အပိုင်း ၁၈၂
” အဆုံးမဲ့တဲ့ ပင်လယ်သမုဒ္ဒရာကြီး ”
°°°
ရုတ်တရက်ဆိုသလို ကြည်လင်သွားတဲ့ရေမျက်နှာပြင်ပေါ်မှာ လူတစ်ယောက်ပေါ်လာပါတော့တယ်။ သူက တစ်ကိုယ်လုံးအ၀တ်မပါတဲ့ လူငယ်ပါပဲ အသားအရေကရွှေရောင်တောက်ပနေခဲ့ပြီ သူပေါ်လာချိန်မှာတော့ ကောင်းကင်ပေါ်မှာရှိနေတဲ့ ဒေါင်လိုက်မျက်လုံးကြီးက ရွှေရောင်အလင်းတန်းတွေ သူ့ခန္ဓာကိုယ်ဆီစတင်ထုတ်လွှတ်ပါတော့တယ်။
ဒီအလင်းတန်းတွေရဲ့အောက်မှာ သူက တိတ်တဆိတ်သာရပ်နေခဲ့ပြီ မျက်လုံးတွေပြန်ပွင့်လာခဲ့ပါပြီ။
သူမျက်လုံးဖွင့်လိုက်ချိန်မှာတော့ အဆုံးမဲ့တဲ့ပင်လယ်ရွှေရောင်ကြီးက စတင်ပြီ အရောင်တွေမှိန်လာပါတော့တယ်။ တစ်လောကလုံးမှာရှိတဲ့ အကြီးမားအတောက်ပဆုံးအလင်းတန်းက သူ့ရှေ့တည့်တည့်မှာရှိနေခဲ့တာပါ။
” ဒါကဘယ်နေရာလဲ ”
သူတအံ့တဩနဲ့ ပြောလာခဲ့ပါတယ်။
” မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ပဲ ”
နောက်ထပ်လူတစ်ယောက်က ပေါ်လာပြီသူ့ရဲ့မေးခွန်းကိုဖြေခဲ့ပါတယ်။ အဲ့ဒါကတော့ လျှပ်စီးဧကရာဇ်ပါ။ ရွှေရောင်အလင်းတန်းတွေနဲ့ တောက်ပနေခဲ့တဲ့လူငယ်က ဟို့ယွိဟောင်ပါပဲ။
ဟို့ယွိဟောင်က လက်ရှိအချိန်မှာ ပဟေဠိဖြစ်သွားခဲ့ပါတယ်။
” ကျွန်တော်ရဲ့စိတ်၀ိညာဥ်ပင်လယ်က တကယ်ပင်လယ်ကြီးလိုဖြစ်သွားတာပဲ ”
သူ့ရဲ့မှတ်ဉာဏ်တွေကခပ်မြန်မြန်ပဲ ပြန်ပေါ်လာခဲ့ပါပြီ။ အားလုံးကို ပြန်သတိရပြီချိန်မှာ တအံတဩသက်ပြင်းချလိုက်မိပါတယ်။ အစောပိုင်းတုန်းက သူ့စိတ်၀ိညာဥ်ပင်လယ်ဆိုတာသေးငယ်တဲ့ ရေအိုင်လေးတစ်ခုလိုပုံစံရှိခဲ့တာပါ။ အဲ့ဒီရေအိုင်လေးက ဖြည်းဖြည်းချင်းကန်လေးတစ်ခုလိုမျိုး အရွယ်အစားကြီးမားလာခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာကတော့ ပင်လယ်ကြီးတစ်ခုလိုအသွင်ပြောင်းသွားခဲ့ပါပြီ။
” ပိုးကောင်ကြီးကို မင်းကျေးဇူးတင်ရမယ်…မင်းရဲ့အဆင့်တွေမြင့်လာတယ်ဆိုတာက သူ့ကသန့်စင်ပြီလုံလောက်တဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို အပြည့်အ၀ဖန်တီးပေးလိုက်လို့ပဲ ဒါကြောင့်သာ စိတ်၀ိညာဥ်စွမ်းအားတွေက ချောချောမွေ့မွေ့နဲ့ ပြောင်းလဲနိုင်ခဲ့တာလေ ”
” အစ်ကိုကြီးကောင်းကင်အိပ်မက်လားသူခုဘယ်ရောက်နေလဲ ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က ပျင်းပျင်းရိရိနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” ငါကဒီနေရာမှာအမြဲတမ်းအေးအေးဆေးဆေးနဲ့ ငြိမ်ငြိမ်ချမ်းချမ်းလေ သက်သောက်သက်သာအိပ်နေတဲ့သူဖြစ်ခဲ့ဖူးတယ်…ဒါပေမယ့် မင်းသက်သောက်သက်သာနဲ့အိပ်ပျော်နေတာကို ငါအကြာကြီးစောင့်ကြည့်နေရလို့ ငါအခုအထိတစ်ရေးမှမအိပ်ရသေးဘူး ”
သူနဲ့မီတာတစ်ရာလောက်အကွာမှာကြီးမားတဲ့ခန္ဓာကိုယ်ကြီးကပေါ်ထွက်လာခဲ့ပါတယ်။ သ့ရဲ့တစ်ကိုယ်လုံးက တလက်လက်တောက်ပလို့နေခဲ့ပြီ လေထဲကိုထိုးတက်လို့သွားခဲ့တယ်။ အခုအချိန်မှာ သူ့ခန္ဓာကိုယ်က တောင်အငယ်စားတစ်ခုလိုပုံစံပြောင်းနေခဲ့ပါပြီ။ ခန္ဓာကိုယ်ပေါ်မှာကတော့ တောက်ပနေတဲ့ရွှေရောင်အလင်းတန်းခုနှစ်ခုတိတိရှိနေခဲ့တယ်။
” အစ်ကိုကြီးကောင်းကင်အိပ်မက်ပါလား ”
ဟို့ယွိဟောင် အံ့ဩလို့သွားခဲ့ပါတယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ အရှေ့ကိုရောက်ရှိချိန်မှာတော့ သူ့ရဲ့စိတ်တွေက အနည်းငယ်လှုပ်ရှားလို့လာတော့တယ်။ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်က သူ့ကိုယ်သူသေးငယ်သွားအောင် ပုံစံပြောင်းလိုက်ပြီပြောလာခဲ့ပါတယ်။
” ငါကိုလာမဖက်နဲ့ ငါလဲရှက်တတ်သေးတယ် ”
အဲ့ဒီအချိန်မှာပဲ မကျေမနပ်အသံက ထွက်လာခဲ့ပါပြီ။
” မဟုတ်တရမ်းတာတွေပြောမနေနဲ့ နင်လိုမျိုးမျက်နှာပြောင်ပြီ အရည်ထူးတဲ့ကောင်က ဘယ်လိုလုပ် ရှက်နိုင်မှာလဲ ”
နောက်ထပ်ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကလဲ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ပေါ်လာခဲ့ပါတယ်။ တောက်ပတဲ့စိန်ပွင့်လိုခန္ဓာကိုယ်မြစိမ်းရောင်အမြီးနဲ့ ရေခဲကျောက်စိမ်းဧကရီပါပဲ။
လက်ရှိအချိန်မှာ ကျောက်စိမ်းဧကရီရဲ့ခန္ဓာကိုယ်ကလဲ မီတာသုံးဆယ်အထိကို ကြီးမားလို့သွားခဲ့ပါပြီ။ သူ့ရဲ့ကြီးမားတဲ့ဆူးချွန်ကြီးတွေက ထင်ထင်ရှားရှားတောက်ပလို့နေခဲ့ပြီ ခမ်းနားပြီ ဧကရာဇ်ဆန်တဲ့အငွေ့အသက်တွေကို ပေးစွမ်းလို့နေခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ရုပ်သွင်က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ပင်လယ်ကို အများကြီးအနှောင့်အယှက်မဖြစ်စေပါဘူး။
” ရေခဲဧကရီနဲ့ အစ်ကိုကြီးကောင်းကင်အိပ်မက် ဘာဖြစ်လို့ခန္ဓာကိုယ်တွေ အဲ့ဒီလောက်ကြီးသွားရတာလဲ ”
ကောင်းကင်အိပ်မက်က ရယ်မောရင်း ပြောလာခဲ့တယ်။
” မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်က ပြောင်းလဲသွားလို့လေ ဒါကြောင့် ငါတို့ရဲ့အင်အားတွေကို ပိုပြီးများများသုံးလိုက်တာပေါ့ ”
ဟို့ယွိဟောင်လဲ ရေခဲဧကရီ ကောင်းကင်အိပ်မက်ပိုးကောင်နဲ့ အကြီးအကဲလျှပ်စီးဧကရာဇ်တို့ကို ကြည့်ရင်းပြုံးနေခဲ့ပါတယ်။
” ဘာတွေဖြစ်သွားလဲဆိုတာ ကျွန်တော်ကိုပြောပေးကြပါဦး ကျွန်တော်အတော်လေး ဝေခွဲမရဖြစ်နေတယ်…ကျွီကျွယ်ချန်နဲ့ တိုက်ခိုက်ပြီတဲ့နောက် စပြီနက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေကို ရောက်သွားမှတ်မိတယ်…အဲ့ဒီနောက် အမှောင်ထုကြီးတစ်ခုထဲကို ကျရောက်လို့သွားတာပဲ ကျွန်တော်နိုးလာတဲ့အချိန်အထိ အတော်လေးကြိုးစားနေခဲ့ရတာ ”
” အကြီးအကဲယိပြောပါစေ နောက်ဆုံးတော့လဲ သူက လူသားတစ်ယောက်လေ ဒီတော့သူ့စကားက နားထောင်ရတာပိုရှင်းမှာပါ ”
” တိတိကျကျပြောရမယ်ဆိုရင် မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားတွေက အသွင်ပြောင်းမှုဖြစ်သွားတာပဲ ဘယ်သူကမှမင်းကိုမကူညီနိုင်ဘူး…ကိုယ်ဘာသာကိုယ်ပဲအားကိုးလို့ရမယ်…ဒါ့အပြင် လူတစ်ယောက်စိတ်၀ိညာဥ်နဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကို လေ့ကျင့်တဲ့အချိန်တိုင်းမှာ မတူညီတဲ့အခြေအနေတွေကို ကြုံတွေ့ရတယ်…တစ်ယောက်နဲ့တစ်ယောက်က ဘယ်လိုမှတူနိုင်မှာလဲမဟုတ်ဘူး…ဒါကြောင့်သာ မင်းအပြောင်းအလဲတွေဖြစ်နေတယ်လို့ပဲ ငါပြောနိုင်တာ ”
လျှပ်စီးဧကရာဇ်က ပြောလာခဲ့ပါတယ်။
” မင်းမြင်ရတဲ့အတိုင်းပဲ စိတ်၀ိညာဥ်ပင်လယ်က အခုလက်ရှိအချိန်မှာ သမုဒ္ဒရာကြီးတစ်ခုလိုကျယ်ပြန့်လာပြီ ဒီလိုမျိုးစိတ်၀ိညာဥ်စွမ်းအားတွေ ဖြစ်လာတဲ့အပြောင်းအလဲကိုငါကတော့အဆုံးမဲ့တဲ့ ပင်လယ်သမုဒ္ဒရာလို့ခေါ်ဝေါ်ရလိမ့်မယ်…အစတုန်းက မင်းရဲ့စိတ်၀ိညာဥ်စွမ်းအားတွေဆိုတာ ကုန်ဆုံးနိုင်ပြီ ပြန်လည်ဖြည့်တင်းလို့ရတဲ့အခြေအနေတစ်ခုကို ရောက်ရှိခဲ့တယ် ”
” မင်းရဲ့စွမ်းအားက အတော်လေးအများကြီးမမြင့်သေးပေမဲ့ မြန်မြန်ဆန်ဆန်တော့ တိုးတက်မှုရှိတယ်…အခုတော့မင်းရဲ့စိတ်၀ိညာဥ်ကျင့်ကြံမှုမှာအရေးကြီးတဲ့ခြေလှမ်းတစ်ခုကို ရောက်ရှိသွားပြီလို့ ငါထင်မိတယ် ”
” ပိုးကောင်ကြီး ကင်းမြီးကောက်လေနဲ့ နှင်းအမျိုးသမီးတို့ရဲ့ အမြင်တွေကိုအရင်တုန်းက ငါဂရုမစိုက်ခဲ့ဘူး..ငါရဲ့ညွှန်ကြားမှုအောက်မှာ မင်းအနေနဲ့ အခွင့်အရေးတွေအများကြီးရနိုင်တာကို ယုံကြည်ပေမဲ့ မင်းအနေနဲ့ မှန်ကန်တဲ့လမ်းပေါ်ကို စတင်ပြီလျှောက်လမ်းတဲ့အချိန်က အတော်လေးကို နောက်ကျနေတယ်လို့ ပြောရမယ် ”
” ငါက အသက်ငါးနှစ်အရွယ်ကစလို့ အောက်လမ်းပညာကိုသင်ကြားခဲ့တယ်…ငါကိုယ်တိုင်အတွက် ခိုင်မာတဲ့အခြေခံကိုလဲ ကောင်းကောင်းဖန်တီးပြီ တည်ဆောက်ပေးခဲ့တယ်…ဒီလိုအတွေ့အကြုံတွေကို ကျော်ဖြတ်ပြီတဲ့နောက် ဒီအဆုံးမဲ့တဲ့စိတ်၀ိညာဥ်အခြေခံဆိုတာက နတ်ဘုရားတစ်ပါးဖြစ်လာဖို့အတွက် အိပ်မက်မဟုတ်ဘူးဆိုတာကို ငါအခိုင်အမာပြောလာနိုင်တယ် ”
” မင်းရဲ့အဓိကသိုင်းပညာ၀ိညာဥ်က စိတ်၀ိညာဥ်အမျိုးအစားပဲ စိတ်၀ိညာဥ်အမျိုးအစားစွမ်းရည်တွေအားလုံးက ဒီလိုအပြောင်းအလဲဖြစ်ပြီချိန်မှာ အများကြီးတိုးတက်လာလိမ့်မယ်…မိုးကောင်းကင်ပေါ်ကိုမော့ကြည့်လိုက် ”
သူပြောရင်းနဲ့ ကြီးမားတဲ့မျက်လုံးကြီးကို လက်ညိုးထိုးလိုက်ပါတယ်။
ဟို့ယွိဟောင်လဲ ဒီလိုမျက်လုံးကြီးတွေ စိုက်ကြည့်ခံနေရတာကို မြင်ချိန်မှာ သူလန့်သွားခဲ့ရပါတယ်။
” မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ပြောင်းလဲသွားပြီတဲ့နောက် မင်းရဲ့စိတ်၀ိညာဥ်ကလဲ ဆက်ပြီတိုးတက်သွားတယ်…ကံကြမ္မာမျက်လုံးရဲ့ဒုတိယပင်လယ်က ပြီးပြည့်စုံသွားပြီ ဒါကြောင့် ပထမစိတ်၀ိညာဥ်ပင်လယ်နဲ့ ချိတ်ဆက်သွားတယ်လေ ”
” ဒီတော့ မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်ကို တိုက်ရိုက်အသုံးချပြီ ကံကြမ္မာမျက်လုံးကို အထောက်အပံ့ပြုနိုင်ပြီလို့ဆိုလိုတာပဲ ကံကြမ္မာမျက်လုံးရဲ့အလင်းတန်းကိုလဲ နောက်ထပ် ပိုပြီးမြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူနဲ့ သုံးလာနိုင်မယ်..ငါတွက်ရသလောက်အရဆိုရင်တော့ တစ်ယောက်ကိုသုံးကြိမ်သုံးလို့ရနိုင်မယ်…စိတ်၀ိညာဥ်စွမ်းအားတွေကို ဘယ်လောက်အထိ ပြန်လည်ကောင်းမွန်အောင် စုစည်းနိုင်ရမလဲဆိုတာကတော့ အခုတွက်ရမယ်ဆိုရင် အရင်ကထက်ငါးဆပိုပြီးတော့မြန်လာလိမ့်မယ်…လက်ရှိအချိန်မှာ စိတ်၀ိညာဥ်အမျိုးအစား ဘယ်၀ိညာဥ်စွမ်းရည်ကိုမဆို မင်းကောင်းကောင်းလွတ်လွတ်လပ်လပ်သုံးနိုင်ပြီပဲ ”
ဟို့ယွိဟောင်ကတော့ အတော်ကိုပျော်နေခဲ့ပါပြီ။ ဒီလိုနက်ရှိုင်းတဲ့တရားထိုင်မှုကို ကျော်ဖြတ်ပြီချိန်မှာ သိသာထင်ရှားတဲ့ တိုးတက်မှုကို ကြုံတွေ့ရမယ်ဆိုတာသိပေမဲ့ ဒီလောက်အထိကြီးကြီးမားမားပြောင်းလဲသွားမယ်လို့ မမျှော်လင့်ထားခဲ့မိတာအမှန်ပါပဲ။ မယုံနိုင်စရာတောင်ကောင်းနေခဲ့တယ်။
တိုးတက်မှုက စိတ်၀ိညာဥ်အမျိုးအစားတစ်ခုထဲသာဖြစ်ပြီ ၀ိညာဥ်စွမ်းအားနဲ့ဘာမှမဆိုင်ပါဘူး။ မကြာခင်အချိန်မှာပဲ သူ့ရဲ့စိတ်၀ိညာဥ်နဲ့ ၀ိညာဥ်စွမ်းအားတွေက မတူညီတဲ့အင်အားတွေအဖြစ် တည်ရှိနေတာကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရပါတယ်။
စိတ်၀ိညာဥ်မျက်လုံးကို သူသုံးတဲ့အချိန်မှာ ၀ိညာဥ်စွမ်းအားကိုစုစည်းပြီ အသုံးပြုလို့ရတဲ့ပုံစံနဲ့ မတူညီတော့သလိုပါပဲ။ အခုလက်ရှိအချိန်မှာတော့ စိတ်၀ိညာဥ်စွမ်းအားကို အဓိကအသုံးပြုပြီး စိတ်၀ိညာဥ်အမျိုးအစား တိုက်ခိုက်မှုတွေအားလုံးကို အသုံးပြုနိုင်တော့မယ်လို့ သူနားလည်သွားပါတယ်။
ဟို့ယွိဟောင်က ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကို တောက်ပတက်ကြွတဲ့အကြည့်တွေနဲ့ ကြည့်ရင်း လှမ်းပြီကျေးဇူးတင်နေခဲ့တယ်။
” အစ်ကိုကြိီးကောင်းကင်အိပ်မက် ကျေးဇူးအများကြီးတင်ပါတယ် ”
ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ရဲ့ ကြီးမားလုံး၀င်တဲ့ခန္ဓာကိုယ်ကြီးကတော့ အနည်းငယ်တွန့်လိမ်နေခဲ့ပြီ သူပြောလာခဲ့တယ်။
” ငါကိုကျေးဇူးမတင်နဲ့ ငါတို့က တစ်ဖက်နဲ့တစ်ဖက်ကို အကျိုးပြုနေကြတာပဲ ငါကသာ မင်းကိုကျေးဇူတင်ရမှာ မင်းလဲငါ့ကိုအများကြီးပေးအပ်ခဲ့တယ်လေ ငါရယ် ရေခဲဧကရီရယ် နှင်းဧကရီရယ်အားလုံးလဲ မျှော်လင့်ချက်နဲ့ကောင်းကောင်းနေထိုင်လို့ရနေပြီ နှင်းဧကရီက အခုလက်ရှိအချိန်မှာ ချိတ်ပိတ်ထားတဲ့အခြေအနေကိုရောက်နေခဲ့တယ်။
” သူ့ရဲ့ချိတ်ပိတ်ထားတဲ့မူလစွမ်းအားတွေ အပြင်စိမ့်ထွက်လာမှာကိုကာကွယ်ဖို့အတွက် သူမင်းကိုလာတွေ့လို့မရဘူး…ဒါပေမယ့် သူ့ရဲ့အတွေးတွေကိုတော့ အပြင်လွှတ်ပေးနေတယ်..ဒီလိုမျိုးမင်းတိုးတက်နေတာကိုမြင်ရတဲ့အတွက် သူလဲစိတ်လှုပ်ရှားနေခဲ့မိတယ်..မကြာခင်မှာပဲ သူရဲ့အင်အားတွေကို လက်ခံဖို့အတွက် လုံလုံလောက်လောက်သန်မာလာပါစေလို့မျှော်လင့်နေတယ်…ဒီလိုဖြစ်လာမယ်ဆိုရင် မင်းကတကယ်ကြီးကို သန်မာလာမှာ ”
” အစ်ကိုကြီးကောင်းကင်အိပ်မက်ကျွန်တော် အစ်ကိုကြီးတို့သုံးယောက်ရဲ့ချိတ်ပိတ်ထားတဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို စုပ်ယူလိုက်တာလား ”
” ဟုတ်တယ် အစပိုင်းတုန်းက ငါတစ်ယောက်ထဲရဲ့အင်အားနဲ့လောက်မယ်ထင်တာ ဒါပေမယ့် မင်းရဲ့တိုးတက်မှုက အတော်ကိုများလွန်တယ်လေ တည်ငြိမ်မှုရအောင်ကြိုးစားနေရင် ငါတို့နှစ်ယောက်ရဲ့စိတ်၀ိညာဥ်စွမ်းအားတွေကို အတော်လေးကုန်ဆုံးသွားတဲ့အထိကို စုပ်ယူလိုက်တယ် ”
” အနာဂတ်မှာစိတ်၀ိညာဥ်စွမ်းအားတွေကို ချိတ်ပိတ်ထားရမလား မချိတ်ပိတ်ထားရဘူးလားဆိုတာ ငါအပေါ်မှာ မူတည်မနေတော့ဘူး..မင်းဘာသာမင်းဆုံးဖြတ်နိုင်ပြီ မင်းရဲ့အစွမ်းအစတွေက တိုးပွားလာပြီဆိုရင် စိတ်၀ိညာဥ်ပင်လယ်ကိုထိန်းချုပ်နိုင်စွမ်းကလဲ ပိုပြီးမြင့်မားလာလိမ့်မယ်…ဒီမြင့်မားလာမှုက ခန္ဓာကိုယ်အတွက် အများကြီးအကျိုးရှိမယ်..ဒါပေမယ့် ငါပြောတော့ပြောရဦးမယ် တိုးတက်မှုတွေဆိုတာက အစပိုင်းမှာ အကြီးမားဆုံးပဲ အနာဂတ်မှာအဲ့ဒီလောက်ကြီး ကြီးကြီးမားမားတော့ မဖြစ်နိုင်ဘူး..ဒါကြောင့် မင်းအနေနဲ့ထွက်ခွာသွားတဲ့အချိန်မှာ ဒီစွမ်းအားတွေကို သိပ့်သည်းအောင်လုပ်ပြီ ကျင့်သားရဖို့အတွက် အချိန်လိုအပ်လိမ့်မယ်..ကံကောင်းပေလို့ မင်းမှာရွှေလိုအသက်ရှိနေသေးတယ်လေ မဟုတ်ရင်ပြဿနာအကြီးကြီးတက်မှာ ”
” ဘာပြဿနာတက်မှာလဲ ”
ဟို့ယွိဟောင် နားမလည်တဲ့အတွက် မေးလာခဲ့ပါတယ်။
ရေခဲဧကရီက အဲ့ဒီအချိန်မှာ ၀င်ဖြေခဲ့တယ်။
” မင်းရဲ့စိတ်၀ိညာဥ်ပင်လယ်က တိုးတက်သွားတဲ့အတွက် ကျင့်ကြံမှုကလဲ မြင့်မားလာတယ်…၀ိညာဥ်စွမ်အားကလဲ တိုးတက်သွားလိမ့်မယ်…နင်ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်က ငါရဲ့အဆုံးစွန်းရေခဲဖြစ်နေတယ်..ဒါကြောင့် စိတ်၀ိညာဥ်မျက်လုံးနဲ့ အရှိန်နှုန်းက မတူညီဘူး..ခန္ဓာကိုယ်ကလဲ ၀န်ထုတ်၀န်ပိုးကိုခံစားရလိမ့်မယ်..၀ိညာဥ်စွမ်းအားက ဒါကြောင့် ပိုပြီးတော့မတည်ငြိမ်မှုတွေနဲ့ ဖြစ်လာမယ်..အပြင်ကိုထွက်သွားပြီတဲ့နောက် အချိန်အတိုင်အတာတစ်ခုအထိ စိတ်ရှည်လက်ရှည်ကျင့်ကြံပြီ စွမ်းအားတွေကို ခိုင်မာလာအောင် လုပ်ရမယ်…ဒါပေမယ့် သတင်းကောင်းလဲရှိပါသေးတယ်…အစောပိုင်းတုန်းက ကြုံတွေ့ခဲ့တဲ့ပြဿနာတွေဆိုတာက အခုလက်ရှိအချိန်မှာ ဖြေရှင်းပြီးသွားပြီ ဒါကြောင့် ငါတို့တွေလိုအပ်တဲ့အချိန်မှာစပြီ ပြန်သုံးလို့ရတယ် ”
” အတော်လေးကောင်းတဲ့သတင်းပါပဲ ကျေးဇူးပါရေခဲဧကရီ ”
” ကောင်းပြီ မင်းသွားဖို့အချိန်တန်ပြီ မင်းအနေနဲ့ တရားထိုင်တာအရမ်းကိုကြာလွန်နေပြီ သူတို့ပြောတာမှန်တယ်…အပြင်ထွက်သွားပြီရင် လိုအပ်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့အချိန်လိုလိမ့်မယ်…ခန္ဓာကိုယ်အခြေအနေဘယ်လိုပဲ ဖြစ်ပါစေ စိတ်မရှည်လို့မရဘူး…ရွှေလိုအသက်ရဲ့ကြီးမားတဲ့အသက်စွမ်းအားကြောင့် ဖြည်းဖြည်းချင်းပြန်ကောင်းမွန်အောင်လုပ်ဖို့က အကောင်းဆုံးရွေးချယ်မှုပဲ ”
ဟို့ယွိဟောင် ခေါင်းညိတ်လိုက်ပါတယ်။ အဲ့ဒီနောက် သူ့ခေါင်းသူကုတ်ရင်းနဲ့ မေးလာခဲ့တယ်။
” ဒါဆိုရင် ကျွန်တော်ဒီပင်လယ်ထဲကနေ ဘယ်လိုထွက်သွားရမလဲ ”
” ဒီမှာရှိသမျှအရာအားလုံးက မင်းအပိုင်ပဲ ဒါကြောင့် အားလုံးကိုမင်းထိန်းချုပ်လို့ရတယ် ”
” အဲ့ဒီလောက်ကြီးရိုးရှင်းတာလား ”
ဟို့ယွိဟောင် အနည်းငယ်ရှက်သွားခဲ့တဲ့အတွက် ရယ်မောနေခဲ့ပါတယ်။ အကြီးအကဲလျှပ်စီးဧကရာဇ် ရေခဲဧကရီနဲ့ ကောင်းကင်အိပ်မက်ရေခဲပိုးကောင်တို့ကို သူနှုတ်ဆက်ပြီတဲ့နောက် မျက်လုံးတွေကိုပြန်ဖွင့်လာခဲ့တယ်။ အခုနိုးထဖို့အချိန်တန်ပါပြီ။
ဖန်းယွီက ဟို့ယွိဟောင်နဲ့ မျက်နှာချင်းဆိုင်မှာတရားထိုင်နေခဲ့ပါတယ်။ သူဒီနေရာမှာနှစ်၀က်ကြာအောင် စောင့်ဆိုင်းနေတာဖြစ်ခဲ့တဲ့အတွက် အခုအချိန်ကျင့်သားရနေခဲ့ပါပြီ။ နေ့စဥ်နေ့တိုင်းသူကဟို့ယွိဟောင်နဲ့အတူတူ တရားထိုင်ပါတယ်။ တစ်ခါတလေမှာတော့ ဟယ့်ချိုက်ထို့က သူ့ရဲ့နေရာအစား၀င်ယူပေးခဲ့တဲ့အချိန်ကလွဲပြီ တခြားဘယ်သူကိုမှ သူစိတ်မချနိုင်ပါဘူး။
ဟို့ယွိဟောင်ကို ကြည့်ရင်း ဖန်းယွီရဲ့အကြည့်ကအရောင်လက်သွားခဲ့ပါတယ်။
” သူလှုပ်ရှားလာပုံပေါ်တယ်… ငါမြင်နေတာမှန်ရဲ့လား ”
အပိုင်း ၁၈၂ ပြီး၏။