အပိုင်း ၂၀၅•၃
” ခြိမ်းခြောက်ပြီငွေညစ်ခြင်း ”
°°°
ကျန်းဟုန်ချန်က လမ်းတစ်လျှောက်မှာစကားသိပ်မပြောခဲ့ပါဘူး။ သူ့ရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်ကိုသာ အသုံးပြုပြီးပျံသန်းလို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ လက်စွပ်ထဲမှာရှိတဲ့ ပါ၀င်ပစ္စည်းတွေကို တိတ်တဆိတ်စစ်ဆေးလို့နေခဲ့တယ်။
သူမျက်စိရှေ့မှာမြင်နေရတဲ့အရာအားလုံးက မူးဝေစေလောက်တဲ့အထိကို တောက်ပလို့နေခဲ့ပါတယ်။ အမှန်တကယ်မှာတော့ ကျန်းဟုန်ချန် ဒီလောက်အများကြီးထုတ်လာပေမယ်လို့ မမျှော်လင့်ထားခဲ့မိပါဘူး။ သူကိုယ်တိုင်းဖန်တီးထားခဲ့တဲ့ ကျုးကော်နတ်လေမြားရဲ့အလိုအလျောက်စနစ်က ကောင်းမွန်လွန်ပေမဲ့ ဒီလောက်တန်ကြေးရှိတဲ့ သတ္ထုတွေရဲ့နှစ်ဆယ်ရာခိုင်နှုန်းနဲ့တော့ မညီမျှတာအမှန်ပါ။ ဟို့ယွိဟောင်ကတော့ ဒီတစ်ကြိမ်သူ့ရဲ့လုပ်ဆောင်ချက်အတွက် အတော်လေးကျေနပ်လို့နေခဲ့မိပါတယ်။
အကယ်၍ ကျန်းဟုန်ချန် သူ့ကိုဒီနေ့မှာပစ္စည်းတွေအားလုံးထုတ်ယူလာပြီ မရောင်၀ယ်ဘူးဆိုရင်တောင် သူ့ရဲ့ကမ်းလှမ်းချက်ကို လက်ခံလာစေဖို့အတွက် နောက်ထပ်အစီအစဥ်တွေရှိနေပါသေးတယ်။
တကယ်တော့အခုလောက်ကြီးအံ့အားသင့်စရာကောင်းလောက်အောင် ကျေကျေနပ်နပ်ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့မိသလို ကျန်းဟုန်ချန်ရဲ့ရက်ရောမှုကိုလဲ သူအနည်းငယ်စိုးရိမ်နေခဲ့ပါတယ်။
နာရီပေါင်းများစရာပျံသန်းပြီတဲ့နောက် ကျန်းဟုန်ချန်က နှစ်ဖက်စလုံးသဘောတူညီချက်ပြုထားတဲ့နေရာဆီကို ဦးတည်လမ်းညွှန်ပါတော့တယ်။
ကျန်းဟုန်ချန်က သူတို့အုပ်စုကို မြေပြင်ဆီဆင်းသက်ဖို့ခေါ်ခဲ့ပါပြီ။ အမျက်ဒေါသကျောင်းတော်ရဲ့လူတွေအားလုံးကလဲ တခြားတစ်ဖက်မှာရှိနေခဲ့ကြပါတယ်။
ဒီတစ်ကြိမ်မှာကတော့ တစ်ဖက်ကျောင်းသားတွေကိုပြန်လာဖို့သူက အမျက်ဒေါသကျောင်းတော် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးကျောင်းတော်ရဲ့ ကျောင်းအုပ်ရန်ရှောင်ကျဲ့ပါပဲ။ ဒါ့အပြင် ၀ိညာဥ်လက်နက်ဌာနက ကျောင်းအုပ်ရှန်လင်းအယ်လဲ သူနဲ့အတူပါလာခဲ့တယ်။
