အပိုင်း ၂၀၆•၁
” ကျားကင်းမြီးကောက်သော့်လော့ ”
°°°
ဟို့ယွိဟောင်က ခေါင်းကိုခါနေခဲ့မိပါတယ်။ ဒါပေမယ့် စိတ်လှုပ်ရှားနေတာကတော့ အမှန်ပါပဲ။ ပင်လယ်နတ်ဘုရားခန်းမဆောင်ဆိုတာ သူ့ရဲ့အိပ်မက်နယ်မြေကြီးပါ။ ဒါ့အပြင် စိတ်ကူးအတွေးတွေထဲမှာတောင် ဒီလိုမျိုးမြန်မြန်ဆန်ဆန်၀င်ရောက်နိုင်မယ်လို့ မတွေးထင်ထားခဲ့မိပါဘူး။
အမှန်တကယ်တော့ ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့အကြီးအကဲတွေက ဟို့ယွိဟောင်၀င်ရောက်ဖို့ကိစ္စနဲ့ပတ်သက်ပြီ ဆွေးနွေးချိန်မှာ ဘယ်သူကမှ ဒီဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ခဲ့ပါဘူး။ ဟို့ယွိဟောင်က အခုအချိန်မှာ အသက်ဆယ်ခုနှစ်နှစ်သာရှိပါသေးတယ်။
ဟို့ယွိဟောင် ပင်လယ်နတ်ဘုရားခန်းမဆောင်ကို ၀င်ရောက်ရတယ်ဆိုတာ အကြီးအကဲမုနဲ့မသက်ဆိုင်တာအမှန်ပါ။ ကျောင်းတော်အတွက် သူ့ရဲ့စွမ်းဆောင်မှုတွေနဲ့သာတိုက်ရိုက်သက်ဆိုင်လို့နေခဲ့ပါတယ်။ သူ့ရဲ့အကျိုးဆောင်မှုတွေကြောင့်သာ ဒီလိုမျိုးဆုလာဘ်ကိုရရှိခဲ့တာပါ။
၀ိညာဥ်လက်နက် ပုံကြမ်းပေါင်းတစ်ထောင်သုံးရာခုနှစ်ဆယ်ခြောက်ခုတိတိကို ဟို့ယွိဟောင်က ကျောင်းတော်ဆီပြန်ပို့ပေးခဲ့ပါတယ်။ ကျောင်းတော်အနေနဲ့ ဒီပုံကြမ်းတွေကိုကြည့်ပြီ ၀ိညာဥ်လက်နက်ပေါင်းတစ်ထောင်သုံးရာခုနှစ်ဆယ်ခြောက်ခုတိတိကို တည်ဆောက်နိုင်မှာပါ။ ဒါက ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနကို အများကြီးတိုးတက်သွားစေပါလိမ့်မယ်။
အမျက်ဒေါသကျောင်းတော်မှာ ပိုက်ဆံဆိုတာမရှားပါဘူး။ သူတို့ကို ကန့်သတ်နေတဲ့တစ်ခုတည်သောအရာကတော့ တန်ဖိုးကြီးတဲ့သတ္ထုတွေရှားပါးမှုနဲ့ ၀ိညာဥ်လက်နက်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ သုတေသနကောင်းကောင်းတွေမရှိတာပါပဲ။
အမျက်ဒေါသကျောင်းတော်ရဲ့အခြေအနေက ဒီတစ်နေရာထဲမှာနောက်ကောက်ကျလို့ ကျန်နေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ငွေကြေးစွမ်းအားကလဲအကြောင်းအရင်းတစ်ခုထဲပါနေခဲ့သလို နောက်တစ်ခုကတော့အတွင်းပိုင်းဖွဲ့စည်းတည်ဆောက်ပုံကြောင့်လဲ ဖြစ်နေခဲ့တယ်။
အမျက်ဒေါသကျောင်းတော်က အမျက်ဒေါသမြို့တော်ကို ပုခုံးပေါ်မှာထမ်းတင်ထားသလိုမျိုး တာ၀န်ယူထားခဲ့ရတာပါ။ ဒါ့အပြင် သူတို့မှာကိုယ်ပိုင်ကုန်သွယ်ရေးအဖွဲ့အစည်းတွေလဲရှိပါတယ်။ ဒီအဖွဲ့အစည်းတွေက နေလနိုင်ငံတော်အထိလဲ ပေါက်ရောက်ခဲ့တယ်။ တန်ဖိုးကြီးတဲ့သတ္ထုတွေအားလုံးက ၀ယ်ယူဖို့ခက်ခဲလွန်ပေမဲ့ လောကမှာမဖြစ်နိုင်ဘူးဆိုတဲ့အရာမရှိပါဘူး။
လွန်ခဲ့တဲ့နှစ်နှစ်ကာလမှာ ဟို့ယွိဟောင်က ဆက်တိုက်ဆိုသလိုဒီပုံကြမ်းတွေကို ပြန်ပို့နေခဲ့တာကြောင့် အနာဂတ်အလားအလာတိုးတက်မှုတွေကလဲ အများကြီးမြင့်တက်လို့သွားခဲ့ပါပြီ။အခုလက်ရှိအချိန်မှာကျောင်းတော်ကို နေလနိုင်ငံတော်ရဲ့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို မယှဥ်နိုင်သေးပေမဲ့ သုတေသနပြုရမဲ့အချိန်တွေအများကြီးကို ဖြတ်လမ်းကနေလိုက်နိုင်ခဲ့ပါပြီ။
ဟို့ယွိဟောင် ခိုးယူလာခဲ့တဲ့ပုံကြမ်းတွေက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့စာကြည့်တိုက်ထဲကိုရောက်ရှိလို့နေခဲ့ပါပြီ။ ဒါ့အပြင် သူနေ့နေ့ညညဦးနှောက်အခြောက်ခံရင်း ကြိုးစားခဲ့သမျှအရာအားလုံးကို မူလအတိုင်းသေချာထိန်းသိမ်းလို့ထားပါတယ်။ ဒါ့အပြင် အရာအားလုံးက အမျက်ဒေါသကျောင်းတော်ရဲ့သမိုင်းမှတ်တမ်းဖြစ်လာမှာဖြစ်သလို သေချာပေါက် အချိန်ကြာရှည်အသုံးပြုကြမှာလဲဖြစ်ပါတယ်။ ဟို့ယွိဟောင်ကတော့ ကျောင်းတော်ရဲ့သမိုင်းထဲမှာ သူရဲကောင်အဖြစ် မှတ်တမ်းတင်ခံလိုက်ရပါပြီ။
ရှန်လင်းအယ်ကတော့ ပြုံးပြရင်းပြောလာခဲ့တယ်။
” ယွိဟောင် ဒါမင်းနဲ့ထိုက်တန်တယ်…ဒီကိစ္စကို ကျောင်းတော်ထဲမှာတရား၀င်မကြော်ငြာရသေးဘူး..မင်းတစ်ယောက်ပဲသိထားရတာက ကောင်းလိမ့်မယ်…ပထမဆုံးတစ်ခုအနေနဲ့ ငါတို့မင်းကိုကာကွယ်ပေးထားမယ်…နောက်တစ်ခုကတော့ မင်းကအခုလက်ရှိအချိန်ကျောင်းတော်ထဲမှာ ကျောင်းသားတစ်ယောက်အဖြစ်ရှိနေတုန်းပဲ နောက်တစ်ခေါက်တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ယှဥ်ပွဲပြီးဆုံးချိန်မှသာ အတွင်းနယ်မြေရဲ့သင်ကြားမှုကို မင်း တရား၀င်ပြီးဆုံးလိမ့်မယ် ”
” ဒါပေမယ့် ကျွန်တော်တာ၀န်၀တ္တရားတွေကို မလုပ်ဆောင်ရသေးဘူးလေ အတွင်းနယ်မြေကနေ ကျောင်းသားတွေထမ်းဆောင်နေကြတာ၀န်တွေကို ကျွန်တော်မလုပ်ဆောင်ရသေးမလား ”
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို ပြောပါတော့တယ်။
” မင်းအခုလုပ်ထားခဲ့တဲ့ကိစ္စတွေအားလုံးက ငါတို့ပေးအပ်ထားတဲ့တာ၀န်တွေထက်ကို ဆယ်ဆမကပိုပြီးတန်ကြေးရှိလွန်နေပြီးပြီ ငါရဲ့ဆရာက ငါကိုသူ မဆုံးပါးခင်အချိန်မှာ မင်းရဲ့အနာဂတ်လမ်းကြောင်းအကြောင်းပြောခဲ့တယ်..ကျောင်းတော်ကမင်းကိုထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး…ငါတို့တွေ မင်းရဲ့အနာဂတ်အတွက် ထောက်ပံ့ပေးဖို့ပဲတတ်နိုင်တယ်…ဒါ့အပြင် ငါတို့တွေမင်းအတွက် ကျောထောက်နောက်ခံအဖြစ်ရှိပေးလိမ့်မယ်…ထန်မျိုးနွယ်က အခုလက်ရှိအချိန်မှာ အတည်အကျကြီးမတည်ထောင်ရသေးဘူးမလား မင်းရဲ့အနာဂတ်တွေတိုးတက်မှုအတွက် ထန်မျိုးနွယ်ကမင်းရဲ့အခြေစိုက်စခန်းနေရာကြီးဖြစ်လာလိမ့်မယ်…ဒါပေမယ့် မကြာခင်လာတော့မဲ့ပြိုင်ပွဲကြီးမှာ သေချာပေါက် ချန်ပီယံတော့ရအောင်လုပ်ဖို့လိုသေးတယ်..ဒီလိုလုပ်နိုင်မဲ့အရည်အချင်းအပြည့်အ၀ရှိတယ်လို့လဲ ငါတို့ယုံကြည်တယ်…ဒီ၀ိညာဥ်လက်နက်တွေကို ကြိုးစားအားထုတ်နေတဲ့အချိန်တစ်လျှောက်လုံးမှာ မင်းရဲ့ကျင့်ကြံမှုကိုလဲ ထိခိုက်အောင်မလုပ်ခဲ့ဘူးမလား ဟုတ်တယ်ဟုတ် ”
” ကျွန်တော်မှာ ၀ိညာဥ်စက်ကွင်းငါးကွင်းရှိနေပါပြီ ”
ဟို့ယွိဟောင်က ယုံကြည်ချက်အပြည့်နဲ့ ပြောလာခဲ့တယ်။
ရန်ရှောင်ကျဲ့ကတော့ အံ့အားသင့်သွားခဲ့ပါတယ်။
” ငါးခုလား မင်းမှာ၀ိညာဥ်စက်ကွင်းငါးခုရှိနေပြီးပြီပေါ့ မြန်လှချေလား ”
သာမန်ကျောင်းသားတွေအတွက်တော့ အသက်ဆယ်ခုနှစ်နှစ်မှာ အဆင့်ငါးဆယ်ကိုရောက်တယ်ဆိုတာက အတော်ကိုမြန်ဆန်တယ်လို့ပြောနိုင်ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်က အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ရှိနေတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ပါ အဆုံးစွန်းဓာတ်သဘောကိုပါ ပိုင်ဆိုင်ထားတဲ့သူတွေအတွက် ကျင့်ကြံမှုဆိုတာက အတော်ကိုနှေးကွေးပါတယ်။ နှစ်နှစ်အတွင်းမှာ အဆင့်ငါးဆယ်ကိုရောက်ဖို့ဆိုတာပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ ဒါက ရန်ရှောင်ကျဲ့အတွက်တော့ အံ့အားသင့်စရာပါပဲ။
ရှန်လင်းအယ်ကတော့ ရယ်နေခဲ့ပါတယ်။
” အခုမင်းကျောင်းတော်ရဲ့ လာဘ်ကောင်းဖြစ်လာပြီလို့ပြောရတော့မယ်ထင်တယ် ယွိဟောင် ”
” ဘာဖြစ်လို့လဲ ”
” မင်းကမိစ္ဆာကောင်လေးဖြစ်နေလို့လေ ငါမြင်ဖူးသမျှကျောင်းသားတွေအားလုံးထဲမှာ ဒီစကားကမင်းနဲ့အလိုက်ဖက်ဆုံးပဲ ”
ရန်ရှောင်ကျဲ့က ပြောလိုက်ပါတယ်။
” သွားကြစို့ ငါတို့ခရီးမထွက်ခင်တစ်ခုခုအရင်သွားစားရအောင် လက်ရှိအချိန်ကျောင်းတော်ကို လုံလုံခြုံခြုံပြန်ရောက်ဖို့ကပိုအရေးကြီးတယ် ”
ဟုတ်ပါတယ် ကျောင်းတော်ကိုလုံလုံခြုံခြုံပြန်ရောက်ဖို့ဆိုတာက အရေးကြီးဆုံးပါပဲ။
သူတို့တွေရိုးရိုးရှင်းရှင်းနေ့လည်စာသာစားခဲ့ပါတယ်။ ဖန်းယွီကတော့ ရန်ရှောင်ကျဲ့ရဲ့ ညွှန်ကြားချက်အတိုင်းဟယ့်ချိုက်ထို့ ယဲ့ရှောင်ချန်နဲ့ တခြားကျောင်းသားတွေကိုအရင်ခေါ်ပြီ ခရီးနင်းသွားခဲ့ပါပြီ။ ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်တို့ကတော့ ဟို့ယွိဟောင်တို့ကိုခေါ်ထားရင် တခဏတာအနားယူပြီမှသာ မြို့အပြင်ကိုထွက်လာခဲ့ကြပါတယ်။ သူတို့တွေ ဒီတစ်ကြိမ်မှာတော့ အေးအေးဆေးဆေးနဲ့သာ လမ်းလျှောက်နေခဲ့ပြီ အရှေ့မှာရှိတဲ့အဖွဲ့နဲ့တတ်နိုင်သလောက်အကွာအဝေးကို ခွာထားခဲ့တယ်။
” အကယ်၍ သူတို့တွေအလစ်၀င်တိုက်မယ်ဆိုရင် မင်းကဟို့ယွိဟောင်ကို ကာကွယ်လိုက် ငါကတိုက်ခိုက်မယ် ”
ရှန်လင်းအယ်က ရန်ရှောင်ကျဲ့ကိုပြောလိုက်ပါတယ်။
” လင်းအယ် မင်းကအသက်ပိုကြီးလာလေ ပိုပြီးခေါင်းမာလာလေပဲ ဒီလိုကိစ္စမျိုးမှာတောင် ငါနဲ့လိုက်ပြီယှဥ်ပြိုင်ချင်သေးတာလား ”
ရန်ရှောင်ကျဲ့ကမျက်မှောင်ကြုတ်နေခဲ့တယ်။
” ငါအသက်ကြီးပြီလို့နင်ထင်နေတာလား နင်ကိုယ်နင်ပြန်ကြည့်လိုက်ဦး ”
ရန်ရှောင်ကျဲ့ကို ရှန်လင်းအယ်ကမျက်ခုံးပင့်ရင်းနဲ့ ပြန်ပြောပါတော့တယ်။
” ဟမ်း ကလေးရှေ့မှာဒါမျိုးတွေမပြောရဘူးလေ ”
ရန်ရှောင်ကျဲ့က သူ့ဘာသာသူစကားကိုလျှော့ချသွားခဲ့ပါတယ်။
” ဘာကလေးလဲ ယွိဟောင်က နင်ရဲ့ဆရာတူညီငယ်လေ ဒီတော့ငါတို့တွေအားလုံးက ၀ါစဥ်အရဆိုရင်အတူတူပဲလို့ပြောရမယ်…အသက်အရွယ်ဆိုတာက ၀ါစဥ်ကြီးငယ်နဲ့မသက်ဆိုင်ဘူး ”
” ငါတော့မင်းကိုစကားပြောလို့မနိုင်ပါဘူးလေ…ကောင်းပြီ မင်းတိုက်ခိုက်လိုက် ငါကမင်းကိုဘေးကနေ အထောက်အပံ့ပြုပေးနေမယ်…အဆင်ပြေတယ်မလား ”
ရန်ရှောင်ကျဲ့ရဲ့အမြဲတမ်းချိုးနှိမ့်လို့မရနိုင်တဲ့အပြုအမူတွေက ရှန်လင်းအယ်အရှေ့မှာဆိုရင် အသုံးမ၀င်ပါဘူး။ သူဘယ်လောက်ပဲ၀မ်းတွင်းမှာစိတ်ပုတ်နေပါစေ အရှုံးတော့ပေးရပါသေးတယ်။
” ဒီလိုမှပေါ့ ငါလှုပ်လှုပ်ရှားရှားမလုပ်ရတာ အချိန်အတော်ကြာနေပြီ ကျန်းဟုန်ချန်က ဒီတစ်ကြိမ်မှာအင်အားကြီးတဲ့သူတစ်ယောက် လွှတ်လိုက်ဖို့မျှော်လင့်ပါတယ်…မဟုတ်ရင် ငါစိတ်လှုပ်ရှားမှာတော့မဟုတ်ဘူး ”
ဟို့ယွိဟောင်လဲ ဘေးကနေနားထောင်နေရင်းအံ့အားသင့်နေခဲ့ပါတယ်။ ကျောင်းအုပ်နှစ်ယောက်က လုံး၀ကိုစိတ်မလှုပ်ရှားကြပါဘူး။ သူတို့ရဲ့အခြေခံခိုင်လွန်လှတဲ့ အစွမ်းအစတွေကြောင့် ဒီလိုယုံကြည်ချက်ရှိနေတာကြောင့်ပါ။ ကျောင်းအုပ်နှစ်ယောက်တိုက်ခိုက်တာသူတစ်ခါမှမမြင်ဖူးပါဘူး။
ကျန်းဟုန်ချန်က သူတို့နောက်ကိုဘယ်လိုလူတွေကိုများ သူတို့ဆီပို့လွှတ်မှာလဲ ၀ိညာဥ်ပညာရှင်တွေလား အဝေးပြစ်အမြောက်တွေလား ကျောင်းအုပ်နှစ်ယောက်ရဲ့အမြင်အရဆိုရင် အန္တရာယ်ဆိုတာက ဒီလိုအရာတွေမဖြစ်နိုင်ပါဘူး။ အဆင့်ကိုးရွေ့လျား၀ိညာဥ်အမြောက်တွေကို မသုံးသရွေ့သူတို့ကိုမခြိမ်းခြောက်နိုင်မှာအမှန်ပါ။
ဒါ့အပြင် ဒီအရာတွေကိုသုံးတာက အရမ်းကိုလှုပ်ရှားမှုကြီးလွန်ပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမက အပေါ်ယံမှာအမျက်ဒေါသကျောင်းတော်နဲ့ ရန်ဖြစ်ချင်နေပုံမပေါ်ပါဘူး။ နှစ်ဖက်စလုံးက နက်ရှိုင်းတဲ့အမုန်းတရားအငြိုးတွေရှိမနေတဲ့အတွက် ဒီလိုတိုက်ခိုက်တယ်ဆိုရင် သူတို့ဖက်က လွန်ရာကျသွားပါလိမ့်မယ်။ အကယ်၍ ခန္ဓာကိုယ်မျိုးနွယ်ကသာဖြစ်မယ်ဆိုရင်တော့ ကျန်းဟုန်ချန်က အစွမ်းကုန်အလိုက်ဖက်ဆုံးဖြစ်မှာပါ။ ဒါပေမယ့် အခုကအမျက်ဒေါသကျောင်းတော်ဖြစ်နေခဲ့တယ်။
တစ်နာရီ နှစ်နာရီကြာပြီတဲ့နောက် ရန်ရှောင်ကျဲ့က ကောင်းကင်ပေါ်ကိုမော့ကြည့်ရင်းပြောလာခဲ့ပါတယ်။
” မကြာခင်မှောင်တော့မယ် ငါတို့တွေအရှိန်မြင့်လိုက်ကြရအောင် ”
သူတို့သုံးယောက်စလုံးက ပျံသန်းရေး၀ိညာဥ်လက်နက်တွေထုတ်ပြီ ကျောင်းတော်ဆီကိုပျံသန်းကြပါတော့တယ်။ သူကျောင်းအုပ်တွေနဲ့ ပျံသန်းရတာက ဟို့ယွိဟောင်အတွက် ပိုပြီးစိတ်သက်သောက်သက်သာရှိသလို အေးအေးဆေးဆေးလဲ ဖြစ်နေခဲ့တယ်။
ရန်ရှောင်ကျဲ့က ၀ိညာဥ်စွမ်းအားကို ထုတ်လွှတ်ထားပြီ သူတို့သုံးယောက်ကိုကာကွယ်ပေးထားခဲ့တဲ့အတွက် လေထုရဲ့ဖိအားကိုလဲမခံစားရပါဘူး။ ဒါ့အပြင် ပျံသန်းရေး၀ိညာဥ်လက်နက်တွေကိုအဆုံးစွန်းအထိအားမြင့်ရင်း အမြင့်ဆုံးနဲ့ပျံသန်းနေခဲ့ပါတယ်။
ကျောင်းအုပ်နှစ်ယောက်စလုံးက သော့်လော့တွေဖြစ်တဲ့အတွက် လေးနာရီမပြည့်ခင်အချိန်မှာ သေချာပေါက် ကျောင်းတော်ကိုပြန်ရောက်နိုင်မှာပါ။
ဟို့ယွိဟောင်လဲ သူ့ဘာသာသူတွေးနေခဲ့ပါတယ်။ အကယ်၍ တကယ်သာတိုက်ပွဲသာဖြစ်ခဲ့မယ်ဆိုရင် သေချာပေါက် သူက၀န်ထုတ်၀န်ပိုးတစ်ခုအဖြစ် မခံနိုင်ပါဘူး။
°°°
အချိန်တွေကတော့ဆက်တိုက်ကုန်ဆုံးလို့နေခဲ့ပါတယ်။ သူတို့လဲကျောင်းတော်နဲ့ကပ်ခါနီးနေပါပြီ။ နောက်တစ်နာရီပျံသန်းပြီရင်း ထျန်းဟွမ်နိုင်ငံရဲ့နယ်မြေထဲကိုရောက်လာမှာပါ။
” သူတို့တွေ ပေါ်မလာတော့ဘူးလား မလာတော့ဘူးဆိုရင် ငါတို့အားထုတ်ထားရတာတွေအလဟာသဖြစ်ကုန်တော့မှာပဲ ”
ရှန်လင်းအယ်ကတော့ နောင်တရတဲ့အသံနဲ့ပြောနေခဲ့တယ်။
” ဒါကိစ္စကောင်းမဟုတ်ဘူးလား ကျောင်းတော်ကိုလုံလုံခြုံခြုံပြန်ရောက်ဖို့က အရေးကြီးတယ်လေ လင်းအယ် မင်းကတော့လေ အမြဲတမ်းကောင်းကောင်းမတွေးဘူး ”
” နင်ငါရဲ့ဘွဲ့နာမည်ကို မေ့သွားပြီလား ”
” ဘယ်လိုလုပ်မေ့မှာလဲ မင်းက စစ်နတ်ဘုရားမသော့်လော့လေ ”
” မင်းတစ်ယောက်ထဲပဲ ကိုယ့်ကိုကိုယ်အဲ့ဒီလိုခေါ်၀ံ့တယ်မလား ကောင်းကင်မှာပျံ၀ဲနေတဲ့ စစ်နတ်ဘုရားမက အဲ့ဒီအချိန်တုန်းက အမှတ်တရကောင်းတွေကို အများကြီးချန်ထားရစ်နိုင်တာပဲ ”
” နင်နဲ့ပဲ အမှတ်တရကောင်းမရှိတာလေ ဟုတ်တယ်ဟုတ် ”
ရှန်လင်းအယ်က ပြန်အော်ပါတော့တယ်။
” လင်းအယ်အဲ့ဒီလိုမလုပ်စမ်းပါနဲ့ ငါတို့ကမိသားစုနဲ့လူတွေပဲလေ ဒါတောင်မှမင်းအခုအချိန်ထိတောင် ခွင့်မလွှတ်နိုင်သေးဘူး…ငါတို့တော်တော်လေးအသက်ကြီးနေပြီ ဘာဖြစ်လို့ဒီအတိုင်းလိုက်လျောညီထွေဖြစ်အောင် မနေကြတာလဲ ”
” ငါနင့်ကိုစကားမပြောချင်တော့ဘူး ”
ရှန်လင်းအယ်က ပြန်အော်ပါတော့တယ်။
သူတို့တွေစကားပြောနေကြချိန်မှာပဲ အမူအရာကချက်ချင်းပြောင်းသွားခဲ့ပါပြီ။ သူတို့နှစ်ယောက်ရဲ့ကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းအားတွေက ဖြာထွက်လာခဲ့တဲ့အတွက် ဟို့ယွိဟောင်လဲ အဝေးနေရာကိုကြည့်လိုက်မိပါတော့တယ်။
ဒီနေ့ရာသီဥတုက ကြည်လင်နေခဲ့သလို ကောင်းကင်ဆီမှာလဲ ပြာလဲ့ပြီတောက်ပလို့နေခဲ့တယ်။ ဒါပေမယ့် တစ်ဖက်ကောင်းကင်မှာအရောင်တွေက ဖြည်းဖြည်းချင်းပြောင်းလဲလာခဲ့ပါပြီ။ တိမ်မဲအုပ်တွေက သူတို့ဆီကို မြန်မြန်ဆန်ဆန်ကြီးရောက်ရှိလို့လာနေခဲ့ပါတယ်။
ဒီတိမ်မဲအုပ်တွေက အရာအားလုံးကိုလွှမ်းမိုးပြီးခြိမ်းခြောက်တော့မဲ့အတိုင်းပါပဲ။
ရှန်လင်းအယ်ကတော့ အံကြိတ်နေခဲ့သလို ရန်ရှောင်ကျဲ့ရဲ့အကာအကွယ်စက်၀ိုင်းထဲကနေ အပြင်ကိုထွက်သွားပါတော့တယ်။ သူမရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်က ချက်ချင်းအရှိန်နှေးသွားခဲ့ပြီ လေထဲမှာသူမကဦးဆောင်လို့ရှိနေခဲ့တယ်။
” ငါနောက်မှာနေ ”
ရန်ရှောင်ကျဲ့က ဟို့ယွိဟောင်ကိုပြောလိုက်ပါတယ်။
” မင်းလုပ်စရာရှိတဲ့ကိစ္စက ဘေးကနေကြည့်ဖို့ပဲ ”
” ဟုတ်ကဲ့ပါ ”
သိပ့်သည်းတဲ့တိမ်တိုက်တွေက မြန်မြန်ဆန်ဆန်ရွေ့လျားလာနေခဲ့သလို ဘယ်လောက်အထိကျယ်ပြန့်လဲဆိုတာ အနီးကပ်မှသာမြင်တွေ့ရပါတယ်။
ဒီတိမ်မဲတွေက ကောင်းကင်ပြင်မှာနေရာယူသွားခဲ့ပြီ ကျားခေါင်းကြီးရဲ့အသွင်ကိုပြောင်းလဲလို့သွားပါတော့တယ်။
ကျယ်လောင်ပြီစူးရှတဲ့အသံက မိုးခြိမ်းသံတွေလိုမျိုး အထဲကနေထွက်ပေါ်လို့လာခဲ့ပါတယ်။
” မင်းရဲ့မိတ်ဆွေဟောင်းကြီးကို မှတ်မိသေးလား ရန်ရှောင်ကျဲ့ ”
” ကျန်းပန် မင်းအသက်ရှင်နေတုန်းပဲလား ဒီနေ့ငါမင်းကိုအဆုံးသတ်ပေးရတော့မှာလား ”
” မင်းပါးစပ်က ညစ်တီးညစ်ပတ်စကားတွေပဲထွက်နေတာလား ရန်ရှောင်ကျဲ့ ဒီနေ့ဘယ်သူသေမလဲဆိုတာ အရင်ကြည့်ကြရအောင် ”
ကြီးမားတဲ့တိမ်တိုက်ကြီးတွေက ကျားခေါင်းလိုအသွင်ကနေ ပါးစပ်ကြီးဟလာပါတော့တယ်။ ကြောက်စရာအသံလှိုင်းတွေက အပြင်ကို ထွက်ပေါ်လာခဲ့ပြီဖြစ်သလို ရှန်လင်းအယ်ကလဲ လှုပ်ရှားလိုက်ပါပြီ။ သူမက ကောင်းကင်ပေါ်ကိုထိုးတက်လို့သွားခဲ့ပြီတဲ့နောက် မျက်တောင်တစ်ခတ်အတွင်းမှာတင်တစ်ကိုယ်လုံးအစိမ်းရောင်မီးလျှံတွေပြည့်သွားပါတော့တယ်။
ရှန်လင်းအယ်ရဲ့ခန္ဓာကိုယ်က ပိုမိုကြီးမားလို့လာခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူမက ငါးမီတာကျော်တဲ့အထိကြီးမားလို့သွားခဲ့သလိုတစ်ကိုယ်လုံးမှာလဲ အစိမ်းရောင်သံချပ်ကာတွေက ပေါ်ထွက်လို့လာပါတော့တယ်။
ဒီသံချပ်ကာသူမရဲ့တစ်ကိုယ်လုံးပေါ်မှာအကြေးခွံတွေနဲ့ရှိနေခဲ့တာပါ။ ရှန်လင်းအယ်ရဲ့အသက်အရွယ်ကိုဟို့ယွိဟောင်မသိခဲ့ပါဘူး။ ဒါပေမယ့် ရန်ရှောင်ကျဲ့ရဲ့ပြောတဲ့စကားတွေကိုနားထောင်ရမယ်ဆိုရင် အတော်လေးအသက်ကြီးနေလောက်ပါပြီ။
ဒါပေမယ့် ရှန်လင်းအယ်က သူ့ရဲ့သံချပ်ကာကိုထုတ်သုံးလိုက်ချိန်မှာပဲ သူမရဲ့ခြေထောက်အောက်ဖက်မှာ ၀ိညာဥ်စက်ကွင်းတွေက ချက်ချင်းထွက်ပေါ်လို့လာပါတော့တယ်။ အ၀ါရောင်နှစ်ခု ခရမ်းရောင်နှစ်ခုနဲ့ အနက်ရောင်ငါးခုတို့ပါ။ သူမရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ရုပ်ရည်ကိုလဲနူးညံ့သွားစေခဲ့သလို အသက်နှစ်ဆယ်အရွယ်မိန်းမငယ်တစ်ယောက်အသွင်ပြောင်းသွားစေခဲ့ပါတယ်။ ဒါ့အပြင် တိုက်ခိုက်လိုစိတ်အပြည့်နဲ့တောက်ပနေတဲ့ သူရဲကောင်းဆန်ဆန်အငွေ့အသက်တွေကလဲ ဖြာထွက်လို့နေခဲ့တယ်။
” စစ်နတ်ဘုရားမသော့်လော့ ရှန်လင်းအယ်လား ”
တစ်ဖက်ရဲ့အသံကြီးက ပြောင်းလဲလို့သွားခဲ့ပါပြီ။
” မင်းတို့နှစ်ယောက်လမ်းခွဲပြီ ပြတ်စဲသွားပြီလို့ထင်တာ ဘယ်လိုဖြစ်လို့ရန်ရှောင်ကျဲ့နဲ့ ရှိနေရသေးတာလဲ ဒီအတုအယောင်သီလကြောင် ကြောင်သူတော်ကောင်ကတော့လား ”
အပိုင်း ၂၀၆•၁ ပြီး၏။