အပိုင်း ၂၀၅•၁
” ခြိမ်းခြောက်ငွေညစ်ခြင်း ”
°°°
ကျန်းဟုန်ချန် သူ့ကိုတားချင်ခဲ့ပေမဲ့ သူ့ရဲ့မာနကြောင့် မပြောနိုင်ခဲ့ပါဘူး။ လက်ထဲမှာရှိနေတဲ့ အနက်ရောင်သေတ္တာလေးကိုသာကြည့်ရင်း အစောပိုင်းတွေးမိခဲ့တဲ့အတွေးတွေက စိတ်ထဲကို၀င်ရောက်လာခဲ့ပြန်ပါပြီ။
နို့ပုလင်းတွေက ၀ိညာဥ်လက်နက်တွေကို စွမ်းအားစုစည်းပေးနိုင်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်ကင်းတဲ့အလိုအလျောက်ပစ်ခတ်ရေးကိရိယာတွေကို အသက်သွင်ပြီတိုက်ခိုက်ပေးနိုင်တယ်။ အဆင့်လေးနို့ပုလင်းတစ်ပုလင်းရဲ့စွမ်းအားသိုလှောင်ထားမှုက ၀ိညာဥ်အလင်းတန်းတွေကို ဒါဇင်နဲ့ချီပြီပစ်လွှတ်လို့ကူညီပေးမှာပါ။ စစ်မြေပြင်ထဲမှာဆိုရင် ဘယ်လောက်အထိကြောက်စရာကောင်းလိမ့်မလဲ။
” သူ့ကိုပြန်ခေါ်လိုက်ဦး ”
ကျန်းဟုန်ချန်ကလဲ လင်းကျားယွီကို စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်ရပြန်တယ်။ အခုအချိန်အထိ လင်းကျားယွီ ဘာဖြစ်လို့ဖြစ်နေမှန်းမသိပါဘူး။ ဒါပေမယ့် ကျန်းဟုန်ချန်ရဲ့မျက်နှာပေါ်က နှမြောတသနေရတဲ့အရိပ်တွေကို မြင်နေရတာကြောင့် သူမေးလိုက်မိတယ်။
” ခန်းမသခင်က တကယ်အဲ့ဒီကောင်ကို အရမ်းခွင့်လွှတ်ပေးပြီ ကောင်းလွန်တယ်..ဘာကြောင့် သူ့ကိုကောင်းကောင်းသင်ခန်းစာမပေးလိုက်တာလဲ ”
” သူ့ကိုပြန်ခေါ်ဖို့ ငါပြောနေတယ်…ဒီလောက်ရိုးရှင်းတဲ့စကားကိုတောင် မင်းနားမလည်ဘူးလား ”
ကျန်းဟုန်ချန် အော်လိုက်ချိန်မှာတော့ လင်းကျားယွီလဲ ကြောက်သွားတဲ့အတွက် ခပ်မြန်မြန်ပဲ အပြင်ကိုခုန်ထွက်လို့သွားပါတော့တယ်။ နောက်တစ်မိနစ်အတွင်းမှာပဲ ဟို့ယွိဟောင်က ကျန်းဟုန်ချန်အရှေ့ကို ပြန်ရောက်နေခဲ့ပြန်ပါပြီ။
” ထိုင်လိုက်စမ်း ”
ကျန်းဟုန်ချန်က ပြောပြီတဲ့နောက် လင်းကျားယွီဖက်ကို လှည့်သွားခဲ့တယ်။
” သူ့အတွက်ရေတစ်ခွက်ငှဲ့ပေးထား ပြီရင်းမင်းအခန်းအပြင်သွားလိုက်တော့ ”
လင်းကျားယွီလဲ ဘာမှမပြော၀ံ့ပါဘူး။ ဟို့ယွိဟောင်အတွက် ရေတစ်ခွက်ငှဲ့ပေးပြီ သူထွက်သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က လိမ်လိမ်မာမာလေးထိုင်နေခဲ့ပါတယ်။ လင်းကျားယွီငှဲ့ပေးထားတဲ့ ရေတစ်ခွက်ကိုယူပြီတဲ့နောက် ကျန်းဟုန်ချန်ကိုမေးလိုက်တယ်။
” ဒီရေထဲမှာအဆိပ်တော့မခပ်ထားလောက်ဘူးမလား ခန်းမသခင် ”
ကျန်းဟုန်ချန်က နောက်တစ်ကြိမ်ဒေါသမထိန်းနိုင်တော့ပဲ ပေါက်ကွဲထွက်လာပြန်ပါတယ်။
” မင်းဘာပြောလိုက်တယ် ”
အခုအချိန်မှာ ကျန်းဟုန်ချန်ရဲ့မျက်နှာကိုတောင် ဖြတ်ရိုက်မိတော့မလိုပါပဲ။ ဒီကောင်စုတ်လေးကို သူတကယ်ပဲသတ်ပြစ်လိုက်ချင်ပါပြီ။
” မခပ်ထားဘူး ”
အခုလက်ရှိအချိန်မှာ အလိုအလျောက်ပစ်ခတ်ရေးပစ္စည်းရဲ့အရေးကြီးမှုကို သူစဥ်းစားနေရတဲ့အတွက် ချက်ချင်းသူကိုယ်သူပြန်ထိန်းချုပ်လိုက်ရင်း တည်ငြိမ်အောင်လုပ်နေခဲ့ရပါတယ်။
” ဒါဆိုရင်လဲ ကောင်းပါပြီလေ ”
ဟို့ယွိဟောင်က ရေကိုမသောက်ပါဘူး။ ဖန်ခွက်ကိုစားပွဲပေါ်မှာပြန်ချလိုက်ပါတယ်။ ကြည့်ရတာ အခုအချိန်အထိ သူ့ကိုယုံသေးပုံမပေါ်တာကြောင့် ကျန်းဟုန်ချန်ရဲ့မျက်နှာကြီးက နီရဲလို့လာခဲ့ပြန်ပါပြီ။
” ရောင်းတဲ့သူကအမြဲတမ်းစျေးကြီးကြီးနဲ့ရောင်းတတ်တယ်…ဒါပေမယ့် ၀ယ်တဲ့သူကတော့ စျေးနှိမ့်အောင်ဆစ်မှာပဲ ငါလက်ခံနိုင်လောက်တဲ့ စျေးတစ်ခုကိုပြော ”
ကျန်းဟုန်ချန်က တတ်နိုင်သလောက် တိုက်ရိုက်ပြောကြည့်ပါတယ်။ ဒီကောင်နဲ့ဆက်ပြီ အငြင်းအခုန်မလုပ်ချင်တော့ပါဘူး။
” ကျွန်တော် အစောတုန်းက စျေးပြောပြီးပြီလေ အဆင့်ကိုး၀ိညာဥ်လက်နက်သုံးခုကို လိုချင်တယ်…ကျွန်တော်ဒီထက်ထပ်မလျှော့နိုင်တော့ဘူး ”
ဟို့ယွိဟောင် လက်သုံးချောင်းထောင်လိုက်ပါတယ်။ အကြောင်းအရင်းတချို့ကြောင့် ဟို့ယွိဟောင်ရဲ့ လက်ခလယ်က ပိုပြီးထင်ရှားနေတယ်လို့ ကျန်းဟုန်ချန်ခံစားနေခဲ့ရတယ်။
” မဖြစ်နိုင်တာကို မင်းသိပြီသားဖြစ်မှာပါ ”
ကျန်းဟုန်ချန်က အေးစက်တဲ့လေသံနဲ့ ဆက်ပြီပြောလာခဲ့တယ်။
” ဒီလိုဖြစ်ပြီဆိုမှတော့ မင်းသွားလို့ရပြီ ”
” အား ဒါဆိုရင် ဘာဖြစ်လို့ကျွန်တော်ကို ပြန်ခေါ်လိုက်တာလဲ ကျွန်တော်တို့တွေ ဒီလိုဖြစ်နေတာခဏခဏရှိနေပြီနော် ”
