Switch Mode

Chapter – 39

လေးစားမှု

Chapter – 39 လေးစားမှု

ချန်ရှန်နဲ့ တောင်ပိုင်းအင်ပါယာ ဆေးဘုရင်တို့ ဆေးပညာ ယှဉ်ပြိုင်ကြတော့မှာပါ ။ များစွာ သောလူများဟာလည်း သူတို့၏ မေးရိုးများပင် မြေကြီးထိတော့မယောင် အံ့အားသင့် ပါးစပ် အဟောင်းသားနဲ့ပါ ။ ချန်လုဇောင်တစ်ယောက် ချန်ရှန်၏ ပါရမီ ထူးကဲတာကို သိပေမယ့် လည်း ဆေးဘုရင်ကို စိန်ခေါ်တာကတော့ ရူးမိုက်ရာကျတယ်လို့ တွေးနေပါတော့တယ် ။
ဘာပဲဖြစ်ဖြစ် ချန်ရှန်စိန်ခေါ်တယ့် ဆုကြေးကလည်း အရမ်းမြင့်လွန်းပါတယ် ။ ဒီလိုသိုင်းလော ကမဟုတ်တဲ့ အပြင်လောကမှာ ချီဓာတ်တွေဟာ အလွန်နည်းပါးပါတယ် ။ ဒါကြောင့် ဆေးပင်များဟာလည်းရှားပါးကာ ဆေးဆရာတွေအဖို့ ဒီလို တန်ဖိုးရှိတယ့် အရာကို ရရှိဖို့က အိပ်မက်ပင် မမက်နိုင်ပါ ။
မန်ဘို တစ်ယောက် အပေါ်သို့မော့ကာ ရယ်မောပါတယ် ။
“ဟားဟား ၊ ဒီကိစ္စလောက်ကတော့ ငါအဖိုးကြီး မင်းကို လက်ခံပါတယ် ကွာ ။ ငါမင်းကိုရှုံးရင် ငါ့ရဲ့ ယန် အဂ္ဂိရတ် ဆေးမီးဖိုကို ပေးမယ်”
လေးနက်ထူးကဲလှတယ့် ယန် မီးဖို တဲ့ ၊ ဒါဟာ ထင်ရှားတဲ့ မီးဖိုတစ်ခုဖြစ်ပါတယ် ။ ၎င်းကို ထူးခြားလှသည့် ယန် ကျောက်တုံးမှ ပြုလုပ်ထားတာဖြစ်ပြီး မီးဖိုအတွင်းမှာ မမြင်နိုင်တယ့် မှော် စွမ်းအင်တွေ ကိန်းအောင်းနေတယ်လို့ ပြောကြပါတယ် ။ နောက် မန်ဘို ဒီလိုအောင်မြင်လာတာဟာလည်း ဒီအချက်လို့တောင် ပြောစမှတ်ပြုကြပါသေးတယ် ။
မန်ဘို မီးဖိုအနီလေးကို ထုတ်လိုက်တယ့်အခါ အားလုံးသော ဆေးဆရာများဟာ လိုချင်စိတ် အပြည့်ဖြင့် ကြည့်နေကြပါတယ် ။ မီးဖိုလေးဟာ သေးငယ်ပြီး ထူးခြားကောင်းမွန်လှပါတယ် ။ အနီရောင် ကျောက်မြက်ရတနာလေးတစ်ခုကို ခွဲခြမ်းထားသလိုပါပဲ ။ အပြင်ဖက်မှာလည်း ပုံစံများစွာ ဖော်ထားပါတယ် ။ နောက်ပြီး ဒီအရာတွေရဲ့ အဓိပ္ပာယ်ကိုတော့ ဒီအပြင်လောကမှ မည်သူမျှ မဖော်ထုတ်နိုင်ပါဘူး ။
“ကျွန်တော်တို့ ဆေးအဆင့်မှာ ပြိုင်ရင်တော့ ကျွန်တော်ကျိန်းသေရှုံးမှာပါပဲ ။ မျှတမှုရှိအောင် ကျွန်တော် တတ်ကျွမ်းတဲ့အထဲမှာ အမြင့်ဆုံးဖြစ်တယ့် “ချီငွေ့ ဆေး” ကို ပြိုင်မယ်”
