အခန်း(၁) အင်မော်တယ် ကံကြမ္မာ
ဒါကီတိုင်းပြည်အတွင်း ကန်းလန်ခရိုင်မြို့တော်၏လက်အောက်ရှိ မြို့ငယ်လေးများထဲမှတစ်ခုဖြစ်သော ပင်ယန်းမြို့တွင်ဖြစ်လေသည်။
မြင်းစီးစစ်သည်တစ်စုသည် မြို့ထဲသို့ တစ်ဖြည်းဖြည်းခြင်း ဝင်လာကြလေသည်။ ခေါင်းဆောင်လူမှာ စစ်ချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားပြီး တည်ကြည်ပြတ်သားသော အသွင်အပြင်ရှိ၏။ ထိုသူမှာ ကန်းလန်မြို့တော်၏ ဝံပုလွေအစောင့်ငါးဖော်(မြို့ဝန်မင်း၏ စစ်သူကြီးငါးဦး)ထဲမှ တစ်ယောက်ဖြစ်သော ကိုးဂန်ဖြစ်၏။
နောက်ထပ်တစ်ယောက်ကတော့ ကြည်လင်တောက်ပသောမျက်လုံးနှင့် နူးညံ့သိမ်မွေ့သော အသွင်အပြင်ရှိသည့် လူငယ်လေးတစ်ယောက် ဖြစ်လေသည်။ သူသည် အစိမ်းရောင်စာပေသမားဝတ်စုံကို ဝတ်ဆင်ထားပြီး အားကောင်းသောပညာဉာဏ် အရှိန်အဝါက ထွက်ပေါ်နေ၏။
ထိုလူငယ်လေးမှာ ပင်ယန်းမြို့ရှိ ဆူမိသားစုမှ ဒုတိယသခင်လေး ဆူဇီမို ဖြစ်လေသည်။ သူသည် အသက်(၁၇)နှစ် အရွယ်မှာပင် ခရိုင်အဆင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သောကြောင့် သူတို့အရပ်ဒေသမှာတော့ အတော်အတန်ကျော်ကြားသည့် ဂုဏ်သတင်း ရှိလေသည်။
“ဒုတိယသခင်လေးဆူက ကျုပ်သိတဲ့အခြားစာပေသမားတွေနဲ့ မတူဘူးဗျ။ သင့်ပုံစံက နုနယ်ပုံရပေမယ့် မြင်းစီးတဲ့နေရာမှာတော့ အတော်ကျွမ်းကျင်မှု ရှိတာပဲ။ အဲ့ဒါက ကျုပ်ရဲ့အစောင့်စစ်သားတွေလောက်ကို ကျွမ်းကျင်တာပဲ။” ကိုးဂန်က ပြောလိုက်၏။
‘’အရှင်ကိုးက သက်သက်အထင်ကြီးနေပြန်ပါပြီ။’’ ဆူဇီမိုက မသိမသာပြုံးရင်း ဆက်ပြောလိုက်၏။ ‘’ကျုပ်အစ်ကိုကြီးက မြင်းရောင်းဝယ်ရေးအလုပ်ကို လုပ်လာတာ အတော်ကြာပြီလေ။ ကျုပ်ငယ်ငယ်လေးကတည်းက မြင်းတွေနဲ့ပဲ အဖော်ပြုလာရတာ။ နောက်ပြီး ဇူဖန်ကလဲ အတော်လေးလိမ်မာတဲ့မြင်းဖြစ်နေလို့ပါ။’’
ဇူဖန်ဟုအမည်ရသောမြင်းသည် ဆူဇီမို၏ချီးမွမ်းမှုကို နားလည်ပုံရလေသည်။ သူ၏မျက်လုံးသည် လိမ္မာပါးနပ်မှုကို ဖော်ပြနေပြီး ခေါင်းကိုမော့ကာ နှာတစ်ချက်မှုတ်လိုက်လေသည်။
ထိုအချိန်တွင် သူတို့နှင့်မလှမ်းမကမ်းမှ အုတ်အုတ်ကျတ်ကျတ်အသံများကို ကြားလိုက်ရလေသည်။ လူတစ်ယောက်က အော်ပြောလိုက်လေသည်။ ‘’သတင်းထူးဟေ့! ရှမ်မိသားစုက မိန်းကလေးတစ်ယောက်ကို အင်မော်တယ်ဂိုဏ်းက ရွေးချယ်လိုက်တယ်တဲ့။ အခုဆို သူမက အင်မော်တယ်ဂိုဏ်းထဲကို ဝင်ခွင့်ရသွားပြီ။’’
‘’အဲ့မိန်းကလေးက ရှမ်မိသားစုကလား’’
‘’ရှမ်မိသားစုက ဘယ်သူပါလိမ့်’’
‘’အဲ့ဒါရှမ်မန်းကီလေ။ ဒုတိယသခင်လေးဆူနဲ့ စေ့စပ်ထားတဲ့တစ်ယောက်ပေါ့’’
ထိုသတင်းက လျင်မြန်စွာ ပြန့်နှံ့သွားလေ၏။ ပတ်ဝန်းကျင်တစ်ဝိုက်မှာရှိကြသော လူများသည် ထိုအကြောင်းကိုပင် စတင်တီးတိုးဆွေးနွေးပြောကြားနေတော့၏။ လူအတော်များများသည် ဆူဇီမိုအား အထူးအဆန်းကဲ့သို့ ကွက်ကြည့်ကွက်ကြည့် လုပ်နေကြ၏။
‘’အင်မော်တယ်လား’’ ဆူဇီမိုသည် တိုးတိုးလေးရေရွတ်လိုက်၏။ သူသိရသလောက်ဆိုလျှင် အင်မော်တယ်ဆိုသည်မှာ မရေမရာယုံတမ်းစကားများထဲမှ သူများသာ ဖြစ်ကြလေသည်။
လူသားတွေက မိုးနဲ့လေကို ဆင့်ခေါ်၊ ကောင်းကင်ကိုလောင်ကျွမ်း၊ ပင်လယ်ရေကို ခန်းခြောက်စေနိုင်တဲ့ အစွမ်းတွေကို ပိုင်ဆိုင်နိုင်မတဲ့လား။ မဖြစ်နိုင်တာ။
ဆူဇီမိုသည် သူ၏မျက်စိဖြင့် တပ်အပ်မမြင်ရသေးသ၍ ကမ္ဘာပေါ်တွင် ထိုကဲ့သို့သော အင်မော်တယ်များ တည်ရှိသည်ဆိုသည်ကို မည်သို့မျှ ယုံကြည်လိမ့်မည် မဟုတ်ပေ။
အင်မော်တယ်ဟူသောအသံကြောင့် ကိုးဂန်၏ခန္ဓာကိုယ်သည် တုန်ယင်သွားလေ၏။ သူ၏မျက်လုံးထဲတွင် စိုးရိမ်ကြောက်ရွှံ့မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူသည် ထူးဆန်းသော အမူအယာဖြင့် ရှိနေလေ၏။ သို့သော် ဆူဇီမိုသည် မျက်မှောင်ကြုတ်ကာ သူ၏အတွေးထဲတွင် နစ်မြုပ်နေသောကြောင့် ထိုအရာကို သတိမထားမိပေ။
ထိုအချိန်မှာပင် အလင်းတန်းတစ်ခုသည် ရုတ်တရက် လျှပ်စီးလက်သလို ဖြတ်သန်းလာလေသည်။ ထိုအရာသည် ဆူဇီမို၏ခေါင်းပေါ်မှ ဖြတ်သန်းသွားတော့မည့်အချိန်မှာပင် နောက်သို့ အနည်းငယ်ပြန်ဆုတ်ကာ လေထဲတွင် ရပ်တန့်သွားလေ၏။
လူတိုင်းသည် မသိစိတ်အရ အလိုအလျောက် အပေါ်သို့မော့ကြည့်လိုက်ကြလေ၏။ လူသုံးယောက်သည် လေထဲတွင် မည်သည့်အထောက်အပံ့မျှမပါဘဲ မတ်တပ်ရပ်နေကြလေ၏။ မမြင်ရသောစွမ်းအားများက သူတို့အားထောက်ပံ့ပေးထားသည်ဟု ထင်ရလေ၏။
ဆူဇီမို၏အမူအယာက အနည်းငယ် ပြောင်းလဲသွားလေသည်။
‘’အင်မော်တယ်လား’’
သာမန်သေမျိုးများအနေဖြင့် ထိုကဲ့သို့သောစွမ်းအင်များကို နားလည်ထိတွေ့နိုင်မည် မဟုတ်ပေ။
‘’အင်မော်တယ်က ကိုယ်ထင်ပြနေပြီဟေ့’’
‘’အင်မော်တယ်အရှင်.. ကျေးဇူးပြု၍ ကျွန်ုပ်တို့အား ကောင်းချီးပေးသနားပါ။’’
များပြားစည်းကားလှသော လူအုပ်ကြီးသည် စတင်၍ ဒူးထောက်ကာ ရှိခိုးဦးချကြလေတော့၏။ သူတို့၏မျက်နှာသည် ကြောက်ရွံ့မှု၊ ကြည်ညိုလေးစားမှုတို့ဖြင့် ပြည့်နေပြီး ပါးစပ်ကနေလည်း တစ်တွတ်တွတ်နှင့် ဆုတောင်းနေကြလေ၏။
ကိုးဂန်၏လှုပ်ရှားမှုသည် လွန်စွာလျှင်မြန်လေ၏။ သူသည် မြင်းပေါ်မှ လျှောဆင်းကာ မြေကြီးပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်လေ၏။ ‘’ကန်းလန်မြို့၏ အညတရကိုးဂန် အင်မော်တယ်အား အရိုအသေပေးပါသည်ခင်ဗျ။’’
ကိုးဂန်၏အပြုအမူက ဆူဇီမိုကို တုန်လှုပ်သွားစေ၏။ ဝံပုလွေအစောင့်ငါးဖော်ထဲမှ တစ်ယောက်အနေဖြင့် ကိုးဂန်၏အာဏာစက်သည် ကန်းလန်မြို့မှ မိုင်ရာပေါင်းများစွာအထိ သက်ရောက်လေ၏။ ယခုအခါသူသည် အင်မော်တယ်ကို မြင်ရပြီးနောက် အနည်းငယ်တောင် တုံ့ဆိုင်းမှုမရှိဘဲ ဒူးထောက်ကာ အရိုအသေပေးနေလေ၏။
အားလုံးလိုလို ဒူးထောက်အရိုအသေပေးနေကြသော လူပင်လယ်ကြီးထဲတွင် တစ်ဦးတည်း မြင်းပေါ်မှာပင်ရှိနေသော ဆူဇီမိုသည် ငွားငွားစွင့်စွင့်နှင့် မျက်စိစပါးမွှေးစူးစရာ ဖြစ်နေလေ၏။
ဆူဇီမိုသည် ခဏလောက် ဆိတ်ဆိတ်နေပြီးနောက် မြင်းပေါ်မှဆင်းကာ အပေါ်သို့ မော့ကြည့်လိုက်လေ၏။
လေထဲတွင် သုံးယောက်ထဲမှ အလယ်တွင်ရှိသောလူသည် စိမ်းပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။ သူ၏အမူအယာသည် အေးတိအေးစက်နှင့် မောက်မာပုံရလေ၏။ သူ၏ရှည်လျား ကျဉ်းမြောင်းလှသော မျက်လုံးတစ်စုံသည် သူ၏ခြေဖဝါးအောက်မှ လူများကို အထင်သေးစွာ ကြည့်နေပြီး လွန်စွာအားကောင်းသော အထက်စီးဆန်သည့် အရှိန်အဝါ ထွက်ပေါ်နေလေသည်။ .
ထိုစိမ်းပြာရောင်ဝတ်ရုံနှင့်လူ၏ ဘေးနှစ်ဘက်တွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ရပ်နေကြပြီး သူတို့နှစ်ယောက်စလုံးသည် ပင်ယန်းမြို့မှပင် ဖြစ်လေသည်။ အမျိုးသား၏နာမည်မှာ ဇောင်ဒင်းယွမ်ဖြစ်ပြီး သူသည် ပင်ယန်းမြို့တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော လူဆိုး၊ လူပေ၊ လူတေ တစ်ယောက် ဖြစ်လေသည်။ သူသည် အမျိုးသားများကို နှိပ်စက်ခြင်း၊ အမျိုးသမီးများကို အနိုင်ကျင့်၊ ဖျက်ဆီးခြင်း စသော မကောင်းသည့်လုပ်ရပ်များ အားလုံးကို လုပ်ဆောင်လေ့ ရှိလေသည်။ ပြီးခဲ့သောနှစ်နှစ်ခန့်က ဆူဇီမိုသည် ထိုသူအား ဖမ်းဆီး၍ ထောင်ထဲသို့ ပို့ခဲ့လေသည်။ ယခုတော့ စိမ်းပြာရောင်ဝတ်ရုံနှင့် အင်မော်တယ်က ထိုလူဆိုးအား ထောင်ထဲမှ ခေါ်ထုတ်လာခဲ့လေပြီ။
ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။ ဇောင်ဒင်းယွမ်၏ အပြုအမူနှင့် စိတ်နေသဘောထား၊ အကျင့်စရိုက်အရဆိုလျှင် သူသည် အင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ပြီး အင်မော်တယ်တစ်ယောက် ဖြစ်လာပါက သူ၏အနိုင်ကျင့်နှိပ်စက်ခြင်းကို လူဘယ်လောက်များများ ခံစားကြရမည်နည်း။
ဆူဇီမို၏အကြည့်သည် လေထဲတွင်မတ်တပ်ရပ်နေသော မိန်းကလေးတစ်ယောက် အပေါ်သို့ ရောက်သွားလေသည်။ ထိုမိန်းကလေး၏အမည်မှာ ရှန်မန်းကီဖြစ်သည်။ သူမသည် ၁၆နှစ်အရွယ် အရွယ်ကောင်းဖြစ်ပြီး သူမ၏အသားအရေသည် နှင်းကဲ့သို့ ဖြူဆွတ်နေ၏။ သူမတွင် သဘာဝဆန်ဆန် သိမ်မွေ့လှသော သြဇာတိက္ကမတစ်မျိုးက ပေါ်ထွက်နေလေ၏။
ဆူဇီမိုသည် ရှန်မန်းကီ၏ စိတ်နေသဘောထားကို သူမ၏ မျက်လုံးများမှတစ်ဆင့် အဓိပ္ပါယ် ဖော်ကြည့်နေ၏။
သူတို့၏ တစ်ခါတုန်းက ကတိသစ္စာသည် ဒဏ္ဍာရီလာ အင်မော်တယ်ကံကြမ္မာ၏ရှေ့တွင် လွန်စွာ အရောင်မှိန်သွားလေသည်။ ဆူဇီမိုသည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် သူတို့နှစ်ယောက် ပြန်တွေ့ရလိမ့်မည်ဟူ၍ လုံးဝမျှော်လင့်မထားပေ။
တစ်ယောက်က ကောင်းကင်အမြင့်တွင် ရှိနေပြီး ကျန်တစ်ယောက်ကတော့ မြေပြင်ပေါ်မှာ မတ်တပ်ရပ်နေလေသည်။
ရှမ်မန်းကီသည်လည်း ဆူဇီမိုအား ငေးစိုက်ကြည့်နေ၏။ ထိုသူသည် တစ်ခါက သူမလေးစားအားကျ ပိုးပန်းခဲ့ရသော အမျိုးသားတစ်ယောက် ဖြစ်လေသည်။ ထိုသူသည် အသက်သုံးနှစ် အရွယ်မှာပင် ဉာဏ်ရည်ထက်မြက် အသိကြွယ်နေပြီး အသက်ခုနှစ်နှစ်အရွယ်တွင် ဂန္တဝင်စာပေကျမ်း ငါးစောင်ကို ကျွမ်းကျင်စွာ အာဂုံဆောင်နိုင်ခဲ့သည်။ အသက် ၁၂ နှစ်အရွယ်တွင် ကောလိပ်စာမေးပွဲ အောင်ခဲ့ပြီး အသက် ၁၇ နှစ်အရွယ်တွင် ခရိုင်အဆင့် စာမေးပွဲကို ဖြေဆိုအောင်မြင် ပြီးဆုံးခဲ့လေသည်။ ထိုကဲ့သို့သော ပါရမီရှင်မျိုးသည် ဒါကီတိုင်းပြည်တစ်ခုလုံးတွင်ပင် လွန်စွာ ရှားပါးလှပေသည်။ ထိုသူသည် အနာဂတ်တွင် သေချာပေါက် ထိတ်ထိတ်ကြဲ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပေလိမ့်မည်။
အကြီးဆုံးသခင်ဆူ(ဆူဇီမို၏အစ်ကို)၏ ထိန်းချုပ်ကွပ်ကဲမှုအောက်တွင် ဆူဇီမိုသည် သိုင်းပညာကို ဘယ်တုန်းကမှ မသင်ဖူးခဲ့ပေ။ ထိုသို့ဆိုလျှင်တောင် ဆူဇီမို၏ ဉာဏ်ရည်ထက်မြက်မှုနှင့် ဆိုလျှင် သိုင်းပညာသင်ကြားမှုကို စတင်လိုက်သည်နှင့် သူသည် ထိပ်ဆုံးအဆင့်တွေထဲသို့ တစ်ခဏနှင့် ဝင်ရောက်သွားနိုင်လိမ့်မည်ဟု ရှန်မန်းကီ ယုံကြည်ထားပေသည်။
သို့သော်လည်း သူမ၏ထင်မြင်ချက် မှားယွင်းခဲ့သည်ဆိုတာကို ရှန်းမန်းကီ သိခဲ့ရ၏။
ဆူဇီမိုသည် အဆုံးစွန်ထိ အောင်မြင်ခဲ့လျှင်ပင် ထိုအောင်မြင်မှုများသည် မော်တယ်ကမ္ဘာ၏ ကန့်သတ်မှုများ အတွင်း၌သာ ရှိပေလိမ့်မည်။ ထိုအောင်မြင်မှုများသည် အင်မော်တယ်တို့၏ မျက်လုံးထဲတွင် ဖော်ပြရန် မထိုက်တန်ပေ။ (မော်တယ်=သေမျိုး ၊ အင်မော်တယ်=မသေမျိုး)
ရှမ်မန်းကီသည် ယခုအခါ ဆူဇီမိုအား အထက်စီးကနေကြည့်ရန် အဆင့်မီသွားပြီ ဖြစ်လေသည်။
‘’မော်တယ်..သင်ဘာကြောင့် ဒူးမထောက်သေးတာလဲ’’
ရုတ်တရက် စစ်ကြောမေးမြန်းသံတစ်ခုက ဆူဇီမို၏ နားထဲတွင် မိုးချုန်းသံကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာ၏။ မူးဝေထုံထိုင်းသွားပြီးနောက် သူသည် မြေကြီးပေါ်သို့ ပစ်လဲကျမတတ် ဖြစ်သွား၏။
သူသည် ထိုအင်မော်တယ်ဆိုသူများအား ဒူးထောက်ခစားရန် စိတ်ကူးလုံးဝ မရှိပေ။ သို့သော် ထိုစိမ်းပြာဝတ်ရုံနှင့်လူသည် နိုင်ထက်စီးနင်းပြုကျင့်တတ်ပုံ ရလေ၏။ ဆူဇီမို၏ နှလုံးသားထဲတွင် တရားမျှတမှု မရှိသည့် ခံစားချက်က ဆူးတစ်ချောင်း ဖြစ်လာလေသည်။
ဆူဇီမိုသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ့နှလုံးသားထဲမှ မခံမရပ်နိုင်ဖြစ်မှုအား ဖိနှိမ်လိုက်လေသည်။ ထို့နောက်သူသည် ကျယ်လောင်စွာ အော်ပြောလိုက်၏။ ‘’ငါ..ငါ့ဘဝမှာ စာပေပညာရှင် ဂုဏ်ထူးဘွဲ့ကို ရယူနိုင်ခဲ့တယ်။ ဒါကီတိုင်းပြည်ရဲ့ အုပ်ချုပ်သူအရှေ့မှာတောင် ကျူပ်အနေနဲ့ ဒူးမထောက်ဘဲ နေမယ်ဆို နေလို့ရတယ်။ သင့်ရှေ့မှာ ကျုပ်က ဘာလို့ ဒူးထောက်ရမှာလဲ’’
မင်းငါ့ကို ဒူးထောက်စေချင်လေလေ ငါအဲ့ဒါကို ပိုပြီး မလုပ်ချင်လေလေပဲ။
ဂုဏ်ထူးဘွဲ့ဆိုသောအရာမှာ ဆူဇီမို ဒူးမထောက်ချင်၍ ပြောသော အကြောင်းပြချက်သာ ဖြစ်လေသည်။
စိမ်းပြာရောင်ဝတ်ရုံနှင့်လူထံမှ လွန်စွာ လွှမ်းမိုးခြယ်လှယ်နိုင်စိမ်းရှိသော အရှိန်အဝါ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သာမန်လူများသည် ကြောက်ရွံ့မှုဖြင့် တုတ်တုတ်မျှ မလှုပ်ရဲ၊ အသံမထွက်ရဲကြပေ။ သူတို့သည် ခေါင်းပင်မဖော်ဝံ့ကြပေ။
အခြားတစ်ဖက်မှာတော့ ဆူဇီမိုသည် အင်မော်တယ်တစ်ယောက်အား သာမန်လူတစ်ယောက် အနေဖြင့် ရင်ဆိုင်နေရသော်လည်း သူ၏အရှိန်အဝါမှာ အားနည်းသည်ဟု မထင်ရပေ။
‘’ကဲကဲ..တော်ပြီ။ သင်က မိုက်မဲတဲ့ အင်မော်တယ်တစ်ယောက်ပဲ။’’
စိမ်းပြာရောင် ဝတ်ရုံနှင့်လူ၏ နှုတ်ခမ်းသည် အနည်းငယ် တွန့်ကွေးသွား၏။ သူ၏အကြည့်သည် အေးစက်နေပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။ ‘’ကိစ္စက ဒီလိုအခြေအနေဖြစ်လာမှတော့ သင့်ရဲ့ပညာရှင် ဂုဏ်ထူးဘွဲ့ကို ဒီနေ့ကစလို့ ပယ်ဖျက်ရလိမ့်မယ်။’’
