အပိုင်း ၂၀၁•၃
” ဧကရီရဲ့ဓား ဧကရီရဲ့လက်၀ါး ဧကရီရဲ့အအေးဓာတ် ”
°°°
ဟို့ယွိဟောင်ရဲ့ရှင်းပြချက်တွေကို နားထောင်ပြီချိန်မှာတော့ ၀မ်သုန့်လဲ အံ့ဩထိတ်လန့်နေခဲ့ပါတော့တယ်။
” ဒီတော့ မင်းရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က မွေးရာပါမဟုတ်ဘူးလို့ပြောချင်တာလား ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်နဲ့ ပေါင်းစပ်ပြီတဲ့အချိန်မှသာ သိုင်းပညာ၀ိညာဥ်ဖြစ်လာတာပေါ့ ဒါ့အပြင် အခုလက်ရှိအချိန်ကောင်းကင်ဘုရင်သုံးပါးထဲမှာ နှစ်ပါးက မင်းခန္ဓာကိုယ်ထဲရောက်နေတယ်..မိုးကောင်းကင်က နတ်မင်းကြီးတို့ရေ ကယ်ကြပါဦး ဒီလိုဖြစ်တယ်ဆိုမှတော့ မင်းကငါ့ကိုဒီလျှို့၀ှက်ချက်ကိုအကြာကြီးမပြောပဲဖုံးကွယ်ထားတာပေါ့ ”
” ၀မ်သုန့် စိတ်မဆိုးနဲ့ တွေးကြည့်လိုက် အကယ်၍ မင်းသာငါဖြစ်မယ်ဆိုရင် ဒီလျှို့၀ှက်ချက်ကိုလူတိုင်းဆီလိုက်ပြောနေမှာလား ငါကိုလူတွေမယုံကြည်ကြမှာလဲ စိုးရိမ်မိတယ်…ဒါတွေအားလုံးထားလိုက်ပါဦး ငါပိုင်ဆိုင်ထားတဲ့ ၀ိညာဥ်အရိုးတွေနဲ့တင် အရမ်းတန်ဖိုးကြီးလွန်နေပြီလေ ”
၀မ်သုန့်က စိတ်ပြန်ငြိမ်သွားပါတော့တယ်။
” ငါစိတ်မဆိုးဘူး ”
” မင်းကတကယ်ဧပရယ်လနဲ့ရာသီဥတုလိုပဲ အမြဲတမ်းပြောင်းလဲချင်နေသလိုပြောင်းလဲနေတယ်…မင်းအခုရောငါ့ကိုအရူးလုပ်နေတာလား ”
” အကယ်၍ ငါမင်းကိုအရူးလုပ်နေတယ်ဆိုရင်ထင်ရင်ကော ငါဘာလုပ်နိုင်မယ်ထင်လဲ ”
၀မ်သုန့်က ပြန်ဖြေလာခဲ့တယ်။
” နောက်ဆုံးတော့လဲ မင်းနိုင်ပါတယ်လေ ”
ဟို့ယွိဟောင်လဲ နောက်ဆုံးမှာတော့ ထိုက်တန်တစ်ယောက် နှင်းလုံးလေးကို ဘာမှမလုပ်နိုင်တဲ့ ကူကယ်ရာမဲ့မှုကို ရုတ်တရက်ပြန်သတိရသွားပါတော့တယ်။
” စိတ်၀ိညာဥ်စွမ်းအားတဲ့လား ကြောက်စရာကောင်းလိုက်တာ ၀ိညာဥ်ပညာရှင်တွေက ဒီလိုမျိုးစိတ်ိညာဥ်တွေကို ပိုင်ဆိုင်တယ်လို့ ငါမသိခဲ့ဘူး…ယွိဟောင် မင်းအနေနဲ့ နောက်ထပ်အစွမ်းအစတစ်ခုကို ဖန်တီးနိုင်ဖို့ယုံကြည်ချက်ရှိလား ”
၀မ်သုန့်က မေးလိုက်ပါတယ်။
