Switch Mode

Chapter – 2

လျှို့ဝှက် ဆန်းကြယ်သော အမျိုးသမီး

အခန်း(၂) လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး

ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များက ဆူဇီမိုအတွက် ကြီးမားသော ရိုက်နှက်ချက် ဖြစ်လာလေသည်။ ဤကမ္ဘာအပေါ် သူ၏အမြင်က လုံးဝပြောင်းလဲသွားခဲ့၏။ ဒီကမ္ဘာမှာ အင်မော်တယ်တွေက တစ်ကယ်ပဲ ဒီလိုလား။ အင်မော်တယ်တွေက နိုင်ငံတစ်နိုင်ငံရဲ့ အထက်မှာတောင် ရပ်တည်နိုင်တာလား။

ဆူဇီမိုအတွက်တော့ သူ့ရဲ့စာပေဂုဏ်ထူးဘွဲ့တွေကို ဆုံးရှုံးရတာက ဘာမျှ မပြောပလောက်ပေ။ သို့သော် ဇူဖန်သည် သူကလေးဘဝကတည်းက သူ့ရဲ့ အပေါင်းအဖော် ဖြစ်လေသည်။ ၎င်းသည် သူ၏အရင်းနှီးဆုံး၊ အနီးကပ်ဆုံး မိတ်ဆွေလေးဖြစ်ပြီး သူ့အတွက်တော့ မြင်းတစ်ကောင်ဆိုတာထက် အများကြီး ပိုလေသည်။

သိပ်မကြာခင်မှာပင် ဆူဇီမိုသည် သူ၏အိမ်တော်သို့ ရောက်သွားလေသည်။ ထိုအိမ်သည် သေးငယ်ပြီး တိတ်ဆိတ်ခြောက်ကပ်နေ၏။ အဲ့ဒီမှာ အခန်းအနည်းငယ်သာ ရှိလေသည်။ သူ့အသက် ၁၂နှစ် အရွယ်တွင် ကောလိပ်စာမေးပွဲ အောင်ခဲ့‌သောအခါ သူ့အစ်ကိုကြီး ဆူဟုန်က သူအားဂုဏ်ပြုသည့်အနေဖြင့် ဤအိမ်ကို သူ့အတွက် ဝယ်ပေးခဲ့ခြင်း ဖြစ်လေသည်။

ဆူဇီမိုသည် ဇူဖန်၏ပြာများကို သယ်လာပြီးနောက် ခြံဝန်းအလယ်ရှိ မက်မွန်ပင်ကြီး၏ ဘေးတွင် မြှပ်နှံလိုက်လေ၏။

‘’ဇူဖန်ရေ..ဒီမက်မွန်ပင်က ငါကိုယ်တိုင် စိုက်ထားတာ။ ဒီအပင်က မင်းကို အဖော်ပြုပေးမှာပါ။ တစ်နေ့မှာ ပကတိကန်းလန်ရဲ့သွေးကို မင်းရဲ့ပြာပေါ်မှာ ငါလောင်းချပေးပါ့မယ်။’’

ဆူဇီမို၏ မျက်လုံးများသည် အနီရောင်သို့ ပြောင်းသွားလေသည်။ သူသည် မက်မွန်ပင်ကြီး၏ဘေးတွင် အချိန်အတော်ကြာကြာ ထိုင်နေပြီးမှ ထွက်ခွာတော့ဟု အနောက်သို့ လှည့်လိုက်လေသည်။

ဆူဇီမို အနောက်သို့ လှည့်လိုက်သောအခါ သူ၏မြင်ကွင်းထဲသို့ တစ်စုံတစ်ယောက်က ဝင်လာလေသည်။ ထိုသူမှာ သွေးနီရောင် ဝတ်စုံကို ဝတ်ဆင်ထားသော လွန်စွာ ချောမောလှပသည့် အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမသည် မည်သည့်မျက်နှာချေကိုမျှ လိမ်းခြယ်မထားပေ။ သူမသည် အခုလေးတင် ပန်းချီကားထဲမှ ထွက်ပေါ်လာသော နတ်သမီးတစ်ပါးအလား ထင်ရပေသည်။

ဆူဇီမိုသည် သက်ပြင်းချလိုက်၏။ ဆိုရိုးစကားထဲကလိုပင် သူမသည် ကြည်လင်နေသော ရေအိုင်ထဲမှ ပေါ်ထွက်လာသော ခေါင်းရန်းပင်လိုမျိုး သဘာဝအလှ ရှိလေသည်။