ဟို့ယွိဟောင်က မတ်တပ်ရပ်ရင်း နောက်တစ်ကြိမ်ထွက်သွားဖို့လုပ်ပြန်ပါတယ်။ သူဘာကိုမှမကြောက်တဲ့ပုံပါပဲ။
ကျန်းဟုန်ချန်ကတော့ သူ့ရဲ့အူကလီစာတွေတောင်ဒေါသကြောင့် ပူလောင်နေပြီလို့ခံစားနေခဲ့ရတယ်။
” ပြန်လာခဲ့စမ်း ”
သူအော်လိုက်ရင်း ဟို့ယွိဟောင်ကို တားလိုက်ပြန်ပါတယ်။
ဟို့ယွိဟောင်ရဲ့နှလုံးသားကတော့ အပေါ်မှာမြင်ရသလို ဆိုးယုတ်တဲ့ပုံမပေါ်ပါဘူး။ တကယ်တမ်းမှာတော့ သူက သူ့ရဲ့ဆရာနဂါးနတ်ဘုရားသော့်လော့အကြီးအကဲမု ကျန်းဟုန်ချန်အပေါ်မှာ ထားရှိခဲ့တဲ့အကဲဖြတ်မှုကို လေးစားဆဲပါ။ ဒါ့အပြင် ကျန်းဟုန်ချန်ကိုလဲ လေးစားပါတယ်။
အကြီးအကဲမုက ကျန်းဟုန်ချန်ကို အတော်လေးမြင့်မြင့်မားမားတွေးထားခဲ့တယ်။ ကျန်းဟုန်ချန်ဆိုတဲ့လူက အညှာအတာကင်းမဲ့ပြီ ရည်မှန်းချက်ကြီးသလို ကြောက်မက်ဖွယ်ကောင်းတဲ့သူတစ်ယောက်ပါ။ ဒါ့အပြင် သူ့ရဲ့တစ်ခုတည်သောပြဿနာက အကျင့်စရိုက်ပါပဲ။ ဂုဏ်သိက္ခာဆိုတာက သူ့အတွက်အရမ်းအရေးကြီးသလို ခေါင်းမာပြီအထိမခံနိုင်ဖြစ်တဲ့ပုံစံကလဲ မွေးရာပါအကျင့်လိုဖြစ်နေခဲ့တယ်။
အကယ်၍ လူတစ်ယောက်ကသာဒေါသထွက်လာပြီဆိုရင် ဘယ်လိုအရာကိုငြိမ်ငြိမ်သက်သက်နဲ့ အကဲဖြတ်နိုင်တော့မှာလဲ။ ဒါဆိုရင် သူ့ကိုအခွင့်ကောင်းယူဖို့အတွက် အခွင့်အရေးကပေါ်လာမှာပါ။ မဟုတ်ရင် ဟို့ယွိဟောင်ဘယ်လိုဖြစ်လို့ အကြောင်းအရင်းမရှိပဲ ဒီလိုညစ်တီးညစ်ပတ်လှည့်ကွက်တွေနဲ့ ကစားနေမှာလဲ။
” အဆင့်ကိုး၀ိညာဥ်လက်နက်သုံးခုကတော့ မဖြစ်နိုင်ဘူး…မင်းရဲ့စိတ်ကူးစိတ်တမ်းကထူးခြားတယ်ဆိုတာ ငါ၀န်ခံတယ်..ဒါပေမယ့် ငါပြောလိုက်တဲ့ပြဿနာကိုလဲ မင်းနားလည်မှာပါ မင်းအတွက် ငါစျေးဖြတ်ပေးရင်ကောဘယ်လိုလဲ အဆင့်ရှစ်၀ိညာဥ်လက်နက်တစ်ခုနဲ့ ၀ိညာဥ်ရွှေပြားငါးသန်းဆိုရင်ရလား ”
ဟို့ယွိဟောင်ကတော့ ခေါင်းကိုဆက်တိုက်ခါနေခဲ့ပါတယ်။