” အတွေးအခေါ်အရပြောရမယ်ဆိုရင်တော့ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နှင်းလုံးလေးလောက်တော့အန္တရာယ်များမှာမဟုတ်ဘူး…နောက်ဆုံးတော့လဲ နှင်းဧကရီရဲ့ အင်အားကအရမ်းကိုကြီးလွန်တယ်လေ ဒါ့အပြင် ကံမကောင်းတာကြောင့် ဒီလိုတွေဖြစ်ကုန်တာ အကယ်၍စိတ်၀ိညာဥ်တစ်ခုနဲ့ ပေါင်းစည်းချင်တယ်ဆိုရင် လူတစ်ယောက်ရဲ့စိတ်၀ိညာဥ်စွမ်းအားက အများကြီးပေးဆပ်ရလိမ့်မယ်…ငါတွက်ချက်သလောက်အရဆိုရင် စိတ်၀ိညာဥ်ကပိုပြီးသန်မာလာလေလေ ပေါင်းစည်းဖို့ကပိုခက်လေပဲ မင်းကြိုးစားကြည့်ချင်လား ”
၀မ်သုန့်ကတော့ စိတ်အားထက်သန်မှုအပြည့်နဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” ဒါပေါ့ မမေ့လိုက်နဲ့ ငါလဲအမြွှာသိုင်းပညာ၀ိညာဥ်ရှိတာပဲ မင်းက နှစ်ပေါင်းခုနှစ်သိန်းသက်တမ်းရှိတဲ့ နှင်းဧကရီနဲ့ပေါင်းစည်းနိုင်တယ်ဆိုရင် ငါကငါနဲ့သင့်တော်တဲ့အဆင့်နှိမ့်စိတ်၀ိညာဥ်တစ်ခုနဲ့ ပေါင်းစည်းဖို့ဘာကြောင့်မဖြစ်နိုင်ရမှာလဲ ”
” ဒါဆိုရင် ဘယ်အချိန်မှာလုပ်မယ်လို့ စိတ်ကူးထားလဲ ”
၀မ်သုန့်ကို ဟို့ယွိဟောင်မေးနေခဲ့တယ်။
” ဘယ်အချိန်လောက်ဆိုရင် မင်းကောယုံကြည်ချက်အပြည့်အ၀ရှိလောက်မလဲ ”
” ငါက စိတ်၀ိညာဥ်တစ်ခုနဲ့ပေါင်းစည်းတာကို အပြည့်အ၀တစ်ခါမှမထိန်းချုပ်ဘူးတော့ ယုံကြည်ချက်အပြည့်အ၀ရှိတာလဲ မဖြစ်နိုင်ဘူး…ငါရဲ့ဆရာမရှိတော့တာနှမြောစရာပဲ ”
သူ့ရဲ့စကားတွေ ဒီနေရာအထိရောက်လာချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်နှာက ညိုးငယ်လို့သွားပါတော့တယ်။ ၀မ်သုန့်ကတော့ သူပုခုံးကိုပုတ်ပြီ အားပေးနေခဲ့တယ်။
” ယွိဟောင် ၀မ်းမနည်းနဲ့ငါရဲ့ဘကြီးနဲ့ ဒုတိယဦးလေးပြောခဲ့တယ်မလား မင်းရဲ့ဆရာက ငြိမ်ငြိမ်ချမ်းချမ်းထွက်သွားခဲ့တာဒါ့အပြင် ဒီတိုက်ကြီးထဲမှာ ပထမဆုံးဖန်တီးမှုဖြစ်တဲ့ စိတ်၀ိညာဥ်ကိုလဲ သူချန်ထားရစ်ခဲ့တယ်လေ မင်းကသူ့ရဲ့ဒီအမွေ့အနှစ်ကို သေချာဆက်ပြီထိန်းသိမ်းသွားရမယ်…ငါ့ကိုစမ်းသပ်ပစ္စည်းအဖြစ်သုံးချင်လဲသုံး ငါစိတ်ထဲမထားဘူး ”
” မင်းအနေနဲ့ နှင်းဧကရီလိုမျိုးသန်မာတဲ့စိတ်၀ိညာဥ်တစ်ခုကို ဖန်တီးနိုင်မယ်လို့တော့ ငါမထင်ဘူး…အခြေအနေကလဲအတော်အန္တရာယ်များတယ်လေ ဒါ့အပြင် ကံကြမ္မာကြောင့်သာ မင်းနဲ့ နှင်းလုံးလေးကအတူတူဖြစ်တည်လာခဲ့တာ မင်းငါ့အတွက်ဖန်တီးပေးနိုင်တဲ့ စိတ်၀ိညာဥ်က ၀ိညာဥ်စက်ကွင်းတစ်ကွင်းစာလောက်ပဲ နေရာယူတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်မလား နောက်ဆုံးတော့လဲ မကြာခင်မှာနောက်တစ်ကြိမ်ကျင်းပတော့မဲ့ တိုက်ကြီးရဲ့ကျောင်းတော်အဆင့်တက်၀ိညာဥ်လက်ရည်ပွဲက ရောက်လာတော့မယ်…အဲ့ဒါပြီရင် ငါတို့ကြည်လင်ကောင်းကင်မျိုးနွယ်စုကို နောက်တစ်ကြိမ် ပြန်လာလိုက် ငါတို့ဆီမှာ မင်းကိုကူညီအစမ်းသပ်ခံပေးပြီ ပြီးပြည့်စုံအောင်လုပ်ပေးနိုင်မဲ့တပည့်သားတွေအများကြီးရှိတယ် ”
ဟို့ယွိဟောင်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ငါတို့တွေအရင်စောင့်ဆိုင်းကြတာပေါ့ ”
၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။
” ငါဘကြီးနဲ့ ဒုတိယဦးလေးတို့ကို ငါပြန်သွားတဲ့အချိန်ပြောလိုက်မယ်…အကယ်၍ အဆင့်တက်ဖို့ခက်ခဲနေတဲ့ တပည့်သားတွေရှိတယ်ဆိုရင် သူတို့တွေကို ၀ိညာဥ်စက်ကွင်းတွေထပ်မထည့်ဖို့ပြောထားလိုက်မယ်…ဒါပြီတော့မှ သေခါနီးဖြစ်နေတဲ့ ၀ိညာဥ်သားရဲကောင်တွေကို ရှာကြတာပေါ့ တော်တော်များက သေဆုံးကြတယ်ဆိုတာအဆင့်မတက်နိုင်တာကြောင့် သေကြတာဒီတော့ရှာရတာသိပ်ခက်မယ်မထင်ဘူး ”
၀ိညာဥ်သားရဲကောင်တွေက နှစ်ပေါင်းတစ်သိန်းသက်တမ်းရောက်ချိန်မှသာ ဒီလိုအဆင့်မတက်နိုင်တဲ့ကိစ္စကို ကြုံတွေ့ရတာမဟုတ်ပါဘူး။အဆင့်နှိမ့်သားရဲကောင်တွေအတွက်လဲ နှစ်တစ်ရာပြီးတိုင်းမှာတစ်ခါဆီကို ကြုံတွေ့ရပါတယ်။ဒီအသာအစီးက နှစ်ထောင်ချီကြာတိုင်းမှာ ပိုမိုပြီကြီးမားလာမှာပါ နှစ်တစ်သောင်းသားရဲကောင်အဖြစ်ကို ဖြည်းဖြည်းချင်းရောက်ရှိလာပြီတဲ့နောက်သာ အခက်အခဲများစွာကိုကျော်ဖြတ်ရင်း နှစ်တစ်သိန်းသားရဲကောင်အဖြစ်ကို ရောက်ရှိနိုင်ကြပါတယ်။
နှစ်တစ်သိန်းသားရဲကောင်အဆင့်ကို ရောက်သွားရင်တောင် အခက်အခဲက ပိုပြီးကြီးထွားလာခဲ့မှာပါ။ မဟုတ်ရင် သေချာပေါက် ဒီကမ္ဘာဦးအစထဲက တည်ရှိလာတဲ့ ၀ိညာဥ်သားရဲကောင်တွေအားလုံးက နှစ်တစ်သိန်းအဆင့်ကိုရောက်နေကြပါလိမ့်မယ်။
