Switch Mode

Chapter – 205.2

ခြိမ်းခြောက်ပြီး ငွေညစ်ခြင်း

အပိုင်း ၂၀၅•၂

” ခြိမ်းခြောက်ပြီငွေညစ်ခြင်း ”
°°°
” အားလုံးကလွန်လွန်နေတယ် အဲ့ဒီငွေနဂါးအကြေးခွံတစ်ရာရှစ်က အတူတူပဲ ငါတို့ကငွေနဂါးကိုလွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်တုန်းက အမဲလိုက်ခဲ့တာ ဒါနဲ့ကျန်တဲ့ပစ္စည်းတွေဆိုတာက အရမ်းကိုတန်ဖိုးကြီးလွန်တယ်…ဒီနေ့အထိ ကျန်သေးတဲ့အကြေးခွံဆိုတာ ဘယ်လောက်အထိ ရှိတော့မယ်ထင်လဲ နဂါးအကြေးခွံက အခုတစ်ရာလောက်ရှိတော့တာမဟုတ်ဘူး…ငါတောင်မှ သူတို့ကိုတိုက်ရိုက်သုံးဖို့အတွက် အခွင့်အာဏာရှိမနေဘူး…တော်၀င်မိသားစုရဲ့ခွင့်ပြုချက်ကိုယူရတယ် ”

” ဒါပေမယ့် ခန်းမသခင်က ပုံရိပ်ယောင်အစစ်အမှန်ခန်းမကိုထိန်းချုပ်နေတဲ့သူလေ ဩဇာအရှိန်အ၀ါကလဲ လူအားလုံးရဲ့အထက်မှာရှိနေတာမလား ခန်းမသခင်တောင်ဒီလိုဆုံးဖြတ်ချက်မျိုးကို မချနိုင်ဘူးပေါ့ ကျွန်တော်ဖြင့်ယုံတောင်မယုံနိုင်ဘူး..ငွေနဂါးရဲ့အကြေးခွံတွေရဲ့ဂုဏ်သတင်းကိုတော့ ကျွန်တော်သိပါတယ်…ဒါက အခုလက်ရှိအချိန်မှာ ကျွန်တော်လိုအပ်နေတဲ့ပစ္စည်းလဲဖြစ်နေသေးတယ်…ဆယ်ရာခိုင်နှုန်းလောက်ကို ကျွန်တော်လျှော့ပေးလို့ရတယ်…ဒါပေမယ့် ကိုးဆယ်ရာခိုင်နှုန်းတော့ပေးရမယ်..ကျန်တဲ့သတ္ထုတွေကိုတော့ ကျွန်တော်နည်းနည်းချင်းလျှော့ပေးပါ့မယ်..ငါးဆယ်ရာခိုင်နှုန်းလောက်ဆိုရင် အဆင်ပြေပါပြီ ”

ကျန်းဟုန်ချန်ကတော့ ဟို့ယွိဟောင်ရဲ့အင်မတန်ရက်ရောပြီ ပီတိဖြာနေတဲ့မျက်နှာအသွင်အပြင်ကိုကြည့်ရင်း အေးစက်တဲ့အလင်းတန်းတွေတောင် တောက်နေခဲ့ပါပြီ။ ဒီအရှေ့မှာရှိနေတဲ့ ခွေးမသားလေးကို အမှုန့်ဖြစ်အောင်ကြိတ်ပြစ်လိုက်ချင်ပေမဲ့ သူမလုပ်နိုင်ခဲ့ပါဘူး။ ဒီလက်ထဲက အလိုအလျောက်ပစ်ခတ်မှုကိရိယာကိုရဖို့အတွက် အရေးကြီးတာတင်မကပဲ သူ့မြေးတွေကလဲ အမျက်ဒေါသကျောင်းတော်မှာ ရှိနေသေးတာကြောင့်ပါ။

