်ယောက် ချင်းစီတိုင်းသည် နောက်တစ်နှစ်လောက်အထိ အချိန်ဇယား ပြည့်နေကြသူများ ဖြစ်သဖြင့် သက်လတ်ပိုင်းလူကြီး လွန်စွာကိုမှ အကြပ်ရိုက်နေခဲ့ရသည်။

ထိုအချိန်မှာပဲ တော်ဝင်နယ်မြေမှ ဆေးဝိဇ္ဇာကြီးအကြောင်း သတင်း ကြားလိုက်ရကာ ဘုရားကောင်းချီးပေသည့် အခွင့်အရေး တစ်ခုကို မြင်တွေ့လိုက်ရပြီမှန်း သိလိုက်သည်။

သူ့သမီးသည် တော်ဝင်သခင်သစ်နှင့် နည်းနည်းပါးပါး ရင်းနှီးထားသည်မှန်း သူသိသည်။ ထိုသို့မဟုတ်၊ သူ့သမီးနှင့် တော်ဝင်သခင်သစ်ကြားမှ ဆက်ဆံရေးသည် မရိုးရှင်းသည်လည်း ဖြစ်နိုင်သည်။

ကံမကောင်းစွာဖြင့် သူမည်မျှပင် မေးပါစေ၊ သူ့သမီးက အမှန်တရားကို ပြောရန် အကြောက်အကန် ငြင်းနေခဲ့သည်။

ထို့ကြောင့် ကံစမ်းမိလိုမိငြား သူ့သမီးကိုပါ တော်ဝင်နယ်မြေသို့ အတူ ခေါ်လာခဲ့လိုက်သည်။

ရှည်လျားလှသည့် လူတန်းရှည်ကြီးကိုကြည့်ရင်း ထိုလူလည်း အတော်လေး ထိတ်လန့်နေခဲ့ရသည်။ တော်ဝင်နယ်မြေသို့ ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသူ ထိုမျှ များလိမ့်မည်ဟု သူတကယ်ကို မထင်ထားခဲ့ချေ။

သူ့သမီး၏ အဆက်အသွယ်ကို မသုံးနိုင်သဖြင့် ကံကြမ္မာ အလိုကျ တန်းစီစောင့်ရန်သာ ဆုံးဖြတ်လိုက်သည်။

အများဆုံးမှ တစ်လ စောင့်ရရုံသာ ရှိပေသည်။

တကယ်တမ်း သေချာ စဉ်းစားကြည့်မည် ဆိုပါက တစ်လ ဆိုသော အချိန်သည် သူတို့အတွက် အရမ်းကြီး မကြာလေရာ သက်လတ်ပိုင်းလူကြီးလည်း ဘာမှ ထပ်မပြောတော့ချေ။

ထိုအချိန်မှာပဲ မသေမျိုးတတိယအဆင့် ပညာရှင် တစ်ယောက် လိုက်ပါစောင့်ကြပ်လာသော မိန်းမငယ်လေးတစ်ယောက် ပျံသန်းလာခဲ့သည်။

နီးကပ်လာသည့်အခါ တန်းစီနေသော လူတန်းရှည်ကြီးကို ကြည့်ပြီး အလန့်တကြားဖြင့် ပါးစပ်လေးကိုအုပ်လျက် “လူတွေ အများကြီးပဲ။ သူတို့အကုန်လုံးက ဆေးဖော်စပ်ပေးဖို့ လာအကူအညီ တောင်းကြတဲ့လူတွေလား”

သူမဘေးတွင် ရပ်နေသော မသေမျိုးတတိယအဆင့် ပညာရှင်က လူတန်းရှည်ကြီးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး အသာအယာ ခေါင်းညိတ်လျက် “သခင်မလေး၊ လာတဲ့ လမ်းတုန်းက တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီး ဘယ်လောက်တော်ကြောင်းကို ကျုပ်သတင်းတွေ အများကြီး ကြားခဲ့တယ်။ အဲ့ဆေးဝိဇ္ဇာကြီးက ဆေးဖော်စပ်တာ တစ်ခါမှ မကျရှုံးသေးဘူးတဲ့။ သူဖော်စပ်လိုက်တဲ့ ဆေးလုံးတိုင်းကလည်း ထိပ်တန်းအဆင့်တွေချည်းပဲတဲ့။ ဒါကြောင့် လူအများကြီး ရောက်လာတာပဲ”

“တော်လိုက်တာ။ အဲ့အစုတ်ပလုတ်ကောင် ဘာတွေများ လုပ်လိုက်လို့ ဒီလောက်ဆေးဝိဇ္ဇာက တော်ဝင်နယ်မြေအတွက် အလုပ်လုပ်ပေးနေရတာလဲမသိဘူး” မိန်းမငယ်လေးက သွားပေါ်အောင် ပြုံးဖြီးလျက် တောင်ထွတ်ကိုးလုံးဆီ လှမ်းကြည့်လိုက်သည်။

“သခင်မလေး၊ ကျုပ်တို့ကော တန်းစီရမလား” အစောင့်အရှောက်က မေးလိုက်သည်။

“ဟွန့်၊ ဘာလို့ စောင့်ရမှာလဲ။ သူကို တိုက်ရိုက်ပဲ သွားရှာမှာပေါ့။ ငါ့ကို မမှတ်မိချင်ယောင် ဆောင်ရဲဆောင်ကြည့်၊ မှတ်လောက်သားလောက်အောင် သင်ခန်းစာ ပေးပစ်မှာ” မိန်းမငယ်လေးသည် နှာခေါင်းရှုံ့လျက် ခေါင်းကိုမော့၊ ရင်ကိုကော့ကာ ရှေ့ဆက်လျှောက်သွားလိုက်သည်။

သို့သော် တစ်လှမ်း၊ နှစ်လှမ်း လှမ်းပြီးချိန်မှာပဲ မျက်မှောင် ကြုံ့သွားခဲ့ရပြီး လူတန်းရှည်ကြီး၏ နောက်ဆုံးပိုင်းသို့ လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာထက် အံ့အားသင့်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာခဲ့ပြီး ပျော်ရွှင်စွာ ပြုံးလျက် ထိုနေရာသို့ လမ်းလျှောက်သွားကာ “ယွန်ရွှမ်၊ နင်လည်း ဒီရောက်နေတာလား”

အတွေးထဲနစ်မျောနေသော ယွန်ရွှမ်၊ ထိုလူသစ်ကို သတိမပြုမိသေး။ သူမနာမည်ခေါ်သံ ကြားလိုက်မှပဲ ငေးငိုင်နေရာမှာ အသိပြန်ဝင်လာပြီး သူမဆီ လမ်းလျှောက်လာနေသော မိန်းမငယ်လေးကို လှမ်းကြည့်လိုက်လေသည်။

“ရွှေးလင်လား” ယွန်ရွှမ်လည်း အံ့အားသင့်နေသည့် အသံလေးဖြင့် ပြန်မေးလိုက်သည်။ ထို့နောက် သူမ၏ မျက်နှာလေးထက် အပြုံးလှလှလေးတစ်ပွင့် ပွင့်လန်းလာခဲ့ပြီး “နင်ဒီကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”

“ဟိုအစုတ်ပလုတ်ကောင်ကို လာတွေ့တာလေ။ သူအခု ဘုံကိုးခုထွတ်မြတ်နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်နေပြီတဲ့။ နှစ်နည်းနည်းလေး မတွေ့လိုက်ရတာနဲ့ သစ်ကိုင်းတွေ ခုန်ကူးနေတဲ့ မျောက်က နဂါးတစ်ကောင် ဖြစ်လာတယ်နဲ့ တူပါတယ်ဟာ။ ဒီလောက် အရေးကြီးတာကိုတောင် ငါ့ဆီ အကြောင်းမကြားဘူး။ ပြီးတော့ သူအသက်ရှင်နေသေးတယ် ဆိုတာကိုလည်း ငါ့ဆီ စာပို့ပြီး အကြောင်းမကြားဘူး။ ငါ့မှာတော့ သူ့ကို စိတ်ပူလိုက်ရတာ။ ဟွန့်၊ ကြည့်နေ၊ ငါတောက်လျှောက် စိတ်ပူခဲ့ရတာတွေ အားလုံးအတွက် သူ့ဆီကနေ လျော်ကြေးပြန်တောင်းရမယ်”

ရွှေးလင် စိတ်လွတ်ကိုယ်လွတ် ပြောနေသည်ကို မြင်သော် ယွန်ရွှမ်လည်း မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

“နင်ဒီကို ဆေးဖော်စပ်ချင်လို့ ရောက်လာတာလား” ရွှေးလင်က ကောက်မေးလိုက်သည်။

“အင်း”

“အဲ့လိုဆိုရင် ဘာလို့ ဒီမှာ ရပ်စောင့်နေတာလဲ။ တိုက်ရိုက် ဝင်သွားလိုက်လေ” ရွှေးလင် နားမလည်နိုင် ဖြစ်နေခဲ့လေပြီ။

“ဒါပေမယ့်… အခြားသူတွေက တန်းစီပြီး စောင့်နေကြတာလေ။ ပြီးတော့…” ပြောနေရင်း ယွန်ရွှမ်၏ အသံလေး တိုးသထက်တိုးလာခဲ့ပြီး သူမ၏ မျက်နှာလေးမှာလည်း ရှက်ရွံ့မှုကြောင့် နီမြန်းလာခဲ့သည်။

“နင်ဘာတွေ ကြောက်နေတာလဲ။ အခြားသူတွေက စောင့်ချင် စောင့်ရမှာပေါ့။ ဒါပေမယ့် နင်က … သူ့အတွက် သူစိမ်းမှ မဟုတ်တာကို”

“မဟုတ်ဘူး။ ငါအဆင်ပြေတယ်။ ဒီမှာပဲ ဆက်စောင့်မယ်” ယွန်ရွှမ် တုန်ဆိုင်းနေခဲ့သည်။

သူမ၏ အမူအရာကို မြင်သော် ရွှေးလင်၏ အမူအရာ အေးစက်သွားခဲ့ပြီး ရုတ်တရက် ကောက်ပြောလိုက်လေသည် “ဘာလဲ၊ အဲ့အစုတ်ပလုတ်ကောင်က စားပြီး နားမလည်တဲ့လူလို လုပ်သွားတာလား။ အဲ့လိုလုပ်လို့ မရဘူးလေ။ ဘုံကိုးခုထွတ်မြတ် နယ်မြေရဲ့ တော်ဝင်သခင် ဖြစ်နေရင်တောင် ဒီလောက်တော့ အရှက်မမဲ့သင့်ဘူး”

“အကျယ်ကြီး မပြောနဲ့” ယွန်ရွှမ်မျက်နှာ နီးမြန်းသွားခဲ့ပြီး ရွှေးလင်အား အလျင်စလို လှမ်းတားလိုက်ရဿည်။

ရွှေးလင်စကားကြောင့် အနီးအနားတွင် ရှိနေသော တော်ဝင်နယ်မြေ၏ တပည့်များသည့် ရန်စောင့်သည့် အကြည့်များဖြင့် သူတို့အား ကြည့်လာခဲ့ကြလေပြီ။ ထိုအကြည့်များကြောင့် ရွှေးလင်သည် ရွှတ်နောက်နောက် အမူအရာဖြင့် လျှာလေးကိုသာ ထုတ်ပြလိုက်ပြီး မဆင်မခြင် ဘာမှ ထပ်မပြောရဲတော့ချေ။

ရန်ကိုင်ရှေ့တွင် ဆိုးချင်သလို ဆိုး၍ ရသော်လည်း တော်ဝင်နယ်မြေမှ တပည့်များရှေ့တွင် တော်ဝင်သခင် မကောင်းကြောင်းကို သွားပြောမိပါက ထိုတပည့်များ၏ ဒေါသကို ရန်စသလို ဖြစ်သွားပေါ်လိမ့်မည်။

“ရွှမ်းအာ၊ ဒီမိန်းကလေး…” ယွန်ရွှမ်နောက်တွင် ရပ်နေသော သက်လတ်ပိုင်းလူကြီးက ရှေ့သို့တိုးကာ မေးလိုက်သည်။

“အို၊ သူက ရေဝိဥာဉ်ဘုရားကျောင်းရဲ့ မင်းသမီးလေး ရွှေးလင်လေး။ အရင်းတုန်းက အဖေ့ကို သမီး သူ့အကြောင်း ပြောပြဖူးတယ်လေ”

“အို၊ ဒီတော့ ဒီမိန်းမလှလေးက သခင်မလေးရွှေးလင်ကိုး” သက်လတ််ပိုင်းလူကြီးက အနည်းငယ် အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်ပြီးနောက် လေးလေးစားစားဖြင့် လက်သီး ဆုပ်လျက် “ဒီတစ်ယောက်က လွတ်လပ်သောအဖွဲ့အစည်းရဲ့ အဖွဲ့အစည်းခေါင်းဆောင် ယွန်ချန်ပါ”

“တွေ့ရတာဝမ်းသာပါတယ် ဦးလေးယွန်” ရွှေးလင်က ချိုသာစွာ ပြုံးလိုက်ပြီး ပြန်နှုတ်ဆက်လိုက်သည်။

“ရေဝိဥာဉ်ဘုရားကျောင်းက မင်းသမီးလေး ဆိုတဲ့အတိုင်း တကယ်ကို တော်တာပဲနော်။ ဒီလောက် ငယ်ငယ်လေး မသေမျိုး အဆင့်ကို ရောက်နေပြီ။ သမီးရဲ့ အနာဂတ်တောက် ထွန်းတောက်နေမှာ မြင်ယောင်မိသေးတယ်” ယွန်ရွှမ်က ရွှေးလင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အမွှန်းတင်ချီးကျူးစကား ဆိုလိုက်သည်။

ယွန်ရွှမ်သည် ရွှေးလင်ထက် ကြီးသော်လည်း ရွှေးလင်ထက် ကျင့်ကြံခြင်း အဆင့်နိမ့်ပေသည်။ ထိုကဲ့သို့ ကွာခြားသွားရခြင်းမှာ အင်အားစုနှစ်ခုကြားရှိ အရင်းအမြစ် ကွာခြားချက်ကြောင့်ပင် ဖြစ်သည်။

“ဦးလေးယွန်က အရမ်း ယဉ်ကျေးနေတာပဲ။ သမီးက အဆင့်ချိုးဖျက်ထားတာတောင် ကြာသေးတာမဟုတ်ဘူး။ အခုထိ ကျင့်ကြံခြင်းကို တည်ငြိမ်အောင် မလုပ်ရသေးဘူး” ရွှေးလင်က ယဉ်ယဉ်ကျေးကျေး အမူအရာဖြင့် ပြန်ပြောလိုက်သည်။ ပိုးသားကဲ့သို့ နူးညံ့လှသော သူမ၏ ပြာလဲ့လဲ့ ဆံကေသာလေးများသည် လေအဝှေ့တွင် တလူလူ ဝဲလွင့်နေရာ ထိုဖမ်းစားနိုင်စွမ်း ပြင်းလှသော အလှတရားကြောင့် အနားတွင် ရှိနေသော လူများမှာ သူမအား လှမ်းလှမ်း မကြည့်ဘဲ မနေနိုင်အောင် ဖြစ်နေခဲ့ရလေသည်။

“ဒါက ရွမ်ရှင်းယု၊ ငါ့သူငယ်ချင်းလေ” ယွန်ရွှမ်က ရွှေးလင်အား သူမဘေးတွင် ရပ်နေသော မိန်းကလေးနှင့် မိတ်ဆက်ပေးလိုက်သည်။

ရွှေးလင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ပြန်လည် နှုတ်ဆက်လိုက်သည်။

“မိန်းကလေးရွှေးလင်က တော်ဝင်နယ်မြေထဲ တိုက်ရိုက်သွားပြီး တော်ဝင်သခင်ကို သွားရှာဖို့ လုပ်နေတယ်လို့ ကျုပ်ကြားလိုက် သလားလို့” ယွန်ချန်က လေသံကိုနှိမ့်လျက် မေးလိုက်သည်။

“ဟုတ်တယ်။ ကျွန်မက သူ့မိတ်ဆွေဟောင်း တစ်ယောက်ပဲ။ ကျွန်မ သူနဲ့ မတွေ့တာတောင် တော်တော်လေး ကြာနေပြီ။ အခုမှပဲ သူတော်ဝင်သခင် ဖြစ်နေမှန်း သိလိုက်ရတာ… ဟုတ်တယ်။ ရောက်တုန်းရောက်ခိုက်လေး သူ့ကို ဆေးလုံးတွေအများကြီး သန့်စင်ခိုင်းရမယ်… ဦးလေးယွန်ကော လိုက်ချင်လို့လား။ ယွန်ရွှမ်လည်း ကျွန်မ မိတ်ဆွေလို့ ပြောလို့၇တယ်”

“အဲ့ဒါ သင့်တော်ပါ့မလား” ယွန်ချန် အနည်းငယ် တုန့်ဆိုင်းနေမိသည်။

“ဘာလို့ မသင့်တော်ရမှာလဲ။ ကျွန်မက ဒီမှာ တန်းစီစောင့်နေတဲ့ လူတွေလိုမဟုတ်ဘူး။ သူ့ကို တွေ့ချင်လို့ သက်သက်ပဲ ရောက်လာခဲ့တာ” ရွှေးလင်က ပြုံးကာ ပြောလိုက်သည်။

“အဲ့လိုဆိုရင်… ဦးလေးလည်း ယဉ်ကျေးမနေတော့ဘူးနော်။ အခုလို လိုက်ခွင့်ပေးလို့ မိန်းကလေး ရွှေးလင်ကို ကျေးဇူးအများကြီး တင်ပါတယ်” ယွန်ချန် ဆက်ပြီး ငြင်းမနေတော့။ အပြုံးကြီးပြုံးလျက် ရွှေးလင်၏ ကမ်းလှမ်းချက်ကို လက်ခံ လိုက်လေသည်။

“ဦးလေးယွန်ကလည်း… အဲ့လိုမျိုး ကိန်းကြီးခန်းကြီးတွေ လုပ်နေစရာ မလိုပါဘူး”

ပြောပြီးသည်နှင့် ရွှေးလင်သည် ကျောက်တုံးအိမ်တော် ရှိရာဘက်သို့ လမ်းလျှောက်သွားလိုက်လေသည်။ ယွန်ချန်လည်း သူမနောက်မှ အလျင်စလို ပြေးလိုက်သွားလေသည်။

ယွန်ရွှမ်သည် တုန့်ဆိုင်းမိနေဆဲ။ သို့သော် ရွမ်ရှင်းယုမှ နောက်မှ တွန်းပို့နေလေရာ သူမလည်း မလိုက်မဖြစ် လိုက်သွားရတော့သည်။

သူမတို့၏ လုပ်ရပ်ကြောင့် တန်းစီစောင့်ဆိုင်းနေသော လူများသည် သူမတို့အား ရန်စောင်၊ မကျေနပ်သည့် အကြည့်များဖြင့် ကြည့်လာကြလေသည်။

တန်းစီစောင့်နေသော လူများသည် ဆေးဖော်စပ်ပေးဖို့ တောင်းဆိုရန် ရောက်လာကြသူများ ဖြစ်သလို တော်ဝင်နယ်မြေမှ ချမှတ်ထားသော စည်းကမ်းကို လိုက်နာကြသူများလည်း ဖြစ်ကြသည်။ ထို့ကြောင့် တစ်ယောက်ယောက်မှ စည်းကမ်းကို ချိုးဖျက်၍ တန်းမစီပဲ ကျော်တက်ရန် ကြိုးစားနေသည်ကို မြင်သော်အခါ သူတို့ မကျေနပ်ဘဲ နေမည်လား။

သို့သော် ရွှေးလင်နှင့် သူမအဖွဲ့ ဘာလုပ်ချင်နေလဲ ဆိုသည်ကို သေသေချာချာ မသိသေးလေရာ မည်မျှမှ အရင်ဆုံး မလုပ်ရှားသေးကြ။ အခြေအနေကို အရင်လေ့လာပြီးမှသာ မည်သို့ ဆက်လုပ်ရမည်ကို စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

ရွှေးလင်သည် ကျောက်တုံးအိမ်တော်ထဲသို့ တည်တည်ငြိမ်ငြိမ်ဖြင့် ဝင်သွားပြီး သူမ ဘယ်သူဘယ်ဝါ၊ ဘာကြောင့် ရောက်လာရကြောင်းအား အကြီးအကဲ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့အား ရှင်းပြလိုက်ရာ အကြီးအကဲ နှစ်ယောက်စလုံး မျက်မှောင်ကြုံ့သွားခဲ့ကြရလေသည်။

ရန်ကိုင် တော်တင်သခင် ရာထူးကို စတင် လက်ခံလိုက်သည့် အချိန်ကတည်းက သူ့အား မည်သူမှ လာမရှာခဲ့ကြရာ အကြီးအကဲများလည်း သူမိတ်ဆွေများအကြောင်း နည်းနည်းမျှပင် မသိထားကြချေ။

သို့သော် တစ်ယောက်ယောက်မှ သူသည် ရန်ကိုင်နှင့် မိတ်ဆွေဟောင်းများ ဖြစ်သည်ဟု ပြောလာနေခဲ့ရာ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့အနေဖြင့် ထိုလူများအား မလေးမစား မလုပ်ရဲ၊ ရိုးရိုးရှင်းရှင်းသာ ပြန်ပြောလိုက်သည် “တော်ဝင်သခင်ကို အရင်ဆုံး မေးကြည့်လိုက်ပါဦးမယ်။ ဒီမှာ ခဏလောက် စောင့်နေပေးလို့ ရမလား”

“ရပါတယ်။ ကိစ္စမရှိဘူး” ရွှေးလင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ စိတ်ထဲတွင်လည်း သူ့ကို တွေ့ရန် သက်သက်နှင့် ကီလိုမီတာ သောင်းကျော်ကို ဖြတ်လာခဲ့ရသော သူမအား အပြင်တွင် အကြာကြီး စောင့်ခိုင်းစေခဲ့သော ရန်ကိုင်ကို တွေ့သည်နှင့် မှတ်လောက်သားလောက်အောင် သင်ခန်းစာ ကောင်းကောင်းပေးမည်ဟုလည်း တေးထားလိုက်လေသည်။

ဤသည်မှာ လူကို အနိုင်ကျင့်ခြင်း ဖြစ်သည်။

ရန်ကိုင်အား မည်သို့မည်ပုံ လက်စားချေရန် စိတ်ထဲတွင် ကြိတ်စဉ်းစားနေတုန်း တော်ဝင်တပည့်တစ်ယောက်သည် ထိုသတင်းကို တောင်ထွတ်ကိုးလုံးဆီသို့ သွားပို့လေသည်။

ရွှေးလင်းတို့ရောက်ပြီး သိပ်မကြာခင်မှာဘဲ၊ ရန်ကိုင်ဆီ သတင်သွားပို့သော တပည့် ပြန်မရောက်သေးခင်မှာဘဲ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ထပ်ရောက်လာခဲ့သည်။ ထိုအဖွဲ့သည်လည်း ရွှေးလင်တို့ ကဲ့သို့ပင် တန်းမစီဘဲ ကျောက်တုံးအိမ်တော်ဆီသို့သာ တိုက်ရိုက် လမ်းလျှောက်သွားလေသည်။

ထိုအဖွဲ့သည် တကယ်ကိုမှ မျက်စိဖမ်းစားစရာ ကောင်းလှသည်။ အကြောင်းမှာ တစ်ဖွဲ့လုံးသည် ဆံဖြူလူအိုကြီးများ ဖြစ်နေသောကြောင့်ပင်။ သို့သော် သူတို့ ဝတ်စားထားသော အဝတ်အစားများအရ ထိုလူအိုကြီး အားလုံးသည် အဆင့်အတန်းတစ်ခုထိ ရှိပြီးသော လူများ ဖြစ်ကြမှန်း တန်းသိနိုင်သည်။

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့နှစ်ယောက် အံ့အားသင့်နေကြသည်။

ထိုလူများ၏ ကျင့်ကြံခြင်းသည် မြင့်မားခြင်းမရှိ။ အကုန်လုံးသည် မသေမျိုး ဒုတိယအဆင့် ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် မသေမျိုးတတိယအဆင့်များ ဖြစ်ကြသည်။ အဖွဲ့ထဲတွင် သူတော်စင်အဆင့် တစ်ယောက်ပင် မပါချေ။ သို့သော် အကုန်လုံးသည် မည်သူ့ကိုမှ မျက်စိထဲမထည့်၊ မာနတစ်ခွဲသား အမူအရာဖြင့် ရှိနေခဲ့သည်။

ကျောက်တုံးအိမ်တော်ရှေ့သို့ ရောက်သည်နှင့် လအိုကြီး များထဲမှ တစ်ယောက်သည် ယုယင်နှင့် ချန်ယွဲ့ထုန်တို့ဆီ လမ်းလျှောက်သွားလိုက်ပြီး ပြုံးကာ တည်တည်ငြိမ်ငြိမ်ဖြင့် မေးလိုက်သည် “အမျိုးသမီးတို့၊ ဒီနေရာက ဘုံကိုးခုထွတ်မြတ် နယ်မြေလား မသိဘူး”

အကြီးအကဲနှစ်ယောက်စလုံး ချက်ချင်း မျက်မှောင် ကြုံ့သွားခဲ့သည်။

သူမတို့နှစ်ယောက်သည် ငယ်သေးကြသော်လည်း နှစ်ယောက်စလုံးသည် သူတို့၏ ခွန်အားကို မဖုံးကွယ်ထားကြ။ သူတော်စင်အဆင့် ဆိုသော ခွန်အားကို ထုတ်ပြထားကြသည်။

သူတို့ထက် ခွန်အားနည်းသော မည်သူမှ သူမတို့အား ထိုကဲ့သို့ မခေါ်ရဲကြချေ။ သူတို့စိတ်ထဲ ထိုလူအိုကြီးသည် စီနီယာဆိုသော အဆင့်အတန်းကို မှီခို၍ သူတို့အပေါ် နှိမ်နေခြင်းဖြစ်သည်ဟု တွေးမိသွားကြသည်။

သို့သော် လူအိုကြီး ပြောသွားသည့်ပုံနှင့် သူ့လေသံ အနေအထား အရ ထိုလူအိုကြီးသည် သူမတိုအား မလေးမစားဖြင့် ပြောနေသည်မဟုတ်။ လေးစားသမှုထား၍ ပြောနေခြင်းဖြစ်မှန်း သိနိုင်သည်။

ထို့ကြောင့် ယုယင်နှင့် ချုန်ယဲ့ထုန်တို့လည်း အလျင်အမြန် ထ၍ ခေါင်းညိတ်ကာ “ဟုတ်ပါတယ်”

“ဒီနေရာရဲ့ သခင်က ရန်ကိုင်လို့ ခေါ်တယ်မလား”

“အင်း”

“ဟုတ်သွားပြီ။ တော်သေးလို့ ငါတို့လာတာ နေရာမှန်သွားတယ်။ ဒီလောက် တောင်တွေ၊ မြစ်တွေ အများကြီးကို ကျော်ဖြတ်လာရတာ ဒီလူအိုကြီးရဲ့ အရိုးအိုကြီးတွေ ညောင်ကုန်းပါပြီကွာ” လူအိုကြီးက စိတ်သက်သာရာရသွားသည့် ပုံစံဖြင့် သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့အပေါင်းအပါများကို လှမ်းပြောလိုက်လေသည် “ငါတို့ရောက်နေပြီ။ အရင် နားကြတာပေါ့”

ထိုစကားကို ကြားလိုက်သည့်အခါ အခြားလူအိုကြီး လေးယောက်စလုံး ပြုံးလိုက်ကြသည်။

“ဒီက လေးစားရတဲ့ ဧည့်သည်တို့ရဲ့ နာမည်ကို သိလို့ရမလား။ ပြီးတော့ ကျွန်မတို့ရဲ့ တော်ဝင်သခင်နဲ့ ဘယ်လို ပက်သက်နေတာလဲ” ယုယင် အသာအယာလေး မေးလိုက်သည်။

“ဟိုးဟိုး။ သူ့နဲ့ အလုပ်တူတဲ့ သူ့မိတ်ဆွေဟောင်းတွေ ရောက်နေတယ်လို့သာ တော်ဝင်သခင်ကို သွားပြောလိုက်” လူအိုကြီးက သူ့နာမည်ကို မပြောခဲ့။

ယုယင် ပို၍ မျက်မှောင်ကြုံ့သွားခဲ့သည်။ သို့သော် ချုန်ယွဲ့ထုန်နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဘာမှ ထပ်မမေးရန်သာ ဆုံးဖြတ်လိုက်ပြီး တပည့်တစ်ယောက်ကို ရန်ကိုင်ဆီ ထပ်မံ သွားအကြောင်းကြားခိုင်းလိုက်လေသည်။

စိတ်ထဲတွင်မူ အတော်လေးကိုမှ သိချင်နေကြသည်။ တော်ဝင်သခင် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ ရောက်သည်မှ ကြာလှပြီဖြစ်သော်လည်း သူ့မိတ်ဆွေ ဆိုသည့်သူများ တစ်ယောက်မှ ပေါ်မလာခဲ့။ ယနေ့မှသာ မိတ်ဆွေဟောင်းဆိုသူများ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာနေခဲ့လေသည်။

ဒီလူတွေ လိမ်တာ မဟုတ်ရင် ကောင်းလိမ့်မယ် အကြီးအကဲ နှစ်ယောက်စလုံး စိတ်ထဲကြိတ်တွေးလိုက်ကြသည်။ ရန်ကိုင်၏ မိတ်ဆွေဟောင်းဟု ဆိုသော လူများကို အမူအရာကိုလည်း သေသေချာချာ အကဲခတ် လေ့လာနေလေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၄) သက်ကြားအိုကြီးများ

ကျောက်တုံးအိမ်တော်ထဲတွင် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့သည် ရန်ကိုင်၏ မိတ်ဆွေဟောင်းများဟု ပြောနေကြသည့် ယခုလေးတင် ရောက်ရှိလာသော အဖွဲ့နှစ်ဖွဲ့ကို သေသေချာချာ အကဲခတ် လေ့လာနေခဲ့သည်။ သူမတို့၏ စိတ်ထဲတွင် ပထမရောက်လာသော မိန်းမလှလေးများ ပါဝင်သည့် အဖွဲ့သည့် ရန်ကိုင်နှင့် အသိအကျွမ်း ဖြစ်နိုင်လောက်သည်ဟု တွေးနေမိကြသည်။ အထူးသဖြင့် ထိုအုပ်ထဲရှိ တောင်ထွတ်ကိုးလုံးဆီသို့ လွမ်းဆွတ်တမ်းတသည့် အမူအရာဖြင့် လှမ်းလှမ်းကြည့်နေသော မိန်းမလှလေးပင်။ သူမနှင့် တော်ဝင်သခင်တို့ကြား မဖြေရှင်းရသေးသော အချစ်ဇာတ်လမ်း တစ်ပုဒ်ပုဒ်များ ရှိနေလေသလား။

တော်ဝင်သခင်သည် လူငယ်တစ်ယောက် ဖြစ်နေဆဲပင်။ အချစ်ဇာတ်လမ်း မရှိခဲ့သောဖူးသော လူငယ် ဤလောကတွင် ရှိမှ ရှိလေရဲ့လား။

ထို့ကဲ့သို့ တွေးမိလိုက်သည်နှင့် ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး တခစ်ခစ် တခစ်ခစ်ဖြင့် ရယ်မောမိလိုက်ကြသည်။

