အပိုင်း ၁၈၁•၃
” ဓားသမားအရူး ကျွီကျွယ်ချန် ”
°°°
ဟို့ယွိဟောင်ရဲ့ညာဘက်လက်မောင်းတစ်ခုလုံးလဲ သွေးတွေအပြည့်ဖြစ်နေခဲ့ပါပြီ။ သူက ကျွီကျွယ်ချန်ထက် နှစ်ဆပိုပြီးဝေးတဲ့အထိ လွှင့်သွားခဲ့ပါတယ်။ သူမြေပြင်ပေါ်ကိုခြေထောက်ထောင့်ပြီတဲ့နောက် နောက်ထပ် ခြေလှမ်းခုနှစ်လှမ်းရှစ်လှမ်းအထိကို နောက်ဆုတ်သွားပြီမှသာ ခန္ဓာကိုယ်ကိုငြိမ်အောင်ထိန်းလိုက်တာပါ။
သူရှုံနှိမ့်သွားပြီလား ကြည့်နေသူတွေအားလုံးတအံ့တဩသိချင်နေပါတယ်။
ပထမရက်မှာစကားနဲ့စော်ကားအရှက်ခွဲတာတွေ လုပ်ခဲ့ပြီတဲ့နောက် သူက ပွဲသုံးဆယ်တိတိဆက်တိုက်အနိုင်ရခဲ့ပါတယ်။ ဒီနေ့မှာလဲ ရှန်မုရှု ကျန်ကျင့်ရန်တို့နှစ်ယောက်ကိုအနိုင်ယူခဲ့တယ်။ ဒါကြောင့် နေလနိုင်ငံတော်ရဲ့ကျောင်းသားတွေလဲဟို့ယွိဟောင်ဘယ်လောက်အထိ အစွမ်းထက်လဲဆိုတာကို သေချာပေါက် လက်ခံနေခဲ့ရပါပြီ။ ဘယ်သူကများသူ့ကိုအနိုင်ယူဖို့လောက်အထိ သန်မာမလဲဆိုတာကို သိချင်နေကြတယ်။ အခုကအဖြေကိုရသွားတဲ့ပုံပါပဲ။
ဒါပေမယ့် ဟို့ယွိဟောင်က သူတို့ထင်ထားတဲ့ပုံစံမျိုး ရူးသွပ်မသွားခဲ့ပါဘူး။ ခန္ဓာကိုယ်ကိုတည်ငြိမ်အောင်ထိန်းပြီတဲ့နောက် တစ်ချက်လေးတောင် မလှုပ်ရှားပဲ အသက်ကိုပြင်းပြင်းရှုနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေကတော့ ရွှေရောင်အလင်းတန်းတွေပြည့်နေဆဲပါ။ ညာဘက်လက်ကိုမြောက်လိုက်ပြီတဲ့နောက် တောက်ပနေတဲ့ရွှေရောင်လက်သီးကိုကြည့်ရင်းစကားတစ်ခွန်းတောင်မပြောခဲ့ပါဘူး။
ကျွီကျွယ်ချန်ကလဲ ဟို့ယွိဟောင်လိုပဲ တိတ်ဆိတ်လို့နေခဲ့ပါတယ်။ ဟို့ယွိဟောင်လောက်အဝေးကြီးကို လွှင့်မသွားခဲ့ပေမဲ့ သူကိုယ်တိုင်လဲ သွေးတစ်ချက်တောင်မအန်ခဲ့ပါဘူး။ သူ့ရဲ့အကြည့်တော့ အရင်လိုမစူးရှတော့ပဲ ဖြစ်နေခဲ့ပါတယ်။
အတော်လေးကိုအတွေးလွန်နေတဲ့ ပုံပေါ်သလို သူ့ရဲ့ဓားကနေ သွေးတွေစီးကျနေတာကို သတိထားမိပုံလဲမရပါဘူး။ ဒါ့အပြင် သူ့ရဲ့လက်အရေပြားကလဲ အတော်ကိုစုတ်ပြတ်လို့သွားခဲ့ပါပြီ။
နှစ်ယောက်စလုံးက နေရာမှာတင်ရပ်နေခဲ့သလို ဆက်ပြီတိုက်ခိုက်ဖို့အတွက် စိတ်ကူးတောင်မရှိတဲ့ပုံဖြစ်နေခဲ့ပါတယ်။ သူတို့အောက်ဖက်မှာရှိတဲ့ မြေပြင်ကနှစ်မီတာကျော်အထိ နက်နက်ရှိုင်းရှိုင်းအက်ကွဲနေတာကြောင့်သာမဟုတ်ဘူးဆိုရင် ဘာမှဖြစ်မသွားတဲ့အတိုင်း ထင်ရမှာပါ။
ရွှမ်ကျင့်၀မ်လဲ လန့်နေရာကနေ ဖြည်းဖြည်းချင်းသတိပြန်၀င်လာခဲ့ပါတယ်။ သူက ဒီနှစ်ယောက်ရဲ့အနီးဆုံးသူဖြစ်တာကြောင့် အင်အားလှိုင်းကိုအများဆုံးခံစားလိုက်ရပါတယ်။ ဒီကြောက်စရာကောင်းတဲ့ အင်အားကြီးက သူ့ရဲ့စိတ်၀ိညာဥ်အထိကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လို့သွားပြီ စိတ်၀ိညာဥ်ကိုတောင် ဆွဲဖြဲတော့မလိုခြိမ်းခြောက်လို့သွားတာပါ။ ဒါကြောင့်သာ သူအထိတ်တလန့်နဲ့ နောက်ကိုဆုတ်သွားခဲ့ပါတယ်။ အခုလက်ရှိအချိန်မှာ သူကိုယ်တိုင်လန့်ပြီဖြစ်နေခဲ့သလို သူက အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်နေတာတောင် အခုအချိန်မှာ ဒါတွေကိုမခုခံနိုင်ခဲ့ပါဘူး။
ဟို့ယွိဟောင်နဲ့ ကျွီကျွယ်ချန်နှစ်ယောက်က သေချာပေါက် သူ့ကိုအဲ့ဒီလိုခံစားချက်မျိုးဖြစ်စေလောက်တဲ့အထိ အင်အားကြီးနိုင်စရာအကြောင်းမရှိဘူးလို့ နားလည်နေခဲ့တယ်။ ဒါက ၀ိညာဥ်စွမ်းအားရဲ့သန့်စင်တဲ့စိတ်၀ိညာဥ်စွမ်းအားကြောင့်မဖြစ်နိုင်ပါဘူး။ ရွှမ်ကျင့်၀မ် ဘယ်တုန်းကမှ မခံစားခဲ့ဖူးတဲ့ ထူးဆန်းအင်အားတစ်ခုဖြစ်နေခဲ့တာကြောင့်သူပိုပြီးတွေးလေ ပိုပြီးထိတ်လန့်လေဖြစ်လာလေပါပဲ။
ဟို့ယွိဟောင်ရဲ့ ညာဘက်လက်မှာတောက်ပနေတဲ့ ရွှေရောင်အလင်းတန်းက ဖြည်းဖြည်းချင်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။ ဒီအချိန်မှာတော့ သူညာဘက်လက်က ဒဏ်ရာတွေအပြည့်ဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။ ရွှေရောင်အလင်းတန်းပျောက်ကွယ်သွားချိန်မှာ သွေးတွေက ဆက်တိုက်စီးဆင်းနေဆဲဖြစ်သလို ညာဘက်လက်မောင်းတစ်ခုလုံးလဲ လုံး၀ကိုအနီရောင်ပြောင်းသွားပါတော့တယ်။
ဟို့ယွိဟောင်ကတော့ ဒါတွေကိုဂရုမစိုက်ပါဘူး။ ညာဘက်လက်က်ိုဘယ်ဘက်လက်နဲ့ဖိလိုက်ချိန်မှာ သွေးစီးဆင်းနေတာက ရပ်တန့်သွားခဲ့ပါတယ်။ သူ့ရဲ့ညာဘက်လက်တစ်ခုလုံးကို ရေခဲနဲ့ချိတ်ပိတ်ပြီတဲ့နောက် သူထိုင်ချလိုက်တယ်။ မျက်လုံးတွေကိုမှိတ်ထားရင်နောက်တစ်ကြိမ် တရားထိုင်ပြန်ပါပြီ။
ကျန်ဟုန်ချန်က လင်းကျားယွီကိုခပ်တိုးတိုးတစ်ခုပြောလိုက်ပါတယ်။ လင်းကျားယွီလဲ ခပ်မြန်မြန်ပဲအောက်ကိုဆင်းသွားပြီ ရွှမ်ကျင့်၀မ်အနားကိုသွားမေးတော့တယ်။
” ဆရာရွှမ် ဘယ်သူကနိုင်သွားတာလဲ ဟို့ယွိဟောင်ရှုံးသွားလား ”
ရွှမ်ကျင့်၀မ်လဲ တစ်ချက်ရယ်မောရင်းနဲ့ ပြန်ဖြေလာခဲ့ပါတယ်။
” ရိုးရိုးသားသားပြောရမယ်ဆိုရင် ငါလဲဘယ်သူနိုင်လဲမသိဘူး ”
ဒီအချိန်မှာ ရွှမ်ကျင့်၀မ်ရဲ့ခန္ဓာကိုယ်က တစ်ချက်တုန်ရီလို့သွားခဲ့ပါတယ်။ သူခေါင်းကိုစောင်းရင်းနဲ့ အဝေးကိုလှမ်းကြည့်နေခဲ့တယ်။ မျက်နှာကတော့ ဖြူဖျော့လို့နေခဲ့ပါပြီ။ ဒါပေမယ့် အရမ်းကိုထူးဆန်းတဲ့ စိတ်လှုပ်ရှားမှုကမျက်လုံးထဲမှာ အထင်အရှားပေါ်နေပါတော့တယ်။
” ကျွန်တော်ရှုံးသွားပြီ ”
သူအရှုံးကို၀န်ခံပြီတဲ့နောက် ဟို့ယွိဟောင်ကိုနောက်တစ်ကြိမ်ကြည့်ရင်းနဲ့ အပြင်ကိုထွက်သွားပါတော့တယ်။ အခုလက်ရှိအချိန်မှာ သူဖြောင့်ဖြောင့်တန်းတန်းတောင် မလျှောက်နိုင်တော့ပါဘူး။ ပြိုင်ပွဲနယ်မြေထဲမှာလဲကျမသွားအောင် သူ့ကိုယ်သူမနည်းထိန်းနေခဲ့ရပါတယ်။ ကျန်ကျင့်ရန် သူ့ကိုယ်လာပြီတွဲမှသာ အပြင်ကိုကောင်းကောင်းထွက်သွားနိုင်တာပါ။
ကျွီကျွယ်ချန် ရှုံးသွားတာလား ဘယ်လိုရှုံးသွားတာလဲ ကြည့်နေသူတွေ တစ်ယောက်ကိုတစ်ယောက်တီးတိုးမေးမြန်းနေခဲ့ပါတယ်။
ဒီအချိန်မှာတော့ ဆရာဖန်းယွီက ကွင်ပြင်ထဲကိုရောက်လာပြီ လင်းကျားယွီနဲ့ ရွှမ်ကျင့်၀မ်အနားကို ကပ်ရင်း ပြောလာခဲ့ပါတယ်။
” ပြိုင်ပွဲက ဒီနေရာမှာအဆုံးသတ်ပါပြီ”
လင်းကျားယွီက မေးလာခဲ့ပါတယ်။
” ဘာဖြစ်လို့လဲ ဘာကြောင့်များလဲ ”
ဖန်းယွီက ဟို့ယွိဟောင်ကို လက်ညိုးထိုးရင်းနဲ့ပြောလိုက်တယ်။
” မင်းက အဆင့်ရှစ်၀ိညာဥ်လက်နက်အတတ်ပညာရှင်တစ်ယောက်ဖြစ်ရုံသာမက ၀ိညာဥ်သော့်လော့လဲ ဖြစ်နေသေးတယ်…ဟို့ယွိဟောင်အခုအချိန်မှာ နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေထဲ၀င်သွားပြီဆိုတာ မမြင်ဖူးလား ”
ဟို့ဟွိဟောင်ထိုင်ချလိုက်ပြီတဲ့နောက် ချက်ချင်းဆိုသလို နက်နဲတဲ့တရားထိုင်မှုအခြအနေထဲကို ၀င်ရောက်သွားပါတယ်။ အဲ့ဒီနေရာမှာ သူက ရုပ်ထုတစ်ခုလိုမျိုး ငြိမ်သက်လို့နေခဲ့တယ်။
” အသိစိတ်ကင်းမဲ့တဲ့ နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေလား ”
ရွှမ်ကျင့်၀မ်က ခပ်တိုးတိုးလေးမေးလာခဲ့တယ်။ ဖန်းယွီလဲ အတော်လေးကို မချိတင်ကဲဖြစ်ပြီ ကူကယ်ရာမဲ့တဲ့ပုံစံရှိနေခဲ့ပါတယ်။
” အဲ့ဒီလိုဖြစ်မှာကို စိုးရိမ်မိတယ်..ဒီကလေးက သာမန်၀ိညာဥ်ပညာရှင်တွေရဲ့ ယှဥ်လို့မရပါဘူး..ဒီလိုပြဿနာမျိုးဖြစ်စေခဲ့တဲ့အတွက်လဲ တောင်းပန်ပါတယ်…ကျေးဇူးပြုပြီး ခန်းမသခင်ကိုပြောပေးပါဦး ဒီပြိုင်ပွဲတွေကိုဒီနေမှာရပ်တန့်ရတော့မယ်…ခန်းမသခင်အနေနဲ့ ပြိုင်ပွဲအတွက် ရည်ရွယ်ထားတာတွေကို အကြမ်းဖျင်းပြီးမြောက်အောင်မြင့်သွားပြီလို့ ထင်ပါတယ်…ဒီပတ်၀န်းကျင်ကိုခဏလောက်တော့ ဌားရမ်းခွင့်ပြုပါ ဟို့ယွိဟောင်က အခုလိုမျိုးတရားထိုင်နေတဲ့အချိန်မှာ သူ့ကိုနှောင့်ယှက်ခံလို့မရဘူး..ငါတို့သူ့ကိုစောင့်ရှောက်ဖို့အတွက် ဒီနေရာမှာရှိနေခဲ့မယ် ”
ရွှမ်ကျင့်၀မ်လဲ ခေါင်းညိတ်လိုက်ပါတယ်။
” ငါလဲဒီအကြောင်းကိုသိတယ်..အခုငါကလဲသူ့ဆရာပဲလေ မင်းနဲ့အတူနေပြီ ငါကူပြီစောင့်ရှောက်ပေးမယ်…ညွှန်ကြားရေးမှူးလင်း ခန်းမသခင်ကို ကိုယ်ဘာသာကိုယ်ပြောပေးပါဦး ”
လင်းကျားယွီ မျက်မှောင်ကြုတ်နေပေမဲ့ ခေါင်းညိတ်လိုက်ပါတယ်။ ခပ်မြန်မြန်ပဲ စောင့်ကြည့်နေသူတွေရဲ့နေရာကို သူပြန်ရောက်သွားခဲ့ပါပြီ။ဘယ်အရာကမှ စီစဥ်ထားတဲ့အတိုင်းဖြစ်မသွားခဲ့ပါဘူး။ ဟို့ယွိဟောင်အနေနဲ့ ဒီလိုအပြောင်းအလဲ တွေကို ကြုံတွေ့ရမယ်လို့ ဘယ်သူထင်မိမှာလဲ သူက လုံး၀ကို နက်ရှိုင်းလွန်လှတဲ့တရားထိုင်မှုအခြေနေကို ၀င်ရောက်သွားခဲ့တာပါ။
ဒီသတင်းကိုရရှိပြီတဲ့နောက် ကျန်ဟုန်ချန်လဲ အံ့ဩလို့သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ထဲမှာလဲ စိုးရိမ်မှုတချို့က ပေါ်လာခဲ့တယ်။ အပေါ်ယံမှာတော့ သူလုပ်ချင်တဲ့ရည်ရွယ်ချက်တွေအားလုံးကို အောင်မြင်ခဲ့ပုံပေါ်ပါတယ်။
ဆရာတွေရဲ့မှတ်ချက်နဲ့ ကျောင်းသားတွေရဲ့တုန့်ပြန်မှုက အတော်ကိုကောင်းမွန်ခဲ့တယ်။ ဒါ့အပြင် ၀ိညာဥ်ပညာရှင်တွေကို ဘယ်လိုအနိုင်ယူရမလဲဆိုတဲ့ဥစ္စာကို သူတို့ကစတင်ဆွေးနွေးနေခဲ့ပါတယ်။ ၀ိညာဥ်ပညာရှင်တွေကို ရင်ဆိုင်ဖို့အတွက် သူတို့အတော်လေးကို ဦးနှောက်သုံးပြီ အလုပ်လုပ်နေကြပါတယ်။ ကျောင်းသားတွေအနေနဲ့ ဒီတစ်ခေါက်ပြိုင်ပွဲကိုကြည့်ပြီတဲ့နောက် ပိုပြီးစိတ်အားတက်ကြွလာတယ်ဆိုတာ အထင်အရှားအသိအသာကြီးပါပဲ။
ဒါဆိုရင် ဟို့ယွိဟောင်ရဲ့အကျိုးအမြတ်က ဘယ်လောက်များပြားပါသလဲ။ သူက ကျွီကျွယ်ချန်နဲ့ တိုက်ခိုက်ပြီတဲ့နောက် သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို ရရှိလိုက်ပါပြီ။ ဒါကြောင့်သာ အသိစိတ်ကင်းမဲ့တဲ့ တရားထိုင်မှုအခြေအနေထဲကို ၀င်ရောက်သွားတာပါ။
သူခေါင်းခါရင်း စိတ်ညစ်လို့နေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့မြေးတွေက အမျက်ဒေါသကျောင်းတော်ထဲမှာရှိနေခဲ့တဲ့အတွက် လက်ရှိအချိန် ဟို့ယွိဟောင်ကို သူဘယ်လောက်ပဲသတ်ချင်နေပါစေ သူ့မြေးတွေရဲ့အသက်အန္တရာယ်ကို အရင်ဆုံးစဥ်းစားရပါလိမ့်မယ်။
ဟို့ယွိဟောင်က အတော်လေးငယ်ပါသေးတယ်။ ဒါကြောင့် နိုင်ငံရဲ့အနာဂတ်ကိုသိပ်ပြီအများကြီးမထိခိုက်နိုင်ဘူးလို့ သူ့ကိုယ်သူနှစ်သိပ်နေခဲ့တော့တယ်။ နေလနိုင်ငံတော်ရဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်မှာ ဟို့ယွိဟောင်က ဒီလောက်အထိအောင်မြင်မှုတွေကို လုပ်ဆောင်နိုင်ခဲ့ပြီးပြီဆိုမှတော့ ကျန်ဟုန်ချန်ရဲ့ မြေးတွေကရော အမျက်ဒေါသကျောင်းတော်မှာ ဘယ်လောက်အထိ အောင်မြင်နေမှာလဲ။
ဒီအကြောင်းကိုတွေးပြီးတဲ့နောက် ကျန်ဟုန်ချန်လဲ စိတ်သက်သာရာ ရသွားပါတော့တယ်။ လင်းကျားယွီကို ညွှန်ကြားလိုက်ပြီ ပြိုင်ပွဲပြီးဆုံးကြောင်းကို ကြော်ငြာခိုင်းလိုက်တယ်။ ဟို့ယွိဟောင်ကတော့ သုံးဆယ်သုံးပွဲတိတိ ဆက်တိုက်အနိုင်ရရင်း ပြိုင်ပွဲကို အဆုံးသတ်လို့သွားခဲ့ပါပြီ။
နေလနိုင်ငံတော်ရဲ့ ဘယ်ကျောင်းသားကမှ သူ့ကိုအနိုင်မယူနိုင်ခဲ့ပါဘူး။ ကျန်ရစ်တဲ့ပြိုင်ပွဲတွေကလဲ ဆက်လုပ်လို့မရပဲရှိနေခဲ့တယ်။ ဟို့ယွိဟောင် ပွဲငါးဆယ်ထိ တောင့်မခံနိုင်ဘူးလို့ လောင်းကြေးထပ်ခဲ့တဲ့သူတွေအားလုံးကတော့ သူတို့လောင်းခဲ့တဲ့ငွေကြေးတွေကို ပြန်ရပါတော့တယ်။
တစ်ရက်ထဲမှာတင် ကျန်ဟုန်ချန်က သတင်းကောင်းကိုရရှိလာခဲ့တယ်။ ကျွီကျွယ်ချန်ထွက်ခွာသွားပြီတဲ့နောက် သူကိုယ်တိုင်လဲ နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေထဲကို ၀င်ရောက်လို့သွားခဲ့ပါပြီ။ သူလဲ ဟို့ယွိဟောင်နဲ့ ထပ်တူညီတဲ့နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေကို ရောက်ရှိသွားတာပါ။ ဒါကြောင့် နေလနိုင်ငံတော်ရဲ့တော်၀င်၀ိညာဥ်လက်နက်အတတ်ပညာရှင်ကျောင်းတော်အတွက် အနည်းငယ်မျက်နှာသာရခဲ့ပါတယ်။
ဟို့ယွိဟောင်က အရမ်းကိုကြာမြင့်တဲ့အခြေအနေနဲ့ တရားထိုင်နေမယ်လို့ ဘယ်သူမှမတွေးမိခဲ့ပါဘူး။
ဖန်းယွီနဲ့ ရွှမ်ကျင့်၀မ်တို့က ဟို့ယွိဟောင်ကိုကာကွယ်ဖို့ဆုံးဖြတ်လိုက်ပြီတဲ့နောက် ဒီနေရာမှာတဲအကြီးကြီးတစ်ခုကိုဆောက်ကာ အခြေချလိုက်ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်က ခုနှစ်ရက်ကြာပြီတဲ့နောက် နိုးမလာခဲ့တဲ့အတွက် တစ်ကိုယ်လုံးလဲ ဖုန်တွေကပ်နေခဲ့ပါပြီ။
ဆရာနှစ်ယောက်လဲ ရွေးချယ်စရာမရှိပဲ ဒီတဲကြီးရဲ့အနားမှာ ဆက်တိုက်ဆိုသလို စောင့်ဆိုင်းရပါတော့တယ်။ ဒါမှသာ အနှောင့်အယှက်မခံရမှာပါ။
ရွှမ်ကျင့်၀မ်ကတော့ အခြေအနေပိုကောင်းပါတယ်။ သူပင်ပန်းလာတဲ့အချိန်မှာ ပြန်ပြီနားလိုက်စားလိုက်ရုံပါပဲ။ ဖန်းယွီကတော့ မလုပ်နိုင်ပါဘူး ဟို့ယွိဟောင်လုံခြုံစိတ်ချသေချာဖို့အတွက် ဒီနေရာမှာအမြဲတမ်းစောင့်ဆိုင်းနေရပါတယ်။ အဲ့ဒီနေရာမှာပဲအိပ်ပြီ အဲ့ဒီနေရာမှာပဲစားနေခဲ့တယ်။ တခါတလေမှာတော့ ဟယ့်ချိုက်ထို့နဲ့ တခြားကျောင်းသားတွေကို စောင့်ကြည့်ဖို့အတွက် ကူညီခိုင်းစေပါတယ်။ ဒါမှသာသူ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စလေးတွေကို သွားလုပ်ဖို့အချိန်ရမှာပါ။
အမျက်ဒေါကျောင်းတော်မှာ မွေးဖွားလာတဲ့သူဖြစ်တာကြောင့် ဖန်းယွီလဲနက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေအကြောင်းကို ကောင်းကောင်းနားလည်ပါတယ်။ ဒါကြောင့်သာ အစကထဲက စိတ်မပူခဲ့တာပါပဲ။
၀ိညာဥ်ပညာရှင်တွေက နက်ရှိုင်းတဲ့တရားထိုင်မှုအခြေအနေကို ရောက်ရှိချိန်မှာ သူတို့ရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုတွေနဲ့ သွေးလည်ပတ်မှုကလဲ လုံး၀ကိုအရှိန်လျော့သွားပါတော့တယ်။ လနဲ့ချီပြီကြာမြင့်တဲ့အထိတောင် ဒီလိုမျိုးတရားထိုင်မှုက ကြာရှည်ဆက်သွားနိုင်တယ်။
ဒီလိုအခြေအနေမျိုးကို အမျက်ဒေါသကျောင်းတော်ရဲ့ အတွင်းနယ်မြေထဲမှာ ခဏခဏကြုံရစမြဲပါ။ အချိန်ပိုကြာလေလေ အကျိုးပိုရှိလေပါပဲ။
တစ်လကျော်သွားတာတောင် ဟို့ယွိဟောင် နိုးမလာသေးတဲ့အတွက် ဖန်းယွီရတက်မအေးဖြစ်လာခဲ့ရပါတယ်။ ဟို့ယွိဟောင်ရဲ့ ညာဘက်လက်မှာရှိတဲ့ဒဏ်ရာကတော့ ပြန်ကောင်းသွားခဲ့ပါပြီ။ ရေခဲအလွှာတွေကလဲ ကွာကျလို့သွားခဲ့ပါပြီ။ ဒဏ်ရာတွေအားလုံးကလဲ အမာရွတ်တောင်မကျန်တော့တဲ့အထိ ပြန်ကောင်းမွန်လို့သွားခဲ့ပါတယ်။
ဒါပေမယ့် ခန္ဓာကိုယ်ကတော့ အချိန်တွေကြာလာတာနဲ့အမျှ ပိုအေးစက်ပြီတောင့်တင်းလို့လာခဲ့တယ်။ ၀ိညာဥ်စွမ်းအားလှည့်ပတ်မှုနဲ့ နှလုံးခုန်သံတွေကတောင် စမ်းသပ်လို့တောင် မရတော့ပါဘူး။
သူထိန်းချုပ်မှုလွှတ်သွားတာလား ဖန်းယွိီစိတ်ပူလာခဲ့ပါတယ်။ ဒီကလေးကိစ္စကြောင့် စာတစ်စောင်ခပ်မြန်မြန်ရေးပြီ ယဲ့ရှောင်ရှန်ကို ညွှန်ကြားကာအမျက်ဒေါသကျောင်းတော်ဆီကို ပျံသန်းရေး၀ိညာဥ်လက်နက်ကိရိယာတစ်ခုနဲ့ပျံသန်းပြီ အကြီးအကဲရွှမ်ဆီကို စာပို့စေလိုက်ပါတယ်။ စာထဲမှာတော့ ဟို့ယွိဟောင်ရဲ့အခြေအနေတွေအားလုံးကို အသေးစိတ်ရေးသားထားခဲ့တယ်။
အကြီးအကဲရွှမ် လာရောက်ခဲ့ပေမဲ့ နေလနိုင်ငံတော်ကို အလန့်တကြားမဖြစ်စေခဲ့ပါဘူး။ ညသံခေါင်မှာသာသူတိတ်တဆိတ်ရောက်လာပြီ စောင့်ကြည့်ခဲ့ပါတယ်။သူ့လိုမျိုးအဆင့်ကိုးဆယ်ရှစ်ကန့်သတ်မဲ့ သော့်လော့က ဘယ်သူရဲ့ထောက်လှမ်းမှုမျိုးကိုမှ မခံရပဲအေအေးဆေးဆေးသာ ထွက်ခွာသွားနိုင်ဖို့လုံလောက်နေခဲ့တယ်။
ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို လေ့လာစစ်ဆေးပြီတဲ့နောက် အကြီးအကဲရွှမ်က တအံ့တဩနဲ့ပြောလာခဲ့ပါတယ်။
” သူအဆင်ပြေတယ်…ဒါပေမယ့် ဒီတစ်ခေါက်နက်ရှိုင်းတဲ့တရားထိုင်မှုအဆင့်က အရမ်းမြန်လွန်တယ်..အဆုံးသတ်ဖို့အထိဆိုတော့ တော်တော်လေးကြာမှာ ငါတော့စိုးရိမ်မိသား ”
ဒီလိုကိစ္စမျိုးကို အကြီးအကဲမုနဲ့ရှိနေစဥ်တုန်းက အကြီးအကဲရွှမ် ကြုံတွေ့ဖူးပါတယ်။ ဒါကြောင့် ဟို့ယွိဟောင်ကို သေချာစောင့်ကြည့်ဖို့အတွက် ဖန်းယွိီကိုမှာကြားခဲ့တယ်။ ဒီတစ်ခေါက်ကျင့်ကြံမှုက ဟို့ယွိဟောင်ရဲ့အနာဂတ်တိုးတက်မှုတွေအတွက် အများကြီးအထောက်အကူဖြစ်လာမှာပါ။
မမျှော်လင့်ထားတဲ့ပြဿနာတွေမဖြစ်စေဖို့အတွက် အကြီးအကဲရွှမ်လဲ ခပ်မြန်မြန်ပဲ ပြန်သွားခဲ့ပါပြီ။ ဖန်းယွီကတော့ အဲ့ဒီနေရာမှာ ခြောက်လတိတိစောင့်ဆိုင်းခဲ့ပါတယ်။
အရာအားလုံးကတော့ မှောင်မဲလို့နေခဲ့တယ်။
ဒီလိုအမှောင်ထုကြီးထဲမှာ ရုတ်တရက်ဆိုသလို ရွှေရောင်အလင်းတန်းတစ်စက ပေါ်လာခဲ့ပါပြီ။ ဒီအလင်းတန်းလေးက ချက်ချင်းဆိုသလို တစ်လောကလုံးကိုစတင်ပြီ ထွန်းလင်းစေပါတော့တယ်။ ရွှေရောင်အလင်းတန်းက အလုံးတစ်ခုအသွင်ကို ဖြည်းဖြည်းချင်းပြောင်းလဲလို့လာခဲ့တယ်။ ဒီရွှေရောင်နေမင်းက မနက်ခင်းနေရောင်ခြည်ကျရောက်လာမှသာ ပျောက်ကွယ်လို့သွားပါတယ်။ သူ့ရဲ့အတောက်ပဆုံးအလင်းတန်းကိုတောက်ပပြီတဲ့နောက်မှာတော့ ဖြည်းဖြည်းချင်း စတင်ပြီမှိန်ဖျော့လို့လာခဲ့ပါပြီ။
ဒါပေမယ့် တစ်လောကလုံးကတော့ ဒီအလင်းတန်းကြောင့် လင်းလက်နေပုံပါပဲ။
အဲ့ဒါကတော့အရမ်းကိုကြီးမားကျယ်ပြန့်လွန်လှတဲ့ ပင်လယ်ကြီးတစ်ခုရဲ့ ရွှေရောင်တောက်ပနေတဲ့ ပင်လယ်ရေတွေပါ။ ညင်သာနူးညံ့တဲ့အလင်းတန်းတွေက စည်းချက်ကျကျလှုပ်ရှားလို့နေခဲ့ပြီ ရေမျက်နှာပြင်ပေါ်မှာလှိုင်းတွေကို ဖန်တီးလို့နေခဲ့ပါတယ်။
နေမင်းကြီးက ရုတ်တရက်ဆိုသလို ၀ုန်းကနဲပေါက်ကွဲထွက်လို့သွားခဲ့ပြီ မီးပွားတွေအဖြစ်ကိုပြောင်လဲရင်း ကောင်းကင်ပေါ်မှာစတင်လှုပ်ရှားပါတော့တယ်။ ဒါပေမယ့် ကောင်းကင်ကြီးကတော့ ဒီတောက်ပမှုကြောင့်မမှိန်သွားခဲ့ပါဘူး။ ကြီးမားတဲ့ဒေါင်လိုက်ပုံသဏ္ဍာန်ရွှေရောင်မျက်လုံးကြီးက အစားထိုး၀င်ရောက်လို့လာရင်း ပင်လယ်တစ်ခုလုံးကို အပေါ်စီးကနေ စီးပြီကြည့်လို့နေပါတော့တယ်။ ဧကရာဇ်တစ်ပါးရဲ့အရှိန်အ၀ါက ပင်လယ်တစ်ခုလုံးကို ငြိမ်သက်လို့သွားစေခဲ့တယ်။
အပိုင်း ၁၈၁•၃ ပြီး၏။