Chapter – 26 ဇာတ်ခုံအစစ်
ချန်ရှန်ခေါင်းညိမ့်လျက် ပြန်ပြောလိုက်တယ် ။
“နားလည်ပါပြီ ၊ ဒါနဲ့ အမတော် ယုယု ကျွန်တော့ကို ဘယ်တော့ မိစ္ဆာသိုင်းတွေ သင်ပေးမှာ လဲ”
ဘိုင်ယုယု ချန်ရှန်အား မျက်လုံးထောင့်ကပ်ကြည့်ကာဖြင့် –
“မင်းခုထိ ငါ့ညီမရဲ့ နတ်အတွင်းအားသင်္ကေတလေးခု ကျင့်စဉ်တောင် မပြီးသေးပဲ ငါ့ရဲ့ မိစ္ဆာ သိုင်းတွေ ကျင့်ဖို့ မစဉ်းစားစမ်းပါနဲ့ ၊ မင်းခရီးအရှည်ကြီး ဆက်ရဦးမှာ”
ချန်ရှန်ဟာ လက်ရှိ မိုးပြာနဂါးကျင့်စဉ် နှင့် အနီရင့်ရောင် ငှက် ကျင့်စဉ်ကိုသာ သုံးနိုင် သေးတာဖြစ်ပြီး ကျန်သော အဖြူရောင်ကျားကျင့်စဉ် နှင့် အမည်းရောင်လိပ် ကျင့်စဉ် တို့ဟာ လေ့ကျင့်ဖို့ မပြီးသေးပါဘူး ။ ၎င်း ၂ ခုဟာ တော်တော်ကို ခက်ခဲတာဖြစ်ပြီး တချို့သော အရာလေးတွေ လိုအပ်နေသေးတာဖြစ်ပါတယ် ။
မိုးပြာနဂါး လက်သည်းနဲ့ နဂါးဟောက်သံ တို့ဟာ မိုးပြာနဂါး နတ်အတွင်းအား ကျင့်စဉ် မှဖြစ်ပြီး တကယ်တော့ သင်ကြားရတာ တကယ်လွယ်ပါတယ် ။ အနီရင့်ရောင် ငှက်ရဲ့ မီးလျှံ များနဲ့ တောင်ပံများဟာလည်း ထို့အတူပါပဲ ။နတ်အတွင်းအားကျင့်စဉ် သင်္ကေတ ၄ခုဟာ အရမ်းကို စွမ်းအားကြီးမားတယ့် ကျင့်စဉ်တွေ ဖြစ်သော်လည်း ၎င်းတို့ကို ကျင့်ဖို့ ခိုင်မာတယ့် စွမ်းအင်အချို့ လိုအပ်ပါတယ် ။ ဒါမှမဟုတ်ရင်တော့ ချီပြန့်ကွဲခြင်းများဖြစ်နိ်ုင်ကာ သေဆုံးစေနိုင်ပါလိမ့်မယ် ။
ညကား နက်လို့ နေပါပြီ ။ သီးခန့်အခန်းလေးတစ်ခုအတွင်မှာတော့ “ ဗြန်း ၊ ဗြန်း” ဟူသော အသံဟာ ညံလို့နေပါတယ် ။ ဒါဟာ ချန်ရှန်ကျင့်စဉ် ကျင့်ခြင်းကြောင့် ထွက်ပေါ်လာခြင်းပါပဲ ။ အထက်ပိုင်းဗလာကျင်းလျက် သူ၏ သန်မာလှသော ကြွက်သားများမှာ အထင်းသားပေါ်လွင် ကာ ထိုအချိန်မှာပဲ ချီဓာတ် အပူတွေ ထွက်ပေါ်လာမှကြောင့် အနီရင့်ရောင်ပုံစံ ပြောင်းသွား တယ် ။ ထိုစဉ်ပဲ မြင်းတစ်ကောင် ကဆုန်ပေါက်သလို ယိမ်းနွဲ့ကာဖြင့် မလှမ်းမကမ်းရှိ သံမဏိ နံရံအား ထိုးလိုက်ပါတော့တယ် ။ ဒီအချိန်မှာပဲ ချီဓာတ်အပူတွေဟာ သူ့ လက်သီးမှ ထွက်ကာ မမြင်နိုင်သော စွမ်းအားတွေပြည့်ဝနေသည့် လက်သီးများဖြင့် နံရံအား ထိလိုက်ခြင်းကြောင့် မြေကြီးများပင် တုန်ခါလျက်ရှိပါတော့တယ် ။
“မဆိုးပါဘူး ၊ တစ်နေ့ထဲနဲ့ အနီရင့်ရောင် ငှက်ကျင့်စဉ်ထဲမှာပါတယ့် “မီးဘုရင်လက်သီး” တိုက်ကွက်ကို လုပ်နိုင်ပြီပေါ့ ။ ဒါတော်တော်လည်း ခက်ပါပေတယ် ။ ကဲအခု အနားယူလိုက် ပါဦး”
စုမေးယိုက ထိုင်နေရာမှ ချန်ရှန်လေ့ကျင့်နေရာကို ကြည့်ရင်း ပျင်းရိစွာ ပြောလိုက်ပါတယ် ။ ချန်ရှန်ဟာ အရွယ်ရောက်ထွားကြိုင်းလှသော ရင်အုံများကို ကြည့်ကာ ပြုံးပြီးပြောလိုက်ပါ တယ် ။
“အမတော် မေးယို ၊ ကျွန်တော်ခု ရေချိုးမလို့ ၊ လိုက်ချိုးမလားဗျ”
စုမေးယိုလည်း သူမ၏ နူးညံ့လှသော အသံနဲ့ အတူ ဆွဲဆောင်မှု ရှိလှသော အကြည့်ဖြင့်ကာ ပြန်ပြောလိုက်ပါတယ် ။
“ငါ့အမပါ ခေါ်မှရမယ် ။ ဒီတစ်ခါတော့ မင်းမရိုးသားတော့မှာ ကြောက်မိတယ်ဟေ့”
ဘိုင်ယုယု ကို ပြောမည်ဆိုသဖြင့် ချန်ရှန် အေးစက်စက်ဖြစ်သွားပါတယ် ။
“ထားလိုက်ပါတော့ဗျာ”
စုမေးယိုလည်း ကျယ်လောင်စွာ ရယ်လျက် ချန်ရှန်၏ ကွင်းလေးထဲသို့ ၀င်ရောက် ပျောက် ကွယ်သွားပါတော့တယ် ။ သူမတို့ ၂ ယောက်ရဲ့ ဘ၀ပဲ အေးပါတယ် ။
နောက်နေ့မှာတော့ ချန်ရှန်နိုးတာနဲ့ နဂါးတံတွေးကျင့်စဉ်ကို ပြုလုပ်ကာ ပါးစပ်အတွင်းမှ ပုလင်းလေးတစ်လုံးထဲ ထည့်လိုက်ပါတယ် ။ ဒါကို နောင်အရေးကြုံရင် သုံးရန်အတွက်ပါ ။ ချန်ရှန်ဟာ ချန်လုဇောင် ကို ဆေးပညာနဲ့ ပတ်သက်ပြီး မေးမြန်းချင်သည့် အတွက် လိုက်ရှာ နေပါတယ် ။ ဒါပေမယ့်လည်း ဆေးပင်များဝယ်ရန် ထွက်ခွာသွားကြောင်းသာ သိလိုက်ရတယ် ။ ဒါ့အပြင် သူ့အတွက် ဆေးပင်များ လည်း ချန်ပေးခဲ့ပါသေးတယ် ။
အရွယ်ရောက်ပြီးသားဆေးပင်လေးတွေပါ ။ ချန်ရှန် တော်တော် ပျော်သွားပါတယ် ။ ဒါတွေ က သူ့ဆေးပညာအတွက် အတွေ့ အကြုံတော်တော် ရစေမှာဖြစ်လို့ပါပဲ ။ တစ်ရက်မှာ နှစ်ရက် ၊ နှစ်ရက်မှ သုံးရက်ကြာသည့်အခါတွင်တော့ ချန်ရှန်ဟာ သူ့အဖိုးလေး ချန်ခဲ့သော ဆေးပင် များအားလုံးအား ဆေးအဖြစ်လုပ်ပြီး ဖြစ်နေပါပြီ ။ ဆေးပင်အများစုဟာ အနိမ့်စားတွေဖြစ် သောကြောင့် အချိန်သိပ်မယူလိုက်ရပါဘူး ။ ယခုတော့ ချန်မျိုးနွယ်မှာ ဆေးအတွက် လုံလောက်တယ့် အနေထားသုိ့ ရောက်နေလျက်ပါ ။
ဒီနေ့တွေမှာ ချန်မျိုးနွယ် မျိုးဆက်သစ်များစွာ ဟာ ချန်ရှန်နား ဝိုင်းနေပါတယ် ။ ချန်ရှန်ဟာ မကြာခဏ သိုင်းလေ့ကျင့်ရာကွင်းပြင်တွင် ငယ်ရွယ်သူများအား သိုင်းပညာများ ဖလှယ်ပေးကာ လေ့ကျင့်ပေးလေ့ရှိကာ အကြံဉာဏ်များလည်း ပေးလေ့ရှိပါတယ် ။
“ချန်ရှန် ၊ မင်း ဘုရင့်မြို့ တော်ရဲ့ သိုင်းပြိုင်ပွဲ ၀င်ပြိုင်ပါ့လား ၊ ပထမဆုက အဆင့်မြင့် ပထမ တန်းစား ဆေးရမှာနော်”
ချန်တျန်းဟူ ကွင်းပြင်သို့ရုတ်တရက် ရောက်လာပြီး ပြောပါတယ် ။ ချန်ရှန် ခဏမျှ စဉ်းစားပြီး နောက်မှာတော့ ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော် တခြားမြို့ ကို ဆေးပင်တွေ ၀ယ်ဖို့သွားချင်တယ် ။ ဒီလိုသွားလို့ လမ်းကြောင်း သင့်ရင် ကျွှန်တော် ပြိုင်မယ်လေ”
ဒီအချိန်မှာပဲ ချန်မျိုးနွယ် ကလေးတစ်ယောက်က –
“အကိုတော် ၊ ပြိုင်ပါဗျ ၊ ကျွန်တော်တို့အတွက်က မျှော်လင့်ချက်မရှိဘူး ၊ ဒီပြိုင်ပွဲက အရမ်းတော်တယ့် ပညာရှင်တွေလာပြိုင်လေ့ရှိကြတယ်လို့ ကျွန်တော်ကြားဖူးတယ်ဗျ ။ တချို့ အဆင့် ၇ပညာရှင်တွေတောင် ပါတယ်ဆိုပဲ”
ကောင်မလေးတစ်ယောက်ကလည်း ၀င်ပြောပြန်ပါတယ် ။
“သိုင်းပညာဂိုဏ်းတွေက ပြန်လာတယ့်လူတွေလည်း ပြိုင်လေ့ရှိတယ်ကြားတယ်”
ချန်ရှန် အချက်အလက်တွေကို နားထောင်ပြီးစဉ်းစားနေပါတယ် ။ ဒီပွဲဟာ ၁၀ နှစ်မှ တစ်ကြိမ် ကျင်းပတာပါ ။ ပြိုင်ပွဲဝင်တွေဟာ အသက် ၂၀ အောက်ဖြစ်ရမယ်ဖြစ်ပြီး တောင်ပိုင်း သိုင်းလောကရဲ့ အကြီးမားဆုံး အင်ပါယာဖြစ်တယ့် ဘုရင့်မြို့ တော်မှာ ပြုလုပ်မှာလည်း ဖြစ်ပါတယ် ။ ဒီမြို့ ဟာ မူလက ထိုနေရာတွင် မြို့ လေးမြို့ အဖြစ်ရှိခဲ့ပါတယ် ။ ဒါပေမယ့် ဒီမြို့ တွေ ဖွံ့ ဖြိုးတိုးတက်လာပြီးနောက်တွင်တော့ လူတွေဟာ တစ်မြို့ နဲ့တစ်မြို့ စည်းလုံး ချစ်ခင်ကြကာ ကြီးမားတယ့် မြို့ တော်ကြီး တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ် ။ ဒါကတော့ ဘုရင့်မြို့ တော်ပဲ ဖြစ်ပါတော့တယ် ။
ဘုရင့်မြို့ တော်ဟာ တောင်ပိုင်းသိုင်းအင်ပါယာ၏ တော်ဝင်မြို့ တော်တစ်ခုပါပဲ ။ ယောင်မျိုးနွယ်များနဲ့ အင်ပါယာရဲ့ နန်းတော်များဟာ ထိုနေရာတွင် ရှိနေပါတယ် ။ တောင်ပိုင်းရဲ့ ထိပ်သီးဆိုသူများလည်း ထိုနေရာတွင် အပြည့်ပါပဲ ။ ချန်တျန်းဟူ လည်းခေါင်းညိမ့်လျက် ပြောပြန်ပါတယ် ။
“ဘုရင့်မြို့ တော် သိုင်းပြိုင်ပွဲ ရည်ရွယ်ချက်တစ်ခုကြောင့် ကျင်းပတာဖြစ်တယ် ။ ဒါကတော့ ထူးချွန်တယ့် ပြိုင်ပွဲဝင်ကို သိုင်းပညာဂိုဏ်းထဲ ၀င်ဖို့ ရွေးချယ်တာပဲ ၊ တောင်ပိုင်းအင်ပါယာတစ်ခုလုံး ဒီဂိုဏ်းကိုဝင်ချင်တယ်ဆိုတာ မင်းသိသင့်တယ်”
သိုင်းလောကမိသားစုများဟာ နှစ်စဉ် အခွန်အခတွေကို နန်းတော်ကို ပေးကြရတယ် ။ အဲဒိ ကတဆင့် ဒီတောင်ပိုင်းအင်ပါယာက သိုင်းပညာဂိုဏ်းကို ထောက်ပံ့တယ် ။ ဒီဂိုဏ်းတွေဟာ ပြည်နယ်တစ်ခုလုံးရဲ့ မိသားစုအားလုံးအပေါ် လွှမ်းမိုးခြယ်လှယ်နိုင်ပါတယ် ။
“ဒီအခွန်တွေဟာ အလကားဖြစ်တယ်ထင်လား ၊ ငါတို့လုံခြုံရေးအတွက် ဒီိဂိုဏ်းတွေဟာ လိုအပ်တယ် ။ နောက် ဒီဂိုဏ်းတွေဟာ သားရဲမိစ္ဆာတွေနဲ့ မလွဲမသွေ ကြုံရမှာဖြစ်ပြီး ၎င်းတို့ကို အေးဆေးအမဲလိုက်လို့တောင်ရတယ်”
ချန်တျန်းဟူ ကောင်းကင်ကြီးကို ကြည့်လျက် ရှင်းပြနေပါတယ် ။ ချန်မျိုးနွယ်ရဲ့ ဂျူနီယာ များဟာ တစ်ယောက်တပေါက် ထင်ရာတွေပြောလျက်ပါ ။ အရင်က သူတို့ ဒီကြီးမားသော ဂိုဏ်းများဟာ ဒဏ္ဍာရီလာတည်ရှိခဲ့တာလို့ ထင်ကြတယ် ၊ ခုတော့ဒီဂိုဏ်များရဲ့ ဖွဲ့ စည်းပုံကို သိရှိကြတယ့်အတွက် အံ့သြနေကြပါတော့တယ် ။
တောင်ပိုင်းသိုင်းလောကဟာ အရမ်းကိုကြီးမားတယ့် လူဦးရေရှိပြီး ဒါဇင်သန်းပေါင်းများစွာ ကို ရှိနေပါတယ် ။ ဒါပေမယ့် တကယ်ကို စစ်မှန်တယ့် စွမ်အားမြင့် ပညာရှင်တော့ မရှိသေးပါဘူး ၊ ဆေးဆရာလည်း ထို့အတူပါပဲ ။ ၎င်းတို့ဟာ ဖီးနစ်ငှက်ရဲ့ အမွှေးတောင် များနဲ့ ယူနီကွန်းရဲ့ ချိုများလိုပင် ရှားပါးလှပါတယ် ။ ဒီလိုကြီးမားတယ့် လူဦးရေပေါက်ပွားမှု ကြောင့် ပညာရှင်အစစ်အနည်းငယ်တော့ ထွက်ပေါ်လာမယ်လို့ ယုံကြည်ကြတယ့် အတွက် ဒီသိုင်းပညာဂိုဏ်းတွေဟာ ဒီလိုလူတွေကို တပ်သားသစ် စုဆောင်းတာလည်း ဖြစ်ပါတယ် ။ အမြန်ဆုံးနဲ့ သက်ရောက်မှု အရှိဆုံးဖြစ်စေမယ့် နည်းကတော့ ဒီလိုတစ်နေရာထဲမှာ ပြိုင်ပွဲ လုပ်ကာ ငယ်ရွယ်သန်မာ အစွမ်းထက်လှတယ့် လူများကို စုဆုံစေခြင်းပဲ ဖြစ်ပါတယ် ။
ချန်ရှန် တစ်ယောက် ချန်တျန်းဟူနဲ့ အတူ စာကြည့်တိုက်ခန်းသို့ ရောက်လာပါတယ် ။ချန်တျန်းဟူ လည်း ချန်ရှန်ကို အရေးကြီးတာ တစ်ခုခု ပြောချင်နေပုံပါပဲ ။ ချန်တျန်ဟူပုံစံက အရမ်းကို အလောတကြီးနိုင်တယ့် အမူအရာဖြစ်နေလို့ပါပဲ ။ စာကြည့်ခန်းရောက်သောအခါ တွင်တော့ ချန်တျန်းဟူက ပြောပါတယ် ။
“ချန်ရှန် ၊ မင်းအဖိုးလေး ချန်လုဇောင်ကတော့ ဘုရင့်မြို့ တော်ကိုရောက်နေပြီ ၊ လူအများ အမြင်မှာ ငါတို့ ချန်မျိုးနွယ်ဟာ သိုင်းပညာရှင်တွေ များစွာ ရှိတယ်လို့ထင်ကြတယ် ဒါပေမယ့် ငါတို့ဟာ ဘုရင့်မြို့ တော်ကို မ၀င်နိုင်သေးဘူး ။ ဒါကြောင့် ငါတို့မျိုးနွယ်ဟာ ကိုယ့်ကိုကိုယ် အားကြီးလှပြီလို့ မသတ်မှတ်နိုင်ပေဘူး ။ အဲဒါကြောင့် ငါတို့ရဲ့ နောက်ပစ်မှတ်ကတော့ ဘုရင့် မြို့ တော်ပဲ”
ချန်ရှန်ဟာ အကြောင်းအရာများစွာကိုကြားပြီးပြီ ၊ယောင်မျိုးနွယ်ဟာ ဒီလို သိုင်းပညာဂိုဏ်း တွေနဲ့ များစွာ အဆက်အသွယ်ရှိပြီး သူတို့ဟာ နန်းတော်ကို အခွန်ပေးစရာလည်း မလိုပါ ။ သို့သော် ၎င်းတို့ဟာ ဒီဂိုဏ်းတွေကိုပါ တိုက်ရိုက်အမိန့်လိုမျိုး ပေးနိုင်ပါသေးတယ် ။
“ရွှီ မျိုးနွယ်လည်း ခု ဘုရင့်မြို့ တော်ကို ပြောင်းသွားပြီကွ ၊ ရွှီရှန်းရှန်းကို အကြောင်းပြုပြီး သူတို့ မျိုးနွယ်ဟာ ခုဆို အင်အားကြီး ဂိုဏ်းတွေနဲ့ အဆက်အသွယ်တွေ ရှိနေကြပြီ ၊ ဒါပေမယ့် ငါတို့ ချန်မျိုးနွယ်ကတော့ လမ်းကြောင်းပေါ်မရောက်သေးဘူး ၊ ဒီလမ်းကြောင်းကို ဖွင့်ဖို့က မင်းနဲ့ မင်းရဲ့ အဖိုးလေးတို့ ပေါ်မှာ မူတည်တယ်”
ချန်တျန်းဟူ ချန်ရှန်ပခုံးများအား ကိ်ုင်လျက် အာရုံစိုက် ပြောဆိုပါတယ် ။ချန်ရှန်လည်း မျက်မှောင်ကြုတ်ကာ မေးလိုက်တယ် ။
“ကျွန်တော်ဘာလုပ်ရမှာလဲ ၊ ဂိုဏ်းတစ်ခုခုထဲ ၀င်ရမှာလား”
ချန်တျန်းဟူ ခေါင်းခါကာ ပြောပါတယ် ။
“မဟုတ်ဘူး ၊ မင်းဒီိဂိုဏ်းတွေထဲ ရောက်ရင်တောင်မှာ ငါတို့ ချန်မျိုးနွယ်အနေနဲ့ ဒီကြီးမားတဲ့ ဂိုဏ်းတွေရဲ့ အထောက်အပံ့ကို ကောင်းကောင်းရလိမ့်မှာ မဟုတ်ပေဘူး ၊ အခု ငါတို့ ချန်မျိုးနွယ်တွေ ကို သူတို့ဂိ်ုဏ်းတွေ သတိပြုမိပြီး သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကူညီပေးစေဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းကတော့ မင်းရဲ့ ဆေးပညာ ပါရမီကို ပြသရမှာပဲ ဖြစ်တယ်”
ချန်ရှန် မျက်လုံးများ အရောင်ပြောင်းသွားတယ် ။ အရောင်များ တဖြတ်ဖြတ်တောက်ပသော မျက်လုံးများဖြင့် ပြုံးလျက်ကြည့်ကာ ပြန်ပြောလိုက်ပါတယ် ။
“ကျွန်တော် ဘာလုပ်ရမလဲ သိပါပြီ ၊ ကျွန်တော်လိုအပ်တာတွေ ပြင်ဆင်ပြီး ဘုရင့်မြို့ တော် ကို သွားပါမယ် ။ အဖိုးလေးနဲ့ဆုံလိုက်ပါ့မယ်”
ချန်တျန်းဟူ ချန်ရှန်ပခုံးကို ပုတ်လိုက်ပြီး သူ့ မျက်နှာတွင်တော့ အပြုံးများ လက်လျက်ရှိနေပါတယ် ။
“ချန်ရှန် ၊ မင်းရဲ့ ဇာတ်ခုံအစစ်က ဒီမှာမဟုတ်ဘူးကွ ၊ တောအုပ်ထဲက သစ်ပင်တွေလို များစွာ ရှိနေတယ့် စွမ်းအားကြီး သိုင်းပညာရှင်တွေရှိတယ့် ဒီလို သိုင်းပညာဂိုဏ်းတွေကမှ မင်းရဲ့ ဇာတ်ခုံအစစ်ပဲ”
ချန်တျန်းဟူ လေးလေးနက်နက်ဖြင့်ကို ပြောလိုက်ပါတော့တယ် . . . ။