ဒုတိယအဖွဲ့ကမူ သက်ကြားအိုကြီး အဖွဲ့ဟုသာ ဆိုရပေမည်။ သူတို့၏ ခွန်အားသည် မမြင့်မှားလှသော်လည်း သူတို့၏ အထက်စီးဆန်သည့် အမူအရာ၊ မည်သူ့ကိုမှ မျက်လုံးထဲ မထည့်သည့် အမူအရာများသည် ဟန်ဆောင်လုပ်ပြထားသော အမူအရားများ မဟုတ်သည်မှာ သေချာပေသည်။

ထိုလူအိုကြီးများသည် အဆင့်အတန်းတစ်ခု ရှိပြီးသော လူအိုကြီးများ ကျိန်းသေ ဖြစ်ရပေမည်။

ခဏအကြာတွင် သတင်းသွားပို့သော နှစ်ယောက် ပြန်ရောက်လာခဲ့သည်။ တော်ဝင်သခင်ကသည် ထိုလူများကို သူ့ဆီ ခေါ်လာပေးရန် အမိန့်ပေးလိုက်သည်ဟုလည်း ပြန်ပြောခဲ့သည်။

“ဟွန့်။ သူ့အကြောင်း သူသိသေးသားပဲ” ရွှေးလင် တော်တော်လေး ကျေနပ်သွားခဲ့သည်။ ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ကို လေးလေးစားစား ဦးညွှတ်လိုက်ပြီးနောက် လွတ်လပ်သော အဖွဲ့အစည်းမှ လူသုံးယောက်နှင့်အတူ တောင်ထွတ်ကိုးလုံးဆီ ထွက်သွားတော့လေသည်။

သက်ကြားအိုကြီးအဖွဲ့သည်လည်း အကြီးအကဲနှစ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် ရွှေးလင်တို့အဖွဲ့နောက် လိုက်သွားလေသည်။

သို့သော် သူတို့ ဝေးဝေး မသွားရသေးခင်မှာဘဲ တန်းစီနေသော လူတန်းရှည်ကြီးမှ ကျင့်ကြံသူများ စတင် ပွစိပွစိ လုပ်လာကြသည်။ သူတို့ထဲမှ တစ်ယောက်သည် ထိုအဖွဲ့နှစ်ဖွဲ့၏ လုပ်ရပ်ကို သည်းမခံနိုင်တော့သည့်အဆုံး အော်ပြောလိုက်လေသည် “အကြီးအကဲနှစ်ယောက်၊ ဒီလူတွေ ဘာလုပ်နေကြတာလဲ။ သူတို့ ဒီနေ့မှ ရောက်လာတာ မဟုတ်ဘူးလား။ ဘာလို့ တောင်ထွတ်ကိုးလုံးဆီ ဝင်ခွင့်ပေးလိုက်တာလဲ။ အဆင်ပြေမယ်ဆိုရင် ရှင်းပြပေးလို့ရမလား”

“အမှန်ပဲ” နောက်တစ်ယောက်က ဆက်ပြောလိုက်ပြန်သည် “ကျုပ်တို့ဒီမှာ စိတ်ရှည်ရှည်နဲ့ စောင့်နေရတာ ရက်နဲ့ချီနေပြီ။ ဒါပေမယ့် သူတို့ကျတော့ ဒီနေ့ပဲ ရောက်တယ်။ ဒီနေ့ပဲ ဝင်ခွင့်ရသွားတယ် ဆိုတာက သိပ်ပြီး မတရားဘူးလားလို့”

“ခင်ဗျားတို့ တော်ဝင်နယ်မြေရဲ့ ဂုဏ်သတင်းက ထုန်းရွှမ် လောကကြီးတစ်ခွင်မှာ မသိတဲ့လူ မရှိလောက်အောင်ကို ကျော်ကြားနေတာ။ ဒီတော့ ကျုပ်တို့လို အားနည်းတဲ့ အင်မော်တယ် တက်လှမ်းခြင်းအဆင့်၊ မသေမျိုးအဆင့်တွေကို အနိုင်ကျင့်လို့ ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျုပ်တို့လည်း ဘာပြန်ပြောနိုင်မှာလဲ။ မဟုတ်ဘူးလား။ ဒါပေမယ့် ဒီလူတန်းရှည်ကြီးထဲမှာ သူတော်စင် အဆင့် စီနီယာကြီးတွေပါ ရှိတယ်နော်။ အဲ့စီနီယာကြီးတွေတောင် ခင်ဗျားတို့ ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာနေတာလေ။ ဒါကို ခင်ဗျားတို့က ကိုယ့်စည်းကမ်း ကိုယ်ပြန်ဖျက်ဖို့ ကြိုးစားနေကြတာလား။ အဲ့လိုဆိုရင် ကျုပ်တို့ ပါးစပ် ပိတ်ထားမယ်ဆိုရင် အဲ့လေးစားရတဲ့ စီနီယာကြီးတွေက သဘောတူမယ် ထင်လား”

ထိုစကားလုံးများသည် လူအုပ်ကြားထဲ ပဲ့တင် ထပ်သွားလေသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ လူအုပ်ထဲတွင် ရှိနေသော သူတော်စင်အဆင့် ပညာရှင်များ၏ မျက်နှာများ မကြည်မသာ ဖြစ်လာကြပြီး မေးခွန်းထုတ်လိုသည့် အကြည့်များဖြင့် ယုယင်၊ ချုန်ယွဲ့ထုန်တို့အား ကြည့်လာခဲ့သည်။

ဤနေရာသို့ ရောက်ပြီးနောက် သူတို့၏ မာနတရားကို ခဝါချကာ တော်ဝင်နယ်မြေမှ သတ်မှတ်ထားသော စည်းကမ်း အတိုင်း အခြားလူများနည်းတူ တန်းစီ ရပ်စောင့်ခဲ့ကြသည်။

ထို့ကြောင့် လူကျော်တက်သည့် အဖွဲ့နှစ်အဖွဲ့၏ အပြုအမူမှာ ထိုပညာရှင်များကို မကျေမနပ် ဖြစ်သွားစေသည်မှာ မလွဲမသွေပင်။

ထို့အပြင် လူကျော်တက်သွားသည့် အဖွဲ့နှစ်ဖွဲ့ထဲ သူတော်စင်အဆင့် ပညာရှင် တစ်ယောက်ပင် မပါချေ။ သို့တိုင် သူတို့သည် ယခုကဲ့သို့ မျက်နှာသာပေးခံခဲ့ရသည်။ တော်ဝင်နယ်မြေ၏ ထိုလုပ်ရပ်သည် သူတော်စင်အဆင့် ပညာရှင်များ၏ မျက်နှာကို ခပ်ဆတ်ဆတ်လေး ဖြတ်ရိုက်လိုက်သည့်နှယ်…

ထိုအော်သံများကို ကြားလိုက်သည့်အခါ ရွှေးလင်နှင့် သက်ကြားအိုကြီးတို့၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး နောက်ပြန် လှည့်ကြည့်လိုက်ကြသည်။

ယခုကိစ္စ မည်မျှ အရေးကြီးမှန်း ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ ရုတ်တရက် နားလည်သွားခဲ့သည်။ ယခုကိစ္စကိုသာ ကောင်းကောင်း မကိုင်တွယ်နိုင်ပါက ယခင်လများအတွင် ရန်ကိုင် ကြိုးစား တည်ဆောက်ပေးခဲ့သော တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းကို ကျိန်းသေ ထိခိုက်ပေလိမ့်မည်။

ထို့ကြောင့် ယုယင်သည် အပြုံးချိုချိုလေးပြုံးလျက် ရှေ့သို့တက်ကာ အားလုံးသိအောင် ပြောဆိုလိုက်သည် “ကျေးဇူးပြုပြီး အားလုံးကို ကျွန်မ ရှင်းပြပါရစေ။ ဒီလူတွေက တော်ဝင်သခင်ရဲ့ မိတ်ဆွေဟောင်းတွေပါ။ သူတို့ အခုလို ရောက်လာတာကလည်း တော်ဝင်သခင်နဲ့ တွေ့ချင်လို့ သက်သက်ပါပဲ။ ဆေးဖော်စပ်ခိုင်းဖို့ ရောက်လာကြတာ မဟုတ်ပါဘူး”

“တကယ်လား”

“ကျွန်မ ရှင်တို့ကို ဘာလို့ လိမ်ရမှာလဲ” ယုယင်က အားတင်းပြုံးူလျက် ပြန်ပြောလိုက်သည်။

တကယ်ဆိုလျှင် ထိုနှစ်ဖွဲ့သည် ဆေးဝိဇ္ဇာကြီးဆီမှ အကူအညီ တောင်းရန် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ယုယင်လည်း သံသယ ဝင်နေမိသည်။ သို့သော် တော်ဝင်သခင်က သူတို့အား ဝင်လာခိုင်းမှဖြင့် သူတို့သည် တော်ဝင်သခင်နှင့် သာမန် အသိအကျွမ်းများ မဟုတ်လောက်ချေ။

“အဲ့မိန်းကလေးအဖွဲ့က တော်ဝင်သခင်နဲ့ မိတ်ဆွေတွေလို့ ပြောရင် ကျုပ်လက်ခံတယ်။ တကယ်တော့ သူတို့ကလည်း တော်ဝင်သခင်နဲ့ အသက်အတူတူလောက်ပဲ။ ဒါပေမယ့် အဲ့သက်ကြားအိုကြီးတွေကကော။ သူတို့က တော်ဝင်သခင်နဲ့ ဘယ်လိုလုပ်ပြီး မိတ်ဆွေဖြစ်နိုင်မှာလဲ” လူအုပ်ထဲမှ တစ်ယောက်က လှမ်းအော်ပြောလိုက်သည်။

ထိုသက်ကြားအိုကြီးများသည် အသက်လည်း ကြီးသလို ခွန်အားလည်း နိမ့်ကျကြသည်။ အယောက်တိုင်းသည် သိုင်းတာအို လမ်းစဉ်ကို လျှောက်လှမ်းချင်ကြသော်လည်း သူတို့၏ နိမ့်ကျသော ပင်ကိုယ်အရည်အချင်းကြောင့် အဆင့် ဆက်မတက်နိုင်တော့သည့် ပုံပင်။

ထိုကဲ့သို့သောလူမျိုး ဤလောကကြီးတွင် အများကြီး ရှိပေသည်။

သူတို့ကဲ့သို့သော လူများသည် လက်ရှိအဆင့်ကို ချိုးဖျက်၍ အသက်ပိုရှည်နိုင်ရန်အတွက် ဆေးလုံးကောင်းကောင်းများကို ရှာဖွေတတ်ကြသည်။

ဤနေရာရှိ တန်းစီစောင့်နေသော လူအများစုမှာ ထိုအကြောင်းကြောင့်ပင် ဖြစ်လေသည်။

အကုန်လုံး၏ အကြည့်သည် သက်ကြားအိုကြီး အဖွဲ့ဆီသို့ ရောက်ရှိလာခဲ့သည်။ ယွနန်ချန်ပင်လျှင် မသိမသာလေး မျက်မှောင် ကြုံ့နေခဲ့လေပြီ။

“ရှင်တို့ သူများကိစ္စကို ဘာလို့ ဒီလောက် ဝင်စွက်ဖက် ချင်ကြတာလဲ။ ကိုယ့်ဘာသာ စိတ်ရှည်ရှည်နဲ့ တန်းစီစောင့်ပေါ့။ ရန်ကိုင်က သူတို့ကို ခေါ်လိုက်မှတော့ သူ့မှာ သူအကြောင်းနဲ့ သူရှိလို့ပဲ။ ဘာလဲ သူလုပ်သမျှ ကိစ္စတိုင်းကို ရှင်တို့ဆီ သံတော်ဦး တင်နေရဦးမှာလား။ ရှင်တို့ ပြဿနာ ရှာချင်နေကြတာလား။ ကျွန်မသာ ရှင်တို့နေရာမှာဆိုရင် အခုလို အော်ဟစ်ပြီး မစွပ်စွဲခင် နှစ်ခါပြန် စဉ်းစားဦးမှာ။ တော်ကြာ တစ်ယောက်ယောက်ကို ဒေါသထွက်အောင် လုပ်မိမမှဖြင့် ဘာမှမရဘဲ လက်ဗလာနှင့် ပြန်သွားနေရဦးမယ်” ရွှေးလင်က နည်းနည်းလေးမှ ယဉ်ကျေးသမှု မပြုဘဲ ကြမ်းကြမ်းတမ်းတမ်း လေသံဖြင့်သော အော်ပြောလိုက်သည်။

လူအုပ်ကြီးထဲမှ လေသံကျယ်ကျယ်ဖြင့်‌‌ အော်ဟစ်နေသူ များမှာလည်း ရွှေးလင်စကားကြောင့် လည်ပင်လေး ပုဝင်သွားကြပြီး အခြားသူများနောက် ပြေးပုန်းရန် ကြိုးစားကြတော့လေသည်။

အစောပိုင်းက အော်ပြောလိုက်ခြင်းသည် စောင့်နေရသည်ကို စိတ်မရှည်သည်ကတစ်ကြောင်း၊ ရွှေးလင်တို့အဖွဲ့အပေါ် မနာလို သည်က တစ်ကြောင်းတို့ကြောင့် ဖြစ်ကာ နှစ်ခါပြန် မစဉ်းစားဘဲ လုပ်လိုက်ခြင်း ဖြစ်ပေသည်။

တော်ဝင်နယ်မြေသည် မမျှတဟုလည်း သူတို့ တွေးနေမိသည်။ ယခုသာ မကန့်ကွက်ထားပါက နောက်နောင် ရန်ကိုင်ဟု မိတ်ဆွေဟု ဆိုကာ လူကျော်တက်ပါက သူတို့ ပို၍ကြာကြာ စောင့်ရပေလိမ့်မည်။

ထိုအပြုအမူသည် စည်းကမ်းကို နာခံ၍ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေသူများအပေါ် မမျှတဟု သူတို့ တွေးခဲ့ကြသည်။

“ကောင်းမလေး၊ နင့်သတ္တိက မသေးပါလား…” လူအိုကြီး အဖွဲ့ထဲမှ ဗိုက်ဖောင်းဖောင်းနှင့် လူအိုကြီးက ရွှေးလင်ဘက်သို့ လှည့်၍ အပြုံးကြီးပြုံးလျက် “နောက်ကျရင် သူတို့ နင်ကို ပြဿနာ လာရှာမှာ မကြောက်ဘူးလား”

“ဘာလို့ ကြောက်ရမှာလဲ” ရွှေးလင်က နည်းနည်းလေးမျှ ကြောက်ရွံ့ခြင်းမရှိသည့် အမူအရာဖြင့် “ရှင်တို့က ရန်ကိုင်ရဲ့ မိတ်ဆွေတွေ ဆိုမှတော့ ဒီသခင်မလေးရဲ့ မိတ်ဆွေတွေပဲပေါ့။ ရှင်တို့အားလုံးက ကျွန်မထက် အသက်အများကြီး ကြီးပေမယ့် ကျွန်မသာ ဒီမှာရှိနေသရွေ့ ဘယ်သူမှ ရှင်တို့ကို အနိုင် မကျင့်စေရဘူးလို့ အာမခံတယ်။ မဟုတ်ရင် ရန်ကိုင်ကို ပြောပြီး အဲ့ကောင်တွေကို မောင်းထုတ်ခိုင်းလိုက်မှာ”

“အို၊ နင့်ကြည့်ရတနာ ရန်ကိုင်နဲ့ တော်တော်လေး ရင်းနှီးတဲ့ ပုံပဲနော်” နောက်ထပ်လူအိုကြီးက သူ့မုတ်ဆိတ်ရှည်ကြီးကို အသာအယာ ပွတ်သပ်ရင်း ရွှေးလင်းက အဓိပါပ္ပယ်ပါပါ ပြုံးပြလိုက်သည်။

“အင်း… ရင်းတော့ ရင်းနှီးတာပေါ့” ရွှေးလင် မျက်မှောင်ကြုံ့သွားခဲ့ပြီး “အဲ့ကောင်စုတ်က တစ်ခါတစ်လေ သောက်မြင်ကတ်ဖို့ ကောင်းပေမယ့် သူ့မိတ်ဆွေတွေကို အရမ်း တန်ဖိုးထားတာ။ အင်း။ အဲ့လိုကျပြန်တော့လည်း သူက တော်တော်လေးကို ခင်ဖို့ကောင်းသွားပြန်ရော”

“အင်း။ ဒီလူအိုကြီး အမြင်အရဆို နင်လည်း ဘယ်ဆိုးလို့လဲ” ဗိုက်ဖောင်းဖောင်းနှင့် လူအိုကြီးက ပြုံးကာ ပြောလိုက်ပြီး သူ့နှင့် အတူပါလာသည့် လူအိုကြီးများဘက်သို့ လှည့်ကာ “မင်းတို့ကော ဘာပြောချင်လဲ။ ဒီကောင်တွေက ငါတို့ကို ပုဂ္ဂိုလ်ရေးရာ အဆက်အသွယ်တွေ သုံးပြီး တော်ဝင်နယ်မြေရဲ့ စည်းကမ်း စည်းကမ်းတွေကို အလွဲသုံးစားလုပ်တယ်လို့ စွပ်စွဲနေကြပြီ။ ရှင်းပြလိုက်ကြရင် မကောင်းဘူးလား။ ဒီအတိုင်းဆို ရန်ကိုင် ဂုဏ်သတင်းကို သွားထိခိုက်နိုင်တယ်”

“အဲ့လိုဆို မင်းပဲ ရှင်းပြလိုက်တော့” အခြားလူအိုကြီးများက ထိုလူအိုကြီးအား သူ့စိတ်ကြိုက်သာလုပ်ရန် လက်ဝှေ့ရမ်း ပြလိုက်လေသည်။

ဝတုတ်တုတ် လူအိုကြီးက လူအုပ်ကြီးဘက်သို့ လှည့်၍ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေသည် “ဘယ်မျက်ကန်း ခွေးသူတောင်းစားက ဒီလူအိုကြီးက သက်ကြားအိုကြီးလို့ အော်ပြောနေတာလဲ။ ပြောတဲ့ကောင် မျက်နှာပြစမ်း”

မည်သူမှ ထွက်မလာခဲ့ချေ။ အော်ပြောသည့် သူလည်း ထွက်လာရအောင် ရူးမိုက်လိမ့်မည် မဟုတ်။

ဝတုတ်တုတ် လူအိုကြီးကလည်း ထိုကဲ့သို့ ဖြစ်မည်မှန်း ကြိုတင် မျှော်လင့်ထားသည့်အလား လူဆက်မရှာတော့ဘဲ သူ့ကိုယ်သူ လက်ညိုးထိုးပြ၍ အခိုင်အမာ ပြောလိုက်လေသည် “ဒီလူအိုကြီးရဲ့ မျိုးရိုးနာမည်က ချန်ပဲ။ သေချာမှတ်ထားလိုက်”

သူ့လေသံသည် နည်းနည်းလေးမှ ယဉ်ကျေးခြင်းမရှိ။ မောက်မာခြင်း၊ အထက်စီးဆန်းခြင်းတို့ဖြင့်သာ ပြည့်နေသည်။ မျက်နှာထားမှာလည်း မည်သူ့ကိုမှ မျက်လုံးထဲ မထည်သည့်ဟန်။

သူ့အပြုအမူသည် လူများစွာအား ကြိတ်ကာ နှာခေါင်းရှုံ့သွားစေခဲ့သည်။

ဘာမဟုတ်သော မသေမျိုးအဆင့်လေးကများ သူတို့ရှေ့တွင် လာမောက်မာရဲသည်။ တော်ဝင်နယ်မြေတွင်သာ မဟုတ်ပါက ရှေ့တက်ကာ ကောင်းကောင်း သမပေးလိုက်မည်သာ။

သို့သော်လည်း ဝတုတ်တုတ် လူအိုကြီး ပြောလိုက်သည်ကို ကြားသည်နှင့် လူအုပ်ကြီးထဲတွင်ရှိ လူအချို့ မျက်လုံး မှေးစဉ်းသွားခဲ့ကြသည်။ ထို့နောက် တစ်ယောက်ယောက်မှ အလန့်တကြား ထအော်လေသည် “လျှပ်စီးသွားမြို့ ဆေးပညာရှင် အစည်းအရုံအးခွဲက တာဝန်ခံ သူတော်စင်အဆင့်နိမ့် ဆေးပညာရှင် ဆေးဝိဇ္ဇာချန်ပေါင်လား”

“မအံ့ဩတော့ပါဘူးလေ။ ဘာလို့ ဒီလောက် ရင်းနှီးနေလဲ မှတ်နေတာ လတ်စသတ်တော့ လျှပ်စီးသွာမြို့တော်က ဆေးဝိဇ္ဇာကြီး ဖြစ်နေတာကိုး”

“သူဘာလို့ ဒီကို ရောက်လာတာလဲ။ ဒီက တော်ဝင်သခင်ကို သူသိတယ်လို့ ပြောလိုက်တာကို ငါကြားလိုက်သလိုပဲ”

“သူနဲ့ အတူလာတဲ့ လူတွေကကော ဘယ်သူတွေလဲ”

———————————-

တိတ်ဆိတ်သွားခဲ့သော လူအုပ်ကြီးတစ်ခုလုံး ကျွတ်ကျွတ် ညံ့လာခဲ့ပြန်လေပြီ။ ချန်‌ပေါင်အား အထင်တသေး အမူအရာဖြင့် ကြည့်နေခဲ့ကြသော လူများသည် ယခုအချိန်၌ ချန်‌ပေါင်အား လေးလေးစားစား အမူအရာမျိုး လုပ်ပြနေခဲ့ကြလေပြီ။

မည်သူမှ သူတော်စင်အဆင့် ဆေးပညာရှင်တစ်ယောက်ကို အထင်တသေး သွားမလုပ်ရဲချေ။

လူအုပ်ကြီး ထိတ်လန့်နေရာမှ အသိပြန်မဝင်နိုင်သေးခင်မှာပင် ချန်ပေါင်ဘေးရှိ လူအိုကြီးများကလည်း သူတို့၏ နာမည်အသီးသီးကို ထုတ်ပြောလိုက်ကြသည်။

“ဒီလူအိုကြီးနာမည်က ဟုန်ဖန်းပဲ”

“တုဝမ်”

“ဟဲဖုန်း”

“ခုန်ရို့ယု” တစ်ဦးတည်သော အမျိုးသမီး မိန်းမအိုကြီးက ပြောလိုက်သည်။

ထိုနာမည်များကို ကြားလိုက်ရချိန် လူအုပ်ကြီးတစ်ခုလုံး အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ် သွားခဲ့သည်။ ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်ကြတော့ချေ။

ကြယ်ရောင်ဖြာမြို့တော်၊ မြစ်သုံးစင်းမြို့တော်၊ ကျိုးပဲ့လမြို့တော်၊ ကျောက်တုံးမြို့တော်၊ လျှပ်စီးသွားမြို့တော်…

ထိုမြို့ကြီးငါးမြို့မှ ဆေးပညာရှင်အစည်းအရုံးအခွဲများ၏ တာဝန်ခံ ငါးယောက်စလုံးသည် ဤနေရာတွင် အတူတကွ စုဝေး နေကြလေသည်။

သူတော်စင်အဆင့် ဆေးပညာရှင်ငါးယောက်… ထိုလူအင်အားသည် အရမ်းကိုမှ ကြီးကျယ်ခမ်းနားလှပေသည်။

အကုန်လုံး အသံတစ်ချက်ပင် မထွက်ရဲတော့။ အကုန်လုံးသည် မှင်သက်ကြောင်အနေသည့် အမူအရာများဖြင့်သာ ထိုလူအိုကြီး ငါးယောက်ကို ငေးကြောင်ကြည့်နေခဲ့ကြလေသည်။

တုဝမ်က ပြုံးကာ ရှေ့သို့တက်၍ “အားလုံးပဲ၊ ကျုပ်တို့ ဒီနေ့ ဒီကိုရောက်လာရတာက မိတ်ဆွေဟောင်းတစ်ယောက်ဖြစ်တဲ့ တော်ဝင်သခင်ဆီ လာလည်တာပါ။ အခုလို နားလည်မှုလွဲတာမျိုး ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ အဲ့အတွက် ကျုပ်တို့ကို ခွင့်လွှတ်ပေးကြပါ”

“မလိုပါဘူး။ မလိုပါဘူး၊ မလိုပါဘူး။ လူအိုကြီးတု တောင်းပန်စရာ မလိုပါဘူး” လူအုပ်ကြီးထဲမှ တစ်ယောက်ယောက်က ရုတ်တရက် အော်ပြောလိုက်လေသည်။

သူတော်စင်အဆင့် ပညာရှင်များသည် ထိုဆေးဝိဇ္ဇာကြီး ငါးယောက်ရှေ့ မရိုမသေ မလုပ်ရဲကြချေ။ အကုန်လုံးသည် အတတ်နိုင်ဆုံး လေးလေးစားစားဖြင့်သာ ပြုမူကြသည်။

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့၏ မျက်ဝန်းလေးများသည်လည်း ကြယ်စဉ်လေးများပမာ တဖျတ်ဖျတ် လင်းလက်နေခဲ့သည်။ ထိုလူအိုကြီးများသည် ကျင့်ကြံခြင်းအဆင့်နိမ့်သော်လည်း သူတို့အား ဂျူနီယာများကဲ့သို့ အဘယ်ကြောင့် ဆက်ဆံသွားသည်ကို သူမတို့ နှစ်ယောက်စလုံး နားလည်သွားခဲ့လေပြီ။

ထို့အပြင် သူတို့ ကြားလိုက်ရသည့်စကားကြောင့် အကြီးအကဲ နှစ်ယောက် အရမ်းကိုမှ ထိတ်လန့်တုန်လှုပ်မိနေခဲ့လေသည်။

ထိုကျော်ကြားသော ပုဂ္ဂိုလ်ကြီးများသည် တော်ဝင်သခင်ကို တွေ့လိုသည့်အတွက်ကြောင့် ဤနေရာသို့ လာရောက်လည်ပတ်ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ ထို ‘လည်ပတ်သည်’ ဆိုသော စကားတွင် အဓိပ္ပါယ်များစွာ ပါဝင်နေပေသည်။

လူငယ်မျိုးဆက်များ၏ သူတို့ထက်ဝါမြင့်သော စီနီယာများနှင့် တွေ့လိုသည့်အခါမှသာ လည်ပတ်သည် ဆိုသော အသုံးအနှုန်းမျိုး သုံးလေ့ရှိကြသည်။

ယုယင်နှင့် ချုန်ယွဲ့ထုန်တို့ နှစ်ယောက်စလုံး နှလုံး လည်ချောင်းမှ ခုန်ထွက်မိမတတ် စိတ်လှုပ်ရှားနေခဲ့ကြသည်။

“ယုယင် မမြင်တတ်ခဲ့လို့ ဆေးဝိဇ္ဇာကြီး ငါးယောက်ကို သတိမပြုမိခဲ့ပါဘူး။ ကျွန်မတို့ဘက်က ဧည့်ဝတ်မကျေမိလို့ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးကြပါ” ယုယင်က အလျင်အမြန် ဦးညွှတ်ကာ တောင်းပန်လိုက်သည်။

“ဘာမှတွေးမနေနဲ့။ နင်တို့ရဲ့ တော်ဝင်သခင်လည်း ဒီလောက်ကို စိတ်ထဲထားနေမှာ မဟုတ်ဘူး” တုဝမ်က ရယ်သွမ်းသွေးလျက် “ငါတို့က သူနဲ့ သူစိမ်းတွေမှ မဟုတ်တာ”

“အဲ့လိုဆိုရင် ယုယင်ကိုယ်တိုင် ဆေးဝိဇ္ဇာကြီး ငါးယောက်ကို တော်ဝင်သခင်ဆီ လိုက်ပို့ပေးပါရစေ”

“အကြီးအကဲ ယုယင်က အရမ်းယဉ်ကျေးနေတာပဲ”

“ဆေးဝိဇ္ဇာကြီးငါးယောက် ကြွပါ”

တုဝမ်နှင့် အခြားသူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မှင်သက်နေသော လူအုပ်ကြီးကို ထားရစ်၍ ယုယင်နောက်မှ လိုက်သွားကြလေသည်။

ရွှေးလင်နားမှ ဖြတ်လျှောက်သွားချိန် ချန်ပေါင်က ရွှေးလင်အား ပြုံးပြလျက် “ကောင်မလေး၊ ဘာတွေ ကြောင်ကြည့်နေတာလဲ။ အခုမှ မသွားရင် ငါတို့ နင့်ကို ထားခဲ့တော့မှာနော်”

“အန်။ အာ… အင်း” ရွှေးလင် ကသိကအောက် အမူအရာဖြင့် ပြန်ပြောလိုက်သည်။ လက်ရှိ အခြေအနေနှင့် အလျင်းသင့်အောင် မပြုမူနိုင်အောင် ဖြစ်နေခဲ့လေပြီ။

ထိုဆေးဝိဇ္ဇာကြီးများရှေ့ သူမ မည်ကဲ့သို့ အရှက်မရှိ ကြွားဝါးခဲ့သည့်အကြောင်းကို ပြန်စဉ်းစားမိလိုက်သည်နှင့် ရွှေးလင်မှာ ရှက်လွန်းသဖြင့် လဲသာ သေလိုက်ချင်တော့လေသည်။

ရှက်ဖို့ကောင်းလိုက်လေခြင်း…

ကံကောင်းစွာဖြင့် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် သဘောထားကြီးကြီးဖြင့် သူမစကားကို အတည်မယူခဲ့ချေ။ စနောက်ခြင်းလည်းမပြု။ မဟုတ်လျှင် သူမတစ်ဘဝလုံး လူရှေ့ မျက်နှာထွက်ပြရဲတော့လိမ့်မည် မဟုတ်ပေ။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၅) ဆေးဝိဇ္ဇာကြီးများ၏ တောင်းဆိုချက်

ဆေးဝိဇ္ဇာကြီးငါးယောက်နောက် လိုက်နေရသည်မှာ တိမ်ပေါ် လမ်းလျှောက်နေရသည့်နှယ်… သူမ၏ ခြေလှမ်းများမှာလည်း မတည်မငြိမ် ဖြစ်နေခဲ့သည်။ ရန်ကိုင် ထိုကဲ့သို့သော ကျော်ကြားသည့် ပုဂ္ဂိုလ်ကြီးများဖြင့် မည်ကဲ့သို့ မိတ်ဆွေ ဖြစ်လာသလဲ ဆိုသည်ကို တွေးတောနေသောကြောင့် ဖြစ်ကောင်း ဖြစ်ဟန်တူသည်။

ဘယ်လောက်တောင် အံ့ချီးဖွယ် ကောင်းလိုက်လေသနည်း။

ခဏအကြာတွင် အဖွဲ့နှစ်ဖွဲ့ တော်ဝင်သခင်ရုံးတော်သို့ ရောက်ရှိလာခဲ့သည်။

ယုယင်သည် ထိုလူများကို ဧည့်ကြိုခန်းဆီသို့ ခေါ်မသွားဘဲ ဤနေရာသို့သာ တိုက်ရိုက် ခေါ်လာလိုက်လေသည်။

အန်လင်းအာနှင့် ရှုဟွေတို့ သူတို့အား ချက်ချင်း ထွက်ကြိုခဲ့သည်။ ထို့နောက် ခန်းမကြီးဆီသို့ ခေါ်သွားခဲ့ပြီး အစေခံများအား လက်ဖက်ရည် ဧည့်ခင်းတည်ခံစေပြီးနောက် ရှုဟွေက ပြောလိုက်သည် “တော်ဝင်သခင်က မြန်မြန် လာခဲ့ပါမယ်တဲ့။ ခဏလောက် စောင့်နေပေးနော်”