စိမ်းပြာရောင်ဝတ်ရုံနှင့်လူက ဆက်ပြောလေသည်။ ‘’ဒီနေ့ကစလို့ ဤလူသားကို လက်ခံရဲသော မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို ရောင်ဝါလင်းလက် တိမ်နန်းတော်နှင့် ငါ၊ ပကတိသက်ရှိကန်းလန်ရဲ့ ရန်သူအဖြစ် သတ်မှတ်မည်။ ‘’(ထိုလူ၏နာမည်မှာ ကန်းလန်ဖြစ်ပြီး ပကတိသက်ရှိမှာ သူကျင့်ကြံမှု၏ အဆင့်ဖြစ်သည်။ ရောင်ဝါလင်းလက်တိမ်နန်းတော်ကတော့ သူ၏ဂိုဏ်းနာမည် ဖြစ်သည်။)
ရောင်ဝါလင်းလက်တိမ်နန်းတော်နှင့် ပကတိသက်ရှိကန်းလန်ဟူသော စကားလုံးများကြောင့် ဒူးထောက်နေသော ကိုးဂန်သည် ကြက်သေသေသွားလေသည်။ ပြီးနောက် သူသည် တုန်ယင်နေသော အသံဖြင့် ထပြောလိုက်လေ၏။ ‘’ပကတိအရှင် စိတ်ချပါ.. ဒါကီတိုင်းပြည်၌ ဆူဇီမိုသည် နိမ့်ကျသော သာမန်လူတစ်ယောက် အနေဖြင့် သူ့ဘဝတစ်သက်လုံး နေရစေပါမယ်။’’
‘နိမ့်ကျသော သာမန်လူတစ်ယောက် အနေဖြင့် တစ်သက်လုံး’
စကားလုံးအနည်းငယ်မျှနှင့် ဆူဇီမို၏ ကံကြမ္မာသည် ဆုံးဖြတ်ချက် ချခံရပြီးသား ဖြစ်သွားလေသည်။
ရှန်မန်းကီ၏ မျက်လုံးထဲတွင် နှမြောတမ်းတသော အရိပ်အယောင်များ ဖြတ်သွားလေ၏။ အခြားတစ်ဖက်မှာတော့ ဇောင်ဒင်းယွမ်က ကြိတ်ပြီးကျေနပ်နေလေသည်။
ဆူဇီမိုသည် အလွန်တည်ငြိမ်နေပုံ ရ၏။ ထိုအရာက သူ့အပေါ် မည်သို့မျှ အကျိုးသက်ရောက်မှု မရှိသည့် အတိုင်းပင်။
ခဏကြာပြီးနောက် ဆူဇီမိုသည် အားရပါးရ ရယ်မောလိုက်ကာ သူ့ကိုယ်သူ သရော်လိုက်လေသည်။ ‘’အဲ့ဒီ ပညာရှင် ဂုဏ်ထူးဘွဲ့တွေက အဲ့လို စျေးပေါနေမှတော့ ငါက အဲ့ဒါတွေကို ဘာလို့ လိုနေဦးမှာလဲ။’’
‘’ဟမ့်’’
ပကတိကန်းလန်၏ ရှည်လျားကျဉ်းမြောင်းသော မျက်လုံးနှစ်လုံးက ထိလုမတတ် တွန့်သွား၏။ ဆူဇီမို၏သွေးတိုးစမ်းစကားက သူ၏သတ်ဖြတ်လိုစိတ်ကို နှိုးဆွပေးလိုက်သလိုပင်။
ထိုအချိန်တွင် ဆူဇီမို၏ဘေးတွင် ရပ်နေသော ဇူဖန်သည် ရုတ်တရက် စိတ်မသက်သာသည့်ပုံစံနှင့် လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။ သူ၏ခွာများသည် မြေကြီးကို ယက်နေပြီး အဆက်မပြတ် ဟီနေလေ၏။
ဆူဇီမို၏မျက်နှာသည် ထူးမခြားနားပုံစံနှင့် ရှိနေသော်လည်း စိတ်ထဲမှာတော့ ထင့်နေလေသည်။ အတိတ်ကာလတုန်းက ဇူဖန်သည် သူအသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရသောအခါ ဤကဲ့သို့သော အပြုအမူမျိုးကို လုပ်လေ့ရှိခဲ့၏။
‘’အဲ့ဒါက တစ်ကယ်ပဲ စိတ်ဝိညာဉ်တောကောင်ပဲ.. ဟမ့်.. သူက ငါ့ရှေ့မှာ ဘယ်လိုတောင် ဇောင်းကြွရဲတာလဲ။’’
ပကတိကန်းလန်က ခပ်တိုးတိုးပြောလိုက်သည်။ သူသည် ဇူဖန်ကို လက်ညိုးဖြင့် အသာအယာ ချိန်ရွယ်လိုက်လိုက်၏။
တုံ့ပြန်ိဖု့ပင် အချိန်မရလိုက်ဘဲ အနီရောင် အလင်းတန်းတစ်ခုသည် ဇူဖန်၏ ခန္ဓာကိုယ်ထဲသို့ ဖျတ်ကနဲ ဝင်ရောက်သွားလေ၏။
အားလုံး၏အကြည့်အောက်မှာပင် ဇူဖန်၏ခန္ဓာကိုယ်တစ်ဝိုက်တွင် ခြစ်ခြစ်တောက်ပူပြင်းလှသော မီးတောက်များ ဖြာထွက်လာပြီး တစ်ခဏအတွင်းမှာပင် ဇူဖန်အား မီးတောက်များက ဝါးမြိုသွားလေ၏။
‘’ရွှတ်..ရွှတ်’’
ဤမီးတောက်သည် လွန်စွာအားကောင်းလှပြီး ဆူဇီမိုကိုပင် ကူးစက်လောင်ကျွမ်းတော့မည်ကဲ့သို့ ရှိ၏။