ကျောင်းအုပ်နှစ်ယောက်စလုံးက တကယ်ကိုမြင်လိုက်တာနဲ့ ထင်ရှားနေတဲ့သူတွေပါ။ ဒါ့အပြင် သူတို့နှစ်ယောက်စလုံးရှိနေတာကိုကြည့်ရုံနဲ့တင် ဒီတစ်ခေါက် ကျောင်းပြောင်းသင်ကြားမှုကို ဘယ်လောက်တောင်အားစိုက်ထုတ်ထားလဲဆိုတာ သိသာနေခဲ့တယ်။ ဒါပေမယ့် သူတိူ့နှစ်ယောက်ကသာ အဓိကဦးဆောင်သူဖြစ်နေခဲ့ပြီ အနောက်ဖက်မှာရှိသူတွေအားလုံးကတော့ နေလနိုင်ငံရဲ့ကျောင်းသားတွေဖြစ်နေခဲ့တယ်။
ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်နှစ်ယောက်ကတော့ အရင်ကနဲ့သိပ်ပြီမကွာခြားကြပုံပါပဲ အဆုံးသတ်မှာသူတို့တွေက ကျောင်းပြောင်းသင်ကြားမှုမစတင်အချိန်ကထဲက အရွယ်ရောက်ပြီသားသူတွေဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူ့ရဲ့ဆယ်ကျော်သက်ကာလကို လွှတ်မြောက်ပြီကုန်ဆုံးလို့သွားခဲ့ပါပြီ။
ဒီတစ်ကြိမ်မှာတော့ အဲ့ဒီမောင်နှမနှစ်ယောက်က ပိုပြီးတည်ငြိမ်နေခဲ့ကြသလို ဟို့ယွိဟောင် ပေါ်လာချိန်မှာကထဲကစိုက်ကြည့်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ ခပ်ပြုံးပြုံးပါပဲ အရင်ကနဲ့မတူညီတဲ့ပုံစံမျိုးဘာမှမရှိခဲ့ပါဘူး။
” ခန်းမသခင်ဟုန်ချန် ငါတို့နောက်တစ်ကြိမ် ပြန်တွေ့ကြပြန်ပြီ ”
ရန်ရှောင်ကျဲ့က အရင်ဆုံးအရှေ့ကိုလျှောက်လာရင်းပြုံးပြုံးကြီးပြောနေခဲ့ပါတယ်။ သူကျန်းဟုန်ချန်ဆီကို လျှောက်လာနေပေမဲ့ တကယ်တမ်းမှာဟို့ယွိဟောင်ကို ကြည့်နေခဲ့တာပါ။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ပုံစံကအနည်းငယ်ပြောင်းလဲလို့သွားခဲ့ပါတယ်။ သူ့ရဲ့အရှိန်အ၀ါတောင်မှအရင်ကနဲ့မတူညီခဲ့ပါဘူး။ ဒါပေမယ့် ရန်ရှောင်ကျဲ့ကတော့ လူမမှားတာကိုသိနေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ ကိုယ်ရှိန်ကိုယ်၀ါတွေက အနည်းနဲ့အများပြောင်းလဲလို့သွားခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေက ပိုမိုရိုးရှင်းပြီတည်ငြိမ်သွားသလို စိတ်လှုပ်ရှားတဲ့အမူအရာတောင်မရှိတော့ပါဘူး။ ဒီကလေးတော်တော်တိုးတက်လာတာပဲ။
ရှန်လင်းအယ်ရဲ့အမူအရာကတော့ ရန်ရှောင်ကျဲ့ထက်ကို အများကြီးပိုပြီးနွေးထွေးပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်မှာ ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်အတွက် ဘယ်လောက်စွမ်းဆောင်ပေးလဲဆိုတာကို ရန်ရှောင်ကျဲ့ထက်တောင် သူမကပိုပြီးနားလည်ပါသေးတယ်။ အမျက်ဒေါသကျောင်းတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက ဟို့ယွိဟောင်တစ်ယောက်ထဲကို မှီခိုပြီနှစ်တစ်ထောင်လောက်နောက်ကျနေတဲ့စနစ်တွေကို အမီလိုက်နိုင်တော့မှာပါ။
ကျန်းဟုန်ချန်ကတော့ ဟို့ယွိဟောင်အနေနဲ့ သူစိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီး ရှိရှိသမျှ၀ိညာဥ်လက်နက်တွေရဲ့ပုံကြမ်းတွေကိုကူးယူသွားခဲ့တာဘယ်တော့မှသိမှာမဟုတ်ပါဘူး။ ဒါ့အပြင် ဒီသုတေသနတွေအားလုံးကို ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် အမျက်ဒေါသကျောင်းတော်ဆီကိုတောင် သူကပို့ပြီးပါပြီ။ ဒီနှစ်နှစ်အတွင်းမှာ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနက တစ်ဆင့်ပြီတစ်ဆင့်ဆက်တိုက်တိုးတက်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ သူတို့ကျောင်းတော်ရဲ့သူရဲကောင်းလို့ပြောရတော့မှာပါပဲ။
” ကျောင်းအုပ်ရန်ကို ဂါရ၀ပြုပါတယ်..ကျောင်းအုပ်ကတော့ အမြဲတမ်းတောက်ပနေတာပဲ ”
ကျန်းဟုန်ချန်က ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်ကိုလက်ဆွဲနှုတ်ဆက်လို့နေခဲ့ပါတယ်။ ဒီကုပ်ချောင်းကုပ်ချောင်းကျောင်းအုပ်နှစ်ယောက်ကတော့ မျက်နှာပေါ်မှာအပြုံးပန်းတွေဝေနေခဲ့ပေမဲ့ သူတို့ရဲ့စိတ်ထဲမှာဘာတွေတွေးနေမလဲဆိုတာ ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူး။ အပြင်လူတွေကြည့်မယ်ဆိုရင်တော့ ဒီလူတွေကိုမိတ်ဆွေကောင်းတွေလို့ ထင်မိမှာပါ။
” ခန်းမသခင်ရဲ့မြေးတွေကို အကောင်းပကတိအတိုင်းပြန်ခေါ်လာခဲ့ပါတယ်..သူတို့နှစ်ယောက်က လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာအတော်လေးကို တိုးတက်လာခဲ့ပြီးပြီ အတော်လေးကြိုးစားကြတဲ့အပြင် သင်ယူလိုစိတ်ကအံ့မခန်းပဲ ဒီကလေးနှစ်ယောက်နဲ့ပတ်သက်ပြီ ကျွန်တော်အတော်လေးစိတ်ကျေနပ်မိတယ်..အနာဂတ်မှာဒီလိုမျိုးကျောင်းသားတွေကို ပြောင်းရွေ့သင်ကြားမှုလုပ်တဲ့အစီအစဥ်တွေထပ်ရှိနိုင်ဖို့ မျှော်လင့်ပါသေးတယ် ”
ကျန်းဟုန်ချန်ကတော့ ရယ်သာရယ်နေခဲ့တယ်။
” ငါတို့တွေပြန်ရောက်တဲ့အချိန် ဆွေးနွေးလို့ရပါသေးတယ်…ဒါ့အပြင် ဒီလိုမျိုးကျောင်းပြောင်းသင်ကြားမှုဆိုတာက ပုံမှန်ကိစ္စတောင်ဖြစ်လာနိုင်သေးတယ်မလား အဲ့ဒီလိုမျိုးပုံမှန်အခြေအနေသာဖြစ်သွားခဲ့မယ်ဆိုရင် ငါတို့ကျောင်းနှစ်ခုစလုံးရဲ့အနာဂတ်တိုးတက်မှုကလဲ အများကြီးအကျိုးရှိသွားလိမ့်မယ် ”
