Chapter – 13 ဘလက်ကီ၏ ကောင်းလွန်းလှသော ကံ
မြှားနက်က မီးခိုးအတွင်းမှ ကိုဘိုးမွန်းစတားကို ထိမှန်သွားပြီး ခေါင်းပေါ်တွင် -21 ပေါ်လာသည်။
ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသည့် ကိုဘိုးမွန်းစတားက ဒေါသတကြီးဖြင့် သူ့အား တိုက်ခိုက်လိုက်သည့်ရန်သူကို လိုက်ရှာလေသည်။ ထိုကိုဘိုးမွန်းစတား၏ အပြုအမူကြောင့် တခြားကိုဘိုးမွန်းစတားများကလည်း သတိရှိရှိဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့်နေလိုက်ကြသည်။
တောအုပ်ထဲမှ ဘလက်ကီ၏ နှလုံးခုန်သံက မြန်ဆန်နေပြီး အလွန်အမင်း တုန်လှုပ်နေသည်။
ကိုဘိုးများကို ကြည့်ရင်သာ အဆင့် ၂ဟု ထင်ရသော်လည်း သူတို့၏ စွမ်းရည်များကတော့ အဆင့်၄ တွင်သာ ရှိနေသေး၏။ စတီးနက်ဘီယာကို သောက်ခြင်းက ကစားသမားကို မူးစေနိုင်ပြီး ကစားသမား၏ သတ္တိကို တိုးလာစေသည်။ ရလဒ်အနေဖြင့် ကစားသမား၏ ရန်သူအားလုံးက အမြင်တွင် အဆင့်၂ဆင့် လျော့ခံလိုက်ရသော်လည်း စွမ်းရည်များကတော့ လျော့ကျသွားခြင်း မရှိချေ။
ထို့ကြောင့် ကိုတိုးများဆီသို့ ပြေးဝင်တိုက်ခိုက်ခြင်းသည် ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် မခြားနားပေ။
သို့သော်လည်း ဘလက်ကီ၏ စိုးရိမ်မှုများက ယခုအချိန်ထိ ဖြစ်မလာခဲ့ချေ။
တိုက်ခိုက်ခံလိုက်ရသည့် ကိုဘိုးက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း ရန်သူတစ်ယောက်မှ မတွေ့ရပေ။ ထို့နောက် ခဏ ညည်းညူပြီး မူလအခြေအနေအတိုင်း ပြန်ဖြစ်သွား၏။ တခြားကိုဘိုးများကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး လမ်းဆက်လျှောက်နေကြသည်။
“စိတ်အေးအေးထား… သူတို့က ကိုက်၃၀အပြင်က လူတွေကို တိုက်မှာ မဟုတ်ဘူး… “ ရှီဖုန်းက ဘလက်ကီ၏ ပခုံးကို ပုတ်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ရှီဖုန်းက အရာအားလုံးကို ပိုက်ဆံအကုန်ခံ၍ ပြင်ဆင်လာခဲ့ပြီးသား ဖြစ်၏။ ရှီဖုန်း၏ အားပေးမှုကြောင့် ဘလက်ကီက အားတက်လာပြီး ကျိန်စာများကို ရွတ်ဆိုကာ မြှားနက်များကို တစ်ချောင်းပြီးတစ်ချောင်း ပစ်လွှတ်လိုက်သည်။
ကိုဘိုးတွင် HP 420 သာ ရှိသောကြောင့် မြှားဖြင့် အချက်၂၀ ထိမှန်ပြီးနောက်တွင် ကိုဘိုးက သေဆုံးသွားခဲ့သည်။ ထိုကိုဘိုးမွန်းစတားက မြှားနက်ဖြင့် ပစ်ခံနေရသည့်အချိန်အတွင်း တခြားကိုဘိုးမွန်းစတားများက မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ကြပေ။
ပထမဆုံး ကိုဘိုးမွန်းစတား လဲကျသွားသည်ကို မြင်သောအခါ ဘလက်ကီက စိတ်လှုပ်ရှားလာသည်။
သူ့ထက် အဆင့်၄အဆင့် မြင့်သည့် မွန်းစတားကို သတ်နိုင်ခဲ့သည်။ သူတို့က နှစ်ယောက်တစ်ဖွဲ့ ဖြစ်သည့်အတွက် EXP ကို ခွဲ၍ ရရှိသော်လည်း ရရှိသည့် EXP က သူ့အတွက် အလွန်များနေလေသည်။ သူ၏ EXP က 5% တက်သွား၏။
သည်အတိုင်းဆိုပါက ဘလက်ကီက ကိုဘိုးမွန်းစတားအကောင် ၂၀သတ်ပြီးလျှင် အဆင့်တက်သွားပေလိမ့်မည်။ ဤနည်းလမ်းက သူ့အတွက် လုံခြုံမှု ရှိပြီး အန္တရာယ်လည်း မရှိပေ။ မွန်းစတားများကသာ ကုန်မသွားဘူးဆိုလျှင် သူတို့က အဆင့်၆ကို ခဏလေးနဲ့ ရောက်သွားပေလိမ့်မည်။ ယခုတော့ ရှီဖုန်းက ဘာကြောင့် ယုံကြည်မှု ရှိနေသလဲကို ဘလက်ကီ နားလည်လိုက်လေပြီ။ သူက အနီရောင်သစ်ရွက်မြို့ကို လာရန် ၇နာရီခန့် အချိန်ကုန်ခဲ့ရသော်လည်း ဤနေရာတွင် မွန်းစတားများ သတ်ရခြင်းဖြင့် ယှဉ်လိုက်လျှင် အလွန်ကို တန်သည်ဟု ဆိုနိုင်သည်။
ခဏကြာပြီးနောက် မိုင်းတွင်းဝင်ပေါက်ရှေ့ရှိ ကိုဘိုး ၂၀ခန့်မှာ အကုန်လုံး သတ်ခံလိုက်ရသည်။
ဘလက်ကီက အဆင့် ၁သို့ ရောက်သွားပြီး သူ၏အခမဲ့စွမ်းရည်အမှတ်များအားလုံးကို ဉာဏ်ထက်မြတ်မှုထဲတွင် ပေါင်းထည့်ခဲ့သည်။ သူက သစ်နက်မှော်တုတ်တံကိုပါ တပ်ဆင်လိုက်သောကြောင့် သူ၏ တိုက်ခိုက်မှုစွမ်းအားက အလွန်ကို မြင့်မားသွား၏။ ယခု သူက တိုက်ခိုက်မှုတစ်ခုတည်းနှင့်ပင် ကိုဘိုးများ၏ HP 45ကို နုတ်ယူနိုင်နေပြီဖြစ်သည်။
သေဆုံးသွားသော ကိုဘိုးများက ကြေးပြား၁၂ပြားနှင့် အဆင့်၃ သာမန်အင်္ကျီချပ်ဝတ်တစ်ခုကို ချပေးခဲ့သည်။ ထို့အပြင် ဥက္ကခဲသတ္တုရိုင်း ၅ခဲကိုလည်း ချပေးခဲ့သည်။ ထို့ကြောင့် ဘလက်ကီ၏ ကံက တစ်ကယ်ကို ကောင်းသည်ဟု ဆိုနိုင်သည်။
ရှီဖုန်း၏ သိထားမှုများအရ ကိုဘိုးများမှ ဥက္ကခဲသတ္တုရိုင်း ချပေးမှုနှုန်းက မြင့်မားခြင်း မရှိချေ။ ၁၀ကောင်သတ်မှ တစ်ခဲလောက်သာ ရနိုင်သည်။ ဥက္ကခဲသတ္တုရိုင်း ၁၀၀ခဲ ပြည့်ရန် အနည်းဆုံး ကိုဘိုးမွန်းစတား တစ်ထောင်ခန့် သတ်ရမည် ဖြစ်သည်။ သို့သော်လည်း ယခုတော့ ကိုဘိုးအုပ်စုတစ်ခုမှ ဥက္ကခဲသတ္တုရိုင်း ၅ခုတောင် ချပေးနေသည်။
ချပေးသည့် ပစ္စည်းများကို ကောက်ယူသိမ်းဆည်းပြီးနောက်တွင် ရှီဖုန်းက တခြားနေရာမှ ကိုဘိုးမွန်းစတားများကို ဆွဲဆောင်လာခဲ့သည်။ သူ၏ သွက်လတ်မှုအမှတ် ၁၆မှတ်ကြောင့် သူက ကိုဘိုးအကောင် ၃၀ကျော်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ဆွဲဆောင်နေသည့်အချိန်တွင် ရှီဖုန်းက ကိုဘိုးများနှင့် ကိုက်၂၀ခန့် အကွာအဝေးမှ ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ မီးခိုးများ ရှိနေသည့်နေရာဆီသို့ ကိုဘိုးများကို ဆွဲဆောင်ခေါ်လာပြီးနောက်တွင် သူက လျင်မြန်မှုကို အစွမ်းကုန် အသုံးချပြီး ကိုဘိုများ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားအောင် ပြုလုပ်လိုက်သည်။
ထို့နောက် ကိုက်၃၀ကျော်တွင် ရပ်နေသော ဘလက်ကီက စတင်တိုက်ခိုက်လိုက်သည်။
အကောင် ၃၀ကျော်သော ကိုဘိုးအုပ်စုတစ်ခုလုံးကို သတ်ပစ်ရန် ၁၀မိနစ်ပင် မကြာလိုက်ချေ။ သူတို့က ကြေးပြား ၂၁ပြားနှင့် ဥက္ကာခဲသတ္တုရိုင်း ၆ခဲကို ချပေးလေသည်။ ထို့အတူ ရှီဖုန်းနှင့် ဘလက်ကီတို့၏ EXP များကလည်း ပိုပိုများလာသည်။
ဤနည်းလမ်းအတိုင်း တစ်ကြိမ်ပြီးတစ်ကြိမ် ရှီဖုန်းက မွန်းစတားများကို ဆွဲဆောင်ပြီး ဘလက်ကီက သတ်ဖြတ်နေသည်။ ဤနည်းလမ်းက ပျင်းစရာကောင်းသော်လည်း သူတို့အတွက် အလွန်အကျိုးရှိနေသည့်အတွက် ဘလက်ကီက ဖြစ်နိုင်လျှင် နေ့တိုင်း မရပ်မနားဘဲ သတ်ဖြတ်ချင်နေလေသည်။
တစ်နာရီကြာပြီးနောက်တွင် ဘလက်ကီက အဆင့်၂သို့ ရောက်သွားကာ သူ၏မြှားနက်ကလည်း အဆင့်၃သို့ ရောက်သွားသည့်အတွက် မြှားနက်၏ တိုက်ခိုက်မှုစွမ်းအားက ၄၀ကျော်မှ ၆၀ကျော်အထိ တိုးသွား၏။ ဤကဲ့သို့ အဆင့်တက်နှုန်းက သူ့ကို ပြောစရာစကား မရှိစေလောက်အောင် ပျော်ရွှင်စေပြီး အဆင့်၃သို့ ရောက်အောင် လုပ်ရန် ပိုပြီး စိတ်အားတက်ကြွလာသည်။
ဘလက်ကီ၏ တိုက်ခိုက်မှုစွမ်းအား မြင့်တက်လာသည်နှင့်အမျှ ကိုဘိုးများကို သတ်ဖြတ်သည့်နှုန်းကလည်း ပိုမြန်လာသည်။ သို့သော်လည်း မြှားနက်၏အဆင့်က တက်လာသည်နှင့်အမျှ MP များကို ပို၍ သုံးစွဲလာရသည်။ ကံကောင်းသွားသည့်အချက်ကား ရှီဖုန်းက ဤအရေးကို ကြိုမြင်ထားသည့်အတွက် မှော်ရေဘူးများကို ဝယ်ယူလာခဲ့သည်။ ထိုမှော်ရေဘူးနှင့်ဆိုလျှင် ရှီဖုန်းက နောက်ထပ် ကိုဘိုးမွန်းစတားအုပ်စုတစ်ခုကို ဆွဲဆောင်၍ မပြီးသေးခင်မှာပင် ဘလက်ကီ၏MPက အပြည့်အဝ ပြန်ပြည့်သွားနိုင်ပြီး ကိုဘိုးမွန်းစတားများကို မရပ်မနားပဲ သတ်ဖြတ်နိုင်ပေလိမ့်မည်။
ကိုဘိုးမွန်းစတားများကို သတ်ဖြတ်နေသည့် တစ်လျှောက်လုံး ရှီဖုန်းက ဘလက်ကီ၏ အခြေအနေကို ကြည့်ပြီး သင့်တော်သည့် ကိုဘိုးအုပ်စုများကို ဆွဲဆောင်ခေါ်လာကာ သတ်ဖြတ်စေသည်။ တဖြည်းဖြည်းနှင့် သူတို့၏ ရရှိသည့် ကြေးပြားအရေအတွက်နှင့် ဥက္ကာခဲသတ္တုရိုင်း အရေအတွက်ကလည်း တဖြည်းဖြည်း များလာသည်။
နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားပြီးနောက်တွင် သူတို့က ဥက္ကခဲသတ္တုရိုင်း ၇၃ခု၊ သာမန်အဆင့် လက်နက်ကိရိယာ ၆ခုနှင့် ကြေးပြား ၂၆၄ပြားကို ရရှိခဲ့သည်။ နောက်ထပ် ၁နာရီလောက် ဤအတိုင်း သတ်ဖြတ်မည်ဆိုလျှင် ကျန်နေသေးသည့် ဥက္ကခဲသတ္တုရိုင်း များကို စုဆောင််နိုင်လိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် စနစ်မှ ရှီဖုန်းအား အချက်ပေးလာသည်။
စနစ်။ ။ ကစားသမား အဖော်မဲ့နှင်းက သင့်အား ကြေးပြား ၁၀ပြား ပို့လိုက်သည်။
ချက်ချင်းဆိုသလိုပင် အဖော်နှင်းဆီမှ ဆက်သွယ်မှုကို လက်ခံရန် တောင်းဆိုချက်ကို ရရှိလိုက်သည်။
“သူလား… “ ရှီဖုန်းက အခုလေးတင် မွန်းစတားအုပ်စုတစ်စုကို ဆွဲဆောင်ခဲ့ပြီး ဖြစ်သဖြင့် သူ့ထံတွင် ဘာမှ လုပ်စရာ မရှိပေ။ ထို့ကြောင့် အဖော်မဲ့နှင်း၏ တောင်းဆိုချက်ကို လက်ခံလိုက်သည်။
“ဟလို… အစ်ကိုကြီး… ကျွန်တော် အဖော်မဲ့နှင်းပါ… မြို့တော်ခန်းမရှေ့မှာ တွေ့ပြီးတော့ အစ်ကိုကြီး နေရာညွှန်ပေးခဲ့တဲ့သူလေ… အစ်ကိုကြီး ညွှန်ပေးလိုက်တဲ့နေရာက အရမ်းမိုက်တယ်… ကျွန်တော့်ဆီကလည်း လာလုမဲ့သူ မရှိဘူး… ပြီးတော့ မွန်းစတားတွေက ကျွန်တော်ကိုင်တွယ်နိုင်တဲ့အဆင့် မှာပဲ ရှိတယ်… အခု ကျွန်တော် အဆင့်၂ကို ရောက်သွားပြီ… မွန်းစတားတွေ ဆီကနေ အိုင်တမ်တွေ အများကြီးနဲ့ ကြေးပြားတွေလည်း ရခဲ့တယ်… အစ်ကိုကြီးဆီကို ကြေးပြား၁၀ပြား ပို့လိုက်တယ်… ရောက်လား မသိဘူး… “ အဖော်မဲ့နှင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ပုံမှန်အားဖြင့် ကျွမ်းကျင်သူများသည် သူ့လို ကစားသမားမျိုးကို အဖက်မလုပ်တတ်ကြပေ။ ထို့ကြောင့် ရှီဖုန်းက သူ့ကို နောက်ထပ် အဖက်လုပ်တော့မည် မဟုတ်ဟု ထင်နေခဲ့သည်။ ရှီဖုန်းပေးခဲ့သည့်နေရာမှ အဖော်မဲ့နှင်းက ကြေးပြား၆၀ကျော်ကို ရရှိခဲ့သည့်အပြင် အဆင့်၂ကိုလည်း ရောက်ရှိသွားခဲ့သဖြင့် သူက တခြားကစားသမားများ၏ ရှေ့သို့ ရောက်နေပြီဟု ဆိုနိုင်သည်။ ထို့ကြောင့် ဤနေရာကို ကြေးပြား၂၀နှင့် ဝယ်ခဲ့ရခြင်းက သူ့အတွက် အလွန်ကို တန်သည်။
“ဒါဆို ကြေးပြား ၁၀ပြားက မင်း ပို့လိုက်တာပေါ့… ငါ လက်ခံလိုက်ပြီးပြီး… “
ယခုမှ သူက ထိုအကြောင်းကို ပြန်မှတ်မိတော့၏။ သူက မြို့တော်ဝန်ကို သတ်သည့် အချိန်တွင် ငွေလိုနေသည့်အတွက် ကစားသမားတစ်ယောက်ကို လမ်းညွှန်ပေးခဲ့သည်။ သူက ကျန်သည့် ကြေးပြား၁၀ပြားကို စိတ်ထဲတွင် လုံးဝ ထည့်မထားချေ။
“အစ်ကိုကြီး… အဆင့်၂ မြေအောက်ဘုံ(သေဆုံးခြင်း သစ်တော) ပွင့်နေပြီ… ဒါကြောင့် အဲ့ဒီကို သွားဖို့ အစ်ကိုကြီးကို ဖိတ်ခေါ်ချင်လို့ပါ… ကျွန်တော့်သူငယ်ချင်းတွေအားလုံးက ဝါရင့်ကစားသမားတွေ ဖြစ်ပြီးတော့ အကုန်လုံး အဆင့်၂ကို ရောက်နေကြပြီ… သူတို့က အစ်ကိုကြီးကို နှောင့်နှေးအောင် လုပ်မှာ မဟုတ်ပါဘူး… မြေအောက်ဘုံက ရလာတဲ့ ဓားသမားတွေနဲ့ သက်ဆိုင်တဲ့ ဘယ်အိုင်တမ်ကိုမဆို အစ်ကိုကြီးကို ပေးပါ့မယ်… အဲ့ဒီကို သွားဖို့ အစ်ကိုကြီးဆီမှာ အချိန်ရှိသလား… “
အဖော်မဲ့နှင်းက ရှီဖုန်း လက်မခံမှာကို အနည်းငယ် စိုးရိမ်နေလေသည်။ ကျွမ်းကျင်သူများသည် သာမန်ကစားသမားများကို အထင်သေးတတ်ကြပြီး အတူတွဲ၍ မလုပ်ချင်ကြပေ။ အထူးသဖြင့် ကစားသမားအသစ်များနှင့် ဖြစ်သည်။ ထို့ကြောင့် အဖော်မဲ့နှင်းက အုပ်စုထဲတွင် အဆင့်၂များသာ ရှိကြောင့် ပြောပြလိုက်ခြင်း ဖြစ်သည်။
“သေဆုံးခြင်းသစ်တောလား… “ ရှီဖုန်းက စိတ်ထဲမှ ရေရွတ်လိုက်သည်။ သူက ထိုမြေအောက်ဘုံနှင့် ပက်သတ်၍ အတွင်းကျကျ သိထား၏။ အနီရောင်သစ်ရွက်မြို့တွင် အဆင့် ၂ ကစားသမားများ များလာသည်နှင့် အဆင့် ၂ မြေအောက်ဘုံဖြစ်သည့် သေဆုံးခြင်းသစ်တောက ပွင့်လာလိမ့်မည် ဖြစ်သည်။
သေဆုံးခြင်းသစ်တော ပွင့်လာပြီးနောက်တွင် နတ်ဘုရားနယ်မြေမှ မြေအောက်ဘုံများက မည်မျှခက်ခဲကြောင်းကို ကစားသမားများ သိလာကြလိမ့်မည်ဖြစ်သည်။ အဆင့်၂ မြေအောက်ဘုံကို ကစားသမားများက အဆင့်၄ သို့မဟုတ် ၅လောက် ရောက်မှ အောင်နိုင်ကြလိမ့်မည်။
တစ်ကယ်တော့ သေဆုံးခြင်းသစ်တော၏ ရည်ရွယ်ချက်မှာ ကစားသမားများပိုင်ဆိုင်သော စကေးအရေအတွက် များလာစေရန် ဖြစ်သည်။ မြေအောက်ဘုံအတွင်းရှိ မွန်းစတားများသည် ကစားသမားတိုင်းအတွက် အခြေခံစကေးစာအုပ်များကို အဓိက ချပေး၏။ သို့သော်လည်း မြေအောက်ဘုံမှ ကျသည့် အိုင်တမ်းများထဲတွင် တန်ဖိုးအရှိဆုံးမှာ ပန်းပဲဒီဇိုင်းများ ဖြစ်သည်။ ပန်းပဲဒီဇိုင်းများကို နောက်ဆုံး ဘော့စ်များဖြစ်သည့် သမန်းဝံပုလွေဖယ်လော့ဆီမှသာ ကျနိုင်သော်လည်း ကျသည့်နှုန်းက အလွန်ကို နိမ့်၏။
ရှီဖုန်းက ပန်းပဲဒီဇိုင်းများကို အလွန်စိတ်ဝင်စားနေသည်။ သူကသာ ပန်းပဲဒီဇိုင်းများကို သင်ယူနိုင်ခဲ့လျှင် သူ၏အနာဂါတ်အစီအစဉ်များအတွက် ပိုမို ချောမွေ့လွယ်ကူသွားလိမ့်မည် ဖြစ်သည်။
“ကောင်းပြီ… ဒါပေမဲ့ ငါ့မှာလည်း အခြေအနေတစ်ခု ရှိတယ်… ငါက ကျိန်စာအသုံးပြုသူတစ်ယောက် ခေါ်လာမှာဖြစ်တဲ့အတွက် ဓားသမားနဲ့ သက်ဆိုင်တဲ့ အိုင်တမ်တွေအပြင်၊ ကျိန်စာအသုံးပြုသူနဲ့ဆိုင်တဲ့ အိုင်တမ်တွေကို လိုချင်တယ်… ပြီးတော့ သတ္တုတွေအားလုံးနဲ့ ဘော့စ်ကနေရတဲ့ ပန်းပဲဒီဇိုင်းတွေအားလုံးကိုလည်း လိုချင်တယ်… ဒီတောင်းဆိုချက်ကို လိုက်လျောမယ်ဆိုရင် ငါ မင်းတို့နဲ့ အတူသွားမယ်… “ ရှီဖုန်းက အကျိုးအမြတ်အများစုကို သူယူမည်ဖြစ်ကြောင်း တောင်းဆိုလိုက်သည်။
“ဒါက… “
ရှီဖုန်း၏ တောင်းဆိုချက်ကို ကြားပြီး အဖော်မဲ့နှင်းက ချွေးစေးများ ထွက်လာသည်။ သူ မျှော်လင့်ထားသည့်အတိုင်း ကျွမ်းကျင်သူတစ်ယောက်ကို ဖိတ်ခေါ်သည့် တန်ကြေးက အလွန်ကြီးလှသည်။ သို့သော်လည်း ဘီတာစမ်းသပ်သူတစ်ယောက်၏ အစွမ်းကို စဉ်းစားကြည့်လိုက်ပြီးနောက် သူက သဘောတူလိုက်သည်… “ကောင်ပြီ… ကျွန်တော် သဘောတူတယ်… ဒီအကြောင်း တခြားသူတွေကို ပြောလိုက်ဦးမယ်… အစ်ကိုကြီး… ကျွန်တော်တို့ ဘယ်အချိန် တွေ့ကြမလဲ… “
“နောက်၂နာရီလောက်နေရင် မြေအောက်ဘုံရဲ့ ဝင်ပေါက်မှာ တွေ့ကြမယ်… “ ရှီဖုန်းက ဘလက်ကီ၏ သတ်ဖြတ်နှုန်းကို ခန့်မှန်းပြီး ပြောလိုက်သည်။ ဤနှုန်းအတိုင်း ဆိုပါက နောက်ထပ် တစ်နာရီကျော်လောက်ဆိုရင် ဥက္ကခဲသတ္တုရိုင်း ၁၀၀ခု ပြည့်သွားလိမ့်မည်ဖြစ်သည်။
“ဒါဆို ကောင်းပြီ… ကျွန်တော့်ဘက်က ပြင်ဆင်ထားလိုက်တော့မယ်… “
အဖော်မဲ့နှင်းက (ဖုန်း)ခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်နှင့် လေးလံသည့် ဝန်ထုတ်ဝန်ပိုးကြီးက လွှင့်ပါး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထိုအချိန်တွင် အဖော်မဲ့နှင်း၏ ဘေးတွင် လူ၃ယောက်ရှိနေပြီး သူတို့၃ယောက် စလုံးက အဆင့်၂များ ဖြစ်ကြသည်။
“သူက ဘာပြောလဲ… “ ခန့်ညားသည့် ရိန်းဂျားတစ်ယောက်က မေးလိုက်သည်။
အဖော်မဲ့နှင်းက သူတို့အား တစ်လုံးချင်း သေချာ ရှင်းပြလိုက်၏။
“မင်း ပြောတဲ့ ကျွမ်းကျင်သူက ဘယ်လို ခွေးမျိုးလဲ… ငါ့တို့ဆီက အကျိုးအမြတ်တွေကို အလကားသပ်သပ် ယူဖို့ လာတာပဲကွ… သူ့ကို ဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ဘာလဲ… ငါတို့ကသာ နောက်ထပ် တိုက်ခိုက်မှုစွမ်းအားကောင်းတဲ့ ကစားသမား၂ယောက်ကို ခေါ်လိုက်ရင် ငါတို့ဘာသာ ဝင်လို့ ရပြီ… “ ဒိုင်းစစ်သည်တော်က ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
ဘေးတွင် ရပ်နေသည့် ဘာသာရေးခေါင်းဆောင်ကလည်း နှုတ်ခမ်းကို သပ်ပြီး မကျေနပ်သည့်လေသံဖြင့် ပြောလိုက်သည်… “သူပြောတဲ့ ပုံအရဆို မှော်ဆရာတွေနဲ့ ဆိုင်တဲ့ ပစ္စည်းအားလုံး သူ့သူငယ်ချင်းက ယူမယ်ပေါ့… “
ထိုအချိန်တွင် အဖော်မဲ့နှင်းက သူတို့အား အကြံပေးလိုက်သည်… “အဲ့လူက တစ်ကယ်ကို ကျွမ်းကျင်တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်တယ်… ပြီးတော့ ဘီတာစမ်းသပ်သူတစ်ယောက်လည်း ဖြစ်တယ်နော်… သူက မြေအောက်ဘုံနဲ့ ပက်သတ်ပြီး အတွင်းကျကျ နားလည်ထားလိမ့်မယ်… သူက ငါ့တို့အားလုံးကိုတောင် ဦးဆောင်နိုင်ဦးမယ်… မင်းတို့အားလုံး သေဆုံးခြင်းသစ်တောကို မရှင်းချင်ဘူးလား… “
“သူက ဘီတာစမ်းသပ်သူ ဖြစ်တော့ရော ဘာဖြစ်လဲ… နတ်ဘုရားနယ်မြေမှာ သူက ငါတို့ထက် တစ်လလောက်ပဲ ပိုပြီး အတွေ့အကြုံ ရှိတာပါ… ပြီးတော့ နတ်ဘုရားနယ်မြေအကြောင်းကိုလည်း အကြမ်းဖျင်းပဲ နားလည်ထားလိမ့်မယ်… နတ်ဘုရာနယ်မြေဂိမ်းက စတင်ဖွင့်လိုက်ပြီ ဆိုကတည်းက ပြောင်းလဲမှုတွေ အများကြီး လုပ်ထားတာ သူက သေဆုံးခြင်းသစ်တောအကြောင်းကို အများကြီး သိတယ်ဆိုရင်တောင်မှ အဲ့အချက်တွေကို ဘယ်လောက်များ သုံးနိုင်မှာမို့လဲ… “
ဒိုင်းစစ်သည်တော်က အထင်သေးသည့် အသံဖြင့် ပြောလိုက်သည်။ သူ့စိတ်ထဲ၌ ထိုဘီတာစမ်းသပ်သူများက ကံကောင်းသူများဖြစ်ပြီး ဘီတာစမ်းသပ်သူများ၏ ကျွမ်းကျင်မှုနှင့် သန်မာမှုက သူတို့နှင့် မယှဉ်နိုင်ဟု တွေးနေလေသည်။
“ဟိုရောက်ရင် သူတို့ကို တွေ့ရမှာပဲ… သူတို့က အသုံးကျတဲ့လူတွေ မဟုတ်ရင် နောက်ထပ် အဆင့်၂ကစားသမားတွေ ရှာကြတာပေါ့… အဆင့်၂ ကစားသမားတွေ မရှားပါဘူး… အဲ့အချိန်မှ ရှာရင်တောင် နောက်မကျသေးဘူး… “ ခေါင်းဆောင်ရိမ်းဂျားက ပြောလိုက်သည်။
ထိုအခါ တခြားသူများကလည်း သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်ကြသည်။
ထိုအချိန်၌ အမှောင်လတောင်ကြားထဲတွင် အလင်းတစ်ချက် လက်သွား၏။
နောက်ဆုံးတော့ ရှီဖုန်းက အဆင့်၃သို့ ရောက်သွားလေပြီ။ သို့သော်လည်း စိတ်မကောင်းစရာကား ကစားသမားများ၏ အဆင့်များအတွက် အဆင့်ဇယား မပွင့်သေးခြင်း ဖြစ်သည်။ မဟုတ်လျှင် ရှီဖုန်းက အနီရောင်သစ်ရွက်မြို့၏ ထိပ်ဆုံးတွင် ရှိနေမှာ ကျိန်းသေဖြစ်သည်။
“အဆင့်၃ကို ရောက်ပြီပဲ… “ ရှီဖုန်းက စွမ်းရည်အမှတ်၄မှတ်ကို သွက်လက်မှုထဲသို့ ပေါင်းထည့်လိုက်ရာ သွက်လတ်မှုအမှတ်က ၂၀ပြည့်သွား၏။
စနစ်။ ။ ကစားသမား၏ သွက်လက်မှုက အမှတ်၂၀သို့ ရောက်သွားသည့်အတွက် သွက်လက်မှုအခြေခံလျှို့ဝှက်စကေး(လျင်မြန်သွက်လက်မှု) ကို အသက်သွင်းလိုက်ပါပြီ။
လျင်မြန်သွက်လက်မှု (အသက်ဝင်)
စကေးကို အသက်သွင်းပြီးနောက်တွင် ခန္ဓာကိုယ်၏ လွတ်မြောက်မှု ဒီဂရီက အပြည့်အဝ လွှတ်ထွက်သွားပြီး သာမန်ထက်ပိုသည့် ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်လိုက်ရသည်။
ရှီဖုန်းက သူ့တစ်ကိုယ်လုံးမှ အင်အားများ ပန်းထွက်နေသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်ကလည်း ပိုပြီး သွက်လက်လာသည်ဟု ခံစားရသည်။ ထို့အတူ သူ၏အာရုံ၅ပါးကလည်း အများကြီး တိုးတက်လာသည်။
ရှီဖုန်းက အဆင့်၃သို့ ရောက်သွားသည့်အပြင် ဘလက်ကီနောက်ဆုံးသတ်လိုက်သော ကိုဘိုးမွန်းစတားဆီမှ အဆင့် ၁ ကြေးအဆင့် စစ်ဖိနပ်တစ်ရံကို ရရှိလိုက်သည်။
ထို့ကြောင့် ရှီဖုန်းက ဘလက်ကီ၏ ကံကောင်းမှုကို အလွန်အားကျသွား၏။ အဆင့်၁မှ အဆင့်၃အထိ သာမန်မွန်းစတားများသည် မည်သည့် ကြေးအဆင့်လက်နက်ကိရိယာများကိုမှ မချပေးချေ။ သာမန်အဆင့်၄ မွန်းစတားတောင်များကို အကောင်တစ်သောင်းခန့် သတ်လျှင်တောင်မှ ကြေးအဆင့်လက်နက်တစ်ခုလောက်သာ ရနိုင်သည်။ သို့သော်လည်း ဘလက်ကီကတော့ ကြေးအဆင့်အိုင်တမ်ကို တစ်ကယ်ပဲ ရရှိခဲ့သည်။ ပြောရလျှင် ဘလက်ကီ၏ ကံကောင်းမှုက ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နေသည်။
“အစ်ကိုဖုန်း… အဲ့ဖိနပ်က ဘာစွမ်းရည် ရှိလဲ… ငါ့ကိုလည်းပြပါဦး… “ ဘလက်ကီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“ဒီစစ်ဖိနပ်ရဲ့ စွမ်းရည်တွေက တော်တော်ကောင်းတယ်… “ ရှီဖုန်းက စစ်ဖိနပ်၏ အချက်အလက်များကို ပြလိုက်သည်။
စစ်သားသစ်ဖိနပ်(ကြေးအဆင့်၊ ချပ်ဝတ်ပြား)
အဆင့် ၁
ကိရိယာတပ်ဆင်ရန် လိုအပ်မှု = သန်မာမှု ၆
ခုခံမှု +၈
သန်မာမှု +၁ ၊ ခံနိုင်ရည် +၁
ရွေ့လျားမှုနှုန်း +၁
သက်တမ်း ၂၀/၂၀
“ဒီဖိနပ်က တစ်ကယ်ကို ကောင်းတာပဲ… ဒီဖိနပ်နဲ့ဆိုရင် အစ်ကိုဖုန်းရဲ့ ရွေ့လျားမှုနှုန်းက ပိုပြီးတော့တောင် မြန်သွားဦးမယ်… “ ဘလက်ကီက ရှီဖုန်းအား ပြောလိုက်သည်။
ယခင်က ရသည့် ကြေးအဆင့် အိုင်တမ်ကို သူ့က ယူထားသဖြင့် စိတ်ထဲ မကောင်းဖြစ်နေခဲ့သည်။ ယခု ရှီဖုန်းကလည်း ကြေးအဆင့် အိုင်တမ်တစ်ခု ရပြီဖြစ်၍ သူ့စိတ်ကို သက်သာရာ ရသွားစေသည်။
“အစ်ကိုဖုန်း… ဥက္ကာခဲသတ္တုရိုင်း ၁၀၀ပြည့်ဖို့ ဘယ်လောက်လိုသေးလဲ… “
“အများကြီး မလိုတော့ဘူး… ၄ခုပဲ လိုတော့တယ်… နောက်တစ်ခါ လှုပ်ရှားလိုက်ရင် ပြည့်ပြီ… “ ရှီဖုန်းက သူ့အိတ်ထဲကို ကြည့်ပြီး ပြောလိုက်သည်။
ယခုအချိန်တွင် သူ့အိတ်ထဲ၌ ဥက္ကာခဲသတ္တုရိုင်း ၉၆ခဲ ရှိနေလေပြီ။ ဤနေရာသို့ တခြားတစ်ယောက်က လာရောက်၍ မွန်းစတားများကို သတ်မည်ဆိုလျှင် ဥက္ကာခဲသတ္တုရိုင်း ၉၆ခဲ ရရန် ၅နာရီ သို့မဟုတ် ၆နာရီခန့် အချိန်ပေးရမည် ဖြစ်သည်။ သို့သော်လည်း ကံကောင်းစွာဖြင့် သူ့ထံတွင် ဘလက်ကီ ရှိနေသည်။ သူတို့နှစ်ယောက်က ကိုဘိုး အကောင်ရေ ရာဂဏန်းအနည်းငယ်ခန့် သတ်ပြီးနောက်တွင် ဥက္ကာခဲအများစုကို စုဆောင်းမိနေပြီဖြစ်သည်။
ရှီဖုန်းက နောက်ထပ် ကိုဘိုးအုပ်စုတစ်ခုကို ဆွဲဆောင်ရန် ပြင်လိုက်သည့်အချိန်တွင် သူ၏ ထက်မြတ်သည့်အာရုံက ဘလက်ကီ၏နောက်သို့ တဖြည်းဖြည်း နီးကပ်လာသော မှုန်ဝါးဝါး သဏ္ဍာန်၃ခုကို သတိပြုမိလိုက်သည်။
“ဘလက်ကီ… မြန်မြန် ရှောင်လိုက်… “
ရှီဖုန်းက အော်လိုက်ပြီး ဓားကို ထုတ်ကာ လျှပ်စီးတန်းကဲ့သို့ အမြန်နှုန်းဖြင့် ပြေးထွက်သွားသည်။
ဘလက်ကီက လက်ရှိအခြေအနေကို နားမလည်ချေ။ သူက ပျော်ရွှင်နေဆဲဖြစ်သဖြင့် သူ့နောက်သို့ ကပ်လာသည့်အရာများကို သတိမပြုမိလိုက်ချေ။
“အခုမှ ရှာတွေ့တာလား… မင်း နောက်ကျသွားပြီ… သူက ပထမဆုံးပဲ… “
ပုံရိပ်၃ခုက ရုတ်တရက် ပေါ်လာသည်။ သူတို့၃ယောက်လုံးက လုပ်ကြံသတ်ဖြတ်သူများ ဖြစ်ပြီး သူတို့ထဲမှ တစ်ယောက်က ကွိုက်ရက်ဝုဖ်ဖြစ်သည်။ လုပ်ကြံသတ်ဖြတ်သူ ၃ယောက်၏ ချောင်းမြောင်းလုပ်ကြံခြင်းကို ခံရသည့် မှော်ဆရာတစ်ယောက်သည် ကျိန်းသေ သေဆုံးရပေလိမ့်မည်။ ဘလက်ကီက သူတို့ထက် အဆင့် ၁ဆင့် မြင့်နေလျှင်တောင်မှ သေခြင်းတရားကို ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။
အပိုင်း ၁၃ ပြီး၏။