အပိုင်း ၂၁၀•၁
” ပင်လယ်နတ်ဘုရားရေကန်မှ ပင်လယ်နတ်ဘုရားရဲ့ကံကြမ္မာလား ”
°°°
ဟို့ယွိဟောင်ကတော့ သူတစ်ကိုယ်လုံးမှာဖုန်တွေသဲတွေပေကျံနေတာကို ခါချလို့နေခဲ့ပါတယ်။
” ကျွန်တော်ဒီအတိုင်းထိုင်နေလို့မရဘူးလေ လွန်ခဲ့တဲ့နှစ်နှစ်မှာထန်မျိုးနွယ်တည်ဆောက်တာကို မပါ၀င်လိုက်ရလို့ အခုကိုယ်တိုင်ပါ၀င်ချင်တယ် ”
” မျိုးနွယ်စုအတွက် မင်းကြိုးစားအားထုတ်ခဲ့ရတာတွေကို ဒီလိုမျိုးနှိမ့်ချပြစ်လို့မရဘူးလေ အင်အားကြီးပြီလွှမ်းမိုးမှုအားကောင်းတဲ့ မျိုးနွယ်စုတစ်ခုဆိုတာ နေ့ချင်ညချင်ဖြစ်လာတာမဟုတ်ဘူး…ငါအရင်ကပြောခဲ့တဲ့ပွဲအကြောင်းကို မင်းမှတ်မိသေးတယ်မလား အဲ့ဒါကမနက်ဖြန်ကျင်းပမှာ ဒီတော့ထန်မျိုးနွယ်မှာညနက်အောင်နေလို့မရဘူး…မင်းပင်လယ်နတ်ဘုရားခန်းမဆောင်ကို ငါနဲ့လိုက်ခဲ့တော့ စန်းရှီနဲ့ ချိုက်ထို့လဲလိုက်ရမယ်..ငါတို့တွေဒါမှမနက်ဖြန်ပွဲကိုတက်ဖို့လွယ်မှာ ”
ဟို့ယွိဟောင်လဲ သူ့အစ်ကိုကြီးပြောတာကို သိပ်ပြီးငြင်းပယ်စရာမရှိပါဘူး။ ဒါကြောင့် ခေါင်းညိတ်ပြီတော့သာ သူ့အလုပ်သူပြန်လုပ်နေပါတော့တယ်။
သူတို့တွေက လာမဲ့လအနည်းငယ်အတွင်းမှာပဲ တိုက်ကြီးရဲ့အဆင့်တက်လက်ရည်ယှဥ်ပွဲကို ပြိုင်ရတော့မှာပါ။
ရှု့စန်းရှီနဲ့ ပေ့ပေ့တို့လဲ အပေါ်ယံမှာအေးဆေးနေကြပေမဲ့ သူတို့ရဲ့ဦးဆောင်မှုက ကျောင်းတော်အတွက် အင်မတန်ကိုအရေးကြီးတယ်ဆိုတာကို လူတိုင်းသိပါတယ်။ အထူးသဖြင့် ဒီပြိုင်ပွဲကိုတောက်ပရောင်စဥ်မြို့တော်မှာ ကျင်းပမှာဖြစ်တဲ့အတွက် သူတို့တွေအတွက်အာရုံစိုက်ရမဲ့ကိစ္စတွေက ပိုများနေခဲ့တယ်။
ဟို့ယွိဟောင်လဲ ထန်မျိုးနွယ်ကို တစ်လအတွင်းမှာသေချာလေးအခြေချပေးချင်ပါတယ်။ ဒါမှသာအစောပိုင်းရက်ကသူတို့အစိီအစဥ်ဆွဲခဲ့တဲ့အတိုင်း အကောင်အထည်ဖော်နိုင်မှာပါ။ ထန်မျိုးနွယ်ရဲ့မျိုးနွယ်စုအခွဲတွေကို သူဆက်ပြီတည်ထောင်ချင်ပါတယ်။ ဒါမှသာဘယ်လိုအာရုံလွဲစရာမှမရှိပဲ သေချာလေးတံခါးပိတ်ကျင့်ကြံနိုင်မှာပါ။ ဒါ့အပြင် ပြိုင်ပွဲကြီးမစခင်မှာ သူလုပ်ဖို့လိုတဲ့အရေးကြီးကိစ္စတစ်ခုလဲရှိပါသေးတယ်။ စိတ်၀ိညာဥ်မျက်လုံးအတွက် ငါးခုမြောက်၀ိညာဥ်စက်ကွင်းကို ရယူဖို့ပါပဲ။
မဟာကြယ်တာရာသစ်တောထဲမှာရှိနေတဲ့ ၀ိညာဥ်သားရဲကောင်တွေရဲ့အရည်အသွေးက ကြယ်တာရာလော့နိုင်ငံတော်ကျန်းယန်တောင်ကြောထက်အများကြီးအရည်အသွေးကောင်းပါတယ်။ ဒါ့အပြင် အကယ်၍ သူသာအချိန်လုံလုံလောက်လောက်သာရှိလို့ကတော့ သင့်တော်တဲ့တစ်ခုကိုရှာတွေ့နိုင်မယ်လို့ယုံကြည်ချက်ရှိနေခဲ့တယ်။
သူအစ်ကိုကြီးပြောခဲ့တဲ့ပွဲအကြောင်းကိုလဲ သူသိပ်ပြီမတွေးမိပါဘူး။ ဒါပေမယ့် အစောပိုင်းရက်မှာတွေ့ခဲ့တဲ့မိန်းမငယ်လေးကတော့ စိတ်ထဲမှာနောက်တစ်ဖန်ပေါ်လာခဲ့ပါတယ်။
ဟို့ယွိဟောင်မှာ အမြဲတမ်းစိတ်ကူးအိပ်မက်တစ်ခုရှိခဲ့တယ်။ ဒါကတော့ ထန်မျိုးနွယ်အရင်လိုစည်ပင်တိုးတက်ပြီ ကြွယ်၀လာဖို့ပါပဲ။ ဒါကမျိုးနွယ်တင်မကပဲ မျိုးနွယ်စုရဲ့လျှို့၀ှက်လက်နက်တွေကို သူတိုလက်ဆင့်ကမ်းဖို့ပါနေခဲ့သေးတယ်။ ထန်မျိုးနွယ်နဲ့ပတ်သက်ပြီ သူ့ရဲ့သံယောဇဥ်တွယ်မှုက အရမ်းကိုနက်ရှိုင်းနေခဲ့ပါပြီ။ ဒါ့အပြင် ထန်ယာ့အတွက်လဲ ဒီအိပ်မက်ကိုသူမက်နေခဲ့တာပါ။
ဟို့ယွိဟောင်ဘ၀မှာဆရာလို့ပထမဆုံးခေါ်တဲ့သူက ထန်ယာ့ပါပဲ။ ပေ့ပေ့က ထန်ယာ့ထက် သူ့ကိုအများကြီးညွှန်ပြပေမဲ့ သူတို့နှစ်ယောက်စလုံးက သူ့နှလုံးသားထဲမှာခိုင်မာပြီနက်ရှိုင်းတဲ့နေရာတစ်ခုရယူထားပြီသားပါ။
ဘ၀ရဲ့အခက်အခဲဆုံးအခြေအနေနဲ့ အခက်အခဲဆုံးနေ့ရက်တွေမှာ သူတို့နဲ့တွေ့ဆုံခဲ့သလို သူတို့ကပဲ ဟို့ယွိဟောင်ကိုအမျက်ဒေါသကျောင်းတော်ဆီခေါ်လာခဲ့ပါတယ်။ ဒါ့အပြင် ထန်မျိုးနွယ်ရဲ့လျှို့၀ှက်နည်းလမ်းတွေကိုလဲသင်ကြားပေးခဲ့တယ်။ အဲ့ဒီနေ့ကို သူဘယ်တော့မှမေ့နိုင်မဟုတ်ပါဘူး။ အဲ့ဒီနေ့ကစပြီ သူ့ရဲ့ဘ၀ကြီးတစ်ခုလုံးက ပြောင်းလဲသွားတာပါ။
ထန်ယာ့ပျောက်ဆုံးသွားချိန်မှာ ပေ့ပေ့လိုပဲ သူလဲထပ်တူနာကျင်ပြီ အံ့ဩထိတ်လန့်ခဲ့ရတဲ့အပြင် စိတ်ခြောက်ခြားမှုကိုဖော်ပြလို့တောင်မရပါဘူး။ ဒါပေမယ့် ၀မ်းနည်းနေတဲ့ပေ့ပေ့ရှေ့မှာဒါမျိုးကိုဘယ်လိုထုတ်ဖော်ပြလို့ရမှာလဲ။
အခုလက်ရှိအချိန်အထိတောင် ထန်ယာ့နဲ့ပတ်သက်ပြီ ဘာသတင်းစကားမှမကြားရသေးပါဘူး။ သူ့အစ်ကိုကြီးရဲ့ မျက်လုံးတွေထဲမှာ ဘယ်လိုပဲပြုံးနေပါစေ ကြေကွဲနေတဲ့အရိပ်အယောင်တွေကို သူမြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် နှစ်နှစ်တာအချိန်က ကုန်ဆုံးလို့သွားခဲ့ပြီးပါပြီ။ ပေ့ပေ့ကလဲ သူ့ရဲ့အသက်အရွယ်ထက်တောင်အများကြီးပိုပြီးရင့်ကျက်လို့လာခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာအပေါ်ယံကရယ်မောနေပေမဲ့လဲ ဘယ်လောက်တောင်နာကျင်မှုနဲ့ ၀မ်းနည်းမှုတွေကို ခံစားခဲ့ရမလဲဆိုတာ သူမသာသိနိုင်မှာပါ။
ထန်ယာ့အတွက် ဟို့ယွိဟောင်လုပ်ပေးနိုင်တဲ့တစ်ခုတည်သောအရာက သူ့မအိပ်မက်တွေကိုအကောင်အထည်ဖော်ပေးဖို့ပါပဲ။ ထန်မျိုးနွယ်ကလူတိုင်းလဲ တူညီတဲ့အိပ်မက်ရှိနေခဲ့တယ်။ ဒါကတော့အရင်လိုမျိုးအောင်မြင်ပြီစည်ပင်ကြွယ်၀ဖို့ပါပဲ။
ပေ့ပေ့က ဒီလိုမျိုးရည်မှန်းချက်ထားရှိတဲ့အတွက်သာ အစောပိုင်းကနဦးကနာကျင်မှုနဲ့ ခံစားရမှုတွေအားလုံးကို ကြံ့ကြံ့ခံနေထိုင်နေခဲ့ရပါတယ်။ သူရဲ့ကိုယ်ပိုင်ကျင့်ကြံမှုက ဘယ်လောက်ပဲအရေးကြီးပါစေ ဟို့ယွိဟောင်ကတော့ ထန်မျိုးနွယ်ကိုသာဦးစားပေးဖို့သာစိတ်ကူးလို့ထားခဲ့တယ်။ ဒါ့အပြင် တွေဝေမှုမရှိ နောင်တမရှိပဲနဲ့ ထန်မျိုးနွယ်အတွက်ကို လိုလိုလားလားစတေးမှာပါ။
ပေ့ပေ့ အတော်လေးကိုပိန်ပါးသွားခဲ့မှန်း ဟို့ယွိဟောင်ကြည့်လိုက်ရုံနဲ့တင် ပြောနိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာသူမသိပါဘူး။ ဒါကြောင့် ထန်မျိုးနွယ်အတွက် သူအားသွန်ခွန်စိုက်အလုပ်လုပ်ရုံသာရွေးချယ်နိုင်ခဲ့ပါတော့တယ်။ သူမျှော်လင့်မိတဲ့တစ်ခုတည်သောအရာကတော့ အစ်ကိုကြီးရဲ့၀န်ထုတ်၀န်ပိုးတွေနဲ့ ခံစားရတာတွေကို သူတတ်နိုင်သလောက်ခွဲဝေးပြီတာ၀န်ယူပေးဖို့ပါပဲ။
ဒုတိယအကြိမ် ပေ့ပေ့လာရှာချိန်မှာတော့ ဟို့ယွိဟောင်က အရမ်းကိုအာရုံစူးစိုက်မှုအပြည့်နဲ့ ဗျူဟာတစ်ခုကိုထွင်းထုလို့နေခဲ့ပါတယ်။
ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့သမိုင်းတစ်လျှောက်အငယ်ဆုံးအဖွဲ့၀င်က လက်ရှိအချိန်သတ္ထုထွင်းထုရေးနယ်မြေရဲ့ သစ်သားခုံတစ်ခုပေါ်မှာထိုင်နေခဲ့ပါတယ်။ တစ်ကိုယ်လုံးဖုန်တွေအညစ်အကြေးတွေအပြည့်နဲ့ ပေပွနေခဲ့ပြီ ဆံပင်တွေကလဲရှုပ်ပွကာမသပ်မရပ်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အာရုံစူးစိုက်မှုကြောင့် မျက်လုံးတွေကတော့ ထူးထူးခြားခြားကြီးကိုတောက်ပလို့နေခဲ့ပါတယ်။
” ညီငယ်လေးကတကယ်အရွယ်ရောက်လာပြီပဲ ပေ့ပေ့ရဲ့မျက်နှာပေါ်မှာ ပီတိဖြာနေတဲ့အပြုံးတစ်ခုက ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လဲ ချက်ချင်းဆိုသလို မျက်ရည်တွေက ရစ်ဝဲလို့လာခဲ့တယ်။
ရှောင်ယာ့ မင်းရောဘယ်ရောက်နေလဲ မင်းအသက်ရှင်နေသေးတယ်မဟုတ်လား ထန်မျိုးနွယ်ကအခုလမ်းမှန်ပေါ်မှာရောက်နေပြီ ငါပေးခဲ့တဲ့ကတိကိုငါတည်နိုင်တာနဲ့မင်းကိုလာရှာမယ်။ အချိန်ဘယ်လောက်ပဲကြာကြာ ငါမင်းကိုဆက်ပြီရှာဖွေနေမယ်။ တစ်ဘ၀တာလုံးရှာဖွေရမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ မင်းကိုမတွေ့မချင်ငါလုံး၀မရပ်တန့်ဘူး။ အကယ်၍ ငါမင်းကိုမရှာနိုင်တယ်ဆိုရင်တောင် တခြားလောကတစ်ခုကိုသွားတဲ့လမ်းမှာငါမင်းနဲ့ဆုံတွေ့ရမယ်လို့ယုံကြည်တယ်။
သူ့ရဲ့ပြန့်လွှင့်သွားတဲ့စိတ်ကို အသက်ပြင်းပြင်းရှုသွင်းရင်းနဲ့ ပြန်ထိန်းချုပ်လိုက်ပြီ စိတ်ခံစားချက်တွေကို တည်ငြိမ်အောင်လုပ်လိုက်ရပါတော့တယ်။ သူကထန်မျိုးနွယ်ရဲ့ အကြီးဆုံးအစ်ကိုကြီးပါ။ ဒါကြောင့် ဒီလိုမျိုးအားနည်းပြီ ပျော့ညံ့တဲ့ဘက်ခြမ်းကိုသူ့ရဲ့ညီငယ် ညီမငယ်တွေဆီပြမှာမဟုတ်ပါဘူး။ အနည်းဆုံးတော့ အပေါ်ယံမျက်နှာပြင်ပေါ်မှာထိန်းသိမ်းထားရပါ့မယ်။ သူတို့တွေကို သူ့ကြောင့်၀မ်းနည်းတာမျိုးမဖြစ်စေချင်သလို အတွေးမှားတွေလဲမ၀င်စေချင်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက်သူအကောင်းဆုံးကြိုးစားပြီပြုံးနေခဲ့တယ်။
ပေ့ပေ့က ဟို့ယွိဟောင်အနားလျှောက်လာရင်း ပြောလာခဲ့ပါတယ်။
” ညီငယ်လေး ဘာလို့အခုအထိဒီမှာရှိနေသေးတာလဲ သွားဆေးကြောပြီတော့ အ၀တ်အစားလဲလိုက်တော့ ပင်လယ်နတ်ဘုရားခန်းမဆောင်ကိုသွားကြမယ်”
ဟို့ယွိဟောင်လဲ ဟုတ် ဟုတ်လို့သာ ပါးစပ်ကပြန်ဖြေလိုက်ပေမဲ့ လက်ကတော့အရှိန်မလျှော့ပါဘူး။ ပေ့ပေ့လဲ ဟို့ယွိဟောင်လက်ထဲမှာရှိနေတဲ့ ထွင်းထုရေးဓားကဆက်တိုက်လှည့်ပတ်နေတာကို မြင်တွေ့နေခဲ့ရပါတယ်။
ဟို့ယွိဟောင်က ဒီဓားကိုသုံးချိန်မှာ တကယ်ကိုမြန်ဆန်းလွန်လှတယ်။ သတ္ထုအပိုင်းအစတွေက မြေပြင်ပေါ်ကိုတတောက်တောက်ကျနေသလို အင်မတန်ကိုလက်ရာမြောက်တဲ့အခင်းအကျင်းက သူ့လက်ထဲမှာပေါ်လာခဲ့ပါပြီ။
ပေ့ပေ့လဲ သူ့ကိုထပ်ပြီမလောတော့ပါဘူး။ ၀ိညာဥ်လက်နက်တွေကို ထွင်းထုတဲ့နေရာမှာအတတ်ပညာရှင်တွေက အင်မတန်ကိုအာရုံစိုက်မှန်း သူသိပါတယ်။ဒါ့အပြင် သူတို့ကနှောင့်ယှက်ခံရမှာကိုအကြောက်ဆုံးပါပဲ။ ပေ့ပေ့လဲ ဒီအတိုင်းသာဟို့ယွိဟောင်ကိုရပ်ကြည့်နေခဲ့တော့တယ်။ ဟို့ယွိဟောင်ကတော့ တကယ်ကြီးကိုအရွယ်ရောက်လာခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်နှစ်ကထက်ကိုအရပ်ရှည်လာခဲ့သလို အရမ်းလဲသန်မာကြံ့ခိုင်လာခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့တည်ငြိမ်မှုနဲ့အေးဆေးမှုတွေအားလုံးက တစ်ခါတစ်လေမှာ ရှု့စန်းရှီကြီးကိုမြင်နေရတဲ့အတိုင်း တစ်ထပ်ထဲကိုကျနေခဲ့တယ်။
လွန်ခဲ့တဲ့နှစ်နှစ်မှာသူတို့တွေစာပို့နေတာမရပ်ခဲ့ပါဘူး။ ဟို့ယွိဟောင်က အခက်အခဲတွေအကြောင်းဘာမှမပြောပေမဲ့ ပေ့ပေ့မှာလဲ သတင်းပို့တဲ့သူတွေကလဲရှိနေပါသေးတယ်။ ဘယ်လိုပဲဖြစ်ပါစေ ဟို့ယွိဟောင်ဆီကနေ ပင်ပန်းတဲ့အငွေ့အသက်နဲ့စကားမျိုးတစ်ခွန်းမှမကြားရပဲ အမြဲတမ်းတက်ကြွနေတာကိုမြင်ရတဲ့အတွက် သူလဲထိတ်လန့်ခဲ့ရတယ်။ ဟို့ယွိဟောင်က မောပန်တာကိုမခံစားရတဲ့စက်ကြီးတစ်ခုအတိုင်းလုပ်နေတာပါ။ ဟို့ယွိဟောင်အခြေအနေကို တကယ်တမ်းမှာတော့ ပေ့ပေ့လဲ စိုးရိမ်နေခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲအကြောင်းကိုသူပြန်စဥ်းစားလိုက်ပြီချိန်မှာတော့ စိုးရိမ်ပူပန်မှုတွေက ဖြည်းဖြည်းချင်းပျောက်သွားခဲ့ပါပြီ။ သူ့ရဲ့နှုတ်ခမ်းက ကောက်ကျစ်တဲ့အပြုံးတစ်ခုကို ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒီနေ့ကတော့ တကယ်ကိုစိတ်လှုပ်ရှားရမဲ့နေ့ပါပဲ။
ဆယ့်ငါးမိနစ်ကြာပြီချိန်မှာတော့ ဟို့ယွိဟောင်လဲပြီးသွားခဲ့ပါပြီ။ သူခပ်မြန်မြန်ထရပ်ရင်းနဲ့ အပြင်ကိုလျှောက်သွားပါတော့တယ်။ အဲ့ဒီနောက် ဒီဗျူဟာအခင်းအကျင်းကို ထန်မျိုးနွယ်ရဲ့အလုပ်သမားတစ်ယောက်ရဲ့လက်ထဲကိုအပ်လိုက်တော့တယ်။ အဲ့ဒီအချိန်မှသာ သူသက်ပြင်းချနိုင်တာပါ။
” အစ်ကိုကြီးရှိနေတုန်းလား”
ဟို့ယွိဟောင် ခပ်မြန်မြန်ပဲပြန်ပြေးလာခဲ့တယ်။
” ငါရဲ့ညီငယ်လေးရေ မင်းကငါ့ကိုမင်းဘေးနားမှာရှိတဲ့လေလိုမျိုးသဘောထားနေတာပဲ ငါဒီမှာရပ်စောင့်နေတာကြာပြီ ခုနတုန်းကငါမေးတာကိုတောင် မင်းဖြေလိုက်သေးတယ်လေ ”
ဟို့ယွိဟောင်ကတော့ ခေါင်းသာကုတ်နေခဲ့ပါတယ်။ အစ်ကိုကြီးရဲ့အရှေ့မှာဆိုရင် သူကကလေးတစ်ယောက်လိုပါပဲ။
” မင်းကအရမ်းအာရုံစိုက်လွန်တယ်…အခုမှပြန်လာခါစရှိတာကို ဒီလိုမျိုး ကိုယ်ကိုကိုယ်အပင်ပန်းခံနေတာဘယ်လိုဖြစ်မလဲ ဘေးနားကကြည့်နေတဲ့လူတွေတောင် မင်းပင်ပန်းလွန်လို့လှဲတော့မဲ့ပုံစံကိုမြင်နေရပြီ ဒီလိုသာဖြစ်မယ်ဆိုရင် ကျောင်းတော်က ငါတို့ကိုခွင့်လွှတ်မှာမဟုတ်ဘူး…သွားကြစို့ မြန်မြန်လုပ် ကောင်းကောင်းဆေးကြောသန့်စင်ပြီ အ၀တ်အစားလဲရအောင် ငါတို့ပင်လယ်နတ်ဘုရားခန်းမဆောင်ကိုသွားမယ် ”
ဟို့ယွိဟောင်လဲ မြန်မြန်ဆန်ဆန်ရေချိုးပြီတဲ့နောက် ကျောင်း၀တ်စုံအသန့်တစ်ခုကို လဲလိုက်ပါတော့တယ်။
ပေ့ပေ့ ရှု့စန်းရှီ ဟယ့်ချိုက်ထို့တို့က သူ့ကိုအပြင်မှာစောင့်နေခဲ့ပါပြီ။ ရှု့စန်းရှီကတော့ သန့်ရှင်းသန့်ပြန့်နေတဲ့ဟို့ယွိဟောင်ကိုကြည့်ရင်း လေချွန်လိုက်ပါတယ်။
” မဆိုးဘူးပဲညီငယ်လေးနှစ်နှစ်လောက်မတွေ့ရတာနဲ့ မင်းယောကျ်ားပီပီသသကြီးဖြစ်လာပြီ ”
ဟယ့်ချိုက်ထို့ကလဲ ၀င်ပြောလာခဲ့ပါတယ်။
” ဒါဘယ်လိုကြီးချီးမွမ်းနေတာလဲ အရင်တုန်းက ညီငယ်လေးကယောကျ်ားစစ်စစ်မဟုတ်ဘူးလို့ ပြောချင်တာလား ”
” ငါပြောချင်တာက အခုအချိန်မှာကောင်မလေးတစ်ယောက်ကို ရှာဖို့အချိန်ကြပြီလို့ပြောချင်တာပဲ ”
ရှု့စန်းရှီက ရယ်မောရင်းနဲ့ ပြန်ဖြေလာခဲ့တယ်။
ဟယ့်ချိုက်ထို့ရဲ့မျက်နှာက တစ်ခုခုကိုတွေးမိတဲ့အတိုင်းမျက်နှာတွေနီရဲလို့သွားပါတော့တယ်။ သူက အကူအညီတောင်းတဲ့ပုံစံနဲ့ ပေ့ပေ့ကိုလှမ်းကြည့်ရင်းပြောလာခဲ့တယ်။
” ကျွန်တော်ရောဘယ်လိုလဲ ”
” အဲ့ဒါငါတော့မသိဘူးလေ ကိုယ်အစွမ်းအစကိုပဲယုံကြည်ရမှာပေါ့ ဒါပေမယ့် မင်းကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိသင့်တယ်…အကယ်၍ မင်းသာနည်းနည်းလေးပိုပြီးမျက်နှာပြောင်အရည်ထူပြီအရှက်မရှိဘူးဆိုရင် အောင်မြင်နိုင်ဖို့အခွင့်အရေးပိုများမှာပေါ့ ”
ဟယ့်ချိုက်ထို့ရဲ့နီရဲနေတဲ့ပါးတွေက သေချာပေါက်သူအသားနေလောင်တာတော့ မဟုတ်ပါဘူး။ တကယ်တော့ အနီးကပ်ကြည့်မယ်ဆိုရင် သူက ရှက်လွန်တာကြောင့်ခရမ်းသီးတစ်လုံးလိုမျိုးခရမ်းရောင်ပြောင်းနေခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ သူ့ဒုတိယအစ်ကိုကြီးရဲ့ မျက်နှာထားကိုမြင်ချိန်မှာအနည်းငယ်အံ့ဩနေခဲ့ပြီ သိလိုစိတ်အပြည့်လဲဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့တတိယအစ်ကိုကြီးကိုမေးလိုက်တော့တယ်။
” ဒုတိယအစ်ကိုကြီးမျက်နှာက ဘာဖြစ်နေတာလဲ ပဟေဠိဖွက်နေကြတာလား ”
” အားလုံးက မနက်ဖြန်ပွဲအတွက်ပဲလေ သွားကြစို့ လမ်းရောက်မှပြောမယ်…အကယ်၍ ငါတို့အခုမသွားဘူးဆိုရင် ပင်လယ်နတ်ဘုရားခန်းမဆောင်မှာညစာအမီရောက်တော့မှာမဟုတ်ဘူး ”
အဲ့ဒီနောက် သူတို့လေးယောက်ထန်မျိုးနွယ်ကနေ ထွက်ခွာရင်းမြို့ထဲကိုဖြတ်လျှောက်နေခဲ့ပါတယ်။ ပေ့ပေ့ ရှု့စန်းရှီတို့နှစ်ယောက်ကတော့ ဒီလမ်းကိုပိုမိုရင်းနှီးတဲ့အတွက် အဓိကဦးဆောင်လာတဲ့သူတွေပါ။ သူတို့တွေက ဒီနေရာကိုခဏခဏလာနေကြဖြစ်တဲ့အတွက် ဟို့ယွိဟောင်လိုမျိုး လမ်းအရမ်းပျောက်တတ်တဲ့သူထက်ဆိုင်ရင်တော့ အများကြီးမြန်ပါသေးတယ်။
” အဲ့ဒါဘာပွဲတော်မျိုးလဲ ”
ဟို့ယွိဟောင်အစပိုင်းမှာမတွေးမိပေမဲ့ ဟယ့်ချိုက်ထို့ရဲ့ပုံမှန်မဟုတ်တဲ့မျက်နှာထားကို မြင်ချိန်မှာသူမေးလိုက်မိပါတော့တယ်။ အခုလက်ရှိအချိန်မှာတော့အရမ်းသိလိုစိတ်များနေခဲ့ပါပြီ။
” ဟာသလေးပြောပြမယ်ညီလေး ဒီနေရာမှာငါတို့လေးယောက်ပဲရှိတယ်ဆိုမှတော့အတော်လေးအဆင်ပြေတယ် ”
” အဲ့ဒါမနက်ဖြန်ပွဲနဲ့ ဘာဆိုင်လဲ ”
” ဘာမှကိုမဆိုင်ဘူး ”
ပေ့ပေ့ကတော့ ရယ်မောရင်းနဲ့ပြောလာခဲ့တယ်။
” ညီငယ်လေးမင်းမသိဘူးလား သူက တမင်တကာစကားလမ်းကြောင်းလွဲနေတာမင်းကိုမပြောပြချင်ဘူး. ”
” ဒါတွေအားလုံးက မင်းရဲ့ကောင်းကျိုးအတွက်ပါပဲဟယ့်ချိုက်ထို့ ဘယ်လိုမျက်နှာထားဘယ်လိုဖြစ်သွားလဲဆိုတာကို မြင်တယ်မလားဒီတော့အကယ်၍မင်းလဲသိနေမယ်ဆိုရင် သူ့လိုမျက်နှာထားဖြစ်လိမ့်မယ်…ဒီတော့ မင်းတို့နှစ်ယောက်စလုံးလူပျိုစစ်စစ်တွေဖြစ်နေတာက ငါအမှားမှမဟုတ်ပဲ ”
ရှု့စန်းရှီက တကယ်ကြီးဘာမှမဖြစ်တဲ့လေသံမျိုးနဲ့ ပြောနေခဲ့ပါတယ်။
ဟို့ယွိဟောင်ကတော့ တစ်ခုခုလွဲနေတာကို သတိထားမိလိုက်ပါပြီ။
” ဒါကကျွန်တော်တို့လူပျိုဖြစ်နေတာနဲ့ ဘာဆိုင်လဲ ”
ပေ့ပေ့ကလဲ အလေးအနက်၀င်ပြောလာခဲ့တယ်။
” လူပျိုစစ်စစ်တွေကို အထင်မသေးကွ ငါလဲလူပျိုစစ်စစ်ပဲ ”
” ဟငါလဲအတူတူပဲလေ အနည်းဆုံးတော့ ငါရဲ့စိတ်ကဖြူစင်သန့်ရှင်းနေသေးတယ် ”
ရှု့စန်းရှီလဲ သူ့ဘာသာသူအလျင်အမြန်ရှင်းပြပါတော့တယ်။
အပိုင်း ၂၁၀•၁ ပြီး၏။