” ဒါဆိုရင် သတင်းကောင်းကိုစောင့်နေပါ့မယ် ”
ရန်ရှောင်ကျဲ့က ကျန်းဟုန်ချန်ရဲ့လက်ကိုလွှတ်လိုက်ပြီတဲ့နောက် သူတို့နှစ်ယောက်အပြုံးနဲ့နှုတ်ဆက်နေကြရင်း သူတို့ကျောင်းသားတွေကို ပြန်ခေါ်ယူပါတော့တယ်။
ဖန်းယွီလဲ ဟို့ယွိဟောင်နဲ့ တခြားကျောင်းသားတွေအားလုံးကို ကျောင်းအုပ်နှစ်ယောက်ရဲ့အနောက်ဖက်ဆီ ခပ်မြန်မြန်ခေါ်သွားခဲ့ပါတယ်။ ရှောင်ဟုန်ချန် မုန့်ဟုန်ချန်တို့အားလုံးကလဲ အတူတူနေရာပြောင်းလိုက်ပါတယ်။
ဒီနှစ်နှစ်တာသင်ကြားမှုမှာသူတို့တွေဘယ်လောက်အထိ အကျိုးအမြတ်ရခဲ့လဲဆိုတာ ကျောင်းသားတွေမှသာသိနိုင်မှာပါ။ ဒီတစ်ကြိမ်မှာတော့ သင်ကြားမှုကြီးက အဆုံးသတ်လို့သွားခဲ့ပါပြီ။
” နှုတ်ဆက်ပါတယ် ”
ကျန်းဟုန်ချန်က ဒီနေရာမှာဆက်ပြီမနေချင်တော့ပါဘူး။ ဒါကြောင့် ကျောင်းအုပ်နှစ်ယောက်ကို နောက်တစ်ကြိမ်နှုတ်ဆက်လိုက်ပြီတဲ့နောက် သူ့ရဲ့ပျံသန်းရေး၀ိညာဥ်လက်နက်ကို ထုတ်လိုက်ပြီကျောင်းသားတွေနဲ့အတူ ပျံသန်းဖို့လုပ်ပါတော့တယ်။ အားလုံးက ဟိုမိုးကောင်းကင်အမြင့်ကိုထိုးတက်လို့သွားခဲ့ပါပြီ။ တခြားသူတွေအာရုံစိုက်မှာကိုလဲသူတို့မကြောက်ကြပါဘူး။
ရန်ရှောင်ကျဲ့ကတော့ အားလုံးပျောက်သွားတာတွေ့မှသာ အကြည့်ကိုလွဲလိုက်ပါတော့တယ်။ သူ့ရဲ့ကျောင်းသားတွေအားလုံးကို စစ်ဆေးပြီတဲ့နောက် ပြောလာခဲ့တယ်။
” အိမ်ပြန်လာတာ ကြိုဆိုပါတယ်ကလေးတို့ ”
ဒီရိုးရှင်းတဲ့စကားတစ်ခွန်းက ရှိသမျှကျောင်းသားတွေအားလုံးရဲ့နှလုံးသားကို နွေးထွေးသွားစေခဲ့သလို အားလုံးကလဲမျက်ရည်တွေတောင်၀ဲကုန်ကြပါပြီ။ ဟုတ်ပါတယ် အိမ်ပြန်ဖို့အချိန်ရောက်တော့မှာပါ။
ဟို့ယွိဟောင်ကတော့ ရန်ရှောင်ကျဲ့အနားကိုကပ်လာရင်း ခပ်တိုးတိုးပြောလိုက်ပါတယ်။
” ကျောင်းအုပ်ရန် ကျွန်တော်ပြောစရာစကားတချို့ရှိတယ် ”
၀ါစဥ်အရယှဥ်လိုက်မယ်ဆိုရင် သူတို့နှစ်ယောက်က အကြီးအကဲမုရဲ့တပည့်သားတွေပါ။ ဟို့ယွိဟောင်က သူ့ရဲ့ဆရာတူညီငယ်လေးကိုတောင်ခေါ်လို့ရပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်က ဒီနှစ်နှစ်တာအချိန်အတွင်းမှာ ကျောင်းရဲ့သွေးချွေးတွေအများကြီးနဲ့ ပြုစုပျိုထောင်ပေးခဲ့ရတဲ့သူပါပဲ။
ရန်ရှောင်ကျဲ့လဲ ဟို့ယွိဟောင်ဘယ်လောက်အထိ အရင်းအမြစ်တွေအများကြီးကို ကျောင်းတော်အတွက်ပြန်ပြီပို့လွှတ်ခဲ့လဲဆိုတာကို သိနေခဲ့တယ်။
” အားလုံးကိုတည်ခိုဆောင်မှာ စားကောင်းသောက်ဖွယ်နဲ့ဧည့်ခံဖို့ ခေါ်သွားလိုက်ပါဖန်းယွီ ငါတို့က ကျန်းဟုန်ချန်လို အလောမကြီးနေဘူး။ အားလုံးစားသောက်ပြီတော့မှ အေးအေးဆေးဆေးခရီးပြန်ဆက်ကြတာပေါ့ ”
” ဟုတ်ကဲ့ပါ ”
ဖန်းယွီက လက်ရှိအချိန်မှာ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနရဲ့ လက်ထောက်ကျောင်းအုပ်ဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် သူက ပင်လယ်နတ်ဘုရားခန်းမဆောင်ရဲ့လူတစ်ယောက်ပါဖြစ်လာခဲ့တယ်။ သူ့ရဲ့အဆင့်အတန်းက အခုအချိန်မှာအတော်ကို မြင့်မားလို့သွားခဲ့ပါပြီ။
အားလုံးထွက်ခွာသွားချိန်မှာတော့ ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်သာကျန်ခဲ့ပါတယ်။ ရန်ရှောင်ကျဲ့က အရင်ဆုံးပြောလာခဲ့တယ်။
” ယွိဟောင် အခုပြောလို့ရပြီ ”
ညင်သာတဲ့စိတ်၀ိညာဥ်လှိုင်းတချို့ထွက်ပေါ်လာပြီတဲ့နောက် ရန်ရှောင်ကျဲ့က ဘာမှလုပ်နေတဲ့ပုံမပေါ်ပေမဲ့ ဘယ်သူမှသူ့တို့ကိုထောက်လှမ်းလို့မရနိုင်အောင် စိတ်၀ိညာဥ်အလွှာတစ်ခုက ကာရံပြီကာကွယ်လိုက်ပါပြီ။ အကယ်၍ တစ်စုံတစ်ယောက်သာသူတို့ဘေးမှာရှိနေမယ်ဆိုရင်တော့ အဲ့ဒီလူကသူတို့ပြောနေတာကို ကြားနိုင်မှာမဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်ပါစေ ရန်ရှောင်ကျဲ့က ထူးကဲသာလွန်သော့်လော့တစ်ယောက်ပါ။ ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်ပေမဲ့ သူကိုယ်တိုင်းကတော့ စိတ်၀ိညာဥ်စွမ်းအားကို ကျောင်းအုပ်ရန်လိုတိတိကျကျမထိန်းချုပ်နိုင်သေးပါဘူး။
” ကျောင်းအုပ်ရန်နဲ့ ကျောင်းအုပ်ရှန် အခြေအနေကဒီလိုပါ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က ကျွန်တော်တို့အပေါ်မှာ မကောင်းတဲ့စိတ်အကြံအစည်ရှိနေတယ်လို့ထင်ပါတယ်…ဒါကြောင့် ကျွန်တော်တို့အိမ်ပြန်လမ်းမှာ သူတို့တွေတိုက်ခိုက်ကောင်းတိုက်ခိုက်နိုင်လောက်တယ် ”
” အဲ့ဒီကျန်းဟုန်ချန်က တကယ်အရှက်မရှိတာပဲ ”
ရှန်လင်းအယ်ကတော့ ပုံမှန်အတိုင်းသာပြောပြီးဝေဖန်နေခဲ့ပါတယ်။
” သူကအရမ်းကိုမာနကြီးလွန်တယ်…ကျွန်တော်သူ့ကိုအပြန်လမ်းမရောက်ခင်တုန်းက ပုံကြမ်းတစ်ခုရောင်းပြီမတန်တဆစျေးတောင်းလိုက်မိတယ်..သူ့ဆီကနေ တန်ဖိုးကြီးပစ္စည်းတွေအများကြီးကို တောင်းဆိုလိုက်တာကြောင့် သူကြည့်ရတာအတော်လေးကိုမပေးချင်ခဲ့တဲ့ပုံပဲ ဒါပေမယ့် ကျွန်တော်တို့ခရီးမနင်းခင်အချိန်မှာတောင်းဆိုတာအားလုံးကို သဘောတူလိုက်တယ်..ကျွန်တော်တို့လဲ ထပ်ပြီဆွေးနွေးစရာမလိုခဲ့ဘူး…ဒါကြောင့် ဒီပစ္စည်းတွေအားလုံးကို ပြန်ယူဖို့အတွက် လမ်းတစ်လျှောက်မှာခြုံခိုတိုက်ခိုက်လိမ့်မယ်လို့ထင်မိတယ် ”
ရန်ရှောင်ကျဲ့ကတော့ သိလိုစိတ်နဲ့မေးလာခဲ့ပါတယ်။
” မင်းသူ့ဆီကနေ ဘယ်လောက်တန်ဖိုးကြီးတဲ့ပစ္စည်းတွေအများကြီးကို ခြိမ်းခြောက်ပြီငွေညစ်ထားတာလဲ သူက ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ခန်းမသခင်ပဲလေ တအားကြီးမရက်ရောတာမျိုးတော့မဟုတ်နိုင်ဘူးမလား ဒါ့အပြင် မင်းသူ့ကိုရောင်းလိုက်တဲ့ပုံကြမ်းက ဘယ်လိုမျိုးလဲ ”
ဟို့ယွိဟောင်ကတော့ ရယ်မောရင်းနဲ့ တစ်စုံတစ်ရာကိုပြောပြလိုက်ပါတယ်။ ရန်ရှောင်ကျဲ့နဲ့ ရှန်လင်းအယ်တို့ရဲ့အမူအရာတွေကတော့ ထူးထူးဆန်းဆန်းကြီးပြောင်းလဲသွားလို့သွားခဲ့ပါပြီ။ ရန်ရှောင်ကျဲ့ကတော့ ရယ်မောဖို့အတင်းဖျစ်ညစ်ပြီကြိုးစားနေခဲ့ရင်း ပြောလာခဲ့တယ်။
” လူငယ်လေးရေ မင်းကတော့လေ တစ်နေ့ထက်တစ်နေ့ပိုပြီးကောက်ကျစ်လာတာပဲ အကယ်၍ မင်းသူ့ကိုဒေါသထွက်အောင်လုပ်တာလက်လွန်ပြီ သူမင်းကိုတိုက်ခိုက်မယ်ဆိုရင်ကော ဘယ်လိုဖြစ်လာမလဲ လာပါမင်းတွေရလာလဲဆိုတာ ကြည့်ရအောင် ”
ဟို့ယွိဟောင်လဲ သူ့ရဲ့လက်စွပ်ကိုထုတ်ယူလိုက်ပါတယ်။ လက်စွပ်ကိုရန်ရှောင်ကျဲ့ဆီ သူ မပေးလိုက်ပါဘူး။ ရှန်လင်းအယ်ဆီသာ ပေးလိုက်ပါတယ်။ ရှန်လင်းအယ်က ဒီတန်ဖိုးကြီးပစ္စည်းတွေနဲ့ ပိုပြီးရင်းနှီးနေတာကို သိနေခဲ့တယ်။
ရှန်လင်းအယ်ကတော့ လက်စွပ်ကိုယူပြီအထဲမှာပါ၀င်တဲ့ပစ္စည်းတွေကို စိတ်၀ိညာဥ်စွမ်းအားနဲ့တခဏတာအကဲဖြတ်ကြည့်လိုက်ပါတယ်။ ချက်ချင်းဆိုသလို လန့်သွားတဲ့ပုံပေါ်လာခဲ့ပြီတဲ့နောက် ဟို့ယွိဟောင်ကို ထူးဆန်းတဲ့မျက်လုံးတွေနဲ့ ကြည့်လာခဲ့တယ်။
” မင်းပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ လျှို့၀ှက်သိုလှောင်ခန်းတွေအားလုံးကို အပြောင်ရှင်းလိုက်တာတော့မဟုတ်ဘူးမလားယွိဟောင် ဒါကအရမ်းများတာပဲ များလိုက်တာ မိုးနတ်မင်းကြီးရေ ဒီပစ္စည်းတွေရဲ့တန်ကြေးက ပိုက်ဆံနဲ့တောင်တွက်လို့မရနိုင်ဘူး..ဒီလမ်းမှာသူတို့မင်းကိုလာတိုက်ခိုက်မယ်လို့ တွေးတာဘယ်အံ့ဩစရာရှိမလဲ အကယ်၍ ငါသာတခြားတစ်ဖက်ကအပေးအယူလုပ်တဲ့သူဆိုရင် သေချာပေါက် မင်းကိုဒီလိုမျိုးခြုံခိုတိုက်ခိုက်တဲ့အတွေးမျိုး၀င်မိမှာပဲ ”
” ငါလဲကြည့်ပါရစေ ”
ရန်ရှောင်ကျဲ့က ရှန်လင်းအယ်လက်ထဲက လက်စွပ်ကိုယူသွားခဲ့ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေကိုသူမသိပေမဲ့ တချို့ပစ္စည်းတွေတော့ သူမှတ်မိနေသေးတယ်။ စိတ်၀ိညာဥ်စွမ်းအားကို အထဲမှာမွှေနှောက်ပြီကြည့်ပြီချိန်မှာကတော့ ဒီအရာအားလုံးရဲ့အင်အားက များလွန်လှတယ်။
” လုပ်တာကောင်းတယ် ”
ရန်ရှောင်ကျဲ့က ဟို့ယွိဟောင်ကို လက်စွပ်ပြန်ပေးလိုက်ပြီတဲ့နောက် ပြုံးနေတာကို မဖုံးဖိနိုင်တော့ပါဘူး။
” ဒီပစ္စည်းတွေကို မင်းလက်မှုပညာအဖြစ်ပြောင်းလဲပြီရင်း ခန်းမသခင်ရဲ့မျက်နှာကြီးဘယ်လိုဖြစ်သွားမလဲဆိုတာကို ငါသိချင်လိုက်တာ ဟားးးဟားး ”
ရှန်လင်းအယ်က သူ့ကိုလာရိုက်ပါတော့တယ်။
” ရယ်မနေနဲ့ အခုအရေးကြီးဆုံးကိစ္စက ကလေးတွေလုံလုံခြုံခြုံနဲ့အိမ်ပြန်ဖို့ပဲ အကယ်၍ကျန်းဟုန်ချန် ဘာမှမလုပ်ခဲ့ဘူးဆိုရင် အဆင်ပြေသေးတယ်..ဒါပေမယ့် သူတစ်ခုခုလုပ်မယ်ဆိုရင် သေချာပေါက် တိုက်ခိုက်မှုကကြီးလိမ့်မယ်…အကယ်၍ သူအောင်မြင်ဖို့ယုံကြည်တယ်ဆိုရင် သေချာပေါက် သူကအကွက်ကျကျစီစဥ်ပြီတိုက်ခိုက်မှာပဲ ဒီတစ်ကြိမ်မှာသူ့ရဲ့ပစ်မှတ်က ယွိဟောင်တစ်ယောက်ထဲတင်မဟုတ်ဘူး ဒီတော့ငါတို့နှစ်ယောက်လဲပါလိမ့်မယ်…ငါတို့နှစ်ယောက် အမျက်ဒေါသကျောင်းတော်ကိုဘယ်တော့မှမပြန်နိုင်တဲ့အထိကို လုပ်လိုက်နိုင်တယ်..သေချာပေါက် နေလနိုင်ငံတော်အတွက်တော့သတင်းကောင်းဖြစ်သွားမှာပေါ့ ”
ရန်ရှောင်ကျဲ့ကတော့ ပြုံးသာပြုံးနေခဲ့ပါတယ်။
” သူတို့မှာအဲ့ဒီလိုအစွမ်းအစရှိလားဆိုတာ ကြည့်ကြသေးတာပေါ့ ယွိဟောင် မင်းရောဘာအကြံပြုချင်စရာရှိလဲ ”
တခြားကျောင်းတော်ကသူတွေဆိုရင်တော့ ရန်ရှောင်ကျဲ့ရဲ့အဆင့်အတန်းလို ကျောင်းအုပ်တစ်ယောက်အဆင့်နဲ့ဆိုရင် သေချာပေါက် ကျောင်းသားတစ်ယောက်ရဲ့အမြင်ကိုတောင်းခံမှာမဟုတ်ပါဘူး။ သူ့ရဲ့ဒီလိုမေးခွန်းမေးတဲ့ပုံစံက ဟို့ယွိဟောင်ရဲ့အဆင့်အတန်းကို အများကြီးမြင့်သွားစေခဲ့ပါတယ်။ သူနဲ့ထပ်တူသဘောထားလို့ဒီလိုမေးတာပါ။ သူက ဟို့ယွိဟောင်ရဲ့အမြင်ကို တလေးတစားတောင်းခံနေတာဖြစ်သလို သမန်ကာလျှံကာမေးလိုက်တာလဲမဟုတ်ပါဘူး။
ဟို့ယွိဟောင်က တခဏတာစဥ်းစားနေပြီတဲ့နောက် ပြောလာခဲ့တယ်။
” ကျွန်တော်တို့လူခွဲသင့်လိုက်တယ်ထင်တယ်..ကျွန်တော်ကသူတို့ရဲ့ပစ်မှတ်ပဲလေ ဒါ့အပြင် ကျောင်းအုပ်နှစ်ယောက်ကလဲ သူတို့ပစ်မှတ်ဖြစ်လာလိမ့်မယ်…ဒီတော့သူတို့လုပ်မဲ့ကိစ္စက ကျွန်တော်တို့ကိုပစ်မှတ်ထားနေမှာပဲ ဒါ့အပြင် တစ်ချက်ထဲနဲ့အပြတ်ရှင်းထုတ်နိုင်ဖို့လဲ စီစဥ်လိမ့်မယ်…ဒီတော့သူတို့တွေကိုယ်တိုင်းကလဲ လူခွဲကြမှာမဟုတ်ဘူး…အဆုံးသတ်မှာဆိုရင် တကယ်အင်အားကြီးတဲ့သူတွေဆိုတာက တစ်ယောက်ထဲပဲလှုပ်ရှားချင်ကြတယ်မဟုတ်လား ”
” အကယ်၍ ကျွန်တော်တို့သာလူခွဲသွားမယ်ဆိုရင် ကျွန်တော်တို့ဖက်မှာက လူသုံးယောက်ရှိတယ်…အရင်ကထက်လဲပိုပြီးတော့ နေရာကိုခန့်မှန်းရခက်သွားလိမ့်မယ်..တခြားကျောင်းသားတွေနဲ့အတူတူခရီးသွားမယ်ဆိုရင်တော့ သူတို့ကိုကာကွယ်ပေးနေရဦးမယ် ဒါဆိုရင် အန္တရာယ်လဲပိုဖြစ်နိုင်တယ် ”
ရန်ရှောင်ကျဲ့က ခေါင်းညိတ်လိုက်ပါတယ်။
” ကောင်းပြီ မင်းအကြံအတိုင်းလိုက်လုပ်မယ် ကျောင်းတော်အတွက် မင်းလုပ်ပေးသမျှအရာအားလုံးကို ငါတို့သေချာနားလည်ပါတယ်…ယွိဟောင် ရှန်လင်းအယ်က ဒီကိစ္စကို ပင်လယ်နတ်ဘုရားခန်းမဆောင်ဆီ တင်ပြပြီးပြီးအကြီးအကဲတွေအားလုံးကလဲ မင်းကိုပင်လယ်နတ်ဘုရားခန်းမဆောင်မှာနေရာတစ်ခုပေးဖို့အတွက် သဘောတူထားတယ်..နောက်ဆုံးထိုင်ခုံတစ်ခုပဲရပေမဲ့ မင်းကသမိုင်းတစ်လျှောက် ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ အငယ်ဆုံးအဖွဲ့၀င်ဖြစ်လာမှာပါပဲ ”
ဟို့ယွိဟောင်ဒါကိုကြားချိန်မှာလန့်သွားခဲ့ပါတယ်။ ကျောင်းတော်ကသူ့ကိုဒီလောက်အထိ မြင့်မြင့်မားမားသတ်မှတ်ထားမယ်လို့ မထင်ထားခဲ့မိလို့ပါ။
” ကျောင်းအုပ်ရန် ကျွန်တော် ”
ရန်ရှောင်ကျဲ့က သူ့ပုခုံးကိုပုတ်ရင်းပြောလာခဲ့ပါတယ်။
” အခုကနေစပြီ ငါ့ကိုဆရာတူအစ်ကိုကြီးလို့ခေါ်လို့ရတယ်…ငါတို့တွေအပြင်ဖက်မှာတော့ ၀ါစဥ်ကြီးငယ်ကိုရောလို့မရဘူးမလား မဟုတ်ရင် ငါတို့ဆရာက နောင်ဘ၀မှာတောင်ငါကိုခွင့်လွှတ်မှာမဟုတ်ဘူး…လွန်ခဲ့တဲ့နှစ်နှစ်မှာ မင်းလဲအများကြီးကြိုးစားခဲ့ရပြီ ပင်ပန်းသွားပြီးပြီ ”
အပိုင်း ၂၀၅•၃ ပြီး၏။