“ဘာမှမဖြစ်ဘူး။ သူ အလုပ်ရှုပ်နေသေးရင် ငါတို့လည်း ခဏလောက် နားရတာပေါ့” ချန်ပေါင်က သူ့လက်ကို ဝှေ့ရမ်းပြလိုက်ပြီး အေးအေးသက်သာ အမူအရာဖြင့် ထိုင်ခုံပေါ် ထိုင်ချလိုက်ကာ အမောဖြေနေခဲ့သည်။

ချန်ပေါင်သည် ဝသည်ဆိုသည်ထက်ပိုသည်။ သူသည် လျှပ်စီးသွားမြို့တော်ရှိ ဆေးပညာရှင်အစည်းအရုံးအခွဲမှ အပြင်သို့ သိပ်ပြီးထွက့်လေမရှိ။ ရန်ကိုင်အား ရှာချင်သည့် အတွက်ကြောင့်သာ မဟုတ်ပါက ဘုံကိုးခုထွတ်မြတ်နယ်မြေကဲ့သို့ ဤမျှဝေးသော နေရာတစ်ခုဆီ ဘယ်တော့မှာ လာခဲ့လိမ့်မည် မဟုတ်ချေ။

ဧည့်သည်များကို လိုက်ပါပို့ဆောင်ပေးပြီးနောက် ယုယင်သည် ယဉ်ယဉ်ကျေးကျေး ဦးညွှတ်လျက် ပြန်ထွက်သွားလေသည်။

ဆေးဝိဇ္ဇာကြီးငါးယောက် ရောက်ရှိလာခြင်းမှာ ပေါ့သေးသေး ကိစ္စတစ်ခုမဟုတ်။ ထို့ကြောင့် ထိုလူအိုကြီး ငါးယောက် ဘယ်သူဘယ်ဝါမှန်း သိလိုက်ရသည့်အခါ ရှုဟွေနှင့် အန်လင်းအာ တို့သည် ထိုလူများအား နည်းနည်းလေးမှ မလေးစား မလုပ်ရဲဘဲ အရမ်းကိုမှ ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံခဲ့ကြသည်။

သို့သော် ဆေးဝိဇ္ဇာကြီးငါးယောက်သည် ပြောရဆိုရ လွယ်ကူသော လူများဖြစ်လေရာ နည်းနည်းလေးမှပင် အထက်စီး ဆန်မနေခဲ့။ မကြာခင်မှာပင် ရှုဟွေနှင့် အန်လင်းအာတို့အား သူတို့၏ စကားဝိုင်းထဲသို့ပင် ဆွဲခေါ်လိုက်လေသည်။

သို့သော် သူတို့၏ လုပ်ရပ်မှာ ရှုဟွေနှင့် အန်လင်းအားတို့ အတွက် အတော်လေးကိုမှ မသက်မသာ ဖြစ်စေခဲ့သည်။

အပြင်တွင် မတော်တဆ တွေ့ခဲ့သော ထိုလူအိုကြီး ငါးယောက်သည် ဆေးဝိဇ္ဇာကြီးများ ဖြစ်နေလိမ့်မည်ဟု ရွှေးလင် မထင်ထားခဲ့ချေ။ ထိုလူအိုကြီးများ မည်သူဆိုသည်ကို သိလိုက်ရပြီးနောက် ရွှေးလင်မှာ ထိုလူအိုကြီးများဖြင့် ယခင်ကကဲ့သို့ လက်လွတ်စပယ် စကားမပြောရဲတော့ချေ။

ယွန်ရွှမ်နှင့် သူမတို့ အဖွဲ့ဆိုလျှင် ပို၍ပင် နေမထိ၊ ထိုင်မထိ ဖြစ်နေခဲ့ကြသည်။

လွတ်လပ်သော အဖွဲ့အစည်းသည် အင်အားစုကြီးတစ်ခု မဟုတ်။ တော်ဝင်နယ်မြေသို့ သူတို့ ဝင်နိုင်ခဲ့ခြင်းမှာ ရွှေးလင်၏ ကျေးဇူးကြောင့်သာ ဖြစ်သည်။ ထိုဆေးဝိဇ္ဇာကြီးငါးယောက် ရှေ့တွင် ထိုင်နေရသည်မှာ ပင်အပ်ပေါ် ဖင်ခုထိုင်ရသလို ယွန်ချန် ခံစားနေခဲ့ရသည်။

နှုတ်ခမ်းကို တင်းတင်းစေ့ထားလျေက် စကားဝိုင်းတွင် ဝင်မပါမိစေရန် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့သည်။

အကုန်လုံးသည် ကြီးကျယ်သော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြသော်လည်း သူ့ကမူ…

ထိုလူများထဲမှ တစ်ယောက်နှင့် တွေ့ရလျှင်ပင် ကံကောင်းနေပြီ ဖြစ်သော်လည်း ယခုအချိန်တွင် ငါးယောက်စလုံးအား တစ်စုတစ်ဝေးတည်း တွေ့နေခဲ့ကြသည်။ ယွန်ချန် အတော့်ကိုမှ စိတ်မသက်မသာ ဖြစ်နေကာ ဘာပြောလိို့ပြောရမှန်း၊ လုပ်လို့ လုပ်ရမှန်း မသိတော့ပေ။

သူတို့ အကြပ်တွေ့နေသည်ကိုမြင်သော် အန်လင်းအာက ပြုံးလျက် ရွှေးလင်နှင့် ယွန်ရွှမ်တို့အား အခြားဘက်ဆီ လက်ယပ်ခေါ်လိုက်ပြီး ရန်ကိုင်နှင့် သူတို့ကြားရှိ ဆက်ဆံရေး အကြောင်း မေးမြန်းတော့လေသည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ သူတော်စင်မနှင့် စကားပြောနေခြင်း ဖြစ်လေရာ ရွှေးလင်နှင့် ယွန်ရွှမ်တို့ နှစ်ယောက်စလုံး မျက်လုံးလေးများကို အနည်းငယ် မှေးစဉ်းလျက် စကားလုံးများကိုလည်း သေသေချာချာ ရွေးချယ်သုံးနှုန်း နေခဲ့ကြသည်။

သို့သော်လည်း အန်လင်းအာက ဖော်ရွေသိမ်မွေ့စွာ ဆက်ဆံပေးနေသဖြင့် နှစ်ယောက်စလုံး သိပ်ပြီး အခက်မတွေ့တော့။ စကားဝိုင်းများလည်း ပို၍ အဆင်ချောလာကာ မကြာမီ တခစ်ခစ် ရယ်သံလေးများပင် ပါဝင်လာတော့လေသည်။

နာရီဝက်လောက် စောင့်ဆိုင်းနေပြီးနောက် အပြင်ဘက်မှ အခန်းထဲသို့ လူတစ်ယောက် ဝင်လာခဲ့သည်။

အကုန်လုံး လှည့်ကြည့်လိုက်ကာ တစ်ချိန်တည်းတွင် ပြုံးလိုက်ကြသည်။

“ဂျူနီယာရန်က ဆေးဝိဇ္ဇာကြီးတွေကို နှုတ်ဆက်ပါတယ်။ ဒီလောက်များတဲ့ ဆေးဝိဇ္ဇာကြီးတွေ လာလည်လာ ဒီဂျူနီယာ မြောက်တောင်မြောက်ချင်သွားပြီ” ရန်ကိုင်က အလျင်အမြန် နှုတ်ဆက်လိုက်လေသည်။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ပြုံးကာ ခေါင်းညိတ်လိုက်၍ တုဝမ်က အရင်စပြောလိုက်သည် “ဒီလောက်ကြီး ယဉ်ကျေး မနေစမ်းပါနဲ့ကွာ။ အရင်တုန်းက ငါတို့ကို ဆေးဝိဇ္ဇာလို့ ခေါ်လို့ ရခဲ့ပေမယ့် အခုကျတော့… မတူတော့ဘူးလေ”

တုဝမ် စကားအများကြီး ပြောမသွားခဲ့။ သို့သော် သူ့စကားလုံး နောက်ကွယ်ရှိ အဓိပ္ပါယ်မှာမူ ထင်ရှားရှင်းလင်းနေခဲ့သ်။

ရန်ကိုင်က ပြုံးကာ ခေါင်းခါရမ်း၍ “လူအိုကြီးတု ဒီလို လုပ်နေစရာ မလိုပါဘူး။ ဂျူနီယာ အခုလို အောင်မြင် လာနိုင်တာကလည်း ဆေးဝိဇ္ဇာကြီးတွေရဲ့ ကျေးဇူး မပါမဖြစ်ပဲလေ”

ရန်ကိုင်သည် ယခုအချိန်ထိတိုင် သူတို့အား လေးလေးစားစား ဆက်ဆံနေသေးလေရာ ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြသည်။ ရန်ကိုင်သည် အမြင့် ရောက်သွားသည့်တိုင် သူတို့အား မေ့မသွားသည့်အပေါ် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး အတော်လေး ကျေနပ်မိနေသည်။

“ဟေး။ ဒီမှာလည်း လူတွေ ရှိပါသေးတယ်နော်။ ငါတို့ကိုကော မနှုတ်ဆက်တော့ဘူးလား” ရွှေးလင်က နှာခေါင်းရှုံ့လိုက်သည်။

ရန်ကိုင် ရောက်လာမှပဲ ရွှေးလင် သက်ပြင်းချနိုင်သည်။ အကြောင်းမှာ ဤနေရာတွင် သူမ အမှန်တကယ် သိသည့်လူဆို၍ ရန်ကိုင်တစ်ယောက်သာ ရှိသောကြောင့် ဖြစ်သည်။

သူမသည် ရန်ကိုင်နှင့်အတူ အမွေခံတိုက်ပွဲကို ဝင်ပြိုင်ပြီး တိမ်မိစ္ဆာနယ်မြေကို အနိုင်တိုက်ကာ ဗဟိုမြို့တော်မှ ထုန်းရွှမ် လောကကြီးဆီသို့ ရောက်ရှိလာခဲ့သည်။

ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင် ဖြစ်လာသော်လည်း ရွှေးလင်သည် သူမအား ရင်းနှီးသော မိတ်ဆွေတစ်ယောက်အဖြစ် သတ်မှတ်ထားဆဲပင်။

ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ရွှေးလင်ဘက်သို့ လှည့်၍ “မတွေ့တာကြာတော့ အကုန်လုံးက ပိုပိုလှလာကြပါလား”

“ဟွန့်၊ လျှာစောင်းကတော့ ထက်နေလိုက်တာပဲ” ရွှေးလင်က ရှက်ကိုးရှက်ကန်းဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ယွန်ရွှမ်လည်း အရမ်းကိုမှ ရှက်ရွံ့နေခဲ့သည်။ ရန်ကိုင်လည်း ကြည့်လိုက်၊ မကြည့်လိုက် လုပ်နေလေသည်။ သူမဘေးတွင် ရှိနေသော ရွမ်ရှင်းယုက တိုးတိုးလေး ပြောလိုက်သည် “ဒါက နင့်ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ အခုမှ မဆုပ်ကိုင်ဘူးဆိုရင် နောက်တစ်ကြိမ် ထပ်ရှိတော့မှာ မဟုတ်ဘူးနော်”

ယွန်ရွှမ်သည် ရန်ကိုင်သာ တွေတွေကြီး ဆက်လက် စိုက်ကြည့်နေပြီး ဘာမှပြန်မပြောသဖြင့် ရွမ်ရှင်းယုလည်း စိတ်ချဉ်ပေါက်ပေါက်ဖြင့် နှုတ်ခမ်းသာ ကိုက်မိလိုက်သည်။

သူမသာ ယွန်ရွှမ်နေရာတွင် ဆိုပါက ရန်ကိုင်အား ကျိန်းသေ အလွတ်ပေးလိမ့်မည် မဟုတ်ချေ။ ယခုရန်ကိုင်သည် သူမတို့ စတွေ့စဉ်က ရန်ကိုင်နှင့် လုံးဝကို ကွဲပြားနေခဲ့လေပြီ။ စတွေ့စဉ်က ရန်ကိုင်သည် ဘာဆိုဘာမှမသိသော တောကြိုအုံကြားမှ ရောက်လာသည့် လူငယ်လေး တစ်ယောက်သာ ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် သူသည် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ တော်ဝင်သခင် ဖြစ်နေပေပြီ။ မြင့်မြတ်သော အဆင့်အတန်း၊ အားကောင်းသော ခွန်အား အကုန်လုံးကို ပိုင်ဆိုင်ထားသလို… ရုပ်ရည်ပိုင်းအရ ဆိုလျှင်လည်း ပြောစရာ မလိုချေ။ ထိုကဲ့သို့သော လူတော်တစ်ယောက်ကို ရှာတွေ့ပြီးမှဖြင့် အဘယ်ကြောင့် သူ့အား မဖက်တွယ်ထားရမည်နည်း။

သူ့အား တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားသရွေ့ နောင်ရေးကို တွေးပူစရာ လိုတော့လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း အရူးမယွန်ရွှမ်သည် ထိုကဲ့သို့ လုပ်ရန် မစဉ်းစားလေရာ ရွမ်ရှင်းယုမှာ အရမ်းကိုမှ ကြိတ်မနိုင်ခဲမရ ဖြစ်နေခဲ့ရသည်။

“အဖွဲ့အစည်းခေါင်းဆောင်ယွန်ကို ဂျူနီယာ နှုတ်ဆက်ပါတယ်” ရန်ကိုင်က လက်သီးဆုပ်ကာ ယွန်ချန်အား နှုတ်ဆက်လိုက်သည်။

ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ချန် တစ်ကိုယ်လုံး တုန်ရီသွားခဲ့ပြီး သူ့မျက်နှာလည်း အပြုံးကြီး ပြုံးဖြီးသွားခဲသည်။ သို့သော် အလျင်စလို ထ၍ “တော်ဝင်သခင်ရန်ကလည်း ဒီလို လုပ်နေစရာ မလိုပါဘူးဗျာ”

ထို့နောက် ကိုးယိုးကားယား အမူအရာဖြင့် ခပ်မြန်မြန်ပဲ ဆက်ပြောလိုက်သည် “အရင်တုန်းက ကျုပ်တို့ အဖွဲ့အစည်းလည်း ဟိုသူခိုးတွေရဲ့ အလိမ်အညာမိပြီး တော်ဝင်နယ်မြေအပေါ် ရိုင်းစိုင်းမိခဲ့ပါတယ်။ အဲ့ကိစ္စနဲ့ပက်သက်ပြီး တော်ဝင်သခင် စိတ်မကွက်ဖို့ မျှော်လင့်ပါတယ်”

“ဘာမဟုတ်တဲ့ ကိစ္စလေးကို ဘာလို့ စိတ်ထဲထားနေရမှာလဲ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်လေသည်။

ထိုစကားကို ကြားလိုက်မှပဲ ယွန်ချန် ရင်ထဲ ပေါ့သွားခဲ့သည်။ ထိုကိစ္စနှင့်ပက်သက်ပြီး ရန်ကိုင်သူ့အား အညိုးထားနေမည်ကို ယွန်ချန် အတော်လေး လန့်ပေသည်။ ရန်ကိုင်သာ သူ့အား အငြိုးထားနေဦးမည် ဆိုပါက အရှက်လုံးလုံး ကွဲရပေလိမ့်မည်။

အချင်းချင်း အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ရန်ကိုင်က ထိုင်ခုံတစ်လုံးရှာကာ ထိုင်လိုက်သည်။

“ခင်ဗျားတို့အားလုံး ကျုပ်တော်ဝင်နယ်မြေဆီ ဘယ်လိုလုပ်ပြီး အတူတူ ရောက်လာကြတာလဲ။ အားလုံး တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာလား” ရန်ကိုင်က တစ်ယောက်ပြီး တစ်ယောက်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“တိုက်ဆိုင်သွားတာ သက်သက်ပဲ” ချန်ပေါင်က ရယ်ရယ်မောမောဖြင့် “ငါတို့ အတူလာခဲ့တာ မဟုတ်ဘူး။ အပြင်မှာ မတော်တဆ တွေ့ခဲ့ကြတာ”

“ဟုတ်တယ်။ ယွန်ရွှမ်ကို အပြင်မှာတွေ့လို့ တစ်ခါတည်း ခေါ်လာလိုက်တာ”

“တကယ်ကို တိုက်ဆိုင်မှု အကြီးစားကြီးပဲ။ ဒီနေ့ ကောင်းတဲ့ ကိစ္စတစ်ခုခု ဖြစ်တော့မယ်လို့ ခံစားမိနေတာ မထူးဆန်း တော့ပါဘူးလေ။ လတ်စသတ်တော့ ဆေးဝိဇ္ဇာကြီးတွေနဲ့ မိတ်ဆွေဟောင်းတွေ လာလည်ကြမှာကိုး” ရန်ကိုင် အတော်လေး ပျော်နေသည့်ပုံပင်။

စကားပြောနေစဉ် အတောအတွင်း ယွန်ရွှမ်သည် ရန်ကိုင်ကိုသာ စိုက်စိုက်ကြည့်နေခဲ့သည်။ အသိပြန်ဝင်လာသည်နှင့် ချက်ချင်း အကြည့်လွှဲလိုက်သည်။ ရန်ကိုင် မျက်နှာလေးကို ကြည့်နေရုံဖြင့် သူမ၏ နှလုံးသားလေး တဒုတ်ဒုတ် ခုန်နေခဲ့လေပြီ။

အချိန်ကြာလာသည်နှင့် ရန်ကိုင်နှင့် သူမတို့ကြား ပိုပို၍ အလှမ်းဝေးလာနေမှန်း ယွန်ရွှမ်း ခံစားမိသည်။ ယခင်အကြိမ် ရန်ကိုင်ကို မြင်ခဲ့စဉ်က ရန်ကိုင်သည် တိမ်ယံထက် ရပ်နေသည်ဟု ထင်ရသော်လည်း အနည်းဆုံး သူ့ကို မော့ကြည့်နိုင်သေးသည်။

သို့သော်လည်း သူမရှေ့ရှိ လူငယ်လေးသည် သူမပင် လက်လှမ်းမမှီသည့် နေရာသို့ တက်လှမ်းသွားခဲ့လေပြီ။

ထိုအချက်ကို နားလည်လိုက်သည်နှင့် သူမ၏ နှလုံးသားလေး ကြေကွဲသွားခဲ့ရသည်။ ဤတစ်သက် ရန်ကိုင်ကို ဘယ်တော့မှ လိုက်မှီနိုင်တော့မည် မဟုတ်မှန်း ယွန်ရွှမ် နားလည်လိုက်လေပြီ။

ထိုကဲ့သို့သော လူတစ်ယောက်သည် သူမကဲ့သို့သော မိန်းမ တစ်ယောက်နှင့် ယှဉ်တွဲရပ်နေရန် မထိုက်တန်…

“ဆေးဝိဇ္ဇာကြီးတို့ တော်ဝင်နယ်မြေဆီ အတူတူ ရောက်လာတယ်ဆိုတော့ တောင်ဆိုစရာတစ်ခုခုများ ရှိလို့လား” ရန်ကိုင်က အသာအယာ ချောင်းဟန့်၍ ရောက်လာရခြင်း အကြောင်းအရင်းကို မေးမြန်းလိုက်လေသည်။

အကြီးအကဲငါးယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ နောက်ဆုံး အကြည့်လေစုံးသည် တုဝမ်ပေါ်သို့ စုပြုံ ရောက်ရှိလာခဲ့သည်။

လေးယောက်တစ်ယောက် ဖြစ်နေလေရာ တုဝမ်လည်း ပြန်မငြင်းသာတော့။ ကူကယ်ရာမဲ့စွာဖြင့်သာ ခါးခါးသီးသီး ပြုံးလျက် “ဒီလို… ဒီမှာ အဆင့်မြင့် ဆေးဝိဇ္ဇာကြီးတစ်ဦး ရှိနေတယ်ကြားလို့ ဒီကို လာလည်ဖို့ ဆုံးဖြတ်လိုက်တာကွ”

ထိုစကားကို ကြားလိုက်ချိန် ရန်ကိုင် တံတွေးသီးမတတ် ဖြစ်သွားခဲ့ရသည်။ သူ့နှုတ်ခမ်းအစုံသည်လည်း မဲ့ရွဲ့နေခဲ့လေပြီ။

တော်ဝင်နယ်မြေရှိ ထူးခြားဆန်းကြယ်သော ဆေးဝိဇ္ဇာ မည်သူမှန်း အခြားသူများမသိ။ သို့သော် တုဝမ်နှင့် အခြား ဆေးဝိဇ္ဇာကြီးများမှာမူ ကွဲကြ၏။ သူတို့သည် ဆေးသွေးကြောပါသော သူတော်စင်အဆင့်နိမ့် ဆေးလုံးအား ရန်ကိုင် ဖော်စပ်ခဲ့သည်ကို ကိုယ်တိုင် မြင်ခဲ့ဖူးကြသူများ မဟုတ်ပေလော။

ယခု တုဝမ်က ထိုကဲ့သို့ နှိမ့်နှိမ့်ချချ ပြောလာသဖြင့် ရန်ကိုင်လည်း အတော်လေးကို ကိုးယိုးကားယား ဖြစ်နေခဲ့သည်။ လက်ရှိ အခြေအနေကို မည်ကဲ့သို့ ကိုင်တွယ်ရမှန်း မသိတော့။

“ဟုတ်တယ်။ အဆင်ပြေရင် အဲ့ဆေးဝိဇ္ဇာကြီးရဲ့ ပညာရပ်တွေကို လေ့လာချင်တာ။ ဖြစ်နိုင်ရင် ဆေးပညာကို သူနဲ့အတူတောင် လေ့လာချင်သေးတယ်…” ဟုန်ဖန်းက ထပ်လောင်းပြောဆိုလိုက်သည်။

ရန်ကိုင်မျက်နှာ ပို၍ မဲ့ရွဲ့သွားခဲ့ရလေပြီ။

“အဆင်မပြေရင်လည်း ကိစ္စတော့ မရှီပါဘူး” ရန်ကိုင်၏ ထူးဆန်းသော အမူအရာကို မြင်သော် ရန်ကိုင်အနေဖြင့် သဘောတူရန် ခက်ခဲနေသည်ကို ထင်မှတ်သွားကာ သူ့လက်ကို ဝှေ့ရမ်း၍ “အခြားသူတွေရဲ့ လျှို့ဝှက်ချက်ကို သိချင်တာတော့ မဟုတ်ဘူးကွ။ ဒါပေမယ့် ဆေးပညာဘက်မှာ ငါတို့ကို သင်ပေးနိုင်တဲ့လူက တယ်ရှားတာကိုးကွ။ ရှိတယ်ဆိုရင်တောင် ပေါ်လာလေ့ရှိတာ မဟုတ်ဘူးလေ။ ဒါကောင့် ကံစမ်းရုံပဲ တတ်နိုင်တာပေါ့။ ရန်ကိုင်၊ ငါတို့တောင်းဆိုချက်ကို အဲ့ဆေးဝိဇ္ဇာကြီးဆီ တစ်ချက်လောက်တော့ သွားပြောပေးကွာ။ အလျင်လိုစရာ မလိုဘူး။ ငါတို့ စောင့်နိုင်တယ်”

“ဟုတ်တယ်။ အဲ့ဆေးဝိဇ္ဇကြီးသာ ငါတို့ကို နည်းနည်းပါးပါး ထောက်ပြပေးမယ်ဆိုရင် ငါတို့ တကယ်ကို ပျော်မိမှာ။ ဒါပေမယ့် မရလည်း ကိစ္စမရှိပါဘူးလေ။ တကယ်တော့ ငါတို့ဘက်က အတော်လေး ရိုင်းတယ်လို့တောင် ပြောလို့ရနေပြီ။ အခြား တစ်ယောက် မလုပ်ချင်တာကို အတင်းလုပ်ခိုင်းနေတဲ့ ပုံပေါက်နေပြီ” ချန်ပေါင်က နှစ်သိမ့်စကား ဝင်ပြောလိုက်သည်။

အကြည့်ငါးစုံစလုံးသည် ရန်ကိုင်ကိုသာ မမှိတ်မသုံ စိုက်ကြည့်နေခဲ့ကြသည်။

ရွှေးလင်နှင့် ယွန်ချန်တို့လည်း အတော်လေးကိုမှ နေရထိုင်ရ အခက်တွေ့နေခဲ့သည်။ အခန်းတွင်ရှိ အခြေအနေ အဘယ်ကြောင့် ရုတ်တရက် တင်းမာသလို ဖြစ်သွားမှန်း နားမလည်နိုင် ဖြစ်နေခဲ့သည်။

ရန်ကိုင်က အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီး အမူအရာကို ပြန်ထိန်းကာ “ဆေးဝိဇ္ဇာကြီးတွေကလည်း တကယ် အတည်ပေါက်ကြီးနဲ့ဗျာ။ တကယ်တော့ ကျုပ်တို့ တော်ဝင်နယ်မြေက ဆေးပညာရှင်လည်း သူနဲ့ အတွေ့အကြုံ ဖလှယ်နိုင်မယ့် ပညာရှင်တစ်ယောက်လောက်ကို လိုနေတာလေ။ ဆေးဝိဇ္ဇာကြီးတို့ ရောက်လာတာ တစ်ခါတည်း ကွက်တိတောင် ဖြစ်သွားသေးတယ်။ ကျုပ်တို့ တော်ဝင်နယ်မြေက ဆေးဝိဇ္ဇာကြီး ကိုယ်စား ဆေးဝိဇ္ဇာကြီးငါးယောက်ရဲ့ တောင်းဆိုချက်ကို လက်ခံပေးပါ့မယ်။ ဒီအတိုင်း သင်ပြတာမျိုး မဟုတ်ဘဲ အကုန်လုံးအတွက် အကျိုးရှိမယ့် အတွေ့အကြုံ ဖလှယ်တာမျိုးပဲ လုပ်ကြတာပေါ့”

“တကယ်လား” ချန်ပေါင်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် ထပင် အော်လိုက်မိလေသည်။

“တကယ်ကြီးလား” တုဝမ်လည်း ရန်ကိုင်အား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေခဲ့သည်။

“တကယ်ပေါ့။ ဒီတောင်းဆိုချက်ကို လက်ခံလိုက်တဲ့ အကျိုးယုတ်သွားတာမှ မဟုတ်တာ” ရန်ကိုင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

ဆေးဝိဇ္ဇာကြီးငါးယောက်စလုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ပြိုင်တူ ပြုံးလိုက်ကြလေသည်။

သူတို့၏ တောင်းဆိုချက်ကို ရန်ကိုင် ထိုမျှ အလွယ်တကူ လက်ခံလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ချေ။

လမ်းတစ်လျှောက်လုံး သူတို့၏ တောင်းဆိုချက်များ အရမ်း လွန်ကဲသွားလေမလားဟု တွေးပူလာခဲ့ရခြင်း ဖြစ်သည်။ သို့သော် ဆေးပညာနှင့် ပက်သက်လာလျှင် အရမ်းကိုမှ သိလိုစိတ် ပြင်းပြသူများ ဖြစ်ကြလေရာ သွားမမေးဘဲလည်း မနေနိုင်ချေ။

ထို့ကြောင့် တော်ဝင်နယ်မြေရောက်၍ ငြင်းခံရလျှင်ပင် ထိုအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသားပင်။

သို့သော်လည်း ရန်ကိုင်သည် သူတို့ မျှော်လင်ထားခဲ့သကဲ့သို့ မဟုတ်ဘဲ အလွယ်တကူ လက်ခံခဲ့သည်။

ဆေးဝိဇ္ဇာကြီးများ မပျော်ဘဲ နေမည်လား။

“အဲ့လိုဆိုရင် ဘာစောင့်နေသေးတာလဲ။ ဆေးဝိဇ္ဇာကြီးကို အခုပဲ သွားတွေ့ကြမယ်လေ” ဟဲဖုန်းက ချက်ချင်း ထရပ်လိုက်သည်။

“ဘာတွေလောနေတာလဲ” ရန်ကိုင်က အသက်မပါသည့် ရယ်သံဖြင့် “ဆေးဝိဇ္ဇာကြီးတို့ ခဏလောက်စောင့်ပါဦး”

ပြောပြီးသည်နှင့် ရန်ကိုင်သည် ရွှေးလင်နှင့် အခြားသူများ ဘက်သို့လှည့်၍ “နင်တို့ကော။ ငါ့ဆီ သက်သက်လာလည်တာလား။ ဆေးဖော်စပ်ပေးဖို့ လာတောင်ဆိုတာလား”

“နင့်ကိုတွေ့ဖို့သက်သက် လာတယ်လို့ပြောရင် နင်ယုံမှာလား၊ မယုံဘူးလား” ရွှေးလင်က အပြုံးကြီးပြုံးလျက် ပြန်မေးလိုက်သည်။

ရန်ကိုင် နှုတ်ခမ်းမဲ့လိုက်သည်။

“ကဲ။ ငါဒီကို ဆေးဖော်စပ်ခိုင်းဖို့ လာခဲ့တာ။ ဟဲဟဲ” ပြောပြီးသည်နှင့် ရွှေးလင်သည် သိုလှောင်အိတ်တစ်လုံးကို ထုတ်ကာ ရန်ကိုင်ဆီသို့ ပစ်ပေးလိုက်သည်။ ထို့နောက် နည်းနည်းလေးမှ ယဉ်ကျေးခြင်းမရှိသည့် လေသံဖြင့် စတင် တောင်းဆိုတော့သည် “မိုးပြာကောင်းကင်ဆိုတဲ့ ဆေးလုံးသုံးလုံးကို ငါလိုချင်တယ်။ ဆေးအမယ်တွေအားလုံးကို ပြင်ဆင်ပြီးသားပြီ။ နင့်ဘာသာ ကြည့်ကြည့်လိုက်”

ရန်ကိုင်လည်း သိုလှောင်အိတ်ကို ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်ပြီး “မိုးပြာကောင်းကင်ဆေးလုံး… နင်မသေမျိုး အဆင့်ကို ချိုးဖျက်သွားတာ ဘယ်လောက်ကြာပြီပဲ”

“လေးလလောက်ပဲ ရှိဦးမယ်။ ဒါကြောင့် ငါ့ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင်လုပ်ဖို့ အဲ့ဆေးလုံးတွေ လိုအပ်နေတာ” ရွှေးလင်က အနည်းငယ် စိတ်ဓါတ်ကျနေသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။ –

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၆)

ရွှေးလင်သည် လွန်ခဲ့သော လေးလကမှ မသေမျိုးအဆင်သို့ ချိုးဖျက်ခဲ့ခြင်း ဖြစ်လေရာ သူမ၏ ကျင့်ကြံခြင်းကို တည်ငြိမ်သွားအောင် လုပ်ရန် လိုအပ်ပေသည်။

တင်ပလင်ခွေထိုင်ကာ ကောင်းကင်နိယာမများနှင့် သိုင်းတာအိုကို စူးစမ်းခြင်းဖြင့် ကျင့်ကြံခြင်းကို တည်ငြိမ်အောင် မလုပ်ချင်ဘူးဆိုပါက ဆေးလုံးကိုသာ အသုံးပြုရန် ကျန်တော့သည်။ ဆေးလုံးကို အသုံးပြုခြင်းသည် ကိုယ့်ဘာသာ လေ့ကျင့်ခြင်းထက် ပိုမို မြန်ဆန်ပေသည်။

“အင်း” ရန်ကိုင် အတွေးထဲ နစ်မြောသွားခဲ့သည်။ ထို့နောက် “နင့်ကျင့်ကြံခြင်းကို တည်ငြိမ်အောင် လုပ်ချင်ရင် မိုပြာကောင်းကင် ဆေးလုံးတစ်လုံးနဲ့တင် လုံလောက်ပြီ။ နင့်အိတ်ထဲက ကျန်တဲ့ ဆေးအမယ်တွေကိုတော့ နင့်စိတ်စွမ်းအင်ကို တိုးတက်စေနိုင်တဲ့ ဝိဥာဉ်အားဖြင့်ဆေးလုံးတွေ ဖော်စပ်ပေးလိုက်မယ်။ အဲ့ဆေးလုံး နှစ်လုံးအတွက် လိုအပ်တဲ့ ဆေးအမယ်တွေပဲ ဆင်တူတယ်”

“နင်လည်း ဆေးပညာကို လေ့လာထားတာလား” ရွှေးလင် ထိတ်လန့်သွားခဲ့လေပြီ။

“နည်းနည်းပါးပါးလောက်ပါပဲ… အဲ့ဆေးဝိဇ္ဇာကြီး ဘေးနားမှာ အနေများလို့ ဟိုနည်းနည်း ဒီနည်းနည်း သိလာရုံလောက်ပဲ”

“အဲ့လိုဆိုရင် နင့်ကိုပဲ အားကိုးလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် နင်ငါ့အပေါ် မမျှမတ ဆက်ဆံမှာမဟုတ်မှန်း ငါသိပြီးသား” ပြောပြီးသည်နှင့် ရန်ကိုင်အား လက်ဝှေ့ရမ်းပြလိုက်သည်။ ရန်ကိုင် သူမအား ထိုကဲ့သို့ ဆက်ဆံမည်ဆိုသည်ကို ကြိုတင်သိထားသည့် သူမ၏ ပုံစံကြောင့် ရန်ကိုင်လည်း ဆွံ့အသွားခဲ့ရလေသည်။

“နင်ဘာလို့…” ရန်ကိုင် ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလိုက်ပြီး ယွန်ရွှမ်ဘက်သို့လှည့်လိုက်သည်။

“နင်ကော” ယွန်ရွှမ်အား ပြောသည့်လေသံမှာ ရွှေးလင်နှင့် ပြောသည့်လေသံနှင့် တခြားစီပင်။ သူ့လေသံသည် ယွန်ရွှမ်နှင့် စကားပြောသည့်အခါ သိသိသာသာကို ပျော့ပျောင်းသွားခဲ့သည်။

ယွန်ရွှမ်သည် အတွေးရေယာဉ်ကြောထဲ မျောနေသည့်ပုံပင်။ ရန်ကိုင် ခေါ်သံကြားလိုက်မှပဲ ဆတ်ခနဲ လန့်နိုးလာခဲ့သည်။ ချက်ချင်း အာရုံစိုက်ကာ ပြန်ဖြေလိုက်လေသည် “ငါ့အဖေက ကောင်းကင်ခိုးယူခြင်း ဆေးလုံးတစ်လုံးလောက် သန့်စင်ချင်လို့တဲ့”

“ကောင်းကင်ခိုးယူခြင်းဆေးလုံးလား” ရန်ကိုင် မျက်ခုံးပင့်ကာ ယွန်ချန်အား လှမ်းကြည့်လိုက်သည်။ ခဏအကြာ သူ့မျက်နှာထက် အပြုံးတစ်ပွင့် ထွက်ပေါ်လာခဲ့ပြီး “ဒီတော့ စီနီယာက သူတော်စင် အဆင့်ကို ချိုးဖျက်တော့မယ်ပေါ့”

ယွန်ချန်က ကိုးယိုးကားယား အမူအရာဖြင့် ပြုံးလျက် ပြန်ပြောလိုက်သည် “သူတော်စင်အဆင့်နဲ့ ပက်သက်တဲ့ သဘောတရားကိ နည်းနည်းလောက်ပဲ ဖမ်းဆုပ်မိလိုက်တာ။ ဒါပေမယ့် အပြည့်အဝ နားမလည်နိုင်သေးဘူး။ ဒါကြောင့် ကောင်းကင်ခိုးယူခြင်းဆေးလုံးနဲ့ဆိုရင် အဆင်ပြေသွားမလား ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကို ရောက်လာခဲ့ရတာပဲ”

“ဟုတ်ပြီလေ” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “စီနီယာယွန် အဆင့်ချိုးဖျက်တဲ့ ကိစ္စနဲ့ပက်သက်နေမှတော့ ဆေးဝိဇ္ဇာကြီးကို အဆင့်အမြင့်ဆုံး ကောင်းကင်ခိုးယူခြင်းဆေးလုံး ဖော်စပ်ပေးဖို့ ကျုပ်ကိုယ်တိုင် တောင်းဆိုပေးလိုက်ပါ့မယ်”

ထိုစကားကို ကြားလိုက်သည်နှင့် ယွန်ချန် မျက်လုံးများ တုန်တုန်ရီရီ ဖြစ်သွားခဲ့ပြီး အူမြူးပျော်ရွှင်နေသည့် အမူအရာဖြင့် “အဲ့လိုဆိုရင် တော်ဝင်သခင်ကို ကြိုပြီး ကျေးဇူးတင်ထားရတော့မှာပေါ့”

ပြောပြီးသည်နှင့် ယွန်ရွှမ်အား အဓိပ္ပါယ်ပါပါ လှမ်းကြည့်လိုက်သည်။

ယွန်ရွှမ်လည်း သူမအဖေ ဘာကိုပြောချင်နေမှန်း နာလည်ပေသည်။ ထို့ကြောင့် ကျော့ရှင်းသိမ်မွေ့စွာဖြင့် ခါးကိုညွှတ်လျက် “ကျေးဇူးအများကြီး တင်ပါတယ် ရန်… တော်ဝင်သခင်”

ရန်ကိုင်က ယဲ့ယဲ့လေးသာ ခေါင်းညိတ်လိုက်သည်။ သူ့အမူအရာမှာလည်း မရှင်းမလင်း။

ပြောင်းလဲသွားသော ရန်ကိုင်၏ မျက်နှာထားကို သတိပြုမိလိုက်သည်နှင့် အခန်းထဲတွင် ရှိနေသူများအားလုံး အတွေးနက်သွားခဲ့ကြသည်။

ယွန်ချန်သည် အတင်းအကြပ် ချောင်းဟန့်လျက် ပြင်ဆင်လာသော ဆေးပင်များကို ရန်ကိုင်ဆီ အလျင်အမြန် ပေးအပ်လိုက်သည်။

ဆေးပင်များကို လက်ခံပြီးနောက် ရဣ်ကိုင်က “အန်လင်းအာရေ၊ ငါ့မိတ်ဆွေကို ခဏလောက် အဖော် ပြုထားပေးပါလား။ ဒီဆေးအမယ်တွေကို အရင် သွားပို့လိုက်ဦးမယ်”

“ရတယ်လေ” အန်လင်းအာက ကျော့ကျော့မော့မော့ဖြင့် ခေါင်းပြန်ညိတ်ပြလိုက်သည်။

“ဆေးဝိဇ္ဇာကြီးတို့ ကျေးဇူးပြုပြီး ကျုပ်နောက် လိုက်ခဲ့ပေးပါ” ရန်ကိုင်က တုဝမ်နှင့် အခြားသူများကို လက်ယပ် ခေါလိုက်သည်။

သီးခြားအဆောက်အဦး တစ်ခုအတွင်းရှိ အခန်းကျယ်ကြီး တစ်ခန်း၏ အလယ်၌ ဆေးမီးဖိုတစ်လုံး ရှိနေခဲ့ပြီး ဖော်စပ်ရန် ပြင်ဆင်ထားသော ဆေးအမယ်များသည်လည်း အနီးအနားတွင် ရှိနေခဲ့သည်။

ထိုနေရာသို့ ရောက်လာပြီးနောက် ရန်ကိုင်က ပြောလိုက်သည် “ဆေးဝိဇ္ဇာတို့၊ ကြိုက်တဲ့နေရာမှာထိုင်နော်။ ဂျူနီယာက ဒီမှာ ဆေးပဲ ဖော်စပ်တာဆိုတော့ အကြီးအကဲတို့ကို ဘာမှ မဧည့်ခံ ပေးနိုင်သေးဘူး”

“ကိစ္စမရှိဘူး။ မင်းဘာသာမင်း ဆေးပဲဖော်စပ်။ ငါတို့ကို သတိပေးနေစရာ မလိုဘူး။ ငါတို့က မင်းလုပ်တာကို လေ့လာ ကြည့်ချင်ရ့ုပဲ။ ငါတို့ ဘယ်လောက် သင်ယူနိုင်လဲဆိုတာ ငါတို့ အပေါ်မှာပဲ မူတည်တာလေ။ ဒီအတိုင်းကြီး သီးသန့် သင်ပေးနေစရာ မလိုဘူး” ချန်ပေါင်က နေရာကောင်းတစ်ခုရှာပြီး ထိုင်ချလိုက်သည်။

“ငါတို့ လာကတည်းက လမ်းမှာ ဆွေးနွေးလာပြီးသား။ ငါတို့ တောင်းဆိုချက်ကို လက်ခံလိုက်တာနဲ့ ငါတို့ဘာသာ ငါတို့ပဲ လေ့လာမှာ” တုဝမ်ကလည်း အသာအယာ ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီလေ” ရန်ကိုင် ခေါင်းညိတ်လိုက်သည်။ ဆေးဖော်စပ်လျှင် သေချာအာရုံစိုက်ထားရန် လိုအပ်သည်။ ထို့ကြောင့် ဆေးဖော်စပ်နေစဉ် အတောအတွင်း အခြားသူများကို လှည့်ရှင်းပြနိုင်မည်မဟုတ်။ ထို့အပြင် ရန်ကိုင်အတွင် သင်ကြားရေး အတွေ့အကြုံ မရှိကာ အခြားသူများအား မည်ကဲ့သို့ သင်ကြားပေးရမှန်း မသိချေ။

ထိုဆေးဝိဇ္ဇာကြီးများသည် ဆေးပညာလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာသော ဆေးပညာရှင်ကြီးများ ဖြစ်ကြရာ သူတို့တွင် ကိုယ်ပိုင်နည်းပညာရပ်များ ရှိပြီးသားပင်။ ထို့ကြောင့် သူ့ပညာရပ်များကို မရှင်းပြတတ် ပြတတ်ဖြင့် ရှင်းပြနေမည့်အစား သူတို့ဘာသာ လေ့လာခိုင်းလိုက်ခြင်းက ပို၍ ကောင်းပေသည်။

“ကောင်လေး။ ယွန်ရွှမ်ဆိုတဲ့ မိန်းကလေးနဲ့ မင်း ဇာတ်လမ်း တစ်ပုဒ် ရှိခဲ့တာလား။ သူ့ကြည့်ရတာ တစ်ချိန်လုံး မင်းကိုချည်း ရှက်ကိုးရှက်ကန်းနဲ့ စိုက်ကြည့်နေသလိုပဲ” ချန်ပေါင်က ရုတ်တရက် အပြုံးလေးဖြင့် ကောက်မေးလိုက်သည်။

“နင်ဘာတွေ ပြောနေတာလဲ။ နည်းနည်းလေးတောင် မရှက်တတ်ဘူးလား ဖက်တီးအိုကြီး” ခုန်ရို့ယုက ချန်ပေါင်းအား စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“ဟဲ ဟဲ… ငါမေးရုံပဲ မေးတာပါ…” ချန်ပေါင်က စနောက်လိုက်သည်။

ရန်ကိုင်က ခါးခါးသီးသီးပြုံးလျက် ခေါင်းညိတ်ကာ “အင်း၊ ရှိခဲ့ဖူးတယ်… ဒါပေမယ့် အဲ့အကြောင်းကို မပြောဘဲ နေကြရအောင်။ ကျုပ်စတော့မယ်နော်”

ပြောပြီးသည်နှင့် ရွှေးယူလာသော ဆေးပင်များကို ထုတ်လိုက်ကာ မိုးပြာကောင်းကင်ဆေးလုံးနှင့် ဝိဥာဉ်အားဖြည့်ဆေးကို သန့်စင်ရန် ပြင်ဆင်တော့လေသည်။

ထိုဆေးလုံးနှစ်လုံးသည် စိတ်ဝိဥာဉ်အထွဋ်အထိပ်အဆင့် ဆေးလုံးများသာ ဖြစ်ကြသဖြင့် ရန်ကိုင်သည် ကောင်းကင်ခိုးယူခြင်း ဆေးလုံးကို မဖော်စပ်မှီ သွေးပူလေ့ကျင့်ခန်းအဖြစ် ထိုဆေးလုံး နှစ်လုံးကို အရင်ဖော်စပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ရန်ကိုင် စပြီိဆိုသည်နှင့် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး စကားမပြောကြတော့။ ရန်ကိုင်၏ လှုပ်ရှားမှုများကိုသာ မျက်တောင်မခတ်တမ်း အသေအချာ စိုက်ကြည့်ကြတော့သည်။

အချိန်သည် တဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။

တော်ဝင်သခင်ရုံးတော်ထဲတွင် အန်လင်းအာသည် ရွှေးလင်းနှင့် ယွန်ရွှမ်တို့ဖြင့် စကားဆက်ပြောနေခဲ့သည်။

နေမဝင်ခင် အချိန်လေးမှာပဲ ရန်ကိုင် ပြန်လာခဲ့လေသည်။

ရန်ကိုင် ပြန်လာသည်ကို မြင်သည်နှင့် ယွန်ချန်သည် စိုးရိမ်နေသည့် အမူအရာဖြင့် ထိုင်ရာမှ ချက်ချင်းထ၍ ရှေ့တိုးသွားလိုက်သည်။ သူမည်မျှ စိုးရိမ်နေသည်ကို တုန်တုန်ရီရီ ဖြစ်နေသော သူ့ခန္ဓာကိုယ်အား မြင်ရုံနှင့်တင် သိနိုင်ပေသည်။

ရန်ကိုင်ရှေ့သို့ ရောက်သည့်အခါ ရန်ကိုင်က ယွန်ချန်အား ကျောက်စိမ်းပုလင်း တစ်ပုလင်း ပေးလိုက်ပြီး “ဒါက စီနီယာယွန် တောင်းဆိုထားတဲ့ ကောင်းကင်ခိုးယူခြင်းဆေးလုံးပဲ”

ထို့နောက် နောက်ထပ်ကျောက်စိမ်းပုလင်း တစ်ပုလင်းကို ရွှေးလင်ဆီ ပစ်ပေးလိုက်ပြီး “ရော့၊ ဒီမှာ မိုးပြာကောင်းကင် ဆေးလုံးနဲ့ ဝိဥာဉ်အားဖြည့်ဆေးလုံးတွေပဲ”

ရွှေးလင်က ပုလင်းကိုဖမ်းကာ အပြုံးလေးဖြင့် ပုလင်း အဖုံးကို ဖွင့်ကြည့်လိုက်သည်။ ပုလင်းထဲသို့ ငုံ့ကြည့်လိုက်သည်နှင့် အလန့်တကြား ထအော်လိုက်လေသည် “ဆေးသွေးကြောတွေပါ ပါတယ်ဟ။ ကောလဟာလတွေက ချဲ့ကားပြောနေတယ်လို့ မှတ်နေတာ။ လတ်စသတ်တော့ အမှန်တွေ ဖြစ်နေတာကိုး”

ထိုဆေးပုလင်းထဲတွင် ပါဝင်သော မိုးပြာကောင်းကင် ဆေးလုံးတွင် ဆေးသွေးကြောများ ပါနေခဲ့လေသည်။

ရွှေးလင်မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက် တောက်ပလာခဲ့လေသည်။

“နောက်တစ်ကြိမ် ဆေးလုံးလိုတဲ့အခါ ဒီကိုသာ တိုက်ရိုက် လာခဲ့။ ငါနင့်တို့ကို အမြဲကြိုဆိုနေပြီးသား” ရန်ကိုင်က အပြုံးလေးဖြင့် မေးလိုက်သည်။

“အဲ့လိုဆိုရင် ငါလည်း အားနာမနေတော့ဘူးနော်” ရွှေးလင်က သွားပေါ်အောင် ပြုံးဖြီးလိုက်သည်။ ထို့နောက် ကျောက်စိမ်းပုလင်းကို သိုလှောင်အိတ်ထဲ သေချာ ထည့်သိမ်းလိုက်ပြီး ယွန်ချန်ဘက်သို့ လှည့်ကာ မေးလိုက်သည် “ဘာဖြစ်လို့လဲ။ စီနီယာယွန်၊ မျက်နှာကြီးက မအီမသာ ဖြစ်နေတဲ့ ပုံကြီးနဲ့”

သူမပြောမှပဲ ယွန်ရွှမ်နှင့် ရွမ်ရှင်းယုတို့လည်း ယွန်ချန်ဘက် လှဉ့်ကြည့်မိလိုက်သည်။ ယွန်ချန်လက်များ တုန်တုန်ရီရီ ဖြစ်နေခဲ့ပြီး လည်ချောင်းနာနေသဖြင့် စကားမပြောနိုင်သည့်အလား… သူ့မျက်နှာ အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေခဲ့လေရာ သူဘာဖြစ်နေမှန်း မည်သူမှ မပြောနိုင် ဖြစ်နေခဲ့သည်။

“ဆေး… ဆေးသွေးကြောတွေ” အချိန်အတော်ကြာပြီးမှသာ ထိုစကားလုံး လေးလုံးကို ယွန်ချန် ပြောထွက်နိုင်ခဲ့သည်။ “ဆေးသွေးကြောပါတဲ့ သူတော်စင်အဆင့်ဆေးလုံး”

“တကယ်ကြီးလား” ရွှေးလင်လည်း ကြောင်သွားခဲ့ပြီး ချက်ချင်း ပြေးသွားကြည့်လေသည်။ သူတော်စင်အဆင့်နိမ့် ဆေးလုံးကို ကြည့်လိုက်သည်နှင့် ဆေးလုံးမျက်နှာပြင်ထက် လူသွေးကြောကဲ့သို့ မျဉ်းကြောင်းလေးများကို တွေံလိုက်ရသည်။

ရွှေးလင် မှင်သက်သွားခဲ့ရလေပြီ။

ဆေးသွေးကြောပါသော သူတော်စင်အဆင့် ဆေးလုံးတစ်လုံး၏ တန်ဖိုးမှာ အရမ်းကိုမှ မြင့်မားလှသည်။

ထို့အခိုက် ယွန်ချန်အား မနာလိုပင် ဖြစ်ချင်မိသွားသည်။ သူမကိုယ်တိုင်လည်း သူတော်စင်အဆင့် ဆေးအမယ်များ ယူလာပြီး သန့်စင်ခိုင်းလိုက်လျှင် ဘယ်လောက်ကောင်းနေမလဲဟု တွေးတော နောင်တရနေမိသည်။

မည်သို့ပင်ဖြစ်စေ ရန်ကိုင်အား ဆေးဖော်စပ်စပ် ပေးစရာ မလိုချေ။ ထို့အပြင် သူမအဖေသည်လည်း သူတော်စင်အဆင့် ဆေးလုံးများကို လိုအပ်နေသည် မဟုတ်ပေလော။

“ဂုဏ်ယူပါတယ် စီနီယာယွန်၊ စီနီယာလီရဲ့ ဆန္ဒလည်း ဖြစ်လာဖို့ မဝေးတော့ဘူးနဲ့တူတယ်” ရွှေးလင် သူ့အမူအရာကို ပြန်ထိန်း၍ ယွန်ချန်အား ဂုဏ်ပြုစကား ပြောလိုက်သည်။

“သူတော်စင်အဆင့်ကို ရောက်တော့မယ့် စီနီယာယွန်ကို ကြိုတင်ပြီး ဂုဏ်ပြုထားလိုက်မယ်နော်” ရွမ်ရှင်းယုကလည်း ဂုဏ်ပြုစကား ဆိုလိုက်လေသည်။

“အဲ့ဒါက မသေချာသေးဘူးလေ။ ဆေးလုံးက ရှားပါပြီး အောင်မြင်နိုင်ချေကို မြှင့်တင်ပေးနိုင်ပေမယ့် သူတော်စင် အဆင့်ကို ချိုးဖျက်ဖို့က ဒီယွန် ဘယ်လောက်အားစိုက်ထုတ်နိုင်လဲရယ်၊ ကံရယ် အပေါ် မူတည်သေးတယ်လေ… ဒါပေမယ့် ဘာပဲဖြစ်ဖြစ်၊ တော်ဝင်သခင်ရန်ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”

“အဲ့လိုလုပ်နေစရာ မလိုပါဘူး စီနီယာယွန်” ရန်ကိုင်က ယဲ့ယဲ့လေး ပြုံးလျက် ယွန်ရွှမ်ဆီ လှမ်းကြည့်မိလိုက်သည်။ ယွန်ရွှမ်လည်း ရန်ကိုင်အား ကျေးဇူးတင်တင်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။

သူမစိတ်ထဲတွင်မူကား ရန်ကိုင်ကိုယ်တိုင် သွားတောင်းဆိုပေသည့် အတွက်ကြောင့်သာ ယခုကဲ့သို့ ဆေးသွေးကြောပါသော သူတော်စင်အဆင့် ဆေးလုံးကို ရခဲ့ခြင်း ဖြစ်သည်ဟု ယွန်ရွှမ် ယုံကြည်နေမိသည်။ မဟုတ်လျှင် ဆေးသွေးကြောပါသော သူတော်စင်အဆင့် ဆေးလုံးကို သန့်စင်ပေးရလောက်အောင် အဘယ်ကြောင့် ထိုမျှ တိုက်ဆိုင်ရမည်နည်း။

သူတောင့်တနေသော ဆေးလုံးကို ရခဲ့ပြီ ဖြစ်လေရာ ယွန်ချန်အနေဖြင့် ဤနေရာတွင် နည်းနည်းလေးမှ ဆက်မနေချင်တော့။ လွတ်လပ်သောအဖွဲ့အစည်းဆီသို့ ချက်ချင်း ပြန်ပြီး ထိုဆေးလုံး အကူအညီဖြင့် သူတော်စင်အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားချင်တော့သည်။

ရန်ကိုင်လည်း ယွန်ချန်ကို ဆွဲခေါ်မထားပါချေ။

“အဲ့လိုဆိုရင် ငါလည်းသွားတော့မယ်။ နင်ဒီလောက် အလုပ်များနေတဲ့ ပုံမျိုးနဲ့ဆိုရင်တော့ ငါကိုလည်း အဖော် ပြုပေးနိုင်မှာမှ မဟုတ်တာ။ ဒီတော့ ဆက်နေလည်း ဘာမှ ထူးမှာ မဟုတ်ဘူး” ထို့နောက် ရွှေးလင်က နှုတ်ဆက်စကား ပြောလိုက်သည်။

“ငါခင်ဗျားတို့ကို လိုက်ပို့ပေးမယ်လေ”

“မလိုပါဘူး၊ မလိုပါဘူး။ ဒီယွန် ကိုယ့်ဘာသာကိုယ်ပဲ သွားလိုက်ပါ့မယ်…” ယွန်ချန် ထိတ်လန့်သွားခဲ့သည်။ သို့သော် စကားကိုပင် ပြီးအောင် မပြောနိုင်သေးခင်မှာပဲ ရွမ်ရှင်းယုအား သူ့နားနား တိုးတိုးလေး ကပ်ပြောရင်း သူ့အား ဆွဲခေါ်သွားလေသည် “အခု ရှင်လိုချင်တာလည်း ရပြီဆိုတော့ သွားကြမယ်။ ကျန်တာ ရှင့်ကိစ္စမဟုတ်တော့ဘူး”

ထိုစကားကြားလိုက်သည်နှင့် ယွန်ချန် ရုတ်တရက် အသိဝင်လာပြီး ရန်ကိုင်အား နှုတ်ဆက်စကား ဆိုပြီးနောက် တောင်ထွတ်ကိုးလုံးမှ ထွက်သွားလေသည်။

ရွှေးလင်သည်လည်း ရန်ကိုင်အား အဓိပ္ပါယ်ပါပါ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လက်ဝှေ့ရမ်းပြကာ “အချိန်ရှိရင် ငါတို့ ရေဝိဥာဉ်ဘုရားကျောင်းဆီလည်း လာလည်ဦးနော်။ နှစ်တွေ အများကြီးကြာတာတောင် ငါ့ဆီ စာလေးတစ်စောင် မပို့တာမျိုးတော့ ထပ်မလုပ်နဲ့ပေါ့”

“ငါသိပါတယ်ဟာ” ရန်ကိုင်က ပြုံးကာ ပြန်ပြောလိုက်သည်။

ယခု အခန်းထဲတွင် ရန်ကိုင်နှင့် ယွန်ရွှမ်တို့သာ ကျန်တော့ပေသည်။ ရှုဟွေနှင့် အန်လင်းအာတို့သည် ဘယ်အချိန်တည်းကမှန်းမသိ အခန်းထဲမှ ထွက်သွားခဲ့လေပြီ။

“သွားကြရအောင်” ရန်ကိုင်က ပြောလိုက်သည်။

ယွန်ရွှမ်လည်း ခေါင်းညိတ်ပြကာ ရန်ကိုင်နှင့် ဘေးချင်းယှဉ် လမ်းလျှောက်သွားလေသည်။

လမ်းတစ်လျှောက်လုံး နှစ်ဦးစလုံး တိတ်ဆိတ်နေခဲ့သည်။ ဘာပြောရင်ကောင်းမလဲ ဆိုသည်ကို ရန်ကိုင်မှာ ခေါင်းခြောက်အောင် အလူးအလဲ စဉ်းစားနေခဲ့သည်။ သူမနှင့် အတွင်းကျကျ ဆက်ဆံခဲ့ဖူးပေမယ့် ထိုအဖြစ်အပျက်သည် ရှောင်းရှားမရနိုင်သည့် အတွက်ကြောင့်သာ ဖြစ်သည်။

သို့သော် သူမ၏ အပျိုစင်ပန်းကိုယဓပြီး ဘာမှမသိလို ဟန်ဆောင်နေလိုက်လျှင် သူသည် တိရိစ္ဆာန်လောက်ပင် အသိစိတ်မရှိသူ ဖြစ်သွားပေလိမ့်မည်။ ထို့ကြောင့် ယခု လောလောဆယ် သူအနေဖြင့် တိတ်ဆိတ်နေရုံသာ တတ်နိုင်သည်။

“နင်သူတော်စင်မနဲ့ ဘာမှမလုပ်ရသေးဆို” ရန်ကိုင် ဘာမှ မပြောသည်ကို မြင်သော် သူမဘက်မှ အရင်ဆုံး စပြောရန် ယွန်ရွှမ် ဆုံးဖြတ်လိုက်သည်။

“သူနင့်ကို ပြောခဲ့တာလား” ရန်ကိုင် အံ့အားသင့်သွားခဲ့သည်။

“မိန်းမချင်းပဲဟာကို၊ ဒီလိုကိစ္စမျိုးကို ဘာလို့ ပြောဖို့ ခက်နေရမှာလဲ” ယွန်ရွှမ်က ပြုံးလိုက်ပြီး “ဘာလို့လဲ။ နင်က တော်ဝင်သခင်၊ သူက သူတော်စင်မ၊ နင်တို့ အတူတူ ရှိသင့်တာ မဟုတ်ဘူးလား။ ဘာလဲ… သူ့ကို မကြိုက်နိုင်လို့လား”

“မကြိုက်တာလား…” ရန်ကိုင်က ခေါင်းခါရမ်းလိုက်ပြီး သူ့ကိုယ်သူ မည်သို့ ရှင်းပြရမှန်းမသိ ဖြစ်နေခဲ့သည်။

“နင့်နှလုံးသားထဲမှာ အခြားမိန်းမ တစ်ယောက် ရှိနေလို့လား” ယွန်ရွှမ်က ချက်ကောင်းကို လှမ်းထောက်လိုက်သည်။

မိန်းမတို့၏ မသိစိတ်ကို ရန်ကိုင် တကယ် အထင်ကြီး သွားရပေပြီ။ ထို့ကြောင့် ဆက်လက် ဖုံးကွယ်ထားရန် မကြိုးစားတော့ဘဲ “ဟုတ်တယ်”

“သူက ဘာတွေများ ဒီလောက်တောင် တော်နေရတာလဲ” ယွန်ရွှမ်က တိုးတိုးလေး မေးလိုက်သည်။

သူမစကားကြောင့် စုယန်နှင့် ရှနင်းချန်တို့ကို ရန်ကိုင် ပြန်တွေး၊ မြင်ယောင်ကြည့်မိသွားသည်။

ရန်ကိုင် အမူအရာကိုမြင်သော် ယွန်ရွှမ် မဲ့ပြုံးပြုံးလိုက်ပြီး “မေ့လိုက်တော့။ ငါဘာမှမပြောဘူးလို့သာ မှတ်လိုက်… အဖြေကို ငါသိသွားပြီ။ ပြီးတော့ နင်နဲ့ငါ့ကြားက ကိစ္စကိုလည်း ဆက်ပြီး စိတ်ပူနေစရာ မလိုတော့ဘူး။ အဲ့တုန်းက တကယ်ကို ရှောင်လို့ မရလို့ပဲလေ။ အခုကနေစပြီး အဲ့အဖြစ်အပျက်ကို အံဩစရာ အမှတ်တရ တစ်ခုအဖြစ်လိုပဲ ငါ့နှလုံးသားထဲမှာ သိမ်းထား လိုက်တော့မယ်”

ရန်ကိုင် ပါးစပ်ဖွင့်လိုက်၊ ပိတ်လိုက် ဖြစ်သွားခဲ့သည်။ စကား ‌ပြောကြည့်ရန် ကြိုးစားလိုက်သော်လည်း ဘာစကားမှ ပြောမထွက်နိုင် ဖြစ်နေခဲ့သည်။

“အဲ့လို အမူအရာကြီး လုပ်မပြလို့ မရဘူးလား” ယွန်ရွှမ်က ပြစ်တင်ပြောဆိုလိုက်သည်။ သူမ၏ မျက်ခမ်းထောင့်လေးများ အနည်းငယ် စိုစွတ်လာခဲ့ပြီး လေသံသည်လည်း တုန်တုန်ရီရီ ဖြစ်လာခဲ့ကာ “ငါ့အပျိုစင်ဘဝကို ယူလိုက်လို့ ငါ့ကို တာဝန်ယူရမယ်လို့ မဆိုလိုဘူးလေး။ ငါတောင် အဲ့ကိစ္စကို ဂရုမစိုက်တာ… နင်က ဘာလို့ ဂရုစိုက်နေရသေးတာလဲ”

“ယွန်ရွှမ်ရယ်…” ရန်ကိုင် အမူအရာ သိသိသာသာကို ညိုးကျသွားခဲ့ပြီး သူမကိုသာ စိုက်ကြည့်နေမိလိုက်သည်။ သူ့နှလုံးသားထဲတွင် ထိုကိစ္စနှင့်ပက်သက်၍ အတော်လေးကိုမှ ကူကယ်ရာမဲ့နေခဲ့လေသည်။