ဆူဇီမိုသည် ရိုးရိုးစာပေသမားတွေလိုမျိုး အားမနည်းလှသော်လည်း သူသည် ဤကဲ့သို့သော ထူးခြားဆန်းပြားသည့် နည်းလမ်းများးကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ သူသည် လုံးဝကြက်သေ သေသွားပြီး မြေကြီးပေါ်တွင် အမြစ်တွယ် ရပ်နေမိလေ၏။
မီးတောက်များက ဆူဇီမိုအား ကူးစက်လောင်ကျွမ်းတော့မည့် အချိန်တွင် ဇူဖန်သည် ဝမ်းနည်းဖွယ်ကောင်းစွာ ဟီလိုက်ပြီး အဝေးသို့ ရူးသွပ်စွာ ကဆုန်ပေါက် ပြေးသွားလေ၏။ ဇူဖန်ပြေးလာသောအခါ လူအုပ်ကြီးသည် လွတ်ရာသို့ ဝရုန်းသုန်းကား ထွက်ပြေးကြလေ၏။ ခြေလှမ်းအနည်းငယ် သွားပြီးနောက် ဇူဖန်သည် မြေကြီးပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားလေ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ပြာပုံအဖြစ်သို့ လောင်ကျွမ်းသွားပြီး အရိုးတစ်ချောင်းပင် မကျန်ခဲ့ပေ။
ထိုဖြစ်စဉ်တစ်ခုလုံးသည် အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဖြစ်ပွားခဲ့တာ ဖြစ်သည်။ ထိုကဲ့သို့သော မီးတောက်သည် မော်တယ်ကမ္ဘာတွင် တွေ့ရလေ့ရှိသော မီးတောက်မျိုး မဟုတ်ပေ။
စဉ်းစားကြည့်ပါက ဇူဖန်သာ အချိန်မှီ ကဆုန်ပေါက်ပြေးမသွားခဲ့လျှင် ထိုမီးတောက်သည် ဆူဇီမိုထံသို့ ကူးစက်သွားမည် ဖြစ်သည်။ ထိုအခါ သူသည်လည်း ပြာပုံဘဝသို့ ရောက်သွားလိမ့်မည် ဖြစ်သည်။
‘’သူ့သခင်ကို အစွမ်းကုန်ကာကွယ်ပေးတတ်တဲ့ မြင်းလိမ္မာလေးပဲ။ ဘယ်လောက်သနားစရာ ကောင်းလိုက်လဲ။’’ ဝံပုလွေအစောင့် ကိုးဂန်က တိတ်တိတ်လေး ရေရွတ်လိုက်၏။
ညင်သာသည့်လေပြေလေးများက တိုက်ခတ်နေ၏။ ဇူဖန်၏ပြာများသည် လေထဲတွင် လွင့်မျောနေပြီး အချိန်အတော်ကြာသည့်အထိ ပျောက်ကွယ်မသွားပေ။ အဲ့ဒါကို သူ့သခင်ကို နောက်ဆုံး အနေဖြင့် နှမြောတမ်းတစွာ နှုတ်ဆက်နေပုံ ရလေ၏။
ပကတိကန်းလန်သည် ဆူဇီမိုအား မသတ်ရသေးပေ။ သူ၏မျက်လုံးထဲတွင် အေးစက်ခက်ထန်မှုက ဖြတ်ပြေးသွား၏။ သူ၏ သတ်ဖြတ်လိုစိတ်က တစ်ဖန်ပြန်ပေါ်လာလေ၏။
‘’ဆရာ ထားလိုက်ပါတော့..သူက သေမျိုးတစ်ယောက်ပဲကို။ ဆရာရဲ့အဆင့်အတန်းကို နှိမ့်ချပြီး သူ့ကို ဘာလို့ အရေးလုပ်နေမလဲ။’’ ရှန်မန်းကီက မြေပြင်ပေါ်တွင်ရှိသော ဆူဇီမိုကို တစ်ချက်ကြည့်ပြီး အသံခပ်တိုးတိုးဖြင့် ပြောလိုက်လေ၏။ တစ်ကယ်တမ်း သူမသည် ဆူဇီမိုအား ထိခိုက်အနာတရ မဖြစ်စေချင်ပေ။
ပကတိကန်းလန်သည် အနည်းငယ် တွေဝေနေသည်။ သေမျိုးအင်မော်တယ်တစ်ယောက်နှင့် ပတ်သတ်ပြီး ထိုသို့ဆက်တိုက်ဆက်လက် ပြုမူနေလျှင် သူ၏ အဆင့်အတန်းအား တစ်ကယ်တန်း နှိမ့်ချရာ ရောက်ပေသည်။
ဇောင်ဒင်းယွမ်သည် ဆူဇီမိုအား အသာတစ်ကြည် ပေးမသွားစေချင်ပေ။ သူသည် လျှင်မြန်စွာ ပြောလိုက်လေသည်။ ‘’ဆရာ ဒီကိစ္စကို တစ်ခါတည်း အမြစ်ဖြတ်လိုက်ရင် ကောင်းမယ်နော်။ ဒီလူက အနာဂတ်မှာ ဆရာအတွက် ပြဿနာအကြီးကြီး ဖြစ်လာနိုင်တယ်။’’
ပကတိကန်းလန်သည် အစက တွေဝေနေသေး၏။ ဇောင်ဒင်းယွမ်၏ စကားအားကြားပြီးနောက် သူ၏ရင်ထဲမှ မောက်မာမှု မာန်မာနက ထကြွလာလေ၏။ သူသည် မထီတရီပြုံးရင်း ပြောလိုက်လေ၏။ ‘’သူက စိတ်ဝိညာဉ်ရင်းမြစ်တောင် မရှိတဲ့ နိမ့်ကျတဲ့သာမန်လူတစ်ယောက်ပဲကို။ သူက ကျင့်ကြံခြင်း လမ်းစဉ်ထဲကိုတောင် ဝင်လို့ မရနိုင်တာ။ သူရဲ့ အနာဂတ် အလားအလာက စောစောက သေသွားတဲ့ မြင်းနဲ့တောင် ယှဉ်လို့ မရဘူး။’’
