အပိုင်း ၂၀၉•၁
” ၀မ်ချိုးအယ် ”
°°°
ရင်းနှီးတဲ့ခံစားမှု လှပတဲ့အကြည့်နဲ့ နှလုံးသားထဲကနေလာတဲ့ စ်ိတ်လှုပ်ရှားမှုတွေက ဟို့ယွိဟောင်ကို စိတ်ထိန်းချုပ်မှုတောင် လွှတ်သွားစေခဲ့ပါတယ်။ သူချက်ချင်းဆိုသလို လူတစ်ယောက်ကိုတွေးလိုက်မိတယ်။ အလင်းတန်းနတ်မိမယ်ပါ ဟုတ်ပါတယ် ဒါကြောင့်သာ ဟို့ယွိဟောင်အရမ်းကိုရင်းနှီးတဲ့ခံစားချက်ဖြစ်နေတာပါပဲ။ သူ့ရဲ့ရုပ်သွင်ကလုံး၀ကို အလင်းတန်းနတ်မိမယ်နဲ့တစ်ပုံစံထဲတူနေခဲ့တယ်။ ဟို့ယွိဟောင်လဲ သူမရဲ့မျက်နှာကာကို သွားပြီတော့ဆွဲချမိမတတ်ဖြစ်သွားခဲ့ပါတယ်။
” မင်းက ”
ဟို့ယွိဟောင်သူ့အသံတွေတုန်နေတာကို ချက်ချင်းသတိထားမိသွားခဲ့သလို တစ်ဖက်အမျိုးသမီးငယ်လေးကလဲ လန့်သွားခဲ့ပါတယ်။ သူမက လက်တစ်ဖက်ကိုအသုံးပြုပြီးဆံပင်တွေကိုပြန်စုစည်းလိုက်ရင်း ဟို့ယွိဟောင်ဆီကိုလက်ကမ်းလာခဲ့တယ်။
အရမ်းကိုလှပပြီ ရှည်သွယ်တဲ့လက်ချောင်းတွေကလဲ အတော်ကိုရင်းနှီးတဲ့ပုံစံရှိနေခဲ့ပါတယ်။ တကယ်ကိုအလင်းတန်းနတ်မိမယ်နဲ့ သူမကတစ်ပုံစံထဲကို တူညီနေခဲ့တာကြောင့် ဟို့ယွိဟောင်လဲ သူ့စိတ်၀ိညာဥ်ထဲက အော်ဟစ်သံတွေကိုတောင်ခံစားနေခဲ့ရပါပြီ။
” ပြန်ပေးဦး ”
အမျိုးသမီးငယ်ရဲ့အသံက ကျေးငှက်တွေတေးသီးတွေထက်ကို ပိုပြီးနား၀င်ချိုနေခဲ့တယ်။
ဟို့ယွိဟောင်လဲ အသိစိတ်ကင်းမဲ့မှုအပြည့်နဲ့ ကြောင်အနေဆဲဖြစ်ပေမဲ့ သူမရဲ့ခေါင်းစည်းကြိုးကိုတော့ပြန်ပေးလိုက်ပါတယ်။ သူနောက်ထပ်စကားပြောချိန်တောင်မရလိုက်ပဲ အဲ့ဒီအမျိုးသမီး ခေါင်းစည်းကြိုးနဲ့အတူထွက်ပြေးသွားတာကိုသာ မြင်လိုက်ရတော့တယ်။ သူမရဲ့ခန္ဓာကိုယ်က ရွှေရောင်အလင်းတန်းတွေဖြာထွက်နေခဲ့သလို ဟို့ယွိဟောင် သတိပြန်၀င်လာချိန်မှာတော့ သူမက မြင်ကွင်းရှေ့မှာမရှိတော့ပါဘူး။
ဟို့ယွိဟောင်လဲ လက်ရှိအချိန်သူမြင်လိုက်ရတဲ့မျက်နှာကာပေါ်က စကားလုံးသုံးလုံးကိုသာ ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့တယ်။ သူက အဲ့ဒီတစ်ယောက်ပဲ ဖြစ်နိုင်မလား။ ဟို့ယွိဟောင် လုံး၀မတွေဝေတော့ပဲ ချက်ချင်းဆိုသလို အရှိန်မြင့်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်က တဖျတ်ဖျတ်တောက်ပနေရင်း အဝေးမှာရှိတဲ့အရိပ်ကို လိုက်ဖမ်းဖို့လုပ်ပါတော့တယ်။ ဒီမိန်းမငယ်လေးက အမျက်ဒေါသမြို့တော်ကိုဦးတည်နေတာဆိုရင် သူဖြစ်နိုင်တယ်မလား။
တစ်ဖက်ကောင်မလေးကတော့ တကယ်မြန်ဆန်ပါတယ်။ သူမက ထိတ်လန့်သွားတဲ့ငှက်ကလေးတစ်ယောက်လိုပါပဲ။ အခုလက်ရှိအချိန်မှာတော့ အရိပ်တောင်မမြင်ရတော့တဲ့အတွက် ဟို့ယွိဟောင်က အံ့ဩနေခဲ့ရပါပြီ။ သူကမြန်လှချေလား သေချာပေါက် ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့၀ိညာဥ်ဘုရင်မဟုတ်ရင် ၀ိညာဥ်ခြောက်ကွင်းရှိတဲ့၀ိညာဥ်ဧကရာဇ်ပဲဖြစ်ရမယ်။ ၀မ်ချိုးအယ်တဲ့လား ၀မ်သုန့် သူက၀မ်သုန့်ပြောနေတဲ့အမြွှာအစ်မများဖြစ်နိုင်မလား။
ဟို့ယွိဟောင်အရှိန်ကို မလျှော့နိုင်သေးပါဘူး။ စိတ်ထဲမှာတော့ စိုးရိမ်နေဆဲပါပဲ သူမကိုအမီလိုက်နိုင်မလားဆိုတာ မသေမချာဖြစ်နေခဲ့တယ်။ သူက ဘယ်သူလဲဆိုတာဟို့ယွိဟောင်သိနေပေမဲ့ ဟို့ယွိဟောင်ကို တစ်ဖက်လူကမသိပါဘူး။ ဒါကအနည်းငယ်ထူးဆန်းမဲ့ကိစ္စဖြစ်လာပါလိမ့်မယ်။
သူမရဲ့ကျက်သရေရှိမှုနဲ့ တည်ငြိမ်မှုကိုတစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဟို့ယွိဟောင် ချက်ချင်းဆိုသလိုရင်ခုန်မြန်နေခဲ့ပါပြီ။ ဒါက၀မ်သုန့်နဲ့အတူ အလင်းတန်းမိုးတွေကို ပထမဆုံးသုံးချိန်မှာ သူခံစားလိုက်ရတာနဲ့အတူတူပါပဲ။
၀မ်သုန့်က ငါ့ကိုမညာဘူးပဲ သူ့မှာတစ်ပုံစံထဲ ရုပ်တူတဲ့အစ်မရှိနေတယ်။ လှလိုက်တာတကယ်အရမ်းလှလိုက်တာ ငါလက်လျှော့လို့မဖြစ်ဘူး။ သေချာပေါက် ငါသူ့ကိုအမီလိုက်ပြီ ၀မ်သုန့်အစ်မ ဟုတ်မဟုတ်မေးရမယ်။ အရမ်းကြီးလောလို့မရဘူးငါနဲ့ ၀မ်သုန့်အကြောင်းကိုလဲ ပြောပြရမယ်။
ဟို့ယွိဟောင် သူ့ကိုယ်သူနှစ်သိမ့်နေခဲ့ပါတယ်။ ဒါ့အပြင် ဒီတစ်ကြိမ်မှာတော့ အရှိန်ကိုလုံး၀မလျှော့ပဲ သူမြန်မြန်ပြေးပြီလိုက်ဖမ်းနေခဲ့တာပါ။
အမျက်ဒေါသကျောင်းတော်ရဲ့ဂိတ်တံခါးနဲ့ မြို့တော်ရဲ့ဂိတ်တံခါးကအဲ့လောက်မဝေးပါဘူး။ သူနဲ့ သူမကြားမှာရှိတဲ့အကွာအဝေးကို အမီလိုက်နိုင်ဖို့အတွက် အတော်လေးတော့ကြိုးစားအားထုတ်လိုက်ရပါတယ်။ နောက်ဆုံးမှာတော့ သူမလဲအရှိန်လျှော့ပြီ မြို့ထဲကို၀င်သွားခဲ့ပါပြီ။ ဆယ်စက္ကန့်ကြာပြီချိန်မှာတော့ ဟို့ယွိဟောင်လဲ ဂိတ်တံခါးဆီကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ရွေးချယ်စရာမရှိပဲ သူအရှိန်လျှော့လိုက်ရတယ်။ ဒီနေရာမှာနေထိုင်သူအများစုက ပုံမှန်မြို့သူမြို့သားတွေပါ။ ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့အရှိန်နှုန်းနဲ့မြို့အလယ်မှာဖြတ်ပြေးနေတာက မသင့်တော်ပါဘူး။
မြို့ထဲကို၀င်၀င်လာချင်မှာတင် များပြားနေတဲ့လူအုပ်ကြီးကိုတွေ့လိုက်ရပါတယ်။ ဒီနေရာမှာကတော့ အမြဲတမ်းတက်ကြွလှုပ်ရှားနေဆဲပါ။ ဟို့ယွိဟောင် ဘယ်လိုပဲရှာဖွေပေမဲ့ ဒီကောင်မလေးကိုတော့ထပ်မမြင်ရတော့ပါဘူး။
ဟို့ယွိဟောင် မျက်မှောင်ကြုတ်ရင်းနဲ့ နဖူးကြောတွေတောင်တွန့်နေခဲ့တယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့ ဒီလောက်လူအုပ်ထဲမှာသုံးကြည့်လိုက်မယ်ဆိုရင် လူတစ်ယောက်ကိုအာရုံခံနိုင်ဖို့ခက်ခဲမှာပါ။ ဒါ့အပြင် စိတ်၀ိညာဥ်ထောက်လှမ်းမှုကလဲ ပုံမှန်အမြင်နဲ့မတူညီပါဘူး။ မျက်နှာတွေကိုမမြင်နိုင်သလို အဲ့ဒီကောင်မလေးရဲ့ အငွေ့အသက်ကိုလဲအတည်ပြုနိုင်ဖို့ခက်ပါလိမ့်မယ်။
ဟို့ယွိဟောင် သူ့ဘာသာသူခေါင်းကုတ်နေခဲ့ပြီ အတော်လေးလဲဒေါသထွက်နေခဲ့သလို စိတ်လဲပျက်နေခဲ့တယ်။ သူတို့တွေက ကံမဆပ်သေးတာလဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလောက်ကြီးလဲ စိတ်မပျက်လှပါဘူး။ သူ့ရဲ့မိတ်ဆွေနဲ့မကြာခင်မှာတွေ့ဆုံရဦးမှာပါ။
နှစ်နှစ်ကျော်အောင်အပြင်မှာသွားနေခဲ့ရတဲ့အတွက် အခုလက်ရှိအချိန်မှာ သူ့မိတ်ဆွေတွေဘာလုပ်နေမလဲဆိုတာ မသိရသေးပါဘူး။ အကြီးဆုံးဆရာအစ်ကိုကြီးနဲ့ တတိယအစ်ကိုကြီးတို့ရော အဆင်ပြေကြရဲ့လား ဒါ့အပြင် စတုတ္ထအစ်မကြီး ပဥ္စမအစ်မကြီးရော ၀မ်သုန့်လဲကျောင်းတော်မှာရှိနေလား ဒါမှမဟုတ် ထန်မျိုးနွယ်မှာရှိနေမလား ဘယ်လိုပဲဖြစ်ဖြစ်ထန်မျိုးနွယ်ကိုအရင်သွားရမယ်။
သူ့ခါးပတ်ထဲကနေ မြေပုံတစ်ခုကိုဆွဲထုတ်လိုက်ပါတယ်။ ပေ့ပေ့က ဒါကိုပေးခဲ့တာပါ ဒါ့အပြင် မြို့ထဲမှာရှိနေတဲ့ထန်မျိုးနွယ်ရဲ့ အသေးစိတ်နေရာလမ်းညွှန်မှုလဲပါနေခဲ့တယ်။
ထန်မျိုးနွယ်က အတော်လေးကြီးမားတဲ့နေရာတစ်ခုကိုယူပြီတည်ဆောက်ထားတာပါ။ မြို့ထဲရဲ့သီးခြားနယ်မြေတစ်ခုမှာသူကငြိမ်ငြိမ်ချမ်းချမ်းရှိနေခဲ့သလို မြို့ရဲ့မြေစျေးတွေဘယ်လောက်ပဲကြီးပါစေ ကျောင်းတော်ကကူညီပေးကြောင့် ဒီနေရာကိုတော့အရယူထားနိုင်ခဲ့တယ်။
ဟို့ယွိဟောင်လဲ မြန်မြန်ဆန်ဆန်မြို့ကိုဖြတ်ပြီလျှောက်လာခဲ့ပါတယ်။ ဒီနေရာကိုမရောက်တာအတော်ကိုကြာနေပြီဖြစ်ပေမဲ့ မြို့တော်ကတော့ အမြဲတမ်းစည်းပင်နေခဲ့တယ်။ ဒါ့အပြင် မြို့ထဲမှာသွားလာနေတဲ့လူတွေများသလို ကုန်စုံဆိုင်တွေနဲ့ အရောင်းအ၀ယ်ဆိုင်တွေဆိုတာက အများကြီးပါပဲ။ ဒါ့အပြင် တိုက်ကြီးတစ်ခုလုံးရဲ့ကုန်သွယ်ရေးဗဟိုချက်ဖြစ်နေသလို အမျက်ဒေါသမြို့တော်ရဲ့ကြွယ်၀တိုးတက်မှုကလဲ ကျောင်းတော်ရဲ့အဓိက၀င်ငွေရပေါက်ဖြစ်နေခဲ့တာပါ။ ဒါမှမဟုတ်ရင် အမျက်ဒေါသကျောင်းတော်က ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့ သုတေသနတွေကိုဘယ်လိုလုပ်ထောက်ပံ့ပေးနိုင်မှာလဲ။
ဟို့ယွိဟောင်လဲ ထန်မျိုးနွယ်ဆီသွားနေချိန်မှာ မနီးမဝေးစျေးဆိုင်တစ်ခုကနေသူ့ကိုလှမ်းကြည့်နေတဲ့မျက်လုံးတစ်စုံရှိနေခဲ့ပါတယ်။ ဒီမျက်လုံးတွေက ဟို့ယွိဟောင်ပျောက်သွားတာကိုမြင်ချိန်မှသာဖြည်းဖြည်းချင်းလမ်းပေါ်ကိုထွက်လာခဲ့တယ်။
သူမက အေးအေးဆေးဆေးအခုမှသာ သက်ပြင်းချနိုင်ပြီ ဟို့ယွိဟောင်ကို အောင်အောင်မြင်မြင်ရှောင်ရှားနိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူဂုဏ်ယူနေခဲ့မိတယ်။ အခုမှသာသူ့ဘာသာသူစိတ်အေးအောင်လုပ်နိုင်ခဲ့ပုံပေါ်ပါတယ်။ ဒီမိန်းမငယ်လေးရဲ့မျက်လုံးတွေကတော့ နောက်လမ်းတစ်ခုကိုလျှောက်သွားရင် ထူးဆန်းတဲ့အံ့အားသင့်မှုနဲ့တောက်ပလို့နေခဲ့တယ်။