ယွန်ရွှမ်မှာ သူမ မျက်လုံးကို ပွတ်သပ်လိုက်သော်လည်း မျက်ရည်စများမှာမူ ထိန်းမနိုင်သိမ်းမရ ဆက်လက် ယိုထွက် ကျနေဆဲ။ ရုတ်တရက် တစ်ခုခုကို ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည့်အလား ရန်ကိုင် လက်မောင်းကို ဖမ်းဆွဲလိုက်ပြီး ကိုက်ချလိုက်လေသည်။

သူမ၏ သွားဖြူဖြူလေးများသည် ရန်ကိုင် အသားထဲသို့ ချက်ချင်း နစ်ဝင်သွားခဲ့သည်။

ရန်ကိုင် ခုခံရန် မကြိုးစားခဲ့။ သူမအား တိတ်တိတ်လေးသာ စိုက်ကြည့်နေလိုက်သည်။

ထို့နောက် ကိုက်ထားသည်ကို လွှတ်ပေးလိုက်ပြီး ရန်ကိုင်အား တည်ကြည်ခိုင်မာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

“နင့်ငါ့ကို တစ်ကြိမ် နာကျင်အောင်လုပ်လို့ ငါနင့်ကို တစ်ကြိမ် ပြန်နာကျင်အောင် လုပ်လိုက်တယ်။ အခု ငါတို့ကျေသွားပြီ” ရုတ်တရက် ရန်ကိုင်လက်ကို လွှတ်လိုက်ပြီး ပါးစပ်တွင် ကပ်ပါလာသော သွေးစများကို မျိုးချပစ်လိုက်လေသည်။ ထို့နောက် မျက်ရည်စများကိုသုတ်လျက် ပြတ်ပြတ်သားသား အဝေးသို့ လျှောက်လှမ်း ထွက်သွားလိုက်လေသည်။

သို့တိုင် မျက်ရည်များမှာမူ သူမ၏ ပါးထက်သို့ အသာအယာ ဆက်လက် စီးကျနေတုန်းပင်။

ထို့နောက် အဝေးမှ တိမ်ဝင်နေသည့် သူမ၏ အသံလေး ထွက်ပေါ်လာခဲ့သည် “နင်က ကျောက်တုံးအသည်းနှလုံးနဲ့ လူပဲ။ နောင်လည်း ဒီအတိုင်း ဆက်နေနိုင်ပြီး ငါမော့ကြည့်နေရတဲ့လူ ဖြစ်နေရင်ကောင်းလိမ့်မယ်။ တစ်နေ့ နင်အမြင့်ကနေ ပြုတ်ကျသွားခဲ့ရင်တော့ ငါနင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး”

ရန်ကိုင် ခါးခါးသီးသီးသာ ပြုံးလိုက်သည်။
(ဝမ်းနည်းစရာဆိုပေမယ့် harem ထဲ မပါသွားလိုက်ဘူး… ဟူး)

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၇) ပဲ့တင်ထပ်ခြင်း

“နင်တကယ်ကို နှလုံးသားမဲ့တဲ့ လူပဲ…” ဘယ်ကတည်းကမှန်း မသိ အန်လင်းအားသည် သူနားသို့ ရောက်နေခဲ့သည်။ ကောင်မလေးသည် ယွန်ရွှမ်ထွက်သွားရာ အရပ်သို့ ငေးကြည့်ရင်း “သူမပုံစံကိုလည်း ကြည့်ပါဦး။ တစ်ယောက်နဲ့တစ်ယောက် လက်မခံနိုင်ရင်တောင် စကားချိုချိုလေးတွေ ပြောပြီး နှစ်သိမ့်ပေးလိုက်လို့ မရဘူးလား”

“အဲ့လိုပြောလိုက်ရင် ပိုဆိုးသွားမှာ” ရန်ကိုင်က ခေါင်းခါလိုက်သည်။

“ငါသိပါတယ်… ဒါပေမယ့်…”

ရန်ကိုင်က အန်လင်အားကို ကြည့်လိုက်ပြီး “အဲ့ဒါကြောင့်ပဲ ငါနင်နဲ့ အချစ်အကြောင်း တစ်ခါမှ မပြောတာ။ မဟုတ်ရင် နောင်ပိုင်းကျ နင်လည်း ဒီလိုပဲ အဆုံးသတ်သွားရမှာ”

“ငါ၊ငါ ဘာလို့ ဒီလို ဖြစ်ရမှာလဲ…” ရန်ကိုင် စကားကြောင့် အန်လင်းအာ ရှက်သွေးဖြန်းဖြန်း ဖြာသွားပြီး ကမန်းကတန်း ထွက်ပြေးသွားလေသည်။

ရန်ကိုင်လည်း တော်ဝင်ရုံတော်သို့ပြန်ပြီး ဆေးဖော်စပ်ခြင်း အမှုကို ပြန်လည် လုပ်ဆောင်လိုက်သည်။

ရန်ကိုင် စိတ်ကနာမငြိမ် ဖြစ်နေမှန်း ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး အသေအချာ သတိပြုမိသည်။ သူသည် ဆေးဖော်စပ်ရာတွင်ပင် အမှားများကို ပိုပို လုပ်လာခဲ့ပြီး ဆေးပစ္စည်းကောင်းများကို ဖျက်စီးတော့မလို အကြိမ်ပေါင်း များစွာ ဖြစ်ပွားခဲ့ရာ ဆေးဝိဇ္ဇာကြီးတို့ ငါးယောက်စလုံး၏ နဖူးထွက်တွင် ချွေးသီးလုံးကြီးများ ဝေ့သီလာခဲ့ရသည်။

သို့သော်လည်း မကြာခင်မှာဘဲ ရန်ကိုင်စိတ် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ ဆေးဖော်စပ်ရာတွင်လည်း ယခင်ကကဲ့သို့ အမှားများ မလုပ်တော့ဘဲ ပြစ်ချက်ကင်းကင်းဖြင့် ပြန်လည် ဖော်စပ်လာနိုင်ခဲ့သည်။

ညတာကုန်ပြီး နေထွက်လာခဲ့သည်။ မျက်တောင် တစ်ခတ်အတွင်း လအနည်းငယ် ကုန်ဆုံးသွားခဲ့ချေပြီ။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ဆေးဝိဇ္ဇာကြီး၏ ဂုဏ်သတင်းမှာလည်း ထုန်းရွှမ်လောကကြီးတစ်ခုလုံး ပျံ့နှံ့နေခဲ့ပြီ။ ဆေးဝိဇ္ဇာကြီးကို လေးစားသူများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုပို၍ တိုးလာနေခဲ့သည်။

နေစဉ်နှင့်အမျှ တောင်ထွတ်ကိုးလုံးဆီသို့ လူပေါင်းများစွာ ရောက်ရှိလာခဲ့သည်။ ယခုဆိုလျှင် တောင်ထွတ်ကိုလုံး အပြင်ဘက်၍ အဆုံးမရှိဟန်ရသော လူတန်းရှည်ကြီးဖြင့် စည်ကြားသိုက်မြိုက်နေခဲ့လေပြီ။

တော်ဝင်နယ်မြေသည်လည်း ပိုပို၍ ချမ်းသာလာခဲ့ရပြီး အချမ်းသာဆုံးသော ကုန်သည်သူဌေးများပင် မနာလို ရလောက်သည်အထိ ရှားပါးသော ကျင့်ကြံရေး အရင်းအမြစ်များကို ပိုင်ဆိုင်လာခဲ့ကြသည်။

ရှုဟွေနှင့် အခြားအကြီးအကဲများမှာလည်း နေ့စဉ့်နေ့တိုင်း သွားမစိနိုင်အောင် ရယ်မောနေခဲ့ကြရလေပြီ။

ရန်ကိုင်နှင့် ဆေးဝိဇ္ဇာကြီးငါးယောက်သည် လနှင့်ချီသည်အထိ တော်ဝင်ရုံးတော် ဆေးဖော်စပ်ခန်းထဲမှ အပြင်သို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့ကြ။ ဆေးဖော်စပ်ခြင်းအမှုကိုသာ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ကြသည်။

နေ့စဉ်နေ့တိုင်း ရန်ကိုင်သည် ဆေးလုံး အလုံးနှစ်ဖယ်ကို ဖော်စပ်ပေးသည်။ ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ရန်ကိုင် ဆေးဖော်စပ်နေသည်ကို မပျင်းမရိ တောက်လျှောက် ထိုင်လေ့လာသည်။

ရန်ကိုင် ပြသသွားသည့် အမြန်နှုန်းကြောင့် ဆေးဝိဇ္ဇာကြီး ငါးယောက်မှာ အလွန့်ကိုမှ ထိတ်လန့်တုန်လှုပ်နေခဲ့ကြရသည်။

ဆေးလုံး အလုံးနှစ်ဆယ်ကို နှစ်ရက်အတွင်း သန့်စင်မည့် ကိစ္စမှာ သူတို့ငါးယောက်စလုံး လုပ်နိုင်သော အရာမျိုး မဟုတ်ချေ။

ဆေးဝိဇ္ဇာကြီး တစ်ယောက်လျှင်ပင် တစ်နေ့လျှင် စိတ်ဝိဥာဉ် အထွဋ်အထိပ်အဆင့် ဆေးလုံး ခုနှစ်လုံး၊ ရှစ်လုံးလောက်ကိုသာ သန့်စင်နိုင်သည်။

သို့သော် သူတော်စင်အဆင့် ဆေးလုံးများကို ဖော်စပ်ရန် စိတ်စွမ်းအင်လည်း ပိုလိုသလို အစစ်အမှန်ချီလည်း ပိုလိုပေသည်။ သူတော်စင်အဆင့်ဆေးလုံး ဖော်စပ်ခြင်းသည် စိတ်ရောကိုယ်ပါ အရမ်း ပင်ပန်းနွမ်းနွယ်ရသည်။ ထို့ကြောင့် ဤနေရာတွင် ရှိနေသော ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံးသည် တစ်နေ့လျှင် အများဆုံး သူတော်စင်အဆင့် ဆေးလုံး နှစ်လုံးကိုသာ သန့်စင်နိုင်ကြသည်။

ရန်ကိုင်ကမူ ဆေးလုံးအလုံးနှစ်ဆယ်ကို သန့်စင်ရန် ခုနှစ်နာရီ၊ ရှစ်နာရီလောက်သာ အချိန်ယူပေသည်။ တစ်ခါတစ်ရံ ထိုမျှလောက်ပင် မကြာချေ။

ကျန်အချိန်များကို သူနားလည်ထားသော ထိုးထွင်းသိမြင်မှုများအား ပြန်လည် လေ့လာခြင်း၊ အားပြန်ဖြည့်ချင်းတို့ဖြင့် ကုန်ဆုံးစေခဲ့သည်။

ယခု ဆေးဖော်စပ်ရာတွင် တေဇောဓါတ်အသိစိတ်ပင်လယ် မည်မျှ အံ့အားသင့်ဖွယ်ကောင်းကြောင်းကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး နားလည်သွဦးခဲ့လေပြီ။

ရန်ကိုင် ဆေးဖော်စပ်နေစဉ် သူလှုပ်ရှားသွားသည်များကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး သေချာလေ့လာကြသည်။ ရန်ကိုင် အနားယူသည့်အချိန်တွင် ငါးယောက်သား စုဝေးပြီး သူတို့ သိနားလည်၊ သဘောပေါက်ခဲ့သည်များကို ပြန်လည် နှီးနှောဖလှယ် ကြသည်။ တစ်ခါတစ်ရံ ပြိုင်ငြင်းကြရင်း အရှိန်လွန်ကာ လက်ပါတော့မည့် အဖြစ်များပင် ရှိခဲ့ဖူးသည်။

ရန်ကိုင်သည် သူတို့စကားဝိုင်းကြား ဝင်မပါခဲ့။ သူ့အမြင်ကိုလည်း ဝင်ပြောခြင်းမရှိခဲ့။

သူထိုမျှ ဆေးမြန်မြန် ဖော်စပ်နိုင်ရခြင်းသည် တေဇောဓါတ် အသိစိတ်ပင်လယ်ကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသိနားလည် ထားသော ထိုးထွင်းသိမြင်မှုများ၊ နည်းလမ်းများသည် ထိုဆေးဝိဇ္ဇာကြီးများနှင့် မသင့်လျော်ပေ။

ရက်ပေါင်းများစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် ဆေးပညာနှင့် ပက်သက်၍ သူတို့၏ နားလည်သဘောပေါက်မှု သိသိသာသာ တိုးတက်လာသည်ကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး သတိပြုမိလိုက်ကြသည်။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ထိုင်ပင်မထိုင်နိုင်တော့ဘဲ ရန်ကိုင် ဧည့်သည်များ ပေးထားသော ဆေးအမယ်များကိုယူ၍ လေ့ကျင့်သည့် အချိန်များပင် ရှိခဲ့သေးသည်။

ဆေးဝိဇ္ဇာကြီးငါးယောက်ဆီမှ အကူအညီ ရလိုက်သဖြင့် ရန်ကိုင် အလုပ်လည်း ပို၍ လွယ်ကူလာခဲ့သည်။

ယခု ရန်ကိုင်သည် ဆေးအရည်များကို ကိုယ်တိုင် သန့်စင်နေစရာ မလိုတော့ချေ။ ဆေးဝဇ္ဇာကြီး ငါးယောက်သည် သူတို့ နားလည်ထားသည်များကို လက်တွေ့ လေ့ကျင့်လိုသည့် အနေဖြင့် ဆေးအရည်များကို သန့်စင်ပေးနေသည့် အတွက်ကြောင့် ရန်ကိုင်အနေဖြင့် ဆေးအရည်များကို ပေါင်စပ်ပြီး ဆေးလုံး သန့်စင်သည့် လုပ်ငန်းစဉ်ကိုသာ တာဝန်ယူရတော့သည်။

ဆေးဝိဇ္ဇာကြီးများသည် ရန်ကိုင်၏ လက်ထောက်များ ဖြစ်လာကြသည့်ပမာ… သို့သော် ဆေးဝိဇ္ဇာကြီး ငါးယောက်သည် ထိုကိစ္စနှင့် ပက်သက်၍ နည်းနည်းလေးမှ မငြူစူ။ ပျော်ပင် ပျော်နေသေးသည်။

သူတော်စင်အဆင့် ဆေးဝိဇ္ဇာကြီးငါးယောက်ကို အကူအဖြစ် ရနိုင်ခြင်းမှ မည်သူမျှ မမျှော်လင့်ထားသည့် ကိစ္စတစ်ခုပင် ဖြစ်သည်။

ဆေးဝိဇ္ဇာကြီး၏ ဂုဏ်သတင်း မြင့်မားလာသည်နှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ဂုဏ်သတင်းသည်လည်း မြင့်မား လာခဲ့ရသည်။

တော်ဝင်နယ်မြေသို့ လာလျှင် ကိုယ်လိုချင်သော ဆေးလုံးကို အရည်အသွေး အမြင့်စားလည်း ရနိုင်သလို သင့်လျော်သော တန်ဖိုးဖြင့်လည်း ရနိုင်သည်။ ထို့ကြောင့် ထိုကျင့်ကြံသူများသည် ဘုံကိုးခုထွတ်မြတ်နယ်မြေအား အရမ်းကိုမှ ကျေးဇူးတင်ခဲ့ကြသည်။ အထူးသဖြင့် တော်ဝင်နယ်မြေသို့လာလျှင် စောင့်ရသည်အချိန်မှ အရမ်းကိုမှ တိုလွန်းသောကြောင့်ပင် ဖြစ်သည်။

တော်ဝင်နယ်မြေသို့ လာလျှင် သူလို့ လိုချင်သည့် ဆေးလုံးကို ရရန်အတွက် အများဆုံးမှ တစ်လ၊ နှစ်လလောက်သာ စောင့်ရသည်။ အခြားနေရာသို့ သွားလျှင် ဆယ်ဆမက ကြာအောင် စောင့်နေ ရပေလိမ့်မည်။

ဆေးဝိဇ္ဇာကြီးငါးယောက် တော်ဝင်နယ်မြေမှ ယခုထိတိုင် ပြန်ထွက်မလာသေးသည့်အကြောင်း သတင်းများ ထွက်လာသည်နှင့် တော်ဝင်နယ်မြေတွင် ရှိနေသည့် ဆေးဝိဇ္ဇာကြီးမှာ ထျန်းဇန် လူအိုကြီး ဖြစ်သည်ဟု လူများ အထင်မှားကြကုန်လေသည်။

ထိုကဲ့သို့သော ကောလဟာလများသည် ဘုံကိုးခုထွတ်မြတ် နယ်မြေ၏ ဂုဏ်သတင်းကို ပို၍ မြှင့်တင်ပေးသွားခဲ့လေသည်။

လက်ရှိ ဘုံးကိုခုထွတ်မြတ်နယ်မြေသည် သူတော်စင် တတိယအဆင့် ပညာရှင်တစ်ယောက် မရှိသည်မှလွဲ၍ ထုန်းရွှမ် လောကကြီးတွင် ဂုဏ်အရှိန်အဝါ အကြီးဆုံး အင်အားစု တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပေသည်။

တော်ဝင်နယ်မြေ၏ တော်ဝင်သခင်ဖြစ်သော ရန်ကိုင်၏ နာမည်သည်လည်း လူအများကြား ပန်လို မွှေးပျံ့ကျော်ကြား လာလေသည်။

တော်ဝင်နယ်မြေ ထိုကဲ့သို့ တိုးတက်လာခြင်းအပေါ် ရှုဟွေနှင့် အခြားအကြီးများ အရမ်းကိုမှ ဂုဏ်ယူနေမိသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ဘုံကိုးခုထွတ်မြတ်နယ်မြေသည် ပျက်စီးတော့မလို ဖြစ်ခဲ့ရသည်။ တော်ဝင်သခင်ဟောင်း ကွယ်လွန်သွားပြီး တော်ဝင်သခင်သစ်ကိုလည်း ရှာမတွေ့သေးခဲ့။ ထို့အပြင်ကိုမှ သူတော်စင်မနန်ကလည်း အပြင်လောကတွင် လိုက်ပတ်သောင်းကျန်းနေခဲ့သည်။

ထိုအချိန်က တော်ဝင်နယ်မြေသည် သူ့မျိုးဆက်တွင် ပျက်သုဉ်းရတော့မည်ဟု တွေဂကာ ရှုဟွေ အရမ်းကိုမှ စိတ်ဓါတ်ကျခဲ့ရသည်။ ရှက်လည်း ရှက်ခဲ့မိသည်။ သူမတော်၍ ရှက်ခြင်းမဟုတ်၊ ဘိုးဘေးတို့ သွေးချွေးတို့ ရင်းနှီးခဲ့သော အားစိုက်ထုတ်မှုများကို ပျက်စီးစေခဲ့သောကြောင့် ရှက်ရွံ့ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ဆယ်စုနှစ်အတွင်းမှာပင် ဘုံကိုးခုထွတ်မြတ် နယ်မြေသည် ထုန်းရွှမ်လောကကြီးတစ်ခုလုံး၏ အာရုံစိုက်ရာ အဖြစ်သို့ ပြန်လည် မြင့်တက်လာနိုင်ခဲ့သည်။

ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ကျင့်ကြံသူများဆိုလျှင်လည်း အနိမ့်ဆုံး သာမန်တပည့်မှစ၍ အကြီးအကဲများအထိ အကုန်လုံး ခေါင်းမော့ရင်ကော့ကာ သွားလာနိုင်နေကြလေပြီ။

ထိုအဖြစ်အပျက်ကြောင့် တပည့်များလည်း သူတို့၏ ကျင့်ကြံခြင်း နိမ့်ကျသည့်အတွက် တော်ဝင်နယ်မြေ၏ ဂုဏ်သတင်းအား ထိခိုက်သွားမည်စိုးကာ ပို၍ ကြိုးကြိုးစားစား လေ့ကျင့်လာကြလေသည်။

လက်ရှိ တော်ဝင်နယ်မြေ၏ အခြေအနေကိုကြည့်ရင်း ယခုနေ သွေးသွားရလျှင် ပျော်ပျော်ကြီး သေသွားလိုက်မည်ဟု ရှုဟွေ တွေးနေခဲ့သည်။

———————————-

တစ်နေ့၊ ရန်ကိုင် ဆေးဖော်စပ်နေစဉ်၊ သူ့အမူအရာ ရုတ်တရက် ရှုံ့မဲ့သွားခဲ့ပြီး သူ့လက်ကွက်များကို ချက်ချင်း ရပ်တန့်လိုက်သည်။

ရန်ကိုင် အပြုအမူကို သတိပြုမိလိုက်သည်နှင့် တုဝမ်က အလျင်အမြန်ပဲ မေးလိုက်လေသည် “ဘာဖြစ်လို့လဲ”

ထိုစကားကို ကြားလိုက်သည့်အခါ အခြား ဆေးဝိဇ္ဇာကြီး လေးယောက်စလုံး ရန်ကိုင်အား လှမ်းကြည့်လိုက်ကြသည်။

ရန်ကိုင်က ပြုံးလျက် ခေါင်းခါရမ်းလိုက်ပြီး “ဘာမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ လတုန်းက လက်နက်တစ်ခုကို သန့်စင်ခဲ့တယ်လေ။ ဒါပေမယ့် အခုမှပဲ အဲ့လက်နက်နဲ့ ပဲ့တင်ထပ်အောင် လုပ်နိုင်ခဲ့တာ။ အဲ့လက်နက်နဲ့ ပက်သက်တဲ့ လျှို့ဝှက်ချက်တွေကို အရမ်းကို လေ့လာချင်နေရုံသက်သက်ပဲ”

“ငါသိပြီ” ချန်ပေါင်က ခေါင်းညိတ်လိုက်ပြီး “အဲ့လိုဆိုရင် သွားစစ်ဆေးကြည့်လိုက်လေ။ ဒီက ဆေးဖော်စပ်တဲ့အလုပ်ကို ငါတို့ လုပ်ထားပေးလိုက်မယ်”

“အဆင်ပြေပါ့မလား” ရန်ကိုင် ကြောင်သွားခဲ့သည်။ တစ်နေ့တာ ဖော်စပ်ရမည့် ဆေလုံးများကို ပြီးအောင် ဖော်စပ်သွားပြီးမှ ထိုလက်နက်ကို သွားလေ့လာမည်ဟု စဉ်းစားထားခြင်း ဖြစ်သည်။ ချန်ပေါင်ဘက်မှ ထိုကဲ့သို့ ကမ်းလှမ်းလာလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ချေ။

“အဆင်ပြေတာပေါ့” ချန်ပေါင်က အဓိပ္ပါယ်ပါပါ ပြုံးလိုက်ပြီး “ငါတို့အားလုံးက သူတော်စင်အဆင့် ဆေးပညာရှင်တွေပဲဟာကို။ ဘာလဲ။ ငါတို့အပေါ် ယုံကြည်မှုမရှိတော့တာလား ကောင်လေး”

“ဘယ်ကသာ မယုံကြည်ရမှာလဲ။ ဆေးဝိဇ္ဇာကြီးတို့ အခုလို ကူညီပေးတာကိုတောင် ကျုပ်က ကျေးဇူးတင်နေတာ။ ဆေးဝိဇ္ဇာကြီးတို့ အရည်အချင်း မပြည့်မှီဘူးလို့ ကျုပ်တစ်ခါမှ မတွေးဖူးပါဘူးဗျာ” ရန်ကိုင်က ပြုံးလိုက်သည်။

ဆေးဝိဇ္ဇာကြီးငါးယောက်သည် ရံဖန်ရံခါ ဆေးလုံးတစ်လုံး၊ နှစ်လုံး သန့်စင်တတ်ကြသော်လည်း ဧည့်သည်ဆိုသော အဆင့်ကို ကျော်တက်ခြင်းမျိုး မပြုခဲ့။ သူဆေးဖော်စပ်သည်ကိုသည် လေ့လာခြင်း၊ သူတို့ဘာသာ တင်ပလင်ခွေထိုင် ကျင့်ကြံခြင်း၊ အချင်းချင်း ပြန်လည် ဆွေးနွေးကြခြင်းမျိုးကိုသာ လုပ်ခဲ့ကြသည်။

ယနေ့ ဆေးဖော်စပ်ခြင်းသည် စရုံသာ ရှိသေးသည်။ ရန်ကိုင်သည် ဆေးလုံးအနည်းငယ်ကိုသာ သန့်စင်ပြီးထားသေးပြီး ဖော်စပ်ရန် ဆေးလုံးများစွာ ကျန်သေးပေသည်။ ငါးယောက်ခွဲကာ ဖော်စပ်မည်ဆိုလျှင် တစ်ယောက်လျှင် အနည်းဆုံး သုံးလုံး ဖော်စပ်ရပေမည်။

အများစုမှာ သူတော်စင်အဆင့် ဆေးလုံးများ ဖြစ်ကြသည်။

သူတို့သာ ထိုဆေးလုံးသုံးလုံးကို တောက်လျှောက် ဖော်စပ်မည် ဆိုပါက ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး လုံးဝ အားကုန် သွားပေလိမ့်မည်။

“စကားဘယ်လို ပြောရမလဲ ဆိုတာကိုတော့ သိသေးသာပဲ ကောင်လေးရ” ချန်ပေါင်က ရယ်ရယ်မောမောဖြင့် ပြန်ပြောလိုက်သည်။

“ငါတို့က မင်းဖော်စပ်နေတာကို လေ့လာနေတာ ကြာပြီ။ အခု ငါတို့သင်ထားသမျှကို လက်တွေ့ ထုတ်သုံးဖို့ အချိန်တန်ပြီလို့ ထင်တာပဲ။ ဒီသက်ကြားအိုကြီးတွေနဲ့ ဆက်ပြီး ငြင်းနေလို့ လမ်းကြောင်းမှန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ သန့်စင်ကြည့်မှပဲ ငါတို့ထဲက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာကို သိမှာ” ဟဲဖုန်းက ဝင်ပြောလိုက်သည်။

“အဲ့ဒါအမှန်ပဲ။ ရန်ကိုင် ဒီဆေးလုံး ဒါဇင်ကျော်လောက်ကို ငါတို့လက်ထဲသာ အပ်ထားခဲ့လိုက်။ ငါတို့ မင်းကို ကူပြီး သန့်စင်ပေးမယ်။ မင်းဘာသာမင်းသာ အဲ့လက်နက်ကို သေသေချာချာ လေ့လာကည့်နေလိုက်” တုဝမ်က ရန်ကိုင်ကို လက်ဝှေ့ရမ်းပြလိုက်သည်။

“ကောင်းပြီလေ။ အဲ့လိုဆိုရင် ဆေးဝိဇ္ဇာကြီးတွေကို ဒုက္ခပေးရတော့မှာပေါ့” ရန်ကိုင် ဆက်ပြီး ငြင်းမနေတော့။ ဆေးသန့်စင်ရမည့် အလုပ်ကို ဆေးဝိဇ္ဇာကြီး ငါးယောက်ဆီကိုသာ အပ်ထားလိုက်ခဲ့သည်။ ဆေးဖော်စပ်ခြင်း ကျရှုံးသွားနိုင်သော်ငြား တော်ဝင်နယ်မြေ၏ လက်ရှိ ကြွယ်ဝချမ်းသာမှုဖြင့် အလွယ်လေး ပြန်အလျော်အစား ပေးနိုင်ပေသည်။

လုပ်လက်စ အလုပ်ကို လက်စသတ်ပြီးနောက် ထရပ်ကာ အခြားတစ်ခန်းဆီသို့ သွားလိုက်သည်။

တင်ပလင်ခွေထိုင်ပြီးနောက် အတွေးတစ်ချက်နှင့် သေးငယ်၊ ရှည်လျားသော လွန်းပျံပုံစံလက်နက်ကို ဆင့်ခေါ်လိုက်သည်။

ထိုလက်နက်ကို သန့်စင်ပြီး သူ့ကိုယ်ထဲသို့ ထည့်ထားသည်မှာ တစ်နှစ်တင်းတင်း ပြည့်သွားခဲ့လေပြီ။ ထိုအချိန်အတွင်း ရန်ကိုင်သည် ဆေးဖော်စပ်ခြင်းတွင်သာ အာရုံစိုက်နေခဲ့ပြီး ထိုလွန်းပျံလက်နက်ရှည်ကြီးကို လုံးဝ အာရုံမစိုက်ခဲ့ချေ။ သို့သော် သူ့အစစ်အမှန်နှင့် စိတ်စွမ်းအင်ဖြင့် ထိုလွန်းပျံလက်နက်အား အားဖြည့်ပေးခြင်းကို တစ်ခါမှ မရပ်တန့်ခဲ့ဖူးချေ။

ထိုလက်နက်နဲ့ ပဲ့တပ်ထပ်နိုင်ရန်အတွက် ယူလိုက်ရသည့် အချိန်ပမာဏကြောင့် ရန်ကိုင် အတော့်ကိုမှ အံ့အားသင့် နေခဲ့ရသည်။

ငွေရောင်သစ်ရွက်လေးကို သန့်စင်ပြီး သူနှင့် ပဲ့တင်ထပ်ရန် အချိန်သုံးလသာ ယူခဲ့ရသည်ကို ရန်ကိုင် မှတ်မိသေးသည်။

ငွေရောင်သစ်ရွက်သည် သူတော်စင် အထွဋ်အထိပ်အဆင့် လက်နက်တစ်ခု ဖြစ်သည်။

ထိုတစ်ချက်တည်းနှင့်တင် လွန်းပျံလက်နက်သည် ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ပုံပိုင်းတွင် ငွေရောင်သစ်ရွက်ထက် ပိုရှုပ်ထွေးလျှင် ရှုပ်ထွေး၊ သို့မဟုတ် ပိုပြီး အဆင့်မြင့်ခြင်း ဖြစ်ရပေမည်။

ထိုကြောင့်သာ မဟုတ်လျှင် ထိုမျှအချိန်ကြာအောင် အားဖြည့်ပေးခဲ့ရလိမ့်မည် မဟုတ်ချေ။

ယနေ့၊ သူနှင့် ပဲ့တင်ထပ်ခဲ့သည့် အတွက်ကြောင့်သာ မဟုတ်လျှင် ထိုနက်ကို သူမေ့လျော့ကောင်း မေ့သွားလောက်ပေပြီ။

ကောင်းကင်စိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ လွန်းပျံလက်နက်၏ အတွင်းပိုင်း တည်ဆောက်ပုံကို သေသေချာချာ ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

မကြာမီ ရန်ကိုင် အမူအရာ ထူးဆန်းလာခဲ့ရသည်။

လက်နက်အတွင်းပိုင်းသည် သူထင်ထားသည်နှင့် အလွန်ကိုမှ ကွဲပြားနေခဲ့သည်။ အတွင်းပိုင်းတွင် ထိုးထွင်းထားသော စိတ်ဝိဥာဉ် အစီအရင်များသည် ရိုးရှင်းသလိုလိုနှင့် ရှုပ်ထွေးလှသလို နည်းနည်း အကြမ်းထည်လည်း ဆန်သေးသည်။

အချိန်ကာလ၏ တိုက်စားခြင်း ခံခဲ့ရလျှင် ထိုစိတ်ဝိဥာဉ် အစီအရင်များကို သေသေချာချာ သူမြင်နိုင်သေးသည်။ သို့သော် ထိုစိတ်ဝိဥာဉ် အစီအရင်များကို သူမသိလို မည်ကဲ့သို့ အသုံးပြုသလဲ ဆိုသည်ကိုလည်း သူမသိချေ။

တကယ်တော့ သူသည် လက်နက်သန့်စင်ခြင်းနှင့် ပက်သက်လျှင် များများစားစား မသိလှပေ။

လက်နက်သန့်စင်ရန်အတွက် အသုံးပြုသော စိတ်ဝိဥာဉ် အစီအရင်များသည် ဆေးဖော်စပ်ရာတွင် အသုံးပြုသော စိတ်ဝိဥာဉ် အစီအရင်များနှင့် မတူချေ။

ထိုလက်နက် အသုံးပြုပုံနှင့် ပက်သက်၍ နည်းနည်းပါးပါး ခန့်မှန်းမိသော်လည်း သေချာအသုံးမပြုဘဲနှင့် သိလိမ့်မည် မဟုတ်ချေ။

သူလက်ဝါးထက်တွင် ဝဲနေသော လွန်းပျံယာဉ်လက်နက်ထဲသို့ အစစ်အမှန်ချီ ထည့်သွင်းကြည့်လိုက်သည့်အခါ ထိုလက်နက် တစ်ခုလုံး ရွှေရောင်တောက်လာပြီး လေထဲသို့ ဝဲကာ အခြား အခန်းထဲသို့ ပျံသန်းသွားလေသည်။

ရန်ကိုင် စိတ်လှုပ်ရှားသွားခဲ့လေသည်။

ရုတ်တရက် လွန်းပျံယာဉ်လက်နက်ကို မျက်ခြေပြတ် သွားတော့မလို ဖြစ်သွဦးခဲ့သည်။

ထိုလက်နက်တွင် သူ့ဝိဥာဉ်အမှတ်အသားကို ခတ်နှိပ်ထားသဖြင့် သူနှင့်ထိုလက်နက်ကြား ဆက်သွယ်ချက် တစ်ခုရှိနေသည်။ ထို့ကြောင့် ထိုလက်နက်၏ လှုပ်ရှားမှုများကို သူအသေအချာ ခံစားမိနေသင့်သည်။

သို့သော်လည်း ယခုလေးတင် ထိုလက်နက်သည် လုံးဝ ပျောက်ကွယ်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။

ထို့ကြောင့် ရှင်းပြချက် တစ်ခုသာ ရှိတော့သည်။ ထိုလက်နက် အရမ်း မြန်နေခြင်းကြောင့် ဖြစ်ရပေမည်။ ရန်ကိုင်၏ အသိစိတ်ပင် အမှီမလိုက်နိုင်သည်အထိ မြန်လွန်းနေခြင်း ဖြစ်သည်။

အခြားအခန်းထက်တွင် ဝဲနေသော လွန်းပျံယာဉ်ပုံစံ လက်နက်ကိုကြည့်ရင်း ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး ကောင်းကင်စိတ်အာရုံကိုသုံးကာ ထိုလက်နက်ကို အမိန့်ပေးရန် ကြိုးစားကြည့်လိုက်သည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၈) ကောင်းကင်လွန်းပျံ

ရွှစ်… ရွှစ်… ရွှစ်…

လေခွင်းသံတို့ မြည်ဟည်းသွားခဲ့သည်။ လွန်းပျံယာဉ်ရှည်သည် လေဟာနယ်အတားအဆီးကို ချိုးဖျက်သွားနိုင်သည့်အလား နေရာ တစ်ခုမှာ အခြားတစ်နေရာတစ်ခုသို့ အဆက်မပြတ် ကူးခတ် သွားလာနေခဲ့သည်။

အကြိမ်အနည်းငယ်လောက် စမ်းပြီးနောက် ထိုမှော်ရတနာ အကြောင်း တော်တော်လေး သိလာပြီဟု ရန်ကိုင် ခံစားမိလိုက်သည်။

သူ့လက်ကို ဆန့်ထုတ်လိုက်ရာ လွန်းပျံယာဉ်သည် သူ့လက်ထဲသို့ ပြန်လည် ရောက်ရှိလာခဲ့လေသည်။

ရန်ကိုင် နောက်တစ်ကြိမ် သေချာ စစ်ဆေးကြည့်လိုက်သည်။

သူ့ကောင်းကင်စိတ်အာရုံဖြင့် လွန်းပျံယာဉ်တစ်ခုလုံးကို တစ်လက်မမကျန် အသေးစိတ် စစ်ဆေးကြည့်သည်။

လွန်းပျံယာဉ်သည် တော်တော်လေး သေးသော်လည်း အတွင်းပိုင်းသို့ ကောင်းကင်စိတ်အာရုံ ပို့လွှတ်ကြည့်လိုက်သည့် အခါ အဆုံးမရှိသည့် လေဟာနယ်ကို စစ်ဆေးနေရသလို ခံစားလိုက်ရသည်။

နည်းနည်းပါးပါး စစ်ဆေးကြည့်လိုက်ပြီးနောက် လွန်းပျံယာဉ်နှင့် ပက်သက်သည့် ယေဘုယျ အချက်အလက် များကို သူနားလည်သွားခဲ့သည်။

လေဟုန်ဝဲကောင်းကင်လွန်းပျံ…

လွန်းပျံယာဉ်၏ နာမည်ဖြစ်ပေသည်။ နာမည်အရ ထိုလွန်းပျံယာဉ်သည် ပျံသန်းရေးမှော်ရတနာ တစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်လိုက်သည်။

ပုံစံအမျိုးမျိုးရှိသော မှော်ရတနာ အမျိုးမျိုး ရှိပေသည်။ သို့သော် ယေဘုယျအားဖြင့် မှော်ရတနာများကို အမျိုးအစား သုံးမျိုးခွဲထားပေသည်။ တိုက်ခိုက်ရေး မှော်ရတနာများ၊ ခုခံရေးမှော်ရတနာများ၊ အထောက်အကူ မှော်ရတနာများ။ အမျိုးအစား တစ်ခုတည်းမကသော မှော်ရတနာများလည်း ရှိသေး၏။ ဥပမာ တိုက်ခိုက်ရေးရော၊ ခုခံရေးတွင်ပါ သုံး၍ ရသော ရန်ကိုင်၏ ငွေရောင်သစ်ရွက်လေးပင်။

အသုံးပြုရန် လိုအပ်သော စွမ်းအင်ပေါ်မူတည်၍ ထိုမှော်ရတနာအား အစစ်အမှန်ချီကို အသုံးပြုသော သာမန် မှော်ရတနာများ၊ စိတ်စွမ်းအင်ကို အသုံးပြုသော ဝိဥာဉ်မှော်ရတနာများဟူ၍ နှစ်မျိုးပြန်ခွဲနိုင်သည်။

ဝိဥာဉ်မှော်ရတနာများမှာ ပို၍ တန်ဖိုးကြီးသလို ပို၍လည်း သန့်စင်ရခက်ပေသည်။

အထောက်အကူ မှော်ရတနာများအနက်၊ ကူးသန်းသွားလာရေးအတွက် အသုံးပြူသော မှော်ရတနာဟူသော မှော်ရတနာတစ်မျိုး သက်သက် ရှိပေသည်။ ပျံသန်းရေး မှော်ရတနာများပင်။ ယေဘုယျအားဖြင့် ပျံသန်းရေး မှော်ရတနာများသည် အဆင့်တူ ကျင့်ကြံသူ တစ်ယောက် သွားနိုင်သည့် အမြန်နှုန်းထက် ပိုမို မြန်ဆန်သော အမြန်နှုန်းဖြင့် သွားနိုင်ပေသည်။

ရန်ကိုင်သည်လည်း အမျိုးမျိုးသော ပျံသန်းရေး မှော်ရတနာကို မြင်တွေ့ခဲ့ဖူးသည်။ အချို့သည် ဓါးပုံစံရှိကြပြီး အချို့သည် ငှက်ပုံစံရှိကြကာ အချို့မှာမူ လှည်းများ ဖြစ်ကြပေသည်။

သို့သော်လည်း လွန်းပျံယာဉ်ကဲ့သို့ ပျံသန်းရေး မှော်ရတနာမျိုးကို မြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ထိုလွန်းပျံယာဉ်လေးသည် လှေအသေးစားလေးနှင့် တူပေသည်။

ကောင်းကင်လွန်းပျံထဲ မည်သည့် တိုက်ခိုက်ရေး အစီအရင်မှ ရှိမနေခဲ့။ ခုခံရေးအစီအရင်တစ်ခုသာ ရှိနေခဲ့သည်။ လွန်းပျံ၏ စွမ်းအားကို အပြင်ပန်းအား လေ့လာနေရုံသက်သက်ဖြင့် ဆုံးဖြတ်ရန်မှာ အတော်လေးကိုမှ ခက်ခဲလှပေသည်။

လွန်းပျံအတွင်းပိုင်းကို ဆက်စစ်ဆေးကြည့်ရန် ရန်ကိုင် ဆုံးဖြတ်လိုက်သည်။

အတွင်းနက်ပိုင်းသို့ ရောက်သည့်အခါ ပုံမှန်မဟုတ်သည့် အရာတစ်ခုကို ရန်ကိုင် တွေ့ရှိလိုက်ရသည်။

ကောင်းကင်လွန်းပျံအတွင်းထဲတွင် တလက်လက် တောက်ပနေသော အလင်းစက်လေးများဖြင့် ဝန်းရံထားသော လေဟာနယ်တစ်ခု ရှိနေခဲ့သည်။ သူ့အသိစိတ် ထိုလေဟာနယ် အလယ်သို့ လွင့်မျော့သွားသည့်အခိုက် ကြယ်တာရာကောင်းကင် ထဲသို့ ပြန်ရောက်သွားသလို ရန်ကိုင် ခံစားလိုက်ရသည်။

ထိုလေဟာနယ်သည် ကောင်းကင်လွန်းပျံထဲ ထည့်သွင်း ထားသော ကြယ်တာရာကောင်းကင်၏ အကျဉ်းချုံးပုံစံးလေးနှင့်ပင် တူနေသေးသည်။

အမျိုးမျိုးသော အလင်းစက်လေးများကို အတူတကွ ဆက်ထားပေးသည် မျဉ်းကြောင်းလေးများလည်း ရှိနေသေးသည်။

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့လေပြီ။

ထိုဆက်သွယ်နေသော မျဉ်းကြောင်းလေးများကိုကြည့်ရ၍ ကောင်းကင်လွန်းပျံထဲတွင် ကြယ်တာရာကောင်းကင်၏ အကျဉ်းချုံး ပုံစံလေးတစ်ခု ရှိနေသည်ဆိုသော သူ့ထင်မြင်ချက်မှာ မှန်ကန်သည်ဟု ရန်ကိုင် ပို၍ ယုံကြည်ချင်လာခဲ့သည်။

သို့သော် သူ့အား မကျေမနပ်ဖြစ်စေသည်ကား ထိုမျဉ်းကြောင်း လေးများသည် အဆုံးထိ ရှိမနေခြင်းပင်။ တစ်ဝက်တစ်ဝက် ဖြစ်နေခဲ့သည်။ ကြယ်တာရာကောင်းကင်ထဲ နှစ်ပေါင်းများစွာ ကြာအောင် မျောလွင့်နေပြီးနောက် ထိခိုက်သွားသည့်ပုံပင်။ ထို့ကြောင့် ထိုလမ်းကြောင်း၏ အဆုံးတွင် ဘာရှိလဲ ဆိုသည်ကို ရန်ကိုင် အဖြေမထုတ်တတ်တော့ချေ။

ခေါင်းလေးတရမ်းရမ်းဖြင့် ကောင်းကင်လွန်းပျံအား စစ်ဆေးစရာ တစ်ခုမှမကျန်တော့သည်အထိ ဆက်လက် စစ်ဆေးနေလိုက်သည်။

ကောင်းကင်လွန်းပျံနှင့် ပက်သက်၍ အကျဉ်းချုံး သိထားသော်လည်း သိထားသော အကြောင်းအရာများမှာ ထိုအရာကို အချိန်အတော်ကြာအောင် အားဖြည့်ပြီးမှ သိလာခဲ့ရခြင်းများ ဖြစ်သည်။

သိစိတ်ချင်ကြောင့် ရန်ကိုင်သည် ကောင်းကင်လွန်းပျံနှင့် အတူ တော်ဝင်သခင်ရုံးတော်မှ ချက်ချင်း ထွက်သွားလိုက်သည်။

လွန်းပျံထဲသို့ အစစ်အမှန်ချီ ဖြည့်သွင်းလိုက်သည်အခါ ကောင်းကင်လွန်းပျံသည် အလျင်အမြန် ကြီးထွားလာခဲ့ပြီး နောက်ဆုံး မီတာများစွာ ရှည်လျားသည့် အရွယ်အစားသို့ ရောက်ရှိလာခဲ့သည်။

ထိုအခြင်းအရာကို မြင်လိုက်သည့်အခါ ရန်ကိုင် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ပျံသန်းရေး မှော်ရတနာများမှာ လူကို သယ်ဖို့ ဖြစ်ပေသည်။ လက်ဝါးအရွယ်မျှသော အရွယ်အစားလေးဖြင့် လူကိုသယ်လို့ ရမည်မဟုတ်ပေ။ မည်သည့် လက်နက် ပညာရှင်ကများ ထိုလွန်းပျံယာဉ်အား သန့်စင်သွားခဲ့လဲ ဆိုသည်ကို ရန်ကိုင် မသိသော်လည်း လွန်းပျံယာဉ်ထဲတွင် အရွယ်အစားကို ချုံ့နိုင်၊ ကြီးနိုင် လုပ်ပေးနိုင်သော စိတ်ဝိဥာဉ်အစီအရင် တစ်ခုရှိမည်ဟု ရန်ကိုင် ကောက်ချက်ချလိုက်သည်။

သို့သော်လည်း မီးတာများစွာသည် အကန့်အသတ်ဖြစ်သည်။ နောက်ဆုံးဖြစ်ပေါ်လာသည့် အရွယ်အစားအရ ထိုလွန်းပျံဿည် အများဆုံး လူခုနှစ်ယောက်၊ ရှစ်ယောက်လောက်ကိုသာ သယ်နိုင် ပေလိမ့်မည်။

ကောင်းကင်စိတ်အာရုံဖြင့် ညွှန်ကြားလိုက်သည့်အခါ ကောင်းကင်လွန်းပျံဿည် နှစ်မီတာ အရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားခဲ့သည်။ ထွင်းဖောက်မြင်ရသော အပြာရောင် အရံအတားသည် လွန်းပျံယာဉ်တစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။

ရန်ကိုင်လည်း လွန်းပျံယာဉ်ပေါ် ခုန်တက်ကာ ထိုင်လိုက်သည်။ အရံအတားသည် သူ့ကိုပါ လွှမ်းခြုံသွားခဲ့သည်။

စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် ရန်ကိုင်သည် သူ့အစစ်အမှန်ချီအား လွန်းပျံထဲသို့ ထပ်မံပို့လွှတ်လိုက်သည်။

အပြာရောင်အလင်းတစ်ချက်နှင့်အတူ ရန်ကိုင်နှင့် လွန်းပျံယာဉ်တို့ ပျောက်ကွယ်သွားခဲ့လေသည်။

တောင်ထွတ်ကိုးလုံးပေါ်ရှိ တောင်တစ်လုံးပေါ်တွင် ရှေးဟောင်း နတ်ဆိုးကလန်မှ ဗိုလ်ချုပ်ကြီးများ တင်ပလင်ခွေထိုင် ကျင့်ကြံ နေခဲ့သည်။ ယခုနောက်ပိုင်း ဘာမှလုပ်စရာမရှိသေးသဖြင့် ရှုဟွေဆီမှ ကျင့်ကြံရေး အရင်းအမြစ်များ ရရှိခဲ့ပြီးနောက် ခေါင်းဆောင်များအားလုံး သူတို့ခွန်အား တိုးတက်ရန် ကြိုးစားပန်းစား လေ့ကျင့်ကြတော့လေသည်။

ရုတ်တရက် လီရုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး မျက်လုံး ပွင့်လာခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သွယ်သွယ်လေး ထိုင်နေရာမှ ရုတ်တရုတ် ပျောက်ကွယ်သွားခဲ့ပြီး ကောင်းကင်ထက်တွင် ပြန်ပေါ်လာခဲ့သည်။ မျက်လုံးလှလှလေးများသည် မိုးကုတ်စက်ဝိုင်း အလွန်ဆီသို့ သင်္ကာမကင်း အမူအရာဖြင့် လှမ်းကြည့်နေခဲ့သည်။

ချက်ချင်းဆိုသလို ဟန်ဖေးနှင့် ဟွာမိုတို့လည်း သူမဘေးတွင် ပေါ်လာခဲ့သည်။

“ခုဏတုန်းက သခင့် အရှိန်အဝါကို ခံစားမိလိုက်သလိုပဲ” ဟန်ဖေးက မိုးကုတ်စက်ဝိုင်းဆီ ငေးကြည့်ရင်း ရေရွတ်လိုက်သည်။

“ဟုတ်တယ်။ သခင် ထွက်သွားတာနဲ့တူတယ်” လီရုန်က အသာအယာ ခေါင်းညိတ်လျက် “ဒါပေမယ့် သူ့အရှိန်က … အရမ်း မြန်လွန်းနေသလားလို့”

သူမပြောပြီးသည်နှင့် လီရုန် မျက်မှောင်ကြုံ့သွားခဲ့ပြီး “အခုပဲ ငါ့ကောင်းကင်စိတ်အာရုံအောက်ကနေ ပျောက်သွားပြီ”

လီရုန်သည် သူတော်စင်ဒုတိယအဆင့် ပညာရှင် တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမ၏ ကောင်းကင်စိတ်အာရုံ စက်ဝန်းသည် ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းပေသည်။ သို့သော် ရန်ကိုင်အရှိန်အဝါကို အာရုံခံမိလိုက်သည့် အချိန်မှစ၍ ယခုအချိန်အထိ အသက်သုံးရှိုက်စာသာ ကြာသေးပေသည်။ သို့တိုင် ထိုအချိန်အတွင်း ရန်ကိုင်သည် သူမ အာရုံခံနိုင်သည့် အကွာအဝေး အတွင်းမှ ထွက်သွားခဲ့လေပြီ။

ထိုအမြန်နှုန်းသည် အရမ်းကိုမှ အံ့အားသင့်စရာ ကောင်းလွန်းပေသည်။ လူတစ်ယောက် ထိုမျှ မြန်နိုင်သည်ဟူ၍ သူမ တစ်ခါမှ မကြားဖူးခဲ့။

“ဒီတစ်ကြိမ် သခင် ဘာသွားလုပ်တာလို့ နင်တို့ထင်လဲ” ဟွာမိုက နားမလည်နိုင်စွာ မေးလိုက်သည်။

“မသိဘူး”

“သူ့နောက်လိုက်ပြီး ကာကွယ်ပေးသင့်လား…” ဟွာမိုက တုန့်ဆိုင်းတုန့်ဆိုင်း အမူအရာဖြင့် မေးလိုက်သည်။

“သူဘယ်ရောက်နေလဲ ဆိုတာကိုတောင် မသိတာ။ ဘယ်လိုလုပ်ပြီး သူ့နောက် လိုက်နိုင်မှာလဲ” လီရုန်က မဲ့ပြုံးပြုံးလျက် “မေ့လိုက်တော့။ အဲ့အမြန်နှုန်းနဲ့ဆိုရင် ဒီလောကကြီးမှာ ဘယ်သူမှ သခင့်နောက်လိုက်နိုင်မှာ မဟုတ်ဘူး”

သူမ ထိုကဲ့သို့ ပြောလိုက်မှပဲ ဟန်ဖေးနှင့် ဟွာမို့တို့ စိတ်သက်သာရာ ရသွားခဲ့ကြသည်။ ရန်ကိုင်ကို ဘယ်သူမှ မလိုက်နိုင်လျှင် သူလည်း အန္တရာယ်ရှိလိမ့်မည် မဟုတ်ချေ။

ဗိုလ်ချုပ်ကြီးများသာ ရန်ကိုင် ထွက်သွားသည်ကို သတိပြုမိသည် မဟုတ်၊ တောင်ထွတ်ကိုးလုံး အပြင်ဘက်တွင် ရှိနေသော ကျင့်ကြံသူများသည်လည်း ကောင်းကင်ပေါ်မှ တစ်ခုခု ဖြတ်ပျံသွားသည်ကို သတိပြုမိလိုက်ကြသည်။

ယခုလေးတင် သူတို့ခေါင်းထက်မှ မှိန်ဖျော့ဖျော့ အပြာရောင် အလင်းတန်းတစ်ခု ဖြတ်သွားခဲ့သည်။ သို့သော် သူတို့၏ ကောင်းကင်စိတ်အာရုံဖြင့် လှမ်းစစ်ဆေးကြည့်လိုက်ချိန်တွင် ထိုအလင်းတန်းမှာ မရှိတော့ချေပြီ။

ထိုအဖြစ်အပျက်ကြောင့် အကုန်လုံး ကြောင်နေခဲ့ရသည်။

ကျင့်ကြံသူများအနက် အားကောင်းသော ပညာရှင်များစွာ ရှိနေပေသည်။ သို့တိုင် ထိုထူးဆန်းသောအပြာရောင် အလင်းတန်းရှေ့ သူတို့အကုန်လုံး ကူကယ်ရာမဲ့သွားခဲ့ရသည်။

သူတို့၏ မျက်နှာများပင် မဆိုသလောက်ကလေး ဖြူလျော် သွားခဲ့ကြသည်။ ဘယ်အားကောင်းသော ပညာရှင်ကများ သူတို့အပေါ်မှ ဖြတ်ပျံသွားတာလဲဟု ‌အကုန်လုံးလိုလို မတွေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ကြသည်။

သို့သော် မည်သူမှ ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ချေ။

လွန်ပျံပေါ်တွင်ထိုင်လျက် ရန်ကိုင်သည် သူကြုံတွေ့နေရသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

အောက်ဘက်ရှိ မြင်ကွင်းအဖုံဖုံသည် တရကြမ်း စီးဆင်းနေသည့် မြစ်တစ်စင်းပမာ အလျင်အမြန် ကျန်ရစ် ပျောက်ကွယ်နေခဲ့သည်။ သူသွားနေသည့် အမြန်နှုန်းကို မည်သို့ဖော်ပြလို့ပင် ဖော်ပြရတော့မှန်းမသိ။ ပြောင်းလဲနေသော ရှုခင်းအဖုံဖုံကို လိုက်မှီအောင် မကြည်နိုင်သည်အထိ မြန်နေသည်ဟု ပြောလျှင်ပင် ချဲ့ကားပြောရာ မရောက်ချေ။ တစ်ခုခုကို အာရုံစိုက်လိုက်တိုင်း ထိုအရာသည် ချက်ချင်း ကျန်ရစ် ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်လွန်းပျံ၏ အမြန်နှုန်းကြောင့် ရန်ကိုင် ရင်သပ်ရှုမော ဖြစ်နေခဲ့ရသည်။

သူ့ကိုယ်ပိုင် အမြန်နှုန်းသည် နှေးကွေးခြင်းမရှိ၊ လေမိုးကြိုးတောင်ပံများကို ထုတ်သုံးလိုက်လျှင် သူတော်စင် ဒုတိယအဆင့် ပညာရှင်တစ်ယောက်ပင် သူ့အား လိုက်ဖမ်းနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း သူလက်ရှိ သွားနေသည့် အမြန်နှုန်းမှာ သူပင်ကိုယ်သွားနိုင်သည့် အမြန်နှုန်းထက် အဆပေါင်း များစွာမက ပိုမြန်ပေသည်။ လက်ရှိအမြန်နှုန်းသည် ဤလောကကြီး၏ အကန့်အသတ်ကို ကျော်လွန်နေပြီး လေဟာနယ်ကို ချိုးဖျက်ကာ သွားလာနေသလားဟုပင် ထင်ရမိသည်အထိ မြန်ဆန်လှသည်။

မျက်တောင်တစ်ခတ်အတွင်း ရန်ကိုင်သည် ကီလီုမီတာ ရာနှင့်ချီသော အကွာအဝေးကို ကျော်ဖြတ်ပြီးသွားခဲ့လေပြီ။

မယုံချင်စရာ အကောင်းဆုံး အရာသည်ကား လွန်းပျံယာဉ်ကို အသက်သွင်းရန် အသုံးပြုရသော အစစ်အမှန်ချီမှာ အရမ်းကိုမှ နည်းပါးလှခြင်း ဖြစ်ပေသည်။ အပြာရောင်အလင်းအကာအရံ၏ ကာကွယ်ပေးထားမှုကြောင့် လေခတ်ဒဏ်ကို မခံရတော့။ ထိုင်နေနေ၊ လှဲနေနေ၊ မတ်တပ်ရပ်နေနေ နည်းနည်းလေးမှ သက်သောင့်သက်သာ မဖြစ်သလို မခံစားရပေ။

သူ့စိတ်ထဲ အရမ်းကို ရွှင်မြူးနေသဖြင့် ရပ်တန့်ရန် မစဉ်းစားဘဲ လွန်းပျံယာဉ်ကို ထပ်မံ အရှိန်မြှင့်လိုက်သည်။

ထိုလွန်းပျံယာဉ်နှင့် သူပို၍ ရင်းနှီးလာခဲ့ရသည်။ ရန်ကိုင် အလွန်ကိုမှ ပျော်ရွှင်နေခဲ့လေပြီ။

တရွေ့ရွေ့ပျောက်ကွယ်သွားနေသော သူ့ခြေထောက်အောက်ရှိ မြင်ကွင်းအဖုံဖုံကို ကြည့်ရင်း တုနှိုင်းမရသော လွတ်လပ်မှုကို ရန်ကိုင် ခံစားမိလိုက်သည်။

နေ့ဝက်ကြာအောင် မရပ်မနား ပျံသန်းပြီးတော့မှပဲ လွန်းပျံ၏ အမြန်နှုန်းကို တဖြည်းဖြည်း လျှော့ချလိုက်သည်။

ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ရာ သူနှင့် ရင်းနှီးနေသော နှင်းတောင်တန်းကို လှမ်းမြင်လိုက်ရသည်။

ထိုမြင်ကွင်းကို ခဏတာမျှ စိုက်ကြည့်နေလိုက်ပြီး ရန်ကိုင် မျက်ခုံးကြောတို့ မဆိုသလောက်ကလေး တွန့်ကွေးသွားခဲ့သည်။

ထို့နောက် ရှေ့ဆက်သွားလိုက်ရာ သူ့ရှေ့တွင် မြို့တစ်မြို့ ထွက်ပေါ်လာခဲ့သည်။

ထိုမြို့ကို မြင်လိုက်သည်နှင့် ရန်ကိုင် ပို၍ အံ့ဩသွားခဲ့သည်။

အမွှေးတိုင်တစ်ချောင်းစာ ကုန်ဆုံးပြီးနောက် မြို့သို့ ရောက်ရှိလာခဲ့လေသည်။ ထိုမြို့သည်ကား ကျောက်တုံးမြို့တော်ပင်။

သူသည် ဘုံကိုးခုထွတ်မြတ်နယ်မြေမှ ကီလိုမီတာ သောင်းချီ ကွာဝေးသော ကျောက်တုံးမြို့တော်သို့ အမှန်တကယ် ရောက်လာခဲ့သည်။

ရန်ကိုင်မှာ အံ့လည်း အံ့ဩမိသလို မယုံကြည်နိုင်အောင်လည်း ဖြစ်နေခဲ့သည်။

ယခင် ဤနေရာမှ ရှေးဟောင်းနတ်ဆိုးကလန်သားများနှင့် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ သွားခဲ့စဉ်က နှစ်လလောက် အချိန်ယူခဲ့ရသည်။

ရှေးဟောင်းနတ်ဆိုးကလန်အုပ်ကြီးနှင့် မြန်မြန်သွား၍ မရသည့်အတွက်ကြောင့်လည်း ပါပေသည်။ သို့သော်လည်း သူတစ်ယောက်တည်း သွားမည်ဆိုလျှင်ပင် အနည်းဆုံး ရက်နှစ်ဆယ်မှ သုံးဆယ်အထိ ကြာမြင့်နိုင်ပေသည်။

သို့သော်လည်း ကောင်းကင်လွန်းပျံနှင့်မူ ဤနေရာသို့ ပြန်လာရန် တစ်ရက်ပင် မလိုလိုက်ချေ။

ရှင်းရှင်းပြောရလျှင် သူတော်ဝင်နယ်မြေမှ ထွက်လာသည်မှာ ဆယ်နာရီကျော်သာ ရှိပေသေးသည်။

ယခုမှပဲ ကောင်းကင်လွန်းပျံ မည်မျှမြန်ဆန်ကြောင်း၊ ထိုပျံသန်းရေး ပစ္စည်း မည်မျှအဖိုးတန်ကြောင်းကို ရန်ကိုင် နားလည်သွားလေတော့သည်။

ထိုလွန်းပျံယာဉ်နှင့်ဆိုပါက သူအနေဖြင့် တစ်နေရာမှ တစ်နေရာသို့ အချိန်တိုအတွင်း သွားလာနိုင်ပေတော့မည်။

လွန်းပျံယာဉ်ကို သူ့ကိုယ်ထဲပြန်သိမ်းလိုက်ပြီး မြို့ဂိတ်နားတွင် ဆင်း၍ ဆေးပညာရှင်အစည်းအရုံး အခွဲထဲသို့ လမ်းလျှောက် ဝင်သွားလိုက်လေသည်။

တုဝမ်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေတွင် ရှိနေသေးသဖြင့် လက်ရှိအချိန်၌ ဆေးပညာရှင်အစည်းအရုံးအခွဲထဲတွင် ရီရှုန်၊ မိနာနှင့် ဝူအာတို့သာ ရှိနေရော့ပေမည်။

အကုန်လုံးသည် ရန်ကိုင် ရုတ်တရက် ရောက်လာသည့်အတွက် အံ့ဩသွားခဲ့ကြသော်လည်း သူ့အား ပျော်ပျော်ရွှင်ရွှင်ဖြင့် ကြိုဆို ခဲ့ကြသည်။

ရန်ကိုင်သည် ဆေးပညာရှင်အစည်းအရုံးတွင် အချိန် အများကြီး မဖြုန်းခဲ့။ ဝူအာနှင့် မိနာတို့ကို တစ်ရက်လောက် သင်ကြားလမ်းညွှန်ပေးလိုက်ပြီး စိတ်ဝိဥာဉ်အစီအရင် အချို့ ပေးခဲ့ပြီးနောက် ထွက်သွားလေသည်။

နောက် သူဆက်သွားသည့်နေရာမှာ ကောင်းကင်ဂိုဏ်းတော် ဖြစ်ပေသည်။

လက်ရှိအချိန်တွင် ရန်ကိုင်သည် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်တစ်ယောက် ဖြစ်နေပေပြီ။ ထို့ကြောင့် သူ့တွင် နားချိန် သိပ်မရှိလှသလို ခရီးဝေးသွားရန်လည်း အချိန်မရှိပေ။ ယခု ထွက်လာဖြစ်တုန်း သူ့ဂိုဏ်းတူဦးလေး၊ ဒေါ်လေးနှင့် ဂိုဏ်းတည်ထောင်သူ ဘိုးဘေးတို့ဆီပါ တစ်ခါတည်း သွားလည်ရပေမည်။

ရှုယဉ်သာတောင်သို့ဆင်းပြီး အထဲသို့ လမ်းလျှောက် ဝင်သွားသည့်အခါ သူ့ဂိုဏ်းတူဒေါ်လေး ဖေးယုနှင့် ချက်ချင်း သွားတိုးခဲ့သည်။ သူ့ဂိုဏ်းတူဒေါ်လေးသည် ကျောက်တုံးစားပွဲ ပေါ်တွင် မှောက်နေခဲ့သည်။ မျက်နှာတစ်ပြင်လုံး နီမြန်းနေပြီး အဝတ်အစားဆိုလျှင်လည်း ဖရိုဖရဲ ဖြစ်နေခဲ့ရာ သူမ၏ ကျောက်စိမ်းသားသဖွယ် ချောမွတ်၍ နှင်းကဲ့သို့ ဖြူဖွေးလှသော အသားအရေလေးကို လှစ်ဟာပြထားသလို ဖြစ်နေခဲ့သည်။ ထို့အပြင် ပြန့်ကျဲနေသော ပုလင်းခွံများလည်း ရှိနေခဲ့သည်။

ဖေးယုသည် ရေဓါတ်ကျင့်စဉ်ကို ကျင့်ကြံသည်။ ထို့ကြောင့် အရက်သောက်ခြင်းမှာ သောက်ကောင်း၍ သက်သက်ကြောင့် သောက်ခြင်းမဟုတ်။ ထို့သောက်လိုက်သော အရက်များကို အစစ်အမှန်ချီအဖြစ် ပြန်၍ သန့်စင်ကာ သူမ၏ ကျင့်ကြံခြင်းကိုလည်း တိုးတက်အောင် လုပ်ခြင်း ဖြစ်ပေသည်။

ရန်ကိုင် ထိုအချက်ကို သတိပြုမိသည်မှာ ကြာပေပြီ။ သို့သော်လည်း သူမ၏ အရက်စွဲသည့် ပြဿနာနှင့် ပက်သက်၍ ကူကယ်ရာ မဲ့နေခဲ့ရသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၉) ကိုင်တေရောက်လာခြင်း
ဖေးယုသည် အမြဲတမ်း ထိုနည်းလည်းကောင်းပင်။ စကားပြောရာတွင် အထိန်းအကွပ်မရှိ။ သူမနှင့် စကားပြောရင်း ရန်ကိုင်မှာ ရှက်ခဲ့၊ စိတ်ချဉ်ပေါက်ခဲ့ရသည်မှာလည်း မနည်း။ သူ့အား ရယ်မောနေသည့်တိုင် သူမအား ဘာမှပြန်မပြောနိုင်ခဲ့။

ရန်ကိုင် ပြန်ရောက်ကြောင်းကြားသည်နှင့် ချန်းယနှင့် အခြားသူများ သူ့အား အပြေးလာတွေ့ကြသည်။ ချန်ယန်နှင့် အခြားသူများဆီမှ မကြာသေးခင်အချိန်အတွင်း ရှေးဟောင်း နတ်ဆိုးကလန်အကြောင်း မေးမြန်းရန် ချူလင်းရှောင်ဆီသို့ လူအများအပြား ရောက်ရှိလာခဲ့ကြောင်း ရန်ကိုင် သိလိုက်ရသည်။ လူများစွာသည် ရန်သူနှင့်ပူပေါင်းသည့်အတွက် ရန်ကိုင်ကို ကွပ်မျက်ပြီး သူ့ဂိုဏ်းကို ရှင်းလင်းပစ်ရမည်ဟု ဒေါသတကြီး ကြွေးကြော်ခဲ့ကြသည်။

ချူလင်းရှောင်မှာ အလုပ်ရှုပ်ခံ ပြန်မပြောမနေဘဲ တံခါးပိတ် ကျင့်စဉ်သာ ဝင်သွားလိုက်လေသည်။

ကောင်းကင်ဂိုဏ်းတော်သို့ ရောက်လာသော ပညာရှင်များသည် ချူလင်းရှောင်အား မစည်းရုံးနိုင်သည်ကို မြင်သော် ဒေါသ ထွက်ထွက်ဖြင့်သာ ပြန်ထွက်သွားခဲ့ရလေသည်။

သို့သော် ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ ဂုဏ်သတင်း ကျော်ကြားမြင့်မား လာသည်နှင့် မည်သူမျှ ကောင်းကင်ဂိုဏ်းတော်သို့ လာရောက် မနှောင့်ယှတ်ကြတော့ချေ။ ဘုံကိုးခုထွတ်မြတ်နယ်မြေ ကိုလည်း မည်သူမှ ရန်မစရဲတော့။ မဟုတ်လျှင် ဆေးဝိဇ္ဇာကြီးက သူတို့ကို ဆေးဖော်စပ်ပေးတော့လိမ့်မည် မဟုတ်ချေ။

ထို့နောက် ရန်ကိုင်သည် ချူလင်းရှောင်နှင့် သွားတွေ့ခဲ့သည်။

လီရုန်နှင့် သူမကလန်သားများ အပြင်သို့ မထွက်ဘဲ တောင်ထွတ်ကိုးလုံးထဲတွင်သာ နေနေကြောင်း သိလိုက်ရသည့်အခါ ချူလင်းရှောင် ကျေကျေနပ်နပ်ဖြင့် ခေါင်းညိတ်လိုက်သည်။ သို့တိုင် ရန်ကိုင်အား ထိုလူများနှင့် အရမ်းကြီး အရောတဝင် မနေရန် သတိပေးခဲ့ပြန်သည်။

ကောင်းကင်ဂိုဏ်းတော်တွင် သုံးရက်လောက်နေပြီးနောက် တောင်ထွတ်ကိုးလုံးဆီ ပြန်ခဲ့လေသည်။

လွန်ခဲ့သော နှစ်အတွင်း ရန်ကိုင်သည် သူ့ဆေးပညာ အရည်အသွေးကို အဆက်မပြတ် တိုးတက်အောင် လုပ်နေခဲ့ရကာ နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော ဆေးလုံးများကို မရပ်မနား ဖော်စပ်ခဲ့ရသည်။

ယခုတစ်ကြိမ် လွန်းပျံယာဉ်ကိုစမ်းသပ်ရင်း တောင်ထွတ်ကိုးလုံးမှ ထွက်လာလက်စဖြင့် ခဏလောက် အနားယူခဲ့သည်။ ရုတ်တရက် သူ့ကျင့်ကြံခြင်း တိုးတက်တည်ငြိမ်လာသလို ရန်ကိုင် ခံစားလိုက်ရ၏။

ယခုမှပဲ ရံဖန်ရံခါ အနားယူခြင်းသည် မည်မျှ အရေးကြီးမှန်း ရန်ကိုင် နားလည်သွားခဲ့ရသည်။ သူသိနားလည်ထားသမျှ အသိအပွင့်များအားလုံးကြောင့် ထိုအနားယူလိုက်သော တစ်ခဏ အတွင်း သူ့ခွန်အား တိုးတက်သွားခဲ့ရသည်။

တစ်ရက်ကြာပြီးနောက် ဘုံကိုးခုထွတ်မြတ်နယ်မြေသို့ သူပြန်ရောက်လာခဲ့သည်။

တောင်ထွတ်ကိုးလုံးထဲသို့ ဝင်လိုက်သည်နှင့် လီရုန်က သူ့အား ချက်ချင်း လှမ်းခေါ်တော့လေသည် “သခင်၊ မွန်းစတားမျိုးနွယ်စုက မိန်းမက သခင်နဲ့ တွေ့ချင်နေတယ်”

“မွန်းစတားမျိုးနွယ်စုက မိန်းမလား” ရန်ကိုင် ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။ တစ်ချက် မျက်မှောင်ကြုံ့သွားခဲ့ပြီးနောက် ပြန်မေးလိုက်သည် “ကိုင်တေကို ပြောတာလား”

“ဟုတ်တယ်။ သူပဲ”

“သူဒီကို ဘာလာလုပ်နေတာလဲ” ရန်ကိုင်က ပြန်မေးလိုက်သည်။

“ကျွန်မတို့ကို မပြောဘူး။ သခင် သူ့ကို မတွေ့ချင်ရင် မောင်းထုတ်လိုက်မယ်လေ” လီရုန်က ခပ်မြန်မြန်ပဲ ပြန်ဖြေလိုက်သည်။

“မလိုဘူး။ ကျုပ်ကိုယ်တိုင် သွားတွေ့လိုက်မယ်”

မကြာမီ ရှေးဟောင်းနတ်ဆိုးကလန်သားများ ရှိနေသည့် တောင်ထွတ်သို့ ရန်ကိုင် ရောက်လာခဲ့သည်။

အကြီးဆုံး နန်းတော်ထဲသို့ လမ်းလျှောက် ဝင်သွားလိုက်သည်နှင့် ခုနှစ်ရောင်ခြယ်တောင်ပံကို အပြည့်အဝ ဖြန့်ကျက်လျက် ဤနေရာရှိ လူအားလုံး သူမအား အကြွေးတင်သည့်အလား အေးစက်စက်၊ ဖော်ရွေခြင်း အလျင်းမရှိသော မျက်နှာထားဖြင့် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ထိုင်နေသော ကိုင်တေကို တွေ့လိုက်ရလေသည်။

ယင်ယနှင့် ရွှယ်ကျီတို့သည်လည်း ခန်းမထဲတွင် ကိုးယိုးကားယား အမူအရာဖြင့် ထိုင်နေခဲ့ကြသည်။ သူတို့ကြည့်ရသည်မှာ ကိုင်တေဆီမှ ဖိအားကြောင့် မသက်မသာ ဖြစ်နေကြသည့်ပုံပင်။

ထိုအေးစက်စက် မွန်းစတားမျိုးနွယ်စုမှ ပညာရှင်သည် လှပလှသော ခုနှစ်ရောင်ခြယ်တောင်ပံနှင့်အတူ စွဲမက်ဖွယ်ကောင်းသော ရုပ်ကလေးကို ပိုင်ဆိုင်ထားသော်လည်း သူမသည် ယင်ယနှင့် ရွှယ်ကျီတို့ လွှမ်းမိုးနိုင်သည့် လူစားမျိုးမဟုတ်။

သူမနား ထိုင်နေရုံသက်သက်ဖြင့်ပင်လျှင် သူတို့ ကျောပြင်တစ်ခုလုံး ချွေးရွှဲနေခဲ့ရသည်။

ရန်ကိုင် ဝင်လာသည်ကို မြင်သည့်အခါမှပဲ ကိုင်တေ၏ မျက်လုံးလှလှလေးများ လှုပ်ရှားလာခဲ့သည်။

လီရုန်က နှုတ်ဆက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ရန်ကိုင် နားနား တိုးတိုးလေး ကပ်ပြောလိုက်သည် “သူဒီမှာ စောင့်နေတာ သုံးရက် ရှိနေပြီ. ရောက်နေကတည်းက အဲ့နေရာမှာပဲ ထိုင်နေတာ။ စကားလည်းမပြောဘူး။ ကျွန်မတို့က သွားပြောရင်တောင် ဘာမှ ပြန်မပြောဘူး။ ရောက်ကတည်းက တစ်ခွန်းပဲ ပြောသေးတယ်။ သခင်ပြန်လာတဲ့အထိ အဲ့မှာ ထိုင်စောင့်နေမယ်တဲ့”

“အင်း” ရန်ကိုင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး “ခင်ဗျားတို့လည်း ခက်ခဲခဲ့မှာပဲ”

ပြောပြီးသည်နှင့် ရှေ့တက်လိုက်ပြီး ပြုံးကာ လက်သီး ဆုပ်လျက် “မိန်းကလေးကိုင်တေ”

ကိုင်တေက ခေါင်းသာ ပြန်ညိတ်ပြသည်။ ထို့နောက် ဖော်ရွေခြင်း မရှိသည့် အေးစက်စက် အမူအရာဖြင့် “ငါနင့်ကို စောင့်နေတာ တော်တော်လေးတောင် ကြာနေပြီ”

ရန်ကိုင် ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ စိတ်ထဲတွင်မူ ‘ငါနင့်ကို စောင့်ခိုင်းလို့လား။ နင့်ဘာသာနင် စောင့်နေတာလေ’ ဟူ၍ ကြိတ်ပြောနေခဲ့သည်။ ထို့နောက် သူ့အမူအရာကို ပြန်ပြင်လိုက်ပြီး “စီနီယာကြီး တစ်ခုခု စကားပါးလိုက်လို့လား”

ကိုင်တေက ခပ်ပြတ်ပြတ်သာ ပြောလိုက်သည် “စီနီယာကြီးက နင့်ကို မိုးကြိုးသစ်ပင်နန်းတော်ဆီ လာဖို့ ဖိတ်ခိုင်းလိုက်တာ”

“သားရဲအသွင်ပြောင်းရေကန် တစ်ခုခု ဖြစ်သွားလို့လား” ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့သည်။ စီနီယာကြီး သူ့ကို ဖိတ်ခေါ်သည့် အကြောင်းအရင်းဆို၍ ထိုတစ်ချက်ကိုသာ စဉ်းစားမိလေသည်။

“သားရဲအသွင်ပြောင်းရေကန်က ဘာမှမဖြစ်ဘူး… အများကြီး မေးမနေနဲ့။ လိုက်သာလိုက်ခဲ့။ ရောက်ရင်သိလိမ့်မယ်”

ရန်ကိုင် မှင်သက်နေခဲ့သည်။ ခဏကြာသည်အထိ ဘာပြန်ပြော၍ ပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ရှေးဟောင်းနတ်ဆိုးကလန်သား များသည်လည်း မျက်နှာ အမူအရာ မကောင်းကြတော့ချေ။

ကိုင်တေ၏ ပြောဆိုပုံသည် ဖိတ်ခေါ်နေသည်နှင့် မတူဘဲ အမိန့်ပေးသည့် ပုံစံနှင့်သာ တူနေ၏။

ဟန်ဖေး၏ မျက်နှာအမူအရာ ချက်ချင်းဆိုသလို သုန်မှုန်သွားခဲ့လေပြီ။

နှစ်ယေ,က်စလုံးသည် အေးစက်သော စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသော သူတော်စင်ဒုတိယအဆင့် ပညာရှင်လည်း ဖြစ်သော အလှလေးများ ဖြစ်ကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ရန်စောင်သည်မှာ မထူးဆန်း။ ဟိုးကတည်းက ဟန်ဖေးမှာ ကိုင်တေကို ကြည့်မရခဲ့ခြင်း ဖြစ်သည်။ ဟန်ဖေးမှာ ထိုင်မိန်းကလေးက သူမတို့၏ သခင်ဖြစ်သော ရန်ကိုင်အပေါ် မည်ကဲ့သို့ လေးလေးစားစား ဆက်ဆံရန် သင်ခန်စားပေးချင်ခဲ့သည်မှာ ဟိုးကတည်းကပင်။

အခြေအနေ တင်းမာလာသည်ကို သတိပြုမိလိုက်သည်နှင့် ရန်ကိုင်က ခပ်မြန်မြန်ပဲ ပြောလိုက်သည် “စီနီယာကြီးက ငါ့ကို တသီးတသန့် ရှာနေတာဆိုမှတော့ အရေးကြီးတာ တစ်ခုခု ဖြစ်လိမ့်မယ်။ အနည်းဆုံး ငါသူနဲ့ သွားတွေ့သင့်တယ်။ ဟုတ်ပြီလေ။ မိန်းကလေးကိုင်တေ၊ ခဏလောက် စောင့်နေဦးနော်။ ကျုပ်အခုမှ အပြင်က ပြန်ရောက်တာဆိုတော့ မသွားခင် စီမံစရာရှိတာလေးတွေ အရင်စီမံလိုက်ဦးမယ်”

ကိုင်တေက ခေါင်းယဲ့ယဲ့လေးသာ ညိတ်လိုက်ပြီး ဘာမှ ပြန်မပြောတော့ချေ။

“သခင်၊ ကျွန်မကို လိုက်ခွင့်ပြုပါနော်” လီရုန်က ချက်ချင်း ပြောလာိုက်သည်။

ရန်ကိုင် သူမအား တစ်ချက်ကြည့်လိုက်သည်။ စီနီယာကြီး သူ့အပေါ် မကောင်းကြံမည်မှာ မဖြစ်နိုင်သော်လည်း ရန်ကိုင်က ခေါင်းသာ ညိတ်လိုက်လေသည် “ကောင်းပြီလေ။ လိုအပ်တာတွေ ပြင်ဆင်ထားလိုက်”

တောင်မှထွက်လာသည်နှင့် တော်ဝင်သခင်ရုံးတော်ဆီ ချက်ချင်း သွားလိုက်သည်။

ထိုနေရာမှ သူထွက်လာသည်မှာ အတော်လေး ကြာနေလေပြီ။ တုဝမ်နှင့် အခြားသူများ ဘယ်လိုလုပ်နေလဲ သူတော်တော်လေး သိချင်နေမိသည်။

ယခင်ရက်များအတွင် တော်ဝင်နယ်မြေမှ ထွက်လာသော ဆေးလုံးများကို သူတို့ သန့်စင်နေခဲ့ကြခြင်း ဖြစ်သည်။

ဆေးလုံးခန်းထဲသို့ ဝင်လာလိုက်သည်နှင့် ဆေးမီးဖိုငါးလုံးရှေ့ ဆေးပင်အသီးသီးနှင့် ထိုင်နေကြသော ဆေးဝိဇ္ဇာကြီးငါးယောက်ကို ရန်ကိုင် တွေ့လိုက်ရသည်။

ဆေးဝိဇ္ဇာကြီးငါးယေဦက်စလုံးသည် သူတို့လက်ရှိထဲ လတ်လတ်ဆတ်ဆတ် သန့်စင်ပြီးထားသော ဆေးလုံးကို လေးနက်တည်ကြည်သည့် အမူအရာဖြင့် စိုက်ကြည့်နေကြသည်။

ရန်ကိုင် စိုးရိမ်သွားပြီး ချက်ချင်း မေးလိုက်လေသည် “ဆေးဝိဇ္ဇာကြီးတို့၊ ဘာတွေဖြစ်နေလို့လဲ”

ရန်ကိုင် အသံကိုကြားလိုက်သည့်အခါ တုဝမ်နှင့် အခြား ဆေးဝိဇ္ဇာကြီးများ အသိပြန်ဝင်လာခဲ့ကြကာ အကုန်လုံး သူ့အား ပြုံးပြလိုက်ကြသည်။

ရန်ကိုင် ကြောင်သွားခဲ့လေပြီ။

“ဘာမှမဖြစ်ပါဘူး။ ငါတို့ ဆေးပညာစွမ်းရည် တော်တော်လေး တိုးတက်လာပါလားလို့ ငါတို့ သက်ကြားအိုကြီး ငါးယောက်စလုံး ရှာတွေ့သွားရုံသက်သက်ပဲ…” တုဝမ်က ပြုံးကာ ရှင်းပြလိုက်သည်။

“အင်း။ တကယ်ကို သိသိသာသာ တိုးတက်လာတာ” ချန်ပေါင်က ဝင်ပြောလိုက်သည်။

“ဆေးလုံတစ်လုံး သန့်စင်ပြီးတိုင်း ငါတို့ ဘာတွေ နားလည်လိုက်လဲ၊ ဘာတွေမှားသွားလဲ ဆိုတာကို သေချာ ပြန်စဉ်းစား၊ သုံးသပ်နေတာ” ခုန်ရို့ယုက ရယ်သွမ်းသွေးလျက် “အခု ငါတို့လုပ်နေတာ အဲ့ဒါလေ”

“လတ်စသတ်တော့ အဲ့လိုကိုး…” ယခုမှပဲ ရန်ကိုင် စိတ်သက်သာရာ ရသွားခဲ့သည်။ ရက်ပေါင်းများစွာ အဆက်မပြတ် ဆေးဖော်စပ်ခဲ့ရသဖြင့် ဆေးဝိဇ္ဇာကြီးငါးယောက်စလုံး ပင်ပန်းအားကုန်နေကြသည်ဟု သူထင်သွားခဲ့ခြင်း ဖြစ်သည်။

“ကောင်စုတ်လေး၊ မင်းက အကောင်းဆုံး ဆရာမဟုတ်ပေမယ့် ငါတို့တွေက အကောင်းဆုံး တပည့်တွေထဲ ပါပါတယ်ကွ…” ဟုန်ဖန်းက ရယ်မောလိုက်သည်။ “အရင်တုန်းက သူတော်စင်အဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ဆို အနည်းဆုံး နှစ်နာရီလောက် အချိန်ယူရတယ်။ အစစ်အမှန်ချီနဲ့ စိတ်စွမ်းအင်ဆိုရင်လည်း အရမ်း ကုန်တာ။ အခုတော့ သူတော်စင်အဆင့် ဆေးလုံးတွေကို တစ်နာရီအတွင်း သန့်စင်လို့ရသွားပြီ။ အရင်လိုလည်း အရမ်းကြီး အားမကုန်တော့ဘူး။ ဒါတွေအားလုံးက မင်းဆေဖော်စပ်နေတာကို ငါတို့ ထိုင်လေ့လာခဲ့ကြလို့ပဲ”

ကျန်ဆေးဝိဇ္ဇာကြီး လေးယောက်စလုံး ပြုံးကာ ခေါင်းညိတ် လိုက်ကြသည်။

ယခင်လအတွင်း၌ သူတို့သည် အပြောဖြင့်သာ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သဖြင့် သူတို့ မည်မျှ တိုးတက်လာသလဲ ဆိုသည်ကို သေသေချာချာ မသုံးသပ်နိုင်ခဲ့ချေ။ သို့သော်လည်း ရန်ကိုင် ထွက်သွားစဉ် အတောအတွင်း သူတို့ဆီ တောင်းဆိုလာသမျှ ဆေးလုံးများကို တာဝန်ယူ ဖော်စပ်ပေးခဲ့သည်။

ဆေးလုံးအနည်းငယ် သန့်စင်ပြီးနောက် ရန်ကိုင် ဆေးဖော်စပ်နေသည်ကို လေ့လာခြင်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သလို့ သူတို့၏ ဆေးပညာ အရည်အချင်းသည်လည်း သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိခဲ့ရလေသည်။

ဆေးဖော်စပ်နှုန်းဖြစ်စေ၊ ဆေးလုံး အရည်အသွေးဖြစ်စေ၊ နှစ်ခုစလုံးတွင် တိုးတက်မှု ရှိလာခဲ့သည်။

တုဝမ်ဆိုလျှင် သူတော်စင် အလယ်အလတ်အဆင့် ဆေးလုံးများကို သန့်စင်နိုင်ရန် ယုံကြည်ချက် ရှိနေလေပြီ။

သူသာ သူတော်စင် အလယ်အလတ်အဆင့် ဆေလုံးများကို အမှန်တကယ် သန့်စင်နိုင်ပါက သူတော်စင် အလယ်အလတ်အဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်လာပေလိမ့်မည်။

ရန်ကိုင် သန့်စင်နေသည်ကို လအနည်းငယ်လောက် လေ့လာလိုက်ခြင်းသည် သူတို့ဘာသာ ဆယ်စုနှစ်ချီအောင် လေ့လာသည်ထက် ပို၍ အကျိုးများပေသည်။ ထို့ကြောင့် ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး ပြုံးပျော်သွားကြကာ ထိုရက် အတောအတွင်း နေ့စဉ်မပြတ် တစ်နေ့ကို ဆေးလုံးအလုံးနှစ်ဆယ် ပုံမှန်သန့်စင်ကြလေသည်။

သို့သော်လည်း သူတို့ငါးယောက်ပေါင်းမှ ဆေးလုံး အလုံးနှစ်ဆယ်ကို တစ်ရက်အတွင်း သန့်စင်နိုင်ခြင်း ဖြစ်ပြီး ရန်ကိုင်သည် ထိုဆေလုံးအလုံးနှစ်ဆယ်ကို တစ်ရက်အတွင်း သူတစ်ယောက်တည်း သန့်စင်ခဲ့ခြင်း ဖြစ်သည်။

ထိုနေတွင် တေဇောဓါတ်အသိစိတ်ပင်လယ် ရှိခြင်းက ဆေးပညာဘက်တွင် ပိုအားသာကြောင်းကို ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး လုံးဝ သဘောတူလက်ခံလိုက်ကြရသည်။

“ဒါပေမယ့် ငါတို့ သန့်စင်နေတုန်း ကျရှုံးသွားတဲ့ ဆေးအမယ်တွေတော့ ရှိတယ်” တုဝမ်က အားတုံ့အားနာ အမူအရာဖြင့် စကားဆိုလိုက်သည်။

ဆေးပညာရှင်မျာသည် ဆေးဖော်စပ်ရာတွင် ဆေးအမယ်များကို တတ်နိုင်သမျှ အလေအလွင့်မဖြစ်အောင်၊ မဆုံးရှုံးအောင် ကြိုးစားကြသည်။ ထို့ကြောင့် ဆေးဖော်စပ်ခြင်း ကျရှုံးသွားခြင်းသည် သူတို့အား တော်တော်လေးမှ စိတ်ဓါတ်ကျစေသည်။

ထို့အပြင် ရန်ကိုင်သည် တစ်ကြိမ်မှပင် မကျရှုံးဘဲ ဆေးဖော်စပ်ပြသွားသည်ကို သူတို့ မြင်တွေ့ခဲ့ကြရသည် မဟုတ်ပေလော။

“ဘာမှမဖြစ်ဘူး။ တော်ဝင်နယ်မြေက ချမ်းသာပြီးသား။ လျော်ကြေး နည်းနည်းလောက် ပြန်ပေးလိုက်ရလို့ ဘာမှ ဖြစ်မသွားဘူး” ရန်ကိုင်က ပြုံးလိုက်ပြီး “ဆေးဝိဇ္ဇာကြီးတို့လည်း တော်တော်လေး အကျိုးများသွားတဲ့ပုံပဲ”

“မင်းပြန်လာတာ အချိန်ကောင်းပဲ။ ငါတို့လည်း မင်းနဲ့ တစ်ခုခု ဆွေးနွေးချင်နေတာ” တုဝမ်က ပြုံးလိုက်သည်။

“ဆေးဝိဇ္ဇာကြီးတို့ မေးချင်တာရှိရင် မေးသာမေးလိုက်၊ အားနာမနေနဲ့”

“တစ်နေ့ ဆေးလုံးသန့်စင်ပေးတဲ့ အရေးအတွက်ကို တိုးပေးလို့ ရမလား။ ဆေးလုံး အလုံးနှစ်ဆယ်ကို မင်းသန့်စင်လေ။ ကျန်တဲ့ ဆေးလုံးတွေကိုတော့ ငါတို့ တာဝန်ထားလိုက်။ ငါတို့က မင်းဆေးဖော်စပ်တာကို လေ့လာရင်း ဒီကို ရောက်လာတဲ့ ပစ္စည်းတွေကိုသုံးပြီး ငါတို့ရဲ့ တွေ့ရှိမှုတွေကို စမ်းသပ်ချင်တာ”

“အင်း” ဟဲဖုန်းကလည်း ထပ်တလဲလဲ ခေါင်းညိတ်၍ “ဒီလို အခွင့်အရေးမျိုးက ရခဲတယ်။ ဒါကြောင့် ငါတို့ သက်ကြား အိုကြီးတွေ ဒီမှာ ပိုပြီး အချိန်ကြာကြာ နေချင်ကြတာ”

“ငါတို့လို သက်ကြားအိုကြီးတွေနဲ့ အတူဆေးဖော်စပ်နေရတာ မင်းငြီးငွေ့လာမှာကို ငါတို့ စိုးရိမ်နေကြတာကွ…” ချန်ပေါင်က ပြုံးလိုက်သည်။

“မလုပ်တော့နဲ့…” ရန်ကိုင်က ချက်ချင်း ခေါင်းခါ၍ ပြန်ပြောလိုက်သည် “ကျုပ်လည်း အပြင်သွားဖို့ ရှိနေတာနဲ့ အတော်ပဲ။ အဆင်ပြေမယ်ဆိုရင် တစ်နေ့ အလုံးနှစ်ဆယ်ကို ဆေးဝိဇ္ဇာကြီးတို့ပဲ ဖော်စပ်ပေးထားလိုက်လေ”

“အို” တုဝမ် မျက်ခုံးပင့်သွားခဲ့ပြီး “ထပ်ပြီး အပြင် သွားဦးမလို့လား။ ဒီတစ်ကြိမ် ဘယ်ကိုသွားမှာလဲ”

“မွန်းစတားပိုင်နက်ဆီပဲ။ ဒီနားမှာရှိတဲ့ မွန်းစတားမျိုးနွယ်စု စီနီယာကြီးက ကျုပ်နဲ့ တစ်ုခုခု ပြောချင်နေတဲ့ပုံပဲ” ရန်ကိုင်က ပြန်ပြောလိုက်သည်။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံး မဆိုသလောက်ကလေး ထိတ်လန့် သွားခဲ့ကြသည်။ ယခုအဖြစ်နှင့် ပက်သက်၍ အနည်းငယ် အကြံအိုက်သွားခဲ့ရသည်။ သို့သော် ရန်ကိုင် သူတို့အား ယုံကြည်ပေးသည့်အပေါ် အတော်လေးတော့ ကျေနပ်မိလေသည်။

“အဲ့လိုဆိုရင် မြန်မြန်သွားပြီး မြန်မြန် ပြန်လာခဲ့လေ။ ငါတို့က မင်းဆေးဖော်စပ်တာကို ကြည့်ချင်လို့ လာခဲ့တာလေကွာ။ ငါတို့ကို အလကားတော့ အလုပ်မလုပ်ခိုင်းလောက်ဘူးမလား” ချန်ပေါင်က အရွှန်းဖောက်လိုက်သည်။

“ရှင်ဘာမဟုတ်တုတ်ကတွေ လျှောက်ပြောနေတာလဲ။ အခုအချိန်က အရင်လေ့လာထားခဲ့တာတွေကို ကြေညက်သွားအောင် လုပ်ဖို့ အချိန်ကောင်းလေ” ခုန်ရို့ယုက ပြုံးလိုက်ပြီး “ငါလည်း ဒီလိုမျိုး ဖြစ်စေချင်နေတာ။ ကောင်လေး။ သူ့ကို စိတ်ထဲထားနေစရာ မလိုဘူး။ နင့်ကိစ္စကိုသာ နင်သွားလုပ်နှင့်လိုက်။ ပြီးမှ ပြန်လာရင်လည်း သိပ်နောက်မကျသေးပါဘူး”

“အင်း။ ဒါပေမယ့် သတိထားဦးနော်။ မွန်းစတားမျိုးနွယ်စုက မွန်းစတားမျိုးနွယ်စုတွေ ဖြစ်နေမှာပဲ” တုဝမ်က သတိပေးလိုက်သည်။

“အဲ့လိုဆိုရင် ဒီကကိစ္စကို ဆေးဝိဇ္ဇာကြီးတွေဆီပဲ အပ်ထားလိုက်တော့မယ်နော်” ရန်ကိုင်က လက်သီးဆုပ်နှုတ်ဆက်ကာ အလျင်အမြန် ထွက်ခွါသွားလေသည်။

လမ်းတစ်လျှောက် ဆေးဖော်စပ်ပေးရန် လာရောက်တောင်းဆိုသည့် ကိစ္စကို မည်သို့ ဖြေရှင်းလျှင် ကောင်းမလဲအား ခေါင်းခြောက်အောင် စဉ်းစားခဲ့သည်။ ဆေးဝိဇ္ဇာကြီး ငါးယောက်ကိုသာ အကူအညီ မတောင်းနိုင်လျှင် ဆေးဖော်စပ်ပေးရန် တောင်းဆိုခြင်းအား သူပြန်ရောက်သည်အထိ လက်ခံ၍ မရတော့ချေ။

ဆေးဝိဇ္ဇာကြီး ငါးယောက်စလုံးသည် လိုလိုအားအားဖြင့် သူ့အား ကူညီလာလိမ့်မည် ဆိုသောအချက်ကိုမူ ရန်ကိုင် မစဉ်စားမိခဲ့ချေ။

