အပိုင်း ၂၁၁•၃
” ပင်လယ်နတ်ဘုရားရေကန်က ကြင်ဖက်တွေ့ဆုံပွဲ ”
°°°
” ချိုက်ထို့ မင်းဟောက်တဲ့အသံဒီလောက်အကျယ်ကြီးကျယ်နေမှတော့ သေချာပေါက်သမားတော်ဆီသွားသင့်တယ်မလား ရှောင်းရှောင်းသာမင်းနဲ့အတူ ပင်လယ်နတ်ဘုရားကံကြမ္မာမှာအတူတူရှိဖို့ရွေးချယ်ခဲ့မယ်ဆိုရင် သေချာပေါက် မင်းတို့နှစ်ယောက်စလုံးအတွက် အချိန်ကခက်ခဲသွားလိမ့်မယ်..ဘယ်သူကများ ဒီလိုမျိုး ညမအိပ်ရတဲ့အခြေအနေမျိုးမှာ အကြာကြီးနေရရင်း စိတ်အခြေအနေကောင်းကောင်းမွန်မွန်ရှိနိုင်တော့မှာလဲ ”
ရှု့စန်းရှီက ပြောလာခဲ့ပါတယ်။
ဟယ့်ချိုက်ထို့ကတော့ ခေါင်းငုံ့နေခဲ့ပါပြီ။
” အကယ်၍ ကျွန်တော်မအိပ်ဘူးဆိုရင် ကျွန်တော်ဟောက်မှာမဟုတ်ဘူး..တရားထိုင်နေလို့ရတယ်လေ အစ်ကိုကြီးက ညတိုင်းအမြဲအိပ်တယ်လို့ပြောနေတာလား ”
” အားဟုတ်သား ”
သူတို့တွေက ၀ိညာဥ်ပညာရှင်တွေဖြစ်တာကြောင့် တစ်နေ့တာမှာအချိန်အများကြီးအိပ်စရာမလိုပါဘူး။ ဒါ့အပြင် သူတို့ရဲ့ညတွေတော်တော်များများကို တရားထိုင်ပြီ ကုန်ဆုံးလေ့ရှိကြပါတယ်။
ဟို့ယွိဟောင်က တတိယအစ်ကိုကြီးကိုကူညီဖို့အတွက် ဆုံးဖြတ်လိုက်ကြတယ်။
” ပင်လယ်နတ်ဘုရားကံကြမ္မာမှာ ဘယ်လိုစည်းမျဥ်းတွေရှိမှာလဲ အကြီးဆုံးအစ်ကိုကြီး လူဘယ်နှစ်ယောက်လောက် ပါ၀င်မှာလဲ ”
” ဒါတော့မင်းမေးတာမှန်သွားပြီ ငါနဲ့ဆရာတူအစ်မကြီးကလွဲလို့ ဒီနေ့ပြိုင်ပွဲ၀င်အရေအတွက်အတိအကျကို ဘယ်သူမှမသိကြဘူး…ဆရာတွေတောင်မသိကြဘူး ငါတို့အတွင်းလူတွေဖြစ်တာအကျိုးအမြတ်ရှိနေတာပဲ ဒါကြောင့် ဒီနေ့မင်းတို့ဘယ်သူမှခံစားချက်တွေကို ၀န်မခံခင်ပြဿနာမတက်အောင်လို့ အဓိကအချက်တွေကိုပြောပြပေးမယ် ”
ရှု့စန်းရှီ ဟယ့်ချိုက်ထို့ ဟို့ယွိဟောင်တို့သုံးယောက်စလုံးကလဲ ပေ့ပေ့ရဲ့စိတ်ပါလက်ပါရှင်းပြမှုတွေဆီမှာ အာရုံစိုက်လို့သွားခဲ့ပါပြီ။ အဆုံးသတ်မှာလဲ ဒီကိစ္စကြီးက သူတို့ဘ၀အတွက် အလှည့်အပြောင်းဖြစ်လာမှာပါ။
ရှု့စန်းရှီနဲ့ ဟယ့်ချိုက်ထို့နှစ်ယောက်စလုံးက ရည်ရွယ်ထားသူတွေရှိနေပါပြီ ဟို့ယွိဟောင်ကတော့ အိပ်မက်ထဲကအမျိုးသမီးကိုသာ တမ်းတနေဆဲပါ။ ဒါပေမယ့် သူတို့သုံးယောက်စလုံးမှာ တူညီတာတစ်ခုတော့ရှိပါတယ်။ ဘယ်သူကမှကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိတာပါပဲ။
ရှု့စန်းရှိီနဲ့ ကျန်းနန်နန်တို့ကိစ္စကတော့ အမြဲတမ်းပြဿနာတက်နေတဲ့ စုံတွဲဖြစ်တာကြောင့် ထည့်ပြောဖို့မလိုတာအမှန်ပါ။ ကျန်းနန်နန်က အချိန်နဲ့အမျှ ရှု့စန်းရှီကို ဂရုစိုက်နေတာသိသာပေမဲ့ ပုံမှန်မှာတော့အမြဲတမ်းအေးစက်ပါတယ်။ ဒါ့အပြင် သူမရဲ့စကားတွေကလဲအမြဲတမ်းကြမ်းတမ်းနေလေ့ရှိတယ်။
ဟယ့်ချိုက်ထို့နဲ့ ရှောင်းရှောင်းတို့ရဲ့အခြေအနေကတော့ အနည်းငယ်ပိုပြီးကောင်းပါတယ်။ သူတို့တွေက အစကထဲကနေလိုက်ဖက်ညီနေခဲ့တာပါ။ ဒါပေမယ့် စစချင်တွေ့ဆုံချိန်မှာ ရှောင်းရှောင်းက အတော်ကိုငယ်ပါသေးတယ်။ ဟယ့်ချိုက်ထို့ကလဲ ကိစ္စတွေအများကြီးကို ထည့်သွင်းနေစရာရှိသေးတာကြောင့် သူတို့တွေလဲ တရား၀င်ရှင်းရှင်းလင်းလင်း၀န်ခံတာမျိုးမလုပ်ခဲ့ပါဘူး။ ဟယ့်ချိုက်ထို့နဲ့ ဟို့ယွိဟောင်နှစ်ယောက်က ကျောင်းတော်ကနေ နှစ်နှစ်ကျော်အောင်ထွက်သွားခဲ့တဲ့အတွက် ရှောင်းရှောင်း သူ့အကြောင်းတွေမေ့သွားမှာကြောက်နေခဲ့မိပါတယ်။ ဘယ်လိုလုပ်သူကယုံကြည်ချက်ရှိနိုင်မှာလဲ။ ယုံကြည်ချက်ကို ချည်မျှင်လေးတစ်မျှင်စာလောက်ရှိမနေပါဘူး။
ဟို့ယွိဟောင်ကတော့ အမျက်ဒေါသကျောင်းတော်ကနေ ထွက်ခွာသွားချိန်မှာ ချစ်ခြင်းမေတ္တာအကြောင်းသိပ်မတွေးမိတာအမှန်ပါ။ သူဆရာတွေဆုံးပါးသွားတဲ့ကိစ္စတွေကြောင့် အတော်ကို၀မ်းနည်းနေတဲ့အတွက် သူမှာဒါတွေကိုတွေးဖို့လဲအချိန်မရှိခဲ့ပါဘူး။
သူရဲ့အသက်အရွယ်နဲ့အတူ ထိတွေ့ဆက်ဆံခဲ့ရတဲ့အမျိုးသမီးအရေအတွက်က များလာခဲ့တာကြောင့် ဖြည်းဖြည်းချင်းဆိုသလို ချစ်ခြင်းမေတ္တာတွေအကြောင်းကို သူစတင်ပြီတွေးမိခဲ့ပါတယ်။ အထူးသဖြင့် ကျွီးကျင့်နဲ့ တွေ့ဆုံလာခဲ့ပြီတဲ့နောက် ပိုပြီးသိသာလာခဲ့တာပါ။
အလင်းတန်းမိုးကနေ ဖြစ်ပေါ်လာတဲ့အလင်းတန်းနတ်မိမယ်ကတော့ အရမ်းကိုလှပလွန်တာကြောင့် မြင်မြင်ချင်အချစ်လို့ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် သူမက တကယ်စစ်မှန်တဲ့လူတစ်ယောက်တော့ ဟုတ်မနေခဲ့ပါဘူး။ အဲ့ဒီနေ့တုန်းက သူတွေ့ဆုံလိုက်တဲ့မိန်းမချောလေးကြောင့်သာ မဟုတ်ဘူးဆိုရင် သေချာပေါက် ပင်လယ်နတ်ဘုရားကံကြမ္မာအကြောင်းကို သူ ဘာမှသိပ်တွေးနေမိမှာမဟုတ်ပါဘူး။ ဒါပေမယ့် အခုလက်ရှိအချိန်မှာတော့ ကိစ္စတွေက ကွာခြားနေခဲ့ပါပြီ။ ၀မ်ချိုးအယ်ဆိုတဲ့ ၀မ်သုန့်ရဲ့အမြွှာအစ်မဖြစ်နိုင်တဲ့ဒီနာမည်က သူ့စိတ်ထဲမှာအမြစ်တွယ်လို့နေခဲ့ပါတယ်။ ဒါ့အပြင် စိတ်အားထက်သန်မှုကလဲ အခုအချိန်မှာ ဒီကိစ္စကြောင့်ထွက်ပေါ်လာခဲ့ပါပြီ။
ပေ့ပေ့က ဆက်ပြီရှင်းပြနေခဲ့တယ်။
” ပင်လယ်နတ်ဘုရားကံကြမ္မာက ကျောင်းတော်ထဲမှာအရေးကြီးဆုံးကိစ္စတွေထဲက တစ်ခုပဲ ဒါ့အပြင်တိုက်ကြီးတစ်ခုလုံးရဲ့နံပါတ်တစ်ကျောင်းတော်ဖြစ်တဲ့ ငါတို့က ဘာမှမလုပ်ပဲဒီနာမည်တွင်နေတာမဟုတ်ဘူးလေ အားလုံးသိကြမှာပါ ငါတို့အတွင်းနယ်မြေရဲ့တပည့်သားတွေအားလုံးက ထိပ်တန်း၀ိညာဥ်ပညာရှင်တွေကြီးပဲ အစွမ်းအစတွေကလဲ ကြောက်စရာကောင်းလွန်တာကြောင့် သူတို့အနေနဲ့ အဆင့်မြင့်တဲ့ သတ်မှတ်ချက်တွေလဲ ရှိကြသေးတယ်..ဒါကြောင့် အပြင်လောကမှာသင့်တော်တဲ့လူကိုရှာဖို့က မလွယ်ကူဘူး…ဒီလိုအကြောင်းအရင်းကြောင့်သာ အခုလိုအစီအစဥ်ပွဲတွေဖြစ်လာတာပဲ ငါတို့တွေက အမြဲတမ်းလေ့ကျင့်ရေးမှာပဲ နစ်မြုပ်နေတဲ့ကျောင်းသားတွေကို တစ်ယောက်နဲ့တစ်ယောက်ကောင်းကောင်းနားလည်သိနိုင်ဖို့အတွက်အခွင့်အရေးပေးရတယ် ”
” လိုရင်းကိုအမြန်ပြော ”
ရှု့စန်းရှီကတော့ စိတ်မရှည်ဖြစ်နေခဲ့ပါပြီ။
” စိတ်မရှည်မဖြစ်စမ်းနဲ့ ငါသေချာရှင်းပြမှရမယ်…ဟယ့်ချိုက်ထို့ရော ငါတို့ညီငယ်လေးနှစ်ယောက်စလုံးရော ဒါကိုမပါ၀င်ခဲ့ဘူးလေ ဒါကကြင်ဖက်တွေ့ဆုံပွဲလို့ပြောပေမဲ့ ငါတို့ကကျောင်းတော်တစ်ခုဖြစ်နေတယ်လေ လောကနံပါတ်တစ်ကျောင်းတော်ဖြစ်တာကြောင့် သေချာပေါက် ရိုးရှင်းတာတော့ဘယ်ဟုတ်မလဲ အတွင်းနယ်မြေတပည့်သားတွေအားလုံးရဲ့အစွမ်းအစကို ထုတ်ဖော်ပြသရတဲ့နေရာတစ်ခုလဲဖြစ်နေသေးတယ် ”
” မင်းစိတ်ကူးထဲက မိန်းမချောရဲ့အတည်ပြုချက်ကိုရဖို့ဆိုတာက လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး..ဒါ့အပြင် အားလုံးကလဲ ခံစားချက်ကို၀န်ခံတဲ့အခြေအနေမရောက်ခင်အထိ စမ်းသပ်ချက်တွေအများကြီးကိုဖြတ်ကျော်ရဦးမှာ…ဒါ့အပြင် ဒီအခက်အခဲတွေကို မဖြတ်ကျော်နိုင်ဘူးဆိုရင် သေချာပေါက်ဖွင့်ပြောဖို့အခွင့်အရေးတောင် ရလိုက်မှာမဟုတ်ဘူး…ဒါပေါ့ ကံကောင်းဖို့လဲလိုသေးတယ်…အကယ်၍ မင်းသာကံကောင်းတယ်ဆိုရင်တောင် နောက်ဆုံးအခြေအနေအထိ၀င်ခွင့်ရနိုင်မယ်…နှစ်ဖက်စလုံးကသာ နှစ်ယောက်အတူတူရှိဖို့ပျော်ပျော်ရွှင်ရွှင်ရွေးချယ်ပြီဆိုရင် မင်းရဲ့အိပ်မက်ထဲက အမျိုးသမီးနဲ့အတူတူလျှောက်လမ်းလို့ရပြီပဲ ”
” ဒါကိုစာမေးပွဲစစ်တာလို့လဲ ပြောလို့ရနိုင်တယ်…ပြောရမယ်ဆိုရင်အမျိုးသားနဲ့ အမျိုးသမီးနှစ်ဖက်စလုံးကို စစ်ဆေးတာပဲ ကွာခြားချက်ကတော့ပါ၀င်တဲ့အမျိုးသမီးက နည်းပါးလေ့ရှိတယ်…ဒါကြောင့် အမျိုးသားတွေအတွက်တော့ပိုပြီးခက်ခဲတာပေါ့ ”
” အဓိကကတော့ ပွဲတော်မှာအပိုင်းငါးပိုင်းခွဲထားတယ်…အခုလက်ရှိအချိန် မင်းတို့သုံးယောက်အပါအ၀င် ဒီပွဲတော်ကိုဆင်နွှဲမဲ့သူက ငါးဆယ်နဲ့ခြောက်ယောက်တိတိရှိတယ်…အဲ့ဒီအထဲမှာ ထိုက်ဟွပင်း ရှဲ့ဟွမ်ယွဲ့ ၀ူဖုန်း နင့်ထျန်းတို့အားလုံးလဲ ပါကြသေးတယ် ”
” အစ်မကြီးနဲ့ ငါကဒီပွဲတော်အတွက်အဓိက အစီအစဥ်တင်ဆက်သူတွေလုပ်ကြမှာ ပထမဆုံးကတော့ ၀င်ခွင့်ဖြေရတာပဲ ပင်လယ်နတ်ဘုရားရေကန်က ပင်လယ်နတ်ဘုရားကံကြမ္မာလို့ခေါ်ကြတယ်..ပြောရမယ်ဆိုရင် ရေကန်ထဲမှာအဓိကကျင်းပကြတာပဲ ငါတို့ကရေကန်တစ်ခုလုံးကို အလင်းတန်းတွေနဲ့အလှဆင်ထားလိမ့်မယ်…ဒါ့အပြင် ဘာစင်မြင့်မှလဲရှိနေမှာမဟုတ်ဘူး..အချိန်ကြလာရင်း မင်းတို့တွေကရေထဲမှာပေါက်နေတဲ့ လီလီပန်းပွင့်ရဲ့အပေါ်မှာ ရပ်နေရမှာ ”
ဟယ့်ချိုက်ထို့ရဲ့မျက်နှာက မှောင်မိုက်လို့သွားပါတော့တယ်။ ဒီရေနေအပင်တွေဆိုတာက တစ်မီတာကျော်လောက်အထိကြီးမားတဲ့အရွက်တွေရှိပါတယ်။ ဒီအရွက်တွေက ရေပေါ်မှာအလေးချိန်တချို့ကို ထိန်းထားနိုင်ပေမဲ့ ဘယ်လိုလုပ်ခြောက်နှစ် ခုနှစ်အရွယ်ကိုတောင် မထိန်းနိုင်တဲ့အရွက်တွေက သူတို့လူမျိုးတွေကိုထိန်းထားနိုင်မှာလဲ။
အထူးသဖြင့် ဟယ့်ချိုက်ထို့ရဲ့ခန္ဓာကိုယ်က အတော်ကိုကြီးမားပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် သူကအတော်ကိုအရေးနှိမ့်နေမှာပါ။ သူ့ရဲ့ခန္ဓာကိုယ်က ကီလိုဂရမ်တစ်ရာနှစ်ဆယ်ကျော်လေးလံတဲ့အပြင် ကြွက်သားတွေကလဲ အရမ်းကိုကျစ်လစ်ပါတယ်။ အစာအမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့တာကြောင့် သူ့ရဲ့၀ိညာဥ်စွမ်းအားက ၀ိညာဥ်ဧကရာဇ်အဆင့်ကိုရောက်နေပေမဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်တာက ကျွမ်းကျင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။
” ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက သူတွေကော၀ိညာဥ်လက်နက်ကို သုံးခွင့်ရတယ်မလား ”
” ဒါပေါ့ မင်းရော ဟယ့်ချိုက်ထို့ပါ သိပ်စိုးရိမ်နေစရာမလိုဘူး…အကယ်၍ အခုအချိန်မှာ တစ်ခုလုပ်လိုက်မယ်ဆိုရင် နှစ်ယောက်ရေပေါ်မှာပေါ်ဖို့ခက်မှာမဟုတ်ဘူး ”
ဒီစကားကိုကြားချိန်မှာ ဟယ့်ချိုက်ထို့လဲ မျက်နှာနည်းနည်းပြန်ကြည်လင်လို့သွားပါတော့တယ်။
ပေ့ပေ့ကတော့ အလေးအနက်နဲ့ဆက်ပြီပြောနေခဲ့တယ်။
” မင်းတို့သိထားရမှာတစ်ခုရှိတယ်..ချိုက်ထို့ မင်းရဲ့၀ိညာဥ်လက်နက်က ဘယ်လိုပဲဖြစ်ပါစေ သေချာပေါက် ပေါ့ပါးပြီတော့ မြန်ဆန်စေရမယ်…ဒါကအဓိကအချက်ပဲ ”
” ကျောင်းသားတွေရော ကျောင်းသူတွေရော သစ်ရွက်တွေပေါ်မှာရပ်ရမှာဖြစ်လို့အားလုံးက ဒီသစ်ရွက်တွေအပေါ်မှာပဲ မူတည်နေမှာရေထဲကိုကျသွားတဲ့ဘယ်သူမဆိုချက်ချင်းထုတ်ပယ်ခံရမယ်…ဒါ့အပြင် နောက်ထပ်လဲ ပါ၀င်ယှဥ်ပြိုင်ခွင့်မရှိတော့ဘူး ”
” အကြီးဆုံးအစ်ကိုကြီး တစ်ယောက်နဲ့တစ်ယောက်ရောတိုက်ခိုက်ရဦးမှာလား ”
” တချို့အပိုင်းတွေမှာ တော်အောင်လုပ်ရမယ်..အကယ်၍ သေချာနားထောင်နေမယ်ဆိုရင် နားလည်သွားမှာပါ ”
” ပါ၀င်ယှဥ်ပြိုင်တဲ့ ငါးဆယ်ခြောက်ယောက်ထဲမှာသုံးဆယ်ကိုးယောက်က ယောကျ်ားလေးတွေ ဆယ်ခုနှစ်ယောက်ကကောင်မလေးတွေ ပထမဆုံးအပိုင်းကိုက အပြန်အလှန်ခံစားချက်လို့ခေါ်တယ်…ကြားရတာကောင်းပေမဲ့ အတော်လေးခက်သေးတယ်…ကောင်မလေးဆယ်ခုနှစ်ယောက်က မင်းတို့နဲ့မီတာတစ်ရာအကွာမှာ တစ်တန်းထဲရပ်နေကြမှာ ဒါ့အပြင် မျက်နှာကိုဖုံးကွယ်ထားတဲ့၀ါးဦးထုပ်တွေကိုလဲ ဆောင်ထားရဦးမယ်…သူတို့ရဲ့မျက်နှာတွေကိုမြင်ရမှာမဟုတ်ဘူး…ပြောရမယ်ဆိုရင် ဒီတစ်ကြိမ်မှာ အမျိုးသားကျောင်းသားတွေအားလုံးကအတူတူပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်..မင်းတို့သုံးဆယ်ကိုးယောက်စလုံးက ကိုယ်ပိုင်စွမ်းအားကိုသုံးပြီ အမျိုးသမီးတွေကို တိုက်ခိုက်ကြရမှာ တစ်ယောက်ထဲကိုတိုက်ခိုက်လို့ရသလို အများကြီးကိုလဲတိုက်ခိုက်လို့လဲရတယ်..အဓိကတော့ သူတို့ရဲ့မျက်နှာကာတွေကို ဖယ်ထုတ်ပြစ်ဖို့ပဲ အကယ်၍ သူတို့ရဲ့ရုပ်ကိုမမြင်နိုင်ဘူးဆိုရင် ဘယ်လိုလုပ်မင်းကောင်မလေးကိုမင်းရွေးလို့ရမှာလဲ ”
” ဒါကအားလုံးအတွက် စွမ်းရည်ထုတ်ပြဖို့ သေချာလုပ်ပေးထားတာ မင်းတို့တွေ ပိုပြီးတော့သန်မာလေလေ ၀ါးဦးထုပ်တွေကိုမြန်မြန်ဖယ်နိုင်လေပဲ ဒါ့အပြင် ဒီအပိုင်းထဲမှာအမျိုးသမီးတွေက တစ်ယောက်ကိုတစ်ယောက်မကူညီကြရဘူး…အမျိုးသားတွေကိုလဲ ပြန်တိုက်ခိုက်လို့မရဘူး…ခုခံလို့ပဲရလိမ့်မယ် ဒါ့အပြင် ခေါင်းကနေဦးထုပ်ကျွတ်မသွားအောင်လဲ ထိန်းရဦးမယ်..အကယ်၍ ကောင်မလေးတစ်ယောက်သာရေထဲကိုပြုတ်ကျသွားမယ်ဆိုရင် သေချာပေါက် ထုတ်ပယ်ခံရလိမ့်မယ်…ဒါပေမယ့် ပထမဆုံးအပိုင်းမှာ ရေထဲကိုကောင်မလေးမကျစေဖို့ မင်းတို့တွေသေချာဂရုစိုက်ရမှာ ဘယ်သူက ကိုယ်လူကိုရေထဲပြုတ်ကျချင်မှာလဲ ”
” အမျိုးသားတွေကများပြီ အမျိုးသမီးတွေက နည်းလိုက်တာ ဒါကြောင့် ဘယ်သူကများကောင်မလေးတစ်ယောက်ယောက်ကိုရေထဲပြုတ်ကျဖို့နှလုံးသားရှိမှာလဲ သေချာပေါက် အဲ့ဒီလိုလုပ်မိမယ်ဆိုရင် လူတိုင်းဒေါသထွက်တာကိုခံရလိမ့်မယ် ”
ပေ့ပေ့ရဲ့စကားတွေက တခြားအဓိပ္ပာယ်ပါနေမှန်း ဟို့ယွိဟောင်သိပါတယ်။
” အစ်ကိုကြီး ဒါဆိုရင်အမျိုးသားတွေက မီတာတစ်ရာကိုဖြတ်ပြီတိုက်ခိုက်လို့ရတယ်မလား ဒါ့အပြင် ကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မှာ အကွာအဝေးတစ်ခုကိုဖြတ်ရမှာပေါ့ ဟုတ်တယ်ဟုတ် ”
” ဟုတ်တယ် မင်းပြောတာမှန်တယ် သိုင်းပညာ၀ိညာဥ်တွေရဲ့ကွာခြားချက်ကြောင့် အပိုင်းတစ်ပိုင်းချင်းဆီတိုင်းမှာ အားသာချက်တွေ အားနည်းချက်တွေရှိလာမှာပဲ မင်းတို့သုံးယောက်စလုံးက ဘယ်လိုအစီအစဥ်အတိုင်းတိုက်ခိုက်ရမလဲဆိုတာကို မဲခွဲပြီဆုံးဖြတ်ရမှာ ဒါ့အပြင် ဘယ်အချိန်ကိုယ်အလှည့်ရောက်လာမလဲဆိုတာ မဲတွေကဆုံးဖြတ်လိမ့်မယ်…အဆုံးသတ်မှာတော့ သိုင်းပညာ၀ိညာဥ်တွေအားလုံးက လေထဲမှာတိုက်ခိုက်နိုင်ကြတာမဟုတ်ဘူးလေ ဒါ့အပြင် မူလနေရာကိုလုံခြုံအောင်ထားဖို့ကလဲ ခက်ဦးမယ် ”
” ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသားကျောင်းသားတွေကတော့ ဒုတိယအချီအထိသတ်ဖို့ကိုရွေးချယ်ကြမှာပဲ ပထမအချိီမှာ၀ါးဦးထုပ်တွေကို များများပိုပြီးတော့ ဖယ်နိုင်လေလေ ဒုတိယအချီကိုစောစောစနိုင်လေပဲ အဲ့ဒီနောက် ဒုတိယအချီကိုစပြီဆိုရင် ရွေးချယ်စရာတွေပိုပြီးများလာလိမ့်မယ်..ကောင်မလေးများများကျန်ရင်တော့ ကောင်းတာပေါ့ ”
” ဒုတိယတစ်ခုကိုငါရှင်းပြမယ် ”
ပေ့ပေ့က အသေးစိတ်တွေကိုရှင်းပြနေခဲ့ပါတယ်။ သူကအစီအစဥ်ကျင်းပသူဖြစ်တာကြောင့် အားလုံးကိုရှင်းရှင်းလင်းလင်းသိနေခဲ့တယ်။ ဒါတွေကိုအချိန်အကြာကြီးရှင်းပြပြီတဲ့နောက် နေရောင်ခြည်ကနီရဲလာတဲ့အချိန်မှသာ သူရပ်တန့်လိုက်ပါတယ်။
” မင်းတို့တစ်ခုခုသွားစားသင့်ပြီ ငါတော့အစ်မကြီးကို သွားရှာလိုက်ဦးမယ် မှတ်ထားအချိန်ကိုနောက်မကျစေနဲ့ အားလုံးဘယ်သွားရမလဲသိမှာပါ ကံကောင်းကြပါစေ အထူးသဖြင့် ချိုက်ထို့နဲ့ ညီငယ်လေးပဲ ”
” မင်းဘာလို့ငါ့ကိုကျ ဆုတောင်းမပေးတာလဲ ”
” ငါဆုတောင်းပေးရင်းကော အဆင်ပြေသွားမှာလား မင်းဒီပင်လယ်နတ်ဘုရားကံကြမ္မာမှာယှဥ်ပြိုင်တာပထမဆုံးအကြိမ်လား မျှော်လင့်ချက်မမဲ့နဲ့ အကယ်၍ မင်းသာဒီလိုမျိုးအရှက်မရှိဖြစ်နေမယ်ဆိုရင် ကိစ္စမရှိဘူး…ဒါပေမယ့် တစ်ရက်မှာတော့နန်နန်က မင်းလုပ်ပုံမျိုးနဲ့ ဒေါသထွက်လွန်ပြီ လက်ခံချင်လက်ခံလာမှာပေါ့ ”
” ဘာပြောတယ် မျှော်လင့်ချက်မြင့်မြင့်မထားနဲ့ဟုတ်လား ငါဒီတစ်ခေါက်တော့ သေချာပေါက်အောင်မြင်မှာ ”
ပေ့ပေ့ကတော့ သူ့ကိုတစ်ချက်တောင်ကြည့်မနေပဲ ဟို့ယွိဟောင်တို့ကိုနှုတ်ဆက်ရင်းထွက်ခွာသွားခဲ့ပါပြီ။
” သွားတော့မယ် ”
အပိုင်း ၂၁၁•၃ ပြီး၏။