” မဖြစ်ဘူး မဖြစ်ဘူး ဒါကျွန်တော်ရဲ့သွေးတွေချွေးတွေအားလုံးကိုရင်းထားရတဲ့ပစ္စည်းလေ အဲ့လောက်စျေးနည်းနည်းနဲ့ ဘယ်လိုလုပ်ရောင်းနိုင်မလဲ ကျွန်တော်အဆင့်ကိုး၀ိညာဥ်လက်နက်ကို လိုချင်တယ်…အဆင့်ရှစ်တွေဆိုတာ အဓိပ္ပါယ်မရှိဘူး ”
” မဖြစ်ဘူး အဆင့်ကိုးလက်နက်တွေအားလုံးက နေလနိုင်ငံတော်ရဲ့နည်းဗျူဟာစနစ်အတွက် အရမ်းအရေးကြီးလွန်တယ်..ငါတို့က ဘယ်လိုလုပ်ဒါတွေကို ထုတ်ပေးနေလို့ရမှာလဲ ”
ဟို့ယွိဟောင်က သူ့ရင်ဘတ်သူပုတ်ရင်းပြောလာခဲ့ပါတယ်။
” ဒီလိုပြောတာမှန်တယ်လို့ ကျွန်တော်မထင်ဘူးနော် ခန်းမသခင် ပင်လယ်နတ်ဘုရားခန်းမဆောင်မှာ အဲ့ဒီနှစ်ပိုင်းကဆိုရင် ကျွန်တော်ဆရာတောင်းလိုက်တာနဲ့ ဘာကိုမှမပြောပဲ ဘာကိုမှပြန်မတောင်းပဲနဲ့ တစ်ခုကိုချက်ချင်းထုတ်ပေးလိုက်တယ်လေ ဆရာကိုဟုန်ချန်ကောင်းချီးမင်္ဂလာပေးခဲ့လို့ ကျွန်တော်အခုအချိန်အထိ အကျိုးအမြတ်ရနေသေးတာမှတ်မိတယ်မလား ”
ကျန်းဟုန်ချန်ရဲ့နဖူးပေါ်မှာ သွေးကြောတွေက ထောင်ထလို့လာခဲ့ပြန်ပါပြီ။ ဒီကောင်ကတော့ အထိမခံနိုင်တဲ့နေရာကို လာဆွနေတာပါပဲ။ အခြေအနေတွေက အဲ့ဒီအချိန်တုန်းကနဲ့ ကွာခြားပါတယ်။ ဒါ့အပြင် အဲ့ဒီအချိန်က ဟုန်ချန်ကောင်းချီးမင်္ဂလာဆိုတဲ့ လက်ဆောင်ကိုသာထုတ်မပေးဘူးဆိုရင် အခုဒီနေရာမှာသူအသက်ရှိနေဖို့တောင် လွယ်နေမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ အတိတ်အကြောင်းပြန်ပြောပြမှုကို နားထောင်ပြီချိန်မှာ သူဘာမှဆက်မပြောနိုင်ပဲဖြစ်သွားခဲ့ရတယ်။ လက်ရှိအချိန်မှာနီရဲနေတဲ့မျက်နှာကြီးကလဲ အစိမ်းရောင်ကိုပြောင်းလို့သွားခဲ့ပါပြီ။
” မရဘူးဆိုမရဘူးပဲ အဆင့်ရှစ်၀ိညာဥ်လက်နက်နှစ်ခု ”
ကျန်းဟုန်ချန်က ထအော်လိုက်သလို မတ်တပ်ထရပ်ရင်းသူ့ရဲ့ထိုင်ခုံကိုလက်နဲ့တင်းတင်းကျပ်ကျပ်ဆုပ်ထားခဲ့မိပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ကို ၀ါးစားတော့မတတ်အကြည့်တွေနဲ့ကြည့်နေခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ကျန်းဟုန်ချန်ရဲ့ပုံစံကို မကြောက်တဲ့အတိုင်းစကားဆက်မပြောပဲ ရပ်နေခဲ့ပါတယ်။ ဒါပေမယ့် ခေါင်းကိုတော့သူခါနေခဲ့တယ်။