ရှုဟွေကိုရှာပြီး နည်းနည်းပါးပါး ညွှန်ကြားခဲ့ပြီးနောက် ရှေးဟောင်းနတ်ဆိုးကလန်သားများရှိရာ တောင်ထွတ်ဆီ ပြန်သွားလေသည်။ ထို့နောက် ကိုင်တေ၏ ဦးဆောင်မှုဖြင့် လီရုန်နှင့်အတူ မိုးကြိုးသစ်ပင်နန်းတော်ဆီ ထွက်ခွါ လာခဲ့လေသည်။

Martial Peak
အထွဋ်အထိပ်သိုင်းဧရာဇ်
အတွဲ(၅)- ထုန်းရွှမ်လောကကြီး
အပိုင်း (၈၉၈)

သားရဲပင်လယ်တောအုပ်၊ ယခုအကြိမ်သည် ထိုနေရာသို့ ဒုတိယအကြိမ်အဖြစ် ရန်ကိုင် ရောက်လာခဲ့ခြင်း ဖြစ်သည်။

ကိုင်တေသည် စကားတစ်ခွန်းမှ မပြောဘဲ ရှေ့မှ ဦးဆောင် သွားနေခဲ့သည်။ ခုနှစ်ရောင်ခြယ်တောင်ပံလေးများသည် အသာအယာ လှုပ်ခတ်နေသော်လည်း သူမ၏ အမြန်နှုန်းမှာ လျှပ်စီးတန်းကဲ့သို့ မြန်ဆန်လှပေသည်။

သို့တိုင် ရန်ကိုင်မှာ သူမအား အလွယ်တကူ အမှီလိုက်နိုင်နေဆဲ။

ထိုအချက်ကြောင့် ကိုင်တေလည်း အံ့အားသင့်နေခဲ့ရသည်။ အစကမူ ရန်ကိုင် မမှီမှာစိုးသဖြင့် သူမအရှိန်ကို လျော့၍ ပျံသန်းခဲ့သည်။

ရန်ကိုင်သည် သူမနောက်သို့ အေးအေးဆေးဆေး လိုက်မှီနိုင်နေသည်ကို မြင်သော် ကိုင်တေသည် မိုးကြိုးသစ်ပင် နန်းတော်ဆီ မြန်မြန် ရောက်နိုင်စေရန် သူမအရှိန်ကို ဖြည်းဖြည်းချင်း တင်လိုက်လေသည်။

ကိုင်တေမှာ အရှိန်ကုန် ပျံသန်းနေသည့်တိုင် ရန်ကိုင်သည် သူမနောက်သို့ လိုက်မှီနိုင်နေသေးပေသည်။

ကိုင်တေ တကယ်ကို အံ့အားသင့်သွားခဲ့ရသည်။ သို့သော် သူမ၏ အေးစက်စက် စရိုက်ကြောင့် အံ့အားသင့်သွားသည့် အမူအရာမျိုး လုပ်မပြ။ ရုပ်တည်ကြီးဖြင့်သာ ဆက်လက် ပျံသန်းနေခဲ့သည်။

ဒီကောင်က… တကယ်ကို ထူးဆန်းတဲ့ကောင်ပဲ သာမန် မသေမျိုး အဆင့်တစ်ယောက် အနေဖြင့် ရန်ကိုင်ကဲ့သို့ လုံးဝ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။

ဘုံကိုးခုထွတ်မြတ်နယ်မြေ၏ တော်ဝင်သခင်ဖြစ်လာနိုင်ပြီး မွန်းစတား မျိုးနွယ်စုမှ ပညာရှင်များကို သူ့လက်အောက်သို့ သိမ်းသွင်း နိုင်ခဲ့သည်မှာလည်း မထူးဆန်းတော့ချေ။

အစကမူ ရန်ကိုင်သည် ကံကောင်းခဲ့ခြင်း ဖြစ်သည်ဟူ၍သာ ကိုင်တေ တွေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုမှပဲ ရန်ကိုင်သည် တကယ် အရည်အချင်း ရှိသဖြင့် ထိုကဲ့သို့သော အရာများကို ရအောင် လုပ်နိုင်ခဲ့ခြင်း ဖြစ်မှန်း ကိုင်တေ နားလည်သွားခဲ့လေပြီ။

ဘေးပတ်လည်အား အဆက်မပြတ် စူးစမ်းနေရင်း ရန်ကိုင် မျက်မှောင် ကြုံ့လာခဲ့ရသည်။

ရန်ကိုင်၏ ပြောင်းလဲသွားသော အမူအရာကြောင့် လီရုန်လည်း ချက်ချင်းပဲ ကောက်မေးလိုက်လေသည် “သခင်၊ သံသယဖြစ်စရာ တစ်ခုခု တွေ့လိုက်လို့လား”

“အင်း” ရန်ကိုင်က ခေါင်းညိတ်လိုက်ပြီး “ဒီနေရာက အရှိန်အဝါက နည်းနည်း ထူးဆန်းနေတယ်”

“သခင်စိတ်ပူနေရင် ပြန်လှည့်ကြမယ်လေ”

ရန်ကိုင်က ရယ်သာရယ်လိုက်ပြီး ခေါင်းလေး တရမ်းရမ်းဖြင့် “ဒီနေရာက အရှိန်အဝါက မနှစ်မြို့ဖွယ်ကောင်းတာ မဟုတ်ဘူး။ ဟိုအရင်တစ်ခါ ရောက်လာတုန်းကနဲ့ သိပ်မတူတာ။ ဘာမတူတာလဲ ဆိုတာကိုတော့ သေသေချာချာ မရှင်းပြတတ်ဘူး…”

ဤနေရာရှိ အရှိန်အဝါနှင့် ပက်သက်၍ တစ်ခုခု ကျိန်းသေ ကွဲပြားနေပေသည်။ သို့သော် ဆက်လက် စစ်ဆေးနေသည့်တိုင် ဘာပြောင်းလဲသွားမှန်း ရန်ကိုင် သေသေချာ မဆုံးဖြတ်တတ်သေးချေ။

“အရမ်းကြီး စိတ်ပူမနေနဲ့။ စီနီယာကြီးဆိုတဲ့လူက သူ့စကား သူတည်တဲ့လူပဲ။ ဒီနေရာက အရှီန်အဝါ ပြောင်းလဲသွားလို့ ငါနဲ့ ရုတ်တရက်ကြီး ထတွေ့ချင်တာဖြစ်မယ်။ သူ့ကို သွားတွေ့လိုက်ရင် ငါတို့ ရှာနေတဲ့ အဖြေကို ရလောက်တယ်”

“အင်း” လီရုန် ဘာမှသိပ်ပြီး မပြောတော့သော်လည်း ပြောတော့ ပြောလိုက်သေးသည် “အန္တရာယ်တစ်ခုခု ပေါ်လာရင် ကျွန်မနားက နည်းနည်းလေးမှ မထွက်သွားနဲ့နော်”

“အင်း” ရန်ကိုင်က ဂရုမထားသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။ သူ့တွင် အသက်ကယ် ဝှက်ဖဲများစွာ ရှိနေလေရာ ဘာကိုစိုးရိမ်နေဦးမည်နည်း။ လေဟာနယ်ကို ဆုတ်ဖြဲနိုင်ခြင်း၊ ကောင်းကင်လွန်းပျံ၊ သူတော်စင်အထွဋ်အထိပ်အဆင့် မှော်ရတနာ ဟူသော ဝှက်ဖဲများ သူ့တွင် ရှိနေပေသည်။ နဂါးအသွင်ပြောင်းလဲခြင်းနှင့် နတ်ဆိုးနတ်ဘုရား အသွင်ပြောင်းခြင်း တို့ပင် ရှိနေပေသေးသည်။

တစ်ယောက်ယောက်သာ သူ့ကို ဒုက္ခပေးချင်သည်ဆိုပါက သူ့အား တစ်ချက်တည်းနှင့် အပြီးဖြတ်နိုင်မှသာ ရပေနလိမ့်မည်။ မဟုတ်လျှင် မည်သည့်အဆင့် ပညာရှင်ပင် ဖြစ်ပါစေ ထိုလူလက်မှ လွတ်အောင် ထွက်ပြေးနိုင်မည်ဟု ရန်ကိုင် ယုံကြည်ချက် အပြည့်ရှိသည်။

ထို့ကြောင့် လီရုန်ကဲ့သို့ အရမ်းကြီး စိတ်ပူမနေခဲ့ချေ။

ဆက်လက်ပျံသန်းနေခဲ့ရာ နှစ်ရက်ကြာပြီးနောက် မိုးကြိုးသစ်ပင်နန်းတော် အောက်ခြေသို့ ရောက်ရှိလာခဲ့လသည်။

ထို့နေရာသို့ ရောက်လာပြီးနောက် ဘာမှ ထူးထူးခြားခြား ပြောင်းလဲသွားခြင်း မရှိသည်ကို တွေ့လိုက်ရသည်။ မွန်းစတား မျိုးနွယ်စုဝင် ပညာရှင်များသည် မိုးကြိုးသစ်ပင်နန်းတော် အောက်တွက် စုဝေးနေခဲ့ကြပြီး အချို့သည် သားရဲပုံစံဖြင့် ရှိနေကြကာ အချို့သည် လူသားပုံစံဖြင့် သစ်ကိုင်းများပေါ်တွင် ထိုင်နေခဲ့ကြသည်။

“ဒါက မိုးကြိုးသစ်ပင်နန်းတော်လား” လီရုန် ခေါင်းမော့ပြီး ဧရာမသစ်ပင်ကြီးကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်း လှလှလေးထဲ အံ့ဩမှုတို့ကို အထင်သား မြင်တွေ့နေခဲ့ရသည်။

ရန်ကိုင်ကဲ့သို့ပင် လီရုန်လည်း ဤနေရာသို့ ရောက်ရောက်ခြင်း မိုးကြိုးသစ်ပင်နန်းတော်၏ ကြီးမားလှသော အရွယ်အစားကြောင့် မှင်သက်နေခဲ့ရသည်။

ထိုမျှကြီးရန်အတွက် ထိုရှေးဟောင်းသစ်ပင်သည် အနည်းဆုံး သက်တမ်း တစ်သောင်းကျော်လောက် ရှိရပေမည်။ တစ်နည်း ဆိုရသော် ထိုသစ်ပင်သည် မဟာနတ်ဆိုးနတ်ဘုရား သူမတို့အား ဆန်းကြယ်လောကငယ်ထဲတွင် မပိတ်လှောင်မီကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

ထိုရှေးဟောင်းသစ်ပင်သည် မိုးကြိုးသစ်ပင်တစ်မျိုး ဖြစ်သည့် ပုံပင်။ သစ်ပင်ပင်စည်မှ လျှပ်စီးများ မကြာမကြာ ထလက်နေသည်ကို မြင်တွေ့နေခဲ့ရသည်။ အောက်ဘက်တွင် ထိုင်နေသော မွန်းစတား မျိုးနွယ်စုဝင်များသည် ထိုလျှပ်စီးများကို ဂရုစိုက်ဟန်မရ။

ရန်ကိုင် ရောက်လာသည်ကို မြင်သော် အတော်များများ ရန်ကိုင်အား လှမ်းခေါင်းညိတ်ပြကြသည်။

ရန်ကိုင် ယခင်တစ်ကြိမ် ရောက်လာခဲ့စဉ်က သားရဲအသွင်ပြောင်း ရေကန်ကို ဖြေရှင်းပေးပြီး မွန်းစတားမျိုးနွယ်စုဝင်တစ်ကောင်၏ အသက်ကို ကယ်ပေးခဲ့သဖြင့် ထိုသူများ၏ လက်ခံမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

“ငါနဲ့လိုက်ခဲ့” ပြောပြီးသည်နှင့် ကိုင်တေသည် သစ်ပင်ပေါ်သို့ ပျံတက်သွားလေ၏။

ရန်ကိုင်နှင့် လီရုန်လည်း သူမနောက်မှ လိုက်သွားခဲ့သည်။

သစ်ပင်ထိပ်တိုင်းရှိ သစ်ပင်အိမ်ထဲတွင် စီနီယာကြီးနှင့် ရန်ကိုင်တို့ ရှိနေခဲ့သည်။

ရန်ကိုင် ရောက်လာသည်ကို မြင်သည်နှင့် စီနီယာကြီးက ပြုံးကာ ကြိုဆိုလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်ရန် အချက်ပြလိုက်သည်။

စားပွဲခုံလေး ပတ်လည်၌ ရန်ကိုင်နှင့် စီနီယာကြီးတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး လီရုန်နှင့် ကိုင်တေတို့သည် သူတို့၏ ခေါင်းဆောင်အသီးသီးနောက်တွင် ရပ်နေခဲ့ကြသည်။

“ဒီတစ်ကြိမ်တော့ ဘာပစ္စည်းကောင်းမှ ယူမလာခဲ့ဘူးပဲ” စီနီယာကြီးက အပြုံးလေးဖြင့် စကားစလိုက်သည်။

“ခင်ဗျားလိုနေတာလား။ တောင်ထွတ်ကိုးလုံးပေါ်က သလင်းကျောက် မိုင်းတွင်းတွေအကုန်လုံး ခင်ဗျားတို့ တူးထုတ်သားလို့ ပြောင်ခါနီးနီး ဖြစ်နေကုန်ပြီဗျ” ရန်ကိုင် မဲ့ပြလိုက်သည်။ တောင်ထွတ်ကိုးလုံးကို အပိုင်စီးစဉ် သုံးနှစ်အတွင်း မွန်းစတား မျိုးနွယ်စုသည် သလင်းကျောက်မိုင်းတွင်းများကို မနားမတူ တူးထုတ်ခဲ့သည်။

ထို့ကိစ္စကြောင့် ရန်ကိုင်လည်း အတော်လေး စိတ်ညစ်ခဲ့ရသည်။

“အခုလောလောဆယ်တော့ မလိုသေးဘူး။ ဒါပေမယ့် နောင်ပိုင်း မလိုတော့ဘူးလို့မှ မဆိုလိုတာ။ သလင်းကျောက်ဆိုတာကတော့ မင်းတို့ ဘယ်တော့မှ မလုံလောက်နိုင်မယ့် အရာတွေပဲလေ။ ပြီးတော့ ငါတို့ မွန်းစတားပိုင်နက်ထဲမှာ ဘာအရင်းအမြစ်မှ မရှိတာ။ ဒါကြောင့် မင်းတို့လူသားပိုင်နက်ထဲကပဲ ယူနေရတာပေါ့” စီနီယာကြီးက ဖြည်းဖြည်းချင်း ခေါင်းခါရမ်းလျက် “ဘာပဲဖြစ်ဖြစ်၊ ဒီတစ်ကြိမ် မင်းတို့ တော်ဝင်နယ်မြေ အကြီးကြီး မြတ်သွားတယ်မလား။ ဒီလောက် များတဲ့ ပစ္စည်းတွေကို မင်းတို့လည်း တစ်ထိုင်တည်း မသုံးနိုင်ဘူးလေ”

“အဲ့အကြောင်းလည်း ခင်ဗျား သိထားတာလား” ရန်ကိုင် ပြောစရာစကား မဲ့သွားခဲ့ရသည်။ “အဲ့ဒါတွေအကုန်လုံးက ဆေးလုံး သန့်စင်ပေးတာကနေ ရခဲ့တာဗျ… မေ့လိုက်တော့။ နောက်တစ်ကြိမ် လာတော့မှပဲ သလင်းကျောက်နဲ့ ဆေးလုံးအချို့ ယူလာပေးတော့မယ်”

“ဟုတ်ပြီလေ။ ငါစောင့်နေမယ်နော်” စီနီယာကြီး ပြုံးကာ ပြန်ပြောလိုက်သည်။

“ကျုပ်ကို သီးသန့် ခေါ်တွေ့ရအောင် ဘာအရေးကြီး ကိစ္စတွေများ ဆွေးနွေးချင်လို့လဲ” ရန်ကိုင် အမူအရာ ရုတ်တရက် လေးနက်သွား၏။

“မင်းနဲ့ ဆွေးနွေးချင်တဲ့ အရေးကြီးကိစ္စတစ်ခု ရှိတယ်ကွ” စီနီယာကြီး၏ အမူအရာ လေးနက်တည်ကြည်သွားခဲ့လေသည်။ ခဏလောက် စဉ်းစားနေပြီးနောက် စမေးလိုက်သည် “ကောင်လေး၊ လေဟာနယ်လိုဏ်ခေါင်းတွေကို မင်းကြားဖူးလား”

ရန်ကိုင်မျက်နှာ မည်းမှောင်သွားခဲ့ပြီး “စီနီယာကြီး ခင်ဗျား ကျုပ်ကို လာနောက်နေတာလား”

စီနီယာကြီး၏ ပါးစပ် မဲ့ရွဲ့သွားခဲ့ပြီး ယဲ့ယဲ့လေး ပြုံးလျက် “နောက်နေတာမဟုတ်ဘူးကွ။ ငါတကယ် မေးနေတာ။ အရင်းတုန်းက မင်းတွေ့ခဲ့ဖူးလား”

ရန်ကိုင် ခေါင်းညိတ်ပြလိုက်သည်။ အခြားသူများ ကြုံဖူးလား၊ မကြုံဖူးလား ဆိုသည်ကို မသိသော်လည်း သူကိုယ်တိုင်ကမူ တစ်ခုထက်မက ကြုံခဲ့ဖူးပေသည်။

“အဲ့လိုဆိုရင် ရှင်းပြရလွယ်သွားပြီ” စီနီယာကြီးက ခေါင်းညိတ်၍ ဆက်ပြောလိုက်သည် “အခုနောက်ပိုင်း ငါတို့ သားရဲပင်လယ်တောအုပ် အရင်နဲ့မတူတာကို မင်သတိထားမိတယ်မလား။ အဲ့လို့ ပြောင်းလဲ သွားရတာက လေဟာနယ်လိုဏ်ခေါင်းတစ်ခုကြောင့်ပဲ”

ရန်ကိုင် ဘာမှ ပြန်မပြောသေးဘဲ စီနီယာကြီး ဆက်ပြောမည်ကိုသာ စောင့်နေလိုက်သည်။

“ဒီ မိုးကြိုးသစ်ပင်နန်းတော်ကနေ သုံးလေးငါးရက်လောက် သွားရတဲ့နေရာမှ လေဟာနယ်လိုဏ်ခေါင်းတစ်ခု ပေါ်လာတယ်လေ။ တကယ်တော့ ငါငယ်ငယ်တုန်းကလည်း လေဟာနယ်လိုဏ်ခေါင်းကို မြင်ခဲ့ဖူးတယ်။ အဲ့လေဟာနယ်လိုဏ်ခေါင်းထဲဝင်သွားလိုက်တာ ဆန်းကြယ်လောကငယ်တစ်ခုဆီတောင် ရောက်သွားလိုက်သေးတယ်။ ဒါပေမယ့် အခုတစ်ကြိမ် သားရဲပင်လယ်တောအုပ်မှာ ပေါ်လာတဲ့ လေဟာနယ်လိုဏ်ခေါင်းက အရင်တစ်ကြိမ် ငါတွေ့ခဲ့ဖူးတာ မတူဘူးကွ…”

“ဘယ်လို မတူတာလဲ…”

“အရမ်း ကြီးတယ်ကွာ။ ပြီးတော့ အဲ့ကနေ ခံစားရတဲ့ အရှိန်အဝါကလည်း တစ်မျိုးကြီးပဲ” စီနီယာကြီး မျက်မှောင်ကြုံ့သွားခဲ့ပြီး “အဲ့လေဟာနယ်လိုဏ်ခေါင်း ပေါ်လာတာနဲ့ သားရဲပင်လယ်တောအုပ်လည်း အခုလို ပြောင်းလဲသွားရတာပဲ။ မင်းလည်း သတိပြုမိမှာပေါ့”

“အင်း။ ကျုပ်လည်း သတိပြုမိဘူး။ ဘာလို့ ဒီလို ပြောင်းလဲသွားလဲ ဆိုတာကိုပဲ မသိတာ”

“အဲ့လေဟာနယ်လိုဏ်ခေါင်းကြောင့်ပဲပေါ့” စီနီယာကြီးက ခေါင်းညိတ်၍ “ယေဘုယျကျကျ ပြောရရင် လေဟာနယ်လိုဏ်ခေါင်း တွေဆိုတာ ဖုံးကွယ်နေပြီး ရှာတွေ့ဖို့ ခက်ခဲကြတယ်။ တစ်ယောက်ယောက် တွေ့လို့ ဖွင့်လိုက်မယ်ဆိုရင်တောင်မှ အချိန်တစ်ခု ကြာသွားရင် ပြန်ပိတ်သွားတာပဲ။ ဒါပေမယ့် ဒီလေဟာနယ်လိုဏ်ခေါင်း ကျတော့ မတူတော့ဘူးကွ။ သူ့ဘာသာ ရုတ်တရက်ကြီး ပေါ်လာတယ်ကွာ။ ပြီးတော့ ပြိုကျတော့မလိုလိုနဲ့။ ဒါပေမယ့် ဝင်ပေါက်ကတော့ ပိတ်ကို မပိတ်သွားဘူးကွ”

“အို။ တကယ် ထူးဆန်းတာ”

“အဲ့လေဟာနယ်လိုဏ်ခေါင်းက ဒီဘုရင်နဲ့ အခြားမွန်းစတား မျိုးနွယ်စုက စီနီယာကြီး မြေကမ္ဘာနွားသို့ ပိုင်နက်ကြားမှာ ရှိနေတာ။ ဒီတော့ အဲ့ဒါပေါ်လာတာနဲ့ ငါတို့နှစ်ယောက် အတူ စစ်ဆေးကြည့်တာပေါ့…”

“မြေကမ္ဘာနွားသိုးလား” ရန်ကိုင် လေသံ အနည်းငယ် ထူးဆန်းနေခဲ့သည်။

“ဘာဖြစ်လို့လဲ။ မင်းသူ့ကို သိလို့လား” စီနီယာကြီးက ပြန်မေးလိုက်သည်။

ရန်ကိုင် ခေါင်းခါရမ်းလိုက်ပြီး “သူ့ကိုမသဘူး။ ဒါပေမယ့် သူနဲ့ ပက်သက်တဲ့ သိုင်းပညာရပ်တစ်ခုကိုတော့ လေ့လာဖူးတယ်”

ပြောပြီးသည်နှင့် သူမသုံးသည်မှာ ကြာပြီဖြစ်သော သိုင်းပညာရပ်ကို ထုတ်သုံးပြလိုက်လေသည်။

ကျားဟိန်းသံနှင့် နွားသိုးအော်မြည်သံနှင့်အတူ တောက်ပသော ရွှေရောင်ကျားတစ်ကောင်နှင့် နွားသိုးတစ်ကောင် ထွက်ပေါ်လာလေသည်။

ထိုသားရဲပုံရိပ်ထွက်ပေါ်လာသည်နှင့် သစ်ပင်အိမ်လေးတစ်ခုလုံး အပူချိန် ရုတ်ချည်း မြင့်တက်လာခဲ့သည်။

ထိုသားရဲပုံရိပ်နှစ်ခုသည် အစစ်အမှန် ယန်ယွမ်ချီဖြင့် ဖန်တီးထားခြင်း ဖြစ်သော်လည်း အရမ်းကိုမှ အသက်ဝင်လှသည်။

စီနီယာကြီး ထိတ်လန့်သွားခဲ့ပြီး သူ့အိမ် မီးမလောင်းသွားအောင် ချက်ချင်းပဲ အရံအတားတစ်ခု ကောက်ဖန်တီးလိုက်ရသည်။

“ကောင်းကင်ကျားဖြူနဲ့ မြေကမ္ဘာနွားသိုးတွေပါလား” ကိုင်တေက အလန့်တကြား ထအော်ပြောလိုက်သည်။ စီနီယာကြီးသည်လည်း မှင်သက်နေသည့် အကြည့်ဖြင့် ရန်ကိုင်အား ကြည့်လာခဲ့သည်။

“ဒါက ဟိုးအရင်တုန်းက ကျုပ်လေ့ကျင့်ခဲ့တာ သားရဲဝိဥာဉ် ပညာရပ်တစ်ခုပဲ”

“ဒါက သိုင်းပညာရပ်တစ်ခု သက်သက်တင် မဟုတ်ဘူး… တကယ် သားရဲဝိဥာဉ်တွေ” စီနီယာကြီးက တိုးတိုးလေး ပြောလိုက်သည်။ ခဏလောက် စဉ်းစားလိုက်ပြီးနောက် “ဒီမွန်းစတား သားရဲနှစ်ကောင်ရဲ့ အကြွင်းအကျန်တွေကို မင်းတွေ့ခဲ့တာလား”

“ဟုတ်တယ်။ ဒီနှစ်ကောင်က တိုက်ပွဲ အကြီးအကျယ်ဖြစ်ပြီး နှစ်ယောက်စလုံး သေသွားကြတဲ့ပုံပဲ။ ကျန်ရစ်ခဲ့တာဆိုလို့ သူတို့ရဲ့ သားရဲအမြူတေပဲ ရှိတာ။ အဲ့သားရဲအမြူတေကို သန့်စင်တုန်းက အဲ့နှစ်ကောင် တိုက်ခိုက်နေတာကို တွေ့လိုက်ရတယ်လေ။ အဲ့တိုက်ပွဲကို ကြည့်ရင်း ဒီသိုင်းပညာရပ်ကို နားလည်ခဲ့တာပဲ”

“အဲ့လိုကိုး” စီနီယာကြီးက ခေါင်းညိတ်လိုက်ပြီး “မင်းရဲ့ သားရဲဝိဥာဉ်ပညာရပ်ထဲမှာ တကယ့် အစစ်အမှန်ဝိဥာဉ်တွေ ရှိနေတယ်။ သေခါနီးအချိန်ကျရင် သူတို့ရဲ့ အဆီအနှစ်၊ ဝိဥာဉ်နှင့် စိတ်ဆန္ဒကို သားရဲအမြစ်တေအဖြစ် သိပ်သည်းပစ်တဲ့ အရမ်း အားကောင်းလွန်းတဲ့ သားရဲတွေရှိတယ်။ မင်းတွေ့ခဲ့တဲ့ သားရဲ နှစ်ကောင်က ငါတို့ မျိုးနွယ်စုရဲ့ စီနီယာကြီးတွေ ဖြစ်တဲ့ပုံပဲ… ကောင်းကင်ကျားဖြူနဲ့ မြေကမ္ဘာနွားသိုးဆိုတာ ငါတို့မျိုးနွယ်စုမှာ အရမ်းကိုမှ အဆင့်မြင့်တဲ့ သားရဲတွေကွ။ ဒီဘုရင်ထက်တောင် ပိုအဆင့်မြင့်သေးတယ်။ ကောင်းကင်ကျားဖြူရဲ့ မိသားစုက မျိုးတုန်းသွားတာ ကြာပြီ။ နွားသိုးအိုကြီးကတော့ ဒီဘုရင်လို့ပဲ သူ့မိသားစုရဲ့ နောက်ဆုံးမျိုးဆက်”

စီနီယာကြီး ရှင်းပြသည်ကို နားထောင်ပြီးနောက် သူ့နားလည်ထားသည့် သားရဲဝိဥာဉ်ပညာရပ်သည် မည်မျှ ထူးခြားသော ပညာရပ်တစ်ခုဖြစ်မှန်း ရန်ကိုင် နားလည်သွားလေသည်။ သိပ်မသုံးဖြစ်တော့သဖြင့် ထိုသားရဲပုံရိပ်ထဲတွင် ကိုယ်ပိုင်ခွန်အားနှင့် သတ်ဖြတ်လိုစိတ်တို့ ပါဝင်နေသည်ကို ရန်ကိုင် မတွေ့ရှိခဲ့ချေ။

“အဲကိစ္စကို ဘေးဖယ်ထားလိုက်။ အရင်ကိစ္စကို ပြန်သွားကြရအောင်” စီနီယာကြီးက ပြောလိုက်သည်။ အတွေးများကို ပြန်အစစီလိုက်ပြီးနောက် “အဲ့လေဟာနယ်လိုဏ်ခေါင်းက တော်တော်လေး ထူးဆန်းတာ။ ဒီတော့ ငါနဲ့ နွားအိုကြီးလည်း အကျိုးအမြတ်လေး ရလိုရငြား ဝင်စူးစမ်းကြည့်တာပေါ့။ ဒါပေမယ့် ဝင်လိုက်တာနဲ့ ငါတို့ထင်ထားတာထက် ပိုအန္တရာယ်များမှန်း သိလိုက်တယ်။ ငါတို့ လက်အောက်ငယ်သား တော်တော် များများလည်း သေသွားခဲ့ရတယ်… နောက်ဆုံး၊ နွားအိုကြီးနဲ့ ငါ ပူပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ငါတို့နှစ်ယောက် အတူပူးပေါင်းတာတောင် အဲ့လေဟာနယ်ကြောင်း ဘာမှ မသိနိုင်ခဲ့ဘူး”

“အဲ့လောက်တောင် ခက်တာလား” ရန်ကိုင် ကြောင်သွားခဲ့သည်။

“မင်းစိတ်ကူးထားတာထက် ပိုခက်တယ်။ အထဲမှာ ရှေးဟောင်း အရေးအသားအချို့ကို တွေ့လိုက်သေးတယ်။ ဒါပေမယ့် ငါတို့ မွန်းစတားမျိုးနွယ်စုက အဲ့လို လက်ရေးစကားလုံးတွေ မသုံးဘူး ဆိုတာကို မင်းလည်းသိမှာပေါ့”

“လူသားအရေးအသားတွေလား”

စီနီယာကြီးက ခေါင်းခါလိုက်ပြီး “မဟုတ်ဘူး။ နတ်ဆိုးတွေရဲ့ အရေးအသားပဲ”

ရန်ကိုင် မျက်မှောင်ကြုံ့သွားခဲ့ပြီး သူ့နောက်တွင် ရှိနေသော လီရုန်မျက်နှာထက် စိတ်ဝင်စားသည့် အရိပ်အယောင်တို့ ထွက်ပေါ် လာခဲ့လေသည်။

“နွားအိုကြီးရော၊ ငါရော အဲ့စကားလုံးတွေကို မဖတ်တတ်တော့ မဆင်မခြင် မလှုပ်ရှားရဲကြဘူး။ အခု ငါတို့ အကူခေါ်ပြီး ပြန်လာမယ့် အချိန်ကို ဝင်ပေါက်ကနေ စောင့်နေတယ်”

“ဒီတော့ ကျုပ်ကို လာရှာတာပေါ့” ရန်ကိုင် သွားပေါ်အောင် ပြုံးလိုက်ပြီး “ကျုပ်ကို လာရှာတာတော့ မဖြစ်လောက်ဘူး။ လီရုန်ကို လာရှာတာမလား”

“မင်းတော်တယ်။ အဲ့နေရာကို ဝန်းရံနေတဲ့ ထူးဆန်းတဲ့ စွမ်းအားကို ငါရော၊ နွားအိုကြီးရော ကြောက်ရတာကို မင်းရဲ့ ခွန်အားလေးနဲ့ ဘာလုပ်နိုင်မှာလဲ။ မင်းနောက်မှာ ရပ်နေတဲ့ မိန်းကလေးကပဲ ဒီလျှို့ဝှက်ကို ဖြေရှင်းနိုင်မယ့် သော့ချက် ဖြစ်မှာကွ”

ပြောပြီးသည်နှင့် စီနီယာကြီးသည် လီရုန်အား လှမ်းကြည့်လိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset