အပိုင်း ၂၀၁•၂
” ဧကရီရဲ့ဓား ဧကရီရဲ့လက်၀ါး ဧကရီရဲ့အအေးဓာတ် ”
°°°
” ဟုတ်ကဲ့ပါ ”
ဟို့ယွိဟောင်ပြန်ဖြေလိုက်ပါတယ်။ နျိုထန်ကတော့ အနည်းငယ်မျက်လုံးပြူးသွားပြီတဲ့နောက်မှသာ ပြုံးပြရင်းပြောလာခဲ့တယ်။
” ဟုတ်ပြီလေ ဒါဆိုရင် ကိစ္စတွေကိုနားလည်ဖို့အချိန်ယူလိုက်ပါဦး ”
သူပြောပြီတာနဲ့သူလဲ ရဲတိုက်ကိုပြန်သွားခဲ့ပါပြီ။ ဂိတ်တံခါးဆီရောက်ချိန်မှာတော့ ဒီဂိတ်တံခါးကပွင့်နေတာကို သူတွေ့လိုက်ရပါတယ်။ အဲ့ဒီနောက် နျိုထန်ရဲ့ဒေါသတကြီးအော်သံကြီးကရဲတိုက်ထဲကိုရောက်ရောက်ချင်းထွက်လာခဲ့ပါပြီ။
” ထိုက်တန် ထွက်လာခဲ့စမ်း မင်းအီးပေါက်တာက အရမ်းနံလွန်တယ်…ငါမင်းကိုကောင်းကောင်းသင်ခန်းစာပေးရမယ် ”
ဟို့ယွိဟောင်ကတော့ ရယ်သာရယ်နေခဲ့ပါတယ်။ ဒီမျိုးနွယ်စုသခင်နှစ်ယောက်စလုံးက တကယ်ကိုစိတ်၀င်စားစရာကောင်းတာပါပဲ။ ဒါ့အပြင် အတော်လေးလဲ နွေးထွေးကြပါတယ်။ ဟို့ယွိဟောင်အနေနဲ့ သူ့ကိုဖြည်းဖြည်းချင်းသူ့ကိုလက်ခံလာမှန်း ခံစားနေခဲ့ရပါပြီ။ ထိုက်တန်က သူ့ကိုအခုအထိ စကားကောင်းကောင်းမပြောသေးပေမဲ့လဲ ဒီတစ်ခေါက်တိုက်ပွဲမှာဘယ်လိုတိုက်ခိုက်မှုမျိုးကိုမှ မလုပ်ခဲ့သလိုကန့်သတ်တဲ့၀ိညာဥ်စွမ်းရည်တွေကို ထုတ်မသုံးခဲ့ပါဘူး။
သူကိုယ်သူအသွင်ယူပြီတဲ့နောက် ဟို့ယွိဟောာင်ကို တိုက်ခိုက်ဖို့ညွှန်ထားခဲ့ပါတယ်။ သူကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့အနေနဲ့ ထိုက်တန်ကိုဘယ်လို၀ိညာဥ်စွမ်းရည်မျိုးမှ သုံးလို့ရမှာမဟုတ်ပါဘူး။ ငါနှင်းလုံးလေးနဲ့ပူးပေါင်းပြီ ကျင့်ကြံဆင့်ကိုတိုးတက်အောင်လုပ်မှရမယ်။
သူ့ရဲ့အခြေအနေကို သူပြန်စစ်ဆေးပြီတဲ့နောက် ကျင့်ကြံဆင့်စွမ်းအားတွေနဲ့ စတင်လိုက်ပါတော့တယ်။ ဆက်တိုက်ပေါက်ကွဲမှုတွေလုပ်ပြီတဲ့နောက်မှာတောင် သူ့ရဲ့၀ိညာဥ်စက်ကွင်းက တစ်၀က်လောက်ကျန်ရစ်နေဆဲပါ။ ဒါ့အပြင် ပြန်ပြည့်လာမှုကလဲအတော်လေးမြန်ဆန်ပါတယ်။
ကြည်လင်ကောင်းကင်တောင်ထိပ်ရဲ့အေးစက်တဲ့လေတွေက သူစုပ်ယူနိုင်ဖို့အတွက် အင်အားတစ်ခုဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူ၀ိညာဥ်စွမ်းအားတွေရဲ့ပြန်လည်ဖြည့်တင်းနိုင်တဲ့အစွမ်းအစက ပုံမှန်ထက်နှစ်ဆယ်ရာခိုင်နှုန်းထက် ပိုပြီးမြန်ဆန်လာခဲ့ပါပြီ။ ဒါကနှင်းလုံးလေးကြောင့် ဖြစ်လာတဲ့ဆိုးကျိုးတွေကြီးပါပဲ။ သူသာစိုစွတ်ပြီအေးစက်တဲ့ ပတ်၀န်းကျင်မှာရှိနေသရွေ့ ဒီလိုစွမ်းအားပြန်လည်ဖြည့်တင်းနိုင်တဲ့အစွမ်းအစက အများကြီးတိုးတက်နေမှာပါ။
ဒါ့အပြင် နှင်းမဲ့ရေခဲတောင်ကလဲ သူ့၀ိညာဥ်စွမ်းအားတွေမကုန်စေပဲ ပြန်လည်ကုသကောင်းမွန်ဖို့အတွက်တောင် အထောက်အကူပြုပေးနိုင်တာ သူ ရှာတွေ့ခဲ့ရတယ်။ ဒါ့အပြင် ဒီတိုက်ခိုက်မှုက အဆုံးစွန်းရေခဲကြားက နှင်းမှုန်အကရဲ့စွမ်းအားတွေအားလုံးကိုပဲ အသုံးချတာပါ တကယ်ကိုမယုံနိုင်တဲ့အထိ သန်မာတဲ့၀ိညာဥ်စွမ်းရည်တွေပါပဲ။ သူတို့ရဲ့စိတ်၀ိညာဥ်တွေက တိုက်ခိုက်နိုင်စွမ်းတွေကို အကူအညီပေးနိုင်ရုံတင်မကပဲ တိုက်ပွဲမှာအချိန်အကြာကြီးတောင့်ခံနိုင်ဖို့လဲ ကူညီပေးလို့နေခဲ့တယ်။
ဟို့ယွိဟောင်လဲ တောင်ထိပ်တစ်ခုမှာနေရာတစ်ခုကိုရှာပြီ တင်ပလ္လင်ခွေချိတ်ထိုင်လိုက်ပါတော့တယ်။ အဲ့ဒီနောက် လေးနက်တဲ့တရားထိုင်မှုကို စတင်ပြီ၀င်ရောက်လိုက်ပါပြီ။ နှင်းဧကရီရဲ့စွမ်းအားတွေကို သူကိုယ်ပိုင်အစွမ်းအစနဲ့ ကောင်းကောင်းပိုပေါင်းစည်းနိုင်ဖို့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာကို တွေးတောဖို့ရာကိုယ်ကိုကိုယ်အရင်ဆုံးတည်ငြိမ်အောင်လုပ်ဖို့လိုအပ်ပါတယ်။
လက်ရှိအချိန်မှာ သူသေချာတာကတော့ ကိစ္စတစ်ခုရှိပါတယ်။ အကယ်၍ စစ်မြေပြင်ကသာ မြောက်၀င်ရိုးစွန်းဖြစ်ခဲ့မယ်ဆိုရင် သိုင်းပညာ၀ိညာဥ်စစ်မှန်ခန္ဓာကိုယ်ရှိနေတဲ့ ၀ိညာဥ်သူတော်စင်တစ်ယောက်ကိုတောင်မှ နှင်းလုံးလေးရဲ့ကြီးမားတဲ့စွမ်းအားနဲ့အနိုင်ယူနိုင်မှာပါ။ ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းရှိတဲ့သူကိုတောင် ကြောက်စရာမလိုပါဘူး။
ဒီအချိန်အထိ တွေးပြီတဲ့နောက်မှာတော့ ဟို့ယွိဟောင်လဲ ဖြည်းဖြည်းချင်းဆိုသလိုတရားထိုင်တဲ့အစဥ်ကိုရောက်ရှိလို့သွားခဲ့ပါပြီ။ အခြေအနေကတော့ အတော်ကိုထူးဆန်းပါတယ် ဒါပေမယ့် လေတွေနဲ့ မြူခိုတွေအားလုံးက ဟို့ယွိဟောင်အရှေ့ကိုလွှင့်မျောလာချိန်မှာတော့ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်ရဲ့ဘေးပတ်လည်မှာတော့ လိမ္မော်ရောင်အလွှာတစ်ခုက ၀န်းရံလို့ထားခဲ့ပါတယ်။
