Switch Mode

Chapter – 194.2

ကျောက်စိမ်းအဆီအနှစ်အိပ်ရာ

အပိုင်း ၁၉၄•၂

” ကျောက်စိမ်းအဆီအနှစ်အိပ်ရာ ”
°°°
အစိမ်းရောင်လှိုင်းတွေတစ်လှည့်ပြီတစ်လှည့်လှည့်ပတ်ပြီချိန်မှာတော့ ရေခဲပြာရောင်တောက်ပနေတဲ့စွမ်းအားက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ထဲကို တော်တော်များများစုပ်ယူခံလိုက်ရပါပြီ။

သူ့ရဲ့ရေခဲဧကရီကျောက်စိမ်းကင်းမြီးကောက်အရိုးစုကြီးကလဲ စတင်ပြီ နာနာကျင်ကျင်ရောင်ရမ်းဖောင်ကြွလာတာကို ဟို့ယွိဟောင်ခံစားလိုက်ရပါတယ်။ ဒါ့အပြင် ရေခဲဧကရီရဲ့အငွေ့အသက်တွေကလဲ ကြောက်စရာကောင်းလောက်အောင် ဆက်တိုက်ဆိုသလို အပြင်ကိုထွက်လာနေခဲ့ပါပြီ။

ဘယ်လိုပဲဖြစ်ပါစေ ဟို့ယွိဟောင်ကတော့လုံး၀ကို ၀ီရိယအပြည့်နဲ့တောင့်ခံနေဆဲပါပဲ။ မြောက်၀င်ရိုးစွန်းရဲ့ ရေခဲနယ်မြေတွေမှာ ရေခဲဧကရီနဲ့ပေါင်းစပ်ဖို့အတွက် လူမဆန်တဲ့နာကျင်မှုကို သူခံစားခဲ့ရပါတယ်။ အဲ့ဒီအချိန်တုန်းက နာကျင်ခံစားခဲ့ရတဲ့နာကျင်မှုနဲ့ယှဥ်မယ်ဆိုရင် အခုနာကျင်မှုကဘာမှမပြောပလောက်ပါဘူး။ သူ့ကိုမျက်မှောင်ကြုတ်နိုင်စေလောက်တဲ့အထိတောင် ခံရမခဲ့တဲ့ဝေဒနာလေးသာဖြစ်နေခဲ့တယ်။

ရေခဲဧကရီပြောတဲ့အခွင့်အရေးဆိုတာကို ရရှိချိန်မှာတော့ ခပ်မြန်မြန်ပဲခံစားနေခဲ့ရပါပြီ။ ကျောက်စိမ်းအိပ်ရာထဲမှာရှိနေခဲ့တဲ့ရေခဲစွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲကိုရောက်ရှိလာချိန်မှာတော့ အရိုးထဲကတောင်ဒီစွမ်းအားတွေကို စတင်ပြီခံစားလာရပါတော့တယ်။ ကျောက်စိမ်းအိပ်ရာရဲ့စွမ်းအားက ခန္ဓာကိုယ်ထဲဖြတ်သန်း၀င်ရောက်လာရင်း ချောမွေ့တဲ့လှိုင်းတွေနဲ့အတူအေးမြတဲ့သက်သောက်သက်သာဖြစ်မှုက ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လဲ ခန္ဓာကိုယ်နာကျင်မှုတွေက သိသိသာသာကိုလျော့ပါးသွားခဲ့ရပါပြီ။ သူ့ရဲ့စိတ်တောင်မှ အရမ်းကိုအာရုံစူးစိုက်မှုအပြည့်နဲ့ သတိအပြည့်ဖြစ်လာပါတော့တယ်။

၀ိညာဥ်စွမ်းအားတွေရဲ့လှိုင်းက ပိုပိုပြီးအရှိန်အဟုန်ကောင်းလာခဲ့ပါတယ်။ ၀ိညာဥ်စွမ်းအားတစ်လှိုင်းပြီတစ်လှိုင်းပြီသွားချိန်မှာတော့ ရေခဲကျောက်စိမ်းဧကရီရဲ့အရိုးစုဆီက ၀ိညာဥ်စွမ်းအားတွေလဲကိုယ်ပိုင်၀ိညာဥ်စွမ်းအားနဲ့ ဆက်တိုက်ပေါင်းစည်းတာပိုမိုချောမွေ့လာခဲ့ပါပြီ။

သူ့ရဲ့အရိုးတွေအသားတွေဒီလောက်အထိနာကျင်ရတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာချိတ်ပိတ်ထားတဲ့စွမ်းအားတွေကြောင့်ပါပဲ။ ဒီစွမ်းအားတွေကို အပြင်ထုတ်နိုင်ဖို့အတွက် သေချာပေါက်တွန်းထုတ်ဖို့လိုအပ်ပါတယ်။

ဒီနာကျင်မှုက ခံနိုင်ရည်ရှိတဲ့အနေအထားမှာ ရှိနေဆဲပါ။ ဟို့ယွိဟောင်ရဲ့သိပ့်သည်းတဲ့၀ိညာဥ်စွမ်းအားတွေက ခန္ဓာကိုယ်တစ်လျှောက်တည်တည်ငြိမ်ငြိမ်စည်းချက်ကျကျနဲ့ ဆက်တိုက်ဆိုသလို လှုပ်ရှားနေခဲ့ပါပြီ။

ဒီရက်ပြီးသွားရင် သူ့ရဲ့ကျင့်ကြံမှုက ပုံမှန်ဆယ်ရက်တာကျင့်ကြံမှုထက်တောင် ပိုပြီးတော့အားကောင်းတဲ့အဆင့်တစ်ဆင့်မြင့်သွားတယ်လို့ခံစားရမှာအသေအချာပါပဲ။

ရေခဲကျောက်စိမ်းအိပ်ရာကနေ ထုတ်ပေးတဲ့စွမ်းအားတွေက ရေခဲဧကရီရဲ့ အင်အားကိုလဲသက်ရောက်စေပါတယ်။ အရင်ကထက်ပိုပြီးအားကောင်းလာအောင် ကူညီလှုပ်ဆော်ပေးနေခဲ့တာပါ။ ရေခဲဧကရီရဲ့စွမ်းအားနဲ့ပေါင်းစည်းချိန်မှာ သူတို့က တစ်ဖက်နဲ့တစ်ဖက် လိုက်လျောညီထွေးအောင်လှည့်ပတ်နေရင်း ရေခဲဧကရီရဲ့စွမ်းအားတွေကို ပိုပြီးသန့်စင်လာအောင်ပြောင်းလဲပေးပါတယ်။ ဒါက ဟို့ယွိဟောင်ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်နိုင်တဲ့အချက်အလက်တော့ မဟုတ်ခဲ့ပါဘူး။

ရေခဲဧကရီရဲ့အရိုးစုတွေထဲကနေ သေးငယ်တဲ့အက်ကွဲရာကြောင်းလေးတွေဖြစ်ပေါ်လာတာကို မြင်နေခဲ့ရပါတယ်။ အပေါ်ယံအက်ကွဲကြောင်းတွေသာဖြစ်ပေမဲ့ သူ့ရဲ့အရိုးစုကအပေါ်ယံအရေခွံကွာသွားသလိုဖြစ်လာတာကို ဟို့ယွိဟောင် သတိထားမိလိုက်တယ်။ ဒါကအပေါ်ယံချိတ်ပိတ်ထားတဲ့အလွှာတစ်ခုကိုခွာချလိုက်တာပါ။

အခန်းထဲမှာရှိတဲ့အပူရှိန်က သိသိသာသာကျဆင်းလာတာကို တွေ့လိုက်ရပါတော့တယ်။ မြူခိုတွေက အခန်းနံရံမှာပေါ်လာခဲ့ပါပြီ။ ဒီမြူခိုတွေက ခပ်မြန်မြန်ပဲ ထူးထပ်သိပ့်သည်းလာပြီတဲ့နောက် အပူရှိန်ကဆက်တိုက်ဆိုသလို ကျဆင်းလာပါတော့တယ်။ လက်ရှိအချိန်မှာ ပြတင်းပေါက်တွေတောင် မြူခိုတွေအပြည့်နဲ့ဖုံးလွှမ်းခံလိုက်ရပါပြီ။ ထူးဆန်းတဲ့တိမ်အမြူလွှာကြီးက ဖြစ်ပေါ်လာပြီ အပြင်ကနေကြည့်မယ်ဆိုရင် မြင်တောင်မမြင်ရတော့ပါဘူး။

°°°
ကြည်လင်ကောင်းကင်ရဲတိုက်ရဲ့ တတိယအလွှာမှာတော့ ၀တ်ရုံဖြူ၀တ်ထားတဲ့လူက အဲ့ဒီနေရာမှာတိတ်တဆိတ်ထိုင်နေရင်း မျက်မှောင်ကြုတ်နေခဲ့ပါတယ်။ သူ့ရဲ့မနီးမဝေးမှာထိုင်နေခဲ့တဲ့ဆံပင်တိုတိုလူကလဲ အတော်လေးတွေးတောနေပုံပါပဲ။

” ဒီကောင်စုတ်လေးမှာ အစွမ်းအစတော့ရှိသားပဲ ပစ္စည်းကောင်းတွေကိုတော့ ကောင်းကောင်းတွေ့တတ်သား ငါတို့တွေတောင်အဲ့ဒီရေခဲကျောက်စိမ်းအဆီအနှစ်အိပ်ရာကို မသုံးဖူးဘူး…ဒီကောင်ကံကောင်းတာပဲ ”

ဆံပင်တိုတိုလူက အတော်လေးစိတ်အေးလက်အေးဖြစ်နေပုံပေါ်ပါတယ်။ ၀တ်ရုံဖြူလူက သူ့ကိုကြည့်ရင်းနဲ့ပြောလာခဲ့တယ်။

” မင်းမှာသုံးနိုင်တဲ့အစွမ်းအစရှိတယ်ဆိုရင် ဒီလောက်အချိန်အထိ အကြာကြီးစောင့်နေဦးမှာလား ”

” ဘယ်သူသိနိုင်မှာလဲ ဒီပစ္စည်းကကျွန်တော်တို့အတွက် အနည်းနဲ့အများတော့အသုံး၀င်လာနိုင်တယ်လေ ”

” သူ့ရဲ့အမူအကျင့်တွေထဲက ဘာကိုသတိထားမိသေးလဲ ”

” ဘာကိုသတိထားရမှာလဲ ဒီကလေးက ပစ္စည်းကောင်းကိုတွေ့တာနဲ့ချက်ချင်းသုံးတယ်လေ သိပ်ပြီကောင်းတဲ့ကောင်တော့မဟုတ်ဘူး ”

” မဟုတ်ဘူး မင်းမှားနေပြီ ”

၀တ်ရုံဖြူလူကပြန်ဖြေလာခဲ့တယ်။ တစ်ဖက်လူကတော့ သူ့အစ်ကိုကြီးကိုကြည့်ရင်း စိတ်ရှုပ်ထွေးလာခဲ့ပါတယ်။

” မင်းအပေါ်ယံတွေမြင်နေရတာကိုယုံလို့မရဘူး….ဒီလူငယ်လေးရဲ့ ဒုတိယသိုင်းပညာ၀ိညာပေါင်းစည်းထားတဲ့ ၀ိညာဥ်စက်ကွင်းက နှစ်လေးသိန်း၀ိညာဥ်သားရဲကောင်ကို ကိုယ့်ကိုကိုယ်စတေးပြီ ရရှိလာတာလို့ငါသေချာသိနေတယ်…ဒါ့အပြင် ၀ိညာဥ်သားရဲကောင်က စတေးမှုနည်းလမ်းတစ်ခုကို ရှာဖွေရုံတင်မက သူ့ခန္ဓာကိုယ်ကို ဒီကလေးခန္ဓာနဲ့ပေါင်းစည်းပြီ သူ့ရဲ့စွမ်းအားတွေကိုချိတ်ပိတ်စည်းအဖြစ်ဖိထည့်ထားတဲ့ပုံပဲ ဒီနှစ်လေးသိန်း၀ိညာဥ်စက်ကွင်းက ဘယ်လောက်အထိ ပြီးပြည့်စုံနေလဲဆိုတာခံစားရဖူးလား မင်းရဲ့အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကလဲ အဲ့ဒီကလာတာပဲဖြစ်ရမယ် ”

” ဒါကသူ့လောဘနဲ့ဘာဆိုင်လဲ ”

” ဒါက လောဘမဟုတ်ဘူး ယုံကြည်မှုပဲ အကယ်၍ မင်းသာဖြစ်မယ်ဆိုရင် မင်းရဲ့အသက်အန္တရာယ်လုံခြုံစိတ်ချမှုတွေအားလုံးကို ခြိမ်းခြောက်နိုင်တဲ့နေရာတစ်ခုဆီပြစ်ထည့်ခံလိုက်ရလို့ရှိရင် မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံမှုကို မြင့်တင်နိုင်ဖို့အတွက် အဲ့ဒီနေရာမှာလုပ်ဆောင်မှာလား ပြင်ပကလူတွေရဲ့အာရုံကို ဆွဲဆောင်နိုင်မဲ့အပြင် မင်းရဲ့ကိုယ်ပိုင်စွမ်းအားကိုအပြင်လျှံထွက်စေမဲ့ကိစ္စကို လုပ်မိမှာလား ”

” လုပ်ဖြစ်မှာတော့ မဟုတ်ဘူး စတင်မကျင့်ကြံခင်လုံခြုံတဲ့နေရာတစ်ခုကိုရှာမိမှာပေါ့ ”

” အနည်းဆုံးတော့ မင်းအဲ့ဒီလောက်မတုံးသေးဘူးပဲ ဒီလောက်အသက်ရှင်လာတဲ့နှစ်တွေအကြာကြီးက အလာဟသမဖြစ်ဘူးလို့ပြောလို့ရတယ် ”

” အစ်ကိုကြီးရယ် ကျွန်တော်ကိုဒီလိုအပြစ်လေးနဲ့မှမပြောလိုက်ရရင် နေသာထိုင်သာမရှိဘူးလား ”

ဆံပင်တိုတိုနဲ့လူက စိတ်ညစ်ညစ်နဲ့​ပြန်မေးမိပါတယ်။

” ငါပြီးအောင်ပြောပါရစေဦး ဟို့ယွိဟောင်က ဒီအိပ်ရာကိုအသုံးပြုမယ်ဆိုရင် သူ့ရဲ့အရှိန်အ၀ါနဲ့စွမ်းအားတွေကို အပြင်ထုတ်မိလိုက်မယ်ဆိုတာ သူသိတယ်…အခုသူဒီလိုလုပ်နေရတဲ့အကြောင်းအရင်းက ၀မ်သုန့်ကိုယုံကြည်ဖို့ပဲ ကြည်လင်ကောင်းကင်ရဲတိုက်မှာ သူရှိနေပေမဲ့ ၀မ်သုန့်က သူ့ကိုလုံခြုံအောင်ထားနိုင်မယ်လို့ သူယုံကြည်တယ်…ဒါကြောင့်သာ ဒီလိုမျိုးကျင့်ကြံနေတာပေါ့ ဒါပေါ့ အကြောင်းအရင်းတစ်ခုလဲရှိသေးတယ်…သူ့ရဲ့ခန္ဓာကိုယ်ထဲမှာချိတ်ပိတ်ထားတဲ့စွမ်းအားတွေကို ဒီရေခဲကျောက်စိမ်းအိပ်ရာက ဆွဲခေါ်လိုက်လို့ဖြစ်လိမ့်မယ်…အခွင့်အရေးကောင်းရှာတွေ့သွားတာဖြစ်မှာပေါ့ ”

” သူ၀မ်သုန့်ကိုယုံကြည်တော့ရော ဘာလုပ်မလဲ ကျွန်တော်တို့ရဲ့ရှောင်သုန့်ကအမြဲတမ်းအပြည့်အ၀ယုံကြည်စရာကောင်းတဲ့သူပဲကို ”

ဆံပင်တိုတိုလူက စိတ်အေးလက်အေးပြောလာခဲ့ပါတယ်။ ၀တ်ရုံဖြူလူကတော့ မျက်စောင်းထိုးရင်းနဲ့ပြောလာတော့တယ်။

” ပါးစပ်ပိတ်ထားစမ်း ခေါင်းသုံးပြီသေချာတွေး အရက်သောက်တာများပြီ စိတ်လွှတ်နေတာလား ဒါမှမဟုတ်ရင် အခုကာလတွေမှာ အရမ်းကိုသက်သောက်သက်သာနေရလွန်လို့ ဦးနှောက်ကအလုပ်မလုပ်တော့တာလား ”

တစ်ဖက်လူကတော့ သူအစ်ကိုကြီးကို သူအတော်ကြောက်ပုံပါပဲ။ သူအစ်ကိုကြီးဆူပူနေတာကိုမကျေမနပ်ဖြစ်ပေမဲ့ သူစကားတစ်ခွန်းမှမပြောတော့ပါဘူး။

သူ့ရဲ့အစ်ကိုကြီးက သေချာလေးရှင်းပြလာခဲ့တယ်။

” တခြားသူတွေကိုယုံကြည်တယ်ဆိုတာက ဂုဏ်သိက္ခာရဲ့ပြရုပ်တစ်ခုပဲ အထူးသဖြင့် လူတစ်ယောက်က နောက်တစ်ယောက်ကိုအပြည့်အ၀ယုံကြည်တယ်ဆိုတဲ့အချိန်မှာ ပိုပြီးသိသာတယ်…အသက်အန္တရာယ်လုံခြုံမှုဆိုတာက အချိန်မရွေးခြိမ်းခြောက်ခံရနိုင်တယ်…ဒါကိုသိနေတာတောင် သူယုံကြည်မှုရှိနေသေးတာက လူတစ်ယောက်နှလုံးသားထဲမှာ ဘယ်လောက်အထိ မြင့်မြင့်မားမားမျှော်တွေးထားလဲဆိုတာကို သက်သေပြခဲ့တာပဲ သူ့အဖေငါတို့ကိုပြောခဲ့ဖူးတယ်…ငါတို့သူ့အိမ်နဲ့ဘ၀ကိုအများကြီးမ၀င်စွက်ဖက်သင့်ဘူး…သူ့ဘာသာသူရွေးချယ်ပါစေ ငါတို့လုပ်ဖို့လိုတာက သူသွားရမဲ့ခရီးလမ်းမှန်မမှန်သေချာအောင်ညွှန်ပြပေးဖို့ပဲ အခုဟို့ယွိဟောင်နဲ့ပတ်သက်ပြီ ငါတို့အာရုံစိုက်ဖို့လိုတာသုံးခုရှိတယ်…သူ့ရဲ့စိတ်ပိုင်ဆိုင်ရာအခြေအနေ အစွမ်းအစနဲ့ ရှောင်သုန့်အပေါ်ထားရှိတဲ့အကျင့်စရိုက်မျိုးပဲ သူ့ရဲ့ကျင့်ကြံမှုကနေကြည့်မယ်ဆိုရင်ကော ရှောင်သုန့်အပေါ် သဘောထားကိုကြည့်မယ်ဆိုရင် စိတ်ကျေနပ်စရာကောင်းတယ်…ငါတို့တွေဆက်ပြီတော့လေ့လာဖို့လိုသေးတာပေါ့ အားလုံးကိုပြောလိုက် ဒုတိယအလွှာမှာဘာတွေပဲဖြစ်လာပါစေ ဘယ်သူမှသူ့ကိုမနှောင့်ယှက်နဲ့ သူကငါတို့ကိုယုံကြည်တယ်ဆိုမှတော့ ငါတို့ကြည်လင်ကောင်းကင်မျိုးနွယ်က သူ့ကိုဘယ်လောက်အထိ ရက်ရက်ရောရောရှိလဲဆိုတာ မြင်ခိုင်းစေလိုက်ပါ ငါတို့ရဲ့ဒီရေခဲကျောက်စိမ်းအဆီအနှစ်အိပ်ရာက ဒီလူငယ်အတွက် ဘယ်လောက်အထိတိုးတက်အောင်လုပ်ပေးနိုင်မလဲဆိုတာ ငါမြင်ချင်တယ် ”

°°°°
ပုံမှန်နေ့ရက်တွေမှာဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားက အရမ်းကိုမှုန့်ညှက်ပြီချောမွေ့တဲ့စီးဆင်းမှုတစ်ခုအဖြစ် ဖော်ပြရမယ်ဆိုရင် လက်ရှိအချိန်စီးဆင်းနေတဲ့စွမ်းအားတွေကတော့ စမ်းချောင်းပေါင်းထောင်နဲ့ချီပြီ ပင်လယ်ထဲကိုစီး၀င်နေသလိုပါပဲ။

တစ်ရိပ်ရိပ်တိုးမြင့်လာနေတဲ့ ၀ိညာဥ်စွမ်းအားတွေက သူ့ရဲ့စွမ်းအားဗဟိုချက်ဖြတ်သန်းနေခဲ့ပါတယ်။ သူ့ရဲ့အရှိန်နှုန်းကလဲ အရင်ကတွေထက်ဆယ်ဆပိုပြီးမြန်ဆန်နေတာပါ။ ဟို့ယွိဟောင်ရဲ့စွမ်းအားဖြတ်သန်းမှုလမ်းကြောင်းတွေက ဘယ်လောက်ပဲခံနိုင်ရည်မြင့်မားပါစေ နာကျင်မှုကိုစတင်ခံစားနေရပါပြီ။ ဒါပေမယ့် ရေခဲဧကရီရဲ့အကဲဖြတ်မှုအရ သူ့ရဲ့ချိတ်ပိတ်စည်းတွေကို ဆက်ပြီတော့ဖွင့်ထုတ်ပေးနေဦးမှာပါ။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကလဲ အရမ်းကိုမြင့်မားတဲ့အဆင့်မှာရောက်နေခဲ့တယ်။ ဒါကြောင့်သာ ဆက်တိုက်ဖွံ့ဖြိုးတိုးတက်နေတဲ့၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်နှစ်ခုစလုံးကိုသူပေါင်းစည်းနေခဲ့တာပါ။ တစ်ရိပ်ရိပ်တိုးမြင့်လာနေတဲ့ ၀ိညာဥ်စွမ်းအားတွေကို ဆက်တိုက်ဆိုသလိုထိန်းချုပ်ပေးရင်းလမ်းညွှန်ပေးနေခဲ့ပါတယ်။ ဒါမှသာ အထိန်းအကွတ်မရှိလွှင့်မထွက်သွားအောင် ထိန်းချုပ်ထားနိုင်မှာပါ။

ကျောက်စိမ်းအိပ်ရာကနေ ဖြည့်စည်းပေးနိုင်တဲ့သန့်စင်မှုက သူ့ရဲ့စွမ်းအားဖြတ်သန်းတဲ့လမ်းကြောင်းတွေကို ကာကွယ်ပေးထားပါတယ်။ ဒါ့အပြင် ကျောက်စိမ်းအဆီအနှစ်ရဲ့စွမ်းအားတွေက မခံမရပ်နိုင်အောင်အေးစက်နေပေမဲ့ တစ်ချိန်ထဲမှာပဲ နူးညံ့လို့ညင်သာနေခဲ့တယ်။ သူ့ရဲ့နူးညံ့မှုက လှပတဲ့မိန်းမငယ်လေးတစ်ယောက် သူ့ကိုခပ်ဖွဖွလေးပွတ်သပ်ပေးနေသလိုပါပဲ။ နာကျင်ပြီရောင်ရမ်းနေတဲ့စွမ်းအားဖြတ်သန်းမှုနဲ့ လမ်းကြောင်းနဲ့အရိုးတွေအားလုံးက ဘယ်လောက်ပဲ အရှိန်ပြင်းပြင်းစွမ်းအားတိုက်စားခံနေရပါစေ တစ်ချိန်ထဲမှာပဲ ပြန်လည်ကုသကောင်းမွန်လာအောင် ကုသပေးခံနေရပါတယ်။ ဟို့ယွိဟောင် ဒီနာကျင်မှုကိုကြိုးစားပြီတော့သည်းခံနေခဲ့ရတယ်။ ဒါ့အပြင် ပေါင်းစည်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်၀န်ထုတ်၀န်ပိုးကိုလဲ သူတောင့်ခံနေရပါသေးတယ်။ ဒါမှသာ ချိတ်ပိတ်စည်းတွေကို ပိုပြီးကျယ်ကျယ်ဖွင့်နိုင်မှာပါ။

လက်ရှိအချိန်မှာ သူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်လေးဆယ်ခြောက်ကိုဖြတ်ကျော်ပြီ အဆင့်လေးဆယ်ခုနှစ်ထဲ၀င်လာနေတာကို ဟို့ယွိဟောင်ခံစားမိပါတယ်။ ဒီအရှိန်နှုန်းနဲ့သာသွားမယ်ဆိုရင် ပုံမှန်နေ့တွေမှာ ခရုလေးတစ်ကောင်လိုဖြည်းဖြည်းချင်းတက်နေတဲ့ သူ့ရဲ့၀ိညာဥ်စွမ်းအားက အဆင့်ငါးဆယ်ကို တစ်ဟုန်ထိုးရောက်ရှိတော့မှာပါ။

မိုးကောင်းကင်နဲ့မြေကမ္ဘာရဲ့မူလစွမ်းအားတွေက အရမ်းကိုကျယ်ပြန့်လွန်လှပါတယ်။ ဒါပေမယ့် ဒီလိုအပြင်ဘက်ကိုလျှံထွက်မှုနှုန်းကလဲ ကြီးမားတဲ့ကန့်သတ်ချက်ကြီးရှိနေခဲ့တယ်။ သူက အချိန်တိုင်တိုးလာနေတာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့ အဆုံးစွန်းသိုင်းပညာ၀ိညာဥ်ကလဲ ဒီအကန့်အသတ်တွေထဲမှာရှိနေခဲ့တယ်။ သူ့ရဲ့ထိန်းချုပ်မှုအောက်မှသာ ချိတ်ပိတ်စည်းတွေကို ဖွင့်လစ်နေတဲ့အတွက် တည်တည်ငြိမ်ငြိမ်နဲ့ အဆင့်တက်နေခဲ့တာပါ။

အကယ်၍ ပုံမှန်အခြေအနေတိုင်းမှာ ဆက်သွားနေမယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ ကျင့်ကြံဆင့်ကိုအများကြီးမြင့်တက်ဖို့အတွက် အန္တရာယ်ကြုံရနိုင်ပါတယ်။

ရေခဲဧကရီရဲ့ချိတ်ပိတ်ထားတဲ့စွမ်းအားတွေက အဆုံးစွန်ရေခဲဖြစ်သလို ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းအားကိုအဆင့်ငါးဆယ်အထိ မြင့်တင်တာက သူ့ခန္ဓာကိုယ်တောင့်ခံနိုင်လောက်တဲ့ အဆုံးစွန်းအနေအထားပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင် သူ့ရဲ့စွမ်းအားတွေမြင့်တက်လာတာကို ခံစားရချိန်မှာပဲ သူ့နှလုံးသားကလဲ အခုန်မြန်လာပါတော့တယ်။ ထူးခြားတဲ့စွမ်းအားတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲမှာနိုးထလို့လာခဲ့ပါပြီ။ အေးစက်တဲ့စွမ်းအင်လှိုင်းတွေက ပိုမိုအင်အားကောင်းလာခဲ့ပြီ သူ့ကိုအထဲကနေစတင်ပြီလှုပ်ခတ်ပါတော့တယ်။

လက်ရှိအချိန်မှာ သူ့ခန္ဓာကိုယ်အလယ်ဗဟိုချက်ထဲမှာပုန်းအောင်နေခဲ့တဲ့ရွှေရောင်ပုလဲလေးတစ်လုံးက ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်၀င်လာနေတဲ့စွမ်းအားတွေကို ရူးရူးသွပ်သွပ်နဲ့စတင်စုပ်ယူပါတော့တယ်။ သူ့အောက်ဖက်မှာရှိနေခဲ့တဲ့ ရေခဲကျောက်စိမ်းအိပ်ရာကလဲ လက်ရှိအချိန်မှာ စွမ်းအားထုတ်လွှတ်မှုတွေကိုအနည်းဆုံးနှစ်ဆတိတိမြင့်တင်လိုက်ပါပြီ။ ဘာတွေဖြစ်ကုန်တာလဲ ဟို့ယွိဟောင်အထိတ်တလန့်နဲ့ ဖြစ်လာပါတော့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာတော့ စွမ်းအားတွေအားလုံးကို လမ်းညွှန်ပေးမှုကြိုးစားနေတဲ့ ရေခဲကျောက်စိမ်းဧကရီကင်းမြီးကောက်ကလဲ အထိတ်တလန့်နဲ့အော်ဟစ်နေပါတော့တယ်။

ရွှေရောင်ပုလဲကမျက်စိကျိန်လောက်တဲ့အရှိန်နှုန်းနဲ့ လှည့်ပတ်နေခဲ့သလို အားကောင်းတဲ့စွမ်းအားစုပ်ယူမှုက ဟို့ယွိဟောင်ရဲ့ရှိသမျှ၀ိညာဥ်စွမ်းအားတွေအားလုံးကို စုပ်ယူနေပါတော့တယ်။ ဒါ့အပြင် ရေခဲကျောက်စိမ်းဧကရီထုတ်ပေးနေတဲ့ ချိတ်ပိတ်စည်းဖွင့်လစ်မှုကိုလဲ သူကတားဆီးလိုက်တာပါ။ မိုးကောင်းကင်နဲ့ မြေပြင်ရဲ့စွမ်းအားတွေအကုန်လုံးကို ဒါကစတင်ပြီစုပ်ယူနေခဲ့ပါပြိ။ တုန်ရီနေတဲ့အမျိုးသမီးတစ်ယောက်ရဲ့အသံက ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာဖြစ်ပေါ်လာပါတော့တယ်။

” မဖြစ်ဘူး ငါရဲ့ချိတ်ပိတ်ထားတဲ့ ၀ိညာဥ်မူလအရင်းအမြစ်က နှောင့်ယှက်ခံလိုက်ရပြီ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ”

အပိုင်း ၁၉၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset