အပိုင်း ၁၈၈•၃
” တကယ်ပဲ သူမလား ”
°°°
ဒီလိုမျိုးအကြာကြီးရူးရူးသွပ်သွပ်ပျံသန်းလာပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ သက်သောက်သက်သာအနားယူနိုင်ခဲ့ပါပြီ။ သူအတော်ကြီးမောပန်းနေတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ ၀မ်သုန့်ရဲ့ပေါင်ပေါ်မှာဒီလိုနားနေရတာက မသင့်တော်တာနဲ့ မသက်မသာဖြစ်စေတာတွေကို မခံစားရပါဘူး။
ဒီလိုအနားယူလို့ကောင်းပြီ အတော်ကိုနွေးထွေးတဲ့ခံစားချက်က သူ့ကိုပိုပြီးအိပ်ငိုက်လာအောင် လှုံ့ဆော်လို့ပေးနေခဲ့ပါတယ်။ အရင်ညတုန်းက ၀မ်သုန့်ပြောခဲ့တဲ့စကားတွေကို သူပြန်ပြီအတွေးရောက်သွားခဲ့သလို အခုလက်ရှိအချိန်မှာတော့ စိတ်သက်သောက်သက်သာဖြစ်မှုကြောင့် သူ့ရဲ့တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားခဲ့တဲ့ခံစားချက်တွေကလဲ ပြန်ပြီတော့ထွက်ပေါ်လို့လာပါတော့တယ်။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်ရဲ့ မောပန်းနေတဲ့မျက်နှာကို စိုက်ကြည့်နေရင်း ပိုပြီးစိတ်ညစ်လို့လာခဲ့တာကြောင့် သူ့ရဲ့ခေါင်းဆံပင်တွေကိုခပ်ဖွဖွလေးပွတ်ပေးလို့နေခဲ့ပါတော့တယ်။ လေတိုးတာကြောင့်ရှုပ်ပွနေတဲ့ဆံပင်တွေက သူ့ရဲ့လက်ထဲမှာဖြည်းဖြည်းချင်းဆီ သပ်ရပ်လို့လာခဲ့ပါပြီ။
သူတို့တွေက တောင်ပေါ်တစ်နေမှာရှိနေခဲ့တာပါ။ ဒီတစ်နေရာမှာတော့ သေးငယ်တဲ့တောင်ပူစာလေးက ထူးထူးခြားခြားမြင့်မားလို့နေခဲ့ပြီ ပတ်ပတ်လည်ကတော့ အတော်လေးကိုနှိမ့်လို့နေခဲ့ပါတယ်။ သူတို့တွေက ကန့်သတ်ထားတဲ့နယ်မြေတစ်ခုမှာရှိနေသလိုမျိုး ပိုင်ခြားလို့ထားခံခဲ့ရတယ်။ ဒါပေမယ့် ပိုပြီးကြီးမားတဲ့တောင်တွေက သူ့ရဲ့အဝေးမှာရှိနေခဲ့တာကြောင့် သိပ်ဝေးဝေးကိုတော့မမြင်ရပါဘူး။ သူတို့နဲ့ မနီးမဝေးနေရာမှာ ကြီးမားတဲ့တောင်တစ်လုံးကရှိနေခဲ့ပြီ ၀မ်သုန့်ရဲ့မြင်ကွင်းကိုပိတ်ဆို့လို့ထားခဲ့ပါတယ်။ ၀မ်သုန့်က ဦးတည်ရာမဲ့ပျံသန်းနေတာမဟုတ်သလို သူဘယ်နေရာကိုရောက်အောင်သွားရမှန်လဲကောင်းကောင်းသိနေပါတယ်။
ဒီနေရာမှာအပူရှိန်က တောက်ပရောင်စဥ်မြို့တော်ထက်တော့အများကြီနှိမ့်နေခဲ့သလို အတော်လဲအေးနေခဲ့ပါတယ်။ သူတို့က မြောက်ပိုင်းဒေသကိုအတော်လေးနီးနေခဲ့ပါပြီ။ မူလသွားရမဲ့နေရာနဲ့တော့ အတော်ကြီးဝေးနေခဲ့ပါသေးတယ်။
ဘယ်ဘက်မှာရှိနေတဲ့ ငွေလက်စွပ်လေးကို ၀မ်သုန့်ဖြည်းဖြည်းချင်းမြောက်ကြည့်ပြီတဲ့နောက် ခေါင်းခါရင်းပြုံးလိုက်ပါတော့တယ်။
ထားလိုက်ပါ သူအတွေးလွန်နေတာလဲဖြစ်ပါလိမ့်မယ်။ ဒီကောင်ကို အပြာရောင်နီလာတုံးကြီးပြန်ပေးရမယ်။ ဒါပေမယ့် လက်စွပ်ကိုတော့ငါဆက်ပြီသိမ်းထားမယ် ငါလက်ကနေတော့ဒီကောင်အတင်းကြီးဆွဲမချွတ်လောက်ဘူးမလား။
ဟို့ယွိဟောင်က ခပ်မြန်မြန်ပဲ အိပ်ပျော်လို့သွားခဲ့ပါပြီ။ ၀မ်သုန့်ကသူ့ဘာသာသူတွေးတောရင် အတွေးလွန်နေတဲ့အချိန်မှာ သူတို့ရဲ့၀ိညာဥ်စွမ်းအားတွေကလဲ ဖြည်းဖြည်းချင်းပြန်ပြည့်လာပါတော့တယ်။ ရုတ်တရက်ဆိုသလို မြေပြင်ကြီးကတုန်ခါလို့လာခဲ့ပြီ မိုးခြိမ်းသံတွေလဲ အဝေးကနေထွက်ပေါ်လို့လာပါတယ်။
၀မ်သုန့်ကတော့ မျက်လုံးပြူးသွားခဲ့ပါပြီ။ မိုးရွာတော့မှာလား ဒါပေမယ့် ဘယ်လိုမိုးကြိုးတွေကမြေပြင်ကိုတုန်ခါစေနိုင်မှာလဲ။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေခဲ့တဲ့ ဟို့ယွိဟောင်လဲ အခုအချိန်မှာလန့်နိုးလို့လာခဲ့ပြီ ခုန်ထလိုက်တာကြောင့် ၀မ်သုန့်လန့်သွားခဲ့ပါတယ်။
” ယွိဟောင်ဘာဖြစ်လို့လဲ ”
၀မ်သုန့်က မေးလာခဲ့တယ်။
ဟို့ယွိဟောင်က အသံမထွက်ဖို့နှုတ်ခမ်းနားကို လက်ညိုးတစ်ချောင်းထောင်ရင်းဖိကပ်ကာအချက်ပြလိုက်ပါတယ်။ ပြိုင်ဘက်ကင်းစစ်သည်တော်ကြောင့် သူက ဘယ်လိုအခြေအနေမျိုးမှာဘယ်လိုတုန့်ပြန်ရမလဲဆိုတာ အလျင်မြန်ဆုံးတတ်ကျွမ်းတဲ့သူပါ။ သူဘယ်လောက်ပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေခဲ့ပါစေ သူ့ရဲ့မွေးရာပါအမူအကျင့်ကိုတော့ အလွယ်တကူမပြောင်းလဲနိုင်ပါဘူး။
ဒီမိုးခြိမ်းသံတွေနဲ့ မြေပြင်ရဲ့တုန်ခါမှုက နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သလို အသံကလဲ ပိုပြီးရှင်းလင်းလို့လာခဲ့ပါတယ်။ အချိန်အတော်ကြာတဲ့အထိ ဆက်ပြီပေါက်ကွဲသံတွေက ထွက်နေခဲ့တာပါ။
” အဲ့ဒါ၀ိညာဥ်အမြောက်တွေပဲ ”
ဟို့ယွိဟောင် ခပ်မြန်မြန်ထရပ်ရင်း ၀မ်သုန့်ကို ဆွဲလိုက်ပါတော့တယ်။ သူနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာကြောင့် ၀ိညာဥ်စွမ်းအားတွေလဲ တော်တော်များများကိုလဲ ပြန်ရလိုက်ပါပြီ။ ဒါကြောင့် ဟို့ယွိဟောင်က ၀မ်သုန့်နဲ့စွမ်းအားကိုချိတ်ဆက်ရင်း ဟောင်သုန့်စွမ်းအားကိုစတင်လှည့်ပတ်ပါတော့တယ်။
သူတို့ရဲ့ချိတ်ဆက်မှုက အတော်ကိုသဟဇာတဖြစ်နေခဲ့သလို ဟို့ယွိဟောင်အနေနဲ့ ဘာမှပြောစရာမလိုပဲ ၀မ်သုန့်ရဲ့ဘယ်ဘက်လက်မောင်းအရိုးကို ချက်ချင်းဆိုသလို အသက်သွင်းလှုပ်ရှားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့၀ိညာဥ်စွမ်းအားက ပိုမိုမြန်မြန်ဆန်ဆန်နဲ့ လှည့်ပတ်လာခဲ့ပါပြီ။
အဲ့ဒီနောက် နို့ပုလင်းနှစ်လုံးကို ထုတ်ယူလို့လာခဲ့ပြီ တစ်လုံးကိုသူ့အတွက်သုံးရင် နောက်တစ်လုံးကို ၀မ်သုန့်ကိုပေးကာ၀ိညာဥ်စွမ်းအားတွေကိုဖြည့်ဖို့လုပ်ပါတော့တယ်။ အမြန်ဆုံးနည်းနဲ့ ၀ိညာဥ်စွမ်းအားတွေကို သူတို့တွေဖြည့်တင်းမှရမှာပါ။ ဘယ်လိုပဲဖြစ်ပါစေ သူတို့အနေနဲ့ စွမ်းအားတွေအပြည့်အခြေအနေရှိနေမှသာ အကောင်းဆုံးရင်ဆိုင်နိုင်မှာပါပဲ။ မိုးခြိမ်းသံတွေလိုအသံတွေကပိုမိုပြီးကျယ်လောင်လာခဲ့ပါပြီ။ ဒီအသံတွေက သူတို့နဲ့ပိုမိုနီးကပ်လို့လာပါတော့တယ်။
ဟို့ယွိဟောင်က ချက်ချင်းဆိုသလို တည်ငြိမ်ပြီတိကျတဲ့အကဲဖြတ်မှုတွေကိုပြုလုပ်လိုက်ပါတော့တယ်။ တောင်ရဲ့တခြားတစ်ဖက်နေရာကို လက်ညိုးထိုးလိုက်ပြီ သူပြောလာခဲ့တယ်။
” အသံတွေက အဲ့ဒီဖက်ကနေလာနေတာ ကြားရသလောက်အရဆိုရင် အနည်းဆုံးအဆင့်လေး၀ိညာဥ်အမြောက်လေးဆယ်နီးပါးက ပစ်ခတ်နေလိမ့်မယ်…ဒါပေမယ့် ဒီပေါက်ကွဲသံတွေက ဆက်တိုက်ရွေ့လျားနေတယ်ဆိုမှတော့ သူတို့ကိုအသုံးပြုနေတဲ့သူတွေက အသက်လုပြီပြေးလွှားနေရတာ အသေအချာပဲ ”
ဟို့ယွိဟောင် ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်ချိန်မှာတော့ ချက်ချင်းဆိုသလို နဖူးကနေရွှေရောင်အလင်းတန်းတွေ ထွက်ပေါ်လာပါတော့တယ်။ သူ့ရဲ့ကံကြမ္မာမျက်လုံးက စတင်ပြီဖြစ်ပေါ်လာနေခဲ့ပါပြီ။
ကံကြမ္မာမျက်လုံးက မိုးကောင်းကင်ကိုညွှန်ပြနေခဲ့ရင်း ဟို့ယွိဟောင် အထိတ်တလန့်နဲ့ပြောလာခဲ့ပါတော့တယ်။
” လူတစ်သောင်းကျော်တောင်ရှိနေတာပဲ ”
” ယွိဟောင် နင်ကပိုပိုပြီးပြီးမိစ္ဆာဆန်လာပြီ ဒါတွေကိုမြင်နိုင်တယ်လား ”
၀မ်သုန့်က သူ့ကို ထူးထူးဆန်းဆန်းကြီးကြည့်ရင်းပြောလာခဲ့ပါတယ်။
” ငါအရင်တုန်းက မမြင်နိုင်ဘူးလေ ဒါပေမယ့် စိတ်၀ိညာဥ်စွမ်းအားက အများကြီးတိုးတက်လာတဲ့အတွက် ငါရဲ့ကံကြမ္မာမျက်လုံးကလဲ အဆင့်တက်သွားတယ်…ကံကြမ္မာမျက်လုံးရဲ့ဒုတိယစိတ်၀ိညာဥ်ပင်လယ်က ငါရဲ့ခန္ဓာကိုယ်နဲ့လုံး၀ကို ချိတ်ဆက်သွားပြီးပြီ ဒါကြောင့် စိတ်၀ိညာဥ်စွမ်းအားတွေက နှစ်ဖက်စလုံးမှာလှည့်ပတ်ပြီလှုပ်ရှားနိုင်တယ်လေ ငါလဲကံကြမ္မာမျက်လုံးရဲ့အစွမ်းအစတွေကို ဒီအတိုင်းတိုးတက်လာအောင်လုပ်နိုင်ပြီးပြီ ”
သူတို့မှာနားလည်သဘောပေါက်မှုကတော့ မြင့်မားပါတယ်။ ဘယ်သူကမှသူတို့ကိုအများကြီးအသေးစိတ်ရှင်းပြနေစရာမလိုပါဘူး။ ၀မ်သုန့်လဲ ဟို့ယွိဟောင်နဲ့ စိတ်ခံစားချက်ချင်ကော စိတ်ပိုင်ဆိုင်ရာပါ ချိတ်ဆက်နေတဲ့အတွက် ဟို့ယွိဟောင်နဲ့ သူ့ကြားမှာနားလည်သဘောပေါက်က မြင့်မားပါတယ်။
” သွားရအောင် သူတို့တွေဘယ်လိုပဲဖြစ်ပါစေ ဒါကနေလနိုင်ငံတော်ရဲ့ကိစ္စပဲ သူတို့ဘာသာသူတို့တိုက်ခိုက်ပါစေ ”
ဟို့ယွိဟောင်က ထူးမခြားနားလေသံနဲ့ ပြောလိုက်ပါတယ်။
နေလနိုင်ငံတော်က လက်ရှိအချိန်မှာသော့်လော့တိုက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ထောင်ချီတုန်းက ဖြစ်ပေါ်ခဲ့တဲ့တိုက်ကြီးရဲ့မြေကြောရွေ့လျားမှုကြောင့် ဒီလူနဲ့သူတို့က အခုအချိန်အထိ ကွဲပြားခြားနားမှုရှိနဆဲပါ။ နိုင်ငံတော်ကြီးသုံးခုကတော့ မူလနိုင်ငံတော်ကြီးဖြစ်သလို နေလနိုင်ငံတော်ကတော့ ကျူးကျော်မှုတွေကို အဓိကပြုလုပ်တဲ့သူဖြစ်နေခဲ့ပါတယ်။
” အဲ့ဒီလောက်ကြီးမလောနဲ့လေ သူတို့ကဝေးပါသေးတယ်..ငါတို့ရဲ့အရှိန်နှုန်းနဲ့ဆိုရင် သူတို့ကငါ့တို့ကိုအမီလိုက်နိုင်မှာမဟုတ်ဘူး…ငါမင်းကိုငါရဲ့ဒီကံကြမ္မာမျက်လုံးက ဒီလောက်အထိအံ့ဩစရာကောင်းတယ်ဆိုတာ ပြချင်သေးတယ် ”
” ဪဒီလိုလား ငါဘယ်လိုလုပ်ရတော့ပါ့မလဲ ”
၀မ်သုန့်က အတော်လေးကိုကြည့်ချင်နေခဲ့ပါပြီ။
” မင်းရဲ့မျက်လုံးတွေကိုမှိတ်ထားလိုက် စိတ်၀ိညာဥ်ထောက်လှမ်းမှုကို မျှဝေပေးမယ် ”
” အဲ့ဒီလောက်ကြီးလား အဲ့လောက်အဝေးကြီးကိုရောက်လို့လား အားဟုတ်သား မင်းရဲ့ကံကြမ္မာမျက်လုံးက စိတ်၀ိညာဥ်စွမ်းအားမျက်လုံးတွေကိုရော တိုးစေနိုင်တာပေါ့ ”
၀မ်သုန့်လဲ နောက်ဆုံးမှာတော့ ဘာကြောင့် ဟို့ယွိဟောင်လုပ်ချင်နေလဲဆိုတာ နားလည်သွားခဲ့ပါပြီ။ တစ်ဖက်ကလာနေတဲ့အသံတွေက သူတို့နဲ့ ငါးကီလိုမီတာလောက်ဝေးတယ်လို့ခံစားနေခဲ့ရပါတယ်။ ဒီလောက်အကွာအဝေးကိုစိတ်၀ိညာဥ်ထောက်လှမ်းမှုသုံးလို့ရနိုင်မှာလား။
ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့လက်ကိုဆွဲလိုက်ပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့ ၀ိညာဥ်စွမ်းအားကခြောက်ဆယ်ရာခိုင်နှုန်းအထိကို ရှိနေပြီသားပါ။
ဟို့ယွိဟောင်မျက်လုံးတွေကိုပိတ်လိုက်ချိန်မှာတော့ ကံကြမ္မာမျက်လုံးက ဖြည်းဖြည်းချင်းဆီပွင့်လာပါတော့တယ်။ ရွှေရောင်ဖြာနေတဲ့အလင်းလွှာတွေက ချက်ချင်းဆိုသလို မြေပြင်ပေါ်က်ုဆင်းသက်လို့လာခဲ့ပြီ အဝေးဆီကိုပြေးထွက်လို့ သွားပါတော့တယ်။
စိတ်၀ိညာဥ်ထောက်လှမ်းမှုနဲ့အတူ ကံကြမ္မာမျက်လုံးရဲ့တွေ့ကြုံတဲ့အရာတွေအားလုံးကို သူမျှဝေလို့ရပါတယ်။ ဟို့ယွိဟောင် တစ်ယောက်ထဲနဲ့လဲလုပ်နိုင်ပေမဲ့ လက်ရှိအချိန်မှာ သူ၀ိညာဥ်စွမ်းအားက အကန့်အသတ်ရှိနေခဲ့တာကြောင့် အများကြီးတော့အကုန်မခံနိုင်ပါဘူး။ ဒါကြောင့် ဒီစွမ်းရည်ကိုပုံမှန်အခြေအနေမျိုးမှာမသုံးတာအမှန်ပါပဲ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူ့ဘေးမှာ၀မ်သုန့်ရှိနေတာကြောင့် စိုးရိမ်စရာမလိုပါဘူး။ ဒါကြောင့်လဲ သူ့ရဲ့အစွမ်းအစကိုထုတ်ကြွားဖို့လဲ လုပ်နေခဲ့ပါတော့တယ်။
ကံကြမ္မာမျက်လုံးက ဆက်တိုက်ဆိုသလို လှည့်ပတ်လို့နေခဲ့ပါပြီ။ ၀မ်သုန့်လဲ သူ့ရဲ့စိတ်ထဲ၀င်ရောက်လာနေတဲ့ မရေမတွက်နိုင်တဲ့ပုံရိပ်တွေကို မြင်နေခဲ့ရပါတယ်။ ဒီပုံရိပ်တွေက မျက်စိကျိန်လောက်စရာကောင်းတဲ့အရှိန်နဲ့အတူ ပျံသန်းနေခဲ့တာပါ။ ဒီပုံရိပ်တွေအားလုံးက ဝေဝါးလို့နေခဲ့ပြီ သူတို့ရဲ့အရှိန်နှုန်းက မကြာခင်မှာပဲ တည်ငြိမ်လို့လာပါတော့တယ်။ ကောင်းကင်ကတိမ်တွေနဲ့ မြူခိုတွေကိုမြင်နိုင်နေတာကိုတောင် ၀မ်သုန့်လဲနားလည်သွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူ့ရဲ့အမြင်ကမြေပြင်ကနေ ကောင်းကင်အမြင့်မီတာနှစ်ရာအထိကို ရောက်ရှိလို့နေခဲ့ပါတယ်။ အရာအားလုံးကိုဟိုကောင်းကင်အပေါ်ကနေ ငုံ့ကြည့်နေရသလိုပါပဲ။
အဝေးနေရာမှာတော့ များပြားတဲ့လူတွေရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ပြောသလိုပဲ အနည်းဆုံးစစ်သည်တော်တစ်သောင်းနီးပါးရှိနေခဲ့တာပါ။ သူ့ရဲ့အမြင်က ပိုမိုတည်ငြိမ်လို့လာခဲ့သလို အနည်းငယ်လဲနှေးကွေးလို့လာခဲ့ပါပြီ။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက သူ့အကန့်အသတ်ကိုရောက်ရှိနေပြီလို့ဆိုလိုတာပါပဲ။
” အများကြီးဖိအားမပေးနဲ့ ”
၀မ်သုန့်က ခပ်တိုးတိုးပြောလိုက်ပါတယ်။
” ကောင်းပြီလေ ”
ဟို့ယွိဟောင်လဲ ပြန်ဖြေလိုက်ပါတယ်။ စိတ်၀ိညာဥ်ထောက်လှမ်းမှုကို ဒီလောက်အဝေးကြီးအထိ သူသုံးတာပထမဆုံးအကြိမ်ပါပဲ။ အစွမ်းအစကအဲ့ဒီလောက်ကြီးကောင်းမယ်လို့ မမျှော်လင့်ထားခဲ့မိပေမဲ့ ၀ိညာဥ်စွမ်းအားနဲ့ စိတ်၀ိညာဥ်စွမ်းအားကုန်ဆုံးမှုက ဘယ်လောက်ပဲမြင့်မားနေပါစေ ဒီလောက်အထိအဝေးကြီးသွားနိုင်တာကိုတော့ သိရတာအတော်ကိုကောင်းမွန်လှပါတယ်။ သူ့ရဲ့တာ၀န်၀တ္တရားတွေထဲမှာ ထိပ်တန်းအကျဆုံးရှိနေတာက ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်ပါ။ ဒါကြောင့်မလို့ သူ့ကိုယ်သူဘယ်လောက်အထိ အစွမ်းအစထွက်လာအောင်လုပ်နိုင်မလဲဆိုတာ သူကိုယ်တိုင်သိနေခဲ့ပါတယ်။
မကြာခင်မှာပဲ သူ့တို့ရဲ့မြင်ကွင်းက ပိုပိုပြီးကြည်လင်လာခဲ့ပါပြီ။ ဒီနေရာမှာလူကနှစ်အုပ်ရှိနေခဲ့ပါတယ်။ လူတစ်ရာက အရမ်းကိုမြန်မြန်ဆန်ဆန်နဲ့အရှေ့မှာပြေးနေခဲ့ပြီ သူတို့အားလုံးက ၀ိညာဥ်လက်နက်တွေအပြည့်ပါပဲ။ ဒါပေမယ့် ဘယ်သူကမှ ပျံသန်းရေး၀ိညာဥ်လက်နက်တွေကို သုံးမနေခဲ့ပါဘူး။
ဒီလူတွေရဲ့ကျင့်ကြံဆင့်က လုံလောက်မျှတရုံသာရှိပါတယ်။ သူတို့ရဲ့၀ိညာဥ်စက်ကွင်းတွေက အနည်းဆုံး၀ိညာဥ်စက်ကွင်းသုံးခုရှိနေခဲ့တာပါ။ ဒါပေမယ့် သူတို့အသုံးပြုနေခဲ့တဲ့ ၀ိညာဥ်လက်နက်တွေကတော့ မညီမညာပါပဲ။ သူတို့တွေက ရန်သူတွေကိုခုခံရင်း ဆက်တိုက်ဆိုသလို ပြေးလွှားနေခဲ့ပါတယ်။
ဒါပေမယ့် အဆင့်နှိမ့်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရင်ဆိုင်ရတဲ့အကြီးမားဆုံးပြဿနာကတော့ ကြီးမားသင့်တော်တဲ့အကွာအဝေးကိုမရောက်ရှိနိုင်တာပါပဲ။ ၀ိညာဥ်အမြောက်တွေတောင်မှ အဆင့်လေး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေ ဖန်တီးတဲ့၀ိညာဥ်အမြောက်တွေကသာ ပစ်မှတ်ကိုတိုက်ရိုက်ထိနိုင်တာပါ။
သူတို့နောက်ဖက်ကနေလိုက်လာနေတဲ့စစ်တပ်ကြီးကတော့ အရမ်းကိုစည်းစနစ်ကျလွန်လှပါတယ်။ မြန်မြန်ဆန်ဆန်မလိုက်သလို တောင်ဖက်နှစ်ဖက်ကိုခွဲဖြန့်ထားခဲ့ရင်း ကြီးမားတဲ့ဆူးချွန်ကြီးတစ်ခုလိုပုံသဏ္ဍာန်နဲ့ အရှေ့ကတပ်ဖွဲ့ကိုလိုက်နေခဲ့ပါတယ်။
ပထမအဖွဲ့ကလူတွေဘာကြောင့်များ ပျံသန်းရေး၀ိညာဥ်လက်နက်မသုံးလဲ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နားလည်သွားခဲ့ပါပြီ။ နောက်ဖက်ကစစ်တပ်ကြီးကြောင့်အဓိကပါပဲ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရဲ့ အဆင့်အတန်းကွာခြားချက်ထဲမှာသူတို့နှစ်ဖွဲ့ရဲ့ကွာခြားချက်က သိပ်ပြီမကြီးမားပါဘူး။ ဒါပေမယ့် အခုလိုအခြေအနေမျိုးမှာ စစ်တပ်ကြီးရှိတဲ့သူတွေက အများကြီးအားသာချက်ရပါတယ်။ သူ့တို့ရဲ့လိုက်ဖမ်းမှုကလဲ ပိုမိုမြန်ဆန်လာသလို သေစေနိုင်လောက်တဲ့အခြေအနေမှာရောက်နေခဲ့ပါပြီ။
၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေဆိုတာက လိုက်ဖမ်းနေတဲ့အဖွဲ့မှာအဓိကချက်အခြာကျတဲ့သူတွေပါ။ သူတို့တွေက အနားလဲမကပ်သလို သူတို့ထိန်းနိုင်တဲ့အကွာအဝေးကနေသာပစ်ခတ်လို့နေခဲ့ပါတယ်။ ဘယ်သူကမှ သတိလက်လွှတ်မနေကြပါဘူး။ အခုလက်ရှိအချိန်မှာပျံသန်းရေး၀ိညာဥ်လက်နက်သုံးတဲ့ဘယ်သူမဆို သူတို့ရဲ့ပစ်မှတ်ဖြစ်သွားပါလိမ့်မယ်။
” ၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေကြားက စစ်ပွဲတစ်ခုကိုငါဒီလောက်ကြီးကြီးမားမားမြင်ဖူးတာပထမဆုံးအကြိမ်ပါပဲ ”
ဟို့ယွိဟောင် အတော်လေးကိုသိချင်နေခဲ့ပါတယ်။ ဒါပေမယ့် ထွက်ပြေးနေတဲ့သူတွေက သူတို့ဆီကို တန်းတန်းမတ်မတ်လာနေခဲ့တာပါ။
သူ့ရဲ့ကံကြမ္မာမျက်လုံးကိုပြန်သိမ်းတော့မဲ့အချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ ခန္ဓာကိုယ်ကရုတ်တရက်တုန်ရီလို့သွားပါတယ်။ တစ်နေရာကိုကြည့်ရင်း သူလုံး၀ကိုတောင့်တင်းလို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်မြင်တာကို ၀မ်သုန့်လဲရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ဟို့ယွိဟောင်ရဲ့အာရုံကိုဖမ်းစားလိုက်တဲ့သူကတော့ ထွက်ပြေးနေတဲ့အဖွဲ့ထဲက ကောင်မလေးနှစ်ယောက်ပါပဲ။ တစ်ယောက်ကတော့ အဖြူရောင်စစ်သည်တော်၀တ်ရုံကို၀တ်ဆင်ထားပါတယ်။ နောက်တစ်ယောက်ကတော့ ကြီးမားတဲ့အမြောက်ကြီးကို သယ်ဆောင်ထားပြီအပြာရောင်၀တ်ရုံကို၀တ်ဆင်ထားတာပါ။
” ဘယ်လိုလုပ်သူတို့ဖြစ်နိုင်မှာလဲ ”
ဟို့ယွိဟောင် ပြောလိုက်မိပါတယ်။
” ဘယ်သူတွေလဲ ”
၀မ်သုန့်က မေးလိုက်ပါတယ်။
” ငါမင်းကိုပြောပြတဲ့ ကျွီးကျွင့်နဲ့ ခက်ခက်ကိုမှတ်မိသေးလား ထွက်ပြေးနေတဲ့အဖွဲ့ထဲမှာသူတို့ပါနေတယ် ”
” ငါတို့ဘာလုပ်မလဲဆိုတာ မင်းပဲဆုံးဖြတ်လိုက်တော့ ”
၀မ်သုန့်က အရမ်းကိုတည်ငြိမ်နေခဲ့ပါတယ်။ အကယ်၍ သူသာဟို့ယွိဟောင်နဲ့အတူတူ ရှိနေခဲ့မယ်ဆိုရင် သေချာပေါက် သူကအတော်လေးကို အလိုလိုက်ခံရတဲ့လူတစ်ယောက်ဖြစ်ပေမဲ့ အရေးကြီးတဲ့အခြေအနေမျိုးမှာကတော့ ဟို့ယွိဟောင်ကို အမြဲတမ်းယုံကြည်ပြီလေးစားပါတယ်။
၀မ်သုန့်ကိုကြည့်ရင်း ဟို့ယွိဟောင်ကတော့ မျက်မှောင်ကြုတ်နေခဲ့ပါပြီ။
” အခြေအနေက အတော်လေးအန္တရာယ်များတာပဲ ”
” ငါမင်းနဲ့အတူတူရှိနေချိန် ဘယ်တုန်းကအန္တရာယ်များတာကို ကြောက်ဖူးလို့လဲ ”
” ကောင်းပြီ ငါအသက်ရှိနေသရွေ့မင်းကိုဘယ်တော့မှမထိခိုက်စေရဘူး…သွားမယ် ”
၀မ်သုန့်ရဲ့လက်ကိုဆွဲရင်သူစတင်ပြီပြေးပါတော့တယ်။ သူ့တို့ရဲ့ကျောမှာရှိနေတဲ့ ပျံသန်းရေး၀ိညာဥ်လက်နက်တွေကလဲ ချက်ချင်းအသက်၀င်လာခဲ့ပါပြီ။
အပိုင်း ၁၈၈•၃ ပြီး၏။