အပိုင်း ၂၀၆•၂
” ကျား ကင်းမြီးကောက်သော့်လော့ ”
°°°
” ပေါက်ကရတွေပြောမနေနဲ့ ”
ရှန်လင်းအယ်က ဒေါသထွက်သွားခဲ့ပါပြီ။ တစ်ဖက်လူက သူ့ရဲ့အထိမခံနိုင်တဲ့ နေရာကိုလာပြီဆွသွားခဲ့တာပါ။ သူမက ကောင်းကင်မှာညာလက်ကို ဆန့်လိုက်ရင်းအစိမ်းရောင်မီးလျှံတိုင်လုံးကြီးတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့လက်ချောင်းထဲမှာဆူးချွန်အပြည့်နဲ့ တုတ်ချောင်းကြီးတစ်ချောင်းက ပေါ်လာခဲ့ပါပြီ။
” ၀ိညာဥ်လက်နက်ကြီးလား ”
ဟို့ယွိဟောင်မြင်မြင်ချင်း ချက်ချင်းသဘောပေါက်လိုက်ပါတယ်။ ဒါကအနီးကပ်၀ိညာဥ်လက်နက်ပါ အဆင့်ရှစ်အနီးကပ်တိုက်ပွဲ၀င်သုံးလက်နက်ဖြစ်နေခဲ့တယ်။
ရှန်လင်းအယ်က ဒီဆူးချွန်အပြည့်နဲ့ လှံနဲ့တူညီတဲ့လက်နက်ကြီးကို အရှေ့ဖက်ဆီညွှန်လိုက်ချိန်မှာတော့ နဂါးအော်သံတစ်သံက သူမရဲ့ပါးစပ်ထဲကနေ ထွက်ပေါ်လို့လာခဲ့ပါပြီ။ အစိမ်းရောင်မီးလျှံတွေကလဲ ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာပြီတဲ့နောက် ကြီးမားတဲ့နဂါးကြီးတစ်ကောင်အသွင် ပြောင်းလဲကာအရှေ့မှာရှိနေတဲ့ တိမ်တိုက်အမဲတွေဆီကို ပြေး၀င်သွားပါတော့တယ်။
တိမ်တိုက်မဲကြီးတွေကတော့ အစိမ်းရောင်မီးလျှံတွေတလက်လက်တောက်ပနေခဲ့ရင်း နဂါးခေါင်းကြီးက အသာစီးရနေခဲ့တော့တယ်။
” ကောင်းကင်ကိုဖြတ်ကျော်ပြီပျံသန်းတဲ့ စစ်နတ်ဘုရားမက အထင်ကြီးစရာကောင်းတာပဲ ”
အနက်ရောင်တိမ်တွေက ပျောက်ကွယ်လို့သွားခဲ့ပြီတဲ့နောက် လူတစ်ယောက်က အဲ့ဒီနေရာမှာရှိနေခဲ့ပါတယ်။ သူ့ကလက်သီးတစ်ဖက်ကိုထိုးထုတ်တော့မဲ့ပုံစံပြင်ထားခဲ့ပြီ ကောင်းကင်ပေါ်မှာလှည့်ပတ်လို့နေခဲ့တယ်။
နဂါးခေါင်းကြီးကတော့ ပျောက်ကွယ်လို့သွားခဲ့ပြီဖြစ်သလို တ၀ုန်း၀ုန်းမြည်သံတွေလဲ ထွက်ပေါ်လို့လာခဲ့ပါတယ်။ ရှန်လင်းအယ်ကတော့ တစ်ဖက်လူကိုကြောက်စရာကောင်းတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်လို့နေခဲ့တယ်။
သူမကြည့်နေတဲ့သူကတော့ တိမ်တိုက်အမဲတွေရဲ့အနောက်မှာရပ်နေခဲ့တဲ့လူကြီးပါ။ ဒီလူကြီးရဲ့အသားကအတော်ကိုညိုသလို သူ့ရဲ့မျက်ခုံးတစ်ဖက်ကလဲ နောက်မျက်ခုံးတစ်ဖက်ထက်တော့အတော်လေးမြင့်ပါတယ်။
သူ့ရဲ့နဖူးပေါ်မှာကတော့ ဘုရင်ဆိုတဲ့စကားလုံးကို တရုတ်စာလုံးနဲ့ရေးထွင်းလို့ထားခဲ့တယ်။ ဒီအနက်ရောင်စာလုံးကြီးက နဖူးပေါ်မှာအရမ်းထင်ထင်ရှားရှားရှိနေခဲ့သလို သူ့ရဲ့ခန္ဓာကိုယ်က အသံနဲ့တောင်မလိုက်ဖက်ပါဘူး။ သူက လက်ရှိအချိန်မှာ ငါးမီတာကျော်မြင့်မားနေတဲ့ ရှန်လင်းအယ်နဲ့ယှဥ်လိုက်မယ်ဆိုရင် အရမ်းကိုသေးငယ်ပိန်ပါးနေခဲ့သလို သူ့ရဲ့အသံနဲ့လဲမလိုက်မဖက်လွန်လှပါဘူး။
” ကျန်းပန် မင်းကဒီလောကကြီးထဲမှာပေါ်လာ၀ံ့သေးတယ်လား အကြီးအကဲမု အဲ့ဒီအချိန်တုန်းက မင်းကိုသနားညှာတာခဲ့တာမေ့သွားပြီလား ”
ရှန်လင်းအယ်က သူ့ရဲ့လက်နက်ကို အရှေ့မှာဝှေ့ရမ်းနေရင်ပြောလာခဲ့ပါတယ်။
” ဒါပေါ့ ငါမှတ်မိတာပေါ့ အကြီးအကဲမုက ငါကိုအခွင့်အရေးတစ်ခုပေးခဲ့တယ်… ဒါကြောင့် သူ့ရဲ့ သနားညှာတာမှုကို ငါအမြဲမှတ်မိနေမှာ ”
” ဒါကြောင့် အကြီးအကဲမု အသက်ရှင်နေတဲ့ကာလပတ်လုံးတစ်လျှောက်မှာ ငါပေါ်မလာခဲ့ဘူး…အခုအကြီးအကဲမုက ဆုံးပါးသွားပြီးပြီ ငါရဲ့ကျိန်ဆိုထားတဲ့သစ္စာစကားကလဲ နောက်ထပ်အသုံးမ၀င်တော့ဘူး…ဒီအသက်ကြွေးကျေးဇူးက နှစ်ပေါင်းများစွာကြာတဲ့အထိ ငါ့ကိုမလွှတ်မြောက်အောင်လုပ်ခဲ့တယ်..အခုတော့ဘယ်သူကမှ ငါ့ကိုထပ်ပြီးတားဆီးထားနိုင်တော့မှာမဟုတ်ဘူး…ဒါပေါ့ ငါလဲ ဒီလောကကြီးတစ်ခွင်မှာ နောက်ထပ်လွှတ်လွှတ်လပ်လပ်ကြီးကို ပေါ်ထွက်ပြီလျှောက်သွားဦးမှာ ငါတို့တွေတစ်ချိန်တစ်ခါတုန်းက မိတ်ဆွေဖြစ်ခဲ့ဖူးတာကြောင့် မင်းရော ရန်ရှောင်ကျဲ့ကိုပါ ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး…မင်းတို့နှစ်ယောက်သွားလို့ရတယ်…ဒါပေမယ့် အဲ့ဒီနောက်ကကလေးကို ချန်ထားခဲ့လိုက် ”
” ကျန်းပန် ကြည့်ရတာမင်းအသက်ကြီးလာလေလေ ခေါင်းကပိုမကောင်းလေဖြစ်လာတာပဲ နေလနိုင်ငံတော်က မင်းကိုငှားရမ်းလိုက်တာလား ကြည့်ရတာသူဌေးကောင်းကောင်းတစ်ယောက်နဲ့တွေ့သွားပြီနဲ့တူတယ် ”
ရန်ရှောင်ကျဲ့က ပြုံးပြုံးကြီးပြောနေခဲ့ပါတယ်။
တစ်ဖက်လူကတော့ ဒေါသတကြီးနဲ့ပြန်အော်တော့တယ်။
” စောက်အဓိပ္ပါယ်မရှိတာတွေလာမပြောနဲ့ နေလနိုင်ငံတော်အကြောင်းဘာမှမသိဘူး ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်အကြောင်းလဲ ငါမသိဘူး…ဒီကောင်ကိုငါလက်ထဲအပ်လိုက် မင်းတို့နှစ်ကောင်ထွက်သွားတော့ ”
” မင်းကိုယ့်ကိုကိုယ်အထင်ကြီးလွန်နေတာက အရမ်းကိုအတွေးဘ၀င်မြောက်နေတာမဟုတ်လား ငါတို့ကိုမောင်းထုတ်ဖို့မင်းမှာဘာအစီအစဥ်ရှိလဲ မြင်ချင်သေးပါရဲ့ ”
ရှန်လင်းအယ်က ပြောလာခဲ့ပါတယ်။
နောက်တစ်ကြိမ် ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ရင်း သူမရဲ့ခန္ဓာကိုယ်က အစိမ်းရောင်လျှပ်စီးတန်းတွေအပြည့်နဲ့ တောက်ပလာပါတော့တယ်။
လက်ရှိအချိန်မှာ တစ်ဖက်လူရဲ့အရှေ့ကို သူရုတ်တရက်ရောက်သွားခဲ့ပြီ သူ့ရဲ့လက်ထဲကလက်နက်နဲ့ ထိုးချလိုက်ပါပြီ။ မိုးကောင်းကင်က မိုးခြိမ်းသံတွေနဲ့အတူ ကြီးမားတဲ့အစိမ်းရောင်နဂါးကြီးက နောက်တစ်ကြိမ် သူမရဲ့နောက်ဖက်မှာထွက်ပေါ်လို့လာပြန်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လက်နက်က အကြီးအကဲဆီရောက်ရှိချိန်မှာ တစ်ဖက်လူကတော့ သူ့ရင်ဘတ်သူအမြန်အဆန်းကာကွယ်လိုက်ပါတယ်။ သူ့လက်ဖ၀ါးတွေရဲ့အလယ်မှာအနက်ရောင်စက်ကွင်းကြီးတစ်ခုက ပေါ်လာခဲ့သလို အ၀ါရောင်နှစ်ကွင်း ခရမ်းရောင်နှစ်ကွင်းနဲ့ အနက်ရောင်၀ိညာဥ်စက်ကွင်းငါးကွင်းတို့ကလဲ ချက်ချင်းထွက်ပေါ်လို့လာပါတော့တယ်။ သူ့ရဲ့၀ိညာဥ်စက်ကွင်းကိုးကွင်းစလုံးက တစ်ခုပြီတစ်ခုတောက်ပလို့လာခဲ့သလို အနက်ရောင်အလုံးကြီးက ရှန်လင်းအယ်ရဲ့ထိုးနှက်ချက်ကိုတားဆီးလို့ထားပါတယ်။
လေဟာနယ်တွေကတော့ အခုအချိန်မှာ တ၀ုန်း၀ုန်းနဲ့ပျက်စီးကုန်ခဲ့ပါပြီ။ ဟွိဟောင်တောင်မှ ကောင်းကင်ကြီးတစ်ခုလုံးမဲမှောင်သွားတာကို ဘေးကနေထိုင်ကြည့်နေခဲ့ရပါတယ်။
ရှန်လင်းအယ်နဲ့ တစ်ဖက်လူကတော့ အခုလက်ရှိအချိန်မှာ တိုက်ပွဲပြင်းထန်တဲ့အနေအထားကို ရောက်နေခဲ့ကြပါပြီ။ ကျန်းပန်ကတော့ သူ့ရဲ့လက်သီးတွေကို လက်နက်အဖြစ်အသုံးပြုနေပါတယ်။ သိပ့်သည်းတဲ့အနက်ရောင်မြူခိုတွေက သူတိုက်တဲ့နေရာတိုင်းမှာ ထွက်ပေါ်လို့လာခဲ့တယ်။ တခြားတစ်ဖက်မှာရှန်လင်းအယ်ရဲ့တိုက်ခိုက်ရေးပုံစံကတော့ ပိုပြီးရူးသွပ်ကြမ်းတမ်းတာပါပဲ။ ကျယ်လောင်တဲ့နဂါးအော်သံတွေက သူ့ရဲ့လက်နက်လှုပ်ရှားချိန်မှာထွက်ပေါ်နေခဲ့သလို ကျန်းပန်ကိုနောက်ဆုတ်သွားစေတဲ့အထိ သူမရိုက်ထုတ်ပြစ်နေခဲ့တယ်။
ရန်ရှောင်ကျဲ့က အဲ့ဒီအချိန်မှာ ခပ်တိုးတိုးလေးပြောလာခဲ့ပါတယ်။
” သေချာကြည့်ထားယွိဟောင် ဒီလိုတိုက်ပွဲအစစ်မျိုးက မြင်ရတာရှားပါးတယ်…ဒါကမင်းရဲ့အနာဂတ်ကျင့်ကြံမှုတွေအတွက် အများကြီးအကျိုးရှိလာမှာ အနက်ရောင်၀တ်ထားတဲ့သူက ကျန်းပန်လို့ခေါ်တယ်…သူ့ရဲ့ဘွဲ့နာမည်က ကျားကင်းမြီးကောက်သော့်လော့တဲ့ ”
” သူက တိရိစ္ဆာန်ရဲ့သွေးကိုဆက်တိုက်စုပ်ယူပြိီ ကိုယ့်ကိုကိုယ်တိုးတက်အောင်လုပ်ဖို့အတွက် လိုအပ်နေတဲ့သိုင်းပညာ၀ိညာဥ်ကိုပိုင်ဆိုင်ထားတဲ့ မိစ္ဆာ၀ိညာဥ်ပညာရှင်တစ်ယောက်ပဲ တကယ်တော့တခြားမိစ္ဆာ၀ိညာဥ်ပညာရှင်တွေနဲ့ယှဥ်မယ်ဆိုရင် တအားကြီးတော့မဆိုးလှဘူးလေ ”
” ဟိုအရင်တုန်းက ငါတို့ဆရာသူ့ကိုတစ်ခါဖမ်းမိဖူးတယ်…ဒါပေမယ့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်မိစ္ဆာတွေရဲ့အရှိန်အ၀ါတွေက အဲ့ဒီလောက်ကြီးမကြိးမားဘူး…သူလဲဘယ်သူကိုမှ ထိခိုက်အောင်မလုပ်ဖူးတာနဲ့ ငါတို့ဆရာက လက်လွှတ်ပေးလိုက်တယ်…နှစ်တွေတော်တော်ကြာသွားပြီဆိုမှတော့ သူလဲလက်ရှိအချိန် ထူးကဲသာလွန်သော့်လော့ဖြစ်နေလောက်ပြီ ရင်ဆိုင်ဖို့တော့တော်တော်လေးခက်တယ် ”
” အခုတော့သူက ရှန်လင်းအယ်ရဲ့အစွမ်းအစတွေကို စမ်းသပ်ရုံပဲရှိသေးတာ မိစ္ဆာ၀ိညာဥ်ပညာရှင်ပီပီသသအစွမ်းအစတွေကို ထုတ်မပြသေးဘူး…ဒါပေမယ့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က အဲ့ဒီလောက်ကြီးမဆိုးယုတ်နေမှတော့ ထူးကဲသာလွန်သော့်လော့တစ်ယောက်ဖြစ်လာနိုင်သေးတယ်လေ…တကယ်စစ်မှန်တဲ့ မိစ္ဆာ၀ိညာဥ်စစ်စစ်နဲ့ထူးကဲသာလွန်သော့်လော့တွေကတော့ ရင်ဆိုင်ဖို့အရမ်းခက်လွန်တယ် ”
ကျားကင်းမြီးကောက်သော့်လော့ ကျန်းပန်ကတော့ နောက်ကိုဆက်တိုက်ဆုတ်နေခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ကြောက်တဲ့ပုံမပေါ်ပါဘူး။ ရှန်လင်းအယ်ရဲ့ကြောက်စရာကောင်းလွန်လှတဲ့ အသေသတ်တိုက်ကွက်တွေကို ခုခံနေရင်းနဲ့သာ အနည်းငယ်လန့်နေပုံပေါ်ပါတယ်။
ရှန်လင်းအယ်ရဲ့ ကျင့်ကြံမှုက သူမရဲ့သိုင်းပညာ၀ိညာဥ်မှာအဓိကအခြေခံထားသလို ၀ိညာဥ်လက်နက်တွေအပေါ်မှာလဲ မူတည်နေခဲ့တယ်။ သူမက တိုက်ခိုက်တဲ့ပုံစံမှာရန်ရှောင်ကျဲ့ကို မီဖို့အတော်လိုပါသေးတယ်။ ဒါပေမယ့် ဘယ်တုန်းကများသူမရဲ့တိုက်ခိုက်နိုင်စွမ်းတွေက အဲ့ဒီလောက်အင်အားကြီးလာရတာလဲ ဘယ်လိုများကြောင့်လဲ။
