အပိုင်း ၁၈၇•၁
” နောက်ဆုံးကြုံတွေကထဲက မင်းအဆင်ပြေမယ်လို့ယုံကြည်ခဲ့တယ်..ပထမဆုံးမြင်မြင်ချင်ချစ်မိခြင်း ”
°°°
” တကယ်လား အဲ့ဒီလိုကိစ္စကောင်းရှိတယ်ပေါ့ တကယ်ကိုမင်းကညီနောင်ကောင်းပဲ ”
သူက ၀မ်သုန့်ကိုပုခုံးချင်းဖက်ထားရင်းနဲ့ ပြောနေခဲ့တာပါ။ ဒါ့အပြင် အရမ်းကိုစိတ်အားတက်ကြွနေတဲ့ မျက်လုံးအကြည့်တွေကလဲ မထိန်းချုပ်အောင်ပေါ်နေခဲ့ပါတယ်။
” ရုပ်ရည်သွင်ပြင်တွေကို ဒီလောက်ကြီးအထိ ရူးရူးသွပ်သွပ်စွဲလမ်းနေမဲ့ကောင်ဖြစ်မယ်လို့ ငါမထင်ထားမိဘူးပဲ လူတစ်ယောက်ရုပ်ချောဖို့ဆိုတာ အဲ့ဒီလောက်အရေးကြီးလို့လား ”
” အဲ့ဒီမေးခွန်းမေးတဲ့သူက သေလောက်အောင်ချောနေတဲ့ကောင်မဟုတ်ရင် သေလောက်အောင်ရုပ်ဆိုးနေတဲ့ကောင်ပဲဖြစ်လိမ့်မယ်..ရုပ်မချောတဲ့သူတွေက ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိကြဘူးလေ တစ်စုံတစ်ခုကိုကြိုးစားကြည့်ဖို့လဲသတ္တိမရှိတတ်ကြဘူး…ဒါ့အပြင် မင်းတို့လိုကောင်တွေကတော့ မောက်မာတဲ့အကောင်တွေပေါ့ ”
” ရုပ်ရည်သွင်ပြင်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်တွေ့ဆုံချိန်မှာ ပထမဆုံးသတိထားမ်ိကြတဲ့အရာပဲ ဘယ်သူတွေကများ တစ်ယောက်နဲ့တစ်ယောက်နက်နက်ရှိုင်းရှိုင်းရင်းနှီးခင်မင်ဖို့ ရကြတယ်ထင်လဲ သေချာပေါက် ဘယ်သူမဆိုရင်းနှီးဖို့အချိန်လိုကြတယ်လေ ”
” ရုပ်ရည်သွင်ပြင်ဆိုတာက ဘယ်သူနဲ့ပေါင်းသင်းဆက်ဆံရမလဲဆိုတဲ့ ဥစ္စာကိုရွေးချယ်ဖို့နည်းလမ်းတစ်ခုပဲ ဒါပေါ့ ရုပ်ရည်ကအားလုံးအရေးပါနေတာတော့မဟုတ်ဘူး ဒါပေမယ့် လူတစ်ယောက်ဆိုတာ ကိုယ်ဘာလိုချင်တယ် မလိုချင်ဘူးဆိုတာကောင်းကောင်းသိရတယ်…ဒါကြောင့်သာ မြင်မြင်ချင်အချစ်ဆိုတာ တည်ရှိနေရတာပေါ့ ”
” မင်းရဲ့အတွေးအခေါ်တွေကလဲ ဟိုရောက်ဒီရောက်နိုင်လိုက်တာ ကြည့်ရတာနေလကျောင်းတော်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်ထဲမှာ အရည်အချင်းတွေကိုသဘောကျတဲ့ မိန်းကလေးတွေအများကြီးပြည့်နေမယ်လို့ထင်တယ်..ကောင်မလေးတော်တော်များများ မင်းကိုသဘောကျကျတယ်မလား ”
” အထဲသွားပြီပြောကြမယ် ”
ဟို့ယွိဟောင်က နှုတ်ခမ်းနားမှာလက်ညိုးကပ်လိုက်ပြီတဲ့နောက် သူ့ရဲ့ကျောင်းဆောင်ကိုခေါ်လာခဲ့ပါတယ်။
” တကယ်ကြီးပေါ့ ”
၀မ်သုန့်က ပြောလာခဲ့တယ်။ ဟို့ယွိဟောင်က တံခါးကိုပိတ်ပြီတဲ့နောက် ထိုင်ခုံတစ်လုံးကိုဆွဲယူရင်းနဲ့ ၀မ်သုန့်ကိုထိုင်ခိုင်းလိုက်ပါတယ်။
” ထိုင်နေဦး မင်းကအရမ်းအသန့်အရှင်းကြိုက်တယ်ဆိုတာ ငါသိတယ်…ဒီနေရာမှာတစ်ယောက်ထဲနေတာကြောင့် တော်တော်ရှုပ်နေတယ်…ဒါကြောင့် နည်းနည်းသွားရှင်းလိုက်ဦးမယ် ”
” အဲ့ဒီလောက်လုပ်ဖို့မလိုဘူး…ငါကအဲ့ဒီလောက်ကြီး ဂျီဂျောင်းများတဲ့သူမှတ်နေလား ”
ဟို့ယွိဟောင်က အလေးအနက်နဲ့ခေါင်းညိတ်လိုက်ပါတယ်။ ဒါပေမယ့် သူစိတ်မထိန်းနိုင်ပဲ ရယ်မောပြီတော့ ထပြောတော့တယ်။
” ဒါပေါ့ မင်းလိုကောင်ကအဲ့ဒီလိုပဲ ”
၀မ်သုန့်ကတော့ ဒေါသထွက်ပြီထအော်ပါတော့တယ်။
” ဒါဆိုရင် ကိုယ့်ဘာသာကိုယ်သွားပြီတော့ သန့်ရှင်းရေးလုပ်လိုက်တော့ ငါမင်းကိုကူညီရမယ်လို့ ယုံတောင်မယုံနိုင်ဘူး ”
” ရတယ် ငါဘာသာငါလုပ်မယ် ”
ဟို့ယွိဟောင်က ပြောပြီတဲ့နောက် စပြီရှင်းလင်းပါတော့တယ်။ ဒီနေရာမှာ သူကတစ်ယောက်ထဲနေသူပါ သူပြောသလိုပဲ ကျောင်းပြောင်းကျောင်းသားတွေကို ဆရာတွေကအခန်းသန့်ရှင်းရေးကိုလာမစစ်ပါဘူး။ ဒီအခန်းထဲမှာအ၀တ်အစားလဲမရှိသလို ဘာမှလဲသိပ်မရှိတဲ့အတွက် ၀ိညာဥ်လက်နက်နဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကသာ ပုံနေခဲ့ပါတယ်။ ပြောရမယ်ဆိုရင် လမ်းလျှောက်ဖို့နေရာမရှိတဲ့အထိရှုပ်နေခဲ့တာပါ။ ၀မ်သုန့်ရဲ့သေလောက်အောင်သန့်ရှင်းရေးကြိုက်တဲ့စိတ်ဓာတ်နဲ့ပတ်သက်ပြီ ဟို့ယွိဟောင်အနည်းငယ်တော့ စိတ်ပူပါတယ်။ ဒါကြောင့် ခပ်မြန်မြန်ပဲ သူ့အခန်းကိုသွားရှင်းတော့တယ်။ ကံကောင်းစွာနဲ့ပဲ သိုလှောင်ရေးပစ္စည်းတွေ ဒီလောကမှာရှိနေသေးလို့ပါ။ ဒါကြောင့် သန့်ရှင်းရေးလုပ်ရတာသိပ်မခက်ပါဘူး။
” မင်းအခန်းရဲ့အခြေအနေကို ကြည့်လိုက်ရုံနဲ့ ဒီနှစ်နှစ်မှာ မင်းဘယ်လောက်တောင်ကြိုးစားထားလဲဆိုတာ ငါသေချာပေါက်ပြောနိုင်တယ်…စိတ်၀ိညာဥ်စွမ်းအားကလဲ အတော်လေးအားကောင်းလာပြီ ၀ိညာဥ်စွမ်းအားထဲမှာတောင် စိတ်၀ိညာဥ်စွမ်းအားပါနေသေးတယ် ”
” မင်းလဲအတူတူပဲမလား အဲ့ဒီအနေအထားကိုမင်းရောက်နေပြီလို့ ငါခံစားမိတယ် ”
၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။
” ဒီအကြောင်းမပြောရအောင် ငါတို့အပြင်မှာရှိနေတုန်းက ငါမေးတဲ့မေးခွန်းကိုမင်းမဖြေခဲ့ဘူး…ငါတို့မတွေ့ရတာ နှစ်နှစ်ရှိပြီ ကောင်မလေးတွေနဲ့ပတ်သက်ပြီ မင်းတစ်ခုခုဖြစ်ခဲ့သေးလား ငါအစ်မနဲ့မိတ်ဆက်ချင်သေးလား ”
” ဖြစ်ခဲ့တဲ့ကိစ္စတော့ရှိတယ်..ဒါပေမယ့် မင်းတွေးသလိုမဟုတ်ဘူး ”
” ငါပထမဆုံးကျောင်းတော်ကို စရောက်တဲ့အချိန် စမ်းသပ်ခန်းထဲကို၀င်ရပြီ ကျောင်းသားတွေအများကြီးနဲ့ တွေ့ခဲ့ရတယ်…ဒါ့အပြင် ငါမှာအစ်မကြီးတစ်ယောက်ရှိခဲ့တယ်..သူ့နာမည်က ကျွီးကျင့်တဲ့ ”
ဒီနာမည်အကြောင်းကို ထုတ်ပြောချိန်မှာတော့ ဟို့ယွိဟောင်စိတ်၀ိညာဥ်ထဲမှာ ပြင်းပြင်းထန်ထန်တုန်လှုပ်လာပါတော့တယ်။ သူတို့နှစ်ယောက်က မျဥ်းပြိုင်နှစ်ကြောင်းလိုဖြစ်နေတယ်ဆိုတာကို သူကိုယ်တိုင်လဲ သတိထားမိတယ်။ ဒါ့အပြင် သူ့ကိုပထမဆုံးအနမ်းပေးခဲ့တဲ့ အဲ့ဒီမိန်းမငယ်လေးက မှတ်ဉာဏ်ထဲမှာထင်ထင်ရှားရှားရှိနေခဲ့တယ်ဆိုတာငြင်းလို့မရနိုင်တဲ့အချက်ပါ။
” ကျွီးကျင့်တဲ့လား ”
၀မ်သုန့်က ဒီနာမည်ကို သူ့ဘာသာသူပြန်ရေရွတ်နေခဲ့ပါတယ်။ သူတို့နှစ်ယောက်က ခွဲခွာသွားတာနှစ်နှစ်ကျော်ခဲ့ပါပြီ။ ဒါပေမယ့် ဟို့ယွိဟောင်အကြောင်းကို သူကောင်းကောင်းသိပါတယ်။ ဟို့ယွိဟောင်ရဲ့ လေသံကိုနားထောင်ရုံနဲ့တင် ဒီအမျိုးသမီးက သူ့နှလုံးသားထဲမှာ နက်ရှိုင်းတဲ့အမှတ်အသားကို ချန်ရစ်နိုင်ခဲ့မိမှန်း နားလည်နေခဲ့တယ်။
၀မ်သုန့်က အခုလက်ရှိအချိန်မှာ လွန်ခဲ့တဲ့နှစ်နှစ်ကလိုမောက်မာ၀င့်ကြွားနေတဲ့လူငယ်လေးမဟုတ်ပါဘူး။ သူကပိုပြီးရင့်ကျက်တည်ငြိမ်လာပါပြီ။ မနှောင့်ယှက်ပဲနဲ့ အေးအေးဆေးဆေးနားထောင်လို့နေခဲ့တယ်။ နှစ်နှစ်ဆိုတဲ့အချိန်က သူနဲ့ဟို့ယွိဟောင်ရဲ့ ဆက်ဆံရေးကိုပျက်ပြားစေနိုင်တဲ့ ကာလမဟုတ်ပါဘူး။
မဟုတ်ရင် ဘာကြောင့်များ ဟို့ယွိဟောင်က သူ့ကိုဒီလောက်အထိ ထုတ်ဖော်ပြောပြနေမှာလဲ။
” ဟုတ်တယ် သူ့နာမည်ကကျွီးကျင့်တဲ့ အတော်လေးလှတယ်..အထူးသဖြင့် အသားအရေအရမ်းကောင်းတယ်..ဒါကငါသူ့ကိုပထမဆုံးတွေ့တွေ့ချင် ခံစားရတာပဲ ဒါပေမယ့် အရမ်းကိုထူးဆန်းလွန်ပြီအခုအချိန်အထိတောင် သူဘယ်ရောက်သွားလဲ ငါမသိတော့ဘူး…သူ့ရဲ့လျှို့၀ှက်ချက်တွေကိုလဲ ငါမသိဘူး ”
” သူသွားတော့မယ်လို့တော့ ငါကိုပြောခဲ့တယ်…ဒါကြောင့် ငါတို့တွေ့ဆုံမှုအတွက် လက်ဆောင်ပေးချင်ခဲ့တယ်တဲ့ ”
ဟို့ယွိဟောင်ရဲ့အသံက စိတ်ခံစားချက်များပြားလာတာကြောင့် အနည်းငယ်ရပ်တန့်လို့သွားခဲ့ပါတယ်။ ၀မ်သုန့်က ဒါတွေကိုနားထောင်ရင်း ဖြည်းဖြည်းချင်းမျက်ရည်၀ဲလာခဲ့ပါပြီ။
” ဒီကောင်မလေးက အတော်သနားစရာကောင်းတာပဲ မင်းနဲ့ဒီလောက်အထိ သဟဇာတဖြစ်နေတာအံ့ဩစရာမရှိဘူး…နောက်ခံကိစ္စတွေနဲ့ အတွေ့အကြုံတွေကလဲတူတယ်လေ ဒါဆိုရင် သူထားခဲ့တဲ့လက်ဆောင်ကဘာလဲ ”
” ငါရဲ့ပါးကိုနမ်းသွားခဲ့တာ သူပြောတာကတော့ ဒါသူရဲ့ပထမဆုံးအနမ်းတဲ့ ငါဆီကခွင့်ပြုချက်မရတာကြောင့် ငါရဲ့နှုတ်ခမ်းကိုမနမ်းဘူးလို့ပြောခဲ့တယ်…သူပြောတာကတော့ ငါရဲ့အိပ်မက်တွေထဲက မိန်းကလေးဆီကနေ ပထမဆုံးအနမ်းကိုရရှိနိုင်မယ်လို့မျှော်လင့်တယ်တဲ့ ”
၀မ်သုန့်က တုန်ရီလို့သွားခဲ့ပါတယ်။
” သူကမင်းအပေါ်မှာအရမ်းကောင်းလွန်နေတာပဲ မင်းအတွက်ကိုတော်တော်လေးတွေးပေးထားတယ်…အဲ့ဒီတုန်းက မင်းခေါင်းကြည်ကြည်လင်လင်ရှိနေတယ်ဆိုရင် ဘာကြောင့် သူနဲ့အတူတူမထွက်သွားတာလဲ အသက်အရွယ်ဆိုတာ ငါတို့လို၀ိညာဥ်ပညာရှင်တွေအတွက် ပြဿနာမဟုတ်ဘူးလေ သူကအတော်လေးလဲ သနားကြင်နာတတ်တယ်..သနားစရာလဲကောင်းလွန်သေးတယ်…သူ့အပေါ်မှာဘာမှမခံစားရဘူးလား နည်းနည်းလေးတောင် မခံစားရဘူးလား ”
၀မ်သုန့်ပြောစကားကိုကြားချိန်မှာ ဟို့ယွိဟောင်က ခေါင်းငုံ့ရင်း မြေပြင်ကိုကြည့်နေခဲ့ပါတယ်။ ကျွီးကျင့်ထွက်သွားခဲ့တဲ့အကြောင်းကို သူက အကျဥ်းချုပ်ပြောပြခဲ့တာပါ။ ဒါပေမယ့် အသေးစိတ်တွေအားလုံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပါပဲ။
” ငါရဲ့စိတ်ကလှုပ်ရှားခဲ့ပြီပြီး ဒါ့အပြင် သူ့နဲ့ပတ်သက်ပြီတစ်စုံတစ်ရာကို ခံစားမိခဲ့ပေမဲ့ ဒါတွေအားလုံးက စာနာသနားစိတ်နဲ့ ဂရုဏာတွေပဲ သနားတာလဲပါတာပေါ့လေ ဒါ့အပြင် သူ့ကိုကျေးဇူးတင်ချင်တယ်..သူကငါ့ကိုချစ်ခြင်းမေတ္တာတရားဆိုတာ နားလည်အောင်သင်ကြားပေးခဲ့လို့ပဲ ၀မ်သုန့် ”
” အမ်း ”
၀မ်သုန့်က ပြန်ဖြေလိုက်ပါတယ်။
” ဘာဖြစ်လို့လဲ ”
ဟို့ယွိဟောင်က သူ့မျက်လုံးကိုစိုက်ကြည့်ရင်းနဲ့ ပြောလာခဲ့တယ်။
” ငါမင်းကိုတစ်ခုပြောပြချင်တယ်…ဒါပေမယ့် ငါကိုမင်းမရယ်ရဘူး ”
” အင်းပြောဘာများလဲ ”
” ငါတို့တွေ နွေရည်စွန်းတန်းအကာအကွယ်ကို ပထမဆုံးသုံးတဲ့အချိန်မှာ ငါတို့ဖန်တီးလိုက်တဲ့ ပုံရိပ်ယောင် ငါရဲ့စိတ်ထဲမှာအရမ်းကိုနက်နက်ရှိုင်းရှိုင်းတည်ရှိနေတယ်…ကျွီးကျင့်ကလဲ ငါ့ကိုစိတ်လှုပ်ရှားစေတဲ့အတွက် ခံစားချက်တွေဆိုတာကိုငါနားလည်လာခဲ့တယ်..ရယ်ချင်စရာကောင်းပေမဲ့ ငါပြောပြမယ်…ငါတို့တွေဖန်တီးခဲ့တဲ့ နွေရည်စွန်းတန်းအကကပုံရိပ်ယောင်ကို ပထမဆုံးမြင်မြင်ချင်အကြည့်နဲ့ ချစ်မိသွားခဲ့တာ ဒီလိုကိစ္စမျိုးဆိုတာ စိုးရိမ်စရာကောင်းတဲ့ဆိုပေမဲ့ပေါ့ ”
” မင်းတကယ်ကြီးလား ”
၀မ်သုန့် မျက်လုံးအပြူးသားနဲ့ပြောလိုက်မိပါတယ်။
ဟို့ယွိဟောင်ကတော့ အတိတ်အချိန်တွေကို ပြန်ပြီစဥ်းစားနေခဲ့တယ်။
” ကျွီးကျင့် ငါကိုအဲ့ဒီအချိန်နမ်းသွားတုန်းက တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်…သူနဲ့ပတ်သက်ပြီ စိတ်ထဲမှာတစ်ခုခုခံစားနေ ရပြီလို့ထင်နေခဲ့တာ ဒါပေမယ့် သူ့ကိုဆက်ပြီနေဖို့ မေးတော့မဲ့အချိန်မှာပဲ အလင်းတန်းပုံရိပ်ရဲ့ရုပ်သွင်ကငါ့စိတ်ထဲကို ထင်ထင်ရှားရှား၀င်ရောက်လာတယ် ”
” အဲ့ဒီလူကသာ ငါရဲ့နှလုံးသားထဲမှာ တစ်ချိန်လုံးနေရာအပြည့်ယူထားခဲ့တာလေ သူက ပုံရိပ်ယောင်ဖြစ်တည်မှုတစ်ခုပဲဆိုပေမဲ့ ငါရဲ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတွေအားလုံးက သူ့အတွက်ပဲဖြစ်နေခဲ့တယ်…ရှိသမျှမေတ္တာတွေအားလုံးကို တခြားသူဆီငါမပေးနိုင်တော့ဘူး…ဘယ်သူဆီမှလဲခွဲဝေမပေးနိုင်ဘူး..သူက ငါနှလုံးသားတစ်ခုလုံးမှာ အပြည့်အ၀ကြီးနေရာယူထားတာ ကျွီးကျင့်ကသာ ဒီခံစားချက်တွေကို သေချာမှတ်မိလာအောင်လုပ်ပေးနိုင်ခဲ့တဲ့သူပဲ ငါတို့ရဲ့ဘ၀တွေက ဒီလိုမျိုး ပြဒါးတစ်လမ်း သံတစ်လမ်းကွာခြားချက်မများနေခဲ့ဘူးဆိုရင်တောင် ငါသူ့ကိုလက်ခံနိုင်မယ်လို့ ငါမထင်ဘူး ”
၀မ်သုန့်က ဟို့ယွိဟောင်ကို အထိတ်တလန့်နဲ့သာကြည့်နေခဲ့ပါတယ်။ သူကြည့်ရတာ လိုက်မမီနိုင်တဲ့ပုံပေါ်နေခဲ့တယ်။
ဟို့ယွိဟောင်က ပြုံးပြရင်းနဲ့ ဆက်ပြီပြောပါတယ်။
” မင်းကတကယ်ညီနောင်တစ်ယောက်ပဲ ငါ့ကိုမရယ်ဘူး…အခုငါတွေးကြည့်တော့မှ အတော်လေးကြောင်တောင်တောင်နိုင်တယ်လို့ ခံစားရတယ်..တစ်ခါတလေမှာလူသားတွေအတွက် ကျိုးကြောင်းဆီလျော်နိုင်စွမ်းနဲ့ နှလုံးသားရေးရာကိစ္စတွေက ထိန်းချုပ်နိုင်မှုနဲ့ သက်ဆိုင်မှုတွေ သိပ်မရှိလောက်ဘူးလို့ ငါတွေးမိသား တကယ်တော့ အကယ်၍ မင်းမှာငါတို့ပုံရိပ်နဲ့တစ်ပုံစံထဲတူညီတဲ့ ညီအစ်မဖြစ်ဖြစ် အစ်မဖြစ်ဖြစ်ရှိတယ်ဆိုရင် သေချာပေါက် ငါသူ့ကို ငါနှလုံးသားပေးအပ်မိမယ်…ဒါပေါ့ သူငါ့ကိုလက်ခံမယ်ဆိုရင် ပိုကောင်းမှာပေါ့ မင်းရောဘယ်လိုလဲ ”
” အမျက်ဒေါသကျောင်းတော်ထဲမှာ အခြေအနေတွေဘယ်လိုရှိလဲ ငါမှတ်မိသလောက်အရဆိုရင် ရှောင်ဟုန်ချန်ရဲ့ညီမ မုန့်ဟုန်ချန်က မင်းကိုတော်တော်လေး သဘောကျနေတာမဟုတ်လား ”
၀မ်သုန့်က ပါးစပ်ဖွင့်မလာခဲ့ပါဘူး။ သူခေါင်းခါရင်းနဲ့ အခန်းရဲ့ပြတင်းပေါက်ဆီကို လျှောက်သွားပြီဖွင့်လိုက်ပါတယ်။
လေတွေက အခန်းထဲကို၀င်လာခဲ့တာကြောင့် ချက်ချင်းဆိုသလို သိပ့်သည်းပြီမှောင်မိုက်နေတဲ့ ခံစားချက်တွေက ပျောက်ကွယ်လို့သွားခဲ့ပါတယ်။
” ယွိဟောင် ”
” ၀မ်သုန့် မင်းအဆင်ပြေရဲ့လား ”
ဒီအချိန်မှာတော့ ဟို့ယွိဟောင် ခပ်မြန်မြန်ပဲပြေးလာခဲ့ပါတယ်။ ၀မ်သုန့်ကို ဒီကိစ္စတွေပြောပြပြီချိန်မှာတော့ ၀မ်သုန့်ရဲ့ခံစားချက်တွေက ပုံမှန်မဟုတ်တာကို သူချက်ချင်းသတိထားမိလိုက်လို့ပါ။
၀မ်သုန့်က ပြတင်းပေါက်အပြင်ကိုစိုက်ကြည့်ရင်းပြောလာခဲ့ပါတယ်။
” မင်းရဲ့ခံစားချက်တွေကမှန်တယ်…ငါအဆင့်ခြောက်ဆယ်မှာရောက်နေပြီ ဒါပေမယ့် သင့်တော်တဲ့၀ိညာဥ်စက်ကွင်းတစ်ခုကိုလိုနေတယ်…မင်းက ငါအတွက်အကောင်းဆုံးသူငယ်ချင်းပဲ ငါဒီနေရာကိုမင်းဆီလာလည်တာလဲဟုတ်တယ်..ငါ့ဒီတစ်ခေါက် အိမ်ပြန်တဲ့လမ်းမှာခဏလောက်လိုက်လာချင်တာလဲဟုတ်တယ်..ဘာကြောင့်လဲဆိုရင် ငါအတွက်သင့်တော်တဲ့ ၀ိညာဥ်သားရဲကောင်တွေကအဲ့ဒီအနားမှာရှိလို့ မင်းငါနဲ့လိုက်လာပြီ အတူတူသွားကြမယ်…ကျောင်းအားလပ်ရက်တွေပြီရင်း ပြန်လာကြတာပေါ့ ပြီတဲ့နောက် အမျက်ဒေါသကျောင်းတော်မှာ သုံးလကြာရင်ပြန်တွေ့ကြမယ်ဒါဆိုရင်ဘယ်လိုလဲ ”
ဟို့ယွိဟောင် လန့်သွားခဲ့ပါတယ်။
” မင်းပြောချင်တာ ငါကိုမင်းအိမ်ခေါ်သွားချင်တယ်လား ၀ိညာဥ်စက်ကွင်းတစ်ကွင်းရှာဖို့ ဟုတ်တယ်ဟုတ် ”
အပိုင်း ၁၈၇•၁ ပြီး၏။