အပိုင်း ၁၉၅•၁
” ပေါင်းစည်းအင်အား ”
°°°
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့အသံက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ ပဲ့တင်ထပ်လို့နေခဲ့ပါတယ်။ ဒါပေမယ့် လျှပ်စီးဧကရာဇ် နှင်းဧကရီ ရေခဲဧကရီ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ကတော့ ဒီလိုမျိုးအရေးကြီးအခြေအနေမျိုးမှာ မနှောင့်ယှက်ကြပါဘူး။ ဟို့ယွိဟောင်နဲ့ နှင်းဧကရီတို့ရဲ့မျက်လုံးတွေထဲကနေ မျက်ရည်တွေတစ်လိမ့်လိမ့်ကျနေခဲ့ပါပြီ။ ဒီလိုမျိုးသေရေရှင်ရေအခြေအနေမှာ အချစ်စစ်ရဲ့သဘောက ပေါ်ထွက်လို့လာခဲ့ပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့အသက်ကိုရေခဲဧကရီအတွက် လိုလိုလားလားပေးဆပ်နေတာပါ။ တကယ်ပဲသူမအပေါ်ထားရှိတဲ့ သူ့ရဲ့အချစ်ကလုံး၀သန့်စင်ပြီမှန်ကန်ပါတယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပြောပြီချိန်မှာ ရေခဲကျောက်စိမ်းကင်းမြီးကောက်ကိုစိုက်ကြည့်နေခဲ့ပါတယ်။ ရေခဲဧကရီက သူ့ကိုဒီတစ်ကြိမ်မှာတော့ မဆူပူခဲ့ပါဘူး။ ဒါကိုမြင်ချိန်မှသာ သူ့မျက်နှာက စိတ်အေးလက်အေးနဲ့ပြုံးနိုင်ပါတော့တယ်။ သူ့ရဲ့အရွယ်အစားကလဲ နောက်တစ်ကြိမ်ထပ်မံကြီးမားလာခဲ့ပါပြီ။ ခန္ဓာကိုယ်ပတ်လည်မှာတောက်ပနေတဲ့ရွှေရောင်စက်ကွင်းတွေက သူ့ခန္ဓာကိုယ်ကနေခွာသွားခဲ့ပြီ အပြင်ကိုပြန်ထွက်လို့လာခဲ့ပါတယ်။ လေထဲမှာ၀ိညာဥ်စက်ကွင်းခုနှစ်ကွင်းက ဖြည်းဖြည်းချင်းပျံသန်းလာရင်း အကြီးအကဲလျှပ်စီးဧကရာဇ်နဲ့နီးကပ်လို့လာခဲ့ပါပြီ။
ရွှေရောင်စက်ကွင်းခုနှစ်ကွင်းက တုတ်ချောင်းတွေပုံသဏ္ဍာန်ကိုပြောင်းလဲသွားခဲ့ရင်း သူတို့ရဲ့ကြောက်စရာကောင်းတဲ့၀ိညာဥ်စွမ်းအားတွေကို စတင်ပြီထုတ်လွှတ်ပါတော့တယ်။ အဲ့ဒီနောက် ရွှေရောင်ရင့်ရင့်ကနေ လိမ္မော်နဲ့ရွှေရောင်ပြောင်းထားတဲ့အရာအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပြီ နောက်ဆုံးမှာတော့ လျှပ်စီးဧကရာဇ်လက်ထဲကို ကျရောက်လာခဲ့ပါတော့တယ်။ တုတ်ချောင်းကိုကိုက်ထားရင်းနဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ မျက်လုံးတွေကတောက်ပလာခဲ့ပါပြီ။
” ကောင်းပြီ ကောင်းကင်အိပ်မက် ငါတို့တွေဒီနေ့အသက်ရှင်သည်ဖြစ်စေ မရှင်သည်ဖြစ်စေ ငါမင်းကိုပိုးကောင်ကြီးလို့ဘယ်တော့မှမခေါ်တော့ဘူး.. မင်းကငါရဲ့ညီနောင်ကောင်းဖြစ်ဖို့ထိုက်တန်တယ်…ငါရဲ့မိတ်ဆွေကောင်းလဲဖြစ်သင့်တဲ့သူပဲ ငါတို့တွေအတူတူတိုက်ခိုက်ရအောင် ဟားဟား ငါဒီလောက်အထိစိတ်မလှုပ်ရှားတာအတော်ကြာမြင့်ခဲ့ပြီပဲ နောက်တစ်ကြိမ် အရိုင်းဆန်လိုက်ကြစို့ ”
ကျောက်စိမ်းကင်းမြီးကောက်ကြီးကတော့ တုတ်ချောင်းတွေဝှေ့ရမ်းနေတဲ့ဆီကို အကြည့်ရောက်ခဲ့ပါတယ်။ လျှပ်စီးဧကရာဇ်ရဲ့ခန္ဓာကိုယ်က သူမရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့မီးလျှံတွေနဲ့ပူးပေါင်းရင်း ပိုပြီးပြင်းပြင်းထန်ထန် စတင်တောက်လောင်နေခဲ့ပါပြီ။
သူမရဲ့မျက်လုံးထဲမှာတော့ အရင်နဲ့ယှဥ်လိုက်မယ်ဆိုရင် မတူညီတဲ့တမူးထူးခြားတဲ့အကြည့်တစ်ခုရှိနေခဲ့ပါတယ်။ သူမရဲ့မျက်၀န်းတွေထဲမှာ နှင်းဧကရီရဲ့ပုံရိပ်ကလုံး၀ကိုပျောက်ကွယ်လို့သွားခဲ့ပါပြီ။
အရမ်းကိုနူးညံ့ညင်သာလွန်လှတဲ့အသံက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ နောက်တစ်ကြိမ်ပဲ့တင်ထပ်လာခဲ့ပါတော့တယ်။
” ကောင်းကင်အိပ်မက် အကယ်၍ ငါတို့အသက်ရှင်ခဲ့မယ်ဆိုရင် နင်အခုပြောတဲ့ကိစ္စကို ငါနောက်တစ်ကြိမ်လိုလိုလားလားနဲ့နားထောင်ပေးမယ်…နင်ကိုနောက်တစ်ကြိမ် မဆူငေါက်တော့ဘူး ”
၀ိညာဥ်သားရဲကောင်တွေရဲ့ ဆက်ဆံရေးဆိုတာက လူသားတွေလောက်မရှုပ်ထွေးတာတော့အမှန်ပါ။ ဒါ့အပြင်သူတို့ကပိုမိုနက်ရှိုင်းပြီ အပြောင်းအလဲလဲရှိလာခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့စိတ်ဆုံးဖြတ်ချပြီသားဖြစ်တဲ့စကားလုံးတွေ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ စတေးမှုနဲ့ရေခဲဧကရီရဲ့ စိတ်ခံစားချက်ပြောင်းလဲသွားမှုအပြင် နှင်းဧကရီရဲ့နက်ရှိုင်းတဲ့ချစ်ခြင်းမေတ္တာရောအကြီးအကဲလျှပ်စီးဧကရာဇ်ရဲ့ပြင်းထန်တဲ့စိတ်လှုပ်ရှားမှုတွေကပါ ပေါင်းစည်းသွားချိန်မှာတော့ မတူညီတဲ့အင်အားငါးခုအဖြစ်ကိုပေါင်းစည်းလို့သွားပါတယ်။ လက်ရှိအချိန်မှာ ဒီသက်ရှိငါးယောက်စလုံးက စတင်ပြီလောင်မြိုက်နေခဲ့ပါပြီ။
အရမ်းကိုအားကောင်းပြီကြမ်းတမ်းလွန်တဲ့အရှိန်အ၀ါအင်အားက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်မှာပေါက်ကွဲထွက်လာပါတော့တယ်။
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ပြောခဲ့သလိုပါပဲ။ ဒီကိစ္စဆိုးကြီးကို ရပ်တန့်နိုင်မဲ့တစ်ဦးတည်သောသူက လျှပ်စီးဧကရာဇ်ပါ။ သူကနတ်ဘုရားအသိဉာဏ်တစ်ခုဖြစ်သလို တခြားသူတွေမတွေ့ကြုံတဲ့အတွေ့အကြုံကိုလဲ ပိုင်ဆိုင်ထားပါတယ်။ ဒီခန္ဓာကိုယ်ရဲ့ ပိုင်ရှင်ဖြစ်တဲ့ဟို့ယွိဟောင်တောင် သေချာပေါက် သူလောက်ထိန်းချုပ်နိုင်စွမ်းမမြင့်မားပါဘူး။
ဟို့ယွိဟောင်လဲ သူ့ခန္ဓာကိုယ်ထိန်းချုပ်မှုကို အကြီးအကဲလျှပ်စီးဧကရာဇ်ဆီအပ်လိုက်ပါတော့တယ်။ သူတို့တွေအတူတူကြိုးစားအားထုတ်ကြမှသာ အသက်ရှင်သန်နိုင်မှာပါ။ သူတို့တွေတင်မကပါဘူး ၀ိညာဥ်လေးသိန်းသက်တမ်းရှိပြီဖြစ်တဲ့ ရေခဲဧကရီရော နှစ်ခုနှစ်သိန်းသက်တမ်းရှိပြီဖြစ်တဲ့နှင်းဧကရီတို့ပါ သူ့ရဲ့အသက်စွမ်းအားကိုစတင်အသုံးပြုနေခဲ့ပါပြီ။ မတူညီတဲ့အင်အားငါးခုက အခုလက်ရှိအချိန် လျှပ်စီးဧကရာဇ်ရဲ့ထိန်းချုပ်မှုအောက်ထဲမှာ အပြည့်အ၀ရောက်နေခဲ့ပါတော့တယ်။
ကြမ်းတမ်းပြီအရိုင်းဆန်တဲ့အငွေ့အသက်တွေက ဟို့ယွိဟောင် နှင်းဧကရီ ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်းတို့ရဲ့အင်အားတွေရဲ့အားလုံးပါပါ၀င်နေခဲ့တယ်။ ကပ်ဆိုးတွေရဲ့အရှင်သခင်လက်ထဲမှာရောက်ရှိပြီလှည့်ပတ်လို့နေခဲ့ပါတယ်။ အဲ့ဒီလျှပ်စီးဧကရာဇ်က နှစ်ပေါင်းများစွာတည်တံ့ပြီဖြစ်ခဲ့သလို တစ်ကြိမ်တစ်ခါတုန်းက နတ်ဘုရားတွေရဲ့အဆင့်ကိုရောက်ရှိခဲ့ဖူးသူပါပဲ။ လက်ရှိအချိန်မှာ ကြည်လင်ကောင်းကင်ရဲတိုက်ကြီးတစ်ခုလုံးကတော့ ဒီပေါက်ကွဲထွက်တဲ့အင်အားငါးခုရဲ့အစွမ်းကြောင့် လှုပ်ခါလို့နေခဲ့ပါတယ်။ သူတို့တွေက ပေါင်းစည်းသွားပြီတဲ့အချိန်မှာ ဟိုမိုးကောင်းကင်အထိကို ထိုးတက်လို့သွားခဲ့ပါပြီ။
ဒီအငွေ့အသက်က ဖျက်ဆီးနိုင်စွမ်းတွေမပိုင်ဆိုင်နိုင်ပေမဲ့လဲ သော့်လော့အဆင့်မရောက်သေးတဲ့ ၀ိညာဥ်ပညာရှင်တွေအားလုံးရဲ့ အငွေ့အသက်ကဒီအလင်းတန်းရဲ့အောက်မှာဖယ်ရှားခံလိုက်ရပါတယ်။ သူတို့တွေအားလုံး ဖြူဖျော့ကုန်ကြပြီ ဘာတွေဖြစ်လို့ဖြစ်နေမှန်းမသိအောင် အားနည်းဖျော့တော့မှုအပြည့်နဲ့ မြေပြင်ပေါ်ကိုလှဲကျကုန်ကြတော့တယ်။
အဝေးကနေကြည့်မယ်ဆိုရင် ကြည်လင်ကောင်းကင်ရဲတိုက်ကြီးရဲ့အထက်မှာ မတူညီတဲ့အရောင်ငါးခုက ကခုန်နေတာကိုတွေ့မြင်ရမှာပါ။ ဟို့ယွိဟောင်ရဲ့ရွှေဖြူရောင်ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့တောက်ပတဲ့ရွှေရောင် နှင်းဧကရီရဲ့အဖြူရောင် ရေခဲဧကရီကျောက်စိမ်းကင်းမြီးကောက်ရဲ့ မြစိမ်းရောင်နဲ့လျှပ်စီးဧကရာဇ်တို့ရဲ့မီးခိုရောင်တွေပါပဲ။
အရောင်ငါးရောင်ကလေထဲမှာပြင်းပြင်းထန်ထန်ကြီးကို ပေါင်းစည်းနေခဲ့တာပါ။ ဟို့ယွိဟောင်ရဲ့ အရှိန်အ၀ါကအသေးငယ်ဆုံးပါပဲ။ ဒါပေမယ့် တခြားလေးခုရဲ့အလယ်ဗဟိုတည့်တည့်မှာရှိနေခဲ့တယ်။ တခြားလေးခုကသူတို့ရဲ့အစွမ်းအစတွေကိုအဆုံးစွန်းအထိကိုပြသနေခဲ့ရင် သူတို့ရဲ့ကြောက်စရာအင်အားတွေက ကောင်းကင်အမြင့်ကိုပိုပိုပြီးထိုးတက်လာခဲ့ပါတယ်။
ကြည်လင်ကောင်းကင်တောင်ထိပ်ရဲ့အပေါ်မှာရှိနေတဲ့ တိမ်ပင်လယ်ကြီးတောင် ဒီလိုကြောက်စရာကောင်းတဲ့စွမ်းအားတွေကြောင့် စတင်ပြီအပြောင်းအလဲတွေဖြစ်နေခဲ့ပါပြီ။ သူတို့တွေခပ်မြန်မြန်ပျောက်ကွယ်သွားပြီတဲ့နောက် တိမ်ပင်လယ်ကြီးက အဝေးအထိကိုလွှင့်သွားပါတော့တယ်။
ဟို့ယွိဟောင်ကိုလေ့လာနေခဲ့တဲ့ ၀တ်ရုံဖြူနဲ့ ဆံပင်တိုတိုလူကြီးတို့ကတော့ အခန်းထဲကိုအမြန်ဆုံးပြေးထွက်လာခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့တွေထွက်သွားပြီချိန်မှာပဲ ရုတ်တရက်ရပ်တန့်သွားခဲ့ပါပြီ။ ဆံပင်တိုတိုနဲ့လူက အထိတ်တလန့်ပြောလာခဲ့တယ်။
” ဒါဘယ်လိုအင်အားကြီးလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ သူ့ရဲ့ဒီခန္ဓာကိုယ်သေးသေးလေးမှာ ဘာဖြစ်လို့ဒီလောက်ကြောက်စရာကောင်းတဲ့အရှိန်အ၀ါတွေကို ပိုင်ဆိုင်နေရတာလဲ ”
၀တ်ရုံဖြူလူက သူ့ပုခုံးကိုဖိလိုက်ပါတယ်။
” မစိုးရိမ်ပါနဲ့ သူ့ခန္ဓာကိုယ်ထဲမှာအရှိန်အ၀ါလေးမျိုးရှိနေတယ်…သူတို့အားလုံးကလဲ အတော်ကိုအင်အားကြီးကြတယ်…တစ်ခုခုတော့မှားယွင်းနေပြီ ဘာဖြစ်လို့သူ့ခန္ဓာကိုယ်ထဲမှာအဲ့ဒီအရှိန်အ၀ါတွေက ဒီလောက်အထိကြမ်းတမ်းနေရတာလဲ မကောင်းတော့ဘူး သူတို့တွေထိန်းချုပ်မှုလွှတ်တော့မယ် ”
” မြန်မြန်သွားမယ် ”
သူပြောပြီတဲ့နောက် သူညီငယ်ကိုပခုံးကနေ ဆွဲမလိုက်ပါတော့တယ်။ အနည်းဆုံးပေါင်းနှစ်ရာလောက်ရှိတဲ့ ခန္ဓာကိုယ်ကြီးကို မြက်ပင်လေးတစ်ပင်သယ်ရတဲ့အတိုင်း အေအေးဆေးဆေးမပြီတဲ့နောက် တတိယအလွှာကနေ အောက်ကိုခုန်ဆင်းပြီဒုတိယအလွှာကို အလင်းတန်းတစ်ခုလိုရောက်ရှိလို့သွားခဲ့ပါတယ်။ သူဟို့ယွိဟောင်ရှိနေတဲ့အခန်းကို သူအပြင်ကနေစိုက်ကြည့်နေခဲ့တယ်။ သူတို့တွေတင်မကပါဘူး။ ခန်းမဆောင်တစ်လျှောက်လုံးမှာ အသက်ကြီးပိုင်းလူဆယ်ယောက်နီးပါးရှိနေခဲ့တာပါ။ ဒါပေမယ့် ဘယ်သူကမှအခန်းနားကိုမကပ်၀ံ့ပါဘူး။
” မျိုးနွယ်စုသခင် ”
လူတွေအားလုံးက ၀တ်ရုံဖြူလူကြီးကိုမြင်ချိန်မှာ ဦးညွှတ်လိုက်ကြပါတယ်။ အကြီးဆုံးလူကြီးကတော့ပြောလာခဲ့တယ်။
” မျိုးနွယ်သခင် ဘာတွေဖြစ်နေတာလဲ ဘယ်လိုဖြစ်လို့ကျွန်တော်တို့မျိုးနွယ်ထဲမှာဒီလိုကြီးမားတဲ့ပေါင်းစည်းစွမ်းအားမှုကြီးဖြစ်ပေါ်လာရတာလဲ ဒါကဘာအရှိန်အ၀ါတွေလဲသိပါသလား အဲ့ဒီအထဲမှာ ထူးကဲသာလွန်၀ိညာဥ်သားရဲကောင်တွေပါနေတယ်လို့ ကျွန်တော်ခံစားနေရပါတယ် ”
၀တ်ရုံဖြူလူကြီးရဲ့မျက်လုံးထဲမှာ အစိမ်းရောင်အလင်းတန်းတွေထွက်ပေါ်လာပြီတဲ့နောက် သူပြန်ဖြေလိုက်ပါတယ်။
” အကြီးအကဲတန် ငါတို့မျိုးနွယ်စုရဲ့ လူတွေအားလုံးကို အကြီးအကဲတွေနဲ့အတူ အမြန်ဆုံးစုစည်းလိုက်ကြ သူတို့ကိုငါတို့ရဲ့ကြည်လင်ကောင်းကင်တောင်ထိပ်ကနေ အဝေးဆုံးဝေးတဲ့နေရာကိုထွက်သွားခိုင်းလိုက် ကိစ္စတွေကတစ်ခုခုမှားယွင်းနေပြီ ဒါပေမယ့် ဘာတွေဖြစ်နေလဲဆိုတာ ငါတို့သေချာမသိသေးဘူး ”
” မျိုးနွယ်သခင် မျိုးနွယ်သခင်နဲ့ ဒုတိယမျိုးနွယ်သခင်ရောဘယ်လိုလုပ်မှာလဲ ”
အကြီးအကဲတန်က ပြောလာခဲ့တယ်။
“ငါတို့အတွက်မစိုးရိမ်နဲ့ ငါတို့ရဲ့အစွမ်းအစကို မင်းမယုံဘူးလား မင်းတို့အားလုံးထွက်သွားပြီမှသာ ငါတို့လုပ်နိုင်စရာရှိတဲ့ကိစ္စတွေကိုလုပ်နိုင်မှာ အားဟုတ်သား ၀မ်သုန့်ကိုမင်းတို့နဲ့အတူတူခေါ်လိုက် သူ့ရဲ့အခန်းထဲမှာရှိလိမ့်မယ် ”
” ဒီအင်အားကိုသူကိုင်တွယ်နိုင်မှာမဟုတ်ဘူး အရမ်းသန်မာလွန်တယ်…နားလည်ပြီလား ”
အကြီးအကဲတွေက လုံး၀မတွေဝေကြပါဘူး ချက်ချင်းဆိုသလို ညွှန်ကြားချက်အတိုင်းဆောင်ရွက်ကြပါတယ်။
ကြည်လင်ကောင်းကင်မျိုးနွယ်စုထဲမှာ ၀မ်သုန့်က အရူးသွပ်ဆုံးသူပါ။ ဒါ့အပြင် သူတစ်ယောက်ထဲကသာ ဒီအငွေ့အသက်တွေဘယ်ကနေပြီလာနိုင်တဲ့သူလဲဖြစ်နေခဲ့တယ်။ ကြောက်စရာစွမ်းအားတွေပေါ်လာချိန်မှာ ကျင့်ကြံဆင့်မမြင့်တဲ့၀မ်သုန့်တို့လိုလူတွေအားလုံးက ဖိနှိမ့်ခံလိုက်ရပါပြီ။ ဒါပေမယ့် သူက ဟို့ယွိဟောင်နဲ့ပေါင်းစည်းစွမ်းရည်တွေကို ပိုင်ဆိုင်ထားတာကြောင့် ဟို့ယွိဟောင်ရဲ့အစွမ်းအစတွေကိုလဲ အတော်လေးရင်းနှီးပါတယ်။ အကြီးအကဲလျှပ်စီးဧကရာဇ်နဲ့ နှင်းဧကရီတို့ရဲ့ အငွေ့အသက်တွေကိုသူမမှတ်မိပေမဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်နဲ့ ရေခဲဧကရီတို့ရဲ့ အငွေ့အသက်ကိုတော့ သူချက်ချင်းသတိထားမိလိုက်တယ်။ ဒါကြောင့် ဟို့ယွိဟောင်ပြဿနာတက်နေပြီဆိုတာလဲ နားလည်သွားခဲ့ပါတယ်။
သူ့ရဲ့ဘကြီးနဲ့ ဒုတိယဦးလေးတို့က ဟို့ယွိဟောင်ကိုစမ်းသပ်မယ်မှန်းသိပေမဲ့ သူတို့ကသူတို့တွေရဲ့လက်ဆအမြဲချိန်ထားတဲ့သူတွေပါ။ ဘယ်လိုမဖြတ်ကျော်သင့်တဲ့အခြေအနေမျိုးမှာ ဖြတ်ကျော်မှာမဟုတ်ပါဘူး။ ဒါ့အပြင် အခုလက်ရှိထုတ်လွှတ်နေတဲ့ အရှိန်အ၀ါတွေကသာမန်သိုင်းပညာ၀ိညာဥ်တွေနဲ့ ၀ိညာဥ်စက်ကွင်းတွေမထုတ်လွှတ်နိုင်တဲ့အရာတွေပါပဲ။ လုံး၀ကိုမတူညီတဲ့အဆင့်တစ်ခုမှာရှိနေခဲ့ပါတယ်။ ဒီအရှိန်အ၀ါတွေရဲ့ရူးသွပ်မှုကိုခံစားမိချိန်မှာတော့ ၀မ်သုန့်လဲအတော်လေးကိုထိတ်လန့်သွားခဲ့ရပါပြီ။ ဒါကတကယ်ကိုကြောက်စရာကောင်းတဲ့ခံစားချက်ပါပဲ။
တကယ်ပဲဘာတွေဖြစ်ကုန်တာလဲ ယွိဟောင်ဒီလောက်ကြောက်စရာကောင်းတဲ့အပြောင်းအလဲတွေကိုတွေ့နေရတာလဲ။
၀မ်သုန့်ကိုယ်တိုင်လဲစိတ်ရှုပ်ထွေးနေခဲ့ပါပြီ။ သူအခန်းထဲကနေကြိုးကြိုးစားစားနဲ့ အပြင်ကိုထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဖိနှိမ့်အားက အရမ်းကိုကြီးမားလွန်နေခဲ့တယ်။ သိုင်းပညာ၀ိညာဥ်ကိုထုတ်ထားပြီ ၀ိညာဥ်စက်ကွင်းတွေအားလုံးကို စတင်ပြီထုတ်သုံးနိုင်နေခဲ့ပေမဲ့ လက်ရှိချိန်မှာအားကိုမထုတ်နိုင်ပဲဖြစ်နေခဲ့တော့တယ်။
ဒီဖိအားက ပထမဆုံးအကြိမ် ဟို့ယွိဟောင်ကြည်လင်ကောင်းကင်ရဲတိုက်ဆီလာချိန်မှာ ဒုတိယသခင်ဖိနှိမ့်တဲ့အင်အားနဲ့အတော်လေးကိုတူညီနေခဲ့တယ်။ လူတစ်ယောက်က ၀ိညာဥ်စွမ်အားနဲ့ထိန်းချုပ်လို့မရနိုင်တဲ့အရာပါပဲ။
” မဖြစ်ဘူး ငါသွားကြည့်မှဖြစ်မယ်. ”
၀မ်သုန့် ဒေါသတကြီးနဲ့အော်ဟစ်လိုက်ပါတယ်။ အဲ့ဒီနောက်နံရံကိုမှီကာ သူကိုယ်သူရှေ့ဆက်သွားနိုင်ဖို့အတွက် သူကအရမ်းကိုခေါင်းမာတဲ့သူပါ သူ့နဖူးပေါ်မှာတြိဂံပုံသဏ္ဍာန်ရွှေရောင်အလင်းတန်းကလဲ စတင်ပြီပေါ်လာခဲ့ပါပြီ။ ဒီရွှေရောင်သင်္ကေတပေါ်လာချိန်မှာလဲ ခန္ဓာကိုယ်ပေါ်မှာရောက်ရှိနေတဲ့ဖိအားက သိသိသာသာကျဆင်းလို့သွားပါတော့တယ်။ သူအောက်ဖက်ကိုပြေးဆင်းလာချိန်မှာပဲ အပေါ်ကိုပြေးတက်လာနေတဲ့အကြီးအကဲတွေနဲ့ ၀င်တိိုက်မိတော့တယ်။
” မဟာအကြီးအကဲ ဘာတွေဖြစ်နေတာလဲ ”
၀မ်သုန့်က စိုးရိမ်ပူပန်းမှုအပြည့်နဲ့ပြောလာခဲ့တယ်။ ၀မ်သုန့်သူ့အင်အားနဲ့သူအခန်းထဲကထွက်လာနိုင်တဲ့အတွက် အကြီးအကဲကတော့အံ့ဩနေဆဲပါ။
” ငါတို့လဲမသိဘူး မျိုးနွယ်သခင်က ရှိသမျှမျိုးနွယ်စုထဲကလူတိုင်းကိုစုစည်းပြီ အပြင်ကိုခေါ်ထုတ်သွားဖို့မိန့်ကြားထားတယ်…သူကမငါတို့နဲ့အတူတူ မင်းကိုထွက်သွားစေချင်တယ်…လာခဲ့ငါတို့နဲ့လိုက်ခဲ့ ”
” မဖြစ်ဘူး သွားလို့မရဘူး ယွိဟောင်တစ်ခုခုဖြစ်နေပြီ ”
၀မ်သုန့်က သူတို့ကိုဖြတ်ကျော်ပြီအောက်ကိုပြေးဆင်းချင်ပေမဲ့ မဟာအကြီးအကဲက သူ့ကိုတားခဲ့ပါတယ်။
အပိုင်း ၁၉၅•၁ ပြီး၏။