Switch Mode

Chapter – 13.1

" ထူးဆန်း ရေ ဆေးလုံး "

Chapter – 13.1 ” ထူးဆန်း ရေ ဆေးလုံး ”
°°°
” ပြိုင်ပွဲစတင် ”

ပြိုင်ပွဲစတင်ကြောင်း ကြော်ငြာပြီတဲ့နောက် ဒိုင်းကချက်ချင်းဆိုသလို ကွင်းပြင်ကို ဆုတ်ခွာသွားပါတော့တယ်။ ပေ့ပေ့နဲ့ ရှုစန်းရှီ နှစ်ယောက်စလုံးကတော့ သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်လိုက်ကြပါပြီ။

၀ိညာဥ်လက်ရည်ယှဥ်တဲ့ နယ်မြေမှာ အော်ဟစ်သံတွေအားလုံးက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပါတော့တယ်။ အားလုံးကတော့ လူနှစ်ယောက်ကိုသာ အာရုံစိုက်နေခဲ့ကြတယ်။ ကျောင်းတော်ရဲ့အပြင်နယ်မြေမှာ ကျော်ကြားတဲ့သူတွေ ဖြစ်တာကြောင့် ပေ့ပေ့နဲ့ ရှုစန်းရှီတို့ရဲ့ ပြိုင်ပွဲက လူတိုင်းကို လှုပ်ခတ်စေနိုင်တာ အမှန်ပါ။ တခြားကျောင်းတော်သားတွေလဲ တိုက်ခိုက်တဲ့ပွဲတွေကို ကြည့်ရတာ အင်မတန် စိတ်အားထက်သန်ကြပါတယ်။ ဒါ့အပြင် သူတို့အချင်းချင်းလဲ လောင်းကြေးထပ်လာခဲ့ကြပါပြီ။

ပေ့ပေ့ရဲ့ခန္ဓာကိုယ်မှာ အပြာရောင်လျှပ်စီးတန်းတွေက ၀င်ရောက်လို့လာပါတော့တယ်။ သူ့ရဲ့ညာဘက်လက်ကလဲ ချက်ချင်းဆိုသလို ခပ်မြန်မြန်ပဲ ကြီးမားလို့လာတယ်။ အပြာရောင်လျှပ်စီးတန်းတွေက သူ့ရဲ့ သိုင်းပညာ၀ိညာဥ်ကို ထုတ်ဖော်လိုက်ပါပြီ။

တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ရှုစန်းရှီကလဲ လုံး၀ကို အားမနည်းခဲ့ပါဘူး။ သူ့ခန္ဓာကိုယ်က နောက်တစ်ကြိမ် ကြီးမားကျယ်ပြန့်လို့ သွားခဲ့ရင်း သူ့ရဲ့ ကျောင်း၀တ်စုံကိုတောင်ဆန့်ထွက်လို့သွားစေခဲ့ပါတယ်။ အဲ့ဒီနောက် ကြီးမားတဲ့ လိပ်ခွံလိုဒိုင်းကာကြီးက နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။ အဲ့ဒီဒိုင်းကာကြီးက သူ့ ညာဘက်လက်မှာရှိနေခဲ့တယ်။

သူတို့နှစ်ယောက် ဖြည်းဖြည်းချင်းနဲ့ ကွင်းပြင်ကို လျှောက်ပြီးပတ်နေခဲ့ကြပါတယ်။ သန်မာအားကောင်းတဲ့ ၀ိညာဥ်စွမ်းအားက နှစ်ယောက်စလုံးဆီကနေ ထွက်ပေါ်လို့နေခဲ့တယ်။ အပြာရောင်တစ်ခု အနက်ရောင်တစ်ခုက ပိုမို အားကောင်းလာနေခဲ့ပါပြီ။ နှစ်ယောက်ရဲ့ကွာခြားချက်ကိုလဲ ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။

အပေါ်ယံမျက်နှာပြင်မှာ သူတို့က လက်ရည်တူနေတဲ့ပုံပါပဲ။ နှစ်ယောက်စလုံးက ၀ိညာဥ်အကြီးအကဲပညာရှင်တွေ ဖြစ်နေခဲ့ကြပြီး ၀ိညာဥ်စက်ကွင်းသုံးခုဆီ ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲအမျိုးအစား၀ိညာဥ်အကြီးအကဲတွေ ဖြစ်နေခဲ့ကြတယ်။ ပေ့ပေ့ကတော့ လုံး၀ကို အဆက်မပြတ်တိုက်ခိုက်တဲ့ ၀ိညာဥ်ပညာရှင်ပါ။ ရှုစန်းရှီကတော့ ခုခံရေးပညာရှင် ဖြစ်နေခဲ့ပါတယ်။

အပြာရောင်လျှပ်စီးနဂါးကတော့ လက်ရှိအချိန်မှာ တိုက်ခိုက်မှုအင်အားအမြင့်ဆုံးသတ္တာ၀ါအဖြစ် ကျော်ကြားပါတယ်။ ဒါ့အပြင် သူကနေ အသွင်ပြောင်းထားတဲ့ သိုင်းပညာ၀ိညာဥ်ကတော့ ပိုပြီးအံ့ဩစရာကောင်းမှန်း မရှိတော့ပါဘူး။ ခုခံမှုတော့ မြေအောက်လောကထူးဆန်း လိပ်နတ်ကြီးက ပိုပြီးအားကောင်းပါတယ်။ ဘယ်သူအနိုင်ရမလဲဆိုတာ ပြောဖို့က ခက်နေခဲ့တယ်။

၀မ်သုန့်ကတော့ သူ့နဲ့ ဟို့ယွိဟောင်ရဲ့ ကိစ္စတွေကို မေ့သွားခဲ့တဲ့အတိုင်း လူနှစ်ယောက်ကိုသာ စောင့်ကြည့်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ အတူတူပါပဲ။ လက်ရှိအချိန်မှာ သူတို့တွေက ဒီနှစ်ယောက်ကိုသာ အာရုံစိုက်နေခဲ့ကြတယ်။

သိုင်းပညာ၀ိညာဥ်ကို ထုတ်ဖော်ပြီတဲ့နောက် ပေ့ပေ့ရဲ့ နူးညံ့ညင်းသာတဲ့ ပုံစံက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတော့တယ်။ စူးရှထက်မြက်တဲ့ပုံစံကသာ အစားထိုး၀င်ရောက်လာခဲ့ပါပြီ။ ရှုစန်းရှီရဲ့ သွေးပူနေတဲ့ပုံစံကလဲ ချက်ချင်းဆိုသလို တည်ငြိမ်အေးဆေးလို့ သွားခဲ့ပြီး တောင်ကြီးတစ်တောင်လို မယိုင်လဲတဲ့ တည်ငြိမ်မှုက ဖြစ်ပေါ်လာပါတော့တယ်။ ရှုစန်းရှီက ဟို့ယွိဟောင်တို့နဲ့ အနီးစပ်ဆုံးနေရာကို ရောက်ရှိချိန်မှာ ပေ့ပေ့က ရုတ်တရက်ဆိုသလို အော်ဟစ်ဟိန်းဟောက်လိုက်ရင်း ရှုစန်းရှီဆီကို ပြေး၀င်လို့လာပါတော့တယ်။

ရှုစန်းရှီကလဲ မျက်လုံးပြူးလို့သွားခဲ့တယ်။ သူအခုအချိန်ထိ အားနည်းချက်ကို မဖော်ပြရသေးပါဘူး။ ပေ့ပေ့အတွက် အခုက တိုက်ခိုက်ဖို့အခွင့်ကောင်းမဟုတ်တာကို သူသိနေခဲ့တယ်။ ပေ့ပေ့က ဘာကြောင့်များ အလောကြီးနေရတာလဲ။

သူ့သာသာသူ တွေးနေခဲ့ပေမဲ့ လုံး၀ကို အရှိန်မလျှော့၀ံ့ပါဘူး။ ပေ့ပေ့ရဲ့ ပေါက်ကွဲတဲ့တိုက်ခိုက်ရေးစွမ်းအားက ဘယ်လောက်အားကောင်းလဲဆိုတာ သူကိုယ်တိုင်းအသိဆုံးပါ။

ရှုစန်းရှီနဲ့ ငါးမီတာအကွာအဝေးရောက်ချိန်မှတော့ ပေ့ပေ့က ရုတ်တရက်ဆိုသလို လေထဲကို ခုန်လိုက်ပြီ အကြေးခွံတွေနဲ့ပြည့်နေတဲ့လက်နဲ့ ရှုစန်းရှီရဲ့ခေါင်းကိုထိုးချပြစ်ဖို့ လုပ်ပါတော့တယ်။ ပေ့ပေ့ရဲ့လက်ကနေ နဂါးလက်သည်းက ထွက်ပေါ်နေခဲ့ပြီး ဒါကလဲ သူ့ရဲ့၀ိညာဥ်စွမ်းအားကို တစ်ပြိုင်နက်ထဲ ထုတ်ဖော်တာပါ။

ရှုစန်းရှီကတော့ အေးအေးဆေးဆေးနဲ့မလောပဲ ရှိနေခဲ့ပါတယ်။ သူက ညာဘက်ခြေထောက်ကို ခြေလှမ်းတစ်၀က်လောက် ဆုတ်သွားရင်း အောက်ဖက်ကိုအနည်းငယ်ထိုင်ချလိုက်တယ်။ အဲ့ဒီနောက် ဒိုင်းကာကြီးကို ခန္ဓာကိုယ်အရှေ့မှာ ကာထားရင်း သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အကာအကွယ်ရအောင် လုပ်လိုက်ပါပြီ။ ဒါ့အပြင် သူ့ရဲ့လိပ်ခွံကြီးဆီကနေ အနက်ရောင်၀ိညာဥ်စွမ်းအားတွေကလဲ ထွက်ပေါ်လို့လာပါတော့တယ်။ သူ့တစ်ကိုယ်လုံးကို ဒီအနက်ရောင်စွမ်းအားတွေက ကာကွယ်လို့ထားခဲ့တယ်။

ပေ့ပေ့ရဲ့နဂါးလက်သည်းက အနက်ရောင်လိပ်ခွံကြီးနဲ့ ပြင်းပြင်းထန်ထန် တိုက်မိရင်း နှစ်ဖက်စလုံးကလဲ တုန်ရီလို့သွားခဲ့ပါပြီ။ ပေ့ပေ့ကတော့ အနောက်ကို ပြန်လည်လှဲကျလို့သွားခဲ့သလို ရှုစန်းရှီလဲ နောက်ကိုဆုတ်သွားခဲ့ရပါတယ်။

ရှုစန်းရှီရဲ့ ၀ိညာဥ်စက်ကွင်းသုံးခုထဲမှာ နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းက ရုတ်တရက်တောက်ပလို့လာရင်း အနက်ရောင်လိပ်ခွံကြီးရဲ့ အစွမ်းအစကို နှစ်ဆဖြစ်သွားစေခဲ့တယ်။ သန်မာကြီးမားတဲ့ အနက်ရောင်အလင်းတန်းက ဒိုင်းကာမှာပိုမို အားကောင်းလို့လာခဲ့ပြီး ဆယ့်မီတာကျော်အထိကို ဖုံးလွှမ်းလို့သွားပါတော့တယ်။ ကြီးမားတဲ့ ဦးထုပ်ကြီးတစ်ခုနဲ့ အဆောင်ခံလိုက်ရသလိုမျိုး အမှောင်ထုကတော့ လွှမ်းခြုံသွားခဲ့ပါပြီ။

ထူးဆန်းတဲ့ မြေအောက်လောကတုန်ခါမှုက ရှုစန်းရှီရဲ့ ပထမ၀ိညာဥ်စွမ်းရည်ပါပဲ။

ဒီလိုနယ်မြေအများကြီးကို လွှမ်းခြုံထားနိုင်တာက အဲ့ဒီနယ်မြေအတွင်းမှာရှိတဲ့ သူတွေကို မူးဝေစေနိုင်ပါတယ်။ အကယ်၍ သူ့ရဲ့ပြိုင်ဘက်ကသာ သူ့ထက်ပိုပြီး သာလွန်နေမယ်ဆိုရင်တောင် အနည်းဆုံးခေါင်းမူးပြီ နောက်ဆုတ်သွားရမှာပါပဲ။ ရှုစန်းရှီအတွက် ရန်သူနဲ့ ကပ်ဝေးဝေးခွာဖို့ ဒီအရာက အကူအညီပြုပေးနေခဲ့တယ်။

ဒါပေမယ့် ပေ့ပေ့က အရမ်းကို စိတ်ဆုံးဖြတ်ချက် ခိုင်မာနေမယ်လို့ ရှုစန်းရှီမတွေးမိခဲ့ဖူးပါဘူး။ ပထမ၀ိညာဥ်စွမ်းရည်ကို သူသုံးလိုက်ချိန်မှာပဲ ပေ့ပေ့ရဲ့ ဒုတိယနဲ့ တတိယ၀ိညာဥ်စက်ကွင်းတွေက တစ်ပြိုင်နက်ထဲ တောက်ပလို့လာခဲ့ပါတယ်။ ပထမဆုံးအနေနဲ့ တတိယ၀ိညာဥ်စက်ကွင်းဖြစ်တဲ့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့တာပါ။ အဲ့ဒီနောက် အလင်းတန်းက ပိုမို ကျယ်ပြန့်လို့လာခဲ့ပြီး တစ်၀ှီး၀ှီးမြည်သံတွေလဲ ထွက်ပေါ်လို့လာပါတော့တယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက အပြာရောင်လျှပ်စီးတန်းတွေနဲ့ ပြည့်နှက်လို့နေခဲ့ပါပြီညာဘက်လက်မှာရှိတဲ့ အကြေးခွံတွေကလဲ ခန္ဓာကိုယ်ဆီကို ခပ်မြန်မြန်ပဲ လွှမ်းခြုံလို့သွားခဲ့ပါတယ်။ အဲ့ဒီနောက် ညာဘက်ရင်ဘတ်အထိကို ရောက်ရှိလို့လာခဲ့တယ်။သူ့ခန္ဓာကိုယ်ရဲ့ အရှိန်အ၀ါတွေက ချက်ချင်းဆိုသလို တိုးတက်လာခဲ့ပါပြီ။ ဒါကတော့ မိုးကြိုးဒေါသပါ။

ဒုတိယ၀ိညာဥ်စက်ကွင်းအလင်းရောင် တောက်ပလာချိန်မှာတော့ များပြားတဲ့ လျှပ်စီးမြွေလို အရာတွေက ပေ့ပေ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို ထွက်လာပါတော့တယ်။

ပေ့ပေ့က ဒုတိယနဲ့ တတိယ၀ိညာဥ်စွမ်းရည်တွေကို ပေါင်းစည်းရင်း ရှုစန်းရှီရဲ့ တိုက်ခိုက်မှုကို ဖယ်ရှားပြစ်လိုက်ပါတယ်။ ရှုစန်းရှီက သူ့ရဲ့ ခုခံစစ်ကြောင့် အတော်ကို ကျော်ကြားပေမဲ့ ပေ့ပေ့ကိုတော့ ဒီခုခံစစ်နဲ့ အလဲမထိုးနိုင်ပါဘူး။

ရှုစန်းရှီနဲ့ စွမ်းရည်ထဲမှာ ဟာကွက်တစ်ခုက ပေါ်လာပါတော့တယ်။ ပေ့ပေ့လဲ အနက်ရောင်လေတွေကို လျစ်လျူရှုလို့ထားလိုက်ပြီ အထဲကို ၀င်ရောက်ထိုးဖောက်သွားခဲ့တယ်။

ရှုစန်းရှီက တခဏတာ မျက်လုံးပြူးသွားခဲ့ပေမဲ့ လှုပ်ရှားမှုကတော့ မတွေဝေခဲ့ပါဘူး။ သူ့ရဲ့ ဒုတိယနဲ့ တတိယ၀ိညာဥ်စက်ကွင်းတွေကလဲ ဆက်တိုက်ဆိုသလို တောက်ပလာပါတော့တယ်။ သူက ပေ့ပေ့ရဲ့စွမ်းအားနဲ့ အတော်ကို ရင်းနှီးနေတဲ့သူပါ။ ဒါ့အပြင် ကိုယ်တိုင်းရဲ့ ခုခံနိုင်စွမ်းကိုလဲ အရမ်းယုံကြည်မှုရှိနေခဲ့ပါတယ်။ ပေ့ပေ့ကို နိုင်မယ်လို့ တစ်ရာ ရာခိုင်းနှုန်း မသေချာပေမဲ့ အကယ်၍ သူသာ ခုခံဖို့ကောင်းကောင်းအာရုံစိုက်ပေးခဲ့မယ်ဆိုရင် ပေ့ပေ့က သူ့ကို အနိုင်မယူနိုင်လောက်ဘူးလို့ သေချာနေခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ဒုတိယနဲ့ တတိယစွမ်းရည်ကို ထုတ်ဖော်လိုက်ချိန်မှာပဲ ဦးနှောက်တစ်ခုလုံးအပ်တွေနဲ့ ထိုးခံလိုက် သလို ခံစားလိုက်ရပါတယ်။ ချက်ချင်းဆိုသလို မူးဝေနှောက်ကျိလို့လာခဲ့ပြီး ၀ိညာဥ်စွမ်းရည်နှစ်ခုက ရုတ်တရက် ရပ်တန့်လို့သွားခဲ့ရတယ်။ ချက်ချင်းအပြည့်အ၀ ထုတ်မသုံးနိုင်တော့ပါဘူး။

ပေ့ပေ့ရဲ့ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်က ရုတ်တရက်ဆိုသလို ပုံယောင်အသွင် ဝေ၀ါးလို့သွားခဲ့ပါပြီ။ ဒါကတော့ ထန်မျိုးနွယ်ရဲ့ သရဲအရိပ်ခြေရာပါ။ သူ့ခန္ဓာကိုယ်က အောက်ဖက်ကို အနည်းငယ်နှိမ့်ထားတာကြောင့် တစ်ကိုယ်လုံးလဲ မြေပြင်ပေါ် ကျသွားခဲ့ပါတယ်။ ညာဘက်လက်ကိုအသုံးပြုရင်း လိပ်ခွံကြီးကို သူဆက်ပြီး ထိန်းထားလို့နေခဲ့တယ်။

ရှုစန်းရှီက သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေကို ထုတ်လွှတ်ချင်ပေမဲ့ နောက်ကျလို့သွားခဲ့ပါပြီ။ ပေ့ပေ့က သူ့ဒိုင်းကာကို လှည့်ပတ်လို့လာခဲ့ရင်း သူ့ဆီကိုရောက်ရှိလို့နေခဲ့ပါပြီ။

ပေ့ပေ့က ညာဘက်ခြေထောက်ကို အသုံးပြုရင်း ရှုစန်းရှီရဲ့ ခြေထောက်ကို ဖြတ်ကန်လိုက်ပါတယ်။ မိုးကြိုးဒေါသရဲ့ အင်အားအောက်မှာ လျှပ်စီးတန်းတွေက အရှေ့ကို ဆက်တိုက်ဆိုသလို ပြေးထွက်လို့သွားတော့တယ်။ ရှုစန်းရှီရဲ့ ခန္ဓာကိုယ်ကတော့ မူလနေရာမှာတင် တုန်ခါနေရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။ တစ်ဖက်မှာတော့ ပေ့ပေ့ရဲ့ကြီးမားတဲ့ နဂါးလက်ကြီးက သူ့ပုခုံးပေါ်ကိုရောက်လို့လာပါတော့တယ်။ တိုက်ပွဲရလဒ်ကတော့ ဖြေရှင်းပြီးသွားပါပြီ။

တိုက်ပွဲက အဆုံးသတ်သွားတာ လူတွေထင်ထားတာထက်တောင် ပိုပြီး မြန်ဆန်းပါသေးတယ်။ ဘာတွေဖြစ်သွားခဲ့လဲဆိုတာ ဘယ်သူမှ ရှင်းရှင်းလင်းလင်းမြင်လိုက်ရတဲ့သူတွေ သိပ်မရှိပါဘူး။ ပေ့ပေ့က ရှုစန်းရှီကို လိပ်ခွံကြီးကို တစ်ပတ်လှည့်ထွက်သွားခဲ့ပြီး သူ့ပြိုင်ဘက်ကိုအသာလေး အနိုင်ယူနိုင်ခဲ့တယ်။

” ပေ့ပေ့ အနိုင်ရသွားပြီ ”

ဒိုင်းကအနိုင်ရသူကို ကြော်ငြာလိုက်ပါတယ်။ ရှုစန်းရှီကို မြေပြင်ပေါ် တွန်းလှဲပြစ်တာလဲ သူမတားခဲ့ပါဘူး။

ရှုစန်းရှီရဲ့ခန္ဓာကိုယ်က အရမ်းကို သန်မာလွန်မှန်း လူတိုင်းသိနေခဲ့ကြတယ်။ ပေ့ပေ့ရဲ့ လျှပ်စီးတန်းနဲ့ ထိတွေ့တာတောင် သူက သိပ်ပြီးမထိခိုက်ခဲ့ပါဘူး။ ဒါပေမယ့် စကားတွေကတော့ တစ်လုံးချင်းဆီ ထွက်လာခဲ့ပါတယ်။

” မင်းလှည့်စားပြီ အနိုင်ယူတယ် ”

ပေ့ပေ့ ဘယ်လိုလုပ်လိုက်လဲ သူမသိပေမဲ့ သူ့၀ိညာဥ်စွမ်းရည်တွေ နှေးကွေးသွားခဲ့တဲ့အကြောင်းရင်းက ရှိနေမှာပါ။ ဒါ့အပြင် သူကလဲ ခုခံဖို့အတွက် အပြည့်အ၀ အာရုံစိုက်ထားခဲ့ပါတယ်။ ပေ့ပေ့ ဒီလိုမျိုးအားအနည်းဆုံးနေရာကို ရှာထားနိုင်ခဲ့တာက အတော်ကြီးကို လွန်လွန်းလှပါတယ်။

အပိုင်း ၁၃•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset