အပိုင်း ၁၇၉•၂
” အောက်လမ်းဆရာဆီမှာ စိတ်၀ိညာဥ်ထိန်းချုပ်ခံရခြင်း ”
°°°
နနရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ အတားအဆီးတွေက ဟို့ယွိဟောင် စောင့်ဆိုင်းရေးနယ်မြေကို ရောက်ရှိတာနဲ့ ဖယ်ရှားခံရပြီသားဖြစ်သွားပါတော့တယ်။ သူမက တစ်ကိုယ်လုံးတုန်ရီနေခဲ့ပါပြီ။ အခုအချိန်မှာသူနောက်လိုက်ဖို့ မတွေး၀ံ့တော့ပါဘူး။ သူ့ရဲ့အရှေ့မှာဘယ်လို ကူကယ်ရာမဲ့သွားစရာလဲဆိုတာ တွေးလိုက်မိရုံနဲ့တင် လက်ရှိအချိန်မှာ သူ့ကိုသတ်ချင်လာပါတော့တယ်။
ဟို့ယွိဟောင်ကတော့ ဒါတွေကိုသိပ်ပြီတွေးမနေခဲ့ပါဘူး။ နနက သူ့ကိုသတ်မိလုနီးပါးဖြစ်သွားခဲ့တဲ့အတွက် ဒေါသထွက်နေခဲ့ပါတယ်။ ဒါကြောင့်သာ ဒီပြိုင်ပွဲကို ပြိုင်ပွဲလိုမဆက်ဆံပဲ တကယ်သတ်ဖြတ်မှုပုံစံလိုမျိုးလုပ်ဆောင်ခဲ့တဲ့အတွက် သူမကို အပြစ်ပေးဖို့သာဆုံးဖြတ်လို့ထားခဲ့တယ်။ ဒီ၀ိညာဥ်ကို သူနဲ့ဆက်ပြီထိန်းသိမ်းထားမှာဖြစ်သလို အချိန်တချို့ကြာပြီမှသာ ပြန်ပေးဖို့တွေးထားခဲ့ပါတယ်။
” အနားယူချိန်လိုလား ”
ရွှမ်ကျင့်၀မ်ရဲ့အသံက နူးညံ့နေခဲ့ပါတယ်။ နနရဲ့ပုံရိပ်ကိုသူမြင်ခဲ့ပေမဲ့ တားဆီးဖို့နောက်ကျလို့သွားခဲ့ပါပြီ။ ဒါ့အပြင် အရမ်းကိုနီးကပ်တိုက်ခိုက်နေကြတာဖြစ်တာကြောင့် ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်ရဲ့ ခန်းမသခင်တောင် သူတို့နှစ်ယောက်ကိုအမြန်လူခွဲနိုင်ဖို့ မလွယ်ကူပါဘူး။
ဟို့ယွိဟောင် ခေါင်းခါပြတာကိုမြင်ချိန်မှာတော့ ရွှမ်ကျင့်၀မ် အံ့အားသင့်သွားခဲ့ပါတယ်။
” ကျွန်တော်အဆင်ပြေတယ်…ဆက်သွားလို့ရတယ် ”
ရွှမ်ကျင့်၀မ် မျက်လုံးပြူးသွားခဲ့ပါတယ်။
” သေချာရဲ့လား ”
” သေချာပါတယ် ”
ဟို့ယွိဟောင်အနေနဲ့ ဘာကြောင့်မနားဖို့ရွေးချယ်လိုက်လဲဆိုတာ သူမသေချာပေမဲ့ သူ့ရဲ့ရွေးချယ်မှုကို လေးစားတာဖြစ်တာကြောင့် လေးယောက်မြောက် ယှဥ်ပြိုင်သူကို ခေါ်လိုက်ပါတယ်။ လေးယောက်မြောက်ယှဥ်ပြိုင်သူက အရပ်နှစ်မီတာမြင့်မားပြီ ခန္ဓာကိုယ်က အတော်ကိုတောင့်တင်းကြံ့ခိုင်တဲ့အပြင် ပုခုံးကျယ်ကျယ်ရင်အုပ်တောင့်တောင့်နဲ့ အတော်လေးကို ကြမ်းတမ်းမဲ့ပုံပေါ်နေခဲ့တယ်။
သူစောင့်ဆိုင်းရေးနယ်မြေထဲကို ၀င်လာပြီးပြီချင်မှာတင် ခေါင်းမော့ရင်းဟို့ယွိဟောင်ကို လက်ညိုးထိုကာ စိန်ခေါ်လိုက်ပါတယ်။
လူတိုင်းကတော့ သူဒီလိုလုပ်တာကိုမြင်ချိန်မှာ ရယ်မောလို့နေခဲ့ကြတယ်။ ချက်ချင်းဆိုသလို အတော်လေးစိတ်ညစ်စရာကောင်းနေတဲ့ ပတ်၀န်းကျင်အခြေအနေကတက်ကြွတောက်ပလို့လာခဲ့ပြီ ကျောင်းသားတွေအားလုံးက ဟို့ယွိဟောင်ကို အမြန်ဆုံးဦးညွတ်တဲ့အထိ ရိုက်ချပြစ်ချင်နေပါတယ်။
ဟို့ယွိဟောင်ကတော့ ဆရာရွှမ်ကျင့်၀မ်ဖက်ကိုလှည့်ပြီ မေးလာခဲ့တယ်။
” ဆရာရွှမ် ကျွန်တော်တို့စလို့ရပြီလား ”
” ကောင်းပြီ ပြိုင်ပွဲစတင်မယ် ”
ရွှမ်ကျင့်၀မ်အနေနဲ့လဲ နှစ်ဖက်စလုံးသူ့တို့ရဲ့နာမည်တွေကို မိတ်မဆက်ရသေးမှန်းနားလည်သွားတာကြောင့် သူသတိထားမိချိန်မှာ နောက်ကျလို့သွားခဲ့ပါပြီ။ သူလဲ အမှားတစ်ခုလုပ်လိုက်တယ်။ ဒါပေမယ့် မကြာခင်မှာပဲ ဒီအခြေအနေရဲ့အဆုံးသတ်ကိုမြင်တွေ့လိုက်ရပါတယ်။
ဟို့ယွိဟောင်ရဲ့ပြိုင်ဘက်က ပွဲစတင်တာနဲ့ချက်ချင်းလှုပ်ရှားခဲ့တာပါ။ သူ့ရဲ့လက်ထဲမှာကြီးမားတဲ့ ဒိုင်းကာကြီးတစ်ခုက ဖြစ်ပေါ်လာခဲ့ပြီ သံချပ်ကာကြီးတစ်ခုကိုလဲ သူက ၀တ်ဆင်လိုက်ပါတယ်။
ဒါပေမယ့် ဟို့ယွိဟောင်က အစောပိုင်းသုံးခေါက်မှာလို ပြေး၀င်လို့မသွားခဲ့ပါဘူး။ သူ့ရဲ့ရွှေရောင်စိတ်၀ိညာဥ်မျက်လုံးက ခရမ်းရောင်အလင်းတန်းတွေဖြာထွက်လို့လာခဲ့ပြီ ခရမ်းရွှေရောင်မီးလျှံက အပြင်ဖက်ကိုပြေးထွက်လို့သွားပါတော့တယ်။
ပတ်၀န်းကျင်တစ်ခုလုံးအလင်းတန်းတွေ ဖြာသွားကိုရွှမ်ကျင့်၀မ်လဲ တခဏတာခံစားမိလိုက်တယ်။
အဲ့ဒီနောက် အစောပိုင်းတုန်းက မောက်မာထောင်လွှားနေခဲ့တဲ့ ကျောင်းသားချက်ချင်းဆိုသလို နာနာကျင်ကျင်အော်ဟစ်ရင်းနဲ့ မြေပြင်ပေါ်လဲကျသွားတာသူမြင်လိုက်ရပါတော့တယ်။
သူ့ရဲ့၀ိညာဥ်ဒိုင်းကာနဲ့ သံချပ်ကာကလဲ ပျက်စီးလို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်ကတော့ လက်ကိုတစ်ချက်ရမ်းလိုက်ချိန်မှာ သူအရင်တုန်းက အသုံးပြုခဲ့တဲ့ လှံအတိုလေးပေါ်လာခဲ့ပါတော့တယ်။ ရွှမ်ကျင့်၀မ်ဆီကို သူလှည့်ကြည့်ရင်းမေးလိုက်တယ်။
” ဆရာရွှမ် ကျွန်တော်ရဲ့တိတိကျကျခန့်မှန်းနိုင်စွမ်းကို ယုံကြည်ချက်ရှိလား ကျွန်တော်က မီတာတစ်ရာနဲ့ငါးဆယ်အတွင်းမှာရှိတဲ့ ပစ်မှတ်ကိုသေချာပေါက်ထိအောင်ပြစ်နိုင်တယ် ”
” ပြီးသွားပြီလား ”
ရွှမ်ကျင့်၀မ်လန့်နေတာကို မဖုံးကွယ်နိုင်ပါဘူး။ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်စွမ်းအားတွေက ဒီလောက်ရှည်လျားကွာဝေးတဲ့ အကွာအဝေးမျိုးမှာ ထိရောက်မှုဘယ်လောက်ရှိနိုင်လဲဆိုတာကို သူမတွေးမိခဲ့သလို ဒီလောက်အထိ အားကောင်းမှာကိုလဲ မမျှော်လင့်ခဲ့မိတာအမှန်ပါ။
ဒါ့အပြင် တစ်ဖက်လူက ၀ိညာဥ်စက်ကွင်းငါးကွင်းရှိတဲ့ ၀ိညာဥ်ဘုရင်ဖြစ်နေပါသေးတယ်။ ဒါပေမယ့် လုံး၀မခုခံနိုင်ခဲ့ပါဘူး။ ဟို့ယွိဟောင်က သူ့ရဲ့လှံကိုပြစ်စရာတောင်မလိုခဲ့သလို ဒီကျောင်းသားကလဲ အခုအချိန်မှာထရပ်နိုင်မှာမဟုတ်တာ သေချာနေခဲ့တယ်။
” မင်းနိုင်သွားပြီ ”
ရွှမ်ကျင့်၀မ်က ခက်ခက်ခဲခဲနဲ့ပြောလာခဲ့ရပါတယ်။ ပတ်၀န်းကျင်လှုပ်ရှားမှုကတော့ တိတ်ဆိတ်လို့သွားခဲ့ပါပြီ။ ဟို့ယွိဟောင်လဲ ညာဘက်လက်ကို မြောက်ရင်းလက်လေးချောင်းထောင်လိုက်ပါတော့တယ်။
သူက ပြီးမြောက်ရုံတင်မကပဲ လေးပွဲတိတိကို တစ်နာရီမပြည့်သေးခင်အချိန်အတွင်းမှာ နိုင်သွားခဲ့တာပါ။ နနနဲ့ကလွဲပြီရင် ကျန်တဲ့ပြိုင်ဘက်တွေအားလုံးကို အပြည့်အ၀ရိုက်ချနိုင်ခဲ့ပါတယ်။
အပေါ်မှာကြည့်နေတဲ့ ကျန်ဟုန်ချန်ကတော့ အတော်လေးစိတ်မအေးလက်မအေးဖြစ်နေခဲ့ပါပြီ။ သူလန့်စရာကောင်းလောက်အောင် ရှာဖွေတွေ့ရှိလိုက်ရတာကတော့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်က အရမ်းကိုအားကောင်းလွန်တာပါပဲ။
အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တောင် တစ်ချက်ထဲနဲ့သတိလစ်သွားတဲ့အထိ အလဲထိုးခိုင်းလိုက်ရပါတယ်။ ဒါတောင်မှ သူတို့နှစ်ယောက်ကြားက အကွာအဝေးက မီတာတစ်ရာငါးဆယ်အထိရှိနေခဲ့တာပါ။
သူ့ကိုဘယ်သူများ စိန်ခေါ်နိုင်မှာလဲ။ ၀ိညာဥ်လက်နက်အတတ်ပညာရှင်ဌာနမှာ စိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်စွမ်းရည်တွေကို အထူးပြုထားတဲ့သူဘယ်သူမှရှိမနေခဲ့ပါဘူး။ သူတို့တွေက အတော်ကိုရှားပါးလွန်ပါတယ်။
ဒီ၀ိညာဥ်စွမ်းရည်ကိုကြည့်မယ်ဆိုရင် ဟို့ယွိဟောင်က အစောပိုင်းပြိုင်ပွဲတွေမှာ အတော်လေးကို ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့တယ်ဆိုတာ သိသာပါတယ်။ ဒါ့အပြင် လူတော်တော်များများက သူ့ရဲ့ဒီတိုက်ခိုက်မှုကို ခုခံဖို့လဲလွယ်မှာမဟုတ်ပါဘူး။
လေးချီမြောက်ကို တိုက်ခိုက်ပြီတဲ့နောက် ဟို့ယွိဟောင်အနားယူဖို့ရွေးချယ်လိုက်ပါတယ်။ အဲ့ဒီနောက် တင်ပလ္လင်ခွေထိုင်ရင်နဲ့ စတင်ပြီ တရားထိုင်နေခဲ့ပါပြီ။
သူ့ရဲ့စွမ်းအားတွေကို ပိုပြီးကုန်စေဖို့အတွက် နောက်ထပ်တစ်ချီလောက်တော့ ပြိုင်ချင်ခဲ့ပါသေးတယ်။ ဒါဆိုရင် စိတ်၀ိညာဥ်စွမ်းအားနဲ့ ၀ိညာဥ်စွမ်းအားနှစ်ခုစလုံးကလဲ တရားထိုင်ချိန်မှာအတူတူပြန်ပြီ တိုးတက်လာမှာပါ။
ဟို့ယွိဟောင် ပထမဆုံးတိုက်ခိုက်မှာကြုံတွေ့ခဲ့တဲ့ ကျောင်းသားတွေက အဆင့်ငါးတွေထဲမှာ အကောင်းဆုံးတွေကြီးပါပဲ။ ဒါကြောင့်သာ နောက်ထပ်ပြိုင်ပွဲတွေက ဟို့ယွိဟောင်အတွက် ပိုပြီးလွယ်ကူလာခဲ့ပါတယ်။
တခဏတာအနားယူပြီတဲ့နောက် ဟိ့ယွိဟောင်လဲဆက်ပြီတော့ ပြိုင်ပွဲ၀င်ခဲ့ပါပြီ။ သူက အားလုံးကို အပြည့်အ၀လွှမ်းမိုးနိုင်ခဲ့ပြီ မနက်ခင်းမှာတင် ဆယ်ခုနှစ်ပွဲတိတိကို အနိုင်ရရှိခဲ့ပါတယ်။
နေ့လည်ခင်းရောက်ရှိချိန်မှာသာ သူအနားယူဖို့ရပ်တန့်ခဲ့တယ်။ ဒါ့အပြင် ကြည့်နေသူတွေရဲ့ အောင်ပွဲခံတဲ့အသံတွေနဲ့ ချီးမွမ်းသံတွေကိုသူစပြီမကြားရတော့ပါဘူး။
ပိုပြီးလန့်စရာကောင်းတဲ့အရာကတော့ စိတ်၀ိညာဥ်ထိတ်လန့်မှုကလွဲပြိီ သူအသုံးပြုတဲ့စွမ်းရည်တွေအားလုံးက အရမ်းရိုးရှင်းပါတယ်။ ဒီလိုရိုးရှင်းလွန်လှတဲ့ အစွမ်းအစတွေက ဘယ်လိုများကြောက်စရာကောင်းလောက်တဲ့ ရလဒ်တွေကိုလဲ ဖန်တီးနိုင်လဲဆိုတာ ကြည့်ရှု့နေသူတွေနားမလည်နိုင်တဲ့အထိကြီးမားခဲ့တယ်။
ဆယ်ခုနှစ်ပွဲတိတိအနိုင်ရခဲ့တဲ့အတွက် ဟို့ယွိဟောင်ရဲ့အကျိုးအမြတ်ကလဲများပြားခဲ့ပါတယ်။ ရှားပါးသတ္ထုပေါင်းဆယ်ခုနှစ်ကိီလိုဂရမ်ကို ရရှိခဲ့ရုံတင်မက များပြားတဲ့လောင်းကြေးတွေကိုလဲ အနိုင်ရလိုက်ပါပြီ။
မြန်မြန်ဆန်ဆန် နေ့လည်စာစားဖို့သူရပ်တန့်ပြီတဲ့နောက် ဒီနေရာကနေတောင် ထွက်ခွာလို့မသွားခဲ့ပါဘူး။ အနားယူဖို့နေရာတစ်ခုကိုရှာဖွေရင် ခပ်မြန်မြန်ပဲ ၀ိညာဥ်စွမ်းအားတွေကို စတင်ဖြည့်တင်းပါတော့တယ်။ အမျက်ဒေါသရဲ့တခြားကျောင်းသားတွေကတော့ သူ့ကိုကာကွယ်ပေးနေခဲ့တယ်။
နောက်ဆုံးတော့လဲ ဟို့ယွိဟောင်က လူသားတစ်ယောက်ပါ။ နတ်ဘုရားတစ်ပါးမဟုတ်ပါဘူး။ ဆယ်ခုနှစ်ပွဲတိတိအဆင့်ငါးရဲ့ထိပ်သီးကျောင်းသာတွေနဲ့ တိုက်ခိုက်လာခဲ့ရတဲ့အတွက် သူလဲမောနေခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့ပြိုင်ဘက်တွေက သူတိုက်ခိုက်ပုံတွေကို ဆက်တိုက်ကြည့်ရှု့နေပြီ အပြောင်းအလဲတွေကို လိုက်မီဖို့အတွက်ကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့တိုက်ပွဲဗျူဟာတွေကလဲ အမြဲတမ်းပြောင်းလဲနေခဲ့တာပါ။ သူ့ရဲ့အစွမ်းအစတွေကို များများစာစားမပေါ်ထွက်စေဖို့နဲ့ ပြိုင်ပွဲ၀င်ရဖို့အတွက်ကို များပြားတဲ့နည်းလမ်းတွေ စဥ်းစားပြီတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ၀ိညာဥ်လက်နက်တွေကိုလဲ အသုံးမပြုခဲ့ပါဘူး။
မနက်ခင်းဆက်တိုက် တိုက်ခိုက်နေရတဲ့အတွက် အတော်လေးပင်ပန်းနေခဲ့ပါပြီ။ ဒါပေမယ့် ဒီပင်ပန်းမှုမှာလဲ အတော်လေးကိုထူးဆန်းတဲ့လန်းဆန်းတက်ကြွမှုက ပါ၀င်နေခဲ့တယ်။
ဒါကတော့ ဒေါသတွေကိုဖွင့်ထုတ်လိုက်ရတဲ့ ခံစားမှုကြောင့်ပေါ့ပါးနေတာပါပဲ။ သူ့ရဲ့၀ိညာဥ်စွမ်းအားတွေက ဒီတစ်ခေါက်တရားထိုင်ပြီတဲ့နောက် အတော်လေးတိုးတက်လာတာကို ခံစားမိပါတယ်။
ဒီနေ့မှာအဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေနဲ့သာ ရင်ဆိုင်ရမှာဖြစ်တဲ့အကြောင်း လင်းကျားယွီက ပြောပြခဲ့တယ်။ နောက်တစ်ရက်မှာတော့ အဆင့်ခြောက်နဲ့ရင်ဆိုင်ရမှာပါ။
တတိယရက်မှာတော့ နေလနိုင်ငံတော်ရဲ့ ကျောင်းတော်ကနေ ဟို့ယွိဟောင် ဘယ်သူကိုရွေးချယ်ခဲ့ပြီစိန်ခေါ်ချင်လဲဆိုတာ ရွေးချယ်ခွင့်ပြုမှာပါ။ ဒါကတော့ ဆုလာဘ်တစ်ခုလိုပါပဲ။
နောက်ဆုံးတော့လဲ အဆင့်မြင့်၀ိညာဥ်လက်နက်အတတ်ပညာရှင်နဲ့ ရင်ဆိုင်တိုက်ခိုက်ရတာက ဟို့ယွိဟောင်အတွက် တန်ဖိုးကြီးတဲ့အတွေ့အကြုံဖြစ်လာပါလိမ့်မယ်။ ဒါ့အပြင် တတိယနေ့မှာသူ့ရဲ့၀ိညာဥ်လက်နက်တွေကိုလဲ အသုံးပြုခွင့်ရမှာပါ။
ဖန်းယွီကတော့တစ်ဖက်မှာထိုင်နေရင်း ဟို့ယွိဟောင်ကိုကြည့်နေခဲ့ပါတယ်။ သူက ပြုံးနေခဲ့သလိုစိတ်သက်သာတဲ့အမူအရာလဲရှိနေခဲ့တယ်။
ပြိုင်ဘက်ကင်းစစ်သည်တော်အစီအစဥ်က အခုအောင်မြင်ပြီလား မအောင်မြင်ပြီလားဆိုတာ မပြောနိုင်သေးပေမဲ့ ဟို့ယွိဟောင်ရဲ့ အစွမ်းအစတွေကို ဒီနေ့တိုက်ပွဲမှာရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့ရပါပြီ။
တိုက်ကြီးတစ်ခုလုံးရဲ့ အထူးချွန်ဆုံး၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေရှိတဲ့ကျောင်းမှာ သူတို့ရောက်နေခဲ့ကြတာပါ။ ဒါပေမယ့် အဆင့်မြင့်တဲ့၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေတောင် သူ့ကိုအနိုင်မယူနိုင်ခဲ့ပါဘူး။ ဒီကလေးက ဆယ့်ငါးနှစ်သာရှိသေးတဲ့ကလေးပါ။ ဒါ့အပြင် သူ့ရဲ့၀ိညာဥ်စွမ်းအားက ဖြည်းဖြည်းချင်းတိုးတက်နေခဲ့ပါတယ်။ ဟို့ယွိဟောင်က ပြီးပြည့်စုံလုနီးပါးဖြစ်နေခဲ့တဲ့သူပါပဲ။
နေ့လည်ခင်းမှာနှစ်နာရီအနားယူပြီတဲ့နောက် ဟို့ယွိဟောင် နောက်တစ်ကြိမ်ပြိုင်ပွဲကွင်းပြင်မှာပေါ်လာပါတော့တယ်။ သူက နောက်တစ်ကြိမ်စွမ်းအားအပြည့်ဖြစ်နေခဲ့ပြန်ပါပြီ။
မနက်ခင်းပြိုင်ပွဲကြောင့် အနည်းငယ်မောပန်းနေခဲ့ပေမဲ့လဲ သူဆက်ပြီတိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ဘက်တစ်ယောက်ကို တိုက်ခိုက်ပြီချိန်တိုင်းနောက်ထပ်မတိုက်ခိုက်ခင်မှာ အနားယူတဲ့အချိန်ကလဲ အနည်းငယ်တိုးမြင့်လာခဲ့တယ်။ နောက်ဆုံးမှာတော့ ညနေဖက်မှာ နောက်ထပ်ပြိုင်ဘက်ဆယ့်သုံးယောက်တိတိကို အနိုင်ယူခဲ့ပါတယ်။ အဆုံးသတ်မှာတော့ တစ်နေ့တာအတွင်း ပွဲသုံးဆယ်တိတိသူအနိုင်ရခဲ့တယ်။
မှောင်တော့မှာဖြစ်တာကြောင့် ကျောင်းသားတွေတော်တော်များများလဲ သူတို့အခန်းသူတို့ပြန်ဖို့လုပ်ကြပါပြီ။ ဒါ့အပြင် ဒီနေရာကနေထွက်သွားတဲ့ ကျောင်းသားတွေအားလုံးရဲ့အမူအရာကလဲလေးနက်ပြီတည်ငြိမ်လို့နေခဲ့ပါတယ်။ သူတို့ရဲ့အကြည့်ကလဲ အတော်ကိုလေးလံလို့နေခဲ့ကြတယ်။
ဒီအသက်ဆယ်ငါးနှစ်အရွယ်ပဲရှိသေးတဲ့ အမျက်ဒေါသကျောင်းတော်ရဲ့ ၀ိညာဥ်ပညာရှင်က သူတို့ရဲ့အဆင့်ငါး၀ိညာဥ်လက်နက်အတတ်ပညာရှင်သုံးဆယ်တိတိကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူတိုက်ခိုက်ခဲ့တာက ဆဋ္ဌမတန်းရဲ့ကျောင်းသားခုနှစ်ဆယ်ရာခိုင်နှုန်းကိုပါ ၀ိညာဥ်လက်နက်တစ်ခုမှ သူမသုံးခဲ့ပါဘူး။
ပြောရမယ်ဆိုရင် ပုံရိပ်ယောင်အစစ်အမှန်ခန်းမကလူတွေထွက်မလာသေးတဲ့အတွက် လက်ရှိအချိန်မှာ သူ့ကိုဘယ်သူမှအနိုင်မတိုက်နိုင်သေးဘူးလို့ဆိုလိုတာပါပဲ။
ဒါကလုံး၀ကို အရှက်ကွဲမှုကြီးတစ်ခုပါ မနက်ဖြန်မှာတော့ ပုံရိပ်ယောင်အစစ်အမှန်ခန်းမဆောင်က အဆင့်ခြောက်၀ိညာဥ်လက်နက်အတတ်ပညာရှင်တွေလာရောက်ပြီ ယှဥ်ပြိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူတို့တကယ်ပဲ နိုင်နိုင်မှာလား။
ကျန်ဟုန်ချန်ကတော့ သူဒီပြိုင်ပွဲတွေအားလုံးကို တစ်ခုမကျန်စောင့်ကြည့်ခဲ့တဲ့အတွက် အခုလက်ရှိအချိန်မှာ အတော်လေးကိုစိတ်ညစ်တဲ့ပုံပေါ်နေခဲ့ပါပြီ။ ကျောင်းသားတွေအားလုံးရဲ့ တိုက်ပွဲစိတ်၀ိညာဥ်က လုံး၀ကိိုနိုးကြွားတက်ကြွလို့မနေတော့ပါဘူး။ တချို့ကျောင်းသားတွေကတော့ ဟို့ယွိဟောင်ရဲ့သန်မာလွန်လှတဲ့အစွမ်းအစတွေကို မြင်ပြီချိန်မှာ၀ိညာဥ်လက်နက်တွေကို စပြီသံသယတောင်၀င်နေခဲ့ပါပြီ။ ဒါတွေက ကျန်ဟုန်ချန် မြင်ချင်တဲ့အရာတော့မဟုတ်ပါဘူး။
” ငါတို့တော့ချမ်းသာပြီ ငါတို့တော့ချမ်းသာပြီ ”
ယဲ့ရှောင်ရှန်ကတော့ ဟို့ယွိဟောင်အခန်းမှာပျော်ပျော်ကြီးခုန်ပေါက်လို့နေခဲ့ပါတယ်။
လက်ရှိအချိန်မှာ ဖန်းယွီ ဟယ့်ချိုက်ထို့ ဟို့ယွိဟောင်နဲ့ ယဲ့ရှောင်ရှန်တို့အားလုံးက အတူတူရပ်နေခဲ့ကြတာပါ။ ဟို့ယွိဟောင်လဲ ညစာကိုအခုမှစားပြီတာဖြစ်သလို သူလဲကျတော့မလိုဖြစ်နေခဲ့ပါပြီ။ ရွှေလိုအသက်ရဲ့အသက်စွမ်းအားကြောင့် သာမန်လူတွေထက် မြန်မြန်ဆန်ဆန်ပြန်ကောင်းမွန်နိုင်တာကြောင့်သာ မဟုတ်ဘူးဆိုရင် အခုအချိန်ထိတောင် ရပ်နေနိုင်မှာမဟုတ်ပါဘူး။
အသက်စွမ်းအားက အရမ်းကိုခိုင်မာကောင်းမွန်လွန်တဲ့အတွက် သူ့ရဲ့ဘယ်ဘက်လက်မှာရှ်ိတဲ့ဒဏ်ရာကလဲ ဒီတစ်ရက်ထဲမှာတင် အပြည့်အ၀ကျက်သွားခဲ့ပါပြီ။ ဟို့ယွိဟောင်က အိပ်ရာပေါ်မှာလဲနေရင်းနဲ့ အေးအေးဆေးဆေးအနားယူခဲ့ပါတယ်။ ဒီလိုလုပ်လိုက်မှသာ ခန္ဓာကိုယ်လန်းဆန်းလာတာကို ခံစားလိုက်ရတာပါ။
” အစ်ကိုရှန် ကျွန်တော် ဒီနေ့ဘယ်လောက်အမြတ်ရလိုက်လဲ ”
” မင်းကိုဆယ်ပွဲတိတိအနိုင်မရနိုင်လောက်ဘူးလို့ လောင်းထားတဲ့သူတွေက အများဆုံးပဲ ဒါကြောင့် စုစုပေါင်းလောင်းကြေးတွေရဲ့တစ်၀က်နီးပါးကို ငါတို့ရလိုက်ပြီးပြီ ဒီတစ်ခုထဲနဲ့တင် ငါတို့ရလိုက်တာမနည်းဘူးပဲ ဒါ့အပြင် မင်းအချီနှစ်ဆယ်အထိ မခံနိုင်ဘူးလို့လောင်းထားတဲ့သူတွေက လက်ရှိအချိန်မှာ ငါတို့အိတ်ထဲကိုရောက်လာပြီဆိုတော့ စုစုပေါင်းရှစ်ဆယ်ရာခိုင်နှုန်းက ငါတို့ရဲ့အပိုင်ဖြစ်သွားပြီးပြီ ကျန်ရစ်တဲ့နှစ်ဆယ်ရာခိုင်နှုန်းလောင်းကြေးကတော့ မင်းအချီငါးဆယ်အထိ မနိုင်နိုင်ဘူးလို့လောင်းထားခဲ့တာ ”
” အကယ်၍ အချီငါးဆယ်အထိကို တောင့်မခံနိုင်ရင်တောင် ငါတို့အနေနဲ့ ငါတို့လက်ရှိရှိနေတဲ့နှစ်ဆယ်ရာခိုင်နှုန်းကိုပဲ ပြန်ပေးရမှာ ဘယ်လိုပဲဖြစ်ဖြစ် အတော်လေးအကျိုးအမြတ်ရဦးမှာပဲ ဒါ့အပြင် ဒီတစ်ခေါက်ငါတို့ရထားတဲ့ ရှားပါးသတ္ထုတွေရဲ့ ပမာဏက နေလနိုင်ငံတော်ရဲ့တစ်နှစ်ထုတ်လုပ်နိုင်တဲ့ပမာဏလောက်နဲ့ညီမယ်လို့ယုံကြည်တယ် ”
ဟို့ယွိဟောင်က ခေါင်းခါပြလိုက်ပါတယ်။
” အစ်ကိုရှန် အရမ်းကြီးပျော်မနေနဲ့ဦး မနက်ဖြန်မှာလူအများကြီးက ကျွန်တော်အချီငါးဆယ်ကို မဖြတ်နိုင်ဘူးလို့လောင်းကြလိမ့်မယ် ”
” အားဟုတ်လား ”
ယဲ့ရှောင်ရှန်က မျက်လုံးပြူးသွားခဲ့ပါတယ်။
အပိုင်း ၁၇၉•၂ ပြီး၏။