Switch Mode

Chapter – 15

ပျော်ရွှင်စရာတွေ ပြီးလာရင် ဝမ်းနည်းစရာတွေ ရောက်လာတယ်

Chapter – 15 ပျော်ရွှင်စရာတွေ ပြီးလာရင် ဝမ်းနည်းစရာတွေ ရောက်လာတယ်

အချိန်က တဖြည်းဖြည်း ကုန်ဆုံးလာသည်။

ရှီဖုန်းနှင့် ဘလက်ကီက သည်အတိုင်း ဘာမှ မလုပ်ဘဲ နေကြသည်တော့ မဟုတ်ပေ။ သူတို့က ကြက်သွေးရောင်ကြယ်စင်မိုင်းတွင်း၏ အနီးအနားတွင် ကျက်စားကြသည့် လေလွင့်မှင်စာများကို လိုက်လံ သတ်ဖြတ်ကြသည်။

လေလွင့်မှင်စာ (သာမန်အဆင့်)

အဆင့် ၄

HP 400

ကိုဘိုးများနှင့် ယှဉ်လျှင် လေလွင့်မှင်စာများက ပို၍ လျင်မြန်သွက်ကာ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်စွမ်း ရှိကြ၏။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုနှင့် ခုခံမှုကတော့ ကိုဘိုးများလောက် အစွမ်းမထက်ပေ။

ထို့အပြင် အမှောင်လတောင်ကြားက ကျယ်ပြောသည့်အတွက် မွန်းစတားများက အလွန်များပြားပြီး ကစားသမားများကလည်း ဤနေရာသို့ မလာကြပေ။ ထို့အပြင် ဤနေရာ၌ မွန်းစတားများ အလွန်များသဖြင့် သတ်ဖြတ်ရန် မွန်းစတားများကို လိုက်ရှာရန် မလိုအပ်ပေ။

ရှီဖုန်းက အဆင့်၃ ဓားသမားတစ်ယောက် ဖြစ်သည့်အတွက် သူက လျင်မြန်သွက်လက်မှုကို အသုံးပြုပြီးနောက်တွင် လေလွင့်မှင်စာများ၏ ဓားမြှောင်များက သူ့ကို မထိနိုင်တော့ချေ။ ဘလက်ကီကတော့ စတီးနက်ဘီယာကို သောက်သုံးပြီးနောက်တွင် သူ၏ တိုက်ခိုက်မှုစွမ်းအားက ပိုပြီး ထိုးဖောက်နိုင်စွမ်း ရှိလာခဲ့သည်။ ရှီဖုန်းက ရှေ့မှ တိုက်ခိုက်ပြီး ဘလက်ကီက နောက်မှ တိုက်ခိုက်ကာ လေလွင့်မှင်စာများကို အလွယ်အကူ သတ်ဖြတ်နေကြသည်။ အကျိုးအမြတ်ကတော့ ကိုဘိုးများကို သတ်စဉ်ကထက် ပို၍ပင် သာလွန်ကောင်းမွန်နေသေး၏။

ကြက်သွေးရောင်ကြယ်စင်မိုင်းတွင်း၏ ရှေ့တွင် ကိုဘိုးများက လဲကျသွားပြီး မြေပြင်ပေါ်တွင် ကြေးပြားများနှင့် များပြားလှသော သတ္တုရိုင်းများ ပြန့်ကျဲသွား၏။

“အစ်ကိုတိုက်ဂါး… ဒီနေရာက တစ်ကယ်ကို မိုက်တယ်… နာရီဝက်ကျော်ကျော်လေးပဲ ရှိသေးတယ်… လူတိုင်း အဆင့် ၂ကို ရောက်သွားပြီ… ပြီးတော့ ပိုက်ဆံတွေလည်း အများကြီး ချပေးတယ်… “

“ဟား… ဟား… ဟား… လူတိုင်းကို ဆက်ပြီး ကြိုးစားထားကြ… မင်းတို့ ၃ယောက်က မွန်းစတားတွေကို ဒီထက်ပိုပြီး မြှားခေါ်လာခဲ့… ငါတို့တွေ ဒီလိုပဲ ဆက်ပြီး သတ်နိုင်နေမယ်ဆိုရင် ငါတို့အားလုံး အဆင့်၃ရောက်ဖို့ ၃၊၄နာရီလောက်ပဲ လိုလိမ့်မယ်… “

ဖလိမ်းမင်းတိုက်ဂါးက လုပ်ကြံသတ်ဖြတ်သူ ၃ယောက်ကို ကိုဘိုးမွန်းစတားများအား ဆွဲဆောင်ရန် အမိန့်ပေးလိုက်သည်။ မှော်ဆရာများက အဆင့် ၂သို့ ရောက်သွားသောအခါ သူတို့၏ သတ်ဖြတ်နှုန်းက အလွန်တိုးတက်လာသည်။ ထို့ကြောင့် မွန်းစတားအကောင်၃၀ကျော်သော အုပ်စု ၁ခုက သူတို့အတွက် မလုံလောက်ပေ။

“အစ်ကိုတိုက်ဂါး… မွန်းစတားတွေကနေ အိုင်တမ်တစ်ခု ကျလာတယ်… “ စစ်သည်တော်တစ်ယောက်က စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး လှမ်းအော်ပြောလိုက်သည်။

“အဲ့တာကို ဒီယူလာခဲ့… ငါ ကြည့်ကြည့်မယ်… “ ဖလိမ်းမင်းတိုက်ဂါးက ပြုံးပြီး ပြောလိုက်သည်။

သူက စာအုပ်ကို ယူကြည့်လိုက်ပြီးနောက် အားရပါးရ ရယ်မောလိုက်သည်။

“ကောင်းတယ်… တစ်ကယ်ကို ကောင်းတယ်… ဟိုကလေးက ခက်ခက်ခဲခဲရှာထားတဲ့ နေရာကို ငါက သိမ်းလိုက်ရုံတင် မဟုတ်ဘူး… ဓားသမားတွေအတွက် ရှားပါးတဲ့ စကေးစာအုပ်ကိုပါ ငါရသွားမှန်း သူ သိသွားရင် သူက နောင်တဘယ်လောက်တောင် ရနေမလဲ ငါ မြင်ချင်သေးတယ်… “

“အစ်ကိုတိုက်ဂါး… ငါ ဒီကို လာတော့ သူ့တို့ကို တွေ့ခဲ့တယ်… သူတို့က ဒီနားမှာပဲ လေလွင့်မှင်စာတွေကို လိုက်သတ်နေကြတယ်… ငါ ထင်တာပြောရရင် သူတို့က ဒီနေရာကို မစွန့်လွှတ်နိုင်သေးဘူး ထင်တယ်… သူ့တို့ကို ဘာလို့ သွားပြီး မသတ်ကြတာလဲ… ပြဿနာလေးတွေ ရှင်းပြီးသား ဖြစ်တာပေါ့… “

ကွိုက်ရက်ဝုဖ်၏ မျက်လုံးထဲတွင် အေးစက်စက်အရောင်တစ်ချက် လက်သွား၏။ သူက ရှီဖုန်း၏ သတ်ဖြတ်ခြင်းကို ၂ကြိမ်တိုင်တိုင် ခံလိုက်ရသဖြင့် ရှီဖုန်းအား ခါးခါးသီးသီး မုန်းနေလေသည်။

ဖလိမ်းမင်းတိုက်ဂါးက သူ့လက်ကို ရမ်းလိုက်ပြီး အထင်သေးစွာ ပြုံးလိုက်သည်… “ဒါဆိုလည်း ငါတို့ အဆင့်တက်တာ ဘယ်လောက်မြန်ပြီး ပိုက်ဆံတွေ ဘယ်လောက်ရလဲဆိုတာ ကြည့်ခိုင်းလိုက်စမ်းပါ… ပြီးတော့ အနီရောင်သစ်ရွက်မြို့မှာ ငါတို့က အုပ်ချုပ်သူတွေ ဖြစ်လာတဲ့အထိ သူတို့ကို ကြည့်ခိုင်းရမှာပေါ့… အဲ့အချိန်ရောက်ရင် သူတို့ရဲ့ နှလုံးသားထဲမှာ နောင်တတွေနဲ့ ပြည့်နေလိမ့်မယ်… အဲ့အကြောင်းကို အခုတွေးကြည့်တာတောင် စိတ်ထဲ အရမ်းနေလို့ကောင်းတယ်… “

ကွိုက်ရက်ဝုဖ်က စိတ်ထဲတွင် သိပ်မကျေနပ်သော်လည်း ထိုအချိန်သို့ ရောက်လာလျှင် ဖြစ်ပျက်နေမည့် ရှီဖုန်း၏ အမူအရာနှင့် လေလွင့်မှင်စာများကို လိုက်လံသတ်ဖြတ်ပြီး မောပန်းနေမည့် ရှီဖုန်း၏ သွင်ပြင်ကို ခန့်မှန်းကြည့်လိုက်သောအခါ သူ့ရင်ထဲတွင် ကျေနပ်မှုကို ခံစားလိုက်ရသည်။

“မင်း စောင့်နေပါ… ငါ အဆင့်၆ကို ရောက်တာနဲ့ မင်း သေပြီပဲ… “

သူက ရှီဖုန်းကို အရှုံးမပေးသေးချေ။ ထိုအစား သူက အဆင့်၆ကို ရောက်ပြီး ရှီဖုန်းအား သတ်နိုင်မည့်နေ့ကို စောင့်နေလိုက်တော့သည်။

ထိုအချိန်တွင် ကြက်သွေးရောင်ကြယ်စင်မိုင်းတွင်း၏ တောင်ဘက် ကိုက်၆၀အကွာမှ တောအုပ်ထဲတွင် ရှီဖုန်းက သစ်ပင်တစ်ပင်ကို အကာအကွယ်ယူပြီး ဖလိမ်းမင်းတိုက်ဂါးနှင့် သူ့အဖွဲ့ဝင်များကို စောင့်ကြည့်နေလေသည်။

“အစ်ကိုဖုန်း… ငါတို့၂ယောက်တည်းနဲ့ သူတို့ကို ကိုင်တွယ်နိုင်ပါ့မလား… “ ဘလက်ကီက စိုးရိမ်နေသည့် အသံဖြင့် မေးလိုက်သည်။

ထို၁၁ယောက်က သာမန်ကစားသမားများ မဟုတ်ကြပေ။ ရှဲဒိုးအဖွဲ့၏ စစ်ဆေးမှုကို ဖြတ်ကျော်နိုင်ခဲ့သည့် ကျွမ်းကျင်ကစားသမားများ ဖြစ်ကြသည့်အပြင် သူတို့ဘက်၌ ကုသသူ ၂ယောက်လည်း ပါနေသေး၏။ ထို့ကြောင့် ထိုလူများကို သတ်ဖြတ်ရန် သူတို့၂ယောက်တည်းဖြင့် မဖြစ်နိုင်ပေ။

“စိတ်အေးအေးထားစမ်းပါ… အချိန်က ပြည့်ခါနီးနေပြီ…. ငါတို့ ပွဲကောင်းကောင်း ကြည့်ရတော့မယ်… “

ရှီဖုန်းက အချိန်ကို ကြည့်ပြီး ဆက်ပြောလိုက်သည်… “ခဏကြာရင် မင်းက နောက်မှာနေပြီး သွေးနည်းသွားတဲ့ လူတွေကို ရွေးသတ်… တစ်ယောက်မှ အလွတ်မပေးနဲ့… “

“အချိန် ပြည့်ခါနီးပြီ… ဟုတ်လား… “ ဘလက်ကီက ထိုစကား၏ အဓိပ္ပါယ်ကို နားမလည်ပေ။

ရှီဖုန်းက မိုင်းတွင်းရှေ့မှ မီးခိုးများကို ညွှန်ပြလိုက်ပြီး ပြုံးကာ ပြောလိုက်သည်… “ဖလိမ်းမင်းတိုက်ဂါးက ကိုယ့်ထက် အဆင့်မြင့်တဲ့ မွန်းစတားတွေကို သတ်ရတာ လွယ်တယ် ထင်နေတဲ့ ပုံပဲ… ငါတို့ ချန်ထားခဲ့တဲ့ မီးခိုးဗုံးက အချိန်ကန့်သတ်ချက် ရှိတယ်… အခု အချိန်ပြည့်ဖို့ ၂မိနစ်ပဲ လိုတော့တယ်… သူတို့က ငါ့ဆီက လုယူပြီး ပျော်ရွှင်နိုင်မယ် ထင်နေကြတာလား မသိဘူး… အခု သူတို့ကို လူသားတွေ ဘယ်လိုနေထိုင်ရမလဲ သင်ပေးလိုက်မယ်… “

ထိုအခါမှ ဘလက်ကီက နားလည်သဘောပေါက်သွားပြီး ရှီဖုန်းအပေါ် ပို၍ပင် လေးစားလာသည်။

“အစ်ကိုဖုန်းက တစ်ကယ် ဉာဏ်ကောင်တာပဲ… ရှဲဒိုးက ကောင်တွေတော့ ဒီအကြိမ် သေပြီပဲ… “ ဘလက်ကီက အံကြိတ်ပြီး ပြောလိုက်သည်။

သူတို့က အဆင့်၄မွန်းစတားများကို အန္တရာယ်ကင်းကင်း သတ်နိုင်ခြင်းမှာ ရှီဖုန်း၏ မီးခိုးဗုံးကြောင့် ဖြစ်သည်။ မီးခိုးဗုံးများသာ မရှိလျှင် နောက်ဖြစ်လာမည့် အကျိုးဆက်က သူတို့အတွက် မကောင်းနိုင်ပေ။

၂မိနစ်ကြာပြီးနောက် ကြက်သွေးရောင်ကြယ်စင် မိုင်းတွင်းရှေ့ရှိ မီးခိုးများက စတင်လျော့ပါးလာသည်။

“အစ်ကိုတိုက်ဂါး… ဘာလို့ မီးခိုးတွေက တဖြည်းဖြည်း နည်းလာတာလဲ… “ ဒြပ်စင်ထိန်းချုပ်သူက မီးခိုးများ နည်းပါးလာသည်ကို သတိပြုမိပြီး မေးလိုက်သည်။

“မီးခိုးတွေ ပျောက်သွားတယ်… ဟုတ်လား… မဖြစ်နိုင်ဘူး… “ ဖလိမ်းမင်းတိုက်ဂါးက တစ်မှေးအိပ်နေရာမှ ထလာပြီး မိုင်းတွင်း၏ ဝင်ပေါက်ကို ကြည့်လိုက်သည့်အခါ မီးခိုးများက တစ်ကယ် မရှိတော့ပေ။

“မီးခိုးတွေ မရှိလည်း အဆင်ပြေတယ်… မီးခိုးတွေက တစ်ခါတစ်လေမှ ပေါ်လာတာ နေမှာ… အဲ့တာကို ဂရုစိုက်မနေနဲ့ ဆက်ပြီးတော့ သတ်နေ… “

ဖလိမ်းမင်းတိုက်ဂါးက ပြောလို့ ပြီးသည်နှင့် အမြဲတမ်း ငြိမ်ခံနေသည့် ကိုဘိုးများက ရှဲဒိုးအဖွဲ့ဝင်များကို ရုတ်တရက် တိုက်ခိုက်လာသည်။

အကောင်ရေ ၄၀ကျော်သည့် ကိုဘိုးများက နီရဲနေသည့် မျက်လုံးများနှင့် ပြေးလာပြီး သူတို့ကို တိုက်ခိုက်သည့် ကစားသမားများကို ဒေါသတကြီး ပြန်လည်တိုက်ခိုက်တော့သည်။

ရှဲဒိုးအဖွဲ့ဝင်များသည် တုန့်ပြန်ချိန်ပင် မရလိုက်ဘဲ ကိုဘိုးအုပ်စု၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ အဆင့်၂ ကစားကစားတစ်ယောက်သည် ကိုဘိုးတစ်ကောင်၏ တိုက်ခိုက်မှု၃ချက်ကိုပင် ခံနိုင်ရန် ခဲယဉ်းသည့်အတွက် အုပ်စုလိုက် တိုက်ခံရသောခါ ပြောနေစရာပင် မလိုတော့ချေ။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကစားသမား၇ယောက် သေဆုံးသွား၏။ နောက်မှ တိုက်ခိုက်သည့် ကစားသမားများကတော့ အသက်ရှင်ရန်အတွက် အလျင်အမြန် ထွက်ပြေးကြလေသည်။

သို့သော်လည်း ကိုဘိုးများက အလွန်လျင်မြန်သည့်အတွက် မှော်ဆရာများကို မီရန် အချိန်ခဏလေးသာ လိုအပ်၏။ မှော်ဆရာတစ်ယောက်ဆီအတွက် ကိုဘိုးများက မှော်ဆရာများ၏ခေါင်းကို တူနှင့် တစ်ချက်သာ လက်ဆောင်ပေးကြရသည်။ တစ်ချက်အထုခံလိုက်သည်နှင့် မှော်ဆရာများက ချက်ချင်း သေဆုံးသွားကြ၏။

“သေစမ်းပါးလားကွာ… ဘာတွေ ဖြစ်ကုန်တာလဲ… ဒီကိုဘိုးတွေက ဘာလို့ ချက်ချင်းကြီး ထတိုက်ခိုက်ရတာလဲ… “ ဖလိမ်းမင်းတိုက်ဂါးက ကျိန်ဆဲလိုက်ပြီး နောက်သို့ လှည့်ကာ ချက်ချင်း ထွက်ပြေးလေတော့သည်။

သူတို့က အများကြီး ကြိုးစားခဲ့ပြီးမှ အဆင့်၂သို့ ရောက်လာကြသော်လည်း သူတို့၏ သေဆုံးမှုက သူတို့ကို အဆင့်၁သို့ ပြန်ပို့ပေးလေသည်။ လုပ်ကြံသတ်ဖြတ်သူ ၃ယောက်ဆိုလျှင် အဆင့်သုညသို့ ပြန်ရောက်သွားရသည်။ ယခုကဲ့သို့ ဆုံးရှုံးမှုမျိုးနှင့်အတူ အနီရောင်သစ်ရွက်မြို့တွင် အုပ်ချုပ်သူ ဖြစ်ချင်သည့် သူတို့၏ အိမ်မက်များက ပျောက်ကွယ်ပျက်စီးသွားလေတော့သည်။ ထို့အပြင် ရှဲဒိုးအဖွဲ့ဝင်များ၏ အဆင့်ကလည်း အနီရောင်သစ်ရွက်မြို့၏ သာမန်ကစားသမားများထက်ပင် နိမ့်သွားလေသည်။ ထို့ကြောင့် တခြားအစည်းအရုံးများနှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့အစည်းအရုံးက နောက်တွင် အများကြီး ပြတ်ကျန်ခဲ့ပြီဖြစ်သည်။

ဖလိမ်းမင်းတိုက်ဂါးက နာကျင်မှုကြောင့် နှလုံးသားထဲတွင် သွေးများ ယိုစီးကျနေသလိုပင် ခံစားနေရသည်။

“ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ… အစ်ကိုတိုင်ကွန်း… “ ရှီဖုန်းက အပြုံးပန်းလေးတစ်ပွင့် ဆင်မြန်ပြီး ပြောလိုက်သည်။ သူက ဖလိမ်းမင်းတိုက်ဂါး၏ ပြေးလမ်းကို ပိတ်ထားရင်း ပြောလိုက်ခြင်း ဖြစ်သည်။ (တိုင်ကွန်း Tycoon ဆိုတာက လုပ်ငန်းတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခုမှာ ဩဇာအာဏာရှိတဲ့သူကို ပြောတာပါ)

ရှီဖုန်း၏ သရော်မှုကို မြင်ပြီးနောက် ကိုဘိုးများ၏ ရုတ်တရက် တိုက်ခိုက်မှုက ရှီဖုန်းနှင့် တစ်ခုခု ပက်သတ်နေလိမ့်မည်ဟု တွေးမိလိုက်သည်။

“ကောင်စုတ်လေး… မင်းတော့ သေပြီသာမှတ်… ငါ့ကိုတောင် ဆန့်ကျင်ရဲတယ်… မင်းကို အဆင့်သုညထိရောက်အောင် မသတ်နိုင်ရင် ငါ့နာမည်ကို အနောက်ကနေ ပြောင်းပြန် ပြန်ဖတ်လိုက်မယ်… “

ဖလိမ်းမင်းတိုက်ဂါး၏ ဆံပင်များအားလုံးက ဒေါသကြောင့် ထောင်လာသည်။ သူက ဒိုင်းကို မြှောက်ပြီး ရှီဖုန်းဆီသို့ လွှဲရမ်းလိုက်သည်။

ရှဲဒိုးအဖွဲ့၏ တခြားအဖွဲ့ဝင်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် ဖလိမ်းမင်းတိုက်ဂါး၏ ကျွမ်းကျင်မှုက တခြားသူများထက် သိသိသာသာကို အဆင့်၁ဆင့် မြင့်မားလေသည်။

သူက လက်တစ်ဖက်တည်းနှင့် ဒိုင်းကို အသုံးပြုကာ ရှီဖုန်း၏ အမြင်အာရုံကို ပိတ်ဆို့ပြီး တခြားတစ်ဖက်က ဓားတိုဖြင့် ရှီဖုန်း၏ အသက်နေရာကို ထိုးသွင်းလိုက်သည်။ ထိုနည်းလမ်းက ရိုးရှင်သော်လည်း အလွန်ရက်စက်ကာ ခုခံရန် ခက်ခဲလှသည်။

သို့သော်လည်း ဖလိမ်းမင်းတိုက်ဂါး၏ ယုံကြည်မှုများက လေကိုသာ ထိမိသွား၏။

“သူ ဘယ်ရောက်သွားတာလဲ… “

ဖလိမ်းမင်းတိုက်ဂါးက သူ့အကြည့်ကို ရှေ့သို့ အာရုံစိုက်ထားသော်လည်း ရှီဖုန်း၏ အရိပ်ကိုပင် မမြင်ရတော့ချေ။

“ဒီမှာလေ… “ ရှီဖုန်းက ဖလိမ်းမင်းတိုက်ဂါး၏ နောက်တွင် ရပ်နေပြီး ဓားကို အပေါ်မှ ခုတ်ချလိုက်သည်။

“ခုတ်ချက်… “

ထိခိုက်မှု -36က ဖလိမ်းမင်းတိုက်ဂါး၏ ဦးခေါင်းထက်တွင် ပေါ်လာပြီး သူ၏ HPက ၂၂၀ မှ ၁၈၄သို့ လျော့ကျသွား၏။

ဖလိမ်းမင်းတိုက်ဂါးက တိုက်ခိုက်ခံလိုက်သည်နှင့် နောက်သို့ ချက်ချင်း လှည့်ပြီး ဒိုင်းဖြင့် ရိုက်နှက်ခြင်းစကေးကို အသုံးပြုလိုက်သည်။

သို့သော်လည်း ရှီဖုန်းက ဖလိမ်းမင်းတိုက်ဂါး၏ လှုပ်ရှားမှုများကို ဟိုးအရင်ကတည်းက ရင်းနှီးနေပြီးသား ဖြစ်၏။ ထို့ကြောင့် သူက နောက်သို့ တစ်လှမ်းဆုတ်ပြီး ခန္ဓာကိုယ်ကို လှည့်၍ ဒိုင်းဖြင့် တိုက်ခိုက်မှုကို ရှောင်လိုက်သည်။ ထို့နောက်တွင် သူက ဖလိမ်းမင်းတိုက်ဂါး၏ နောက်သို့ ပြန်ရောက်သွားပြီး ဓားဖြင့် နောက်တစ်ချက် ခုတ်လိုက်သည်။

ရှီဖုန်းက မည်သည့်စကေးကိုမှ အသုံးမပြုသော်လည်း ခုခံမှုမြင့်သည့် ဒိုင်းစစ်သည်တစ်ဦးကို ထိခိုက်မှု ၂၃မှတ် ဖြစ်စေသည်။

“မင်းက ငကြောက်ပဲ… မင်းမှာသာ တစ်ကယ် အစွမ်းရှိရင် ပြေးမနေနဲ့… မင်းကို ငါကြိုက်တဲ့အချိန် သတ်နိုင်တယ်… “

ဖလိမ်းမင်းတိုက်ဂါးက ရှီဖုန်းအား ထိအောင် တစ်ချက်မှ မတိုက်ခိုက်နိုင်ခဲ့သည့်အပြင် သူ၏သွေး(HP)က ဆက်တိုက် လျော့ကျလာရသည်။ ယခု သွေးက ၈၃မှတ်သာ ကျန်တော့သည့်အချိန်တွင် သူက ရှီဖုန်းအား သတ်နိုင်ရန်အတွက် လှောင်ပြောင်၍ ရှီဖုန်း၏ စိတ်ကို ဆွပေးလေသည်။

“သေချာတာပေါ့… ငါ ဒီမှာ မရှောင်ဘဲ ရပ်နေမယ်… ငါ့ကို လာတိုက်စမ်းပါ… “ ရှီဖုန်းက ဖလိမ်းမင်းတိုက်ဂါး၏ ရန်စမှုကို ချက်ချင်း တုန့်ပြန်လိုက်သည်။

ရှီဖုန်း၏ အပြုအမူကြောင့် ဖလိမ်းမင်းတိုက်ဂါးက မသိမသာ ပြုံးလိုက်သည်။ ရှီဖုန်းက တစ်ချက်လောက် ရန်စကား ပြောခံလိုက်ရသည်နှင့် ဤသို့ တုန့်ပြန်လာမည့် အရူးတစ်ယောက်ဟု သူ ထင်မထားခဲ့ချေ။

“ကြည့်ထား… ငါ မင်းကို သေတဲ့အထိ ကစားပြမယ်… “ ဖလိမ်းမင်းတိုက်ဂါးက ဒိုင်းကို မြှောက်ပြီး ရှီဖုန်းထံသို့ တစ်ဟုန်ထိုးတိုက်ခိုက်မှုစကေးကို အသုံးပြုလိုက်သည်။ ရှီဖုန်းသာ မရှောင်ခဲ့လျှင် အားကောင်းသော တိုက်ခိုက်မှုကို ထိခံလိုက်ရမည် ဖြစ်သည်။ သန်မာမှုတွင် သူက ရှီဖုန်းအား မရှုံးနိုင်ဟု ယုံကြည်ထား၏။

သို့သော်လည်း စိတ်ပျက်မှုကသာ သူ့ကို စောင့်ကြိုနေလေသည်။

ဖလိမ်းမင်းတိုက်ဂါးက ၂ကိုက်သာ ကွာတော့သည့်အချိန်တွင် ရှီဖုန်းက မိုးကြိုးလျှပ်စီးစကေးကို ချက်ချင်း ထုတ်သုံးလိုက်သည်။

မိုးကြိုးစီးကြောင်း ၃ခုက ဖလိမ်းမင်းတိုက်ဂါး၏ ဒိုင်းကို ဖြတ်ပြီး ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွား၏။ ထိုအခါ ဖလိမ်းမင်းတိုက်ဂါး၏ ခေါင်းပေါ်တွင် ထိခိုက်မှု -28, -35, -41 ပေါ်လာပြီး သူ၏ HPက သုညသို့ ရောက်သွားသည်။

“မင်းက ရွံစရာကောင်းတဲ့ကောင်… “ ဖလိမ်းမင်းတိုက်ဂါးက ရှီဖုန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက ရှီဖုန်းထံသို့ ပြေးဝင်မသွားခဲ့လျှင် ရှီဖုန်း၏ တိုက်ခိုက်မှုစကေးကို ထိမှန်ခံရလိမ့်မည် မဟုတ်ချေ။

“အစ်ကိုတိုင်ကွန်း… အဆင်ပြေရဲ့လား… ငါက ဒီမှာ မရှောင်ဘဲ ရပ်နေမယ်လို့ပဲ ပြောခဲ့တာ… ငါ့လက်ကို မလှုပ်ရှားဘူးလို့ မပြောခဲ့ဘူး… အစ်ကိုက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ယုံလွယ်ရတာလဲ… ပြေးပြီးတော့တောင် တိုးဝင်လာလိုက်သေးတယ်… “ ရှီဖုန်းက ဤအရာအားလုံးသည် ဖလိမ်းမင်းတိုက်ဂါး၏ အမှားသာဖြစ်ကြောင်း ရှင်းပြလိုက်သည်။

“အိုး… ဟုတ်သားပဲ… ကျွန်တော့်အတွက် သတ္တုရိုင်းတွေ အများကြီး ရှာပေးခဲ့တဲ့အတွက် အစ်ကိုတိုင်ကွန်းကို ကျေးဇူးအများကြီး တင်ပါတယ်… အစ်ကိုက ကျွန်တော့်ကို အချိန်အများကြီး သက်သာစေခဲ့တယ်… “

ဖလိမ်းမင်းတိုက်ဂါးက ရှီဖုန်းအား လက်ညှိုးထိုးပြီး တစ်ခုခု ပြောချင်သော်လည်း သူ၏ခန္ဓာကိုယ်က ကြယ်ရောင်များအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေသည်။ သူက စကားတစ်ခွန်းပင် မဆိုလိုက်နိုင်ဘဲ သတ္တုရိုင်းအပုံ တစ်ပုံနှင့် စာအုပ်တစ်အုပ်ကို ချန်ထားခဲ့လေသည်။

အပိုင်း ၁၅ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset