အပိုင်း ၂၁၁•၁
” ပင်လယ်နတ်ဘုရားရေကန်က ကြင်ဖော်တွေ့ဆုံပွဲ ”
°°°
အမျက်ဒေါသမြို့တော်ကနေ ထွက်ခွာလာပြီတဲ့နောက် ကျောင်းတော်ကိုရောက်ဖို့အတွက် သိပ်မကြာလိုက်ပါဘူး။
ပင်လယ်နတ်ဘုရားကျွန်းက အရင်တိုင်းရှိနေခဲ့ပါတယ်။ သူတို့ကျွန်းထဲကိုမရောက်ခင်အချိန်မှာတောင် အထဲကနေ လူတွေဆူဆူညံညံရှိနေတာကို ဟို့ယွိဟောင်ခံစားလိုက်ရပါတယ်။
ပေ့ပေ့ကတော့ မနက်ဖြန်ပွဲတော်အတွက် ပြင်ဆင်နေကြတဲ့အကြောင်းသာပြောပြခဲ့တယ်။
” ငါတို့ညစာလေးသွားစားရအောင် ငါအခုဆာလို့သေတော့မတတ်ဖြစ်နေပြီ ”
ရှု့စန်းရှီက သူ့ဗိုက်သူပုတ်ရင်းနဲ့ ပြောလာခဲ့တယ်။
ကျောင်းထမင်းစားဆောင်ကိုရောက်ချိန်မှာတော့ ဟို့ယွိဟောင်လန့်သွားခဲ့ရပါပြီ။ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့ ထမင်းစားဆောင်က လုံး၀ကိုဆူညံနေခဲ့ပါတယ်။ ဒီနေရာကြီးကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ကျောင်းသားအယောက်သုံးဆယ်ကျော်က စားနေတာကိုသူတွေ့လိုက်ရပါတယ်။ ဒါ့အပြင် ဒီနေရာမှာရှိတဲ့အစားအသောက်တွေကလဲ အရင်ကထက်ပိုပြီးတော့ စားချင်စဖွယ်ကောင်းနေခဲ့တော့တယ်။
အထူးသဖြင့် သူ့ကိုပိုပြီးအံ့အားသင့်စေတာကတော့ ကျောင်းသားတွေစိတ်ကြိုက်သောက်နိုင်အောင်အနီရောင်၀ိုင်အိုးကြီးတွေကိုထားပေးထားတာပါပဲ။
” ဒါတွေကဘာလဲ အစ်ကိုကြီး ကျောင်းတော်ကအခုအရက်သောက်ဖို့တောင် ခွင့်ပြုထားပြီးပြီလား ”
ဟို့ယွိဟောင်က မေးလိုက်ပါတယ်။
” ပင်လယ်နတ်ဘုရားကံကြမ္မာက မနက်ဖြန်ကျင်းပမှာလေ ဒီနေ့က တစ်ကိုယ်ထဲသမားတွေရဲ့ညလို့ခေါ်တယ်…အခုဒီနေရာမှာလာပြီစားသောက်နေတဲ့လူတွေအားလုံးက ယောကျ်ားတွေဆိုတာမင်းမသိဘူးလား ဒီနေရာမှာမိန်းကလေးတစ်ယောက်မှမရှိဘူး..လူတိုင်းက နေ့တိုင်းနေ့တိုင်းမနားမနေလေ့ကျင့်ပြီ တာ၀န်ထမ်းဆောင်နေရတာကြောင့် အတော်ကိုမောပန်းပြီ စိတ်ကလဲဆတ်ကြတယ်လေ ဒါ့အပြင် အတွင်းနယ်မြေရဲ့ကျောင်းသားအများစုကလဲ အရွယ်ရောက်ပြီသားလူတွေဖြစ်နေပြီ အရက်နည်းနည်းပါးပါးသောက်တာက ဘာမှမဟုတ်သေးဘူး…ကျောင်းတော်ကလူတိုင်းကို စိတ်အေးလက်အေးနဲ့သင်ယူနိုင်စေဖို့ဒီလိုမျိုးခွင့်ပြုပေးထားတာဒါကပုံမှန်နေ့တွေမှာဆိုရင် ခွင့်မပြုပေမဲ့ ဒီလိုနေ့မျိုးမှာရတယ်..လာပါသွားသောက်ရအောင် ”
ဟို့ယွိဟောင် တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှအရက်မသောက်ဖူးပါဘူး။ ကျောင်းတော်ရဲ့ထိပ်တန်းစားဖိုမှူးတွေပြင်ဆင်ထားတဲ့ အစားအစာတွေကိုစားသုံးပြီတဲ့နောက် နှင်းဆီရောင်လိုတောက်ပနေတဲ့ အနီရင့်ရင့်၀ိုင်ကိုသူပထမဆုံးသောက်သုံးမိပါတော့တယ်။ ပင်လယ်နတ်ဘုရားရေကန်ရဲ့ အပေါ်မှာထွန်လင်းနေတဲ့လမင်းနဲ့အတူ ညရဲ့အလှကိုရှူ့စားရင်း ရုတ်တရက်အိပ်မက်မက်နေတယ်လို့တောင် သူ့ကိုယ်သူထင်မိသွားခဲ့တယ်။
ပါးစပ်ထဲကို၀င်လာချိန်မှာဒီ၀ိုင်အရက်ရဲ့အရသာက အနည်းငယ်ချဥ်ပါတယ်။ ဒါ့အပြင် အမှည့်လွန်နေတဲ့တရုတ်ဆီးသီးချိုလိုမျိုးပဲ အနံ့ကထွက်နေသေးတယ်။ ပထမဆုံးတစ်ခွက်သောက်ချိန်မှာတော့ ဘာမှကိုသိပ်ပြီမခံစားလိုက်ရပါဘူး။ ဒါပေမယ့် အချဥ်ဖောက်ထားတဲ့ဒီအရက်ရဲ့မွှေးရနံ့က ဖြည်းဖြည်းချင်းဆိုသလို သူ့ရဲ့ခံတွင်းတစ်လျှောက်ပြန်ပြီတော့ ရောက်ရှိလာခဲ့ပါပြီ။ ဒါ့အပြင် သူ့မျက်နှာတစ်ခုလုံးလဲ ပူတက်လာပါတော့တယ်။ သူ့တစ်ဘ၀တာလုံးမှာဒီလိုမျိုးအရသာကိုဘယ်တုန်းကမှမခံစားခဲ့ဖူးပါဘူး။ ဒီ၀ိုင်အရက်ထဲမှာတစ်ကိုယ်လုံးပျော်၀င်သွားပြီ ပူဆင်းသွားသလိုမျိုး ခံစားချက်ရရှိနေပါတော့တယ်။
” ဟို့ယွိဟောင်လား ”
နက်ရှိုင်းပြီမရင်းနှီးတဲ့အသံတစ်သံက သူ့နောက်ဖက်ကနေထွက်လာခဲ့ပါတယ်။
ဟို့ယွိဟောင်လဲလှည့်ကြည့်လိုက်ချိန်မှာတော့ သူတစ်ခဏတာငေးမောသွားခဲ့မိတယ်။ ဒါပေမယ့် သူ့ရဲ့မျက်လုံးတွေကတော့ ပြန်ကြည်လင်သွားခဲ့ပါပြီ။ သူ့ကိုလာခေါ်တဲ့သူက ဟို့ယွိဟောင်ထက်အရပ်နည်းနည်းရှည်ပြီ ကျယ်ပြန့်တဲ့ပုခုံးတွေကိုပိုင်ဆိုင်ထားတဲ့လူငယ်တစ်ယောက်ပါ။ သူ့ရဲ့ရွှေရောင်ဆံပင်တိုတိုတွေက အတော်ကိုသပ်ရပ်ပြီသန့်ရှင်းနေခဲ့သလို မျက်နှာကတော့မှောင်မိုက်လို့နေခဲ့တယ်။ သူက ဟို့ယွိဟောင်ကိုအေးစက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေခဲ့တာပါ။ ဒါ့အပြင် လက်ထဲမှာလဲ ၀ိုင်အရက်တစ်ခွက်ကိုကိုင်ထားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ အေးစက်တဲ့အငွေ့အသက်တွေနဲ့ တောက်ပလို့နေခဲ့တော့တယ်။
” ထိုက်ဟွပင်းလား ”
ဟို့ယွိဟောင် တစ်ဖက်လူရဲ့နာမည်ကိုခေါ်လိုက်မိပါတယ်။ သူတို့တွေမတွေ့ရတာ နှစ်နှစ်ခွဲကျော်ကြာနေခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာရှိနေတဲ့အမုန်းတရားက ဘယ်တော့မှမပျောက်ကွယ်ခဲ့ပါဘူး။ အခိုက်အတန့်လေးတစ်ခုတောင် မပျောက်ကွယ်ပဲရှိခဲ့ပါတယ်။ သူ့ရဲ့နှလုံးသားထဲက အမုန်းတရားတွေကို ဖုံးကွယ်တဲ့နေရာမှာပိုတော်လာရုံတစ်ခုပါပဲ။ အနည်းဆုံးတော့ အခုလက်ရှိအချိန်က လက်စားချေဖို့အချိန်ကောင်းမဟုတ်မှန်း သူကောင်းကောင်းကြီးနားလည်ထားပြီသားပါ။ ထိုက်ဟွပင်းက ဟို့ယွိဟောင်ရဲ့ဘေးကိုရောက်လာခဲ့ပြီတဲ့နောက် ကျယ်ပြန့်တဲ့ပင်လယ်နတ်ဘုရားရေကန်ကြီးကိုလှမ်းကြည့်နေခဲ့ပါတယ်။ ၀ိုက်အရက်ကိုသောက်ရင်း မျက်လုံးတွေမှေးကာ သူ့ကိုမေးလာခဲ့ပါတယ်။
” မင်းဘယ်တုန်းကပြန်လာတာလဲ ”
ဟို့ယွိဟောင်လဲ သူ့ပုံစံအတိုင်းတစ်ပုံစံထဲ၀ိုင်အရက်ကိုသောက်ရင်ပြန်ဖြေပါတယ်။
” လွန်ခဲ့တဲ့နှစ်ရက် သုံးရက်လောက်က ပြန်လာတာ ”
” မနက်ဖြန် ပင်လယ်နတ်ဘုရားကံကြမ္မာထဲမှာမင်း၀င်ရောက်ပြီတော့ ဆင်နွှဲမှာလား ”
” ဒါပေါ့ ”
” ကျူးလု အတွင်းနယ်မြေထဲမ၀င်ရသေးလို့ အရင်တုန်းကတော့ ငါမပါ၀င်ချင်ခဲ့ဘူး…ဒါပေမယ့် မင်းရောက်လာမယ်ဆိုတော့ ငါလဲပါ၀င်ရမယ်…ငါတို့တွေလောင်းကြေးထပ်ကြမလား ”
” မထပ်ဘူး ”
ဟို့ယွိဟောင်က ဆုံးဖြတ်ချက်ခိုင်မာပြတ်သားတဲ့လေသံနဲ့တစ်ခွန်းထဲသာပြန်ဖြေပါတယ်။
” မင်းကြောက်လို့လား ”
ထိုင်ဟွပင်းက မျက်ခုံးကိုပင့်လာပြီတဲ့နောက် သူ့ရဲ့မျက်လုံးထဲမှာရှိနေတဲ့တောက်ပမှုက အရင်ကထက်ပိုပြီးသန်မာလာခဲ့တယ်။
ဟို့ယွိဟောင်ကတော့ သူကိုကြည့်ပါတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ တည်ငြိမ်နေဆဲပါပဲ။
” မဟုတ်ဘူး ”
” ဒါဆိုရင် မင်းဘာဖြစ်လို့ငါနဲ့လောင်းကြေးမထပ်တာလဲ ”
ထိုက်ဟွပင်းရဲ့လေသံက ပိုပြီးလွှမ်းမိုးမှုကြီးမားလို့လာခဲ့တယ်။ ဒါ့အပြင် ခြိမ်းခြောက်မှုလဲအပြည့်ပါ။
” မင်းကအဲ့လောက်တန်ကြေးမရှိလို့လေ ”
ဟို့ယွိဟောင်က ပြုံးနေဆဲပါ ဒါပေမယ့် သူ့ရဲ့လေသံကစိန်ခေါ်မှုအပြည့်ဖြစ်နေခဲ့ပြန်တယ်။
ထိုက်ဟွပင်းက တိတ်ဆိတ်လို့သွားခဲ့သလို သူ့ရဲ့ပါးရိုးပေါ်ကအကြောတွေတောင် ထောင်ထလာခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့လက်ထဲမှာရှိနေတဲ့ ၀ိုင်ခွက်ကတော့ ငြိမ်ငြိမ်လေးရှိနေဆဲပါ။
ဟို့ယွိဟောင်အထင်မှာ ထိုက်ဟွပင်းက သူ့ကိုချက်ချင်းတိုက်ခိုက်တော့မယ်လို့တွေးမိပေမဲ့ တစ်ဖက်လူကတော့ အေးအေးဆေးဆေးသာရှိနေခဲ့ပါတယ်။
” မနက်ဖြန် ပင်လယ်နတ်ဘုရားကံကြမ္မာရွေးချယ်ပွဲမှာ ငါကအဲ့ဒီလောက်တန်ကြေးရှိမရှိဆိုတာကြည့်ကြသေးတာပေါ့ ”
သူပြောပြီတဲ့နောက် လှည့်ထွက်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်လဲ လှည့်ထွက်သွားတဲ့ထိုက်ဟွပင်းကိုကြည့်ရင်း အနည်းငယ်အံ့အားသင့်နေခဲ့မိတယ်။ သူ့ရဲ့စကားတွေက ထိုက်ဟွပင်းကိုဒေါသထွက်စေဖို့ ရည်ရွယ်ထားတာပါ။ ဒါ့အပြင် သူတို့နှစ်ယောက်ကြားမှာရှိနေတဲ့ အမုန်းတရားနဲ့လဲ လက်စားချေချင်စိတ်တွေက သေချာပေါက် ဖြေရှင်းလို့မရနိုင်ပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့လဲ သူတို့ရောက်နေတာကအမျက်ဒေါသကျောင်းတော်ဖြစ်နေခဲ့တယ်။ ဒါကြောင့် ဟို့ယွိဟောင်လဲ သူ့မှာအစွမ်းအစရှိနေတာတောင် ထိုက်ဟွပင်းကိုဒီနေရာမှာသတ်လို့မရတာတော့အမှန်ပါ။ ဒါကြောင့် ထိုက်ဟွပင်းအမှားလုပ်ဖို့ကိုလှည့်စားဖို့တွေးခဲ့ပါတယ်။ ထိုက်ဟွပင်းသာ လွန်ကျူးတာတစ်ခုခုကိုဒေါသထွက်ပြီလုပ်ခဲ့မယ်ဆိုရင် သေချာပေါက် ဖြစ်လာမဲ့ရလဒ်ကပြောဖို့ခက်မှာပါ။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ပါစေထိုက်ဟွပင်းကတော့ အေးဆေးတည်ငြိမ်နေခဲ့ပါတယ်။ အရင်ကလိုမျိုးဒေါသထွက်လွယ်တဲ့သူမဟုတ်တော့ပါဘူး။ ဟို့ယွိဟောင်သူ့ကိုအရှက်ခွဲဖို့လုပ်တာတောင်မှ သူ့ကိုယ်သူတည်ငြိမ်အောင်ထိန်းချုပ်နိုင်နေခဲ့တယ်။ ဒီအတိုင်းထွက်သွားတယ်ဆိုတဲ့ကိစ္စက သူတို့တွေအရင်ကလိုအခြေအနေမျိုးနဲ့သာဖြစ်မယ်ဆိုရင် တွေးတောင်တွေးမိမဲ့ကိစ္စမဟုတ်တာပါပဲ။
ဒီကောင်လေး ရင့်ကျက်လာပြီပဲ ဟို့ယွိဟောင်သူ့ဘာသာသူတွေးလိုက်မိပါတယ်။ ထိုက်ဟွပင်းကိုကြည့်ရင်း အရင်တုန်းကသူ့နဲ့အတူတူရင်ဘောင်တန်းပြီတိုက်ခိုက်ခဲ့တဲ့ ထိုက်ယွဲ့ဟန်အကြောင်းကို သူချက်ချင်းဆိုသလို သတိရမိသွားတော့တယ်။
ထိုက်ယွဲ့ဟန်ကတော့ ကျောင်းတော်ကနေထွက်ခွာသွားခဲ့ပါပြီ။ ဖြစ်နိုင်တာကတော့ ကျားဖြူမြို့စားမင်းနဲ့အတူ စစ်မြေပြင်မှာတိုက်ခိုက်နေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါ့အပြင် သွေးရင်းသားရင်းဆက်နွယ်မှုကို ကြည့်မယ်ဆိုရင် သူတို့နှစ်ယောက်စလုံးက ဟို့ယွိဟောင်ရဲ့အစ်ကိုကြီးတွေပါပဲ။
အစ်ကိုကြီးတွေတဲ့ ခေါ်ဖို့ကထူးဆန်းလိုက်တာ ဟို့ယွိဟောင်သူ့ဘာသာသူတွေးရင်းနဲ့ ရယ်လိုက်မိပါတယ်။ ရှု့စန်းရှီက ဟို့ယွိဟောင်ရဲ့ဘေးကိုရောက်လာခဲ့ပါတယ်။ သူ့လက်ထဲမှာရှိတဲ့၀ိုင်ခွက်ကိုပြောင်ရှင်းတဲ့အထိ သောက်လိုက်ပြီမှသာ သူမေးလာခဲ့တယ်။
” ထိုက်ဟွပင်းဆိုတဲ့ကောင်က မင်းနဲ့ဘာလုပ်ချင်လို့လဲတဲ့ ”
” မနက်ဖြန် ပင်လယ်နတ်ဘုရားကံကြမ္မာမှာတွေ့မယ်လို့ ပြောသွားတယ် ”
” ကြည့်ရတာ သူ့ကမင်းကိုပြဿနာရှာချင်နေပုံပဲ ယွိဟောင် မင်းတအားကြီးကိုယ့်ကိုကိုယ်အထင်ကြီးနေလို့မရဘူး…ထိုက်ဟွပင်းက လွန်ခဲ့တဲ့နှစ်နှစ်မှာအရမ်းတိုးတက်လာတယ် ”
ဟို့ယွိဟောင် ရှု့စန်းရှီကို တအံ့တဩကြည့်လိုက်မိပါတယ်။ သူ့ရဲ့တတိယဆရာအစ်ကိုကြီးက အမြဲတမ်းကိုယ့်ကိုကိုယ်အထင်ကြီးတတ်တဲ့သူလို့ နားလည်ထားခဲ့တယ်။ ဒါပေမယ့် ထိုက်ဟွပင်းကိုဒီလောက်အထိ မြင့်မြင့်မားမားတွက်ချက်ထားမယ်ဆိုရင်တော့ သူမမျှော်လင့်ထားခဲ့မိပါဘူး။
” မင်းတို့ရဲ့အုပ်စုတန်းမှာပါရမီရှင်တွေအများကြီးပဲ မင်း ၀မ်သုန့်နဲ့ ရှောင်းရှောင်းအားလုံးကအတွင်းနယ်မြေထဲကို၀င်ပြီးပြီ ဒါ့အပြင် တော်တော်များများကျောင်းသားတွေကလဲ အတန်းကျော်ပြီတော့အတွင်းနယ်မြေထဲကို၀င်လာကြတယ် ”
” ထိုက်ဟွပင်းအပြင် တခြားသူရှိသေးတာလား ”
” နောက်ထပ်သုံးယောက်ရှိသေးတယ်…ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကိုပိုင်ဆိုင်တဲ့ နင့်ထျန်း တိုက်ခိုက်ရေးအမျိုးအစားနဂါးနီကိုပိုင်ဆိုင်ထားတဲ့၀ူဖုန်းအပြင် အဲ့ဒီခုခံရေးအမျိုးအစားရော်ဘာတုံးကြီးကိုပိုင်ဆိုင်ထားတဲ့ ရှဲ့ဟွမ်ယွဲ့လဲပါတယ်…ဟုတ်တယ် ဟိုမှာအဲ့ဒီကောင်လေ ”
ဟို့ယွိဟောင်လဲ ရှု့စန်းရှီပြတဲ့နေရာကိုကြည့်လိုက်ချိန်မှာတော့ ရှဲ့ဟွမ်ယွဲ့ကိုတွေ့လိုက်ရပါတယ်။
ရှဲ့ဟွမ်ယွဲ့လဲ အခုနှစ်မှာတော်တော်လေးအရပ်ရှည်လာခဲ့ပါပြီ။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ကြီးက အရင်ကထက်တောင်ပို၀လာပါသေးတယ်။ ရုပ်ရည်သွင်ပြင်ကတော့အနည်းငယ်ပြောင်းလဲသွားပုံပါပဲ။
လူတိုင်းက အရွယ်ရောက်လာချိန်မှာ ခန္ဓာကိုယ်နဲ့ရုပ်သွင်ကို ပြောင်းလဲသွားကြပါတယ်။ ထိုက်ဟွပင်းက သူ့အနားကိုလျှောက်သွားပြီ တစ်စုံတစ်ယောက်ရဲ့အကြည့်က ရှဲ့ဟွမ်ယွဲ့ဆီကိုရောက်လာပါတော့တယ်။ သူတို့တွေအကြည့်ချင်းဆုံသွားချိန်မှာတော့ ဟို့ယွိဟောင်က သူ့လက်ထဲက၀ိုင်ခွက်ကို မြောက်လိုက်ပါတယ်။ ရှဲ့ဟွမ်ယွဲ့နဲ့ ပတ်သက်ပြီသူမကျေနပ်တာတွေ မုန်းတီးနေတာတွေဘာမှရှိမနေခဲ့ပါဘူး။ ဒါကြောင့် တစ်ဖက်လူကလဲ သူ့ကိုခေါင်းညိတ်ပြလိုက်ပါတယ်။
” သူတို့တွေ အတွင်းနယ်မြေထဲကို၀င်ခွင့်ရမယ်ဆိုတာ မင်းတွေးထားတာရှိလား ”
ရှု့စန်းရှီက မေးလာခဲ့တယ်။
” သူတို့တွေ အဆင့်ငါးဆယ်ကိုကျော်ဖြတ်ပြီလောက်ပြီမလား ”
” ကျောင်းတော်ထဲမှာတော့ လုံး၀ပါရမီရှင်လို့ပြောလို့ရတယ်လေ မင်းနဲ့ ၀မ်သုန့်လိုပဲပေါ့ သူတို့မှာအမြွှာသိုင်းပညာ၀ိညာဥ်မရှိပေမဲ့ သူတို့ရဲ့သိုင်းပညာ၀ိညာဥ်က အတော်ကြီးကိုအင်အားကောင်းလွန်တယ်…အထူးသဖြင့် ထိုက်ဟွပင်းပဲ လွန်ခဲ့တဲ့နှစ်မှာကြိုးစားအားထုတ်ခဲ့ရတာတွေအားလုံးက အတော်ကြီးကိုထူးချွန်နိုင်တယ်လို့ပြောလို့ရနိုင်တယ် ”
” အခုသူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်ငါးဆယ်ကိုကျော်နေလောက်ပြီ ဒါ့အပြင် အပြင်နယ်မြေမှာ ဒီနှစ်ဆက်တိုက်သင်ကြားနေရတဲ့အတွက် ၀မ်သုန့်လိုမျိုးအားသာချက်တွေသိပ်မရှိဘူး…ဒါ့အပြင် လက်ရှိအချိန်မှာ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင် နောက်နှစ်နှစ်အတွင်းအဆင့်ခြောက်ဆယ်ကို ရောက်သွားလိမ့်မယ်…အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲမှာ နန်နန်နဲ့ ရှောင်းရှောင်းနှစ်ယောက်တောင်မှ သူ့လောက်မမြန်နိုင်ဘူး ”
” ကျွန်တော်လဲ နှေးတယ်လေ ”
ရှု့စန်းရှီက သူ့နောက်ကျောကိုရိုက်ချလိုက်ပါတော့တယ်။
” မင်းက ကြောက်စရာကောင်းတဲ့ကောင်ပဲ ဘယ်လိုလုပ်တခြားသူတွေနဲ့ တုလို့ရမှာလဲ ကိုယ့်ကိုကိုယ်အဲ့ဒီလိုပြောလို့မရဘူး…ထိုက်ဟွပင်းက မင်းထက်သန်မာနေတယ်လို့ငါမထင်ပေမဲ့ သူ့ရဲ့အနာဂတ်အလားအလာနဲ့ ပါရမီက အစ်ကိုကြီးထိုက်ယွဲ့ဟန်ထက်တောင် ပိုသာနေသေးတယ်…အကယ်၍ မနက်ဖြန် သူမင်းကိုလာပြဿနာရှာ၀ံ့တယ်ဆိုရင် သေချာပေါက်သတိထားရမယ်…ဒါကဘ၀မှာအဓိကအလှည့်အပြောင်းဖြစ်မဲ့ကိစ္စကြီးနဲ့ သက်ဆိုင်နေမှာနော် ”
” တတိယအစ်ကိုကြီး အစ်ကိုကြီးပြောပုံအရဆိုရင် ကျွန်တော်မနက်ဖြန်သေချာပေါက် ကျွန်တော်မြတ်နိုးရမဲ့သူကို သေချာပေါက် ရှာတွေ့မယ်ဆိုတဲ့လေသံမျိုးဖြစ်နေတယ် ”
ရှု့စန်းရှိီကတော့ သူနဲ့အတူရယ်မောရင်းနဲ့သာ ပြောလာခဲ့ပါတယ်။
” မင်းသာခေါင်းမရှိပဲ တုံးအရူးမိုက်မိုက်မဲနေတဲ့အရူးတစ်ကောင်မဟုတ်ဘူးဆိုရင် သူ့ကိုရှာတွေ့မှာပါ ”
ဟို့ယွိဟောင်လဲ ဒီစကားကိုကြားချိန်မှသာ ရှု့စန်းရှီရဲ့စိတ်ပူပန်မှုကို သူနားလည်သွားပါတော့တယ်။ ဒါ့အပြင် သူကိုယ်တိုင်လဲ အနည်းငယ်စိတ်ဖိစီးလာခဲ့ပါပြီ။
” လာပါ နောက်ထပ်နည်းနည်းလောက် ထပ်သောက်ရအောင် ကျောင်းတော်ကငါတို့ကိုဒီလို၀ိုင်အရက်မျိုးသောက်ခွင့်ပေးတာ ရှားပါးတယ် ..ဒါ့အပြင် အရည်အသွေးကလဲ တော်တော်လေးကောင်းတယ်လေ သေချာပေါက် အနည်းဆုံးဆယ်နှစ်ကျော်လောက်သက်တမ်းရှိနေပြီ ဒီထည့်ထားတဲ့ဘူးကြီးတွေကလဲ အတော်လေးတန်ကြေးရှိတယ်…ပေ့ပေ့ကြည့်လိုက်ပါဦး အဲ့ဒီအသုံးမကျတဲ့ကောင်စုတ်ကတော့လား ”
ပေ့ပေ့က လက်ရှိအချိန်ဟယ့်ချိုက်ထို့နဲ့ တခြားတစ်ဖက်မှာစကားပြောနေခဲ့တာပါ။ သူတို့တွေက ၀ိုင်ပုလင်းတွေကိုစောင့်ကြပ်နေတဲ့အတိုင်း ဘေးတည့်တည့်မှာရပ်နေခဲ့ပါတယ်။ ဒါ့အပြင် ပေ့ပေ့က ဆက်တိုက်ဆိုသလို ၀ိုင်အရက်တွေကိုရေငှဲ့နေသလိုသောက်ချနေတာပါ။ ဆက်တိုက်ဆိုသလို နှစ်ခွက်သုံးခွက်ကို တစ်ပြိုင်နက်ထဲဖြည့်လိုက်သောက်လိုက်လုပ်နေခဲ့ပါတယ်။ ဟယ့်ချိုက်ထို့က ဘယ်လောက်ပဲခန္ဓာကိုယ်ကြီးမားပါစေ ပေ့ပေ့လောက်တော့အမြန်ကြီးမသောက်နိုင်ပါဘူး။
ရှု့စန်းရှိီကတော့ မျက်မှောင်ကြုတ်ရင်းနဲ့ သက်ပြင်းချလိုက်ပါတယ်။
” လွန်ခဲ့တဲ့နှစ်နှစ်မှာ ပေ့ပေ့အတော်ကြီးကို စိတ်ဖိစီးနေခဲ့တာ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်မိပါတယ်။ ရှု့စန်းရှီပြောချင်တာကို သူချက်ချင်းနားလည်ခဲ့တယ်။
” ဒီလိုကျယ်ပြောတဲ့လောကကြီးမှာ လူတစ်ယောက်ကိုရှာဖို့ဆိုတာတကယ်ခက်ခဲလွန်တယ်နော် ရှောင်ယာ့မှာတစ်ခုခုဖြစ်သွားတာဖြစ်နိုင်မှန်း ငါတို့သိပေမဲ့ သူကတော့ မယုံနိုင်ဘူး…ညတိုင်းညတိုင်းဒီလိုမျိုးအမူးသောက်နေတဲ့သူကို ငါမြင်ရပေါင်းမနည်းရှိနေပြီ.အပေါ်ယံမှာ မာမာကြောကြောပုံစံရှိနေပေမဲ့သူ့ရဲ့နှလုံးသားက အရမ်းကြီးထိခိုက်လွယ်လွန်တယ်…ရှောင်ယာ့က သူ့ဘ၀မှာအများကြီးအရေးပါတာကြောင့်လဲ ဖြစ်နိုင်ပါတယ် ”
ဟို့ယွိဟောင်လဲ လက်သီးကိုဆုပ်လိုက်မိပြန်ပါတယ်။
” ဆရာရှောင်ယာ့ အဆင်ပြေမှာပါ ”
အပိုင်း ၂၁၁•၁ ပြီး၏။