အပိုင်း ၂၀၂•၂
” လူအသွင်သဏ္ဍာန်၀ိညာဥ်လက်နက် ”
°°°
ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။
” ကျွန်တော်ရဲ့စိတ်၀ိညာဥ်စွမ်းအားနဲ့ ဆရာရဲ့အတွေးထဲကို ပုံရိပ်တွေတိုက်ရိုက်ပို့ပေးပါ့မယ် ”
ရွှမ်ကျင့်၀မ်ကတော့ ထိတ်လန့်တကြားနဲ့မေးလာခဲ့တယ်။
” မင်းဒီလိုမျိုးလုပ်နိုင်စွမ်းရှိတာလား ”
ဟို့ယွိဟောင်က စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဆိုတာ သူသိပေမဲ့ ဒီလိုမျိုးပုံရိပ်တွေကို သူများစိတ်ထဲထင်စေနိုင်ဖို့အတွက် များပြားတဲ့စိတ်၀ိညာဥ်စွမ်းအားလိုအပ်မှာပါ။ ဟို့ယွိဟောင်ကတော့ ခေါင်းညိတ်နေခဲ့ပါတယ်။
” ကျွန်တော်လုပ်နိုင်တယ်…ဒါပေမယ့် ဒီပုံရိပ်တွေမပြခင် ကျွန်တော်ကိုအရင်ဆုံးယုံကြည်ဖို့လိုအပ်တယ် ”
” ဒါဆိုဘာစောင့်နေတာလဲ စကြမယ်လေ ”
အခုအချိန်မှာတော့ အံ့အားသင့်သွားရတဲ့သူက ဟို့ယွိဟောင်ဖြစ်နေခဲ့တယ်။
” ဆရာရွှမ် အကယ်၍ ကျွန်တော်ဒါမျ်ိုးကိုလုပ်မယ်ဆိုရင် ဆရာရဲ့စိတ်ကိုဖွင့်ထားပေးဖို့လိုအပ်တယ်..ဆရာကျွန်တော်ကိုမကြောက်ဘူးလား ”
ရွှမ်ကျင့်၀မ်ကတော့ ရယ်မောရင်းနဲ့သာ ပြန်ဖြေလာခဲ့တယ်။
” ဘာကြောင့်များကြောက်ဖို့လိုမှာလဲ ငါကမင်းဆရာဖြစ်နေတာ နှစ်နှစ်ရှိပြီ အကယ်၍ မင်းအကျင့်စရိုက်ကိုငါအခုအချိန်အထိ နားမလည်သေးဘူးဆိုရင် မင်းဆရာဖြစ်ဖို့အတွက် အရည်အချင်းရှိနေမှာမဟုတ်ဘူး…အပိုတွေမပြောပဲနဲ့ စလိုက်ကြစို့ ”
သူပြောလိုက်ပြီတဲ့နောက် မျက်လုံးကိုမှိတ်လိုက်ပါပြီ။ ဟို့ယွိဟောင်ရဲ့မျက်လုံးကလဲ လေးစားမှုတွေကြောင့် အရောင်လက်လာပါတော့တယ်။ သူသာဖြစ်ခဲ့မယ်ဆိုရင် သူသေချာပေါက် စိတ်၀ိညာဥ်ပင်လယ်ကို ဘယ်တစ်ဦးတစ်ယောက်အတွက်မှဖွင့်ပေးမှာမဟုတ်ပါဘူး။
ဟို့ယွိဟောင်ရဲ့မျက်လုံးကနေ ရွှေရောင်အလင်းတန်းတွေ ဖြာထွက်လာပြီတဲ့နောက်သူလဲရွှမ်ကျင့်၀မ်ရဲ့အရှေ့တည့်တည့်ကို ရောက်သွားပါတော့တယ်။ အခန်းတစ်ခုလုံးကတော့ထူးခြားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေနဲ့ စတင်တောက်ပလာခဲ့ပါပြီ။ ရွှေအိုရောင်အလင်းတန်းတွေက ဟို့ယွိဟောင်ရဲ့ခေါင်းကိုဗဟိုပြုရင်းနဲ့ အပြင်ဖက်ဖြာထွက်လာပါတော့တယ်။ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးတောင်မှ ရွှေရောင်ပြောင်းသွားခဲ့ပါပြီ။
နှင်းဧကရီရဲ့စိတ်၀ိညာဥ်နဲ့ ပေါင်းစည်းပြီတဲ့နောက် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက နောက်အဆင့်တစ်ဆင့်ကိုမြင့်တက်လို့သွားခဲ့ပါတယ်။ အဲ့ဒါက ဘယ်အဆင့်လဲဆိုတာသူကိုယ်တိုင်တောင် နားမလည်ပါဘူး။ ဒါပေမယ့် လက်ရှိအချိန်မှာ စွမ်းရည်အသစ်တွေကို အသုံးချနိုင်နေခဲ့ပါပြီ။
မျက်လုံးထဲကနေ အလင်းတန်းကြီးနှစ်တန်းက အပြင်ကိုထိုးထွက်လို့သွားပါတော့တယ်။ ဒီအလင်းတန်းတွေက ညင်းသာပုံထင်ရပေမဲ့လဲ ထူးခြားတဲ့အငွေ့အသက်တွေက အခန်းတစ်ခုလုံးကိုတောင် တုန်လှုပ်လို့သွားစေခဲ့တယ်။
ရွှမ်ကျင့်၀မ်ရဲ့ခန္ဓာကိုယ်လဲ အနည်းငယ်တုန်ခါလို့သွားခဲ့ပါပြီ။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲကိုသန်မာလွန်တဲ့အင်အားတစ်ခုပြေး၀င်လာနေတာ ခံစားမိလိုက်ပါတယ်။ ဒါကြောင့် မသိစိတ်ကနေချက်ချင်းဆိုသလို စတင်ခုခံတော့တယ်။ ဘယ်လိုပဲဖြစ်ပါစေ သူကအဆင့်၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ သော့်လော့တစ်ယောက်ဖြစ်နေခဲ့တဲ့အတွက် သူ့ရဲ့သတိကမလျှော့ကျသွားခဲ့ပါဘူး။ မကြာခင်အချိန်အတွင်းမှာပဲ စိတ်၀ိညာဥ်စွမ်းအားတွေကို ပြန်သိမ်းလိုက်ရင်း မူလစိတ်၀ိညာဥ်အရင်းအမြစ်ကို ကာကွယ်ဖို့လုပ်လိုက်ပါတယ်။
လူသားတစ်ယောက်ရဲ့စိတ်၀ိညာဥ်စွမ်းအားကို သူတို့ရဲ့၀ိညာဥ်စွမ်းအားနဲ့အတူ ဖြည်းဖြည်းချင်းတိုးတက်လာနိုင်ပါတယ်။ နောက်ဆုံးတော့လဲ ကြီးမားတဲ့အင်အားဆိုတာက မြင့်မားတဲ့စိတ်၀ိညာဥ်ရှိမှသာ ထိန်းချုပ်နိုင်တာပါ။
ရွှမ်ကျင့်၀မ်က ၀ိညာဥ်လက်နက်သုတေသနပြုတဲ့နယ်ပယ်မှာ အများကြီးရင်းနှီးမြုပ်နှံထားခဲ့သလို နေ့စဥ်နေ့တိုင်းတွေးတောရင်းနဲ့သာ အချိန်ကုန်ဆုံးပါတယ်။ ဒါကြောင့်သာ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အဆင့်တူ၀ိညာဥ်လက်နက်အတတ်ပညာရှင်များစုထက်ကို ပိုပြီးသန်မာနေခဲ့တယ်။
ဒါပေမယ့် သူ့ခန္ဓာကိုယ်ထဲကို၀င်ရောက်လာနေတဲ့ စိတ်၀ိညာဥ်စွမ်းအားကလဲ သူ့ရဲ့ကိုယ်ပိုင်စိတ်၀ိညာဥ်စွမ်းအားလေးထက်ကို တစ်စက်လေးမှအားမလျော့ခဲ့ပါဘူး။ ဒီစိတ်၀ိညာဥ်အရှိန်အ၀ါက သူ့ရဲ့စိတ်၀ိညာဥ်နဲ့ထိတွေ့ချိန်မှာတောင် ကောင်းကောင်းကြီးတန်ပြန်ခုခံနိုင်နေခဲ့တယ်။
လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေ သူခေါင်းထဲ၀င်ရောက်လာချိန်မှာအဖက်ဖက်ကရရှိလာတဲ့ ကြီးမားတဲ့အရာတွေကို ရှင်းရှင်းလင်းလင်းခံစားနေပါတော့တယ်။ အကယ်၍ ဟို့ယွိဟောင် တိုက်ခိုက်မယ်ဆိုရင် သူ့အနေနဲ့ အတော်လေးအထိနာမယ်ဆိုတာ သူနားလည်သွားခဲ့ရပါပြီ။
ဒါပေမယ့် အကယ်၍ဆိုတဲ့ကိစ္စက ဒီနေရာမှာရှိမနေခဲ့ပါဘူး။ ဟို့ယွိဟောင်က သူ့ကိုတိုက်ခိုက်မှာမဟုတ်တာသူသိနေခဲ့ပါတယ်။ ရွှမ်ကျင့်၀မ် ထိတ်လန့်နေချိန်မှာပဲ ပုံရိပ်ယောင်တစ်ခုက သူ့စိတ်ထဲမှာပေါ်လာခဲ့ပါပြီ။
အစပိုင်းမှာတော့ အဲ့ဒါက ရိုးရှင်းပြီသေးငယ်တဲ့ပုံရိပ်တစ်ခုပါပဲ။ ဒါပေမယ့် မကြာခင်မှာပဲ ဒီလိုအရာတွေအများကြီးပေါင်းစည်းရင် ပုံရိပ်ယောင်တစ်ခုဖြစ်ပေါ်လာပါတော့တယ်။
သူ့မျက်စိရှေ့မှာမြင်နေခဲ့ရတာကတော့ ကျောက်တုံးကျောက်စိုင်ကြီးရဲ့ကြားထဲမှာရှိနေတဲ့ သီခြားနယ်မြေပါ။ နေရာအတိအကျကိုတော့ သူခန့်မှန်းလို့မရနိုင်ပါဘူး။ ပတ်၀န်းကျင်က အတော်ကိုတိတ်ဆိတ်ငြိမ်သက်နေခဲ့သလို သူက ဟိုအထက်ကောင်းကင်ကနေ အောက်ဖက်ကိုငုံ့ကြည့်နေရတဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်။
ဒါ့အပြင် အဲ့ဒီတောင်ဖက်မှာလဲ လူတစ်ယောက်ထဲရှိပါတယ်။ ဒါကတော့ ဟို့ယွိဟောင်ပါ။
ဟို့ယွိဟောင်ကတော့ တောင်ပူစာလေးတစ်ခုရဲ့အပေါ်မှာရပ်နေခဲ့ပါတယ်။ ရပ်နေတဲ့ဟို့ယွိဟောင်ရဲ့နဖူးပါ်မှာ တတိယမျက်လုံးတစ်ခုရှိနေတာကို ရွှမ်ကျင့်၀မ်ထိတ်လန့်တကြားနဲ့ မြင်လိုက်ရတယ်။
အစပိုင်းမှာတော့ သူမျက်စိအမြင်တွေမှားနေတယ်လို့ တွေးလိုက်မိပေမဲ့ သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို စုစည်းပြီကြည်ကြည်လင်လင်မြင်ရဖို့အတွက် လုပ်ပြီချိန်မှာတော့ ဒီမျက်လုံးက ရွှေရောင်အလင်းတန်းတွေနဲ့ ကောင်းကောင်းကြီးတောက်ပနေတာကို သူသတိပြုမိသွားပါတော့တယ်။ အဲ့ဒီမျက်လုံးက သူ့ကိုစိုက်ကြည့်နေပုံပါပဲ။
တတိယမျက်လုံးလား စိတ်၀ိညာဥ်မျက်လုံးက ဒုတိယနိုးထမှုမျိုးဖြစ်လာတာလား ခန္ဓာကိုယ်မျိုးနွယ်လိုမျိုး ဒီလိုအသွင်ပြောင်းမှုပေါင်းဖြစ်နိုင်တာလား။ ရွှမ်ကျင့်၀မ်က ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့ အင်အားကြီးလက်နက်အတတ်ပညာရှင်ဖြစ်ပေမဲ့ ၀ိညာဥ်ပညာရှင်တွေရဲ့အသိပညာနဲ့ပတ်သက်ပြီရင်တော့ သူသိထားနိုင်တဲ့ အသိပညာတွေက အတော်လေးကိုအကန့်အသတ်ရှိနေခဲ့တယ်။
ခိုင်မာတဲ့အတွေးတစ်ခုကို မတွေးနိုင်မှာခင် ပုံရိပ်တွေကပြောင်းလဲလို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က သူ့ရဲ့ညာဘက်လက်ကို မြောက်လိုက်ချိန်မှာကြီးမားတဲ့ နီလာလက်စွပ်ကြီးက လက်ညိုးမှာပေါ်လာတော့တယ်။ ကြယ်အလင်းခြောက်ခုက ဒီလက်စွပ်ကြီးရဲ့မျက်နှာပြင်ပေါ်မှာ သိသိသာသာထင်ထင်ရှားရှားကို တောက်ပလို့နေခဲ့ရပါပြီ။
ကြယ်အလင်းနီလာပါလား တကယ်ကိုပစ္စည်းကောင်းပဲ ဒါပေမယ့် ဒီပစ္စည်းကြီးက လက်တစ်ခုစာလောက်ပဲ ကြီးမားတာပါ။ အကယ်၍ ဒါကိုသုံးနိုင်မယ်ဆိုရင်တောင် ပစ္စည်းအများကြီးဆန့်တဲ့သိုလှောင်ရေး၀ိညာဥ်လက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်ရုံသာရရှိပါလိမ့်မယ်။ ဒီလိုအဆင့်၀ိညာဥ်လက်နက်မျိုးက ထိပ်တန်းအဆင့်ထဲမှာရှိနေမယ်ဆိုတာ ရွှမ်ကျင့်၀မ် ချက်ချင်းသဘောပေါက်လိုက်ပါပြီ။
ဟို့ယွိဟောင်က ညာဘက်လက်ကိုမြောက်လိုက်ချိန်မှာ ကြယ်အလင်းတွေက စတင်ပြီအပြင်ကိုပြန့်ထွက်လို့သွားပါတော့တယ်။ အဲ့ဒီနောက် ကြီးမားတဲ့တစ်စုံတစ်ရာက သူ့ရှေ့မှာပေါ်ထွက်လာခဲ့ပါပြီ။
ဒီပစ္စည်းကြီးကိုမြင်ချိန်မှာတော့ ရွှမ်ကျင့်၀မ်ဘာကိုမှမတွေးနိုင်တော့ပဲ တစ်ကိုယ်လုံးပြင်းပြင်းထန်ထန် တုန်ရီလို့နေပါတော့တယ်။ သူ့ကို မိုးကြိုးကြီးတွေနဲ့ပြစ်ချလိုက်တဲ့အတိုင်း တုန်လှုပ်လို့နေခဲ့တာပါ။
မီးခိုရောင်တောက်နေတဲ့သတ္ထုလူသားကြီးကိုကြည့်ရတာ အတော်ကိုရိုးရှင်းပါတယ်။ သုံးမီတာခွဲလောက်မြင့်မားတဲ့ဒီသတ္ထုလူသားကြီးက လုံး၀ကိုလူသားအသွင်ရှိနေတာပါ။ သူ့ရဲ့မျက်နှာက ခမ်းခမ်းနားနားပြုလုပ်ထားတာပါ ဘာမှမရှိပါဘူး။ ဒါပေမယ့် ခန္ဓာကိုယ်ကောက်ကြောင်းတွေက အတော်ချောမွေ့ပါတယ်။
လူသားအသွင်ရှိတဲ့ ၀ိညာဥ်လက်နက်လား ဒါကြောင့် ရွှမ်ကျင့်၀မ်ထိတ်လန့်လို့နေရတာပါ။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့အရေးကြီးဆုံးသုတေသနပြုမှုက လူသားအသွင်ရှိတဲ့၀ိညာဥ်လက်နက်တွေဖြစ်နေခဲ့တယ်။ ဒါကြောင့်သာ သူတို့ရဲ့ဒီဧရိယာမှာ ဖွံ့ဖြိုးတိုးတက်မှုကလဲကြီးမားတဲ့အတားအဆီးတွေကို ကြုံတွေ့လို့နေခဲ့ရပါတယ်။ လူသားအသွင်ရှိတဲ့၀ိညာဥ်လက်နက်တွေမှာ များပြားတဲ့ကောင်းကျိုးတွေရှိနေသလို ပြဿနာတွေကလဲ မနည်းမနောပါပဲ။ ဒီခေါင်းစဥ်ရဲ့အဓိကစူးစမ်းလေ့လာမှုနဲ့ သုတေသနပြုချက်တွေကို ရွှမ်ကျင့်၀မ်ဖတ်ခဲ့ဖူးပါတယ်။ ဒါကြောင့် ပြဿနာတွေကိုလဲ သူရှင်းရှင်းလင်းလင်းနားလည်နေပါတယ်။
ဒီအချိန်မှာ ဟို့ယွိဟောင်က သူ့အရှေ့မှာရှိတဲ့လူသားအသွင်၀ိညာဥ်လက်နက်ကြီးကို အသာအယာထုတ်ယူလာခဲ့တာက သူ့ကိုပိုပြီးထိတ်လန့်လာစေခဲ့တယ်။ သူဘယ်လိုလုပ်မလန့်ပဲနေမှာလဲ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့အတွင်းလျှို့၀ှက်ချက်တွေကို ဟို့ယွိဟောင်ခိုးယူသွားတယ်လို့ သူသံသယ၀င်လာခဲ့တာပါ။ ဟို့ယွိဟောင်တစ်ယောက်ထဲနဲ့ ဒီလောက်အထိ ကြီးမားတဲ့လူသားအသွင်၀ိညာဥ်လက်နက်ကြီးကို ဖန်တီးနိုင်မယ်ဆိုတာ ဘယ်လိုမှမယုံနိုင်ပါဘူး။
ဒီ၀ိညာဥ်လက်နက်မျိုးဆိုတာက ၀ိညာဥ်ပညာရှင်တွေအတွက် သံချပ်ကာတစ်ခုဆိုတာထက်ကိုပိုပါတယ်။ သူတို့ကိုအတွင်းထဲကနေ ထိန်းချုပ်ပြီလွှတ်လွှတ်လပ်လပ်လဲ မောင်းနင်းလို့ရနိုင်သလို တိုက်ခိုက်ဖို့အဆင်ပြေရုံတင်မကဘူး ခုခံဖို့အတွက်လဲ အသုံး၀င်ပါတယ်။
ဒါမျိုးကိုဖန်တီးဖို့အတွက် များပြားတဲ့ဗျူဟာတွေကို ပေါင်းစည်းဖို့လိုအပ်သလိုအချောသတ်ဖို့ ပြီးမြောက်အောင်လုပ်ဖို့လဲ အတော်ကိုခက်ခဲပါတယ်။ ဒါ့အပြင် ပြီးပြည့်စုံသွားတဲ့နောက်ဆုံးရလဒ်ကိုသန်မာတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်က ထိန်းချုပ်ဖို့လိုအပ်နေခဲ့တယ်။
ဒီလူသားအသွင်၀ိညာဥ်လက်နက်က အတော်ကိုသေးငယ်ပါတယ်။ သုံးမီတာခွဲလောက်ပဲရှိတာကြောင့် ဗျူဟာတွေအများကြီးကိုထည့်သွင်းနိုင်မှာလဲ။ သူက လူတစ်ယောက်လိုရိုးရှင်းတဲ့မပြုမှုနိုင်တာတောင် ဖြစ်နိုင်ပါသေးတယ်။
ဒီပုံရိပ်ယောင်တွေထဲမှာ ဟို့ယွိဟောင်က ဖြည်းဖြည်းချင်းလူသားအသွင်း၀ိညာဥ်လက်နက်ဆီကို လျှောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက် သူစတင်ပြီ အသုံးပြုဖို့လုပ်ပါတော့တယ်။ အပြောင်းအလဲတွေက ခေါင်းကနေစပြီအပြောင်းအလဲတွေဖြစ်ပေါ်လာခဲ့ပါပြီ။ ခေါင်းပိုင်းကိုဖယ်ရှားလိုက်ချိန်မှာတော့ သူ့ရဲ့လည်ပင်းဆီကနေ အောက်ဖက်ကိုတည့်တည့်ဆင်းသွားတဲ့မျဥ်းတစ်ကြောင်းက ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် အလယ်တည့်တည့်မှာအက်ကွဲရာတစ်ခုဖြစ်လာခဲ့ပြီ အတွင်းပိုင်းနယ်မြေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရတော့တယ်။
ဒီအထဲမှာရှိနေခဲ့တဲ့ဗလာဟင်းလင်းနယ်မြေကို မြင်ချိန်မှာတော့ ရွှမ်ကျင့်၀မ်ပိုပြီးယုံကြည်ချက်ရှိလာခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ အထဲကို၀င်ရင် အပြင်ကလှုပ်ရှားမှုတွေကို ထိန်းချုပ်တော့မှာပါ။
သူအနည်းငယ်စိတ်အေးလို့သွားခဲ့ပါတယ်။ သူ့အတွက်တော့ ဒီလူသားအသွင်၀ိညာဥ်လက်နက်ဆိုတာက သံချပ်ကာတစ်ခုအတိုင်းထိန်းချုပ်လို့ရမယ်လို့ သူတွေးနေခဲ့တာပါ။ သူတွေးထားခဲ့တဲ့တကယ်အတွင်းပိုင်းထိန်းချုပ်မှုနဲ့တော့ အများကြီးကွာပါသေးတယ်။
ဟို့ယွိဟောင် အထဲကို၀င်သွားပြီတဲ့နောက် သူ့ဘာသာသူပြန်ပိတ်လိုက်ပါပြီ။ ရွှမ်ကျင့်၀မ်ကလဲ လက်ရှိအချိန်မှာ ကောင်းကင်ကနေကြည့်နေတဲ့ပုံမဟုတ်တော့ပါဘူး။ သူ့မှာရှု့ထောင့်အမြင်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ အနီးကပ်လေ့လာဖို့ပါ နောက်တစ်ခုကတော့ ၀ိညာဥ်လက်နက်ကိုအထဲကနေမြင်ရတာပါပဲ။
ဟို့ယွိဟောင်ရဲ့လက်မောင်းတွေက ၀ိညာဥ်လက်နက်ရဲ့အထဲမှထည့်ပြီမလှုပ်ရှားပဲနဲ့ ထိန်းချုပ်ရေးတုတ်ချောင်းတွေနဲ့ များပြားတဲ့ခလုတ်တွေကို ထိန်းချုပ်လို့နေခဲ့ပါတယ်။
တုတ်ချောင်းတစ်ချောင်းကိုအထဲကနေ ဟို့ယွိဟောင်ရွေ့လိုက်တာ ရွှမ်ကျင့်၀မ်မြင်လိုက်ရတယ်။ အဲ့ဒီနောက် ၀ိညာဥ်လက်နက်ရဲ့အနောက်ဖက်က ပွင့်သွားခဲ့ပါပြီ။ ကြီးမားတဲ့အတောင်ပံတစ်စုံက ဖြန့်ထွက်လို့လာခဲ့ပါတယ်။ ခလုတ်တချို့နှိတ်ပြီတဲ့ချိန်မှာတော့ အလင်းတန်းဆယ်နှစ်ခုက အပြင်ကိုပြန့်ထွက်လို့လာခဲ့ပြီ လေထုရဲ့ဖိအားနဲ့အတူ သတ္ထုလူသားကြီးက ကောင်းကင်ပေါ်ကိုပျံသန်းပါတော့တယ်။
သူ့ရဲ့လှုပ်ရှားမှုက အရမ်းကိုမြန်ဆန်လွန်တာကြောင့် သာမန်အဆင့်ခုနှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင် မလုပ်ဆောင်နိုင်တဲ့ အဆင့်အတန်းတစ်ခုအထိကို ရောက်ရှိလို့နေခဲ့ပါပြီ။ ဒီကလေးက အဆင့်ခြောက်၀ိညာဥ်ရှပ်ပြေးဆယ်နှစ်ခုကိုသုံးပြီးအရှိန်ကိုမြင့်လိုက်တာလား ဒါ့အပြင် မျှချေညီဖို့ကလဲ ဒီလောက်တောင် ကောင်းလှချေလား လေကိုဘယ်လိုလုပ်သူခုခံပြီ သတ္ထုအခွံကိုမထိခိုက်အောင်သုံးလုပ်ထားတာလဲ။
ဒါ့အပြင် လှုပ်ရှားနေတဲ့ပုံစံကလဲ လေထဲမှာတောင်အတော်လေးချောမွေ့လို့နေခဲ့တယ်။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၀ိညာဥ်လက်နက်ရဲ့ လက်မောင်းကြီးတွေကလဲ ဒီတုတ်ချောင်းနဲ့အတူဆက်ပြီတော့ လှုပ်ရှားနေတယ်။ ဒါကတကယ်ကို ဒီလူသားအသွင်ကြီးရှိတဲ့၀ိညာဥ်လက်နက်လားမဖြစ်နိုင်တာ မဖြစ်နိုင်လိုက်တာ ငါမယုံနိုင်ဘူး။
ကောင်းကင်မှာတခဏတာပျံသန်းနေပြီတဲ့နောက်၀ိညာဥ်လက်နက်ကြီးက မြေပြင်ပေါ်ကိုပြန်ဆင်းသက်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မြေပြန့်တစ်ခုကိုဆင်းသက်သွားခဲ့တာပါ။
ရွှမ်ကျင့်၀မ်ကလဲ လက်ရှိအချိန်မှာရှု့ထောင့်အမြင်နှစ်မျိုးကနေကြည့်နေရဆဲပါ။ ၀ိညာဥ်လက်နက်ကြီးရဲ့အထဲမှာတော့ ဟို့ယွိဟောင်ကတင်ပလ္လင်ခွေချိတ်ရင်း ထိုင်နေခဲ့ပါတယ်။ ဒီလက်နက်က သုံးမီတာခွဲလောက်ပဲမြင့်မားတဲ့အတွက် သူ့ရဲ့နောက်ကျောကလဲ တစ်မီတာအထိ ကျယ်ပြန့်တဲ့အပြင် အထဲမှာကောင်းကောင်းထိုင်ဖို့နေရာလောက်သလို ထိန်းချုပ်မှုလွှတ်ဖို့အတွက်လဲ အဆင်ပြေနေခဲ့တယ်။
သူကငါ့ကိုသက်သေပြနေလား ဟို့ယွိဟောင်ရဲ့စိတ်အကြံအစည်ကို ရွှမ်ကျင့်၀မ်နားလည်သွားခဲ့ပါပြီ။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်ရဲ့လက်တွေက ပိုပိုပြီးလှုပ်ရှားတာမြန်ဆန်လာခဲ့တော့တယ်။
ရှိသမျှခလုတ်တွေအားလုံးက သူထိန်းချုပ်မှုအောက်မှာ တဖျတ်ဖျတ်လက်နေခဲ့ပါပြီ။ စက်ကိရိယာကြီးကလဲ နောက်ထပ်တစ်ကြိမ်လှုပ်ရှားပါတော့တယ်။ အစပိုင်းမှာရိုးရိုးရှင်းရှင်းပဲလမ်းလျှောက်နေတာဖြစ်သလို နောက်ပိုင်းမှာတော့ ခုန်ပျံကျော်လွှားကာ လေထဲမှာတစ်ပတ်ပြီတစ်ပတ် လည်နေရုံတင်မက ဘီးလုံးတစ်လုံးလိုပါရွေ့လျားပြနေခဲ့ပါတော့တယ်။
အပိုင်း ၂၀၂•၂ ပြီး၏။