Chapter – 14 ပြိုင်ဆိုင်ခြင်း
လုပ်ကြံသတ်ဖြတ်သူ ၃ယောက်၏ ဆက်တိုက် တိုက်ခိုက်မှုများကြောင့် ဘလက်ကီက သာမန်အဆင့် ချပ်တန်ဆာများကို ဝတ်ဆင်ထားသော်လည်း သူ၏ HPက တစ်ဝက်နီးပါး လျော့ကျသွား၏။
စနစ်။ ။ ရှဲဒိုးအဖွဲ့မှ သင့်အား တိုက်ခိုက်လိုက်သည့်အတွက် သင့်အဖွဲ့မှ အဖွဲ့ဝင်အားလုံးကလည်း ရှဲဒိုးအဖွဲ့မှ အဖွဲ့ဝင်များအား ပြစ်ဒဏ်သင့်ခံရခြင်း မရှိဘဲ တိုက်ခိုက်ခွင့် ရှိသည်။ ကြာချိန် ၁နာရီ။
“ငါ မင်းတို့နဲ့တိုက်မယ်… “
သူက သေချာပေါက် သေဆုံးရတော့မည်ကို သိပြီး ဘလက်ကီက မသေခင် အတတ်နိုင်ဆုံး ပြန်တိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူက ကျိန်စာတစ်ခုကို ရွတ်ဆိုလိုက်ပြီး အလွန်နီးကပ်စွာ ရှိနေသည့် ကွိုက်ရက်ဝုဖ်ထံသို့ မြှားနက်ကို ပစ်လွှတ်လိုက်သည်။
ကွိုက်ရက်ဝုဖ်က အထင်သေးသည့် အမူအရာဖြင့် ပြုံးရယ်လိုက်သည်။ သူက မြှားနက်ကို မရှောင်နိုင်သော်လည်း သူက အဆင့် သုညတွင် ရှိနေသဖြင့် HP က ၈၀မှတ် ရှိနေသေး၏။ ကျိန်စာအသုံးပြုသူ၏ တိုက်ခိုက်မှုသည် သူ့ကို တစ်ချက်တည်းဖြင့် သေအောင် မသတ်နိုင်ပေ။
“ဝုန်း… “ မြှားနက်က ကွိုက်ရက်ဝုဖ်ကို ထိမှန်သွားသည်။
ကွိုက်ရက်ဝုဖ်၏ ခေါင်းပေါ်တွင် ထိခိုက်မှု ၇၆မှတ် ပေါ်လာပြီး ကွိုက်ရက်ဝုဖ်၏ HPက အနည်းငယ်သာ ကျန်တော့၏။
ဘလက်ကီ၏ တိုက်ခိုက်မှုစွမ်းအားကို မြင်ပြီး ကွိုက်ရက်ဝုဖ်က အလွန်အံ့ဩသွား၏။ သူ့နည်းတူ တခြားလုပ်ကြံသတ်ဖြတ်သူ ၂ယောက်လည်း အံ့ဩသွားကြသည်။
“ဒါက ကျိန်စာအသုံးပြုသူတစ်ယောက်ရဲ့ စွမ်းအားလား… အရမ်းကို ကြမ်းလွန်းတယ်… “ သူတို့၃ယောက်၏ စိတ်ထဲတွင် တစ်ချိန်တည်းလိုလို တွေးမိလိုက်ကြသည်။
ဘလက်ကီကိုယ်တိုင်လည်း သူ၏တိုက်ခိုက်မှုကို မြင်ပြီး အံ့အားသင့်သွား၏။ အဆင့်၃မြှားနက်က ဤမျှအထိ အားကောင်းလိမ့်မည်ဟု တစ်ခါမှ မတွေးမိခဲ့ချေ။
အမှန်တစ်ကယ်တွင် ထိုတိုက်ခိုက်မှုစွမ်းအားက မြှားနက်တစ်ခုတည်းကြောင့် မဟုတ်ပေ။ သစ်နက်မှော်တုတ်တံ၏ မြင့်မားသော တိုက်ခိုက်မှုစွမ်းအား၊ ရှီဖုန်း၏ စစ်သည်တစ်ထောင်အလား ခွန်အားရှိသူဆိုသည့် ဘွဲ့နာမည်၏ အကျိုးသက်ရောက်မှုနှင့် အဆင့်ကွာခြားခြင်းမှ အပိုထိခိုက်မှုများကြောင့် ဘလက်ကီ၏ တိုက်ခိုက်မှုက အလွန်စွမ်းအားကြီးသွားခြင်း ဖြစ်သည်။
“သေစမ်းပါလားကွာ… ညီအစ်ကိုတို့ ဒီကောင်ကို သတ်ရအောင်… သူ့ရဲ့မှော်တုတ်တံက ကျိန်းသေ ထူးခြားသံအဆင့် ဖြစ်ရမယ်… “
ကွိုက်ရက်ဝုဖ်က ဝါရင့်ကစားသမားတစ်ဦးဖြစ်သည့်အတွက် မှော်တုတ်တံ၏ စွမ်းအားကို ခန့်မှန်းမိသွားပြီး ဘလက်ကီ၏ လက်နက်အပေါ် လောဘတက်လာသည်။ မှော်တုတ်တံလက်နက်ကြောင့် မဟုတ်လျှင် ဘလက်ကီက သူ့အား သေဆုံးလုနီးပါး တိုက်ခိုက်နိုင်လိမ်မ့ည် မဟုတ်ချေ။
ချက်ချင်းဆိုသလိုပင် တခြားလုပ်ကြံသတ်ဖြတ်သူ ၂ယောက်က အင်အားအပြည့်ဖြင့် ဘလက်ကီထံသို့ ပြေးဝင်သွားကြသည်။ သူတို့ထံတွင် ထူးခြားသံအဆင့် လက်နက်မပြောနှင့် သာမန်အဆင့် လက်နက်ပင် မရှိပေ။ ဘလက်ကီ၏ ထူးခြားသံအဆင့် လက်နက်ကိုသာ ရလျှင် သူတို့အတွက် အကျိုးအမြတ်ကြီးကြီးမားမား ခံစားရလိမ့်မည် ဖြစ်သည်။
လုပ်ကြံသတ်ဖြတ်သူ ၃ယောက်၏ တိုက်ခိုက်မှုကို နောက်တစ်ကြိမ် ခံလိုက်ရပြီးနောက် ဘလက်ကီ၏ HPက ၆မှတ်သာ ကျန်တော့သည်။ ဘလက်ကီ သေဆုံးတော့မည်ကို မြင်သောအခါ လုပ်ကြံသတ်ဖြတ်သူ၃ယောက်က ထူးခြားသံအဆင့် လက်နက်အကြောင်းကို တွေးပြီး ပို၍ စိတ်လှုပ်ရှားလာကြသည်။
ထိုအခိုက်အတန့်တွင် မယုံနိုင်စရာကောင်းသော လှုပ်ရှားမှုများဖြင့် ရှီဖုန်းက ဘလက်ကီ၏ ရှေ့တွင် ပေါ်လာသည်။ ရှီဖုန်းက ချက်ချင်းဆိုသလိုပင် သတ်ဖြတ်သူ၃ယောက်၏ တိုက်ခိုက်မှုများကို ကာကွယ်လိုက်ရာ မီးပွား၃ခု ပေါ်လာပြီး လုပ်ကြံသတ်ဖြတ်သူ၃ယောက်ကို နောက်သို့ လွှင့်စင်သွားစေသည်။
လုပ်ကြံသတ်ဖြတ်သူများက ရှီဖုန်း၏ လှုပ်ရှားမှုကြောင့် အံ့အားသင့်နေစဉ်မှာပင် သူတို့၏ မြင်ကွင်းထဲသို့ မိုးကြိုးစီးကြောင်းများ ပေါ်လာသည်။
မိုးကြိုးစီးကြောင်း ၃ခုသည် လေထဲတွင် လွှင့်စင်နေဆဲ ဖြစ်သည့် လုပ်ကြံသတ်ဖြတ်သူ၃ယောက်ကို ထိမှန်သွားသည်။
