Chapter – 11.1 ” အား အနည်းဆုံး ကျောင်း အတန်းခေါင်းဆောင် ”
°°°
ဟို့ယွိဟောင် ဆယ့်ပတ်မြောက်ပြေးပြီချိန်မှာပဲ သူ့တစ်က်ိုယ်လုံးက ချွေးတွေ ရေလောင်းချထားခံရသလို စိုရွှဲနေခဲ့ပါပြီ။ အရှေ့ဆုံးနေရာမှာ ရှိနေတဲ့ ၀မ်သုန့်ကတော့ သူ့ကို သုံးကြိမ်တိတိ ကျော်သွားခဲ့ပါတယ်။ တခြားကျောင်းသားတွေကလဲ အနည်းဆုံးတော့တစ်ကြိမ် ကျော်သွားပြီသား ဖြစ်နေခဲ့တယ်။ အတော်များများက သူ့ကို စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေကြဆဲပါ။ ဟို့ယွိဟောင်က အားလုံးထဲမှာ အားအနည်းဆုံးဆိုတာကို လူတိုင်းက သိနေခဲ့ပါတယ်။
ဒါပေမယ့် အရှေ့ဆုံးရှိနေတဲ့ ကျောင်းသားတွေရဲ့ ပြေးနေတဲ့အရှိန်နှုန်းကတောင် စတင်ပြီး နှေးကွေးလို့လာခဲ့ပါပြီ။ အချိန်တွေကုန်ဆုံးလာတာနဲ့အမျှ သူတို့သယ်ဆောင်ထားရတဲ့ သံကြိုးတွေရဲ့ ရလဒ်က ပိုလို့တောင် သိသာထင်ရှားလာပါတော့တယ်။ ၀မ်သုန့်မျက်နှာတစ်ခုလုံးတောင် ချွေးတွေစပြီ ထွက်နေခဲ့ပါပြီ။
၀မ်သုန့်နောက်ကိုလိုက်နေခဲ့ကြတဲ့ အမျိုးသားကျောင်းတော်သားတစ်ချို့ကလဲ နောက်ကျကျန်ရစ်ခဲ့ပါတော့တယ်။ ဒါ့အပြင် တစ်ချို့အနောက်ဖက် ကျောင်းတော်သားက သူတို့ကို ပြန်ပြီး ကျော်တက်သွားခဲ့ပါတယ်။
ပြေးနေတဲ့ လမ်းကြောင်းတစ်လျှောက်မှာ ချွေးတွေကတော့ ရေတွေလိုမျိုး ကျဆင်းနေကြပါပြီ။ တစ်နာရီနီးပါးကုန်ဆုံးသွားပြီတဲ့နောက် ခန္ဓာကိုယ်အားနည်းတဲ့ အမျိုးသမီးကျောင်းတော်သားတစ်ယောက်က မြေပြင်ပေါ်ကို လှဲကြသွားပါတော့တယ်။ မတ်တပ်ထရပ်ဖို့အတွက် အတော်လေးကို ရုန်းကန်နေခဲ့ရပေမဲ့ သူမ ဘာမှမလုပ်နိုင်ပါဘူး။ ၀မ်သုန့်ကတော့ အဲ့ဒီလိုဖြစ်သွားချိန် သူ့နောက်မှာပြေးနေခဲ့တာပါ။ သူမကို ပြန်ထူပေးရင်းနဲ့ နှစ်သိမ့်လို့နေခဲ့တယ်။ ဒါပေမယ့် အမျိုးသမီးကျောင်းတော်သားကတော့ ခေါင်းခါရင်းနဲ့ ရင်ပြင်ပေါ်မှာ ထိုင်ချလိုက်ပါပြီ။ သူပြန်ပြီးမထချင်တော့ပါဘူး။ စကားပြောဖို့အတွက် စွမ်းအင်တောင်မရှိတော့ပဲ ဖြစ်နေခဲ့တယ်။
ပထမတစ်ယောက် ဒီလိုလှဲသွားပြီတာနဲ့ ဒုတိယတစ်ယောက်ရဲ့ လှဲကျသံကလဲ နောက်တစ်ကြိမ် ထွက်ပေါ်လို့လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးကျန်ရစ်မဲ့သူက ဟို့ယွိဟောင် ဖြစ်နေမယ်ဆိုတာ သူတို့အားလုံးသိထားပြီသား ဖြစ်နေလို့ပါပဲ။ ကျောင်းတော်သားတွေအားလုံးက စိတ်ခွန်အားသိပ်ပြီး မသန်မာကြပါဘူး။
ဒါကြောင့် သယ်ဆောင်လာရတဲ့သံကြိုးကြီးတွေရဲ့ လေးလံမှုက ပြေးနေစဥ်အချိန်မှာ အတော်ကိုကြီးမားလွန်လှပါတယ်။ ဒါကြောင့် အားလုံးအရှိန်အပြည့်နဲ့ အစပိုင်းမှာပြေးခဲ့ကြတဲ့အတွက် ၀ိညာဥ်အင်အားကလဲ အလျင်အမြန်ကုန်ဆုံးလို့သွားခဲ့တယ်။ တခြားတစ်ဖက်မှာတော့ သူတို့ခန္ဓာကိုယ်ပေါ်မှာ ရှိနေခဲ့တဲ့ သံကြိုးကြီးတွေက သူတို့အသက်အရွယ်နဲ့မလိုက်ဖက်အောင် အရမ်းကို ဖိအားများလွန်နေခဲ့ပါတယ်။
နှစ်နာရီကုန်ဆုံးသွားချိန်မှာတော့ ကျောင်းတော်သားတစ်၀က်နီးပါးက ရင်ပြင်ပေါ်လှဲကျနေခဲ့ပါပြီ။ ကျိုးယိကတော့ အစကနေ အဆုံးအထိ မျက်နှာသေနဲ့သာ ရပ်ကြည့်နေခဲ့ပါတယ်။ ဘယ်သူကိုမှလဲ တွန်းအားမပေးခဲ့ပါဘူး။
ဟို့ယွိဟောင်ကလဲ သူမတောင့်ခံနိုင်တော့တဲ့အနေအထားအထိကို ရောက်ရှိနေခဲ့ပါပြီ။ သူ့က အရှိန်နှုန်းကို တစ်သတ်မှတ်ထဲထားရင်း ပြေးနေခဲ့ပေမဲ့ ခန္ဓာကိုယ်စွမ်းအားက အနှိမ့်အပါးဆုံးဖြစ်တာကြောင့် ၀ိညာဥ်အင်အားကလဲ ပိုလို့နည်းပါးနေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့ခန္ဓာကိုယ်က တောင့်ခံနိုင်တော့မဲ့အလားအလာ မရှိပါဘူး။ လက်ရှိအချိန်အထိ ပြေးနေနိုင်တာတင် သူ့အတွက်ကို အတော်လေး ခက်ခဲနေခဲ့ပြီး သူပြီးမြောက်သွားခဲ့တဲ့ အပတ်ရေးကိုကြည့်မယ်ဆိုရင် သူက နောက်ဆုံးမှာ ရှိမနေခဲ့တော့ပါဘူး။ မနားတမ်းပြေးနေခဲ့တာကြောင့် အရှေ့ကို ပြန်ရောက်သွားပါတော့တယ်။
သူ့ရဲ့ မျက်စိရှေ့မြင်ကွင်းက ဖြည်းဖြည်းချင်းဆိုသလို မှောင်မိုက်လို့လာခဲ့ပါပြီ။ ရုတ်တရက်ဆိုသလို သူ့အစားအိမ်အောက်ဖက်ထဲကနေ မီးလျှံလိုအလင်းလုံးတစ်ခုစတင် တောက်လောင်လာတာကို ခံစားလိုက်ရပါတယ်။ ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံးလဲ ချွေးတွေက အရင်ကထက်ပိုပြီး အရှိန်အဟုန်ပြင်ပြင်နဲ့ ထွက်ပေါ်လို့လာတော့တယ်။ ဒါ့အပြင် သံကြိုးကြီးကို သယ်ထားရတာကြောင့် သံကြိုးသယ်ထားရတဲ့ပုခုံးနဲ့ ကျောတွေပေါ်မှာ ယားယံမှုက စတင်လို့လာခဲ့ပါပြီ။
” မဖြစ်တော့ဘူး ငါနောက်ထပ် မတောင့်ခံထားနိုင်တော့ဘူး”
ဟို့ဟွိဟောင်ရဲ့စိတ်ထဲမှာ အသံတစ်သံက ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေခဲ့ပါတယ်။ သူ့ရဲ့ ၀ိညာဥ်စွမ်းအားကို အသုံးရင် စိတ်၀ိညာဥ်မျက်လုံးထဲကို ခက်ခက်ခဲခဲ အားအင်ဖြည့်တင်းလိုက်တယ်။ စိတ်၀ိညာဥ်မျက်လုံးရဲ့ ကြည်လင်တဲ့ခံစားချက်က သူ့ကို အနည်းငယ်တော့ သက်သောက်သက်သာ ဖြစ်သွားစေခဲ့ပါတယ်။
” ဒီလိုဖြစ်လို့မရဘူး ငါဒီလိုလှဲကျသွားလို့မရဘူး နောက်ဆုံးအထိ တောင့်ခံထားနိုင်မှရမယ် ”
သူ့ရှေ့မှာပြေးနေဆဲဖြစ်တဲ့ ကျောင်းသားတွေကိုကြည့်ရင်း သူတွေးနေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားတွေ အများကြီးကုန်ဆုံးပြီတဲ့နောက် ကျင့်ကြံဆင့်က တိုးလာတဲ့အကြောင်းကို သူပြန်ပြီးတွေးနေခဲ့မိတယ်။ ဟို့ယွိဟောင် ရုတ်တရက်ဆိုသလို သူ့လျှာသူပြန်ကိုက်လိုက်ရင်း ဆက်ပြီးပြေးနေစေဖို့အတွက် စိတ်ကိုသတိပေးနေခဲ့ပါတယ်။
ရုတ်တရက်ဆိုသလို နူးညံ့ပြီ နွေးထွေးတဲ့သက်သောက်သက်သာရှိလှတဲ့ ခံစားချက်က ၀မ်းဗိုက်အောက်ခြေကနေစတင် ပြန့်နှံ့လာတာကို ခံစားလိုက်ရပါတယ်။ ၀ိညာဥ်စွမ်းအားက ကုန်ဆုံးလုနီးပါးဖြစ်နေခဲ့ပေမဲ့ ဒီနွေးထွေးတဲ့ခံစားချက်က သူ့ရဲ့အရိုးတွေနဲ့ ခြေလက်တွေအထိကို ဖြည်းဖြည်းချင်းဆီ စီးဆင်းလို့သွားခဲ့ပြီ။ နာကျင်နေတဲ့ ကြွက်သားတွေကိုလဲ အနည်းငယ်သက်သာရာ ရသွားစေခဲ့တယ်။ ဒါက ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ စွမ်းအားလား။
ဟို့ယွိဟောင်လဲ ဒီနွေးထွေးတဲ့ခံစားချက်ကို ချက်ချင်းဆိုသလို သတိထားမိပါတယ်။ ထူးဆန်းကောင်းကင်နည်းလမ်းကို ကျင့်ကြံပြီတဲ့နောက် အဲ့ဒီစွမ်းအင်က ၀မ်းဗိုက်ရဲ့အောက်ဖက်ပိုင်းမှာ အမြဲတမ်းသွားပြီစုစည်းနေခဲ့တယ်။ ဒီနည်းလမ်းကို သူကျင့်ကြံတာ အတော်လေးကို တိုတောင်းလွန်ပေမဲ့ ၀ိညာဥ်စွမ်းအားရဲ့ အခြေခံကတော့ ရှိနေခဲ့ပါပြီ။ ဒါ့အပြင် အစောပိုင်းတုန်းက ထူးဆန်းကောင်းကင်နည်းလမ်းကို အသုံးပြုပြီ ပြောင်းလဲထားတဲ့၀ိညာဥ်စွမ်းအားတွေကလဲ သူ့ခန္ဓာကိုယ်ထဲမှာ အနည်းထိုင်လို့နေခဲ့ပါတယ်။
သူ့အစ်ကိုကြီးရော ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကပါ ဒီနည်းလမ်းက သူ့အတွက် အရမ်းကိုသင့်တော်တဲ့အကြောင်း ပြောခဲ့ဘူးတယ်။ သူ့ရဲ့ စွမ်းအင်ဖြတ်သန်းရာ လမ်းကြောင်းတွေကို အာဟာရဖြည့်တင်းပေးနိုင်ရုံနဲ့တင်မကပဲ စီးဆင်းမှုကိုလဲ ချောမွေ့စေတယ်။ နောက်ဆုံးမှာတော့ အကျိုးသက်ရောက်မှုရှိလာပြီလား။
ဒီအကြောင်းကို စဥ်းစားရင်းနဲ့ ဟို့ယွိဟောင်က ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ လှည့်ပတ်တဲ့လမ်းကြောင်းတွေကို စတင်ပြီ တွေးတောပါတော့တယ်။ အဲ့ဒီနောက် သူနားလည်သဘောပေါက်လို့သွားခဲ့တယ်။ အတားအဆီးတွေကို မခံစားရတော့ပဲ နွေးထွေးတဲ့ခံစားချက်ကသာ သူ့အသိစိတ်နဲ့တူတူ လှည့်ပတ်လို့နေခဲ့ပါတော့တယ်။
ဟို့ယွိဟောင်က ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ၀ိညာဥ်အင်အားထဲမှာ အားနည်းတဲ့အရိပ်အယောင်တစ်ချို့ကို စတင်ပြီ တွေ့မြင်ရတယ်။ အဲ့ဒီအငွေ့အသက်တွေက သူ့ရဲ့စွမ်းအင်အရင်းအမြစ်လမ်းကြောင်းတွေကို ဖြည်းဖြည်းချင်းဖြတ်သန်းသွားလာရင်း နွေးထွေးတဲ့ခံစားချက်ကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။
ဒီအရာက သူ့ကို ပိုပြီးတော့တောင် အံ့အားသင့်လာစေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ စွမ်းအင်အရင်းအမြစ်လမ်းကြောင်းတွေထဲကို ဖြတ်သန်းသွားလာတဲ့ စွမ်းအားတွေက အရမ်းကို မြန်ဆန်းတဲ့အရှိန်နှုန်းနဲ့ စုပ်ယူခံနေရလို့ပါ။ ဒါ့အပြင် သူ့ရဲ့ အစောပိုင်းနွေးထွေးသက်သောက်သက်သာ ဖြစ်တဲ့ခံစားချက်က ပင်ပန်းမှုတွေကိုလဲ အတော်လေး သက်သာသွားစေခဲ့ပါတယ်။
ဟို့ယွိဟောင်ရဲ့မူလခန္ဓာကိုယ်အခြေအနေက အတော်လေး မကောင်းမွန်ပါဘူး။ ဒါပေမယ့် သူ့ကအတော်လေးတော့ ထက်မြက်ပါတယ်။ ထူးဆန်းကောင်းကင်နည်းလမ်းက သူ့ခန္ဓာကိုယ်အဆုံးအစွန်အထိ တောင့်မခံနိုင်တော့တဲ့အချိန်မှာ သူ့ဘာသာသူ အလိုလိုလှုပ်ရှားလာခဲ့တာပါ။ လက်ရှိအချိန်မှာ သူက တရားထိုင်နေတာလဲ မဟုတ်ပါဘူး။ ထူးဆန်းကောင်းကင်နည်းလမ်းကို ဒီလိုမျိုးပြေးနေရင်းနဲ့ အသုံးချတာက ပုံမှန်ကျင့်ကြံတဲ့အချိန်တွေထက် ကွာခြားနေခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားကလဲ တိုးမြင့်လာတာ မများပေမဲ့ ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေးဖြစ်မှုကတော့ ပိုပြီးအားကောင်းလာခဲ့တယ်။
ဒါကို ရှာဖွေတွေ့ရှိပြီတာနဲ့ ဟို့ယွိဟောင်လဲ သူ့ရဲ့ခြေလှမ်းတွေကို အရှိန်လျှော့ချလိုက်ရင်း ခန္ဓာကိုယ်ထဲက စွမ်းအင်လှည့်ပတ်မှုကိုသာ အာရုံစိုက်လိုက်ပါတော့တယ်။ ထန်မျိုးနွယ်ရဲ့ ထူးဆန်းကောင်းကင်နည်းလမ်းက မျိုးနွယ်စုခေါင်းဆောင်ကြီးဖြစ်တဲ့ ထန်စန်း တခြားလောကကနေ ယူဆောင်လာခဲ့တဲ့အရာပါ။ ဒီတစ်ချက်ထဲနဲ့ ကြည့်မယ်ဆိုရင် ဒီနည်းလမ်းက သော့်လော့တိုက်ရဲ့ နည်းလမ်းမဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ထိပ်တန်းနည်းလမ်းတစ်ခုနဲ့တော့ ဖြစ်နေခဲ့ဆဲပါ။ ခန္ဓာကိုယ်ကို အားကောင်းစေတဲ့ အဓိက အသာချက်ကြီးလဲ ရှိနေခဲ့ပါသေးတယ်။
ဒီလိုဖြစ်လာပြီတဲ့နောက် ဟို့ယွိဟောင်လဲ ထူးဆန်းကောင်းကင်နည်းလမ်းကို တရားမထိုင်ပဲစတင်ပြီ အသုံးချတဲ့နည်းလမ်းကို စတင် အသုံးပြုပါတော့တယ်။ ဒီလိုလှည့်ပတ်နေတဲ့အချိန်မှာ ထူးဆန်းကောင်းကင်နည်းလမ်းက ခန္ဓာကိုယ်ကို အများကြီးပိုပြီး အင်အားဖြည့်တင်းစေခဲ့တယ်။
ပြန်လည်ကောင်းမွန်လာတဲ့ ဖြစ်စဥ်ကြောင့် အံ့ဩစရာကောင်းလောက်အောင် လှည့်ပတ်မှုတစ်ခုက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လို့နေခဲ့ပါပြီ။ ဒါက ရွေ့လျားနေရင်း ကျင့်ကြံတဲ့ ကိစ္စပါပဲ။
ထန်မျိုးနွယ်ရဲ့ တည်ထောင်သူ ဘိုးဘေးကြီးထန်စန်းတောင် ဒါကိုအောင်မြင်ခဲ့မလားဆိုတာ ဟို့ယွိဟောင်လဲ မသိနိုင်ပဲရှိနေခဲ့တယ်။ ဒါပေမယ့် လက်ရှိသူကြုံတွေ့နေရတဲ့ ကိစ္စတွေက တကယ်ကို ဘ၀ကပေးတဲ့အတွေ့အကြုံပါပဲ။ ဟို့ယွိဟောင်ရဲ့ ကျင့်ကြံဆင့်က အတော်လေးကို အားနည်းပြီ ခန္ဓာကိုယ်က ဒီလိုအခြေအနေကို အဆုံးအစွန်အထိ ရောက်ရှိနေတာကြောင့်သာ ဒါကို တွေ့ကြုံခဲ့ရတာပါ။ ဒါ့အပြင် သူ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကလဲ ခန္ဓာကိုယ်အမျိုးအစား သိုင်းပညာ၀ိညာဥ်နဲ့ ပေါင်းစည်းချိန်မှာ ပိုလို့အားကောင်းလာပါတော့တယ်။
ထန်မျိုးနွယ်က ပညာရှင်တွေအများကြီးကို မွေးထုတ်ပေးခဲ့တာ အမှန်ဖြစ်ပေမဲ့ ဘယ်သူကမှ ဟို့ယွိဟောင်လိုအခြေအနေမျိုးကို မပိုင်ဆိုင်ခဲ့ပါဘူး။ သူတို့တွေ သန်မာလာပြီတဲ့နောက် အလွယ်လေး မောပန်းတဲ့အနေအထားကို မရောက်ရှိနိုင်တဲ့အတွက် သူတို့ရဲ့စွမ်းအင်အရင်းအမြစ်မှာ ရှိနေတဲ့ ခံစားချက်ကို သေချာဂရုမစိုက်မိတာပါ။ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ ဒီလိုအဆင့်တက်မှုမျိုးကလဲ သူတို့ဆီမှာ မဖြစ်ပေါ်လာခဲ့ပါဘူး။
သဟဇာတဖြစ်တဲ့ ခံစားချက်နဲ့အတူ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က အတော်လေးကို ပေါ့ပေါ့ပါးပါး ပြန်ရှိလာခဲ့ပါတယ်။ ဒါက စိတ်ခွန်းအားကိုလဲ တိုးတက်စေရုံတင်မကဘူး နွေးထွေးတဲ့ခံစားချက်ကိုပါ ထိန်းကွပ်နိုင်စွမ်း ရရှိလို့သွားခဲ့တယ်။
ဒီခံစားချက်က တစ်ပတ်ပြည့်အောင် လှည့်ပတ်ပြီချိန်မှာ အင်အားက ကုန်ဆုံးလုနီးပါးဖြစ်သွားခဲ့ရပါတယ်။ ဒါပေမယ့် နောက်တစ်ကြိမ် နွေးထွေးပြီ နူးညံ့တဲ့ခံစားချက်က လူကိုပြန်ပြီး အားဖြည့်ပေးလိုက်ပါပြီ။ ဒီအတိုင်းသာ ဆက်သွားလို့နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်က ပိုပိုပြီး မောပန်းလာပေမဲ့ သူကတော့ စိတ်လှုပ်ရှားလို့နေဆဲပါပဲ။ ထူးဆန်းကောင်းကင်နည်းလမ်းရဲ့ အင်အားဖြည့်တင်းပေးခဲ့မှုက လက်ရှိအချိန်မှာ သူအလိုအပ်ဆုံးအရာဖြစ်နေခဲ့တယ်။ သူ့ရဲ့သေးငယ်ပြီး ပါးလွှာတဲ့ စွမ်းအင်ဖြတ်သန်းမှုလမ်းကြောင်းတွေက အရမ်းကိုအလေးထားပြီ ကိုင်တွယ်ဖို့လိုအပ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဒီနွေးထွေးနူးညံ့တဲ့ခံစားချက်ကြောင့် သူတို့ရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းက ပိုလို့အားကောင်းလာခဲ့ပြီး ဖြတ်သန်းစီးဆင်းရာလမ်းကြောင်းတွေကလဲ အနည်းငယ်ကျယ်ပြန့်လို့လာခဲ့ပါတယ်။ ဒီအချိန်မှာ ဟို့ယွိဟောင်လဲ သူမှန်ကန်တဲ့အရာကို လုပ်နေမှန်း နားလည်နေခဲ့တယ်။
ရင်ပြင်ကျယ်ကြီးထဲမှာ ဆက်တိုက်ဆိုသလို လှဲကျတဲ့ကျောင်းတော်သားတွေက ပိုလို့တိုးများလာခဲ့ပါပြီ။ အရှေ့ဆုံးမှာပြေးနေခဲ့တဲ့ ကျောင်းသားတွေတောင်မှ နောက်ဆုံးအချိန် မတောင့်ခံနိုင်တော့ပဲ မြေပြင်ပေါ်ကို သံကြိုးတွေ ပြုတ်ကျတဲ့အသံတွေက ဆက်တိုက်ဆိုသလို ထွက်ပေါ်လို့နေခဲ့ပါတယ်။
အပိုင်း ၁၁•၁ ပြီး၏။