“သူ့ရဲ့ အသုံးမကျတဲ့ဘဝကို ခဏလောက် ရှင်သန်ခွင့် ပေးထားလိုက်တော့ရော ဘာဖြစ်နိုင်မှာလဲ။ သူက နောင်တစ်ချိန် ငါ့အတွက် ပြဿနာကြီး ဖြစ်လာမှာတဲ့လား။ ဟမ့်..နောင်ဘဝမှသာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။’’
ဇောင်ဒင်းယွမ်သည် သူ့ကိုယ်သူ တိတ်တိတ်လေး ကျိန်ဆဲလိုက်၏။ သူဝင်ပြောလိုက်ကာမှ သူဖြစ်ချင်တာနှင့် ပို၍ ဆန့်ကျင်ဘက် ဖြစ်သွားလိမ့်မည်ဟူ၍ မထင်ထားပေ။
ဆူဇီမိုသည် ဘာစကားမျှ မပြောတော့ပေ။ သူသည် ကျန်ရှိနေသေးသော ဇူဖန်၏ပြာ လက်တစ်ဆုပ်စာကို ကောက်ယူကာ တိတ်တဆိတ် လှည့်ထွက်ခဲ့လေ၏။
ပကတိကန်းလန်သည် ပမာမခန့်ပုံစံနှင့် ခပ်ပေါ့ပေါ့ပင် ပြောလိုက်လေ၏။
‘’နိမ့်ကျတဲ့ ပုရွက်ဆိတ်လေးက ကောင်းကင်ကို တမ်းတနေပေမယ့်လဲ..သူက လင်းယုန်ရဲ့ အတောင်ပံတွေကို ဘယ်လိုထိနိုင်မှာတဲ့လဲ။’’
ဆူဇီမို ဒီတိုင်းပဲအေးဆေးထွက်ခွာသွားတာကို ကြည့်ပြီးနောက် ဇောင်ဒင်းယွမ်သည် မကျေမနပ် ဖြစ်နေလေ၏။
ဒီစာပေသမားကြောင့်သာ မဟုတ်လျှင် သူသည် အကျဉ်းထောင်ထဲရောက်ကာ ဆိုးဆိုးရွားရွား ခံစားခဲ့ရမည် မဟုတ်ပေ။ ထိုအရာကို တွေးလိုက်ပြီးနောက် သူသည် ပို၍မကျေမနပ် ဖြစ်လာလေ၏။ သူဘာတွေကျိတ်ကြံနေလဲဆိုတာ သူသာ သိပေလိမ့်မည်။
ဆူဇီမို၏ အထီးကျန် ဝမ်းနည်းနေပုံကို ကြည့်၍ ရှန်မန်းကီသည် တိတ်တိတ်လေး သက်ပြင်းချလိုက်လေ၏။ နာရီဝက်လောက်အတွင်းမှာပင် ဤသူသည် အရာအားလုံးကို ဆုံးရှုံးလိုက်ရလေသည်။ သူ့ရဲ့သနားစရာ မာန်မာနတစ်ခုသာလျှင် ကျန်ခဲ့တာ ဖြစ်ပေလိမ့်မည်။ သို့သော် ထိုမာန်မာန ရှိတော့ရော ဘာအသုံးဝင်မှာတဲ့လဲ။
‘’အာ..ဒုတတိယ သခင်လေးဆူက သူ့ရဲ့စာပေဘွဲ့တွေကို ရုတ်သိမ်းခံလိုက်ရပြီး နိမ့်ကျတဲ့ သာမန်လူတစ်ယောက် ဖြစ်သွားရှာပြီ။ အခုဆို သူက အသုံးမကျတဲ့လူတစ်ယောက်နဲ့ ဘာများကွာတော့မလဲ။’’
‘’ဆူမိသားစုရဲ့ သခင်လေးနှစ်ယောက်မှာဆိုရင် တစ်ယောက်က သိုင်းပညာတော်တယ်။ နောက်တစ်ယောက် ပညာတတ်တယ်။ စောစောပိုင်းနှစ်တွေကစလို့ သူတို့ရဲ့အင်အားနဲ့ အဆင့်အတန်းကို တစ်ဟုန်ထိုး မြှင့်တင်နိုင်ခဲ့တာ။ သူတို့မိသားစုအတွက် အခုလို ရိုက်နှက်ချက်မျိုး ရောက်လာလိမ့်မယ်လို့ ထင်တောင်မထားဘူး။ အကြီးဆုံး သခင်ဆူက မူလအဆင့် ပညာရှင် ဖြစ်နေလို့သာ တော်သေးတယ်။’’
‘’မူလအဆင့် ကျွမ်းကျင်သူဆိုတော့ရော ဘာလုပ်လို့ ရမှာလဲ။ ကန်းလန်မြို့ရဲ့အရှင်ကိုးကလဲ မူလအဆင့် ပညာရှင်ပဲလေ။ သူကရော အင်မော်တယ်တွေကို တွေ့ရင် ဒူးမထောက်ရလို့လား။’’
ပကတိကန်းလန်ပြောခဲ့တဲ့စကားအရဆိုရင် ဒုတတိယသခင်လေးဆူက ကျင့်ကြံမှုလမ်းကြောင်းထဲကို ဝင်လို့ မရနိုင်ဘူးတဲ့။ သူစိတ်ပျက်အားငယ်ပြီး သေသွားမလားတောင် စိုးရတယ်။’’
ဆူဇီမိုသည် ခေါင်းကို ငုံ့ထားသည်။ သူသည် လမ်းသွားလမ်းလာတွေ၏ တီးတိုးဆွေးဆွေးနွေး ပြောစကားများကို မကြားသလိုပင် တိတ်တိတ်လေး လျှောက်သွားလိုက်၏။
‘’ဇီမို ခဏလောက် နေပါဦး..’’
ဤအသံသည် သူနှင့် အလွန်ရင်းနှီးပုံ ရလေ၏။ သို့သော် ခေါ်ပုံအသုံးအနှုန်းကတော့ တစ်မျိုး စိမ်းနေလေ၏။ ဒီနေ့မတိုင်ခင်ကဆိုလျှင် သူ့နောက်မှ မိန်းကလေးသည် သူ့ကို အစ်ကိုဇီမိုဟု တစ်ရင်းတစ်နှီး အမြဲခေါ်ဆိုလေ့ ရှိခဲ့၏၏။
ဆူဇီမိုသည် ရပ်တန့်မသွားဘဲ ဆက်လက်လျှောက်သွား၏။ ရှန်းမန်းကီသည် နောက်မှ အမှီပြေးလိုက်လာလေ၏။ သူမူ၏ နှာခေါင်းဖျားတွင် ချွေးစက်လေးများသီးနေပြီး မျက်မှောင်ကြုတ်ကာ အမောတကောဖြင့် ပြောလိုက်လေ၏။ ‘’ဇီမို နင်စာတွေလေ့လာတာများပြီး ရူးသွားတာလား။ နင်..ခဏလောက်လေး ဒူးထောက်ရင် ဘာဖြစ်သွားမှာမလို့လဲ။’’
‘’ဘာမှတော့ မဖြစ်ပါဘူး။ ဒီတိုင်းပဲ ငါမလုပ်ချင်လို့။’’ ဆူဇီမို အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
ရှန်မန်းကီသည် ဆူဇီမိုက သူမခေါ်တာကို လှည့်ပင်မကြည့်ဘဲ ဆက်လျှောက်သွားလို့ စိတ်တိုနေတာ ဖြစ်သည်။ ယခု ဆူဇီမို ပြောတာကို ထပ်ကြားပြီးနောက် သူမ၏ဒေါသများက တစ်လိပ်လိပ်တက်လာလေသည်။ သူမသည် ခြေလှမ်းကို အမြန်လှမ်းလိုက်ကာ ဆူဇီမို၏ အရှေ့မှ ပိတ်ရပ်လိုက်လေ၏။
‘’ဆူဇီမို…အိပ်မက်ကနေ နိုးထစမ်းပါ။’’ ရှန်မန်းကီသည် ဆူဇီ၏မျက်လုံးကို စိုက်ကြည့်ပြီးနောက်
ကျယ်လောင်စွာ အော်ပြောလိုက်လေ၏။’’
‘’လက်စားချေဖို့ စဉ်းစားနေတာလား။ အဲ့ဒါက ဘယ်လိုမှ ဖြစ်နိုင်မှာ မဟုတ်ဘူးနော်။ အခုပဲ နင့်အသက်က ၁၇နှစ်ကို ရောက်နေပြီ။ အဲ့ဒါက သိုင်းပညာစသင်ဖို့ အရွယ်ကောင်းကို ကျော်နေပြီ။ ပြီးတော့ နင့်မှာ စိတ်ဝိညာဉ်ရင်းမြစ်တောင် မရှိတာ ဘယ်လိုကျင့်ကြံမှာလဲ။ နင့်အနေနဲ့ မူလအဆင့်ထိရောက်အောင် လေ့ကျင့်နိုင်ရင်တောင် အဲ့ဒါက မော်တယ်အဆင့်မှာပဲ ရှိတယ်။ အင်မော်တယ်တွေရဲ့အရှေ့မှာဆို အဲ့ဒါက ဘာမှ သုံးစားမရဘူး။’’
ဆူဇီမိုသည် ဘာမှပြန်မပြောဘဲ ရှန်မန်းကီကို တိတ်တဆိတ်သာ ကြည့်နေလိုက်၏။ ရှန်မန်းကီသည် ဆူဇီမို၏ အကြည့်ကို ရင်မဆိုင်ရဲဘဲ ခေါင်းငုံ့ပြီး တိုးညှင်းစွာ ပြောလိုက်လေ၏။
‘’ဟုတ်တယ် ငါတို့ ကတိသစ္စာထားခဲ့ကြတယ်။ ဒီနှစ်တွေထဲမှာ ရှန်မိသားစုကို အကူအညီတွေပေးခဲ့လို့ ငါနင့်ကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမယ့် .. အကုန်လုံးက အတိတ်မှာ ကျန်ခဲ့ပြီ။ ပြီးတော့ အခုချိန်ကစလို့ ငါတို့က မတူညီတဲ့ကမ္ဘာမှာ ရှိနေကြပြီ။’’
ဆူဇီမိုက ရယ်လိုက်လေသည်။ သူသည် မျက်ခုံးကိုပင့်ပြီး မေးလိုက်လေ၏။ ‘’မင်းရဲ့ကမ္ဘာက အရမ်းကို ခမ်းနားတာပဲလား။’’
ရှန်မန်းကီက ပြောလိုက်သည်။ “ဇောင်ဒင်းယွမ်နဲ့ငါက မနက်ဖြန်ဆို ဆရာနဲ့အတူ ဒီပင်ယန်းမြို့ကနေ ထွက်သွားတော့မယ်။ ငါနင့်ကို နှုတ်ဆက်ဖို့ လာခဲ့တာ။ ဒီလို အဓိပ္ပါယ်မရှိတဲ့အရာတွေနဲ့ အချင်းများ မနေချင်ဘူး။’’
‘’စိတ်ချလက်ချသွားပါ။ ငါနင့်ကို လိုက်ပို့မပေးတော့ဘူး။ ငါတို့ ရေစက်မကုန်သေးရင် ပြန်တွေ့ကြသေးတာပေါ့။’’ ဆူဇီမိုသည် အထီးကျန်စွာဖြင့် ရှန်မန်းကီ၏ဘေးမှ ဖြတ်လျှောက်သွားလိုက်သည်။
သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ပုခုံးချင်းပွတ်တိုက်မိဆဲဆဲတွင် ရှန်မန်းကီက ညင်သာစွာ တိုးတိုးလေး ပြောလိုက်လေသည်။ ‘’ငါတို့ရဲ့ရေစက်က ဒီမှာတင် ကုန်သွားပြီပဲ။ ငါတို့ကို မော်တယ်နဲ့ အင်မော်တယ် ကမ္ဘာက ပိုင်းခြားထားလိုက်ပြီ။ ငါစိတ်မကောင်းပါဘူး…ငါတို့ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူး။’’
ဆူဇီမိုသည် သူ၏ခြေလှမ်းကို ခဏရပ်လိုက်၏။ ထို့နောက် ဘာစကားမျှ ထပ်မပြောဘဲ အဝေးသို့ ထွက်သွားလေတော့၏။