Chapter – 11.4 ” အားအနည်းဆုံး ကျောင်း အတန်းခေါင်းဆောင် ”
°°°
အော်သံတစ်သံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပါတော့တယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ရဲ့ မျက်စိရှေ့မှာ ရှိနေတဲ့ ဖြူဖွေးတဲ့မြင်ကွင်းကလဲ အပြာရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါပြီ။
ကြီးမားတဲ့ အတောင်ပံတစ်စုံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ရင်း ရွှေရောင်အလင်းတန်းတွေလဲ တောက်ပလို့လာပါတော့တယ်။ မိုးပြာရောင်အတောင်ပံက ရုတ်တရက်ဆိုသလို အပြာနဲ့ခရမ်းရောင် ရောယှက်ထားတဲ့ အရောင်အဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီး စွမ်းအင်တွေက သူ့ကို ၀ါးမြိုချင်တဲ့အတိုင်း လှုပ်ရှားလာတော့တယ်။ ကံကောင်းစွာနဲ့ပဲ အဲ့ဒီ၀ိညာဥ်လှိုင်းတွေက အဆုံးသတ်မှာ ရပ်တန့်လို့သွားခဲ့ပါတယ်။
” နင်ဘာလုပ်တာလဲ ဘာဖြစ်လို့ တံခါးမခေါက်တာလဲ ”
၀မ်သုန့်ရဲ့ဒေါသတကြီးအသံက ထွက်ပေါ်လို့လာပါတော့တယ်။ အပြာရောင်အလင်းတန်း ပျောက်ကွယ်လို့သွားချိန်မှာတော့ ၀မ်သုန့်က အ၀တ်အစားတွေအကုန် ပြန်၀တ်သွားပြီးပါပြီ။ သူက ရုတ်တရက်ဆိုသလို ပြေး၀င်လို့လာခဲ့တာကြောင့် ဟို့ယွိဟောင်ကို တိုက်ခိုက်မိမလို ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က ဒီလိုတိုက်ခိုက်ခံရတာ သူ့ရဲ့အမှားတော့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူလဲလက်ရှိအချိန်မှာ ဘောင်းဘီတိုလေးကိုသာ ၀တ်ထားပြီ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကလဲ ဗလာဟင်လင်ဖြစ်နေခဲ့လို့ပါပဲ။ ၀မ်သုန့်ရဲ့ အသားအရေးနဲ့ ယှဥ်လိုက်မယ်ဆိုရင် သူ့ရဲ့အသားအရေးက ကြေးညိုရောင်တောက်ပလို့နေခဲ့ပါတယ်။
” အပြင်မှာ တစ်ယောက်ယောက်က ငါ့ကို လာခေါ်လို့ ငါအလျင်လိုနေတာနဲ့ အမြန်၀င်လာမိတာ တောင်းပန်ပါတယ် ”
ဟို့ယွိဟောင် ဘာကြောင့်မှန်းမသိပဲ သူနှလုံးခုန်သံတွေ အရမ်းကို မြန်ဆန်းနေတာကြောင့် သတိထားမိပါတော့တယ်။ ဒါကြောင့် အိပ်ယာဘေးကို အမြန်ပြေးသွားရင်း သန့်ရှင်းစင်ကြယ်နေတဲ့ ကျောင်း၀တ်စုံကို ယူ၀တ်ပြီ ခပ်မြန်မြန် ပြန်ပြေးထွက်သွားတော့တယ်။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ကို မတားပဲရပ်နေဆဲပါ။ ဟို့ယွိဟောင်တံခါးပိတ်ပြီအချိန်မှသာ သူအသိပြန်၀င်လာပါတော့တယ်။ သူ့မျက်နှာနှစ်ဖက်စလုံးက နီရဲလို့နေခဲ့ပါပြီ။ သူလဲ ဘာလုပ်လို့လုပ်ရမှန်းတောင် မသိတော့ပါဘူး။
သူအခန်းအပြင်ကို အမြန်ထွက်လာပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့စိတ်က ပြန်လည်တည်ငြိမ်လို့သွားပါတော့တယ်။ ဒါပေမယ့် ဖြူဖွေးနေတဲ့ မြင်ကွင်းကတော့ သူ့မျက်လုံးထဲမှာ မြင်ယောင်နေဆဲပါပဲ။ အထူးသဖြင့် အဲ့ဒီတင်ပါးတွေက သူ့စိတ်ထဲကို အတော်လေး ၀င်ရောက်လို့နေခဲ့တယ်။
ငါဘာတွေတွေးနေတာလဲ ဟို့ယွိဟောင် သူ့ဘာသာသူ ပြန်ပြီး ထိန်းချုပ်လိုက်ရပါတယ်။ အဲ့ဒီနောက် ထူးဆန်းကောင်းကင်နည်းလမ်းကိုသာ စတင်ပြီ ကျင့်ကြံတော့တယ်။ ရုတ်တရက်ဆိုသလို သူ့နားရွက်က နာကျင်လို့သွားတာကြောင့် အော်လိုက်မိပါပြီ။
” ဘယ်လိုငိုရမလဲမသိသေးဘူးမဟုတ်လား ငါနင့်ကို ဒီမှာစောင့်နေရတာ အတော်ကြာလှနေပြီ ”
ထန်ယာ့ရဲ့အသံက ထွက်ပေါ်လာခဲ့ပါတယ်။
” ဆရာရှောင်ယာ့ ကျေးဇူးပြုပြီ လွှတ်ပေးပါဦး ကျွန်တော်တို့အစောပိုင်းတုန်းကပဲ ကိုယ်ခန္ဓာကိုယ်အတန်းကို တက်လာရတာကြောင့် တစ်ကိုယ်လုံးချွေးတွေ ရွှဲနစ်နေတာ ဒါကြောင့် အခန်းကိုမပြန်ခင် အရင်ဆုံးသန့်ရှင်းနေရတာပဲ ”
ဒီအချိန်မှသာ ထန်ယာ့က လွှတ်ပေးလိုက်ပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ ဖြူဖျော့နေတဲ့မျက်နှာကို ကြည့်ရင်း သူမျက်မှောင်ကြုတ်သွားတယ်။
“‘အဲ့ဒီအပေါက်ဆိုးဆိုးအဘွားကြီး ကျိုးယိက ကလေးတွေကို ခက်ခဲအောင် လုပ်နေပြန်ပြီလား သေချာပေါက် သတိထားရမယ်…သူက သံမျက်နှာဖုံးနဲ့ အမျိုးသမီးလို့ အမြဲတမ်းကျော်ကြားနေတာ အကယ်၍ မသေဘူးဆိုရင်တောင် သူ့ကို အပြစ်ပြုမိလို့ကတော့ အရေးပြားတစ်လွှာ ကျွတ်သွားရမယ်တဲ့ ဘယ်လိုလဲ အခုခန္ဓာကိုယ်အခြေအနေ ကောင်းနေသေးတယ်ဆိုတော့ သိပ်ပြီးမဆိုးပါဘူး…မနက်ဖြန်မှ ပြောကြမလား ”
” ဆရာရှောင်ယာ့ ကျွန်တော်အဆင်ပြေတယ် သွားကြစို့ ”
ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။
ဒီနေ့ခန္ဓာကိုယ်လေ့ကျင့်သင်ကြားမှုက သူလိုအပ်နေတဲ့ အစာအာဟာရတွေအကြောင်းကို သူပြန်ပြီး နားလည်သဘောပေါက်လို့ သွားစေခဲ့တယ်။ ဒါ့အပြင် ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ နွေးထွေးမှုက ပျောက်ကွယ်လို့သွားခဲ့တာကြောင့် အခုအချိန်မှာ သူအတော်လေးကို ဗိုက်ဆာနေခဲ့ပါပြီ။ အကယ်၍ သူ့မှာသာ ပိုက်ဆံမရှိဘူးဆိုရင် အစာစားဖို့ဘာ၀ယ်ရမှာလဲ။
ထန်ယာ့ကတော့ ရယ်မောရင်းနဲ့ ပြောလာခဲ့တယ်။
” ဒါဆိုရင်လဲ ငါးအကောင်နှစ်ဆယ်ကို သွားကင်တော့ ပြင်ဆင်ထားပေးပြီးပြီ သိပ်ပြီးအချိန်ယူမှတော့ မဟုတ်ဘူးလေ ဒါပေမယ့် ကျောင်းတော်အတွက် အလုပ်လုပ်ရတာထက်တော့ ပိုကောင်းမှာပါ ”
“‘ဆရာရှောင်ယာ့ ဒါဆိုရင် ကျွန်တော်တို့ဘယ်မှာ သွားရောင်းမလဲ “‘
ထန်ယာ့က ဒီအကြောင်းကို တွေးပြီသားပါ။
” ကျောင်း၀င်ပေါက်မှာ သွားရောင်းမယ်လေ ကျောင်းတော်ရဲ့ ၀င်ပေါက်က မြို့တော်ရဲ့အရှေ့ဂိတ်တံခါးမှာ ရှိနေတာပဲ အဲ့ဒီအနားမှာ လူတွေအများကြီးရှိရုံတင်မကဘူး စျေးသည်တွေလဲရှိတယ်…ဒါပေမယ့် ကျောင်းတော်ရဲ့ ဘယ်ကျောင်းတော်သားကမှ အဲ့ဒီမှာသွားပြီ စီးပွားရေးမလုပ်ဘူး…နင်ရဲ့ ငါးကင်တဲ့အရည်အချင်းနဲ့ဆိုရင် အဲ့ဒီကို သွားလို့ကတော့ ရောင်းမထွက်မှာ ဘာမှစိုးရိမ်စရာဘူး…မရောင်းနိုင်ဘူးဆိုရင်လဲ ကိုယ့်ဘာသာကိုယ် စားပြစ်လိုက်တာပေါ့
ဟို့ယွိဟောင်လဲ ထန်ယာ့နောက်ကို လိုက်လာခဲ့ပါတယ်။ အပြင်ဘက်ကို ရောက်ရှိသွားချိန်မှာပဲ ဟို့ယွိဟောင် လန့်သွားခဲ့ရတယ်။ ဒီနေမှာ ကျောင်းသားအတန်းကြီးမရှိတော့ပဲ ကျယ်ပြန့်တဲ့နယ်မြေတွေနဲ့ ရောင်းချနေတဲ့ စျေးသည်တွေသာ ရှိပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့ ကုန်ပစ္စည်းတွေကလဲ ကျောက်မျက်ရတနာလိုမျိုး တောက်ပလို့နေခဲ့တယ်။ ဒီလိုကုန်ပစ္စည်းတွေတင်မကပဲနဲ့ များပြားတဲ့ အစားအသောက်တွေကိုပါ သူတို့က ရောင်းချနေပါသေးတယ်။ ဒါ့အပြင် ဆက်တိုက်ဆိုသလို လှုပ်ရှားနေကြတဲ့ အသံတွေကလဲ ဘယ်တော့မှမရပ်တန့်ခဲ့ပါဘူး။ သူတို့တွေ ဒီနေရာမှာကျောင်းသားတွေကို စျေးရောင်းရင်းနဲ့ အသက်မွေး၀မ်းကြောင်း ပြုနေတယ်ဆိုတာ အသိအသာကြီးပါပဲ။
ထန်ယာ့ကတော့ စိတ်မရှည်လက်မရှည် ဖြစ်လာခဲ့ပါပြီ။ ဒီနေရာက မြို့ဂိတ်တံခါးနဲ့လဲ သိပ်မဝေးကွာခဲ့တာကြောင့် သူမ ပြင်ဆင်ထားတဲ့ အရာတွေကို ထုတ်ယူလာပါတော့တယ်။ ဒါ့အပြင် လမ်းမကြီးပေါ်မှာတောင် သူမက တက်ရောင်းဖို့ပြင်နေခဲ့တာပါ။ ငါးကင်ဖို့အတွက် သတ္ထုပြားတွေနဲ့ မီးဖိုတွေကို သူအရင်ဆုံးပြင်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ငါးတွေကို သူထုတ်ယူလာတယ်။ ငါးကင်တွေကတော့ အရမ်းကို သန့်စင်ရှင်းလင်းပြီနေပါပြီ။ ဒါ့အပြင် ပစ္စည်းတွေကို နေရာချဖို့အတွက်လဲ စာပွဲတစ်လုံးကိုပါ ယူလာခဲ့ပါသေးတယ်။
ဟို့ယွိဟောင်လဲ ကင်ဖို့အတွက် နေရာတွေကို ကူညီပြင်ဆင်ပေးနေတုန်း စိတ်ထဲမှာတော့ ရယ်ချင်နေခဲ့မိတယ်။ ဆရာရှောင်ယာ့က အစားအသောက်ကို အတော်လေး မက်မက်မောမော စားသောက်ပြီး ခံနိုင်ရည်စွမ်းနည်းတယ်ဆိုတာ အသိသာကြီးပါပဲ။
ထန်ယာ့က မီးသွေးကိုယူလာရင်း မြေပြင်ပေါ်ချပြီ ပြောလာခဲ့ပါတယ်။
” ကောင်းပြီ ငါအလုပ်ပြီးပြီ ကျန်တာ နင်ပဲဆက်လုပ်လိုက်တော့ စားဖို့သောက်ဖို့ ပြင်ဆင်ဖို့ ပစ္စည်းတစ်ချို့ ၀ယ်လိုက်ဦးမယ်…မှတ်ထားနော် ဒီထဲကငါးကင်နှစ်ကောင်ကို ငါ၀ယ်မှာ…သူတို့ကို တစ်ကင်ကြေးပြားငါးပြားနဲ့ရောင်း အနာဂတ်မှာ တခြားပစ္စည်းတွေကို ထပ်၀ယ်ချင်တယ်ဆိုရင် ထမင်းစားဆောင်က ဒေါ်လေးလင်းကို သွားရှာလိုက် ”
သူပြောပြီတဲ့နောက် ပျော်ပျော်ကြီး ပြေးထွက်လို့သွားပါတော့တယ်။
ဟို့ယွိဟောင်လဲ ပြင်ဆင်ထားတဲ့ ပစ္စည်းတွေကို သေချာစစ်ဆေးနေခဲ့တယ်။ ဒီပစ္စည်းတွေရဲ့ အရေအတွက်က တကယ်ကို များပြားတာပါ။ ထန်ယာ့က အတော်ကို စဥ်းစားတတ်တယ်လို့ ပြောရမယ်။ သူ့အတွက်တောင် ခရမ်းရောင်ပင်စိမ်းပင်တွေ ၀ယ်လာပါသေးတယ်။ ဟို့ယွိယောင်လဲ ခရမ်းရောင်ပင်စိမ်းတွေကို သေးသေးလေးတွေဖြစ်အောင် ဆွဲဖြဲလို့နေခဲ့ရင်း တခြားပါ၀င်ပစ္စည်းတွေနဲ့ ပေါင်းပြီး မွှေပါတော့တယ်။ အဲ့ဒီနောက် ပါ၀င်ပစ္စည်းတွေ အဆင့်သင့်ဖြစ်ချိန်မှာ ငါးရဲ့ဗိုက်ထဲကို အစာသွပ်ပြီ ၀ါးတုတ်တစ်ချောင်းမှာ သီလိုက်ရင်း တစ်ကောင်ပြီးတစ်ကောင် ကင်ပါတော့တယ်။
ဒီနေ့ ခန္ဓာကိုယ်အတန်းက သူ့ကို အများကြီး နားလည်သွားစေခဲ့တယ်။ ဒါကြောင့် သူလဲ ပြန်ပြီး ကျင့်ကြံဖို့အတွက် အတော်လေးကို စိတ်လှုပ်ရှားနေခဲ့ပါပြီ။ ဒီနေရာမှာ အချိန်အကြာကြီး သိပ်မဖြုန်းချင်ပါဘူး။
မီးညှိရတာက သူ့အတွက်တော့ သိပ်ပြီးလွယ်ကူတဲ့အရာပါ။ ဒါက ခဏတာကြာပြီချိန်မှာပဲ မီးတောက်တွေက ရဲရဲနီလာပါတော့တယ်။ သူကင်မဲ့နေရာက အတော်ကြီးကို ကြီးမားတာကြောင့် ငါးလေးကောင်ကို တစ်ပြိုင်နက်ထဲ ကင်လို့ရတယ်။
ဟို့ယွိဟောင်ရဲ့ ငါးကင်တဲ့ အရည်အချင်းက လုံး၀ကို ပြိုင်ဘက်ကင်းပါပဲ။ သူစပြီငါးကင်ကင်ချင်မှာပဲ မွှေးပျံ့တဲ့အနံ့က စတင် ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါက တခြားကြော်ငြာတွေထက်တောင် အများကြီးပိုကောင်းပါသေးတယ်။ ကျောင်းထဲမှာ ရှိနေတဲ့ ကျောင်းသားတွေတင်မက ပတ်၀န်းကျင်ကစျေးသည်တွေတောင်မှ သူ့ဆီကို လှမ်းကြည့်လို့နေခဲ့ကြတယ်။
အ၀ါရောင်ကျောင်း၀တ်စုံကို ၀တ်ထားခဲ့တဲ့ အမျိုးသားကျောင်းတော်သားတစ်ယောက်က သူ့အနားကို လျှောက်လာရင်း မေးလာခဲ့ပါတယ်။
“‘ညီငယ်လေး ဒီငါးကင်ကို ဘယ်လောက်နဲ့ ရောင်းမှာလဲ ”
” တစ်ကင်ကို ကြေးပြားငါးပြားပါအစ်ကိုကြီး ”
ကျောင်းသားက ဒဲ့တိုးသာပြောပါတယ်။
” အနံ့အတော်ကောင်းတယ် တစ်ကင်လောက် ”
သူချက်ချင်းဆိုသလို ကြေးပြားငါးပြားကို ပေးလိုက်ပါတယ်။
ဟို့ယွိဟောင်လဲ ပထမဆုံးအနေနဲ့ အရောင်းအ၀ယ် အောင်မြင်သွားပါပြီ။ စိတ်လဲအတော်လေး လှုပ်ရှားနေပါတော့တယ်။ ကြေးပြားတွေကို လက်ခံပြီတဲ့နောက် ငါးကို ပိုပြီးအာရုံစိုက်ရင်း ကင်ပါတော့တယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းအားတစ်ချို့ကို အသုံးချပြီး စိတ်၀ိညာဥ်ထောက်လှမ်းရှာဖွေမှုနဲ့ အပူကိုလဲ ထိန်းချုပ်နေပါသေးတယ်။
ပထမဆုံးသူရောင်းပြီတဲ့နောက် နောက်ထပ်လူတွေလဲ ထပ်ရောက်လို့လာခဲ့ပါတယ်။ ဟို့ယွိဟောင် ဒီနေရာမှာ ရောင်းတာပထမဆုံးအကြိမ်ပါပဲ။ သူ့ရဲ့ ငါးကင်အနံ့ကလဲ အတော်ကို ကောင်းပေမဲ့ ဘယ်လိုအရသာရှိနေမလဲ ဘယ်သူမှမသိပါဘူး။ ဒါ့အပြင် ရောက်လာသူတော်တော်များများကတော့ ကျောင်းသားတွေကြီးပါပဲ။
ဟို့ယွိဟောင်က အ၀ါရောင်၀တ်ထားတဲ့ ကျောင်းတော်သားဆီ ငါးကင်ပေးပြီတဲ့နောက် အားလုံးက သူ့ကို မျှော်လင့်တကြီးနဲ့ ကြည့်နေခဲ့ကြပါတယ်။
အပိုင်း ၁၁•၄ ပြီး၏။