သူတို့၃ယောက်စလုံး၏ ခေါင်းထက်တွင် -32, -41, -50 ဆိုသည့် ထိခိုက်မှုအမှတ်များ ပေါ်လာကာ သူတို့၏HPက သုညသို့ ကျဆင်းသွားပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း ကြယ်ရောင်များအဖြစ် ပြောင်းလဲသွားကာ ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။
လုပ်ကြံသတ်ဖြတ်သူများ၏ အားနည်းသော ခုခံမှုနှင့် အဆင့်ကွာခြားမှုမှ အပိုထိခိုက်မှုများကြောင့် အဆင့်၂ မိုးကြိုးလျှပ်စီး၏ တိုက်ခိုက်မှုစွမ်းအားသည် အလွန်ကြောက်မက်ဖွယ် ကောင်းသွားခဲ့သည်။
“အစ်ကိုဖုန်း… “ ဘလက်ကီက ရှီဖုန်း၏ နောက်ကျောကိုကြည်ပြီး ဆွံအနေကာ ရူးကြောင်ကြောင်မေးခွန်းတစ်ခု မေးလိုက်လေသည်… “အစ်ကိုဖုန်းရော ဟုတ်ရဲ့လား… “
အရာအားလုံးက လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သည်။ ရှီဖုန်းက ရုတ်တရက် ပေါ်လာကာ သူ၏ဓားကို ၃ကြိမ် လွဲရမ်း၍ အရပ်မျက်နှာ ၃ခုမှ လာသည့် တိုက်ကွက်၃ကွက်ကို ကာလိုက်ပြီး မိုးကြိုးလျှပ်စီးစကေးကို အသုံးပြုလိုက်သည်။ ထိုအရာအားလုံးကို အချိန်ခဏလေးအတွင်းမှာပင် လုပ်ဆောင်သွားခြင်း ဖြစ်သည်။ ရှီဖုန်း၏ လှုပ်ရှားမှုများက မြန်လွန်း၍ လုပ်ကြံသူများက တုန့်ပြန်ရန်ပင် အချိန်မရလိုက်ပေ။
ရှီဖုန်း၏ လှုပ်ရှားမှုများနှင့် တုန့်ပြန်မှုများသည် လူနှင့်ပင် မတူတော့ချေ။ အကယ်၍ ဘလက်ကီက ရှီဖုန်းနှင့်သာ မရင်းနှီးခဲ့လျှင် တစ်ယောက်ယောက်က ရှီဖုန်းအဖြစ် ဟန်ဆောင်နေသည်ဟု တွေးမိနိုင်သည်။
ရှီဖုန်းက ဘေးပတ်လည်ကို ကြည့်လိုက်ရာ သူ့တို့၂ယောက်ကို ဝိုင်းရံထားသော ကစားသမား၈ယောက်ကို တွေ့လိုက်ရသည်။ သူတို့ကို ဦးဆောင်လာသူမှာ ဖလိမ်းမင်းတိုက်ဂါး ဖြစ်သည်။ ရှီဖုန်းက တုန့်ဆိုင်းမနေရဲဘဲ အလောတကြီး ပြောလိုက်သည်… “ဘာတွေ ကြောင်နေတာလဲ… သွားကြမယ်… “
ရှီဖုန်းက လျင်မြန်သွက်လက်မှုကို အသုံးပြုထားသဖြင့် သူ၏ခန္ဓာကိုယ်က လွတ်လပ်မှုအတိုင်းအတာကို ထုတ်လွှတ်နေသည်။ သူက ခန္ဓာကိုယ်ကို အတွေးနှင့်ပင် ထိန်းချုပ်နိုင်နေသော်လည်း သူ၏ ခန္ဓာကိုယ်စွမ်းရည်များက အလွန်နိမ့်နေသဖြင့် ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည်။ ဤသို့ ထိန်းချုပ်နေရသည်မှာ သူ၏စိတ်ကို အလွန်ပင်ပန်းနွယ်နယ်စေသည်။ သူက ရန်သူများကို ၂ကြိမ်၊ ၃ကြိမ်ခန့် လှည့်စားရန် ဖြစ်နိုင်သော်လည်း ထိုပမာဏထက်ပိုပြီး အများကြီး မလုပ်နိုင်ပေ။ ထို့အပြင် ရန်သူများတွင် ကုသသူများ အများအပြား ပါလာသည့်အပြင် ချပ်ဝတ်ပြားများ ဝတ်ဆင်ထားသည့် ကစားသမားများလည်း ပါလာသည်။ ထို့ကြောင့် သူက ထွက်ပြေးရန် ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
ဘလက်ကီက ခေါင်းညိတ်လိုက်သည်။
“အားလုံးပဲ သူတို့၂ယောက်ကို သတ်ပြီး ငါ့ရဲ့ကြေးအဆင့် အိုင်တမ်ကို ယူလာပေးကြစမ်း… ဒီမိုင်းတွင်းကို ငါတို့ သိမ်းမယ်… “ ဖလိမ်းမင်းတိုက်ဂါးက နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။ သူက လုပ်ကြံသတ်ဖြတ်သူ၃ယောက်၏ သေဆုံးခြင်းကို စိတ်ထဲ လုံးဝ မထည့်ပေ။
အစက ဖလိမ်းမင်းတိုက်ဂါးသည် ဒေါသမီးများ တောက်လောင်နေသေး၏။ ရှီဖုန်းနှင့် သူ့အဖော်ကို အမှောင်လတောင်ကြားတွင် နာရီပေါင်းများစွာ လိုက်ရှာရခြင်းက သူတို့၏ အဆင့်တက်နှုန်းကို လျော့ကျသွားစေခဲ့သည်။ သို့သော်လည်း ရှီဖုန်းနှင့် ဘလက်ကီက မီးခိုးတိမ်များကို အကာအကွယ်ပြု၍ အဆင့်၄ မွန်းစတားများအား သတ်ဖြတ်နေသည်ကို မြင်လိုက်ရပြီး ဖလိမ်းမင်းတိုက်ဂါးက အလွန်စိတ်လှုပ်ရှားသွား၏။
ထို့အတူ ရှီဖုန်းအပေါ်တွင် ရှိနေသော ဒေါသအမုန်းများပင် တစ်ဝက်ခန့် လျော့ကျသွားပြီး ဤကဲ့သို့ အဖိုးတန်လှသော နေရာကို ပြသပေးသည့် ရှီဖုန်းကိုပင် ကျေးဇူးတင်ချင်လာသည်။
အဆင့် ပိုမြင့်သော မွန်းစတားများကို သတ်ဖြတ်နိုင်ရန်မှာ အလွန်ခက်ခဲကြောင်း အားလုံး သိကြ၏။ အဆင့် ၄ မွန်းစတားများကို အန္တရာယ်မရှိဘဲ သတ်နိုင်လျှင် သူတို့၏ အဆင့်တက်နှုန်းက အလွန်ကို မြန်ဆန်သွားလိမ့်မည် ဖြစ်ပြီး တခြားကစားများကို ကျော်တက်နိုင်ရန် အချိန်၁၀နာရီပင် ကြာလိမ့်မည် မဟုတ်ချေ။ သူတို့ကသာ တခြားကစားသမားများထက် သာလွန်သွားလျှင် အနီရောင်သစ်ရွက်မြို့ကို ပေါင်းစည်းအုပ်ချုပ်ရန်မှာ အလွယ်လေးပင် ဖြစ်သည်။ ထိုအချိန်သို့ ရောက်လာခဲ့လျှင် သူက ရှဲဒိုးအလုပ်ရုံ၏ ခေါင်းဆောင်တစ်ယောက်ပင် ဖြစ်လာနိုင်သည်။
နတ်ဘုရားနယ်မြေ၏ ဖွင့်လှစ်မှုကြောင့် များပြားလှသော ပုံရိပ်ယောင်ဂိမ်းကုမ္ပဏီများက ပိတ်ပစ်လိုက်ရပြီး နတ်ဘုရားနယ်မြေဂိမ်းကို ကစားသူများမှာ ဘီလီယံနှင့် ချီ၍ ရှိလာသည်။ နတ်ဘုရားနယ်မြေဂိမ်းမှ အကျိုးအမြတ်ရရန်အတွက် စီးပွားရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးအုပ်စုများသည် နတ်ဘုရားနယ်မြေတွင် အရင်းအနှီးများ စတင်ထည့်ဝင်လာကြသည်။ ဤသို့ဖြင့် နတ်ဘုရားနယ်မြေဂိမ်းက ကမ္ဘာပေါ်တွင် အကျိုးအမြတ်အများဆုံး ဂိမ်းတစ်ခု ဖြစ်လာသည်ဟု ဆိုနိုင်သည်။
ဖလိမ်းမင်းတိုက်ဂါးက အနီရောင်သစ်ရွက်မြို့တော်တွင် ကျော်ကြားလာမည့် အကြောင်းကို တွေးကြည့်လိုက်သည်။ သူက ရှဲဒိုးအလုပ်ရုံ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်လာလျှင် တန်ဖိုးကြီးကားများ၊ လှပသော မိန်းမပျိုများနှင့် ဇိမ်ခံပစ္စည်းများ ရရှိလိမ့်မည် ဖြစ်သည်။ ထိုအရာများကို တွေးပြီး ဖလိမ်းမင်းတိုက်ဂါးက အလွန်စိတ်လှုပ်ရှားလာသည်။
ထိုအရာအားလုံးကို သူ့အား ပေးသည့်အတွက် ရှီဖုန်းအား ကျေးဇူးတင်ရပေမည်။
သို့သော်လည်း ကျေးဇူးက ကျေးဇူးအဖြစ်သာ ရှိသည်။ ကြေးအဆင့်အိုင်တမ်ကို ရှီဖုန်းနှင့် ဘလက်ကီအား မပေးလိုက်နိုင်ပေ။
“အစ်ကိုတိုက်ဂါး… သူတို့နှစ်ယောက်က အရမ်းမြန်တယ်… ကျွန်တော်တို့ သူ့တို့ကို လိုက်လို့ မမီတော့ဘူး… “
“သူတို့ မြန်တာ ကံကောင်းသွားတယ်… ဒါပေမဲ့ ဒီအဖိုးတန်နေရာတစ်ခုနဲ့တင် ငါတို့အတွက် လုံလောက်နေပြီ… “ မိုင်းတွင်းကို ကြည့်ပြီး ဖလိမ်းမင်းတိုက်ဂါး၏ မျက်လုံးထဲတွင် လောဘမီးများ တောက်လောင်လာသည်။
“အစ်ကိုတိုက်ဂါး… ကွိုက်ရက်ဝုဖ်နဲ့ တခြား၂ယောက်ကို ဘယ်လိုလုပ်မလဲ… သူတို့၃ယောက်စလုံး အဆင့်သုညကို ပြန်ကျသွားတဲ့အပြင် စကေးကျွမ်းကျင်မှုအမှတ် တော်တော်များများလည်း ဆုံးရှုံးသွားတယ်… “ ဒြပ်စင်ထိန်းချုပ်သူ(ဓာတ်ကြီး၄ပါး ထိန်းချုပ်သူ)က ပြောလိုက်သည်။
ဖလိမ်းမင်းတိုက်ဂါးက သူ၏လက်အောက်ငယ်အားကို ကြည့်ပြီး ပြောလိုက်သည်… “အခုချိန်မှာ အဲ့တာက ပြဿနာလား… မင်း အခု မြင်လား… မီးခိုးတိမ်ထဲမှာ ရှိနေတဲ့ ကိုဘိုးမွန်းစတားတွေကို အဝေးကနေ တိုက်မယ်ဆိုရင် ကိုဘိုးမွန်းစတားတွေက ပြန်မတိုက်ဘူး… အဲ့ဒီမွန်းစတားတွေက အဆင့်၄ဆိုတာ မြင်တယ်မလား… သူတို့ကိုသာ သတ်မယ်ဆိုရင် ငါတို့အဆင့်တက်တာ အရမ်းကို မြန်သွားလိမ့်မယ်… အဲ့တာကြောင့် သူတို့ကို ဒီနေရာ အမြန်ခေါ်လာခဲ့… “
“အစ်ကိုတိုက်ဂါးက တစ်ကယ်တော်တာပဲ… ဒီလိုနေရာတစ်ခုတစ်ခုကိုတောင် ရှာနိုင်တယ်ဆိုတော့ အစ်ကိုတိုက်ဂါးက ရှဲဒိုးအစည်းအရုံးရဲ့ နံပါတ်၁ ဖြစ်လာမှာပဲ… “ ဒြပ်စင်ထိန်းချုပ်သူက စတင်ဖားလေသည်။
“သွားစမ်းပါ… ရှဲဒိုးအစည်းအရုံးမှာ နံပါတ်၁ ဟုတ်လား… ငါက နတ်ဘုရားနယ်မြေမှာ နံပါတ်၁ ကစားသမားဖြစ်မှာကွ… “ ဖလိမ်းမင်းတိုက်ဂါးက ဒေါသတကြီး ပြန်ပြောလိုက်သည်။
တခြားအဖွဲ့ဝင်များက ဖလိမ်းမင်းတိုက်ဂါး၏ စကားကို သဘောတူ ထောက်ခံကြကာ မှားယွင်းစွာ ဖားမိသည့် ဒြပ်စင်ထိန်းချုပ်သူကို ရယ်လိုက်ကြသည်။
တစ်ခဏကြာပြီးနောက်တွင် မှော်ဆရာကစားသမား ၃ယောက်က ကိုဘိုးမွန်းစတားများကို အဝေးမှ စတင်တိုက်ခိုက်ကြသည်။ တခြားကစားသမားများကတော့ တခြားမွန်းစတားများကို မီးခိုးတိမ်များအတွင်းသို့ ဆွဲဆောင်ခေါ်လာကြသည်။ ဖလိမ်းမင်းတိုက်ဂါး၏ အမိန့်အောက်တွင် သူတို့က ကိုဘိုးမွန်းစတားများကို စနစ်တကျဖြင့် စတင် သတ်ဖြတ်ကြတော့သည်။
“ကောင်းတယ်… ဒါက တစ်ကယ်ကို ကောင်းတာပဲ… ဒီလောက် လူအများကြီးနဲ့တောင်မှ ငါ့ရဲ့ EXP က 2%တောင် တက်လာတယ်… “
“အစ်ကိုတိုက်ဂါး… ဒီမွန်းစတားတွေက သတ္တုရိုင်းတွေကော၊ ငွေစတွေကော အများကြီး ချပေးတာပဲ… ဒါတင် မကသေးဘူး… ကိုဘိုးမွန်းစတားတွေက ခဏလေးနဲ့ ပြန်ရှင်ကြတယ်… ကျွန်တော်တို့တွေ အဆင့်၆ကို ရောက်တဲ့အထိ သတ်ဖြတ်သွားလို့ ရတယ်… အဲ့ဒီအချိန်ကျရင် ကျွန်တော်တို့ ရှဲဒိုးအဖွဲ့က အနီရောင်သစ်ရွက်မြို့မှာ နံပါတ်၁ အစည်းအရုံးတစ်ခု ဖြစ်လာမှာပဲ… “
ရှဲဒိုးအဖွဲ့၏ အဖွဲ့ဝင်များသည် စတင်၍ ပျော်ရွှင်စွာ ရယ်မောလာကြသည်။ သူတို့အားလုံး အဆင့် ၆သို့ ရောက်ရန် နာရီအများကြီး ကြာလိမ့်မည် မဟုတ်ပေ။ သူတို့က အဆင့်၆သို့ ရောက်သောအခါ အနီရောင်သစ်ရွက်မြို့ရှိ တခြားအစည်းအရုံးများထက် သာလွန်သွားမည်ကို တွေးပြီး အလွန်ပျော်ရွှင်နေကြသည်။
“ဟား… ဟား… ဟား… မင်းတို့ကောင်တွေ ငါ့နောက်လိုက်လို့ ကံကောင်းတယ်မှတ်ပါ… တခြားခေါင်းဆောင်တွေသာဆို မင်းတို့အတွက် ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး… အချိန်တန်ရင် ငါ့ရဲ့ ရှဲဒိုးအဖွဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာမှာ… “
ဖလိမ်းမင်းတိုက်ဂါးသည် ယခုအချိန်တွင် အလွန်စိတ်ကောင်းဝင်နေလေသည်။ လက်ရှိ EXP တိုးနှုန်းနှင့်ဆိုလျှင် ၁နာရီမကြာသေးခင်မှာတင် သူက အဆင့်၂သို့ ရောက်လိမ့်မည် ဖြစ်သည်။
ထိုအချိန်၌ ကြက်သွေးရောင်ကြယ်စင်မိုင်းတွင်းနှင် မနီးအဝေးတစ်နေရာတွင် ဘလက်ကီက ဒေါသတကြီး ဖြစ်နေလေသည်။
“အစ်ကိုဖုန်း… သူတို့ကို ဒီအတိုင်း လွှတ်ထားတော့မှာလား… ဒီဟာက ဘီတာစမ်းသပ်သူဆီကနေ ခက်ခက်ခဲခဲ ရထားတဲ့ နေရာတစ်ခုလေ… ဒါပေမဲ့ အခု တခြားသူတွေက လာပြီး အမြတ်ထုတ်နေတယ်… ဒီအကြောင်းကို တွေးမိရုံနဲ့ ဒေါသထွက်တယ်… ပြီးတော့ ရှဲဒိုးအဖွဲ့က အရှက်လည်း မရှိဘူး… ငါ ရှဲဒိုးအဖွဲ့ကို မဝင်မိတာ တော်တော်ကံကောင်းတာပဲ… “
ရှဲဖုန်းက ခေါင်းကို ခါရမ်းပြီး စနစ်မှ နာရီကို ကြည့်လိုက်သည်။ ထို့နောက် ထူးဆန်းစွာ ပြုံးပြီး ပြောလိုက်သည်… “ သူတို့က ငါ့ရဲ့ ပစ္စည်းကိုတောင် လုယူရဲ့တယ်… အခုတော့ သူတို့ကို ပျော်ခိုင်းထားလိုက်ဦးမယ်… ခဏကြာရင် ငါတို့က အပျော်တွေပြီးရင် ဝမ်းနည်းစရာတွေ ဘယ်လိုလာလဲ သူတို့ကို ပြပေးလိုက်ကြတာပေါ့… “
အပိုင်း ၁၄ ပြီး၏။