နောက်တစ်ကြိမ် အသက်ပြင်းပြင်းရှုသွင်ပြီ ခံစားချက်တွေကို ကြိုးကြိုးစားစားဖိနှိမ့်နေရင်းနဲ့ အသံကိုပြန်ထိန်းကာပြောရပြန်ပါတယ်။

” မင်းတောင်းဆိုထားတဲ့ ပစ္စည်းတွေကိုဆယ်ရာခိုင်နှုန်းလောက်အထိ လျှော့ချလိုက်ရင်းအဆင်ပြေတယ်…ငွေနဂါးအကြေးခွံကိုတော့ ထည့်မပြောနဲ့ ဒါဆိုရင်ရပြီ ”

ဟို့ယွိဟောင် ချက်ချင်းခေါင်းခါလိုက်ပါတယ်။

” ခန်းမသခင်က တကယ်စျေးကိုအလွန်အကြီး ဆစ်နေတာပဲ ဘယ်သူကအစကထဲက ကိုးဆယ်ရာခိုင်နှုန်းအထိ စျေးဆစ်ချလိုက်လို့လဲ မရဘူး မရဘူး ဆယ်ရာခိုင်နှုန်းလောက်ပဲ လျှော့နိုင်မယ်…ဒါ့အပြင် နဂါးအကြေးခွံလဲ ကျွန်တော်လိုချင်တယ်…အခုဆယ်ရှစ်လောက်ပဲပေးရင်ရပါပြီ ”

” ခွေးမသား ငါဒီလောက်အရင်းအမြစ်တွေအများကြီးကို ထင်တိုင်းကြေးပေးနေရအောင် လွယ်တယ်များထင်နေလား ”

” ဒါပေမယ့် ခန်းမသခင်က လူတိုင်းရဲ့အထက်မှာရှိတဲ့ဩဇာအရှိန်အ၀ါရှိသူပဲလေ ”

” နှစ်ဆယ်ရာခိုင်နှုန်းငါမင်းကို နဂါးအကြေးခွံငါးခုပေးမယ်…ဒါကငါလုပ်နိုင်သလောက် အများဆုံးပဲ ဒီတန်ကြေးကိုမင်းလိုချင်ရင်ယူ မယူချင်ရင်ထွက်သွား ”

ကျန်းဟုန်ချန် ထပ်ပြီသည်းမခံနိုင်တော့ပါဘူး။ အကယ်၍ ဒီကောင်နဲ့ဆက်ပြီအရောင်းအ၀ယ်လုပ်နေရမယ်ဆိုရင် သူရူးပြီသေနိုင်လောက်ပါတယ်။

” ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဆိုရင်ကော အဆင်ပြေလား ”

” နှစ်ဆယ်ရာခိုင်နှုန်းပဲ ထပ်မရဘူး ”

” ခန်းမသခင်က တကယ်ကိုပြောရဆိုရလက်ပေါက်ကပ်တာပဲ ကျွန်တော်တို့တွေက ပူးပေါင်းရမဲ့သူတွေမဟုတ်လား ငါးဆယ်ရာခိုင်နှုန်းအထိ လျှော့ချလိုက်ရင်ကော ဘယ်လိုလဲ ”

” ထွက်သွား ထွက်သွား အခုချက်ချင်းထွက်သွား ဒီနေရာကနေ ထွက်သွားလိုက်တော့ ”

ကျန်းဟုန်ချန် သူ့ရဲ့စားပွဲကို လက်၀ါးနဲ့ရိုက်ချလိုက်ချိန်မှာတော့ သစ်သားစားပွဲကြီးက ၀ုန်းကနည်းမြည်သံကြီးနဲ့ကတူ ပျက်စီးလို့သွားပါတော့တယ်။

ဟို့ယွိဟောင်ကတော့ လန့်နေခဲ့ပါပြီ။ လက်ရှိအချိန်မှာ မီးတောင်ကြီးတစ်ခုလိုမျိုး ပေါက်ကွဲတော့မလိုဖြစ်နေတဲ့ ကျန်းဟုန်ချန်ကိုကြည့်ရင် သူဘာမှမပြောတော့ပဲထွက်သွားပါတော့တယ်။

ကျန်းဟုန်ချန်ကတော့ သူ့ခေါင်းကိုသွေးတွေစောင့်တက်နေတာခံစားနေခဲ့ရပြီ သွေးအန်ထွက်လုမတတ်ဖြစ်နေခဲ့ပါပြီ။ ၀ိညာဥ်စွမ်းအားတွေကြောင့် မတည်မငြိမ်ဖြစ်ပြီ သွေးလေခြောက်ခြားမှုတွေစတင်လာတာကို ခံစားရပါတယ်။

ဟို့ယွိဟောင်ရဲ့မျက်နှာကတော့ မချိုမချဥ်ဖြစ်နေဆဲပါ။ သူ့ရဲ့လက်ထဲမှာရှိနေတဲ့ အနက်ရောင်သေတ္တာလေးကိုကြည့်ရင်း ကျန်းဟုန်ချန်ရဲ့ ခန်းမအပြင်ဆီကိုထွက်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာလဲ သူ မတွေဝေနေခဲ့သလို အလောလဲမကြီးခဲ့ပါဘူး။ အစထဲကနေ ပထမကြိုးစားရုံနဲ့ညှိနိုင်တာမအောင်မြင်မှန်း သူတို့သိပါတယ်။ သူလိုချင်တာမရမချင်သေချာပေါက် လက်လျှော့မှာမဟုတ်ပါဘူး။

ဒီတစ်ကြိမ်မှာတော့ သူကောင်းကောင်းလေးအချိန်ယူခဲ့ပါတယ်။ ဒါပေမယ့် အိမ်ပြန်ရတော့မဲ့အချိန်ကလဲ သိပ်မကြာတော့မှန်းလဲသူသိနေခဲ့တယ်။

ကျောင်းဆောင်ကိုသူအေးအေးဆေးဆေးလေး ပြန်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဘယ်သူမှသူ့ကိုလာမခေါ်တော့ပါဘူး။

တစ်ရက်အချိန်က မြန်မြန်ဆန်ဆန်ကုန်သွားခဲ့ပြီဖြစ်သလို အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းပြောင်းရေးသင်ကြားရေးအစီအစဥ်ကလဲ အဆုံးသတ်လို့သွားခဲ့ပါပြီ။

ပုံမှန်ကျောင်းတော်ရဲ့သဘာ၀အတိုင်း နေလနိုင်ငံတော်က နှုတ်ဆက်ရေးအစီအစဥ်ကို ပြုလုပ်ပေးပါတယ်။ ကျန်းဟုန်ချန်ကိုယ်တိုင်းလဲ ရောက်ရှိလာခဲ့တယ်။

ဖန်းယွီက အမျက်ဒေါသအုပ်စုကို ဦးဆောင်လာခဲ့သလို ဟို့ယွိဟောင် ဟယ့်ချိုက်ထို့ ယဲ့ရှောင်ရန်နဲ့ တခြားကျောင်းသားတွေက တစ်ညီတစ်ညွှတ်ထဲစုစည်းလို့နေကြပါတယ်။ အားလုံးက သူတို့ရဲ့ကျောင်း၀တ်စုံကိုပြန်ပြောင်းလိုက်ကြပါပြီ။ ဒီနေရာကနေ ထွက်ခွာပြီ ကိုယ်ကျောင်းကိုယ်ပြန်တော့မဲ့အမှတ်အသားကိုပြုထားကြပါတယ်။

ကျန်းဟုန်ချန်ကတော့ နွေးထွေးတဲ့ခွဲခွာမှုမိန့်ခွန်းကို တိုတိုပြတ်ပြတ်ပြောပေးခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာ သူ့အမူအရာသိပ်ပြီမပြောင်းလဲခဲ့သလို အစောပိုင်းတုန်းက ဟို့ယွိဟောင်နဲ့တွေ့ပြီ ဒေါသထွက်နေခဲ့တဲ့သူက သူမဟုတ်တဲ့အတိုင်းကို တည်ငြိမ်လို့နေခဲ့တယ်။ ဟို့ယွိဟောင်ကိုကြည့်ပြီ အမြဲတမ်းလဲပြုံးပြနေပါသေးတယ်။

ဟို့ယွိဟောင်ကတော့ သူ့ရဲ့အရူးမျက်နှာနဲ့ အရှက်မရှိတဲ့သူငယ်ချင်းတွေ သူ့ကိုလိုက်မပို့တဲ့အတွက် အနည်းငယ်တော့၀မ်းနည်းနေခဲ့မိပါတယ်။

” မင်းသားကြွချီလာပြီ ”

လူတစ်ယောက်အော်လိုက်ချိန်မှာပဲ ချက်ချင်းဆိုသလို စစ်တပ်သံချပ်ကာ၀တ်စုံတွေရဲ့အသံက ထွက်ပေါ်လို့လာခဲ့ပြန်ပါတယ်။

ဒီစစ်တပ်တွေအားလုံးက ငွေရောင်သံချပ်ကာကို၀တ်ဆင်ထားခဲ့ပြီအင်မတန်လဲ ကိုယ်လုံးကိုယ်ပေါက်ကြံ့ခိုင်သလို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် တော်၀င်အစောင့်တွေမှန်းသိသာနေခဲ့တယ်။

အရောင်ခပ်ဖျော့ဖျော့၀တ်ထားတဲ့ စစ်သားတွေဦးဆောင်လာတဲ့အနောက်ဖက်မှာတော့ ငွေရောင်သံချပ်ကာ၀တ်စုံတွေ၀တ်ထားတဲ့လူတွေရှိနေခဲ့တယ်။ သူတို့အားလုံးက အသက်သုံးဆယ်ကျော်ကြီးတွေပါပဲ။ ဒါ့အပြင် သူတို့ရဲ့ကိုယ်ပိုင်အနေအထားကလဲ အတော်ကိုကြောက်စရာကောင်းနေခဲ့သလို အရေအတွက်ကလဲငါးဆယ်ကျော်ရှိနေခဲ့တယ်။ ဒါပေမယ့် သူတို့ပေါ်ပေါ်လာချင်မှာတင် အမျက်ဒေါသကျောင်းတော်ရဲ့လူတွေအားလုံးက အံ့အားသင့်သွားခဲ့ပါပြီ။

ဒီလူတွေအားလုံးက ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေပါ။ စစ်တပ်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ဖြစ်နေခဲ့တယ်။ သူတို့ရဲ့သံချပ်ကာတွေကို ကြည့်ရုံနဲ့တင် သိသာနေခဲ့ပါပြီ။ တပ်ဆင်ထားတဲ့ပုံစံအားလုံးကညီညာပြီစနစ်ကျနေခဲ့သလို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူတို့ရဲ့အရှိန်အ၀ါကို ထင်ထင်ရှားရှားမြင်သာနေခဲ့တယ်။

နေလနိုင်ငံတော်ရဲ့ အိမ်ရှေ့စံမင်းသားဖြစ်သူ ရွှီချန်ယန်ကတော့ ဒီအစောင့်တွေချန်ရန်ရင်းနဲ့ ရောက်ရှိလို့လာခဲ့ပြန်ပါတယ်။

ကျန်းဟုန်ချန်ကတော့ ဆရာတစ်အုပ်ကိုဦးဆောင်လို့လာခဲ့ပြီ ချက်ချင်းဆိုသလို ထကြိုတော့တယ်။

” အရှင်မင်းသား ”

ကျန်းဟုန်ချန်က သူ့ကိုတလေးတစားဦးညွှတ်နေခဲ့သလို တခြားဆရာတွေအားလုံးကတော့ ဒူးတစ်ဖက်ထောက်​လိုက်ပါတယ်။

ရွှီချန်ယန်ကတော့ ပြုံးပြရင်း ကျန်းဟုန်ချန်ကို ခေါင်းညိတ်လို့နေခဲ့တယ်။ ကျန်းဟုန်ချန်ကတော့ သူ့ကိုခေါင်းတစ်ချက်ညိတ်ပြပြီ ရွှီချန်ယန်ရဲ့ ဘီးတပ်ကုလားထိုင်ခုံကို တွန်းပေးရင်း အမျက်ဒေါသကျောင်းတော်အုပ်စုဆီကို တွန်းသွားပါတော့တယ်။

ဖန်းယွီကတော့ ထိတ်လန့်နေဆဲပါ။ နေလနိုင်ငံတော်ရဲ့အိမ်ရှေ့စံမင်းသားက ဒီလောက်စစ်သားတွေအများကြီးနဲ့ ဘာလာလုပ်တာလဲ။

” ဆရာဖန်းယွီနဲ့ မိတ်ဆက်ပေးပါရစေ ဒါကနေလနိုင်ငံတော်ရဲ့ထီးမွေနန်းလျာကိုလက်ခံမဲ့ အိမ်ရှေ့စံမင်းသားပါ ”

ဖန်းယွီလဲ ဂါရ၀ပြုလိုက်ပါတယ်။ သူလဲ နေလနိုင်ငံတော်ကလူမဟုတ်တာကြောင့် တလေးတစားကြီးတွေလုပ်မနေခဲ့ပါဘူး။

ရွှီချန်ယန်ကတော့ နွေးထွေးတဲ့အပြုံးနဲ့ပြုံးပြရင်း ပြောလာခဲ့တယ်။

” ဓလေ့ထုံတမ်းတွေကိုထားလိုက်ပါဆရာဖန်းယွီ မင်းတို့ရဲ့ကျောင်းတော်ကိုငါအမြဲတမ်း သွားလည်ပတ်ချင်တာ ဒါပေမယ့် ငါမလုပ်နိုင်တာနှမြောစရာကောင်းလွန်တယ်…အခွင့်အရေးသာရှိမယ်ဆိုရင် လာရောက်လည်ပတ်ချင်ပါတယ်…ခန်းမသခင် ဟုန်ချန်ဆီကနေ ငါကြားခဲ့ရတာကတော့ ကျောင်းပြောင်းသင်ကြားမှုက ပြီးဆုံးတော့မယ်တဲ့ ဒါကြောင့်သာ နေလနိုင်ငံတော်ကိုကိုယ်စားပြုပြီ မင်းတို့ကိုနှုတ်ဆက်ထွက်ခွာစေဖို့အတွက် ရောက်ရှိလာတာပါ။ နေလနိုင်ငံတော်နဲ့ မင်းတို့ကျောင်းတော်မှာ နောက်ထပ်ကျောင်းပြောင်းသင်ကြားမှုတွေထပ်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်..ဒီလိုအစီအစဥ်တွေကို အသုံးချပြီငါတို့ရဲ့ဆက်ဆံရေးကို အကောင်းဆုံးတည်ဆောက်ဖို့လဲမျှော်လင့်ပါတယ် ”

” အရှင့်သားက ကြင်နာလွန်နေပါပြီ ”

ငါတို့ကိုလိုက်ပို့မယ်တဲ့လား။ ဖန်းယွီကတော့ ပိုပြီးအံ့အားသင့်သွားခဲ့တယ်။ ဒီနှုတ်ဆက်ခွဲခွာတဲ့အခမ်းအနားက အဆုံးသတ်လို့နေပြီဖြစ်တာကြောင့် သူလဲ ထပ်ပြီအချိန်မဆွဲထားချင်တော့ပါဘူး။

” စေတနာကို ကျေးဇူးတင်ပါတယ်…အရှင့်သား ခန်းမသခင်ကိုလဲကျေးဇူးတင်ပါတယ်…အချိန်ကမစောတော့ဘူးဆိုတော့ ကျွန် တော် ကျွန်တော်ရဲ့ကျောင်းသားတွေနဲ့ ထွက်ခွာရပါတော့မယ်…ခန်းမသခင်ဟုန်ချန်ရော ကျွန်တော်တို့နဲ့အတူ သွားမှာလား”

