အပိုင်း ၂၁၃•၁
” နှင်းလုံးလေးရဲ့ အစွမ်းပကား ”
°°°
သူ့ဘေးနားမှာရှိနေတဲ့ အစ်ကိုကြီးရဲ့ရုပ်ရည်သွင်ပြင်က အတော်ကိုကြည့်ကောင်းပါတယ်။ အရပ်ကလဲမြင့်မားတဲ့အပြင် ခန္ဓာကိုယ်ကိုယ်ဟန်ကလဲအတော်ကိုအချိုးကြလို့နေခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သူလဲအားလုံးလိုပဲ ငိုချင်ပေမဲ့ပြုံးနေရတဲ့မျက်နှာဖြစ်နေခဲ့တယ်။
” ငါဘယ်လိုလုပ်မသိပဲနေရမှာလဲ အဲ့ဒီရှေးမူလရွှေကျီးမီးလျှံကိုထုတ်သုံးတဲ့သူက ၀ူးမင်းလို့ခေါ်တယ် ..သူ့ကိုရွှေကျီးမြင့်မြတ်သခင်မလို့လဲ နာမည်ပြောင်ပေးထားကြသေးတယ်..ငါတို့ကတော့ ဒီမြင့်မြတ်သခင်မအစား ဘီလူးကြီးမလို့ခေါ်ချင်တာပဲ သူ့အသက်ကသုံးဆယ်နီးပါးရှိနေပြီ ဒါပေမယ့် အခုအချိန်အထိ သင့်တော်တဲ့လက်တွဲဖော်မရသေးဘူး..အဲ့ဒါသူရုပ်ဆိုးနေတာကြောင့်မဟုတ်ပဲ အရမ်းဒေါသကြီးလွန်တာကြောင့်ပဲဖြစ်နေတာ သူ့ရဲ့ဒေါသက မာရှောင်ထောင့်နဲ့အတော်တူတယ်…သူတောင်ဒီပွဲကိုပါလာပြီဆိုမှတော့ ဒီညကြင်ဖက်တွေ့ဆုံပွဲက အတော်လေးစိတ်လှုပ်ရှားစရာကောင်းမှာပဲ ”
” အဲ့ဒီတလက်လက်တောက်ပနေတဲ့ ရွှေရောင်ကြိုးကိုထုတ်သုံးလိုက်တဲ့သူက ဟန်ရော့ရော့လို့ခေါ်တယ်…အကြီးဆုံးအစ်မကြီးနဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းအတွင်းနယ်မြေရဲ့ကျောင်းသူတွေအားလုံးထဲမှာ ကျင့်ကြံမှုကိုယှဥ်လိုက်မယ်ဆိုရင် သူထက်ရှေ့ရောက်နေတာအကြီးဆုံးအစ်မကြီးတစ်ယောက်ပဲရှိတော့တယ်…သူက ၀ိညာဥ်သော့်လော့တစ်ယောက်ဖြစ်နေပြီလေ ဒီနေ့အမျိုးသားကျောင်းသားတွေထဲမှာ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ သော့်လော့မရှိဘူး…သူက သိပ်ပြီစိတ်ကြီးတဲ့သူမဟုတ်ပေမဲ့ အတော်လေးမာနကြီးတဲ့သူ ဒါ့အပြင် အင်အားကလဲအတော်ကောင်းတယ် ”
” အလွယ်တကူသွားပြီ ပြဿနာရှာလို့ရမဲ့သူလဲမဟုတ်ဘူး…ဒါပေမယ့် တစ်ခါတလေမှာဆိုရင် ဆရာတစ်ယောက်အဖြစ်နဲ့တောင် သင်ပေးတာမျိုးတွေရှိသေးတယ်…သူ့ကိုဒီနေ့တွေ့ရမယ်လို့ မထင်ထားဘူး…တကယ်ပဲစိတ်လှုပ်ရှားစရာကောင်းလိုက်တာ သူ့နာမည်က ရွှေနတ်သမီးလို့ခေါ်တဟ်…၀ူးမင်းနဲ့ရင်းနှီးမယ်လို့ထင်တာပဲ သူတို့နှစ်ယောက်ကနည်းနည်းပါးပါးလဲ နာမည်ဆင်တယ်လေ ”
” တောက်ပတဲ့ရွှေရောင်ကြိုးတဲ့လား ကြားရတာအင်အားကောင်းတဲ့၀ိညာဥ်လက်နက်တစ်ခုတောင် တူသေးတယ် ”
” ဟုတ်တယ် ငါတို့အတွင်းနယ်မြေထဲမှာတော့ အကောင်းဆုံးပဲလေ ကြည့်လိုက်ရုံနဲ့တင် အင်အားဘယ်လောက်ကြီးလဲဆိုတာသိသာနေတာပဲမဟုတ်လား သူတို့ရောက်နေတဲ့နေရာကိုသေချာကြည့် အကယ်၍ မင်းသွားပြီသူတို့ရဲ့ဦးထုပ်တွေကို ချွတ်လိုက်မယ်ဆိုရင် အားလုံးကမင်းကိုလေးစားကြလိမ့်မယ် ”
သူ့စကားကိုနောက်ထပ်အမျိုးသားကျောင်းသားတချို့ကလဲ သန်ယောင်လောက်ပြီ ထောက်ခံနေခဲ့ကြပါတယ်။
” အစ်ကိုကြီးတို့လုပ်တာပဲ ပိုကောင်းမှာပါ ”
ဟို့ယွိဟောင်ကတော့ လှည့်ကွက်ထဲကျမှာမဟုတ်ပါဘူး။
” ပထမအပိုင်းကိုဒီလိုကြုံတွေ့လိုက်ပြီတဲ့နောက် အတွင်းနယ်မြေရဲ့အစ်ကိုကြီးအစ်မကြီးတွေအားလုံးက ခန့်မှန်းလို့မရနိုင်တဲ့သူတွေလို့ အစကထဲက တွေးထင်လာခဲ့မိပါတယ်။ ဒါ့အပြင် သူတို့ကအပြင်လောကမှာဆိုရင် သေချာပေါက် အင်အားကောင်းတဲ့သူတွေအဖြစ် သတ်မှတ်ခံရမှာပါ ဒါ့အပြင် သက်တူရွယ်တူတွေထဲမှာ သူတို့နဲ့ယှဥ်နိုင်သူက ရှားရှားပါးပါးတွေ့ဖို့ခက်ပါလိမ့်မယ်။
ရော့ရော့ ၀ူးမင်းနှစ်ယောက်က အမျိုးသားကျောင်းသားတွေအားလုံးကို ထိတ်လန့်သွားစေခဲ့ပေမဲ့ နောက်ထပ် ကျောင်းသားတွေကတော့ သင့်တော်အောင်ပြုမူကြပါတယ်။ သူတို့နှစ်ယောက်နဲ့ဝေးနိုင်သလောက်ဝေးအောင်နေရင်း အပြင်ဘက်ကအမျိုးသမီးတွေကိုသာ ပစ်မှတ်ထားခဲ့ကြတယ်။
ဒါပေမယ့် အားလုံးကခုခံတာအင်မတန်ကိုကောင်းလွန်တာကြောင့် နောက်ထပ် သူတို့တွေတိုက်ခိုက်ဖို့လဲ လန့်နေခဲ့ပါပြီ။ နောက်ထပ် ငါးခေါက်တိတိဘယ်သူမှမအောင်မြင်ခဲ့ပါဘူး။
ဒီနေရာမှာအမျိုးသားသုံးဆယ်ကိုးယောက်က သုံးတန်းခွဲပြီတည်ရှိနေခဲ့တာပါ။ ဒါကြောင့် တစ်တန်းမှာဆယ်သုံးယောက်ရှိပါတယ်။ ပထမတန်းရဲ့တစ်၀က်နီးပါးက တစ်လှည့်ပြီးသွားခဲ့ပါပြီ။
ကျန်းလဲ့ရွှမ်ကတော့ ရယ်မောနေခဲ့ပါတယ်။
” အားလုံးက ဘာဖြစ်လို့ဒီလိုဘေးကနေပဲ အသုံးမကျတဲ့သူအဖြစ်ရှိနေတော့မှာလဲ အချစ်အတွက်ဆိုရင် သေချာပေါက် အစွမ်းကုန်တိုက်ခိုက်ပြီစွန့်စားရမယ်…မဟုတ်ရင် ဘယ်လိုလုပ်ကိုယ်သဘောကျရတဲ့အမျိုးသမီးရဲ့နှလုံးသားရယူနိုင်မှာလဲ ”
သူမရဲ့အားပေးမှုပြီတဲ့နောက် နောက်လူတွေရဲ့လုပ်ဆောင်ချက်ကအနည်းငယ်ပိုကောင်းလာခဲ့ပါတယ်။ အရည်အချင်းတော့သိပ်မရှိပေမဲ့ အရင်ကထက်တော့အစွမ်းပြနိုင်ဆဲပါ။ ဦးထုပ်နှစ်လုံးကိုတော့ သူတို့တွေဖယ်ရှားနိုင်ခဲ့ပါပြီ။ ချောမောတဲ့အမျိုးသမီးတွေရဲ့မျက်နှာကလဲ ထွက်ပေါ်လို့လာခဲ့ပါတယ်။ လက်ရှိအချိန် ဆယ်ခုနှစ်ယောက်ထဲမှာ သုံးယောက်ကတော့မျက်နှာမြင်ခွင့်ရလိုက်ပါပြီ။
ဟို့ယွိဟောင်ရဲ့ ဘေးမှာရှိနေတဲ့ အစ်ကိုကြီးကတော့ ဟို့ယွိဟောင်ကို အောင်နိုင်မယ်ဆိုတဲ့ သင်္ကေတလက်ဟန်ကိုပြသွားပြီ ခုန်တက်လို့သွားခဲ့ပါတယ်။ တစ်ဖက်လူက အတော်လေးကို အားကောင်းတဲ့နာမည်တစ်ခုရှိမှန်းသိခဲ့ပါတယ်။ သူ့နာမည်ကတော့ ချူးချင်းထန်ပါ။
သူ့ရဲ့၀ိညာဥ်စက်ကွင်းခြောက်ကွင်းက လေထဲမှာလင်းလက်လို့လာခဲ့သလို ခြေဖျားကတော့ရေပေါ်ကိုခပ်ဖွဖွလေးထိနေခဲ့ပါတယ်။ ကြောက်စရာကောင်းလောက်အောင် မြန်ဆန်နေခဲ့သလို ၀ိညာဥ်စက်ကွင်းတွေရဲ့ပုံဖော်မှုအောက်မှာ ညို၀ါရောင်ဆံပင်ရှည်တွေက ဝဲလွှင့်လို့နေခဲ့တယ်။
ကျားသစ်အမျိုးအစားသိုင်းပညာ၀ိညာဥ်လား ဟို့ယွိဟောင်စိတ်ထဲမှာအထင်ကြီးသွားခဲ့မိပါတယ်။
ဒီအချိန်မှာ ချူးချင်းထန်က အမျိုးသမီးကျောင်းသူတွေရှေ့ကိုရောက်သွားခဲ့ပါပြီ။ အစောပိုင်းတုန်းက ရွှေကြိုးကိုထုတ်ထားတဲ့ ဟန်ရော့ရော့ဆီကိုသူတန်းတန်းမတ်မတ်ပြေး၀င်လို့သွားခဲ့ပါတယ်။ သူဒီလိုလှုပ်ရှားလိုက်တာက တခြားကျောင်းသားတွေရဲ့အော်ဟစ်အားပေးသံတွေကို ဖိတ်ခေါ်လိုက်သလိုပါပဲ။
ချူးချင်းထန်ရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို သူမဖက်ကိုရောက်သွားခဲ့ပြီ ဟန်ရော့ရော့မျက်နှာကို ဆွဲယူဖို့လုပ်ပါတော့တယ်။
” နင်ဒီလောက်ရဲတင်းတယ်ပေါ့ ”
ဟန်ရော့ရော့က ညာဘက်လက်ကိုမြောက်ရင်း သူ့ကိုတားဆီးဖို့လုပ်ပါတယ်။ ချူးချင်းထန်ကတော့ သူ့နဲ့တိုက်ရိုက်မတိုက်ခိုက်ခဲ့ပါဘူး။ သူ့တို့ရဲ့ကျင့်ကြံဆင့်ကအတော်ကိုကွာခြားနေတဲ့အတွက် တိုက်ရိုက်တိုက်ခိုက်တာမကောင်းမှန်းသူသိနေခဲ့တယ်။ တတိယ၀ိညာဥ်စက်ကွင်းက စတင်တောက်ပလာခဲ့ပြီ လျှပ်စီးတန်းတွေက သူ့ပတ်လည်ကို၀န်းရံလိုက်ပါပြီ။ ဒီလျှပ်စီးတန်းတွေအားလုံးရဲ့ကြားမှာ သူရုတ်တရက်ပျောက်ကွယ်လို့သွားပါတော့တယ်။ လျှပ်စီးတန်းတွေနဲ့အတူပျော်၀င်သွားသလိုပါပဲ။
ဟန်ရော့ရော့က အနည်းငယ်စိတ်ရှုပ်ထွေးသွားခဲ့သလို သူ့ရဲ့ကြိုးကချက်ချင်းဆိုသလို ပေါ်လာခဲ့ပြီ ရွှေရောင်စက်ကွင်းတွေက ခန္ဓာကိုယ်ဘေးပတ်လည်ကို၀န်းရံလိုက်ပါတယ်။ ချက်ချင်းဆိုသလို လျှပ်စီးတန်းတွေက သူမရဲ့ရွှေရောင်အလင်းတန်းတွေကြောင့် ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
ဒါပေမယ့် သူမကလျှပ်စီးတန်းတွေတိုက်ခိုက်ခံရတဲ့ တစ်ယောက်တည်သောသူမဟုတ်ပါဘူး။ တချို့လျှပ်စီးတန်းတွေကတော့ ၀ူးမင်းဆီကိုရောက်သွားခဲ့ပါတယ်။ ၀ူးမင်းလဲ ညာဘက်လက်ကိုမြောက်လိုက်ချိန်မှာရွှေရောင်မီးတွေထွက်ပေါ်လို့လာခဲ့ပြီ အကာအကွယ်တစ်ခုကိုဖန်တီးလိုက်တော့တယ်။
ဒီအချိန်မှာပိုပြီးအားကောင်းတဲ့လျှပ်စီးတန်းကြီးက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီ အကာအကွယ်အလွှာတွေအားလုံးကို ထိုးဖောက်ပြစ်လိုက်ပါတယ်။ လက်တစ်ဖက်က ဆန့်ထုတ်လာခဲ့ပြီ ၀ူးမင်းရဲ့ဦးထုပ်ကိုဆွဲယူလိုက်ပါပြီ။
ရှေးမူလရွှေကျီးမီးလျှံတွေနဲ့၀န်းရံတဲ့ ၀ူးမင်းကတော့ သူမရဲ့မျက်နှာကာဆွဲချလိုက်ချိန်မှာ ဒီမျက်နှာကာကလဲပြာဖြစ်လို့သွားခဲ့ပြီ မျက်နှာလှလှကပေါ်ထွက်လို့လာပါတော့တယ်။
ရွှေကျီးမြင့်မြတ်သခင်မက အသက်သုံးဆယ်ကျော်ပြီလို့ ပြောပေမဲ့ သူကြည့်ရတာ အသက်နှစ်ဆယ်ငါး နှစ်ဆယ်ခြောက်လောက်ရှိပါသေးတယ်။ ကျန်းနန်နန်လောက်မလှပေမဲ့လဲ မိန်းမချောလို့ပြောရတဲ့အထိ ချောမောနေဆဲပါ။ ၀ူးမင်းကတော့ သူ့ကိုဒီလိုတိုက်ခိုက်လာမယ်လို့မထင်ထားတဲ့အတွက် သူပြန်တိုက်ခိုက်တဲ့အချိန်မှာ ချူးချင်းထန်က ပြန်လည်ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူက နောက်တစ်ကြိမ်မီတာတစ်ရာအကွာအထိကို ဝေလွှင့်သွားခဲ့ရင်း သူ့ရဲ့လီလီပန်းပွင့်ပေါ်ကိုပြန်ရောက်လို့သွားပါတော့တယ်။
” အစ်မကြီး၀ူ ကျွန်တော်ကိုအောင်မြင်ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
၀ူးမင်းက သူ့မျက်နှာသူပွတ်နေခဲ့ပြီ ဘာမှပြန်မပြောခဲ့ပါဘူး။ အဲ့ဒီအစား သူမျက်နှာကနီရဲလို့နေခဲ့ပါတယ်။ ရွှေရောင်အလင်းတန်းတွေက အားကောင်းလွန်တာကြောင့် သူ့မျက်နှာတစ်ခုလုံးနီရဲနေတယ်ဆိုတာကိုတော့ ချူးချင်းထန်တစ်ယောက်တော့မသိရှာပါဘူး။
ဟန်ရော့ရော့က ရယ်မောရင်းနဲ့ ၀ူးမင်းကိုတစ်ခုခုပြောနေခဲ့တာကြောင့် ၀ူးမင်းလဲခေါင်းငုံ့လို့သွားခဲ့ရပါပြီ။ သူမ အတွေးလွန်နေတဲ့အတိုင်းပါပဲ။
” လှလိုက်တဲ့အကွက်ကွာ ကောင်းလိုက်တာ ”
အမျိုးသားကျောင်းသားတွေက သူ့ကိုအော်ဟစ်ပြီအားပေးနေခဲ့ကြပါတယ်။ ရွှေကျီးမြင့်မြတ်သခင်မရဲ့ဦးထုပ်ကိုယူပြီတဲ့နောက် ချူးချင်းထန်ကလက်ရှိအချိန်မှာ အားပေးခံရဆုံးသူဖြစ်သွားခဲ့ပါပြီ။ ၀ိညာဥ်စက်ကွင်းခြောက်ကွင်းသာရှိပေမဲ့ ၀ူးမင်းကိုတိုက်ခိုက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့လှုပ်ရှားမှုနဲ့ သတ္တိတွေအားလုံးကချီးကျူးခံဖို့ ထိုက်တန်နေခဲ့တယ်။
ကျန်းလဲ့ရွှမ်ကတော့ သူ့ကိုအတည်ပြုတဲ့အကြည့်နဲ့ ကြည့်နေခဲ့ပါတယ်။
” ၀ူးမင်း အားလုံးကိုဘာကတိပေးထားလဲဆိုတာမမေ့ရဘူးနော် ”
၀ူးမင်းကတော့ နီရဲနေတဲ့မျက်နှာနဲ့သာပြန်ဖြေခဲ့တယ်။
” သိပါတယ် သိပါတယ် ”
ချူးချင်းထန်ကတော့ ဟို့ယွိဟောင်ကိုလှည့်ရင်းပြုံးပြနေခဲ့တယ်။
” တစ်ခုခုမမှန်ဘူးလို့ ငါစိတ်ထဲမှာထင်တော့ထင်နေတယ်နော် ”
” ဘာဖြစ်လို့လဲအစ်ကိုကြီးရဲ့ အစ်ကိုကြီးက ခုနကအရမ်းပဲမြန်မြန်ဆန်ဆန်လုပ်ထားတာမဟုတ်ဘူးလား ၀ိညာဥ်စွမ်းအားကိုလျှပ်စီးတန်းနဲ့ ပေါင်းစည်းလိုက်တာမလား ”
ချူးချင်းထန်က အမှန်တရားကိုဖုံးကွယ်မထားပဲ ခေါင်းညိတ်နေခဲ့ပါတယ်။
” ငါရဲ့သိုင်းပညာ၀ိညာဥ်က ရူးသွပ်နေတဲ့လျှပ်စီးတန်းကျားသစ်ပဲ ပုံမှန်အားဖြင့်ဆိုရင် ၀ိညာဥ်ပညာရှင်တွေက တိုက်ခိုက်တဲ့အချိန်မှာပဲသုံးတာ ငါအဲ့ဒီလိုမလုပ်နိုင်ဘူး..အဲ့ဒီအစား လျှပ်စီးတွေက ငါအရှိန်ကိုပိုမြင့်စေတယ်…အရှိန်ကိုပိုမြင့်လိုက်ပြီဆိုရင် လျှပ်စီးတန်းလိုပဲပုံပြောင်းသွားတာပေါ့ ဒါကြောင့်သာ အားလုံးကငါ့ကိုနတ်ဆိုးလိုရူးသွပ်နေတဲ့လျှပ်စီးကျားသစ်လို့ခေါ်ကြတယ်..အစွမ်းအစမှာတော့ ပြောရမယ်ဆိုရင် အဲ့ဒီနှစ်ယောက်ကိုငါယှဥ်လို့မရပေမဲ့ အတွင်းနယ်မြေထဲမှာ ငါထက်ဘယ်သူမှအရှိန်မမြန်ဘူးလေ ”
အတွင်းနယ်မြေထဲမှာ အားနည်းတဲ့သူမရှိတာတော့အမှန်ပါပဲ။ ဟို့ယွိဟောင်လဲ ဒီအချိန်မှာ စကားကိုလေးလေးနက်နက်နားလည်သွားခဲ့ရတယ်။
” မိတ်ဆွေလေးရေ မင်းလဲအကောင်းဆုံးကြိုးစားပေရော့ ”
ချူးချင်းထန်က ဟို့ယွိဟောင်ကိုပြောလိုက်ပါတယ်။
” ကျွန်တော် ကျွန်တော်ဘာလို့ကြိုးစားရမှာလဲ ”
” မင်းအခုမှအတွင်းနယ်မြေထဲကို ၀င်တာမလား ”
” ဟုတ်ပါတယ် ကျွန်တော်အတွင်းနယ်မြေထဲကို အထူးခွင့်ပြုချက်နဲ့၀င်လာခဲ့တာပါ ”
အသက်အရွယ်ကိုကြည့်ရုံနဲ့တင် ထင်တော့ထင်သား မစိုးရိမ်နဲ့အခုမင်းအလှည့်ရောက်ပြီ ”
ဟို့ယွိဟောင်လဲ အခုမှသာသူ့အလှည့်ရောက်မှန်းနားလည်လို့သွားပါတော့တယ်။ ပေ့ပေ့ကိုကြည့်လိုက်ချိန်မှာတော့ ပေ့ပေ့က သူ့ကိုသွားဖို့လက်ဟန်ပြနေခဲ့တယ်။
” ဟို့ယွိဟောင် ဘာမှစိတ်မပူနဲ့ အကောင်းဆုံးသာကြိုးစား ”
ကျန်းလဲ့ရွှမ်ကလဲ ပြုံးပြရင်းအားပေးနေခဲ့ပါတယ်။ အမျိုးသမီးကျောင်းသူတွေဖက်ကို လှည့်ရင်းပြောပြနေခဲ့တယ်။
” ဒါက ဒီနေ့အမျိုးသားကျောင်းသားတွေထဲမှာ အငယ်ဆုံးပဲ သူ့ကိုဘယ်လိုပဲဖြစ်ဖြစ် လျှော့ပေါ့ပေးတာ ညှာတာဒါတွေမလုပ်ကြနဲ့ ”
အမျိုးသမီးတွေရဲ့ရယ်သံက ထွက်ပေါ်လာခဲ့ပါပြီ။ ၀ူးမင်းလဲ ရယ်ရင်းနဲ့ပြောနေခဲ့တယ်။
” ကောင်လေး ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီနေရာမှာဘာလာလုပ်တာလဲ လာပါ အစ်မကြီးရော့ရော့တို့ရဲ့ဦးထုပ်ကိုဖယ်ဖို့ကြိုးစားကြည့်ကြည့် သူကကောင်ငယ်လေးတွေကို အရမ်းကြိုက်တဲ့သူ ”
” မင်းအယ် နင်သေချင်နေပြီလား ”
ဟန်ရော့ရော့က ထအော်လိုက်တဲ့အတွက် ကောင်မလေးတွေကြားမှာရယ်သံကပိုကျယ်လာပါတော့တယ်။ အခုလက်ရှိအချိန်မှာ မျက်နှာပူနေခဲ့ပါပြီ သူဘယ်သွားရမှန်းတောင်မသိတော့တဲ့အတိုင်းပါပဲ ဒါကသူ့ရဲ့ပထမဆုံးအတွေ့အကြုံလဲ ဖြစ်နေခဲ့သေးတယ်။
” ယွိဟောင် အကောင်းဆုံးကြိုးစားထား ”
ပေ့ပေ့လှမ်းအော်လိုက်မှသာ ဟို့ယွိဟောင်အရှေ့ကိုခြေစလှမ်းပါတော့တယ်။ သူက တခြားသူတွေနဲ့မတူပါဘူး။ တချို့သူတွေက ပြေးထွက်လို့ရပေမဲ့ သူကနည်းနည်းနှေးနေခဲ့ပါတယ်။ သူပထမဆုံးခြေချလိုက်ချိန်မှာတော့ ရေပေါ်မှာဘော်လော်ပေါ်သွားခဲ့ပြီ လျှောက်သွားပါတော့တယ်။
နှစ်ဖက်စလုံးက ပွဲကောင်းကြည့်ဖို့စောင့်ဆိုင်းနေခဲ့ပြီ ရယ်မောနေချိန်မှာပဲ လက်ရှိအချိန်မှာတိတ်ဆိတ်လို့သွားပါတော့တယ်။ သူတို့ရဲ့ညီငယ်ကိုကြည့်ရင်းနဲ့ မျက်လုံးပြူးနေခဲ့ပါပြီ။
ဟို့ယွိဟောင်ရဲ့လှုပ်ရှားမှုက မမြန်ဆန်ပါဘူး။ ဒါပေမယ့် တည်ငြိမ်လွန်လှပါတယ်။ စည်းချက်ကျကျလှုပ်ရှားနေခဲ့ပြီ ရေပြင်မှာလှိုင်းတစ်ချက်တောင်မထစေပဲ ရေနဲ့တစ်သားထဲကြတဲ့ပုံစံအတိုင်း ရွေ့လျားနေခဲ့တာပါ။
ဟို့ယွိဟောင်က သေချာပေါက် ရေပေါ်မှာတိုက်ရိုက်မတ်တပ်မရပ်နိုင်ပါဘူး။ ပျံသန်းရေးအမျိုးအစား ၀ိညာဥ်ပညာရှင်တွေလိုလဲမပျံသန်းနိုင်တဲ့အခြေအနေမှာလဲရှိနေခဲ့ပါတယ်။
သူရေထဲမှာလမ်းလျှောက်သွားတဲ့လမ်းတစ်လျှောက် ရေခဲလမ်းကြောင်းကြီးက ကျန်ရစ်နေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားကို ထိန်းချုပ်နိုင်တာကြောင့် ရေခဲရဲ့အပေါ်မှာ သူကလွှတ်လွှတ်လပ်လပ်လျှောက်လမ်းနိုင်ခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်စွမ်းအားမှလဲ မကုန်ဆုံးပါဘူး။ ဒါကတော့ အဆုံးစွန်းရေခဲရဲ့ စွမ်းအားပါ။
ဟို့ယွိဟောင်က မမြန်ဆန်ပေမဲ့ မီတာတစ်ရာဆိုတဲ့အကွာအဝေးကလဲ သိပ်မဝေးပါဘူး။ အမျိုးသမီးတွေနဲ့ ဆယ်ငါးမီတာအကွာမှာသူရပ်တန့်လိုက်ပါတော့တယ်။
အပိုင်း ၂၁၃•၁ ပြီး၏။