နှင်းလုံးလေးကတော့ ဒီပတ်၀န်းကျင်အခြေအနေကို အတော်လေးသဘောကျပုံပါပဲ။ ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်မှာထိုင်ရင်းနဲ့ ဟို့ယွိဟောင်လုပ်သလိုမျိုးတင်ပလ္လင်ခွေချိတ်ပြီတော့ လာထိုင်နေခဲ့တယ်။ အဲ့ဒီနေရာမှာငြိမ်ငြိမ်လေးထိုင်နေတဲ့ပုံစံလေးက ကြွေရုပ်လေးအတိုင်းပါပဲ။ သူ့ခန္ဓာကိုယ်ပေါ်မှာတောက်ပနေတဲ့လိမ္မော်ရွှေရောင်အလင်းတန်းကြောင့်သာ မဟုတ်ဘူးဆိုရင် သူ့ကိုအရုပ်လေးလို့ပဲထင်မိကြမှာပါ။ ဟို့ယွိဟောင်ကတော့ နှစ်ရက်တိတိလေ့ကျင့်မှုမှာနစ်မြုပ်လို့နေခဲ့ပါတယ်။ နျိုထန်နဲ့ ထိုက်တန်နှစ်ယောက်ကလဲ သူ့ကိုလာမကြည့်ကြပါဘူး။ ဒီအတိုင်း သူ့ဘာသာသူနားလည်သဘောပေါက်ဖို့အချိန်ရအောင် လွှတ်ထားပေးခဲ့တယ်။ ဟို့ယွိဟောင်ကတော့ သူ့အခန်းကိုပြန်လာတာရှားပါးပါတယ်။ များသောအားဖြင့် တောင်ထိပ်မှာပဲ တိမ်ပင်လယ်ကြီးကိုကြည့်ပြီ ဆုံးပါးသွားပြီတဲ့သူဆရာကို လွမ်းဆွတ်နေရင်းဒါမျိုးလုပ်နေတတ်တယ်။ သူ့ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေကိုလဲ ကောင်းကောင်းနားလည်လာခဲ့ပါပြီ။ ဒီအခြေအနေက ၀မ်သုန့်ပြန်မလာခင်အထိ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။
” ငါပြန်လာပြီ ”
တောက်ပတဲ့အပြာရောင်နဲ့ရွှေရောင်အလင်းတန်းတွေက ကောင်းကင်မှာပေါ်လာခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ ဆင်းသက်လာနေတဲ့ ၀မ်သုန့်ကိုမြင်လိုက်ရပါပြီ။
” ဘာဖြစ်လို့ကောင်းကင်ကနေပြန်လာတာလဲ မင်းရဲ့သိုင်းပညာ၀ိညာဥ်ကိုအသုံးပြုပြီး ဒီလောက်အမြင့်ကြီးပျံနိုင်တာလား ကြည်လင်ကောင်းကင်တောင်ထိပ်ကို ဟိုမြေပြင်ကနေဆွဲယူရင်း မီတာသုံးထောင်လောက်ပြန်ရနိုင်တာမလား သော့်လော့တွေတောင်မှ လေထဲမှာအကြာကြီးမပျံနိုင်ဘူး…အကယ်၍ အဆင့်ကိုး၀ိညာဥ်လက်နက်အသုံးပြုထားတဲ့ သော့်လော့ဆိုရင်တော့ ကောင်းကောင်းပျံနိုင်ပါတယ်…ကောင်းကင်ရဲ့အမြင့်ပိုမြင့်လေလေ လေအလွှာကပိုပါးလွှားလေပဲ ၀ိညာဥ်ပညာရှင်တွေက ၀ိညာဥ်စွမ်းအားကိုအသုံးပြုပြီးအသက်ရှုဖို့လဲလုပ်ရသေးတယ်…မင်းရဲ့သိုင်းပညာ၀ိညာဥ်မှာအတောင်ပံရှိနေပေမဲ့ ဒီလောက်အမြင့်ကြီးတော့ ဘယ်လိုလုပ်ပျံလို့ရမှာလဲ ”
၀မ်သုန့်ကတော့ ရယ်သာရယ်နေခဲ့ပါတယ်။
” ဒါကကြည်လင်ကောင်းကင်မျိုးနွယ်စုရဲ့ လျှို့၀ှက်ချက်ပဲလေ မင်းသာငါတို့ထဲကတစ်ယောက်မဟုတ်ရင် ဒီလျှို့၀ှက်ချက်ကိုဘယ်ပြောလို့ရမှာလဲ ”
” အကယ်၍ ငါသာထန်မျိုးနွယ်ထဲကို မ၀င်ရသေးဘူးဆိုရင် သေချာပေါက် ကြည်လင်ကောင်းကင်မျိုးနွယ်စုထဲကို ၀င်မိမှာပဲ ဒါပေမယ့် အခုတော့မင်းရဲ့မျိုးနွယ်စုထဲကို၀င်လို့မရတော့ဘူး ”
၀မ်သုန့်ကတော့ ပြန်ဖြေလာခဲ့ပါတယ်။
” ဒီလိုဖြစ်စရာလဲမလိုဘူးလေ အနာဂတ်မှာ တခြားနည်းလမ်းတွေသုံးလို့ရသေးတယ်…ဒီကိစ္စဆက်မပြောရအောင် ငါသွားတဲ့ရက်တွေမှာ မင်းငါကိုလွမ်းနေရဲ့လား ”
” ဘာလို့ငါကမင်းကိုလွမ်းရမှာလဲ မင်းကကောင်မလေးတောင်မဟုတ်ဘူးလေ အကယ်၍ မင်းသာမင်းအစ်မကို ငါနဲ့မိတ်ဆက်ပေးမယ်ဆိုရင် ငါသူ့ကိုမင်းအစားလွမ်းပေးမှာပေါ့ ”
” တကယ်ပဲ မင်းကတော့လေ မိတ်ဆွေသူငယ်ချင်းထက်ဆိုင်ရင် နှာဘူးထဖို့ပဲတွေးနေတယ် ”
” အဲ့ဒီတော့ဘာဖြစ်လဲ ဒီခရီးစဥ်ကနေ မင်းဘာအကျိုးအမြတ်ရလာသေးလဲ ”
၀မ်သုန့်က သူ့ရဲ့ညာလက်ညိုးနဲ့ လက်ခလယ်ကိုပူးပြီထောင်လိုက်ရင်း ပြောလာခဲ့တယ်။
” အခြေချပြီးပြီ ”
” ဘာ၀ိညာဥ်စွမ်းရည်မလို့လဲ ”
” လျှို့၀ှက်ချက်ပဲလေ မင်းက နေလနိုင်ငံတော်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကိုရောက်ရင်း သိလာလိမ့်မယ်..အရမ်းကိုသန်မာတယ်ဆိုတာတစ်ခုပဲသိထားလိုက် ”
ဟို့ယွိဟောာင်ကတော့ ထူးထူးဆန်းဆန်းရယ်မောရင်းနဲ့ ပြန်ပြောလာခဲ့တယ်။
” ကောင်းပြီလေ မင်းငါ့ကိုမပြောလဲ ကိစ္စမရှိဘူး ငါမှာလဲလျှို့၀ှက်ချက်ရှိတယ်…ဒါပေမယ့် ငါနားထောင်ဖို့စိတ်၀င်စားလားဆိုတာ ငါသေချာမသိဘူး ”
” ဘာလျှို့၀ှက်ချက်များလဲ ”
၀မ်သုန့်ကတော့ စပ်စုလိုချင်စိတ်အပြည့်နဲ့ကြည့်လာခဲ့ပါတယ်။ ဟို့ယွိဟောင်ကတော့ သူလေသံအတိုင်းသာပြောလာခဲ့တယ်။
” နေလနိုင်ငံတော် တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ကို ပြန်ရောက်ရင်မင်းသိလာမှာပါ အရမ်းကိုသန်မာတယ်ဆိုတာကိုပဲ သိထားလိုက် ”
” မင်းကတော့လား ”
၀မ်သုန့် ဒေါသတကြီးနဲ့ထအော်ပါတော့တယ်။
” ငါက နေလနိုင်ငံတော် တော်၀င်လက်နက်အတတ်ပညာရှင်ကျောင်းတော်အထိလာပြီ မင်းကိုရှာရတယ်..ဒီခရီးလမ်းကလွယ်တယ်များထင်နေတာလား အဲ့ဒါကို မင်းကလာပြီငါ့ကိုလှည့်စားနေသေးတယ်…မင်းလူမှဟုတ်သေးရဲ့လား ”
ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ခါးထောက်နေရင်းနဲ့ ရန်တွေ့လာတာကိုကြည့်ပြီရယ်ချင်လာပါတော့တယ်။
” ကောင်းပြီ ကောင်းပြီ ငါမင်းကိုပြမယ်…နှင်းလုံးလေးထွက်လာခဲ့ ”
အခုအချိန်မှာ လိမ္မော်ရောင်အလင်းတန်းက ရုတ်တရက်ပျံထွက်လာခဲ့ပါပြီ။ နှင်းလုံးလေး ပျံသန်းလာပြီတဲ့နောက် သူမရဲ့အဖြူရောင်၀တ်ရုံက စတင်ပြီလှုပ်ရှားလာပါတော့တယ်။ သူက ၀မ်သုန့်ကိုမျက်နှာချင်ဆိုင်လိုက်ရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကြားတည့်တည့်မှာရပ်နေခဲ့တာပါ။
နှင်းလုံးလေးပေါ်လာချိန်မှာတော့ ၀မ်သုန့်က မျက်လုံးပြူးသွားပါတော့တယ်။ ၀မ်သုန့်လဲ ဒီကလေးလေးကိုကြည့်ရင်း အကြည့်ကချက်ချင်းနူးညံ့လို့သွားခဲ့ပါတယ်။
” ချစ်စရာကောင်းလှချေလား ဒါလေးကဘာလေးလဲ ”
၀မ်သုန့်လဲ ပြောပြီတဲ့နောက် လက်ကိုဆန့်ထုတ်လိုက်ရင်း သူမကိုထိတွေ့ဖို့လုပ်ပါတော့တယ်။
” မလုပ်နဲ့ ”
ဟို့ယွိဟောင်သူ့ကိုသတိပေးလိုက်ပါတယ်။ ထိုက်တန် ခဏခဏရေခဲခံရတာကို ကြုံတွေ့ပြီတဲ့နောက် နှင်းလုံးလေး ၀မ်သုန့်ကိုထိခိုက်အောင်လုပ်မှာသူစိုးရိမ်နေခဲ့မိပါတယ်။ နှင်းလုံးလေးက ကြည့်ရတာချစ်စရာကောင်းပေမဲ့အတော်ကိုအန္တရာယ်များတဲ့သူပါ။ သူမရဲ့၀ိညာဥ်စွမ်းရည်တွေကို ဟို့ယွိဟောင်နဲ့အတူတူမသုံးဖူးဆိုရင်တောင် သူမက ၀ိညာဥ်ဘုရင်တစ်ယောက်ရဲ့အစွမ်းအစကို ပိုင်ဆိုင်လို့ထားပါတယ်။ ဒါ့အပြင် အဆုံးစွန်းရေခဲစွမ်းအားရှိတဲ့ ၀ိညာဥ်ဘုရင်အဆင့်ကိုရောက်နေတာပါ။ ဒါပေမယ့် နှင်းလုံးလေးက ၀မ်သုန့်ကိုလုံး၀ဘာမှမလုပ်ခဲ့ပါဘူး။ ဒီအတိုင်း သူမျက်နှာအိအိလေးကိုသာပေးပြီထိတွေ့ထားခဲ့ပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်ရဲ့ လက်မောင်းတစ်လျှောက်အတိုင်း တွားတက်လို့သွားခဲ့ပြီ ၀မ်သုန့်ရဲ့လက်ပေါ်ကိုရောက်သွားတော့တယ်။
၀မ်သုန့်ရဲ့စိတ်နှလုံးကို အရယူနိုင်ဖို့အတွက် အချိန်တစ်စက္ကန့်သာကြာမြင့်ခဲ့ပါတယ်။ ၀မ်သုန့်ကတော့ အရှေ့မှာရှိနေခဲ့တဲ့ကလေးမလေးကိုကြည့်ရင်း မျက်လုံးထဲကအလင်းတန်းတွေတောင် ထွက်နေခဲ့ပါပြီ။
” ချစ်စရာကောင်းလိုက်တာ အသားအရေးလေးက ချောမွေ့နေတာပဲ ထိရတာအိနေလိုက်တာ ငါကိုနမ်းပါဦး ”
သူပြောပြီတဲ့နောက် နှင်းလုံးလေးရဲ့ပါးကိုနမ်းလိုက်ပါတော့တယ်။ နှင်းလုံးလေးကတော့ ရယ်မောရင်းနဲ့ မခုခံခဲ့ပါဘူး။ အဲ့ဒါတက်မကသေးပဲ သူကိုပါပြန်နမ်းနေခဲ့ပါတယ်။ ၀မ်သုန့်ကတော့ သူခေါင်းကိုလှည့်ပေးရင်းနဲ့ ပါးကိုထိုးပေးထားခဲ့တယ်။
” နှုတ်ခမ်းကိုနမ်းလို့မရဘူး အမျိုးသားနဲ့ အမျိုးသမီးတွေဆိုတာ ဒီလိုအနီးကပ်ထိတွေ့လို့မရဘူး ”
ဟို့ယွိဟောင်ကတော့ ထအော်ပါတော့တယ်။
” မင်းသူ့ကိုမပြောခင် ကိုယ်ကိုကိုယ်အရင်ပြန်ထိန်းဦး ဘာတွေဖြစ်နေတာလဲ နှင်းလုံးလေး မင်းအသက်ကလေးက ဒီလောက်ငယ်ငယ်လေးပဲရှိသေးတာတောင် ဒီလိုချောမောခန့်ညားတဲ့လူတွေကို မျက်စိကျနေပြီလား ဒီဖေဖေကြီးကိုတောင်မလိုချင်တော့ဘူးပေါ့ ”
” ဖေဖေကြီး မင်းကသူ့အဖေလား ”
၀မ်သုန့် မျက်လုံးအပြူးသားနဲ့ ထူးထူးဆန်းဆန်းကြီး မျက်စောင်းထိုးပါတော့တယ်။ အကယ်၍ အဲ့ဒီအကြည့်ကို ဖော်ပြရမယ်ဆိုရင် ကြောက်စရာကောင်းပြီ ကျားရဲတစ်ကောင်နဲ့တူတယ်လို့ ပြောရမှာပါ။
” ဘာတွေလာဒေါသထွက်နေတာလဲ ဒါသူငါ့ကိုခေါ်တဲ့အတိုင်း ပြောပြတာလေ နှင်းလုံးလေး ပြန်လာခဲ့ ”
ဟို့ယွိဟောင်ကတော့ အနည်းငယ်မနာလိုဖြစ်နေခဲ့ပါပြီ။ နှင်းလုံးလေးနဲ့ ၀မ်သုန့်တို့အရမ်းကြီးရင်းနှီးနေကြတာကို ကြည့်ရုံနဲ့တင် သူမကျေမနပ်ဖြစ်လာပါတော့တယ်။
၀မ်သုန့်ကလဲ အေးအေးဆေးဆေး အသာတကြည်လွှတ်ပြီ နှင်းလုံးလေးကို ပျံသန်းခွင့်ပြုလိုက်ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်အရှေ့ကိုရောက်လာခဲ့ရင်း သူဒေါသတကြီးနဲ့စိုက်ကြည့်နေတော့တယ်။
” မင်းဘယ်တုန်းက သမီးမွေးလိုက်တာလဲ ငါ့ကိုပြောစမ်း ”
” ၀မ်သုန့် မင်းဦးနှောက်မကောင်းတော့ဘူးလား ဘာတွေဖြစ်နေတာလဲ ”
” ပြောစမ်း ကျွီးကျင့်ကြောင့်လား မင်းက ငါနဲ့ ငါအစ်မကိုတကယ်စိတ်ပျက်စေတာပဲ ”
” မင်းဘာတွေလျှောက်ပြောနေတာလဲ အဲ့ဒါအစ်မကော ကျွီးကျင့်ကော ဘာဆိုင်လဲ သူငါ့ကိုခေါ်တဲ့အတိုင်းပြောပြတာလို့ ပြောပြီသားပဲလေ သူငါ့ကိုဘယ်လိုခေါ်လဲဆိုတာမင်းမကြားဘူးလား ”
” နှင်းလုံးလေးလား ”
၀မ်သုန့် မျက်လုံးပြူးသွားခဲ့ပါတယ်။ ဟို့ယွိဟောင်လဲ ဒီပြဿနာတစ်ခုကိုနားလည်လို့သွားခဲ့ပါပြီ။ သူ့အနေနဲ့မျိုးနွယ်သခင်တွေကို ရိုးရိုးသားသားပြောပြီးပြီဖြစ်ပေမဲ့ ၀မ်သုန့်ကိုမပြောရသေးတဲ့ကိစ္စတွေကတော့ အများကြီးပါပဲ။ ဒါကြောင့် အခုလက်ရှိအချိန်မှာတောင်းပန်လိုစိတ်က၀င်လာပါတော့တယ်။
” ငါမင်းကိုပြောစရာကိစ္စတွေ အများကြီးရှိသေးတယ် ”
၀မ်သုန့်ရဲ့မျက်နှာကတော့ ဖြူဖျော့နေခဲ့ပါပြီ။ နောက်ကိုခြေလှမ်းနှစ်လှမ်းတိတိဆုတ်သွားခဲ့ပါတယ်။
” ငါမင်းပြောတာကို မကြားချင်ဘူး မပြောသေးနဲ့ဦး ”
သူပြောပြီတဲ့နောက် ကြည်လင်ကောင်းကင်ရဲတိုက်ထဲကို ပြေးသွားပါတော့တယ်။ ဟို့ယွိဟောင်ကတော့ အဲ့ဒီနေရာမှာကြောင်အပြီကျန်ရစ်နေဆဲပါ။ ၀မ်သုန့်က ပုံမှန်မဟုတ်ပဲဘာကြောင့်ဖြစ်နေရတာလဲ သူ၀မ်သုန့်ကို ဒီအတိုင်းထွက်ပြေးခွင့်မပြုပဲ လိုက်ဖမ်းရပါတော့တယ်။ နှင်းလုံးလေးကတော့ သူကိုကူညီပါတယ်။ အရှေ့တည့်တည့်ကို လက်ညိုးထိုးလိုက်ချိန်မှာတော့ အပြာရင့်ရင့်အလင်းတန်းက တောက်ပလာခဲ့ပါပြီ။ ချက်ချင်းဆိုသလို ရဲတိုက်တံခါးကပိတ်သွားပါတော့တယ်။
၀မ်သုန့်ကတော့ တစ်စုံတစ်ရာကိုနားလည်သွားပုံပါပဲ။ သူရပ်တန့်ရင်းနဲ့ ဟို့ယွိဟောင်ရော နှင်းလုံးလေးကိုပါကြည့်ကာပြောလာခဲ့တယ်။
” ကောင်းပြီ ပြောပြတော့ ”
ဟို့ယွိဟောင်လဲ ချက်ချင်းအပြေးသွားရင်းနဲ့ နှင်းဧကရီနဲ့ သူ့ကြားမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ရှင်းပြပါတော့တယ်။ ဒါ့အပြင် သူ့ဆရာအကြောင်းကိုလဲ ပြောပြလိုက်တယ်။ အခုလက်ရှိအချိန်မှာတော့ မြောက်၀င်ရိုးစွန်းမှာရေခဲဧကရီနဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့အကြောင်းကိုပါ ပြောပြပါတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ပတ်သက်တဲ့လျှို့၀ှက်ချက်တစ်ခုကိုသာ သူ မပြောပြတော့တာပဲ ရှိတော့တာပါ။
အပိုင်း ၂၀၁•၂ ပြီး၏။