နှစ်ဖက်ရဲ့ကျောင်းသားတွေက မေဘယ်သစ်ရွက်မြို့တော်မှာပြန်ဆုံဆည်းကြမှာပါ။ အစပိုင်းကလိုပဲ သေချာပေါက် ကျန်းဟုန်ချန်ကိုယ်တိုင်းက သူတို့နဲ့အတူ လိုက်လာပြီလုံခြုံရေးကို စစ်ဆေးပေးပါလိမ့်မယ်။

” ငါအားလုံးကို ဒီထက်ပိုပြီးနည်းနည်းဝေးဝေးအထိလိုက်ပို့မှာပါ ခဏလောက်အချိန်ပေးပါ ဆရာဖန်းယွီ အိမ်ရှေ့စံမင်းသားနဲ့အတူ ဆွေးနွေးချင်စရာတချို့ရှိသေးလို့ပါ ”

ကျန်းဟုန်ချန် ဘာလုပ်မလဲဆိုတာ ဖန်းယွီမသိပေမဲ့ သူလဲ အများကြီးမတွေးမိပါဘူး။ ဒီသင်ကြားရေးအစီအစဥ်က အရမ်းကိုရှည်ကြာလွန်နေပေမဲ့လဲ အခုတော့ပြီးဆုံးလို့သွားခဲ့ပါပြီ။ ရှောင်ဟုန်ချန်နဲ့ မုန့်ဟုန်ချန်တို့ပြန်မရောက်သေးတဲ့အတွက် ကျန်းဟုန်ချန်တစ်ခုခုလုပ်မှာကိုလဲ သူမစိုးရိမ်ပါဘူး။

ဒါကြောင့် သူကျောင်းသားတွေကို တစ်ဖက်ဆီခေါ်ထားလိုက်ပါတယ်။ ဟို့ယွိဟောင်ကတော့ ကျန်းဟုန်ချန်နဲ့ အိမ်ရှေ့စံမင်းသားကိုသာ အာရုံစိုက်နေခဲ့တယ်။ အိမ်ရှေ့မင်းသားရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာကို သူ၀ိုးတ၀ါးခန့်မှန်းမိပါတယ်။

ကျန်းဟုန်ချန်နဲ့ ရွှီချန်ယန်တို့နှစ်ယောက်က သူ့တို့ဘာသာသူတို့စကားပြောနေခဲ့ပြီ ကျန်းဟုန်ချန်က ရွှီချန်ယန်ရဲ့လက်ထဲကနေ တစ်စုံတစ်ရာကို ရယူလိုက်ပါတယ်။ ရွှီချန်ယန်ကတော့ သူ့ရဲ့အစောင့်အကြပ်တွေနဲ့အတူ ပြန်လည်ထွက်ခွာလို့သွားခဲ့ပြီဖြစ်သလို ဖန်းယွီနဲ့ ကျောင်းသားတွေကိုလဲ နောက်တစ်ခေါက်နှုတ်ဆက်လို့သွားခဲ့တယ်။

အနည်းဆုံးတော့ ဒီလိုထွက်ပေါ်လာခဲ့တဲ့အိမ်ရှေ့စံမင်းသားကို လူတိုင်းက အမြင်မကြည်မဖြစ်ကြပါဘူး။

” ဟို့ယွိဟောင် ဒီကိုလာ ”

ကျန်းဟုန်ချန်က ဟို့ယွိဟောင်ကိုလှမ်းခေါ်လိုက်တယ်။

ငါတို့နောက်ဆုံးတော့ ဒီနေရာကိုရောက်ပြီ ဟို့ယွိဟောင်နှလုံးခုန်မြန်သွားခဲ့ပြီ ဖန်းယွီကိုမျက်စောင်းတစ်ချက်ထိုးကာ သူအဆင်ပြေကြောင်းအရိပ်အယောင်ပြလိုက်ပါတယ်။