ဒါဟာ သူနိုင်နိုင်တယ့် တစ်ခုတည်းသော နည်းလမ်း ပါပဲ ။ လက်ရှိမှာ သူဟာ အဆင့်မြင့်ဆေး များကိုသာ ပြုလုပ်နေတာဖြစ်ပါတယ် ။ ဒါပေမယ့် ဒီဆေးဟာ ခက်လို့ပါပဲ ။
ချီငွေ့ ဆေးဟာ အဆင့် ၆ ပညာရှင်များအတွက် အဓိက အထောက်ပံ့ပေးတယ့် ဆေးပါပဲ ။ အဆင့် ၇ ဟာ စစ်မှန်သော အငွေ့ အဆင့် ဖြစ်ပြီး ဒီအဆင့်မှာ စစ်မှန်သော ချီဓာတ်ကို အငွေ့ အဖြစ် ပြောင်းလဲနိုင်တာဖြစ်ပါတယ် ။ ဒီဆေးကိုသုံးရင် ၎င်းဟာ အဆင့် ၆ ပညာရှင်များကို ချီအငွေ့ များဖြင့် ရင်းနီးကျွှမ်းဝင်နေစေပြီး အဆင့်၇ သမားများ သုံးစွဲပါက ၎င်းတို့၏ ချီဓာတ်များ ပိုမို အားကြီးစေနိုင်ပါတယ် ။ ချီဓာတ်မှ အငွေ့ အဖြစ် လျင်မြန်စွာ ပြောင်းလဲနိုင်ပြီး ပိုမို အားကောင်းစေနိုင်ပါတယ် ။
“ကိစ္စမရှိပါဘူး ။ ခုစကျမလား”
မန်ဘို အလျင်အမြန်ပဲ သဘောတူလိုက်ပါတယ် ။ သူ၏မျက်လုံးများမှာတော့ ချန်ရှန်၏ ဆေးပညာပါရမီ ဘယ်လောက်ရှိတယ်ဆိုတာကို ခန့်မှန်းရခက်နေပုံပါပဲ ။ နောက်ပြီး ချန်ရှန်ဆိုတာ တစ္ဆေငယ်လေးလို့ ကျော်ကြားပေတာကိုး ။
ချန်ရှန်အတွက်က သိပ်တော့အရှုံးမရှိလှပါဘူး ။ ရှုံးရင် ဆေးဘုရင်တစ်ယောက်ကို ရှုံးရတာဖြစ်ကာ အသီးက အချိန်မရွေးပြန်စိုက်လို့ရတယ့်အတွက် အေးဆေးပါ ။ နိုင်ရင်လည်း အဖိုးတန်မီးဖိုကို ရမှာဖြစ်ပြီး ဆေးဘုရင်ကိုပါ အနိုင်ရသည်ဟူသည့် ဂုဏ်ပုဒ်ပါ ရပါဦးမည် ။
“စကြမယ် ၊ ကိုယ်ပိုင်ဆေးပင်တွေနဲ့ စိုက်ရမှာဖြစ်တယ် ။ တကယ်လို့ အခုမပါရင် ကျွန်တော် စောင့်နေမယ် ။ နောက်တော့မကျနဲ့ပေါ့”
ချန်ရှန်ပြောလိုက်တာပါ ။ တစ်လကျော်လောက်ကြာအောင် ဒီဆေးကို လေ့ကျင့်ခဲ့ရပြီး စစချင်းမှာ မအောင်မြင်မှုတွေ ကြုံရပါတယ် ။ လိုအပ်ချက်များကို သေချာလေ့လာပြီးနောက် မှာတော့ သူဟာ ဘယ်လို အောင်မြင်အောင်လုပ်ရမယ်ဆိုတာ နားလည်လာခဲ့ပါတယ် ။
“ဒါပေါ့ ငါ့မှာ ဆေးပင်တွေ ရှိပါတယ် ။ ခုစကျစို့ ၊ ဒီမှာ အကဲဖြတ်ဖို့ ဆေးဆရာ အမြောက်အများလည်း ရှိတယ် ။ နောက်ဆုံးရလဒ်က အတည်သက်သေပဲ ဖြစ်မှာပါ”
မန်ဘို ပြောလိ်ုက်တာပါ ။ ခုချိန်မှာ သူလည်း နည်းနည်းတော့ မမျှော်လင့်ပဲ စိတ်လှုပ်ရှားနေပါ တယ် ။ ချန်ရှန် ဆေးဖက်ဝင်သတ္တုသစ်သီး ပိုင်ဆိုင်တာကို မနာလိုဖြစ်နေတယ် ။ သူဟာ ယောင်မျိုးနွယ်ရဲ့ အရေးပေးမှု ခံရသူဖြစ်ပြီး ဒီကိုလာပြီး ပျက်ဆီးရာ ပျက်ဆီးကြောင်းလုပ်ဖို့ လက်ခံခဲ့တာပါ ။
မန်ဘိုကို အံ့အားသင့်စေတာကတော့ ချန်ရှန်ဟာ ငယ်ရွယ်သူတစ်ယောက်ဖြစ်ပြီး သူကတောင်မှ မန်ဘိုလိုလူကို လောင်းကြေးထပ်စိန်ခေါ်ရဲတာကိုပါပဲ ။ ဒီလို လွယ်လွယ်အခွင့် အရေးကို သူလက်လွတ်ခံမှာ မဟုတ်ပါဘူး ။
ချန်လုဇောင်အပါအ၀င် တခြား ဆေးဆရာတွေဟာလည်း အရမ်းကို ရင် တွေ ခုန်နေကြပါပြီ။ ဘာလို့လဲဆိုတော့ ဆေးဘုရင်လို ထင်ရှားကျော်ကြားသူ၏ ဆေးလုပ်မယ့် မြင်ကွင်းကောင်း ကို ကြည့်နိုင်ဖို့က အရမ်းကို ရှားပါးတဲ့ အခွင့်အရေးပါ ။
ဆေးလုပ်ခြင်းနည်းတွေကတော့ ရိုးရှင်းပါတယ် ။ ဒါပေမယ့် ဆေးပင်တွေ စီထည့်ခြင်းဟာ မတူပဲ အရေးကြီးလှပါတယ် ။ ဒါတင်မက တချို့ ဆေးပင်တွေဟာ အထူးကောင်းမွန်ပြီး တချို့ကတော့ စီထည့်ရာတွင် အန္တရာယ် များတယ် ။ တနည်းအားဖြင့် ကျရှုံးဖို့ များစေမှာ ဖြစ် ပြီး အခန့်မသင့်လျှင် မီးဖိုပင် ပေါက်ကွဲစေနိုင်ပါတယ် ။ အဆင့်နိမ့်ဆေးတွေ ပြုလုပ်ရာမှာတော့ သိပ်ကိစ္စ မရှိပေမယ့် အဆင့်မြင့်ဆေးများ ပြုလုပ်ရာတွင် မအောင်မြင်ရင် တော့ ဆေးဆရာများဟာ စိတ်ညစ်သွားကြလေ့ရှိပါတယ် ။ အပင်တွေကလည်း ဈေးကြီးကာ လုပ်ရတယ့် အချိန်တွေပါ အလကား ဖြစ်ကုန်လို့ပါပဲ ။
ချန်ရှန်တို့ ၂ ယောက် မီးတောက်များ ပြုလုပ်ကြပြီး မီးဖိုထဲသို့ ထည့်လိုက်ပါတယ် ။ လိုအပ်သလို မီးအပူချိန်ကို ထိန်းချုပ်ပြီးနောက် ဆေးပင်များကို မီးဖိုထဲ ထည့်လိုက်ပါတော့ တယ် ။ ချီငွေ့ ဆေးအတွက် လိုအပ်တယ့် ဆေးပင်များဟာ နည်းနည်း ဈေးကြီးသော်လည်း ၎င်းကို ပြန်ရောင်းလျှင်လည်း မြိုးမြိုးမြက်မြက်လေး ရတတ်ပါတယ် ။ အဓိက လိုအပ်တာတွေ ကတော့ – ယွမ် ဝိဉာဉ်တော်ရွှံ့ ၊ မြေကြီးငွေ့ မြက်အမြစ် ၊ ထူးကဲတယ့် ဝိဉာဉ်တော ဂျင်စင်း ၊ ငရဲမီးမြက် တို့ဖြစ်ကြပြီး တခြား အရန် ဆေးပင်များစွာလည်း ပါဝင်ပါတယ် ။ အဓိကအား ဖြင့် နှစ် ၅၀ ကျော်သက်တမ်းရှိ ဂျင်စင်း ၊ ဝိဉာဉ်တော်မြက် ၊ ရှိုဝူပင် ၊ မြေကြီးဝိဉာဉ်တော် မြက် နဲ့ တခြားဆေးပင်များစွာလည်း ပါဝင်ပါတယ် ။
ဒီချီငွေ့ ဆေးဟာ ယွမ်ဝိဉာဉ်တော်ရွှံ့ နဲ့ မြေကြီးငွေ့ မြက်အမြစ်တို့ ပြုလုပ်တဲ့ လုပ်ငန်းစဉ်မှာ ခက်ခဲမှု ရှိတာဖြစ်ပါတယ် ။ ယွမ် ဝိဉာဉ်တော်ရွှံ့ ဟာ ချီဓာတ်ပါဝင်တဲ့ ရွှံ့ ဖြစ်ပြီး ၎င်းမှာ ချီဓာတ်ကို စုပ်ယူနိုင်တယ့် ကိုယ်ပိုင် စွမ်းရည်ရှိပါတယ် ။ ဒီလိုစုပ်ယူပြီး ချီဓာတ်တွေဟာ အငွေ့ နဲ့တူပါတယ် ။ ဒါကြောင့် ဒီလို ယွမ်ရွှံ့ ကို ဆေးဖက်ဝင် အမှုန်နဲ့ ဆေးဖက်ဝင် ချီ အဖြစ် ဖုတ်ရာမှာ ပြင်းထန်လှတယ့် မီးတောက်အပူချိန် လိုအပ်လှပါတယ် ။
မြေကြီးအငွေ့ မြက်အမြစ် ကတော့ ယွမ်ဝိဉာဉ်တော်ရွှံ့ ထဲမှာ ပေါက်ရောက်သော ဆေးဖက် ၀င် ဆေးပင်ဖြစ်ပြီး ၎င်းရဲ့ အမြစ်များဟာ ရွှ့ံထဲမှာ နက်ရှိုင်းစွာ တည်ရှိနေတာ ဖြစ်ပါတယ် ။ မြေကြီးရဲ့ အငွေ့ တွေကို ထုတ်လွှတ်ပေးနိုင်တယ့် သတ္တိရှိပြီး လွယ်ကူစွာ လောင်ကျွမ်းစေ နိုင်ပါတယ် ။ ဒီတစ်မူထူးသော ချီအငွေ့ ဟာ လောင်ကျွမ်းလွယ်စေတဲ့အတွက် မီးနည်းနည်း ပဲလိုအပ်ပါတယ် ။ ချန်ရှန်ဟာ နတ်အတွင်းအား အာရုံများသုံးပြီး သေချာစွာ ထိန်းညှိရတာပဲ ဖြစ်ပါတယ် ။
စစခြင်းမှာ ချန်ရှန် အမြဲတမ်း မအောင်မြင်ခဲ့ပါ ။ ဒီအထက်ပါ အခက်အခဲ ၂ ခုကြောင့်ပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဒီနူးညံ့လှတယ့် ခွဲခြမ်းစိတ်ဖြာမှုကို သေချာစွာ လေ့လာ စမ်းသပ်ပြီးနောက်မှာတော့ သူ့အတွက် ဒီ ဆေးကို လွယ်လွယ်ပဲ လုပ်နိုင်သွားပါတော့တယ် ။ ဒီအချက်ကြောင့်ပဲ ချန်ရှန်မျက်နာဟာ စိတ်ဖိစီးမှု ကင်းဝေးလျက် ဆေးပင်များမှ ဆေးမှုန် များ ချီဓာတ်များ ရအောင် ဖုတ်နေပါတော့တယ် ။ ပြီးရင်တော့ လွယ်လွယ်ကူကူနဲ့ပဲ မသန့်စင် မှုများကို ဖယ်ထုတ်နိုင်တော့မှာပါ ။ ဆေးအရည်အသွေးနဲ့ ပတ်သတ်ပြီးလည်း ချန်ရှန်ဟာ တော်တော် အာရုံစိုက်လေ့ရှိပါတယ် ။ ဒါကြောင့် သူလုပ်တဲ့ ဆေးမှန်သမျှ အရည်အသွေးနဲ့ ပတ်သတ်လို့ကတော့ အပစ်ပြောစရာ တစက်မရှိပါဘူး ။
ပတ်လည်မှာရှိတယ့် အပူချိန်ဟာ အချိန်တိုင်းပြောင်းလဲနေလျက်ရှိပါတယ် ။ ချန်လုဇောင်နဲ့ ဆေးဆရာများဟာ အချိန်နဲ့အမျှ အမည်းရောင် ချီဓာတ်များ ထွက်လာနေပြီး ဆေးမီးဖိုမှ ဆေးပင်များကို သန့်စင်နေပုံကို အလွယ်တကူ မြင်နိုင်နေပါတယ် ။ အားလုံးဟာ ဆွံ့ အလျက် လေးစားနေကြပါတော့တယ် ။ မန်ဘိုတစ်ယောက်ကတော့ ချွေးပြန်နေပုံပါပဲ ။ မျက်ခုံးများ ဟာ ထိလုမတတ်ကို ဖြစ်နေပါပြီ ။
ချန်ရှန်ကတော့ အေးအေးလူလူ ပါပဲ ။ ဒီမတိုင်ခင်က မန်ဘိုဟာ ဒီဆေးကို မလုပ်ဖြစ်ခဲ့တာ တော်တော်ကို ကြာပါပြီ ။ ဒါကြောင့် ဒီလို နူးညံ့တဲ့ ထိန်းချုပ်မှုမျိုးကို မေ့သလို ဖြစ်နေတာပါ ။ ဆေးပင်တစ်ခုချင်းဆီရဲ့ လိုအပ်တယ့် အပူချိန်ကွာခြားချက်ကို ခန့်မှန်းဖို့ တော်တော် ခက်ခဲ နေပါတော့တယ် ။
ရုတ်တရက်ပဲ အနီရောင် ပတ္တမြားလို မီးဖိုလေးဟာ နည်းနည်း ခါထွက်သွားပါတယ် ။ ချီဓာတ် ၅ ခု ၆ ခု လောက် အရောင်ပေါင်းစုံ ထွက်လာပါတော့တယ် ။ မန်ဘိုတော့ အမှားလုပ်မိလေပြီ၊ ဆေးဘုရင်တစ်ယောက်တော့ အလတ်တန်းစား ဆေးလုပ်တာကို ကျရှုံး တော့တယ် ။ ဆေးဆရာအားလုံးဟာ စိတ်ပျက်တဲ့အမူအရာဖြင့် တချို့ ကလည်း အထင်သေးစွာ ကြည့်နေကြပါတယ် ။
“အဖိုးလေးရေ ၊ ဆေးလုပ်ဖို့ ဆေးပင်တွေ တစ်စုံစာ ပေးလိုက်ပါဦး ၊ သူ အသစ်ပြန်လုပ်လိမ့် မယ် ။ အချိန်တွေ ရှိပါသေးတယ်”
ချန်ရှန် မျက်လုံးများဖွင့်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ပါတယ် ။ မန်ဘို ရုတ်တရက် ကြောင်သွား ပြီး ရှက်ရွံ့ မှုများ ဖြစ်ပေါ်လာတာကို သူ၏ မျက်လုံးမှာ တွေ့ ရတယ် ။ ချန်ရှန်က ပြုံးပြီး –
“ဆေးလုပ်နေတုန်း ဆေးပင်မလုံလောက်သွားပုံပဲ ၊ အဲတော့ ပြန်ကွဲမှုကို ခွဲခြမ်းစိတ်ဖြာဖို့ မအောင်မြင်တော့ဘူး ၊ ဒီပွဲမှာ ခင်ဗျားသေချာ မပြင်ဆင်လာလို့ပါ”
မန်ဘို ခေါင်းအနည်းငယ် ညိမ့်လျက် ချန်ရှန်ဟာ နည်းနည်းတော့ သူ့အပေါ် စိတ်ပြေလာသား ဟု တွေးနေမိတယ် ။ နောက်ပြီး သူဟာ ကျော်ကြားတဲ့ ဆေးဆရာဖြစ်ပြီး ဒီရလဒ်ဟာ အရမ်းအရေးကြီးနေပါတယ် ။ သူ၏ ဂုဏ်သတင်းမှေးမှိန်ရုံသာမက လူကြားထဲ မျက်နာ မပြရဲ လောက်အောင်ကို ဖြစ်နိုင်ပါသေးတယ် ။
ဒီအချက်ကြောင့်ပဲ ချန်ရှန်ဟာ ကောလဟာလများလို ဂုဏ်မောက်ခြင်းတော့ မရှိပေဘူး ဆိုတာ နားလည်လိုက်ပါတယ် ။ နောက်ပြီး သူအကြိမ်ပေါင်းများစွာ လမ်းညွှန် သင်ကြားပေး ဖူးတဲ့ ယောင်တျန်းဟွာထက် အများကြီး သာလွန်တယ် ဆိုတာကို လက်ခံမိသွားတယ် ။
ချန်လုဇောင် ဆေးပင်တွေယူလာပါပြီ ။ မန်ဘိုလည်း ဆေးကို တစ်ခါပြန် ပြုလုပ်ပါတယ် ။ ဒီတစ်ကြိမ်မှာတော့ စိတ်ကို လျော့ချလျက် ချန်ရှန်ကိုလည်း အထင်မသေးဝံ့တော့ပါဘူး ။ ချန်ရှန်ကို တကယ်ပဲ သူနဲ့ အဆင့်တူလို့သာ သတ်မှတ်ထားလိုက်ပါတယ် ။
အချိန်ခဏကြာတယ့်အခါ အားလုံးဟာ တိတ်ဆိတ်လျက် ရှိနေကြတယ် ။ ချန်လုဇောင်နဲ့ တကွ ဆေးဆရာအားလုံးဟာ လက်ရှိ ဆေးမီးဖိုထဲတွင်တော့ အရမ်းကို ရှုပ်ထွေးလှတယ့်ဖြစ်စဉ်များ ဖြစ်ပေါ်နေမည်ဆိုတာကို သိနေကြပါတယ် ။
နာရီဝက်လောက်ကြာသောအခါ ၊ နောက်ဆုံးမှာတော့ ဆေးအဖြစ် ခဲရန် အချိန်ရောက်လာပါ ပြီ ။ ချန်ရှန်ဟာ ဦးဆောင်နေပြီး ချန်ရှန်ဟာ အစိမ်းအရောင်အရည်အချို့ ကို ယူပြီး မီးဖိုထဲ နည်းနည်း လောင်းချလိုက်ပါတော့တယ် ။ ဒီအရည်တွေဟာ နဂါးတံတွေးကို ရေရောထား တာ ဖြစ်ပြီး ၎င်းကို ဆေးခဲချိန်လောင်းထည့်ပေးပါက ဆေးရဲ့ အရည်သွေးကို ထူးခြားကောင်း မွန်စေတတ်လို့ပါ ။ ဒီအကြောင်းကိုတော့ သူ၏ ဆရာဖြစ်တယ့် စုမေးယိုကပြောပြထားခြင်း ဖြစ်ပါတယ် ။
ချန်ရှန် မျက်လုံးများ ဖွင့်လိုက်ပါတယ် ။ ချီဓာတ်များကို ပြန်သိမ်းလျက် ထိုအချိ်န်တွင်တော့ မန်ဘိုတစ်ယောက် သူ၏ နဖူးမှ ချွေးများကို သုတ်လျက် ရှိနေပါတယ် ။ သူလည်း ပြီးဆုံးသွားပြီ ဖြစ်ပါတော့တယ် . . . . . . ။

Comment

Leave a Reply

Options

not work with dark mode
Reset