°°°
ထန်မျိုးနွယ်ကို ဟို့ယွိဟောင်ရောက်တာ ပထမဆုံးအကြိမ်ပါပဲ။ မြေပုံအတိုင်းလျှောက်လာခဲ့ပေမဲ့လဲ လမ်းမှာရှိသမျှအရာအားလုံးကို လိုက်ကြည့်နေတဲ့အတွက် အချိန်အတော်ကိုကုန်သွားခဲ့တယ်။ ထန်းမျိုးနွယ်ကိုရှာဖို့အတွက် တစ်နာရီတိတိအချိန်ကြာသွားခဲ့ပါတယ်။
အဝေးကနေ မျိုးနွယ်စုတည်နေရာရဲ့ အပြင်နံရံတွေကို ထင်ထင်ရှားရှားမြင်နေခဲ့ရပါပြီ။ ဒီအနီရောင်နံရံကြီးတွေက ပေနှစ်ဆယ်ကျော်မြင့်မားတဲ့အပြင် အနည်းဆုံးမီတာတစ်ရာလောက်လဲ ကျယ်ပြန့်ပါသေးတယ်။ ထန်မျိုးနွယ်ရဲ့အဓိကဂိတ်တံခါးကြီးက ပေသုံးဆယ်ကျော်မြင့်မားတဲ့အပြင် တံခါးရဲ့ထိပ်မှာလဲ မျိုးနွယ်စုရဲ့နာမည်ကိုထင်ထင်ရှားရှားရေးထွင်းလို့ထားပါသေးတယ်။ ဒီဆိုင်ဘုတ်ကြီးရဲ့ အောက်ဖက်မှာရေးထိုးထားတဲ့လက်မှတ်ကိုမြင်ချိန်မှာတော့ ဟို့ယွိဟောင်ရဲ့စိတ်ခံစားချက်တွေကအင်မတန်ကိုထိုးတက်လာခဲ့ပါပြီ။ မုအန်း အကြီးအကဲမုက မဆုံးပါးခင်အချိန်မှာ ဒီစာလုံးကိုရေးပေးခဲ့တာပါ။ နာမည်ကိုမြင်တာနဲ့ ချက်ချင်းဆိုသလို အမှတ်တရတွေကခေါင်းထဲပြန်၀င်ရောက်လာပါတော့တယ်။ ဒါ့အပြင် ဆုံးပါးသွားခဲ့တဲ့နောက်ထပ်ဆရာတစ်ယောက်ကိုအကြောင်းကို တွေးလိုက်မိချိန်မှာတော့ နက်ရှိုင်းတဲ့နာကျင်မှုက သူ့ရဲ့မျက်လုံးတွေကိုတောင် ရောင်းရမ်းလာစေခဲ့ပါပြီ။
” ဆရာ ”
ဒီစကားကိုပြောရင်းနဲ့ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်က တစ်ချက်တုန်သွားခဲ့တယ်။
ဒီအချိန်မှာပဲထန်မျိုးနွယ်ရဲ့ အဓိကဂိတ်တံခါးကပွင့်လာခဲ့ပါပြီ။ လူတစ်ယောက်က သူ့ရှေ့မှာတိုက်ရိုက်ရောက်လာပါတော့တယ်။
” နနလား ”
သူမကိုမြင်မြင်ချင် ဟို့ယွိဟောင် အံ့ဩသွားခဲ့ရတယ်။ နနက နေလနိုင်ငံတော်ကနေ သူကယ်လာဖူးတဲ့သူပါ။ နနကလဲ သူ့ကိုမြင်မြင်ချင် အံ့အားသင့်သွားခဲ့ပါတယ်။ ချက်ချင်းဆိုသလို အရှေ့ကိုလျှောက်လာပြီတဲ့နောက် ဒူးတစ်ဖက်ကိုထောက်ချလိုက်ပါတော့တယ်။
” သခင် ”
ဟို့ယွိဟောင် အထိတ်တလန့်နဲ့ သူမကို ဆွဲထူးရပါတော့တယ်။
” နနဘာလုပ်နေတာလဲ မြန်မြန်ထ မြန်မြန်ထ ”
နနကတော့လုံး၀မထပါဘူး။ သူခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့မျက်လုံးတွေကလဲ မျက်ရည်တွေအပြည့်ဖြစ်နေခဲ့တယ်။
” နန အဆင်ပြေရဲ့လား မငိုနဲ့ ”
ဟို့ယွိဟောင်လဲ သူမကိုသွားပြီ အတင်းထူးရပါတော့တယ်။
နနကတော့ မျက်နှာပေါ်က မျက်ရည်တွေကိုသုတ်ရင်း ဟို့ယွိဟောင်ကို နက်နက်ရှိုင်းရှိူင်းစိုက်ကြည့်ကာပြောလာခဲ့တယ်။
” ကျွန်မကိုဘယ်လိုကယ်တင်ပေးခဲ့လဲဆိုတာ ကျွန်မတစ်သက်လုံးမေ့မှာမဟုတ်ပါဘူး…ဒါ့အပြင် နောက်ထပ်ဘ၀သစ်ကိုလဲ သခင်က ပေးခဲ့တယ် ..ထန်မျိုးနွယ်ကိုရောက်မှသာ ပျော်ရွှင်မှုဆိုတာကိုရှာတွေ့ခဲ့တာပါ သခင်က ကျွန်မမိဘရဲ့စိတ်၀ိညာဥ်တွေကို ကောင်းကောင်းအနားယူလို့ရအောင် ကူညီပေးခဲ့တဲ့အပြင် ဘ၀သစ်တစ်ခုလုံးကိုလဲ ပေးခဲ့ပါသေးတယ်…သေချာပေါက် ဒီကျေးဇူးအတွက်တစ်ဘ၀တာလုံး အစေခံဖြစ်ပါစေ ကျွန်ဖြစ်ပါစေနေဖို့ဆန္ဒရှိပါတယ် ”
နနရဲ့မျက်နှာအသားအရေးတွေက အရင်အချိန်တွေထက် အများကြီးပိုကောင်းလာခဲ့ပါပြီ။ လက်ရှိအချိန်မှာဖြူဖျော့နေတဲ့အသားအရေးက သွေးနီရောင်လွှမ်းနေခဲ့ပြီဖြစ်သလို ခန္ဓာကိုယ်ကလဲ လူငယ်တစ်ယောက်ရဲ့အရှိန်အ၀ါအပြည့်နဲ့ တောက်ပလို့နေခဲ့တယ်။ စိတ်ပိုင်ဆိုင်ရာအခြေအနေကလဲ လုံး၀ကောင်းနေခဲ့ပါပြီ။
ဟို့ယွိဟောင်လဲ ဒါကိုနားလည်သွားချိန်မှာတော့ ရယ်မောတော့တယ်။
” ငိုတာမြင်တော့ ထန်မျိုးနွယ်မှာမပျော်ဘူးထင်နေတာ အနာဂတ်မှာမဖြစ်သေးတဲ့ကိစ္စတွေကို မပြောကြရအောင် ဒါ့အပြင် ဒီကျေးဇူးကြွေးဆိုတာကိုလဲထားလိုက်ပါတော့ မင်းကငါထက် နည်းနည်းလောက်ပိုအသက်ကြီးတယ်မလား တခြားသူတွေလိုပဲ နာမည်ပဲခေါ်ပါ ငါလဲ မင်းနာမည်ပဲခေါ်မယ်…မင်းက လက်ရှိအချိန် ထန်မျိုးနွယ်ရဲ့လူဖြစ်နေပြီလေ ဒီတော့ငါတို့ကမိတ်ဆွေတွေပေါ့ ”
” ဘယ်လိုလုပ် ဒီလိုလုပ်လို့ဖြစ်မှာလဲ အစေခံတစ်ယောက်က သူ့သခင်ကိုလေးစားရတယ်…ဘယ်လိုလုပ်သခင်ကို နာမည်တပ်ပြီခေါ်လို့ရမှာလဲ ကျွန်မကပြောပြီသမျှစကားတိုင်းအရာအားလုံးကို သေချာမှတ်သားပြီကတိတည်တဲ့သူပါ သခင်က အခုကျွန်မကိုစမ်းသပ်နေတာတော့မဟုတ်ဘူးမလား ”
” အတွေးလွန်နေပြီနနရေ ငါပြောတာကိုနားထောင် မင်းငါ့ကိုသခင်လို့မြင်နေသေးတယ်ဆိုတာက အတိတ်ကိုမမေ့နိုင်ဘူးလို့ပြောချင်တာပဲ ဒီလိုဖြစ်မယ်ဆိုရင် ဘယ်တော့မှမင်းပျော်ရွှင်မှာလဲ ငါပြောတာနားလည်ရဲ့လား ငါက မင်းကိုအစေခံအဖြစ်လိုချင်လို့ အဲ့ဒီအချိန်မှာကူညီပေးခဲ့တာမဟုတ်ဘူး ”
” ငါရဲ့ဘ၀တူလူတစ်ယောက်ကို ငါကူညီချင်လို့ ကူညီခဲ့တာပဲ တကယ်တော့ ငါရဲ့ကလေးဘ၀ကမင်းနဲ့အတော်တူတယ်လေ ငါအမေကိုလဲဆုံးရှုံးခဲ့ရတယ်…ဒီတော့ ငါတို့ဘ၀တွေက ချိတ်ဆက်မှုရှိနေတာပဲ ဘယ်လိုလုပ်မင်းရဲ့သခင် ငါဘယ်လိုလုပ်လို့ဖြစ်လာလို့ရမှာလဲ ဖြစ်ခဲ့တာတွေကိုမေ့လိုက် ဒါကဘ၀သစ်ဖြစ်နေပြီ အတိတ်ကိုလုံး၀မေ့လိုက်တာကောင်းလိမ့်မယ်…ထန်မျိုးနွယ်ထဲမင်း၀င်ပြီးပြီဆိုမှတော့ ဒီအဆောက်အအုံကိုရင်းနှီးကျွမ်း၀င်နေလောက်ပြီပေါ့ ဒါ့အပြင် မျိုးနွယ်စုအတွက်စွမ်းဆောင်ပေးတာက ငါအတွက်အကောင်းဆုံးလုပ်ပေးတာနဲ့အတူတူပဲ ”
နနက ပြန်ပြောချင်ပေမဲ့ ဟို့ယွိဟောင်ရဲ့မျက်လုံးကိုမြင်ချိန်မှာတော့ သူထပ်ပြီမပြောနိုင်တော့ပါဘူး။
” သခင် ”
” ဒီလိုခေါ်နေတုန်းလား ”
” ယွိဟောင် ”
” ဒီလိုပဲဖြစ်ရမှာပေါ့ အခုထွက်လာတာအလုပ်ကိစ္စလုပ်ဖို့လား ဒါဆိုရင် လုပ်စရာရှိတာသွားလုပ်ပါ အစ်ကိုကြီးနဲ့ အစ်မကြီးတို့ရောရှိကြလား ”
” သခင်လေးပေ့က အထဲမှာရှိနေပါတယ်…အထဲကိုသွားသင့်ပါတယ်ဆရာ ”
” ဆရာလို့လဲ မခေါ်နဲ့ ”
ဟို့ယွိဟောင်က သတိပေးပြီတဲ့နောက် နနကိုနှုတ်ဆက်ရင်းအထဲကို၀င်သွားပါတော့တယ်။ ဒီအချိန်မှာတော့ သူအရမ်းပဲသူငယ်ချင်းတွေကို တွေ့ချင်နေပါပြီ။
နနကတော့ ပြုံးသာပြုံးနေခဲ့တယ်။
” အဲ့ဒီလိုမခေါ်စေချင်ဘူးဆိုရင်တောင် ကျွန်မကတော့စိတ်ထဲမှာအဲ့ဒီလိုပဲခေါ်နေမှာပါ သခင်အဖြစ် အသိအမှတ်ပြုပြီးပြီဆိုမှတော့ သေချာပေါက်သခင်ဖြစ်ရမယ်…ဒါဘယ်တော့မှပြောင်းမှာမဟုတ်ဘူး…ဒီစိတ်ဆန္ဒကိုလဲယူသွားလို့မရဘူးလေ ”
သူပြောပြီတဲ့နောက် ပျော်ပျော်ကြီးနဲ့လှည့်ထွက်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်အထဲကို၀င်ချိန်မှာ ကျယ်ပြန့်တဲ့နယ်မြေကြီးကိုမမြင်ရပါဘူး အရှေ့ဖက်ခြံ၀န်းကအတော်လေးသေးပါတယ်။ ဒါ့အပြင် ဘေးမှာလဲအခန်းတွေအပြည့်ရှိနေသေးတယ်။ ဒီအခန်းတွေက ရိုးရိုးရှင်းရှင်းနဲ့ဘာမှအလှမဆင်ပဲရှိနေခဲ့တာကြောင့် အပြင်မှာမြင်ရတာနဲ့ တော်တော်လေးကိုတခြားဆီပါပဲ။ ဒါ့အပြင် နေရာတွေတော်တော်များများက အခန်းဆောက်ဖို့လုပ်ထားတာပါပဲ။
သူ၀င်လာချိန်မှာပဲ ၀တ်ရုံဖြူလူငယ်လေးနှစ်ယောက်က အနားကိုလျှောက်လာပြီ လမ်းကိုပိတ်ပါတော့တယ်။
တစ်ယောက်က အသက်နှစ်ဆယ်အရွယ်လောက်ရှိတဲ့သူပါ။ သူကပြောလာခဲ့တယ်။
” ဘာလိုချင်လို့လဲ ”
ဟို့ယွိဟောင်က ရယ်မောရင်းနဲ့ပြန်ဖြေခဲ့တယ်။
” အိမ်ကိုပြန်လာချင်လို့ ”
တစ်ဖက်လူကတော့ အံ့အားသင့်သွားခဲ့ပါတယ်။
” ငါက ဟို့ယွိဟောင်ပါ ထန်မျိုးနွယ်ရဲ့လူပဲ ပေ့ပေ့က အကြီးဆုံးအစ်ကိုကြီးသူအခုဒီမှာရှိလား ”
သူ့စကားကိုကြားချိန်မှာတော့ နှစ်ယောက်စလုံးက အံ့အားသင့်သွားခဲ့ပါတယ်။ ပထမဆုံးစကားပြောလာခဲ့တဲ့သူကပဲပြန်ဖြေခဲ့တယ်။
” ဒီတော့ဒါကငါတို့ရဲ့ ဆဌမမြောက်ဆရာတူအစ်ကိုကြီးပေါ့ အကြီးဆုံးဆရာတူအစ်ကိုကြီးရှိနေပါတယ်…အထဲကိုခေါ်သွားပါရစေ ”
” ကျွန်တော်က မင်းတို့လောက်အသက်အရွယ်မရှိသေးပါဘူး…အစ်ကိုကြီးလို့မခေါ်ပါနဲ့ နာမည်ပဲခေါ်ပါ ”
” ဒါကအသက်အရွယ်နဲ့မဆိုင်ဘူးလေ အကြီးဆုံးဆရာတူအစ်ကိုကြီးက အမြဲတမ်းပြောခဲ့တယ်…မျိုးနွယ်စုထဲ၀င်ပြီတဲ့နောက်မှာ သေချာပေါက် ၀ါစဥ်ကြီးငယ်ကိုဂရုစိုက်ရမယ်…ဒါ့အပြင် ကျွန်တော်တို့ကနာမည်ခံတပည့်သားတွေပဲလေ မျိုးနွယ်ရဲ့စာမေးပွဲကိုအောင်ပြီမှသာ တကယ်တရား၀င်တပည့်သားတွေဖြစ်လာရမှာ ”
ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာတော့ အံ့ဩနေခဲ့မိပါပြီ။ ကြည့်ရတာ စည်းမျဥ်းစည်းကမ်းတွေအများကြီးကို အစ်ကိုကြီးကလုပ်ထားပုံပဲ ဒါကကောင်းတော့ကောင်းပါတယ်လေ။ သူလဲ ဘာမှမပြောတော့ပဲ ဒုတိယခြံ၀န်းဆီကိုလိုက်သွားခဲ့ပါတော့တယ်။
အပိုင်း ၂၀၉•၁ ပြီး၏။