ဟို့ယွိဟောင်ကတော့ သူ့ကိုပြန်ပြောပြခဲ့တယ်။
” အကယ်၍ ငါတို့တွေသာ ၀ိညာဥ်သားရဲကောင်နဲ့ ၀ိညာဥ်ပညာရှင်တွေကြားမှာရှိတဲ့ ဒီအမှားအယွင်းကြီးကို ဖြေရှင်းဖို့နည်းလမ်းတစ်ခုရှာနိုင်ခဲ့မယ်ဆိုရင် ကောင်းမှာပဲ အပြည့်အ၀မဖြေရှင်းနိုင်ဘူးဆိုရင်တောင် ဒီအခြေအနေကို ဖယ်ရှားရဖို့အတွက် အကူအညီရမယ်လို့ယုံကြည်တယ် ”
၀မ်သုန့်က သူ့ရဲ့ခြောက်ခုမြောက်၀ိညာဥ်စက်ကွင်းကို အောင်အောင်မြင်မြင်ရပြီတော့မှ ပြန်လာခဲ့တာပါ။ ဒါကြောင့် သူတို့တွေမကြာခင်အချိန်အတွင်းမှာပဲ ကြည်လင်ကောင်းကင်မျိုးနွယ်စုကနေ ထွက်ခွာတော့မဲ့ သင်္ကေတလဲဖြစ်နေခဲ့တယ်။ နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်ကို ခွဲခွာနှုတ်ဆက်စကားဆိုပြီတဲ့နောက် သူတို့တွေတောင်အောက်ကိုပြန်ဆင်းလာခဲ့ပါပြီ။ အဲ့ဒီနောက် တောင်ဖက်အရပ်ကိုဆက်ပြီ သွားလာခဲ့ရင်း သူတို့လဲ ခွဲခွာလိုက်ကြပါတယ်။ တစ်ယောက်ကတော့ တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကိုပြန်လာပါပြီ နောက်တစ်ယောက်ကတော့ အမျက်ဒေါသကျောင်းတော်ကိုပြန်သွားခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ အရင်တစ်ခေါက်ခွဲခွာချိန်ကလောက် သူတို့တွေ စိတ်မထိခိုက်ကြတော့ပါဘူး။ နောက်ဆုံးတော့လဲ ဟို့ယွိဟောင်အမျက်ဒေါသကျောင်းတော်ကိုပြန်လာဖို့ လအနည်းငယ်သာကြာပါတော့တယ်။
အကြောင်းအရင်းတချို့ကြောင့် သူတို့ထွက်ခွာပြီချိန်မှာ ၀မ်သုန့် ထူးထူးဆန်းဆန်း လျှို့လျှို့၀ှက်၀ှက်တွေလုပ်နေတာကို ဟို့ယွိဟောင်ခံစားမိပါတယ်။ ထူးဆန်းတဲ့မျက်လုံးကြီးတွေနဲ့လဲ ကြည့်နေခဲ့သေးတယ်။ ဒါပေမယ့်လဲ သူသိပ်ပြီမတွေးပါဘူး သူက သူ့ရဲ့လျှို့၀ှက်ချက်တွေအများဆီကို ၀မ်သုန့်ဆီပြောပြီးသားပါ။ သူ့အတွက်တော့ ဒါက၀န်ထုတ်၀န်ပိုးတွေကို လွှတ်ချလိုက်တာပါပဲ။ မျိုးနွယ်စုခေါင်းဆောင်နှစ်ယောက် ပြောခဲ့တဲ့အတိုင်း နှင်းဧကရီရဲ့စိတ်၀ိညာဥ်သာရှိနေခဲ့မယ်ဆိုရင် သူကိုယ်တိုင်လဲရှင်သန်နိုင်ဖို့အတွက် အဆင်ပြေနိုင်မှာပါ။ သူသာကောင်းကောင်းကြိုးစားမယ်ဆိုရင် သူ့ရဲ့အစွမ်းအစတွေက မြန်မြန်ဆန်ဆန်တိုးတက်လာပါလိမ့်မယ်။