” ဒါဆိုရင် မင်းဘာထပ်လိုချင်သေးလဲ အဆင့်ကိုး၀ိညာဥ်လက်နက်ကလွဲပြီ မင်းလိုချင်တာဘာရှိလဲ ”
ကျန်းဟုန်ချန်က သူထိုင်ခုံသူပြန်ထိုင်လိုက်ပါပြီ။ ဒေါသတွေကလဲ အနည်းငယ်ပြန်လျော့သွားခဲ့တယ်။
ဟို့ယွိဟောင်က တခဏတာစဥ်းစားရင်းနဲ့ ပြန်ပြောလာခဲ့တယ်။
” ခန်းမသခင် တီထွင်ဖန်တီးနိုင်စွမ်းတွေဆိုတာက စျေးနှုန်းသတ်မှတ်လို့မရနိုင်ပါဘူး..ကျွန်တော်ဖန်တီးထားတဲ့ ၀ိညာဥ်လက်နက်က ရိုးရှင်းပြီအကြမ်းထည်ဖြစ်ပေမဲ့ ကျွန်တော်ရဲ့တီထွင်ဖန်တီးမှုက အရမ်းတန်ဖိုးရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်…ဒါကြောင့်သာ ကျွန်တော်ကြီးမားတဲ့တန်ကြေးကို တောင်းနေရတာပါ စိတ်လျှော့ပါ ကောင်းပါပြီကျွန်တော်အဆင့်ကိုး၀ိညာဥ်လက်နက်တွေကိုထပ်ပြီမလိုချင်တော့ပါဘူး..သူတို့တွေနဲ့ ခန်းမသခင်မခွဲခွာခြင်းဘူးဆိုတာ ကျွန်တော်သိပါတယ်…ဒီလိုဆိုရင်ကော အဆင်ပြေလောက်မလား ”
” ငါဒီကောင်တွေနဲ့ မခွဲခွာခြင်းဘူးဆိုတာ ဘာကိုပြောတာလဲ ဒီအတိုင်းထုတ်ပေးလိုက်လို့မရဘူးလို့ပြောနေတာလေ ”
ကျန်းဟုန်ချန်ခုနကမှဒေါသပြေရုံရှိသေးပေမဲ့ အခုနောက်တစ်ကြိမ် ဒေါသထပ်ထွက်လာပြန်ပါပြီ။ သူဘာသာသူအဲ့ဒီလိုတွေ ဆက်တိုက်တွေးနေခဲ့ပါတယ်။
” ကျွန်တော်ကို ခန်းမသခင် အဆင့်ကိုး၀ိညာဥ်လက်နက်တွေရဲ့တန်ဖိုးနဲ့တူညီတဲ့ပစ္စည်းတွေပေးလို့ရတယ်လေ အမျက်ဒေါသကျောင်းတော်မှာတန်ဖိုးကြီးပစ္စည်းတွေနဲ့ ရှားပါးသတ္ထုတွေမရှိဘူးဆိုတာသိတယ်မလား ”
ဟို့ယွိဟောင်က နောက်တစ်ကြိမ်တောင်းဆိုလာပြန်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ ကျန်းဟုန်ချန်လဲ တွေးလိုက်မိတယ်။ ဒီခွေးမသားကတော့ သူ့ရဲ့မြေးခွေးအမြီးကိုနောက်ဆုံးထုတ်ပြလာပြီဆိုတာပါ ဒါကမှမင်းရဲ့တကယ်အကြံအစည်မဟုတ်လား။
” မင်းဘာလိုချင်လဲ ဒီလောကကြီးထဲမှာ မတူညီတဲ့အမျိုးအစားနဲ့အမျိုးမျိုးရှားပါးသတ္ထုရှိတယ်…သူတို့ရဲ့တန်ကြေးကလဲ ခွဲခြားဖို့ခက်တယ် ”
” ကျွန်တော်လိုချင်တာက နည်းနည်းလေးပါပဲ အဆင်ပြေမပြေအရင်ဆုံးကြည့်ကြရအောင် ခရမ်းရွှေရောင်ကြေး၀ါကီလိုဂရမ်ငါးထောင် ကောင်းကင်စိတ်၀ိညာဥ်ငွေထုငွေသားကီလိုဂရမ်ငါးထောင် မြေအောက်လောကအစိုင်အခဲရဲ့အစိတ်အပိုင်းတစ်ထောင်ဆီကို လိုချင်တယ်…သူတို့တစ်ခုချင်းဆီတိုင်းကလဲ အနည်းဆုံးဆယ်စင်တီမီတာရှိရမယ်…ဒါ့အပြင် ဥက္ကာပျံသတ္ထုကီလိုဂရမ်တစ်ရာ အကယ်၍ အဆင်ပြေမယ်ဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကနေ လက်ရာမြောက်ပညာရှင်တွေကိုယ်တိုင်းထွင်းထုထားတဲ့ ကြယ်လအလွှာခွံတွေလဲ ကီလိုဂရမ်ငါးရာလောက် လိုချင်သေးတယ်…ဒါ့အပြင် ကျွန်တော်အစောပိုင်းတုန်းက တွေ့ခဲ့တဲ့နေအဆီအနှစ်ရွှေသားကို ပြီးပြည့်စုံတဲ့အဆင့်ကိုလိုချင်တယ်…နောက်တစ်ခုက ငွေတံခါးအကြေးခွံတစ်ရာနဲ့ရှစ်ဆယ်လောက်ရချင်တယ် …ဒါတွေမရဘူးလို့တော့မပြောနဲ့နော် ကျွန်တော်ကျောင်းတော်ရဲ့သမိုင်းထဲမှာမြင်ဖူးပြီးပြီ ကျောင်းတော်ကငွေနဂါးတစ်ကောင်ကိုအမဲလိုက်ခဲ့တယ်…ငွေနဂါးတစ်ကောင်ရဲ့ခန္ဓာကိုယ်ပေါ်မှာအကြေးခွံဆိုတာက သန်းနဲ့ချီပြီိရှိမှာပဲ ကျွန်တော်လိုချင်တာ တစ်ရာနဲ့ရှစ်ဆယ်ပဲ ဒီတော့သူ့တစ်ကိုယ်လုံးရဲ့ အကြေးခွံတွေထဲက တစ်ရာခိုင်နှုန်းလောက်တောင်မရှိဘူး..အဲ့လောက်ကြီးတော့ ကပ်စီးမနည်းလောက်ဘူးဟုတ်တယ်ဟုတ် ”
ဟို့ယွိဟောင် ပစ္စည်းတစ်ခုရဲ့ပမာဏကိုထုတ်ပြောလိုက်တိုင်း ကျန်းဟုန်ချန်ရဲ့မျက်နှာကအရောင်တစ်ရောင်ပြောင်းသွားပါတယ်။ အခုလက်ရှိအချိန်မှာ အနက်ရောင်ကနေ အစိမ်းရောင်အစိမ်းရောင်ကနေ ခရမ်းရောင်ပြောင်းရင်း ဒေါသထွက်လွန်လို့ ပေါက်ကွဲမတတ်ဖြစ်နေခဲ့ပါတော့တယ်။
ဟို့ယွိဟောင် တောင်းဆိုသမျှပစ္စည်းတွေအားလုံးက အကောင်းဆုံးတစ်ကာအကောင်းဆုံးနဲ့အရှားပါးဆုံးပစ္စည်းတွေပါပဲ အထူးသဖြင့် နေအဆီအနှစ်တွေနဲ့ ကြယ်လအလွှာတွေဆိုတာက အရမ်းကိုတန်ဖိုးကြီးတဲ့အရာတွေပါ။ သူတို့အားလုံးက အဆင့်ကိုး၀ိညာဥ်လက်နက်တွေရဲ့ဗျူဟာကိုတည်ဆောက်ဖို့အတွက် အသုံးပြုရပါလိမ့်မယ်။ တစ်ကီလိုဂရမ်၀ယ်ဖို့ဆိုတာတောင် အတော်လေးစျေးကြီးလွန်နေပါပြီ။ ကီလိုဂရမ်ရာချီဆိုရင်တောင် နိုင်ငံတစ်ခုကိုတိုက်ခိုက်လို့ရပါတယ်။
” မင်းငါတို့ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ဂိုထောင်တစ်ခုလုံးကိုများအပြောင်သိမ်းဖို့လုပ်နေတာလား ”
ကျန်းဟုန်ချန် နောက်တစ်ကြိမ်ထရပ်ရင်းနဲ့ အော်ပါတော့တယ်။
ဟို့ယွိဟောင်ပေးထားခဲ့တဲ့ အနက်ရောင်သေတ္တာကို တစ်ဒေါင့်ဒေါ့င့်ခေါက်နေရင်းနဲ့ ထပ်ပြီတော့အော်ဟစ်နေခဲ့တယ်။
” ဒီပျက်စီးနေတဲ့ပစ္စည်းကို ဒီလောက်အများကြီးနဲ့ လဲချင်နေတယ်မဟုတ်လား အိပ်မက်မက်နေတာပဲဖြစ်ရမယ်..လောဘကြီးပြီကန်နေတဲ့ကောင်တွေကိုငါအများကြီးမြင်ဖူးပေမဲ့ မင်းလောက်ဘယ်သူမှလွန်လွန်ကျူးကျူးမရှိဖူးဘူး မင်းရဲ့ဒီအရုပ်ကိုယူပြီတော့ ထွက်သွားလိုက်စမ်း ငါမင်းရဲ့မျက်ခွက်ကိုနောက်ထပ်မမြင်ချင်ဘူး ”
အနက်ရောင်သေတ္တာကို ဟို့ယွိဟောင်ဆီပြစ်ပေးရင်း သူအော်လိုက်ပါတယ်။
ဟို့ယွိဟောင်က ဒီတစ်ကြိမ်မှာထွက်မသွားခဲ့ပါဘူး။ အနက်ရောင်သေတ္တာလေးကိုသူယူလိုက်ပြီ ရယ်မောရင်းနဲ့ပြောနေခဲ့တယ်။
” ဒေါသမထွက်ပါနဲ့ ခန်းမသခင် ကျွန်တော်တို့စျေးညှိလို့ရပါတယ်…ဒါ့အပြင် ကျွန်တော်တောင်းတယ်ဆိုတာက အဆင့်ကိုး၀ိညာဥ်လက်နက်သုံးခုနဲ့ တန်ဖိုးတူတဲ့ပစ္စည်းကိုတောင်းတာလေ ဒါ့အပြင် ကျွန်တော်ရဲ့တီထွင်ထားတဲ့ပစ္စည်းကို လှောင်ရယ်တာကြောင့် စျေးနှုန်းကိုမြင့်လဲမမြင့်ထားဘူး ဒီပစ္စည်းတွေဆိုတာက အကုန်လုံးပေါင်းလိုက်ရင်းအဆင့်ကိုး၀ိညာဥ်သုံးခုနဲ့တူတယ်ဟုတ်တယ်ဟုတ် ကျွန်တော်ဘာမှမတရားမလုပ်မိဖူးပါဘူး ”
” မင်းကိုအဆင့်ကိုး၀ိညာဥ်လက်နက်သုံးခုနဲ့ တန်ဖိုးတူညီတဲ့သတ္ထုတွေပေးမယ်လို့ ဘယ်သူများကတိပေးထားလို့လဲ ”
ကျန်းဟုန်ချန်က ထပြောပါတော့တယ်။
ဟို့ယွိဟောင်ကတော့ မဟုတ်မတရားစွပ်စွဲခံရတဲ့မျက်နှာနဲ့သာပြန်ဖြေလာခဲ့တယ်။
” ဒါဆိုရင် ကျွန်တော်တို့ထပ်ပြီညှိနိုင်လို့ရနိုင်ပါသေးတယ်..ဘယ်တစ်ခုကတအားကြီးများလွန်နေတယ်ထင်လဲ ကျွန်တော်တို့ပမာဏကို လျှော့ကြည့်လို့ရတာပေါ့ ”
အပိုင်း ၂၀၅•၁ ပြီး၏။