ဟို့ယွိဟောင်ကတော့ ဒီလိုအခွင့်အရေးကိုအလွှတ်ပေးနိုင်မှာမဟုတ်ပါဘူး။ သူချက်ချင်းဆိုသလို စိတ်ထဲကသံသယတွေကို ထုတ်မေးပါတော့တယ်။
” ကျောင်းအုပ်ရန် ကျောင်းအုပ်ရှန်ရဲ့အနောက်ဖက်မှာရှိနေတဲ့နဂါးကြီးက သူ့ရဲ့သိုင်းပညာ၀ိညာဥ်ဖြစ်တယ်မလား သူ့ရဲ့ခန္ဓာကိုယ်ကလဲ ကြီးမားလာတဲ့အပြင် သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကိုသုံးနေတဲ့ပုံပေါ်တယ်…ဒါပေမယ့် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က နဂါးပုံစံလဲပေါ်နေသေးတယ်…အဲ့ဒါဘာကြောင့်များလဲ ”
ရန်ရှောင်ကျဲ့ကို သူ့ရဲ့ဆရာတူအစ်ကိုကြီးလို့ခေါ်ဖို့ လက်ရှိအချိန်မှာ သူမ၀ံ့ရဲသေးပါဘူး။ ရန်ရှောင်ကျဲ့က အသက်တစ်ရာကျော်နေပါပြီ။ ဒါကြောင့် ကျောင်းအုပ်ရန်လို့တလေးတစားခေါ်ရပါတယ်။
” ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးက သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ကြတယ်…ဒါပေမယ့် သူတို့တွေကလဲ အဆင့်တက်ပြောင်းလဲနိုင်တယ်လေ ဒါပေမယ့် ကျောင်းတော်ရဲ့သုတေသနတွေအရဆိုရင် ငါတို့ထူးကဲသာလွန်သော့်လော့ဖြစ်ပြီတာနဲ့ သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ကို ပြောင်းလဲအောင်လုပ်ဖို့နောက်ထပ်နည်းလမ်းတစ်ခုကိုရှာတွေ့သွားပြီးပြီ သူ့ရဲ့အင်အားကိုမတိုးတက်စေပေမဲ့ တိုက်ပွဲမှာတော့ လူသားအသွင်ကိုထိန်းနိုင်ပါသေးတယ်…အနီးကပ်တိုက်ပွဲကို ပိုတော်တဲ့၀ိညာဥ်ပညာရှင်တွေကတော့ ဒီလိုလူသားအသွင်ကိုထိန်းနိုင်တယ်ဆိုရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ်…ငါတို့က အဲ့ဒါကိုဒီလိုနာမည်ပေးထားတယ်..စစ်မှန်ခန္ဓာကိုယ်ပူးကပ်မှုတဲ့ ”
ရန်ရှောင်ကျဲ့ရဲ့ရှင်းပြမှုကို ကြားပြီချိန်မှာဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာထူးခြားတဲ့ခံစားချက်တွေ ဖြစ်ပေါ်လာပါတော့တယ်။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်မျက်လုံးနဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ပါ။ အကယ်၍သူသာအဆင့်ခုနှစ်ဆယ်အထိ တိုးမြင့်သွားမယ်ဆိုရင် သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်က ဘယ်လိုဖြစ်လာမလဲဆိုတာကို မတွေးတတ်ပါဘူး။ သူရောတိုက်ပွဲထဲမှာ ကင်းမြီးကောက်ကြီးပုံစံပြောင်းသွားမှာလား စိတ်၀ိညာဥ်မျက်လုံးသုံးမယ်ဆိုရင်ကော မျက်လုံးကြီးဖြစ်သွားမှာလား အချိန်ကြလာမှသာ သိရပါလိမ့်မယ်။
” ကျောင်းအုပ်ရန် ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့ ပညာရှင်တွေအားလုံးက ဒီတိုက်ပွဲနည်းလမ်းကို အပြည့်အ၀အသုံးပြုနိုင်ကြမှာလား ”
ဟို့ယွိဟောင်မေးလာခဲ့ပါတယ်။
” သုံးဖို့တော့မလိုဘူးလေ ဒါပေမယ့် စစ်မှန်ခန္ဓာကိုယ်ပူးကပ်တဲ့နည်းလမ်းကို အသုံးပြုတာက၀ိညာဥ်ပညာရှင်ရဲ့ အာရုံစူးစိုက်နိုင်စွမ်းကို ခွဲထုတ်နိုင်လိမ့်မယ်…ဒါကြောင့် သူ့တို့ရဲ့စိတ်၀ိညာဥ်တွေကို ထိန်းချုပ်တဲ့နေရာမှာအတော်လေးတော်မှသာသုံးနိုင်လိမ့်မယ် ”
” ဒါ့အပြင် ၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားကြားက သင့်တော်တဲ့ပေါင်းစည်းမှုကိုလဲ နားလည်ရဦးမယ် ဒီနည်းလမ်းကိုကောင်းကောင်းနားလည်မှသာ သူတို့ရဲ့ခန္ဓာကိုယ်ကို ပူးကပ်လို့ရမှာ.အကယ်၍ ဒါကိုအောင်မြင်နိုင်မယ်ဆိုရင်တောင် တိုက်ပွဲထဲမှာဒီလိုပုံစံမျိုးကို ထိန်းနိုင်ဖို့အတွက် ကြာချိန်ကပုံမှန်စစ်မှန်ခန္ဓာကိုယ်ကိုသုံးတာထက် နှစ်ပုံသုံးပုံလောက်လျော့သွားဦးမယ် ”
” ပြောရမယ်ဆိုရင် သိပ်မတန်ဖူးလို့ထင်မိတာပဲ မင်းကစိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်ပညာရှင်လဲဖြစ်တယ်ဆိုမှတော့ ဒီလိုထိန်းချုပ်တာကမင်းအတွက်ပြဿနာဖြစ်မှာမဟုတ်ဘူး…ဒါပေမယ့် မင်းရဲ့စိတ်၀ိညာဥ်ကိုဘယ်လောက်ကောင်းကောင်းထိန်းချုပ်နိုင်မလဲဆိုတာကအဓိကဒီနည်းလမ်းကိုသုံးဖို့သက်ရောက်လိမ့်မယ်…အကယ်၍ ဒါကိုသာအပြည့်အ၀သုံးနိုင်လိုက်ပြီဆိုရင် သေချာပေါက် မင်းရဲ့အစွမ်းအစတွေကလဲ လျော့ကျသွားနိုင်တယ်..ဆုံးရှုံးမှုဆိုတာက အကျိုးအမြတ်တွေနဲ့လိုက်ပြီ ဖာထေးလို့ရနိုင်မှာမဟုတ်ဘူး…အဲ့ဒီအဆင့်ရောက်သွားမယ်ဆိုရင် ကောင်းကောင်းနားလည်မှာပါ ကိုယ့်ဘာသာကိုယ်ပဲစောင့်ကြည့်ရလိမ့်မယ် ”
ဟို့ယွိဟောင်လဲ ဒီအကြောင်းကိုသိပ်ပြီမတွေးတောတော့ပါဘူး။ သူ့ရဲကျင့်ကြံဆင့်က နှိမ့်ပါးပါသေးတယ်။ သာမန်၀ိညာဥ်ပညာရှင်တွေနဲ့တောင် သူအခြေအနေက အမြဲတမ်းကွာခြားနေခဲ့တာပါ။ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားကတော့ အဆင့်တူတဲ့ဘယ်သူထက်မဆို ပိုပြီးသန်မာပါတယ်။ အမြွှာသိုင်းပညာ၀ိညာဥ်လဲရှိသလို တစ်ခုကလဲအဆုံးစွန်းဖြစ်နေသေးတာကြောင့် နှင်းဧကရီရဲ့ စိတ်၀ိညာဥ်ထူးထူးဆန်းဆန်းကြီးပေါ်ပေါက်မလာသေးဘူးဆိုရင်တောင် လက်ရှိအချိန်မှာ သူသုံးနိုင်မဲ့၀ိညာဥ်စွမ်းရည်တွေက အတော်များနေပါပြီ။
ဒါကြောင့်သာ ဟို့ယွိဟောင်အနေနဲ့ အဆင့်ခုနှစ်ဆယ်ကိုတက်သွားမယ်ဆိုရင် သူ့ရဲ့အခြေအနေက တခြားသူတွေနဲ့ကွာခြားနိုင်မယ်လို့ယုံကြည်ချက်ရှိနေခဲ့ပါတယ်။ စစ်မှန်ခန္ဓာကိုယ်ပူးကပ်တဲ့နည်းလမ်းကလဲ သူ့အတွက်အသုံး၀င်လာနိုင်လိမ့်မယ်။
ကောင်းကင်မှာတိုက်ပွဲကြီးကတော့ ပိုပြီးပြင်းထန်လာခဲ့ပါပြီ။ ရှန်လင်းအယ်ကတော့ သူ့ရဲ့နာမည်နဲ့လိုက်ဖက်ညီလွန်လှပါတယ်။ စစ်နတ်ဘုရားမဆိုတဲ့အတိုင်း ကောင်းကင်ပေါ်မှာလှည့်ပတ်ပျံသန်းရင်း အကြိမ်တိုင်းမှာသေကွင်းသေကွက်တွေကိုပဲရွေးချယ်တိုက်ခိုက်နေခဲ့တယ်။ ဒီအတိုင်းဆက်သွားနေခဲ့တဲ့ သူမက ကျန်းပန်ကို နောက်ဆုတ်တဲ့အထိဆက်တိုက်ရိုက်ထုတ်နိုင်ဆဲပါ။ ကျန်းပန်ကတော့ တောင့်ခံထားနိုင်ဖို့ခက်နေခဲ့ပါတယ်။
” ကျောင်းအုပ်ရန် ကျောင်းအုပ်ရှန်ရဲ့ သိုင်းပညာ၀ိညာဥ်က ”
ရန်ရှောင်ကျဲ့က သူ့နဖူးသူပြန်ရိုက်ရင်းနဲ့ပြန်ဖြေလာခဲ့တယ်။
” အားဟုတ်သား ပြောဖို့မေ့နေတာ သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ထူးခြားတယ်..အဆင့်တက်သွားတဲ့သိုင်းပညာ၀ိညာဥ်လို့လဲပြောလို့ရတယ်..ဒီတော့သူကဒီတစ်လောကလုံးမှာ ဒီသိုင်းပညာ၀ိညာဥ်ရှိတဲ့ တစ်ယောက်တည်သောသူပဲ သူ့သိုင်းပညာ၀ိညာဥ်ကို သူ့ဘာသာသူနာမည်ပေးထားတာ မီးတောက်စိမ်းနဂါးတဲ့ မီးအမျိုးအစားသိုင်းပညာ၀ိညာဥ်လို့တွဲမယ်ဆိုရင် လုံး၀မှားတယ်..ဒီတော့သူ့ရဲ့သိုင်းပညာ၀ိညာဥ်က လေထုကိုအသုံးပြုတာ ဒီမီးတောက်စိမ်းတွေဆိုတာက တကယ်တော့လေတွေပွတ်တိုက်လို့ဖြစ်လာတာပဲ အရမ်းကိုဖျက်ဆီးနိုင်စွမ်းပြင်းလွန်တယ်အမျိုးမျိုးလဲပြောင်းလဲနိုင်တယ် ”
” အမျိုးမျိုးပြောင်းလဲနိုင်တယ်လား ”
ဟို့ယွိဟောင် အံ့အားသင့်နေခဲ့မိပါတယ်။ သူဘယ်လိုပဲကြည့်ပါစေ အဲ့ဒါကလေလို့မထင်ရပါဘူး။
” ပြောင်းလဲနိုင်တယ်ဆိုတာက သူ့ရဲ့ပေါက်ကွဲနိုင်တဲ့အစွမ်းအစကိုပြောတာလေ လေတွေကအဆုံးစွန်းအထိဖိနှိမ့်ခံရပြီဆိုရင် အပြင်ကိုပြန်ပေါက်ကွဲထွက်ကြတယ်လေ ဒီလိုအခြေအနေမျိုးမှာ လေနဲ့ထိသမျှအရာအားလုံးက မီးလိုလောင်ကျွမ်းပြီပျက်စီးပျောက်ကွယ်လိမ့်မယ်..ဒီပေါက်ကွဲနိုင်စွမ်းကလဲ ၀ိညာဥ်ပညာရှင်တွေထက်တောင်သာလွန်သေးတယ်..လင်းအယ်က တိုက်ပွဲထဲမှာအရှေ့ကနေ ဦးဆောင်ပြီတော့ တိုက်ခိုက်နေရတယ်ဆိုတာ ဒီဖျက်ဆီးနိုင်စွမ်းရှိလို့ပဲ ကျန်းပန်ကိုလဲ သွားပြီလျှော့တွက်လို့မရဘူး..သူကအခုအချိန်အထိ သူ့အစွမ်းအစအစစ်အမှန်တွေကို ထုတ်မသုံးသေးဘူး မိစ္ဆာ၀ိညာဥ်ပညာရှင် တစ်၀က်တစ်ပျက်ဆိုပေမဲ့လဲ သူကတော့ရင်ဆိုင်ဖို့တော့ ခက်နေတုန်းပဲလေ ”
နောက်ဆုံးတော့ ကျန်းပန်လဲသည်းခံနိုင်တဲ့ပုံမပေါ်ပါဘူး။ သူ့ရဲ့တိမ်တိုက်တွေက တစ်ဖက်ကိုစုသွားခဲ့ပြီတဲ့နောက် သူလက်သီးနှစ်ဖက်စလုံးကို ထိုးချလိုက်ပါပြီ။
ကျားတစ်ကောင်ရဲ့ဟိန်းသံကကောင်းကင်မှာထွက်ပေါ်လာပြီတဲ့နောက် ရှန်လင်းအယ်ရဲ့တိုက်ခိုက်မှုသုံးခုတိတိကို သူဖယ်ရှားပြစ်လိုက်ပါတယ်။ ကျန်းပန်ရဲ့ခန္ဓာကိုယ်ကြီးကလဲ ကြီးမားလို့လာခဲ့ပါပြီ။ သူကအနက်ရောင်ကျားကြီးအသွင်ကိုပြောင်းလဲသွားပါတော့တယ်။
ဒီကျားကြီးကဆယ်ငါးမီတာကျော်ရှည်လျားပြီ အမြီးကလဲမြောက်နေပါသေးတယ်။ ဒီအမြီးကြီးက အစွန်းတစ်ဖက်မှာအနက်ရောင်အလင်းတန်းတွေနဲ့တောက်ပနေခဲ့သလို သူခြေထောက်အောက်မှာရှိတဲ့တိမ်တွေကလဲ လှုပ်ရှားနေခဲ့ပါတယ်။ ခရမ်ရောင်မျက်လုံးတွေကတော့ ကြောက်စရာအကောင်းဆုံးပါပဲ။ ပါးစပ်ကိုဖွင့်ရင်းဟိန်းဟောင်လိုက်ချိန်မှာ ကြောက်စရာအသံလှိုင်းတွေက ရှိသမျှအရာအားလုံးကို တိုက်စားပြစ်တော့တယ်။ အနက်ရောင်အရိပ်တွေကလဲ သူခြေထောက်အောက်တိမ်တွေထဲကနေဆက်တိုက်ထွက်လာနေခဲ့ပြီ ၀ိညာဥ်သားရဲကောင်အမျိုးမျိုးရဲ့ပုံစံကိုပြောင်းလဲရင်း ရှန်လင်းအယ်ကိုတိုက်ခိုက်ပြန်ပါတယ်။
အပိုင်း ၂၀၆•၂ ပြီး၏။