သူမသည် လောကီအပူအပင်တွေကင်းမဲ့နေသော လွန်စွာလက်ယာမြောက်လှသည့် အချောအလှလေး ဖြစ်သော်လည်း ရဲရဲတောက်နေသော သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားလေသည်။ ထိုအရာသည် လိုက်ဖက်မှု မရှိလှပေ။ သို့သော် ထိုသို့ဆန့်ကျင်ဘက်ကွဲလွဲနေသော အရာကပင် ထူးခြားသော အရှိန်အဝါတစ်မျိုးကို ထုတ်ပေးနေပေသည်။

လွန်ခဲ့သောနှစ်နှစ်က ဆူဇီမို အိမ်သို့ပြန်လာသောအခါ ကန်းလန်ရိုးမအနီးတွင် အမျိုးသမီးတစ်ယောက် သတိလစ်မေ့မြောနေသည်ကို တွေ့ခဲ့ရလေ၏။ သူသည် သူမကို သားရဲများ ကိုက်ဖြတ်စားသောက်မည်ကို စိုးရိမ်သောကြောင့် သူနှင့်အတူ အိမ်သို့ ခေါ်လာခဲ့လေသည်။ အိမ်သို့‌ရောက်ပြီး မကြာမှီ သူမသည် သတိရလာခဲ့၏။ သူမသည် နေပြန်ကောင်းလာသည်ဟု ထင်ရလေသည်။ ဆူဇီမိုက သူမ၏အမည်၊ နေထိုင်ရာအရပ်တို့ကို မေးမြန်းကြည့်သောအခါ သူမသည် တစ်ခွန်းမျှ ပြန်မဖြေခဲ့ပေ။

သွေးနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဤနေရာတွင် နှစ်နှစ်ကြာနေထိုင်ခဲ့ပြီး ဆူဇီမိုကလည်း သူမကို ဘယ်သောအခါမှ ထွက်သွားဖို့ မပြောခဲ့ပေ။ သူ၏အိမ်တွင် မည်သည့်အစေခံမျှ မရှိပေ။ သူ၏ သုံးနပ်စာကို သူကိုယ်တိုင် ချက်ပြုတ်စားသောက်လေသည်။ သူ့အတွက်တော့ အိမ်မှာ လူတစ်ယောက်ပိုလာတာက ဘာမျှ မပြောပလောက်ပေ။ နောက်ထပ်စားပွဲတစ်ခု ပိုပြင်ပေးရတာလျှင် ရှိလေသည်။

ပြီးခဲ့သည့် နှစ်နှစ်တွင် ဆူဇီမိုသည် အစားအသောက်များကို ပြင်ဆင်မည်။ ပြီးလျှင် အစားအသောက်များ၏ တစ်ဝက်ကို သွေးနီရောင်ဝတ်စုံနှင့် အမျိုးသမီးဆီ ယူသွားမည်။ ထို့နောက် တံခါးခေါက်၍ အစားအသောက်များကို သူမ၏ အခန်းအပြင်ဘက်တွင် ထားခဲ့ပြီး ပြန်လှည့်ထွက်ခဲ့မည်သာ ဖြစ်သည်။

သွေးအနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အပြင်သို့ ထွက်ခဲလေ့ရှိပြီး သူမအိမ်အပြင်ဘက်သို့ ထွက်သည်ကို ဆူဇီမို တစ်ခါမျှ မမြင်ဘူးခဲ့ပေ။ သူတို့နှစ်ယောက်သည် စကားပင် ကောင်းကောင်းမပြောဖူးခဲ့ကြပေ။

ဆူမိသားစုနှင့် ပင်ယန်းမြို့မှလူများသည် သူမရှိသည်ကို မည်သူမျှ မသိကြပေ။ သူမ၏အမည်မှာ တျဲယွဲ့ ဖြစ်လေသည်။ သူမသည် တစ်ကိုယ်တည်းသီးသန့် နေတတ်ပြီး စကားနည်း‌သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ ထိုအရာမှာ သူမအကြောင်း ဆူဇီမို သိသမျှ အကုန်ပင်ဖြစ်လေသည်။

တျဲယွဲ့သည် ဘယ်အချိန်ကတည်းက သူ၏အနောက်တွင် ရောက်နေသည်ကို ဆူဇီမို မသိပေ။ သို့သော် ဒီနေ့ သူမ သူ့ကို ကြည့်နေပုံက တစ်မျိုး ထူးဆန်းနေသည်။ ဘယ်လိုထူးဆန်းသည်ကိုတော့ သူပြောမပြတတ်ပေ။

ဆူဇီမိုသည် သူမကို ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏အခန်းသို့ ပြန်သွားလိုက်သည်။ ထိုအရာမှာ ပြီးခဲ့သော နှစ်နှစ်အတွင်း သူတို့နှစ်ယောက် နှုတ်ဆက်နေကြပုံစံ ဖြစ်လေသည်။ ဆူဇီမိုက သူမကို စကားသွားပြောလျှင်ပင် သူမသည် သူ့ကို လျစ်လျူရှုထားမည်ကို သူသိလေသည်။

ဆူဇီမိုသည် အခန်းတံခါးကို ဆွဲပိတ်လိုက်ပြီး အခန်းထောင့်မှ လက်ကိုင်တစ်ပေခန့်ရှိသော ဓါးတစ်ချောင်းကို ဆွဲထုတ်လိုက်၏။ ထိုဓါးသည် သံချေးများ တက်နေ၏။ ထိုအရာသည် အသုံးမပြုတော့သည်မှာ နှစ်ပေါင်းများစွာ ကြာနေလောက်ပေပြီ။

ဆူဇီမိုသည် ခဏလောက် လှည့်ပတ်ရှာဖွေပြီးနောက် ဓါးသွေးကျောက်တစ်ခုကို ဆွဲထုတ်လိုက်သည်။ ဓါးသွေးကျောက်ပေါ်သို့ ရေပက်ဖျန်းလိုက်ပြီး သူသည် မင်သေသေမျက်နှာထားနှင့် ရှိနေ၏။ ဓါးသွေးနေသောသူ၏ မျက်လုံးများသည် အေးစက်ခက်ထန်နေလေ၏။

တစ်ခဏကြာပြီးနောက် ဆူဇီမိုသည် တစ်စုံတစ်ရာကို စဉ်းစားမိသွားပုံရ၏။ သူသည် အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ခြံဝန်းထဲတွင် ရှိနေသေးသော တျဲယွဲ့ကို ကြည့်လိုက်၏။ ‘’Miss တျဲယွဲ့..ဒီညစောစော နားလိုက်ပါလား။ ပြီးတော့..ဒီညအိပ်နေတုန်း ဘာအသံပဲကြားရကြားရ သင့်အခန်းထဲကနေ အပြင်ကို လုံးဝ ထွက်မလာပါနဲ့။’’

တျဲယွဲ့သည် မည်သို့မျှ ပြန်မပြောပေ။ သူမသည် အေးတိအေးစက်၊ ခပ်တန်းတန်း ပုံစံနှင့်သာ ရှိနေလေ၏။ ဆူဇီမို၏ ခေါင်းထဲတွင် သူမနှင့်ပတ်သတ်၍ ဖော်မပြတတ်သော ခံစားချက်တစ်ခု ရှိလေသည်။

တျဲယွဲ့၏စိတ်နေသဘောထားနှင့် နေထိုင်ပြုမူပုံတွေအရ သူမသည် အင်မော်တယ်တစ်‌‌ယောက်နှင့် ပို၍ ဆင်တူလေသည်။ သူမ၏ဘေးပတ်လည်တွင် ဖြစ်ပျက်နေသောအရာများသည် သူမအတွက် ထူးခြားတာ ဘာမျှ မရှိသလိုပင်။ သူမသည် ‌လောကီအပူအပင်များမှ လွတ်မြောက်နေပုံ ရလေ၏။

တစ်ကယ်တော့ အားလုံးက သူ့အတွေးများသာ ဖြစ်လေသည်။ သူမနှင့် ပတ်သတ်ပြီး သူအများကြီး မစဉ်းစားနိုင်ပေ။

ဆူဇီမိုသည် ခြံဝန်းထဲရှိ မြေအောက်ခန်းမှ ဝိုင်တစ်ပုလင်းကို ထုတ်ယူလိုက်၏။ သူသည် ဝိုင်ပုလင်းမှ ရွှံ့နှင့်ဖုန်တွေကို ဖယ်ထုတ်လိုက်ကာ သူ့အခန်းဆီသို့ ပြန်လာရင်း ဒီတိုင်းပဲ လမ်းမှာပင် ဝိုင်ပုလင်းကို မော့သောက်လာခဲ့၏။ စူးရှပြင်းထန်သော ဝိုင်ရနံ့က ထွက်ပေါ်လာလေသည်။

အခန်းတံခါးဝသို့ ရောက်သောအခါ ဆူဇီမို၏လက်ထဲမှ ဝိုင်ပုလင်းသည် ကြမ်းပြင်‌ပေါ်သို့ လွတ်ကျသွားပြီး သူ့အခန်းသည် စူးရှပြင်းထန်သော ဝိုင်ရနံ့တို့ဖြင့် ပြည့်နှက်သွားလေသည်။ တျဲယွဲ့သည် ဖြစ်စဉ်တစ်ခုလုံးကို မထင်မရှားအပြုံးဖြင့် ဒီတိုင်းပဲ ကြည့်နေလိုက်၏။

ဆူဇီမိုသည် အခန်းထဲသို့ရောက်သောအခါ တံခါးကိုချက်မချဘဲ ဒီတိုင်းပဲ စေ့ထားလိုက်၏။ ထို့နောက် အခန်းထောင့်သို့ သွားကာ ဓါးဆက်သွေးနေလိုက်၏။

ယနေ့ည ကိစ္စကြီးတစ်ခု ဖြစ်တော့မည်ဟု ကံတရားက ကြိုတင်သတ်မှတ်ထားပုံ ရ၏။ ဆူဇီမိုသည် စောင့်ဆိုင်းနေ၏။ သူသည် လူတစ်ယောက်ကို စောင့်နေခြင်း ဖြစ်လေသည်။

ညမှောင်လာသောအခါ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်သည် နံရံတစ်လျှောက် ခိုးကြောင်ခိုးဝှက် တွယ်တက်လာပြီး ဆူဇီမို၏ ခြံဝန်းထဲသို့ လျှောဆင်းလိုက်၏။ ထိုလူသည် အိမ်ထဲသို့ ဝင်လာပြီးနောက် ထောင့်တစ်ထောင့်သို့ ပေါ့ပါးစွာ ပြေးကပ်လိုက်လေ၏။ သူသည် ထိုထောင့်ထဲ၌ တစ်ခဏကြာ စောင့်ဆိုင်းနေ၏။ ခြံဝန်းသည် လုံးဝ တိတ်ဆိတ်ငြိမ်သက်နေပြီး မူမမှန်တာ နည်းနည်းကလေးမျှ မရှိသလိုပင်။

အနက်ရောင်ဝတ်စုံနှင့်လူသည် နောက်ဆုံး စိတ်မရှည်တော့ဟန်နှင့် မတ်တပ်ရပ်လိုက်ပြီး သူ၏ခါးမှ ဓါးမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်၏။ အေးစက်နေသော ဓါးမြှောင်သည် ညအမှောင်ထဲတွင် တစ်ဖျတ်ဖျတ် တောက်ပနေ၏။ တောက်ပနေသော ဓါးရောင်ဖြင့် သေချာကြည့်မည်ဆိုလျှင် ထိုသူမှာ ရှန်မန်းကီနှင့်အတူ အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်သွားသော ဇောင်ဒင်းယွမ်ဖြစ်သည်ကို သိရပေလိမ့်မည်။

ဇောင်ဒင်းယွမ်သည် သူနှင့် အနည်းငယ် မပြေလည်မှု ရှိလျှင်ပင် ရန်ငြိုးဖွဲ့တတ်သောသူမျိုး ဖြစ်သည်။ အစတုန်းကတော့ သူသည် ဆူမိသားစုနှင့် ဆူဇီမိုကို မကျေနပ်လျှင်ပင် သူ့အနေနှင့် ဘာမျှလုပ်နိုင်စွမ်း မရှိပေ။ ယခုအခါမှာ‌တော့ ဆူဇီမိုသည် စာပေပညာရှင်ဘဝမှ သာမန်အရပ်သားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီး သူကတော့ အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ခွင့်ရကာ မြင်မားသော နေရာအသစ်တစ်ခုသို့ ရောက်ရှိခဲ့လေပြီ။ သူ့အနေနှင့် ဆူဇီမိုအား ဒီအတိုင်းပဲ ကြည့်မနေနိုင်တော့ပေ။

သူ၏အစီအစဉ်မှာ ယနေ့ည ဆူဇီမိုကို ဘယ်သူ့မှမသိအောင် တိတ်တိတ်ကလေး သတ်ဖြတ်ပြီး မနက်ဖြန်ကျလျှင် ပကတိသက်ရှိကန်းလန်နှင့်အတူ ပင်ယန်းမြို့မှ ထွက်ခွာသွားမည် ဖြစ်လေသည်။

နောက်နေ့ဆူမိသားစုသည် ကျူးလွန်သူအား ဖော်ထုတ်နိုင်ခဲ့လျှင်ပင် သူတို့ ပြဿနာရှာရဲလိမ့်မည် မဟုတ်ပေ။ သူတို့ပြဿနာရှာလို့ ပကတိကန်းလန် ဒေါသအမျက်ထွက်ခဲ့ပါက ဆူမိသားစုတစ်ခုလုံး သုတ်သင်ခံရပေလိမ့်မည်။

ဇူဒေါင်းယွမ်သည် ခန္ဓာကိုယ်ကြံ့ခိုင်ပြီး ခွန်အားကြီးသော်လည်း သိုင်းပညာတတ်ကျွမ်းမှုတော့ မရှိပေ။ သို့သော် ပျော့တိပျော့ဖတ် စာပေသမားလေးကိုတော့ အလွယ်တစ်ကူ လှဲသိပ်နိုင်လိမ့်မည်ဟူ၍ သူယုံကြည်လေသည်။

သူသည် အိမ်ထဲသို့ အသာအယာနင်းလျှောက်လာပြီးနောက် စူးရှသော ဝိုင်ရနံ့ကို ခံစားမိသည်။ အခန်းတစ်ခန်းရှေ့တွင် ဝိုင်ပုလင်းကွဲစများ ပြန့်ကျဲနေသည်ကိုလည်း တွေ့လိုက်ရ၏။

‘’ဟဟ’’ ဇောင်ဒင်းယွမ်သည် စိတ်ချလက်ချ ဖြစ်သွား၏။ သူသည် စပ်ဖြဲဖြဲနှင့် တစ်ကိုယ်တည်း ရယ်ပြောလိုက်၏။ ‘’တစ်ကယ်တော့ မင်းအရင်က ဒီလိုထိုးနှက်ချက်မျိုးကို မခံစားခဲ့ရဘူးမလား။ ဝမ်းနည်းမှုတွေကို ဝိုင်နဲ့ဖြေသိမ့်နေတာပေါ့လေ။ အခုတော့ သောက်ပြီး သေ(အိပ်)နေတာပေါ့လေ။ အဲ့ဒါလဲ ကောင်းတာပဲ။ အရင်ဆုံး မင်းရဲ့ခြေတွေလက်တွေရဲ့ အကြောတွေ၊ အရွတ်တွေကို အရင်လှီးဖြတ်ပစ်မယ်။ ပြီးမှ တစ်ဖြည်းဖြည်းချင်း နှိပ်စက်ညှင်းပန်းပြီး သတ်ပစ်ရမယ်။ ဟားဟား…….’’

ဇောင်ဒင်းယွမ်သည် အခန်းတံခါးဆီသို့ ဒီအတိုင်းပဲ လျှောက်သွားလိုက်၏။ တံခါးက ချက်ချမထားပေ။ သူသည် တံခါးမှတစ်ဆင့် အထဲသို့ ချောင်းကြည့်လိုက်သောအခါ ခုတင်ထက်တွင် လူတစ်ယောက် လှဲအိပ်နေသည်ဟု ထင်ရ၏။ သို့သော် အလင်းရောင်က အားနည်းနေသောသောကြောင့် သူရှင်းရှင်းလင်းလင်းတော့ မမြင်ရပေ။

ဇူဒေါင်းယွမ်သည် ရန်လိုနေသောမျက်နှာဖြင့် တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် အခန်းထဲသို့ လှစ်ကနဲ ခုန်ဝင်လိုက်၏။ အခန်းထဲသို့ရောက်သောအခါ ဝိုင်အနံ့က ပိုပြင်းလာ၏။ သူသည် မျက်မှောင်ကြုတ်ကာ ကုတင်ရှိရာဘက်သို့ တစ်ဖြည်းဖြည်းချင်း တိုးသွားလိုက်၏။ ကုတင်နားသို့ ‌ရောက်တော့မည့် အချိန်တွင် တံခါးအနောက်မှ အရိပ်တစ်ခုသည် တစ္ဆေတစ်ကောင်လို လှစ်ကနဲ ပေါ်ထွက်လာလေ၏။

ရုတ်တရက်-အမှောင်ထဲတွင် အလင်းရောင်တစ်ချက် လက်သွား၏။ ဇောင်ဒင်းယွမ် အချိန်မှီ မတုံ့ပြန်နိုင်ခင်မှာပင် သူ၏လည်ပင်းမှ အေးစက်စက် အထိအတွေ့ကို ခံစားလိုက်ရ၏။ ပြီးနောက် သူ၏ နားထဲသို့ အေးစက်စက် အသံတစ်ခုက တိုးဝင်လာလေ၏။ ‘’မလှုပ်နဲ့..လှုပ်တာနဲ့ သေပြီတာမှတ်။’’

ဇောင်ဒင်းယွမ်၏နောက်ကျောသည် အေးစက်သွားပြီး သူ့တစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းများ ထလာလေသည်။ သူ၏ခန္ဓာကိုယ်သည် သန်မာကောင်းသန်မာပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူသည် မည်သည့်ခွန်အားကို အသုံးမပြုနိုင်တော့ပေ။ သူ့လည်ပင်းပေါ်မှ အရာသည် အလွန်ထက်မြသည့် လက်နက်တစ်ခုဆိုတာ သူကောင်းကောင်းသိလေသည်။ ထိုအရာက သူ့လည်ပင်းကို အချိန်မရွေး အလွယ်တစ်ကူ လှီးဖြတ်နိုင်စွမ်း ရှိလေသည်။

‘’မင်း…မင်းဘယ်သူလဲ။’’

သူလည်ပင်းသည် လှီးဖြတ်ခံရပြီး ပူနွေးသောအရည်များ လည်ပင်းမှ ရင်ဘတ်ဆီသို့ စီးကျလာသော မြင်ကွင်းကို မြင်ယောင်မိပြီး ဇောင်ဒင်းယွမ်သည် လွန်စွာ ကြောက်စိတ်မွှန်လာလေသည်။ ဤခံစားချက်က တွေးကြည့်ရုံနှင့်ပင် အလွန်ကြောက်စရာကောင်း၏။

ရုတ်တရက် တစ်စုံတစ်ယောက်က ဇောင်ဒင်းယွမ်၏ဆံပင်ကို ဆွဲဆုပ်ကိုင်လိုက်ပြီး အားဖြင့် အနောက်သို့ ဆွဲလှန်လိုက်၏။ သူ၏ဦးရေပြားသည် လွန်စွာ နာကျင်သွားပြီး သူ့ဆံပင်များသည် သူ့ခေါင်းမှ ကျွတ်ထွက်တော့မည်ကဲ့သို့ ခံစားရလေ၏။

‘’အား….’’ ဇောင်ဒင်းယွမ်သည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ သူသည် နာကျင်စွာဖြင့် ဒူးထောက်ကျသွားလေ၏။ သူ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသောဓါးက ယခု သူ့လည်ပင်းပေါ်မှာပင် ဖြစ်၏။ ဇောင်ဒင်းယွမ်သည် သေခြင်းတရားနှင့် ယခုလောက် နီးနီးကပ်ကပ် ဘယ်တုန်းကမှ မတွေ့ကြုံခဲ့ရဘူး‌ပေ။

‘’ငါဘယ်သူလဲ သိချင်ရင် တစ်ချက်လောက် လှည့်ကြည့်လိုက်လေ။’’ အနောက်ကလူက အေးစက်ခက်ထန်စွာ ပြောလိုက်လေ၏။ ထိုအသံက သူ့အသက်ကို နှုတ်ယူဖို့အတွက် ငရဲမှတက်လာသော သေမင်း၏အသံလို ထိတ်လန့်ခြောက်ခြားဖွယ်ရာ ကောင်းလေသည်။

သူ့ဆံပင်ကို ကိုင်ထားသော ထိုလူသည် သူ၏လက်ကို အနောက်သို့ ဆွဲချလိုက်သောကြောင့် ဇောင်ဒင်းယွမ်၏ မျက်နှာသည် အပေါ်သို့မော့သွားပြီး သူ့မြင်ကွင်းထဲသို့ ရင်းနှီးနေသောမျက်နှာတစ်ခုက ဝင်ရောက်လာလေ၏။ ထိုမျက်နှာအား မြင်ပြီးနောက် ဇောင်ဒင်းယွမ်သည် မျက်ဖြူဆိုက်မတတ် ဖြစ်သွားလေသည်။

ယခုသူမြင်ရသော ဆူဇီမိုသည် စာပေသမားတစ်ယောက်၏ အော်ရာမျိုး မရှိတော့ပေ။ သူ၏အမူအယာသည် တင်းမာခက်ထန်နေပြီး ကြောက်မက်ဖွယ်ရာ ဖြစ်၏။ သူ၏မျက်လုံးများသည် စူးရှနေပြီး ကျောချမ်းစရာ ဖြစ်၏။ သူ့မျက်လုံးများသည် သူ့လက်ထဲကဓါးထက်ပင် အေးမြထက်ရှနေသး၏။ ယခုအချိန်တွင် ဇောင်ဒင်းယွမ်သည် ဆူဇီမို၏ ထက်သန်သော သတ်ဖြတ်လိုစိတ်နှင့် ခိုင်မာသော စိတ်ဓါတ်ကို ခံစားမိလေ၏။

‘’အာ မဟုတ်သေးပါဘူး…ဆူဇီမိုက စာပေသမား‌တစ်ယောက်အဖြစ်ကနေ ပယ်ဖျက်ခံရပြီး တစ်ကယ်ကြီး စိတ်လွတ်သွားတာပဲ။ သူက ငါ့ကို သတ်ရဲမယ့် ပုံစံပဲ။’’

‘’မဖြစ်ရဘူး..အဲလိုဖြစ်လို့ မရဘူးနော်။ ငါက အင်မော်တယ်ဂိုဏ်းထဲကို‌တောင် ဝင်ရတော့မှာကို။ ငါသေလို့ မရဘူး။’’

တစ်ခဏအတွင်းမှာပင် ဇောင်ဒင်းယွမ်၏ စိတ်ထဲတွင် အတွေးပေါင်းသောင်းခြောက်ထောင်က ဖြတ်ပြေးနေလေ၏။ သူ အသက်ဆက်ရှင်ချင်သေး၏။ သူမသေချင်သေးပေ။ ဇောင်ဒင်းယွမ်သည် လွန်စွာ တုန်လှုပ်လာလေ၏။ ‘’မင်း..မင်း..မင်းငါ့ကို သတ်လို့မရဘူးနော်။ အဲ့ဒါကို တစ်ခြားသူတွေသိသွားရင် မင်း..မင်းလဲ သေခြင်းကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။’

‘’ဟဲဟဲ.. အေးဆေးပေါ့ ကိုယ့်လူ။’’ ဆူဇီမိုက ပြုံးလိုက်လေ၏။

‘’ငါ့ဘဝက အဖိုးမှမတန်‌တော့တာ။ ငါက တစ်ယောက်ယောက်ကို ငါနဲ့အတူ သေရွာကို အဖော်ခေါ်သွားချင်နေတာ။ အဲလိုအချိန်မှာ မင်းကငါ့ဆီ ‌ရောက်လာ‌တာဆိုတော့ ငါတို့က တစ်ကယ်ကို ရေစက်ပါတာပဲ။ အဲ့ဒီအတွက် မင်းငါ့ကို အပြစ်တင်လို့တော့ မရဘူးလေ။ ဟုတ်တယ်မလား။’’

ဇောင်ဒင်းယွမ်အတွက်တော့ အမှောင်ထဲမှ ဆူဇီမို၏အပြုံးသည် ငရဲမှ သေမင်းနှင့် တူနေလေ၏။ ဆူဇီမို၏ ထူးမခြားနား အမူအယာနှင့် တည်ငြိမ်နေသောလေသံက သူ့ကို ပိုမိုကြောက်လန့်လာစေ၏။

‘’ရူးသွားပြီ..ဆူဇီမိုက ရူးနေပြီ။’’ သူအသံထွက်ရုံမျှ ရှိသေးသည်။ သူ့လည်ပင်းထက်မှ ဓါးက အနည်းငယ် လှုပ်ရှားသွားသည်ကို ဇောင်ဒင်းယွမ် ခံစားလိုက်ရ၏။ သူ့လည်ပင်းနားဆီမှ တစ်ရွရွတက်လာသော နာကျင်မှုနှင့်အတူ ဇောင်ဒင်းယွမ်၏စိတ်ဓါတ်သည် လုံးဝ ပြိုလဲသွားလေတော့၏။

‘’ဒု..ဒုတိယ သခင်လေးဆူ..ကျတော့်ရဲ့ အဖိုးမတန်တဲ့ အသက်ကလေးကို ချမ်း..ချမ်းသာပေးပါဗျာ။ ကျတော်နောက်ဆို မကောင်းတဲ့အလုပ်တွေ ဘာမှမလုပ်တော့ပါဘူးဗျာ..’’

‘’ဒုတိယသခင်လေးဆူ …ကျတော် အင်မော်တယ်ဂိုဏ်းထဲ ရောက်သွားခဲ့ပြီးရင်တောင် ဘယ်တော့မှ သခင်လေးဆီကို ပြန်လာပြီး လက်စားလာမချေပါဘူးလို့ ကျိန်ဆိုပါတယ်ဗျာ။ ကျတော့်ကတိကို ဖောက်ဖျက်ခဲ့ရင် ကျုပ်နှလုံးကို မြားပေါင်းများစွာ ဖောက်ဝင်ပြီး အသေဆိုးနဲ့ သေပါစေဗျာ။’’

ဆူဇီမိုသည် ဘာမျှ ပြန်မပြောပေ။ သူသည် ဇူဒေါင်းယွမ်ကို မျက်စိအနည်းငယ်မှေးပြီး ကြည့်နေလိုက်၏။ တိတ်ဆိတ်မှု၌ ဇောင်ဒင်းယွမ်၏ အကြောက်တရားက ပိုမို ကြီးထွားလာ၏။ ဆူဇီမို မည်သို့ ဆုံးဖြတ်ချက်ချမည်ကို သူသည် သေချာ မပြောနိုင်ပေ။

အချိန်က တစ်ဖြည်းဖြည်း ဆက်သွားနေ၏။ ဇောင်ဒင်းယွမ်၏ မျှော်လင့်ချက်က ပျက်သုန်းလုဆဲဆဲတွင် သူ၏ ဦးရေပြားမှ တင်းကြပ်မှုက တစ်ဖြေးဖြေး ပြေလျော့သွားပြီး သူ့လည်ပင်းထက်မှဓါးက တစ်ဖြေးဖြေး ဖယ်ခွာသွားလေ၏။

‘’ထွက်သွား!’’ ဆူဇီမိုက အေးစက်ခက်ထန်စွာ ပြောလိုက်၏။ ဇူဒေါင်းယွမ်အတွက်တော့ ထိုအသံက လွန်စွာနာပျော်ဖွယ်ကောင်းလေ၏။ သူသည် သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရ၏။ သူသည် အခန်းထဲမှ လေးဘက်ထောက်တွားသွားလိုက်ပြီး အခန်းအပြင်ရောက်မှ ကပျာကယာ ပြေးထွက်လိုက်၏။

ဇောင်ဒင်းယွမ်သည် လည်ပင်းမှဒဏ်ရာကို လက်ဖြင့်အုပ်ကိုင်လိုက်ပြီး ခြံဝန်းထဲသို့ ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြေးထွက်လာလေသည်။ သေဘေးမှ သီသီကလေးလွတ်လာပြီးနောက် ဇောင်ဒင်းယွမ်သည် အံကိုကြိတ်ကာ ယုတ်မာသောအတွေးက သူ့စိတ်ထဲ ပြန်ဝင်လာပြန်၏။

‘’ပျော့တိပျော့ဖတ် စာပေသမားလေးက ခြိမ်းခြောက်တာကို ခံခဲ့ရတယ်လို့ကွာ။ သူသေသေချာချာ ကြိုတင်ပြင်ဆင်ထားလို့သာပေါ့။ မဟုတ်ရင် သူက ငါ့လက်ထဲမှာ အသက်ပျောက်သွားရမှာ။’’ ဇောင်ဒင်းယွမ်၏ စိတ်ထဲတွင် ဆူဇီမိုအား သတ်ဖြတ်လိုစိတ်က တစ်ဖန်ပြန်ပေါ်လာပြန်၏။ သူသည် မနေနိုင်စွာ အခန်းဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။

ဆူဇီမိုသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် လက်ကိုင်တစ်ပေခန့်ရှိသော ထက်မြသည့် ဓါးတစ်ချောင်းကို ညာဘက်လက်တွင် ကိုင်ထားပြီး အခန်းဝတွင် မတ်တပ်ရပ်နေ‌၏။ သူ၏အကြည့်သည် အေးစက်ခက်ထန်နေပြီး သူသည် သားကောင်အား အမဲလိုက်နေကျ မုဆိုးတစ်ယောက်နှင့် တူလေ၏။

ဆူဇီမိုသည် ဇောင်ဒင်းယွမ်၏စိတ်အား ကြိုတင်သိရှိနေသည့်အတိုင်းပင် အခန်းဝမှ ခနဲ့တဲ့တဲ့ မျက်နှာထားနှင့် မတ်တပ်ရပ်ကြည့်နေ၏။ ထိုအကြည့်နှင့်ဆုံချိန်တွင် ဇောင်ဒင်းယွမ်၏ သတ်ဖြတ်လိုစိတ်သည် ကြက်ပျောက်ငှက်ပျောက် ကွယ်ပျောက်သွားလေတော့၏။

ဇောင်ဒင်းယွမ်သည် သူ့လည်ပင်းမှဒဏ်ရာ ဘယ်လောက်နက်သလဲဆိုတာ သူသေချာမသိသလို ဆူဇီမိုတွင် ဝှက်ဖဲဘယ်လောက်များများ ကျန်သေးသလဲဆိုတာလည်း သူမခန့်မှန်းတတ်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီညအတွက်တော့ သူမစွန့်စားရဲတော့ပေ။

‘’နောက်မှ လက်စားချေမယ်ဆိုလဲ သိပ်‌တော့ နောက်မကျသေးပါဘူးလေ..’’ထိုသို့ ရေရွတ်ပြီးနောက် ဇောင်ဒင်းယွမ်သည် ခြံဝန်းထဲမှ အလျင်အမြန် ပြေးထွက်သွားလေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset