Chapter – 10.4 ” ၀ိညာဥ်လက်နက်တွေနဲ့ ပထမဆုံးအတွေ့အကြုံ ”
°°°
ဟို့ယွိဟောင်ရဲ့ မျက်နှာက ဖြူဖျော့လို့သွားခဲ့ပါပြီး။ ဒါ့အပြင် နဖူးမှာလဲချွေးတွေစီးကျလို့နေခဲ့ပါတယ်။ သူက အတော်ကို အားနည်းတဲ့ပုံစံမှာ ရှိနေခဲ့တယ်။
၀မ်သုန့်ကို ပြန်ပြီးခေါင်းခါပြလိုက်ရင်း သူအဆင်ပြေတဲ့အကြောင်း ပြောပါတယ်။
” ငါ့ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေအများကြီးကုန်သွားလို့ပါ ၀မ်သုန့် အစောပိုင်းတုန်းက အရှေ့တည့်တည့်ကို ကြည့်လိုက်တာ ငါရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက ဘယ်လောက်တောင်ရောက်လိုက်သလဲ ”
၀မ်သုန့်က တခဏတာစဥ်းစားပြီတဲ့နောက် ပြန်ဖြေလာခဲ့ပါတယ်။
” ငါသိပ်ပြီ အာရုံမစိုက်လိုက်မိဘူး…ဒါပေမယ့် မီတာငါးဆယ့် ခြောက်ဆယ့်လောက်တော့ ရှိလိမ့်မယ်…တခြားဖက်တွေကိုမမြင်ရဘူး အရှေ့တည့်တည့်ကိုပဲ မြင်ရတယ်…ပတ်ပတ်လည်ကို ကြည့်တာထက်တော့ အကွာအဝေးက နှစ်ဆလောက်တိုးသွားတာ ငါမှတ်မိနေတယ် ”
၀မ်သုန့်ပြောတာကိုကြားချိန်မှာ ဟို့ယွိဟောင်ရဲ့ စိတ်အားထက်သန်းမှုက ချက်ချင်းဆိုသလို မြင့်တက်လာပါတော့တယ်။ သူ့ရဲ့ မောပန်းမှုကလဲ အတော်လေး လျော့ကျသွားခဲ့ပါပြီး။
” ကောင်းလိုက်တာ ဒီလိုအလုပ်လုပ်ပြီဆိုမှတော့ အဆင်ပြေပြီပေါ့ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားက ကုန်တာက များလွန်နေတယ် “‘
တစ်နေရာထဲကို အားအင်စူးစိုက်တဲ့အချိန်မှာ စိတ်၀ိညာဥ်စွမ်းအား ကုန်ဆုံးမှုက သာမန်ထက် ဆယ့်ဆပိုပြီး များပါတယ်။ အချိန်တိုအတွင်းမှာ သူထိခိုက်မှုကြီးနိုင်တယ်။ ဒါပေမယ့် ဒီလိုစိတ်၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက ပထမဆုံးကြိုးစားတာကြောင့်သာ ဖြစ်မယ်လို့ သူယုံကြည်နေခဲ့ပါတယ်။ အနာဂတ်မှာ ပိုပိုပြီး အားကောင်းလာမယ်လို့ သူထင်နေခဲ့မိတယ်။
အကယ်၍ သူသာ မီတာတစ်ရာအထိကို ရောက်ရှိနိုင်တဲ့ အာရုံရပြီးဆိုရင် တပည့်သားအဖြစ် လက်ခံမယ်လို့ ဆရာဖန့်ယွီက ပြောခဲ့ပါတယ်။
စိတ်၀ိညာဥ်လက်နက်တွေရဲ့ ကြောက်စရာစွမ်းအားကို မြင်ပြီချိန်မှာတော့ သူ့ရဲ့ စိတ်၀င်စားမှုကလဲ အတော်ကို မြင့်တက်လာခဲ့ပါပြီ။
ပထမနေ့ အတန်းနံပါတ်တစ် ကျောင်းသားကိုးဆယ့်တစ်ယောက်စလုံးက အတန်းမတက်ခင် ဆယ့်မိနစ်အတွင်းမှာပဲ နေရာကို အပြည့်အ၀ ရောက်ရှိနေပြီသား ဖြစ်နေခဲ့တယ်။ ဒါ့အပြင် ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်လို့နေခဲ့ပါပြီ။ ဘယ်သူမှအသံမထွက်၀ံ့ပါဘူး။ ဆရာတစ်ယောက်အတွက်နဲ့တင် ကျန်တာက ပြဿနာမရှိပေမဲ့ ကျောင်းသားတွေကို လေးလေးနက်နက် သင်ကြားစေတာကတော့ အများကြီးအကျိုးရှိပါတယ်။
သူတို့တွေက ထိုင်ခုံနေရာကို သိသိသန့်သန့် သတ်မှတ်ထားတာမရှိတာကြောင့် ၀မ်သုန့်နဲ့ ဟို့ယွိဟောင်က အတူတူထိုင်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးလဲ အတော်လေးကို အတွေးတွေပျံလွှင့်နေခဲ့ပြီး လေးလေးနက်နက် စဥ်းစားလို့နေခဲ့ကြတယ်။ ဟို့ယွိဟောင်ကတော့ အနာဂတ်မှာ ဖြစ်လာမဲ့စိတ်၀ိညာဥ်စွမ်းအား ထောက်လှမ်းမှုရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေကို တွက်နေခဲ့တာပါ။ ၀မ်သုန့်တွေးနေတာကိုတော့ ဘယ်သူမှမသိနိုင်ပါဘူး။
ကျိုးယိက အတန်းထဲပြန်၀င်လာခဲ့ပါပြီ။ ချက်ချင်းဆိုသလို အခြေအနေတွေက ပိုပြီး တည်ငြိမ်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ စဥ်းစားနေရာကနေ သတိပြန်၀င်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကတော့ လက်ရှိအချိန်မှာ စိတ်၀ိညာဥ်စွမ်းအားရော ၀ိညာဥ်စွမ်းအားပါ ပြန်လည်ပြည့်၀ပြီဖြစ်တာကြောင့် လန်းဆန်းလို့လာပါတော့တယ်။ ပြောရမယ်ဆိုရင် သူ့မှာနဂိုထဲက ၀ိညာဥ်စွမ်းအားအများကြီးမရှိတာကြောင့် ကုန်ဆုံးသွားလဲ ပြန်လည်ပြည့်ဖို့က မခက်ခဲပါဘူး။
” အားလုံးပဲထရပ်ကြ ရင်ပြင်ထဲမှာစုမယ် ”
ကျိုးယိက အတန်းထဲကို ၀င်၀င်လာချင် ပြန်ထွက်ဖို့လုပ်ပါတော့တယ်။ ဘယ်သူမှအချိန်မဖြုန်း၀ံ့ပါဘူး ချက်ချင်းဆိုသလို ရင်ပြင်ထဲကို သူတို့တွေ တိတ်တဆိတ်သွားကြရပါပြီ။
ကျိုးယိက ပြုံးနေတာကို အားလုံးမြင်လိုက်ရပါတယ်။ အမြဲတမ်းကြောက်စရာကောင်းလောက်အောင် တင်းမာနေတတ်တဲ့ ဒီဆရာက လက်ရှိအချိန်မှာ ဘာတွေတွေးနေလဲဘယ်သူမှ မသိနိုင်ပါဘူး။ ကျောင်းသားသစ်တွေကတော့ သူ့အတွက် အတော်လေးထိန်းချုပ်ရလွယ်ပါတယ်။ တတိယနှစ်နဲ့အထက် ကျောင်းသားတွေကတော့ မောက်မာပြီး ပုန်းကန်လိုစိတ်များနေတာကြောင့် သူတို့တွေက ပိုပြီး ထိန်းချုပ်ရခက်တယ်။ အတော်အတန်လဲ ဆွဲဆောင်ထားနိုင်သူတွေဖြစ်တာကြောင့် ပြောတဲ့စကားတွေလဲ သိပ်နားမ၀င်ပါဘူး။
ရင်ပြင်ထဲမှာတော့ သံချိန်ကြိုးကြီးတွေက အပုံလိုက်ရှိနေခဲ့ပါတယ်။ ကျိုးယိရဲ့ အမိန့်အောက်မှာ ကျောင်းသားတွေကတော့ တိတ်တဆိတ်သာ သန့်သန့်ရပ်ရပ် ရပ်နေခဲ့ကြတယ်။
” ၀မ်သုန့် ”
ကျိုးယိက ခေါ်လိုက်ပါတယ်။
“ကျွန်တော်ရှိ ”
၀မ်သုန့်က အရှေ့ကို တစ်လှမ်းတိုးလာခဲ့တယ်။
ကျိုးယိက ကျောင်းသားတွေကို ပြောလိုက်ပါတယ်။
” မင်းတို့ရဲ့ ၀င်ခွင့်စာမေးပွဲရလဒ်ကို ငါဖတ်ပြီးပြီ ဒါ့အပြင် ဒီမနက်လုပ်ဆောင်ခဲ့တဲ့ စမ်းသပ်ချက်ကိုလဲ ထည့်ပေးထားတယ်…လက်ရှိအချိန်မင်းတို့အားလုံးထဲမှာ ၀မ်သုန့်က ကျင့်ကြံမှုအမြင့်ဆုံးပဲ ဒါကြောင့် သူ့ကို လက်ရှိအချိန်မှာ အတန်းရဲ့နံပါတ်တစ်ခေါင်းဆောင်အဖြစ် ကြော်ငြာချင်တယ်…အတန်းရဲ့ခေါင်းဆောင်နေရာက ပြောင်းလဲနိုင်တယ်…သူ့ကို အနိုင်ယူနိုင်တဲ့ဘယ်သူမဆို အနာဂတ်မှာ အတန်းခေါင်းဆောင်အသစ် ဖြစ်လာမယ် အားလုံးနားလည်လား ”
” နားလည်ပါပြီး ”
အမျိုးသားကျောင်းသားတစ်ချို့ကတော့ ဒီအကြောင်းကိုကြားချိန်မှာ သူတို့ရဲ့အကြည့်တွေက ချက်ချင်းဆိုသလို စူးရှလာပါတော့တယ်။ အမျိုးသမီး ကျောင်းတော်သားတွေကတော့ အကြည့်တွေနူးညံ့လို့သွားခဲ့တယ်။
သူရှေ့မှာရှိတဲ့ သံကြိုးတွေကို ညွှန်ပြလိုက်ရင်း ကျိုးယိက ပြောလာခဲ့ပါတယ်။
” ဒီသံကြိုးတွေက မင်းတို့ရဲ့ခန္ဓာကိုယ်ကို သန်မာစေဖို့ အဓိကပြုလုပ်ထားတာ မင်းတို့တစ်ယောက်ချင်းဆီတိုင်းတစ်ခုကို ယူရမယ်…အဲ့ဒါကိုထမ်းပြီး ဒီရင်ပြင်ကိုစပြီ ပတ်ပြေးတော့ အတန်းဆင်းခေါင်းလောင်းမတီးခင်အထိ မင်းတို့တွေ ဆက်ပြီးပြေးနေရမယ်…၀ိညာဥ်စွမ်းအားကိုလဲ သုံးလို့ရတယ်…ဒါပေမယ့် ၀ိညာဥ်စွမ်းရည်ကိုတော့ မသုံးရဘူး…မင်းတို့ရဲ့ အဆင့်က အတန်းအဆုံးပြီးမြောက်တဲ့အချိန်မှာ မူတည်လိမ့်မယ်…ဒါ့အပြင် နောက်ဆုံးနေရာမှာ ရှိနေတဲ့သူကတော့ အတန်းထဲကနေ ထုတ်ပယ်ခံရမယ် ”
” ငါပြောဖို့လိုတာ တစ်ခုရှိသေးတယ် ငါ့ရဲ့အတန်းထဲမှာ ထုယ်ပယ်မှုတွေက စာမေးပွဲအချိန်ကာလမှာတင် ဖြစ်လာတာမဟုတ်ဘူး အချိန်မရွေးဖြစ်လာနိုင်တယ်…ဒီနေ့လူကိုးဆယ့်တစ်ယောက်စလုံးကနေ အယောက်ကိုးဆယ့်ဖြစ်ရမယ်…စပြီးပြေးကြတော့ ”
သူပြောပြီတာနဲ့ ခြေဖျားကိုအသုံးပြုရင် သံကြိုးတစ်ခုကို ၀မ်သုန့်ဆီ ကန်ထုတ်ပေးလိုက်ပါတယ်။ ၀မ်သုန့်လဲ ချက်ချင်းဆိုသလို ဖမ်းရင်းနဲ့ ကျောပေါ်တင်လိုက်တော့တယ်။ သံကြိုးရတာနဲ့ အမူအရာက ပြောင်းလဲသွားခဲ့ပါပြီ။ ဒီသံကြိုးတွေက ဆယ့်ငါးကီလိုဂရမ်တောင် လေးနေခဲ့တာပါ။ နောက်ဆုံးမှာရှိမဲ့သူက ထုတ်ပယ်ခံမှာဖြစ်တာကြောင့် ဘယ်သူက အချိန်ဖြုန်း၀ံ့တော့မှာလဲ အားလုံးက သံကြိုးတွေကိုဆွဲပြီး ပြေးပါတော့တယ်။ အမျိုးကျောင်းတော်သားတွေကတော့ အတော်လေးအခြေအနေကောင်းသလို အမျိုးသမီးကျောင်းတော်သားကတော့ သံကြိုးသယ်လိုက်ရုံနဲ့တင် မျက်နှာတွေ ဖြူစုတ်ကုန်ကြပါပြီ။
” ယောက်ကျားနဲ့ မိန်းမကြားခန္ဓာကိုယ်ကွာခြားချက်ကြောင့် ဒီကိစ္စက မတရားဘူးလို့ မင်းတို့ပြောချင်နေမှန်း ငါသိတယ်…ခန္ဓာကိုယ်တွေရဲ့ ကြံ့ခိုင်မှုအဆင့်ဆိုတာက လူသားသားရဲကောင်ပစ္စည်းနဲ့ တိုက်ပွဲ၀ိညာဥ်ပညာရှင်တွေကြားမှာ ကွာခြားချက်က ရှိတယ်…ငါပြောချင်တာကတော့ ငါအတန်းထဲမှာ ရှိရှိသမျှ လူတိုင်းကို ညီတူညီမျှပဲ ဆက်ဆံတယ်…..တွေးကြည့်လိုက်စမ်းပါ စစ်မြေပြင်မှာ မင်းတို့ရဲ့ ရန်သူက မင်းတို့ကို မိန်းကလေးဖြစ်နေလို့ဆိုပြီး ညှာတာမယ်ထင်နေတာလား အခုစပြီးပြေးတော့ ”
သူတို့တွေ ကျိုးယိကို ဘယ်လောက်ပဲကျိန်ဆဲချင်ပါစေ ဘယ်သူကမှ တစ်ခွန်းတောင်ပြန်မပြော၀ံ့ပါဘူး။ ၀မ်သုန့် ဦးဆောင်ရင်း အားလုံးက ညီညီညာညာ ပြေးကြပါတော့တယ်။ ဘယ်သူကမှ အထုတ်ပယ်မခံချင်တာကြောင့် သူတို့က ကြိုးကြိုးစားစားလဲ လုပ်ဆောင်နေခဲ့ရပါသေးတယ်။ မနက်တုန်းက ပြေးခဲ့တာနဲ့ဆိုင်ရင်တော့ အခုအချိန်မှာ ပိုပြီး နှေးကွေးလို့နေခဲ့တယ်။
၀မ်သုန့်ကတော့ ဦးဆောင်ရင်း အရှေ့ကနေ ပြေးနေဆဲပါ။ သူ့ရဲ့သိုင်းပညာ၀ိညာဥ်ကော ၀ိညာဥ်စွမ်းအားရော နှစ်ခုစလုံးကြောင့် သူက ကျောင်းသားအုပ်စုထဲမှာ အတော်ကို ထူးချွန်လို့နေပါတော့တယ်။ သံကြိုးတွေကို ကိုယ်ပေါ်မှာသယ်ထားပေမဲ့ အရှိန်နှုန်းက တစ်စက်လေးတောင် လျော့ကျမသွားခဲ့ပါဘူး။ သူ့နဲ့ ယှဥ်ပြိုင်ချင်နေတဲ့ အမျိုးသားကျောင်းတော်သားတစ်ချို့ကလဲ သူ့နောက်ကို ကပ်လိုက်လာခဲ့ကြပါတယ်။
ဟို့ယွိဟောင်ကတော့ အရှိန်မမြင့်နိုင်ပါဘူး။ သူ့ခန္ဓာကိုယ်အခြေအနေအကြောင်း သူအသိဆုံးပါ။ ကျောင်းဆင်းခေါင်းလောင်းတီးတဲ့အထိ ပြေးရမယ်လို့ ကျိုးယိက ပြောတာကို သူရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။ နေ့လည်ပိုင်းအတန်းက လေးနာရီနီးပါးကြာမြင့်မှာကြောင့် သူတို့ပြေးမဲ့အချိန်ကလဲ လေးနာရီတိတိ ရှိမှာပါ။ အခုမှ အစဖြစ်တာကြောင့် ဘယ်လိုပဲဖြစ်ပါစေ အဆုံးအထိ တောင့်ခံဖို့က မလွယ်ကူနိုင်ပါဘူး။ ဒါကြောင့် သူစတဲ့အချိန်မှာ အရှိန်နှုန်းက တခြားသူတွေထက် ပိုပြီး နှေးကွေးနေခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးအထိ ပြေးရမှာဖြစ်တာကြောင့် သူများနဲ့လဲ ယှဥ်ပြိုင်ဖို့မလိုအပ်ပါဘူး။ ဟို့ယွိဟောင်ကတော့ တစ်ယောက်ပြီတစ်ယောက် သူ့ကို ကျော်သွားတဲ့အဖြစ်ကိုသာ ကြည့်နေခဲ့ရပါတယ်။ ဒါပေမယ့် သူ့စိတ်မရှည်လက်မရှည်တာမျိုး မရှိခဲ့ပါဘူး။ သူ့ရဲ့ခြေလှမ်းတွေက နှေးကွေးနေပေမဲ့ တည်ငြိမ်ပြီး တစ်သတ်မှတ်ထဲရှိနေခဲ့တယ်။ နှစ်ပတ်တိတိ ပြေးပြီတဲ့နောက် ဟို့ယွိဟောင်က နောက်ဆုံးမှာ ကျန်ရစ်တဲ့သူ ဖြစ်သွားပါတော့တယ်။ အမျိုးသမီးကျောင်းတော်သားတွေတောင် သူ့ကို ကျော်သွားခဲ့ပါပြီ။ ဒါပေမယ့် သူအဲ့ဒါကို စိတ်ထဲမထားပါဘူး လေးပတ်မြောက်ပြေးပြီတဲ့အချိန်မှာတော့ ပထမဆုံးနေရာမှာရှိနေခဲ့တဲ့ ၀မ်သုန့်က သူ့ကို တစ်ပတ်တိတိ ကျော်သွားခဲ့ပြီ။ ၀မ်သုန့်သူ့ကိုဖြတ်သန်းသွားရင် တစ်ချက်လှည့်ကြည့်သွားပါသေးတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ စိတ်ထဲမထားပဲ ပြုံးသာပြုံးပြနေခဲ့တယ်။ ကျိုးယိကတော့ မျက်နှာသေနဲ့သာ ကျောင်းသားတွေကို ကြည့်နေဆဲပါ။ သူဘာတွေးနေလဲ ဘယ်သူမှမသိနိုင်ပါဘူး။
အပိုင်း ၁၀•၄ ပြီး၏။