ဒုတိယသိုင်းပညာ၀ိညာဥ်အတွက် ၀ိညာဥ်စက်ကွင်းငါးကွင်းရပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းအားတွေကလဲ ဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပါပြီ။ ဒါ့အပြင် ကျင့်ကြံတဲ့အရှိန်နှုန်းကလဲ မြင့်တက်လာခဲ့ပါတယ်။ ၀မ်သုန့်ကို သူ့ရဲ့အဆုံးစွန်းသိုင်းပညာ၀ိညာဥ်လွှမ်းမိုးမှုကြောင့် မယှဥ်သာနိုင်ပေမဲ့လဲ နှင်းဧကရီစိတ်၀ိညာဥ်ကြောင့် တိုးတက်မှုကရှိနေဆဲပါ။
၀မ်သုန့် ထွက်ခွာသွားတဲ့နောက်ကျောပြင်ကိုကြည့်နေပြီတဲ့နောက် ဟို့ယွိဟောင်လဲ ပျံသန်းရေး၀ိညာဥ်လက်နက်ကို အသုံးပြုကာ သူကျောင်းတော်ဆီပြန်လာပါတော့တယ်။ မထွက်ခွာခင်အချိန်အတွင်းမှာ သူ့အတွက် အရေးတကြီးလုပ်စရာတစ်ခုရှိနေတယ်။ ဒီနောက်ဆုံးလပိုင်းတွေက သေချာပေါက်အရေးအကြီးဆုံးပါပဲ။
၀မ်သုန့်ကလဲ ဟို့ယွိဟောင် ပြန်ထွက်သွားတာကို ပြန်လှည့်ကြည့်နေခဲ့ပါတယ်။ သူ့ရဲ့မျက်နှာပေါ်မှာကတော့ တောက်ပတဲ့အနီရောင်အလင်းတန်းက ဖြာထွက်လို့နေတော့တယ်။ ဒီကောင်တကယ်ငတုံးပဲ။
သူပြောပြီတဲ့နောက် အိတ်လေးတစ်လုံးကို ထုတ်လာကာနျိုထန်က သူမထွက်ခွာခင်အချိန်တုန်းက ပြောခဲ့ဖူးတာတွေကို ပြန်စဥ်းစားနေခဲ့ပါတယ်။
” ၀မ်သုန့် ငါတို့နှစ်ယောက်လုံးတွေးထားတာရှိတယ်…ဟို့ယွိဟောင်က သင့်တော်တဲ့လူငယ်လေးပဲ သူက သက်တူရွယ်တူတွေအများစုထက်ကို အများကြီးပိုပြီးရင့်ကျက်နေပြီ ဒါ့အပြင် မင်းအပေါ်ထားရှိတဲ့သူ့ရဲ့ခံစားချက်တွေကလဲ စစ်မှန်တယ်…ဒါပေမယ့် မင်းတို့နှစ်ယောက်အဲ့ဒီအဆင့်အထိရောက်နိုင်မလားဆိုတာ နှစ်ယောက်ရဲ့ကံကြမ္မာအပေါ်ပဲ မူတည်နေမှာပဲ အကယ်၍ မင်းတို့နှစ်ယောက်သာ အဲ့ဒီအဆင့်ကိုရောက်ခဲ့တယ်ဆိုရင် သူ့ကိုအတိအလင်းသတင်းပေးလိုက် ငါကတော့မလုပ်နိုင်ခဲ့ဘူး..ဒါကိုမင်းရဲ့အဖေအရင်းက လုပ်ပေးထားခဲ့တာ မင်းအဖေပြောခဲ့တာကတော့ အကယ်၍ သူတို့သာအဲ့ဒီအထဲမှာပြောထားတဲ့အရာတွေကို ပြီးပြည့်စုံအောင်လုပ်နိုင်မယ်ဆိုရင်မင်းနဲ့သင့်တော်တဲ့သူအဖြစ် သတ်မှတ်နိုင်မယ်တဲ့ ”
” အဖေက ဘယ်တော့မှပြန်လာမှာလဲ ဘာဖြစ်လို့သူ့ရဲ့ရုပ်သွင်ကို ကျွန်တော်မမှတ်မိနိုင်ရတာလဲ ”
” ငါလဲသေချာမသိဘူး ဒါပေမယ့်မင်းမိသားစုတစ်ခုထူထောင်တဲ့တစ်နေ့ကျရင် မင်းမိဘတွေပြန်လာမယ်ဆိုတာသေချာတယ် ”
” ဒါဆိုကျွန်တော်စောစောစီးစီးလက်ထပ်လိုက်ရင်းကောင်းမလား ”
” လုပ်လို့မရဘူး…မင်းရဲ့တစ်ဘ၀တာပျော်ရွှင်မှုနဲ့မကစားနဲ့ ဒီအိတ်ကိုသိမ်းထား ဖွင့်ကြည့်ဖို့မကြိုးစားနဲ့ မင်းအဖေကဒါကိုသူ့စိတ်၀ိညာဥ်စွမ်းအားနဲ့ ချိတ်ပိတ်ထားခဲ့တာ ဒါကြောင့် အထဲမှာပါတဲ့အရာတွေကို မြင်နိုင်မှာမဟုတ်ဘူး ”
အပြာရောင်အိတ်ကလေးကို ခါကြည့်နေရင်း ၀မ်သုန့်သိချင်လာခံမိပါတယ်။ ဒီအိတ်လေးထဲမှာဘာတွေများရှိနေတာလဲ ဘာဖြစ်လို့ယွိဟောင်မြင်မှဖြစ်မှာလဲ အဖေကရောဘာကိုလိုချင်တာလဲ။
တွေးရင်းတွေးရင်း သူမကျေမနပ်ဖြစ်လာပါတော့တယ်။ သူ့မိဘတွေက သူ့ကိုပြန်လာပြီတစ်ခါမှမတွေ့ခဲ့ပါဘူး။ ဒါပေမယ့် အိမ်ထောင်ချဖို့ကိစ္စမှာတော့ အတော်လေးကြိုးပမ်းနေကြတယ်လား သူ့အနေနဲ့ တွေးရင်းတွေးရင်းနဲ့ စိတ်ညစ်နေခဲ့ပါပြီ။ ငါဒီအိတ်ကို ယွိဟောင်နေလနိုင်ငံကျောင်းတော်ကနေပြန်လာတဲ့အချိန်ကြရင်း ပေးနိုင်မလားဆိုတာ သိချင်လိုက်တာ ဒီထိတွေ့လိုက်ပြီတဲ့နောက်မှာတော့ သူ့ရဲ့နားရွက်တွေက နီရဲလို့လာခဲ့ပြန်ပါတယ်။
°°°
ဟို့ယွိဟောင် နေလကျောင်းတော်ကိုပြန်ရောက်မှသာ လင်းကျားယွီလဲ သက်ပြင်းချမိပါတော့တယ်။ ဟို့ယွိဟောင်ပြန်မလာပဲ အချိန်အတော်ကြာအောင် ပျောက်နေခဲ့တာကြောင့် သူအတော်လေးကို စိုးရိမ်ပူပန်းနေခဲ့ကြတာပါ။ ဟို့ယွိဟောင် ပြန်လာတာနဲ့သူချက်ချင်း ကျန်းဟုန်ချန်ဆီကို သတင်းပို့ပါတော့တယ်။
ကျန်းဟုန်ချန်ကတော့ လက်ရှိအချိန်ကျောင်းတော်ရဲ့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီ နားထောင်ဖို့အာရုံရှိမနေခဲ့ပါဘူး။ အခုလက်ရှိအချိန်မှာထီးနန်းရဖို့ပြိုင်ဆိုင်မှုက အတော်လေးကိုအရေးကြီးနေခဲ့ပါပြီ။
အိမ်ရှေ့စံမင်းသားက ဘယ်လိုပဲအသာစီးရနေပေမဲ့လဲ သူ့ရဲ့အားနည်းချက်တွေကလဲ ထင်ရှားလို့နေခဲ့တယ်။ ဒုက္ခိတတစ်ယောက်အနေနဲ့ သူကနိုင်ငံတစ်နိုင်ငံကို ဂုဏ်ပျက်ပြားစေနိုင်ပါတယ်။ သူ့ရဲ့ပြိုင်ဘက်ကင်းတွေကလဲ ဒီအချက်ကိုအမြဲတမ်းဖိနှိမ့်တိုက်ခိုက်နေခဲ့တာပါ။ ဒီအချိန်အတွင်းမှာလဲ ဧကရာဇ်ရဲ့ခန္ဓာကိုယ်အခြေအနေက ပိုပိုပြီးဆိုးရွားလို့နေခဲ့ပါပြီ။
လက်ရှိအချိန်မှာ ကျန်းဟုန်ချန်ရဲ့တစ်ခုတည်သောတောင်းဆုကတော့ ကျောင်းပြောင်းကျောင်းသားတွေမြန်မြန်ဆန်ဆန်သင်ကြားမှုပြီးမြောက်ပြီ သူတို့ကျောင်းကိုသူတို့ လုံလုံခြုံခြုံပြန်ရောက်သွားဖို့ပါပဲ။ သူလဲလှည့်ကွက်လုပ်ဖို့စိတ်ကူးမရှိပါဘူး။ အိမ်ရှေ့စံမင်းသားရဲ့ကိစ္စတွေအားလုံး အခြေချတဲ့အထိ သူစောင့်ဆိုင်းဖို့လိုအပ်နေပါသေးတယ်။ ဒါ့အပြင် သူ့ကရွေးချယ်မှုက လွယ်လွယ်ကူကူလုပ်ဆောင်ခဲ့တာမဟုတ်ပေမဲ့ နောက်ဆုံးအနိုင်ရမဲ့အချိန်မှာတော့ ဆုံးဖြတ်ချက်ချဖို့လိုလာပါလိမ့်မယ်။
နေလကျောင်းတော်ကိုပြန်လာပြီတဲ့နောက် ဟို့ယွိဟောင်လဲ ငြိမ်းချမ်းသာယာတဲ့ဘ၀ကို စတင်နေထိုင်ရပါတော့တယ်။ ဒါပေမယ့် ဒီလိုအေးချမ်းတဲ့ကာလတွေက အချိန်တွေကုန်တာမြန်ဆန်လွန်နေခဲ့တယ်။ ဟို့ယွိဟောင်ရဲ့ဆရာဖြစ်တဲ့ ရွှမ်ကျင့်၀မ်လဲ ဒီကိစ္စကြီးကိုကောင်းကောင်းသိပါတယ်။
ဟို့ယွိဟောင်က သူ့ရဲ့လေ့လာစမ်းသပ်မှုတစ်လျှောက်မှာရိုးရှင်းတဲ့၀ိညာဥ်လက်နက်တစ်ခုကိုသာ ဖန်တီးလေ့ရှိပါတယ်။ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ကရလာတဲ့ သတ္ထုအရိုင်းတွေကိုသူအသုံးပြုတာ ရှားပါးလွန်လှပါတယ်။ လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင်အနေနဲ့ ရှားပါးတဲ့သတ္ထုတွေကိုမျိုးစုံအသုံးပြုပြီး ၀ိညာဥ်လက်နက်တွေကို ဖန်တီးနေတာကိုမြင်နေခဲ့ရပါပြီ။ ဒါ့အပြင် ဆရာအကူအညီနဲ့ ရှားပါးတဲ့ပုံစံမျိုးစုံကိုလဲ တည်ဆောက်ဖို့တောင်းဆိုခဲ့ပါသေးတယ်။
၀ိညာဥ်လက်နက်တွေကို ဖန်တီးတဲ့နေရာမှာ သူ့ကိုယ်သူလုံး၀မြုပ်နှံထားခဲ့ပြီ ရိုးရှင်းတဲ့စမ်းသပ်မှုတွေကိုလဲ လုပ်ဆောင်နေပါတယ်။ ရွှမ်ကျင့်၀မ်လို ၀ိညာဥ်လက်နက်ကိုနားလည်တတ်မြောက်တဲ့သူတောင် ဟို့ယွိယောင် ဘာလုပ်လို့လုပ်နေမှန်းတောင်နားမလည်နိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင် ဖန်တီးနေတဲ့အရာက အရင်တုန်းကသူဖန်တီးခဲ့ဖူးတဲ့ ကျူးကော်နတ်လေးမြားနဲ့ အနည်းငယ်တူညီနေတာကိုသာ သတိထားမိပါတယ်။
ဒါပေမယ့် ဒီ၀ိညာဥ်လက်နက်ကတော့ အများကြီးရှုပ်ထွေးနေတာကိိုသူသိနေခဲ့တယ်။
ရွှမ်ကျင့်၀မ်တစ်ချိန်တုန်းက မေးဖူးခဲ့ပေမဲ့ ဟို့ယွိယောင်ကတော့ ပြုံးသာပြုံးပြပြီ စကားတစ်ခွန်းမှပြန်မဖြေခဲ့ပါဘူး။ ရွှမ်ကျင့်၀မ်လဲ နောက်ဆုံးမှာတော့ လက်လျှော့လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လက်ရှိအချိန်သူ့အခန်းထဲမှာသာ အောင်းနေရင်းအရေးကြီးဆုံးပါ၀င်ပစ္စည်းတွေကို ပြီးပြည့်စုံအောင်လုပ်နေတာပါ။ ရွှမ်ကျင့်၀မ်လဲ ဒီ၀ိညာဥ်လက်နက်ရဲ့အပိုပါ၀င်ပစ္စည်းတွေဖန်တီးနေတာကိုသာ ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ ဗျူဟာတချို့ကိုရေးဆွဲပေမဲ့ သူတို့ကသိပ်ပြီကိုက်ညီတဲ့ပုံမပေါ်ပါဘူး။ ရွှမ်ကျင့်၀မ်လဲ သူဟို့ယွိဟောင်ကို သင်ကြားပေးတဲ့အတွက် ဒီဗျူဟာတွေကိုကောင်းကောင်းမှတ်မိပါတယ်။
ဒီလိုနဲ့ပဲ အချိန်တွေက မြန်မြန်ဆန်ဆန်ကုန်ဆုံးလို့သွားခဲ့ပါပြီ။ ဒီလေးလကာလပတ်မှာ ဟို့ယွိဟောင်က သူ့အလုပ်ကိုသူလုပ်နေခဲ့ပြီ ဘယ်သူနဲ့မှလဲ အဆက်အသွယ်မလုပ်ခဲ့ပါဘူး။ နေ့စဥ်နေ့တိုင်း၀ိညာဥ်လက်နက်တွေကိုဖန်တီးလိုက် သုတေသနလုပ်လိုက်နဲ့သာ အလုပ်များနေခဲ့တယ်။ ဒါ့အပြင် အနားယူချိန်မှာတော့ သူတရားထိုင်ပါတယ်။ နေ့စဥ်နေ့တိုင်းစမ်းသပ်ခန်းနဲ့ သူ့ရဲ့ကျောင်းအိပ်ဆောင်ကိုသာ အသွားအလာရှိပြီ တခြားဘယ်နေရာမှလဲ မသွားခဲ့ပါဘူး။
စကားလဲမပြောသလောက်နီးပါးဖြစ်နေတဲ့အတွက် ဖန်းယွီကိုယ်တိုင်တောင်သူဖန်တီးတဲ့ကိစ္စက ကြီးကြီးမားမားဖြစ်လာတော့မယ်လို့ တွေးထင်ရမိတဲ့အခြေအနေအထိရောက်လာပါတော့တယ်။ ဒါပေမယ့် ဖန်းယွီလဲ အတင်းအကျပ်မမေးမြန်းခဲ့ပါဘူး။ ဒီနေရာက နေလကျောင်းတော်ပါ ဒါကြောင့် သူတို့တွေအမျက်ဒေါသကျောင်းတော်ကို ပြန်ရောက်မှမေးလဲနောက်မကျသေးပါဘူး။ သူ့ရဲ့ကျောင်းသားကိုသူယုံကြည်ချက်အပြည့်ရှိပါတယ်။
အပိုင်း ၂၀၁•၃ ပြီး၏။