” ခန်းမသခင်ကို ဂါရ၀ပြုပါတယ် ”

သူကအမြဲတမ်းယဥ်ယဥ်ကျေးကျေးနဲ့ အမူအရာမပျက်အောင်နေထိုင်ထိန်းသိမ်းနေဆဲပါ။

ကျန်းဟုန်ချန်ကတော့ အရှေ့မှာရှိနေတဲ့လူငယ်လေးကို ရှုပ်ထွေးတဲ့အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်။

” မင်းပြောသလိုငါးဆယ်ရာခိုင်နှုန်းပဲ နဂါးအကြေးခွံသုံးဆယ် ဒါကငါတို့ရနိုင်တဲ့ အများဆုံးပမာဏပဲ နောက်လဲထပ်မရနိုင်တော့ဘူး ဒီတန်ကြေးအဆင်ပြေတယ်ထင်ရင် ငါ့ကိုပုံကြမ်းပေးလိုက်တော့ ”

ဟို့ယွိဟောင်ကို ညာဘက်လက်တစ်ဖက်နဲ့ဆန့်ထုတ်ရင်း ပြောလိုက်ပါတယ်။ သူ့ရဲ့လက်ဖ၀ါးအလယ်မှာကတော့ကြယ်အလင်းနီလာလက်စွပ်တစ်ကွင်းရှိနေခဲ့တယ်။ ဒါကအရမ်းကိုရှင်းလင်းပြီ တော်တော်လေးလဲကြီးမားပါတယ်။ ဒီလက်စွပ်ကိုယ်တိုင်ကတောင် ၀ိညာဥ်ရွှေပြားသန်းနဲ့ချီပြီ တန်မှာပါ။

ဟို့ယွိဟောင်ကတော့ နောက်ဆုံးအထိတွန်းပို့မနေတော့ပါဘူး။ လက်စွပ်ကိုလက်မှာ၀တ်လိုက်ရင်းနဲ့ သူပြောလိုက်ပါတယ်။

” အပေးအယူဖြစ်ပါပြီ ”

အဲ့ဒီနောက် သူ့ရဲ့ခါးကခါးပတ်ကိုထိလိုက်ရင်း သေးငယ်တဲ့သေတ္တာလေးတစ်ခုထုတ်ယူလာကာ ကျန်းဟုန်ချန်ရဲ့လက်ထဲကိုကမ်းပေးလိုက်ပါတယ်။ ကျန်းဟုန်ချန်ကတော့ ဒီတစ်ကြိမ်မှာသတိမမူမလုပ်၀ံ့တော့ပါဘူး။ သေတ္တာလေးကိုခပ်မြန်မြန်ပဲဖွင့်ပြီစစ်ဆေးပါတော့တယ်။ အထဲမှာစာလိပ်တစ်လိပ်ရှိနေခဲ့သလို ဆွဲသားထားတဲ့ပုံတွေကလဲ အရမ်းကိုရှုပ်ထွေးပြီ သေသပ်လို့နေခဲ့တယ်။

ကျန်းဟုန်ချန်ရဲ့မျက်လုံးတွေက တကယ်ကိုအားကောင်းပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် စာရွက်ပေါ်မှာရှိနေတာတွေက အစစ်အမှန်ဆိုတာကို သိပြီးပါပြီ။ အထဲမှာပါတဲ့အရာတွေအားလုံးကလဲ သူ့ကိုချက်ချင်းသဘောပေါက်သွားစေခဲ့ပါတယ်။

နောက်ဆုံးတော့ငါရသွားပြီ ဟို့ယွိဟောင်နဲ့ ကျန်းဟုန်ချန်ရော နှစ်ယောက်စလုံးက ဒီလိုပီတိဖြာတဲ့ခံစားချက်မျိုးကို ခံစားနေခဲ့ရပါတယ်။

” အထဲမှာရှိနေတဲ့ ဥစ္စာတွေကိုစစ်ဆေးချင်သေးလား ”

ကျန်းဟုန်ချန်က ဟို့ယွိဟောင်ကိုမေးလိုက်တယ်။

” ကျွန်တော်က ခန်းမသခင်ကိုယုံပါတယ်..အကယ်၍ ဒီလိုအချိန်မျိုးမှာကျွန်တော်ကိုကစားတာမျိုးလုပ်နေဦးမယ်ဆိုရင် သေချာပေါက် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ခန်းမသခင်အစစ် ဘယ်လိုဖြစ်နိုင်မှာလဲ ဟုတ်တယ်ဟုတ် ”

” မင်းမနေ့တုန်းက အဲ့ဒီလိုအချိုးမျိုးချိုးနေခဲ့တာမဟုတ်လား ငါဒီလောက်အရင်းအမြစ်တွေအများကြီးကိုရအောင်လုပ်ဖို့ အိမ်ရှေ့စံမင်းသားနဲ့ညှိနိုင်ရတာဘယ်လောက်ခက်ခဲတယ်များမှတ်လိုက်သလဲ”

ဟို့ယွိဟောင်ကတော့ ရယ်နေခဲ့ပါတယ်။

” အဆုံးသတ်မှာတော့ ညှိနိုင်နိုင်ခဲ့တယ်မဟုတ်လား တစ်လောကလုံးရဲ့အထက် အားလုံးရဲ့အပေါ်မှာရှိနေတဲ့သူပဲလေ ”

ကျန်းဟုန်ချန်လဲ အခုအချိန်မှာသူနဲ့အတူ ရယ်မောလို့နေခဲ့ပါပြီ။ဟို့ယွိဟောင်ရဲ့ပုခုံးကိုသူပုတ်ရင်းနဲ့လဲ သက်ပြင်းချလိုက်ပါတယ်။

” အကယ်၍ မင်းသာငါတပည့်သားဖြစ်ရင်တော့လား ဘယ်လောက်တောင်ကောင်းလိမ့်မလဲ သွားကြစို့ မင်းတို့တွေကိုလိုက်ပို့မယ် ”

ကျန်းဟုန်ချန်နဲ့ ဟို့ယွိဟောင်ဘာတွေပြောနေလဲဆိုတာ ဖန်းယွီတို့မသိပါဘူး။ ကျန်းဟုန်ချန်ကတော့ သူ့ကျောင်းရဲ့ဆရာတွေအများကြီးကို ဦးဆောင်လာရင်း ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို ထုတ်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်တို့အုပ်စုကို အားလုံးနဲ့အတူတူ မိုးကောင်းကင်ဆီပျံ၀ဲစေလိုက်ရင်း အရှေ့အရပ်တည့်တည့်ကိုဦးတည်လာခဲ့ပါပြီ။

အမျက်ဒေါသကျောင်းတော်ရဲ့ကျောင်းသားတွေအားလုံးကလဲ အိမ်ပြန်ရတော့မှာဖြစ်တာကြောင့် အရမ်းကိုစိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ နေလနိုင်ငံတော်မှာရှိတဲ့အတိုင်း စိုးရိမ်ပူပန်မှုနဲ့ သတိကပ်ခဲ့ရမှုတွေအားလုံးက မလွယ်ကူခဲ့ပါဘူး။

ဒါပေမယ့် ဒီနှစ်နှစ်တာသင်ကြားမှုက ၀ိညာဥ်လက်နက်ကိုထွင်ထုတဲ့နေရာမှာ သူတို့ကိုပညာတွေအများကြီးတိုးတက်စေခဲ့ပါတယ်။ ကျောင်းသားတွေအားလုံးက အတွေ့အကြုံအများကြီးရခဲ့ပေမဲ့ ဘယ်လောက်အထိကြိုးစားအားထုတ်မှုရှိခဲ့လဲဆိုတာကတော့ သူတို့ရဲ့လေ့လာနိုင်စွမ်းအပေါ်မှာသာ မူတည်နေခဲ့တယ်။

အပိုင်း ၂၀၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset