Switch Mode

Chapter – 286

ထူးဆန်းသည့် ဟင်းလင်းပြင် နယ်မြေ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၈၆ – ထူးဆန်းသည့် ဟင်းလင်းပြင်နယ်မြေ

ချူဖုန်း တာအိုဘုရားကျောင်းလေးထဲသို့ ဝင်သွားလိုက်သည်။

တောင်ခြေမှ လူအုပ်များမှာ အလွန်စိတ်လှုပ်ရှားနေကြလေပြီ။ အများစုမှာ ကျယ်လောင်စွာပင် အော်ဟစ်လာကြတော့သည်။ လက်သီးတစ်ချက် … ချူဖုန်းက လက်သီးတစ်ချက်တည်းနဲ့ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို သတ်ပစ်ခဲ့တာ…

လူသားများနှင့် သားရဲများအားလုံး စိတ်အားတက်ကြွလာကြသည်။ မောက်မာသည့် ရေအောက်မျိုးနွယ်စုတစ်ဦး ရှုံးနိမ့်သွားသည်ကို တွေ့လိုက်ရသည့်အချိန် သူတို့စိတ်ထဲရှိ တင်းကြပ်မှုများ အနည်းငယ် ပြေလျော့သွားကြသည်။

ရေအောက်မျိုးနွယ်စုများမှာ အစောပိုင်း၌ အလွန်လွန်ကျူးလှသည်။ သူတို့သည် စွမ်းအားကြီးသည့် လူသတ်လက်နက်များကို သယ်ဆောင်လာသောကြောင့် အထိန်းအကွပ်မရှိ လှုပ်ရှားနေခဲ့သည့်အပြင် အားလုံးကို စိတ်မကြည်မလင်ဖြစ်စေသည့် စကားများလည်း ပြောခဲ့ကြသေးသည်။

ယခု ချူဖုန်း၏ လက်သီးချက်အောင်မြင်မှုအား တွေ့လိုက်ရသည့်အချိန် သူတို့ ကျေနပ်သွားကာ အများစုမှာ စိတ်လှုပ်ရှားကာ အော်ဟစ်လာကြတော့သည်။

နတ်ဆိုးဘုရင်ချူ ရောက်လာပြီဖြစ်ကြောင်း အပြင်လောကသို့ ပျံ့နှံ့သွားပြီဖြစ်ပြီး အချို့သူများမှာ တိုက်ပွဲကို မှတ်တမ်းတင်ခဲ့သောကြောင့် အပြင်လောက၌ လှိုင်းထနေလေပြီ။

“ကြည့်ရတာ ဒီတစ်ခေါက် ချူဖုန်း တကယ်ဒေါသထွက်သွားပြီထင်တယ် .. သူက လူတွေကိုကယ်ဖို့အတွက် ဘာမှဂရုမစိုက်တော့ဘူး … လုံဟူတောင်က ထူးခြားတဲ့ဟင်းလင်းပြင်နယ်မြေမှာ တိုက်ပွဲကြီးဖြစ်တော့မယ် .. ကြည့်ရတာ ဒီတစ်ခေါက်တော့ ရေအောက်မျိုးနွယ်စုကလူတွေ အထိနာတော့မယ်ထင်တယ်”

ချူဖုန်း မည်မျှကြမ်းတမ်းနေသည်ကို သူတို့ မြင်နိုင်သည်ပင်။ ခုံးနတ်သမီး၏အလောင်းကို လျစ်လျူရှုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူ မည်မျှအလျင်လိုနေကြောင်း သိနိုင်သည်။

ချူဖုန်း၏အကျင့်အရဆိုလျှင် ဤကဲ့သို့သော ထိပ်တန်းအဆင့်အသားကို အလကားဖြုန်းတီးမည်မဟုတ်။ ပုံမှန်ဆိုလျှင် သူ့အစားအသောက်စာရင်းထဲ ပါရမည်ပင်။

အထဲဝင်သွားလိုက်သည်နှင့် အထဲဘက်၌ နယ်မြေတစ်ခု ရှိနေသေးကြောင်း ချူဖုန်း တွေ့လိုက်ရသည်။ ဘုရားကျောင်းမှာ အဆုံးမရှိလောက်အောင် ရှည်လျားနေပြီး အလင်းဖျော့လေး ထုတ်လွှတ်နေသည်။

သူ ခြေလှမ်းကျယ်များဖြင့် လျှောက်လာခဲ့ပြီး အတော်ဝေးဝေးသို့ ရောက်လာပြီးမှသာ ဤလျှောက်လမ်းမှာ အတော်လေး ထူးခြားနေကြောင်း သတိပြုမိသွားသည်။ ဤလမ်းမှာ ကီလိုမီတာပေါင်းများစွာ ရှည်လျားနေပြီး စွမ်းအင်များဖြင့် ဖန်တီးထားသကဲ့သို့ပင်။

လမ်း၌ မည်သည့်ကျောက်တုံး. အဆောက်အဦးမှမရှိ။ အဝါရောင်စွမ်းအင်သာရှိသည်။ ၁၂ ကီလိုမီတာခန့်ပြေးပြီးနောက် ချူဖုန်း ရပ်တန့်လိုက်သည်။

ချူဖုန်းရှေ့၌ စွမ်းအင်ဂိတ်တံခါးတစ်ခု ပေါ်လာခဲ့သည်။ ဂိတ်တံခါးဟု ပြောသည်ထက် စွမ်းအင်ဖန်သားပြင်ကြီးဟုပြောလျှင် ပိုမှန်လိမ့်မည်။ ထိုအနောက်တွင်တော့ အပင်များနှင့် စိမ်းစိုနေသည့်မြင်ကွင်းများကို မြင်နေရသည်။

ချူဖုန်း သတိကြီးကြီးထားလိုက်ကာ လမ်းကို စမ်းကြည့်ရန်အတွက် သူ့ဓားပျံကို အရင်လွှတ်လိုက်သည်။ အလင်းပြင်အား ဖြတ်သွားသည့်အချိန် ခုခံမှုအနည်းငယ် ရှိခဲ့သော်လည်း ဓားမထိခိုက်ခဲ့။

အထဲဝင်လိုက်သည့်အချိန်တွင်တော့ သူ့ခန္ဓာကိုယ်ပေါ်သို့ ဖိအားတစ်မျိုး ရောက်လာသည်ကို ခံစားလိုက်ရ၏။ ဤသည်မှာ ဘုရင်အဆင့်သက်ရှိသာ ခုခံနိုင်မည့် ဖိအားမျိုးပင်။

ဤလောကထဲ ရောက်သွားသည့်အချိန်တွင် သူ ဆွံ့အသွားခဲ့ရ၏။ သူ့ရှေ့၌ ကြီးမားလှသည့် မြက်ခင်းပြင်ကို မြင်လိုက်ရကာ ကောင်းကင်လည်း ကြည်လင်ကာ အပြာရောင်တောက်ပနေသည်။ ဤသည်မှာ လောကကြီးအသစ်တစ်ခုထဲသို့ ရောက်လာသကဲ့သို့ပင်။

အပြင်လောကတွင် ဤကဲ့သို့သော နေရာမျိုး ရှိမည်မဟုတ်ဟု သူ ယုံကြည်သည်။

“ကျုံ့နေတဲ့ဟင်းလင်းပြင်တွေက တကယ်ထူးဆန်းတာပဲ”

ချူဖုန်း သတိကြီးကြီးထားလိုက်သည်။

သူ့ရှေ့တွင် ဖရုံသီးကြီးများသီးနေသည့် ဖရုံညွှန့်အချို့ကို တွေ့လိုက်ရသည်။ ဖရုံသီးများမှာ ရင့်မှည့်နေပြီဖြစ်ပြီး ရွှေဝါရောင်အလင်းများ ထုတ်လွှတ်နေသည်။

ထို့အပြင် ဤဖရုံသီးများမှာ အလွန်ကြီးမားလှသည်။ အသီးအားလုံး လူတစ်ယောက်အရပ်ခန့်မြင့်နေ၏။

ရှီလာနှင့်အတူ လုံဟူတောင်သို့ တက်စဉ်က အသီးအရွက်ငါးမျိုးကြောင့် သူတို့ သေမလိုဖြစ်ခဲ့ကြသေးသည်။ ထိုငါးမျိုးထဲမှ တစ်မျိုးမှာ ဖရုံသီးပင်။

သို့သော် ထိုဖရုံသီးများမှာ ဤမျှမကြီး။ အချင်း ၃၀ စင်တီမီတာခန့်သာရှိသည်။

ဤမျှကြီးမားလှသည့် ဖရုံသီးများပေါက်ကွဲလာလျှင် သူပင် ခုခံနိုင်မည်မဟုတ်ဟု သူ ထင်သည်။ ဤနေရာမှာ တကယ်ကို အလွန်အန္တရာယ်များလှသည်။

ဤနေရာတွင် တိုက်ပွဲတစ်ခု ဖြစ်ခဲ့ပြီး အများစု နာကျင်လှသည့်နှိပ်စက်မှုကို ခံစားခဲ့ကြရလိမ့်မည်။ တိုက်ပွဲအကြွင်းအကျန်များကို ရှင်းပြီးသွားပြီဖြစ်သော်လည်း သူ လေထဲမှ သွေးနံ့ရနေဆဲပင်။ ထို့အပြင် လျှပ်စီးပစ်ခံထားရ၍ မည်းတူးနေသည့်နေရာအချို့ကိုလည်း သူ သတိထားမိသည်။

“အပြင်ဘက်မှာ ခုံးနတ်သမီးက နတ်ရေနဂါးအဆောင်နဲ့ ရပ်နေတာ… ဘယ်သူက ဝင်လာနိုင်မှာလဲ… ငါတို့အလုပ်က အရမ်းကို လွယ်သွားပြီ”

သိပ်မဝေးသည့်နေရာတွင် ရေအောက်မျိုးနွယ်စုနှစ်ဦး စကားပြောနေကြသည်။ သူတို့သည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူမဟုတ်သော်လည်း အားမနည်းကြ။ သူတို့ အချုပ်အနှောင်လေးခု ဖြတ်တောက်ပြီးသွားကြလေပြီ။

ကျူးကျော်သူ ပေါ်လာလျှင် သူတို့ ဖရုံသီးကို တိုက်ခိုက်လိုက်ရုံသာ။ ဖရုံသီးပေါက်ကွဲသွားလျှင် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများပင် ခုခံနိုင်မည်မဟုတ်။

ချူဖုန်း မြေပြင်နား ကပ်သွားလိုက်၏။ သူ့ဘယ်လက်ဝါးတွင် လျှပ်စစ်သင်္ကေတထွက်ပေါ်လာ၏။ ဤသည်မှာ သူ လုံဟူတောင်မှ ရခဲ့သည့် နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာပင်။

ချူဖုန်း တစ်ဖြည်းဖြည်းချင်း အနားကပ်သွားလိုက်၏။ အခြားသူများသာဆိုလျှင် ပေါက်ကွဲမှုကြောင့် မသေလျှင်ပင် ကိုယ်တစ်ပိုင်း ပြတ်သွားလောက်လေပြီ.

သို့သော် ချူဖုန်းသည် လျှပ်စီးပညာဖြစ်သည့် နတ်ဆိုးဖိနှိပ်ခြင်းပညာကို ကျွမ်းကျင်နေသောကြောင့် ဖရုံသီးမှ လျှပ်စီးများကို စုတ်ယူလိုက်ကာ လျှပ်စစ်များ မထွက်လာနိုင်အောင် လုပ်လိုက်သည်။

သူ ဝှစ်ခနဲ အောင်မြင်စွာ ဖြတ်သန်းလာနိုင်ခဲ့သည်။

လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည့်အချိန် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူနှစ်ဦး အံ့အားသင့်သွားကြသည်။

ဤနေရာကို ဖြတ်သန်းသွားရန်အတွက် မြေကြီးထဲမြှုပ်ထားသည့် ကြေးတိုင်အချို့ကို ထုတ်ရန် လိုအပ်သည်။ ဤနေရာတွင် ဖရုံခင်းမှ လျှပ်စစ်များကို ထိန်းချုပ်နိုင်သည့် နေရာလေးရှိသည်ပင်။

သို့သော် လျှပ်တပြက်အတွင်း ချူဖုန်း သူတို့ရှေ့ ရောက်လာလေပြီ။

“သတ်…”

ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူနှစ်ဦး အော်ဟစ်ကာ ချူဖုန်းကို အတူတူ တိုက်ခိုက်လာကြသည်။

ခွပ် ခွပ်…

ချူဖုန်း သူတို့နှစ်ဦးကို ဖရုံခင်းထဲ ပစ်ထည့်လိုက်ကာ အဝေးသို့ ပြေးသွားလိုက်တော့သည်။

ဝုန်း…

ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် မိုးကြိုးတန်းများ ထွက်ပေါ်လာကာ ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူနှစ်ဦးအား တစ်စစီပေါက်ကွဲသွားစေခဲ့သည်။

သူတို့၏ သနားစဖွယ်အော်သံများ ထွက်ပေါ်လာခဲ့သော်လည်း မိုးကြိုးပစ်သံများအောက် သူတို့အသံများ ပျောက်ကွယ်သွားကာ မည်းတူးနေသည့်အရိုးများသာ ကျန်ခဲ့တော့သည်။

သူ၏စွမ်းအားကြီးသည့် အသိစိတ်ဖြင့် ဘေးပတ်လည်အား စူးစမ်းလိုက်သည့်အချိန်တွင် နွားဝါလေးနှင့် ကျန်သည့်သူများကို ချက်ချင်း တွေ့လိုက်ရသည်။ နွားနက်ကြီး၏ ဦးချိုတစ်ဖက် ချိုးခံထားရပြီး မြည်းဘုရင်၏အမြှီးလည်း ကျားဝေလငါးဘုရင်၏ ဖြတ်တောက်ခြင်း ခံထားရသည်။ သူတို့အခြေအနေမှာ အလွန်ဆိုးရွားနေသည့်ပုံပင်။ သူတို့ အဆင်ပြေရဲ့လားဟု ချူဖုန်း သိချင်လာသည်။

ခဏကြာပြီးနောက် ဤနေရာမှာ အတော်လေး သေးငယ်ကြောင်း ချူဖုန်း တွေ့လိုက်ရ၏။ ကီလိုမီတာအနည်းငယ်သာ ကျယ်သောကြောင့် သူ၏အသံထက်ငါးဆမြန်သည့်နှုန်းနှင့်ဆိုလျှင် မျက်စိတစ်မှိတ်အတွင်း ဤနေရာတစ်ခုလုံးကို ပတ်ပြေးနိုင်သည်။

ပျက်စီးနေသည့်တောင်အချို့နှင့် တိုက်ပွဲအကြွင်းအကျန်များ တွေ့ရသော်လည်း မည်သည့်ရန်သူ. မိတ်ဆွေ အရိပ်အယောင်ကိုမှ မမြင်ရ။

ချူဖုန်း တာအိုအင်္ကျီအပိုင်းအစလေးအား ကောက်ယူလိုက်သည်။ ထိုအင်္ကျီအပိုင်းအစလေးမှ သွေးများ မခြောက်သေးသောကြောင့် ချူဖုန်းလက် နီရဲသွား၏။ ဤသည်မှာ ဝူတန်းတောင်အရှင်၏ အင်္ကျီပင်။

ထို့နောက် အပင်တစ်မျိုး သူ့မြင်ကွင်းထဲ ဝင်လာ၏။ အစက ဤသည်မှာ တောင်တစ်လုံးထက်မြင့်သည့် အပင်ကြီးတစ်ပင် ဖြစ်လိမ့်မည်ဟု သူ ထင်ထားခြင်းပင်။ သို့သော် ဤသည်မှာ ဘူးနွယ်ပင်ဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။

ထူထဲလှသည့် နွယ်ပင်ပေါ်သို့ တက်သွားလိုက်၏။ တစ်ခါတစ်ရံတွင် ကြီးမားလှသည့် အရွက်များပေါ်သို့ တက်နင်းကာ အပင်ပေါ် ခုန်တက်လိုက်သည်။

နွယ်ပင်မှာ စိမ်းစိုကာ အသက်ဓာတ်များ ထုတ်လွှတ်နေသော်လည်း ဘူးသီးတစ်လုံးမှမရှိ။

မီတာနှစ်ထောင်ကျော်တက်လာပြီး တိမ်အလွှာများကို ဖြတ်သန်းပြီးနောက် အမြစ်၌ ကြီးမားလှသည့်အပေါက်တစ်ပေါက်ရှိနေသည်ကို ချူဖုန်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။ သူ တွေဝေနေခဲ့သော်လည်း နောက်ဆုံး ကောင်းကင်ထက်၌ ရှိနေသည့် ထိုတွင်းပေါက်ထဲသို့ ခုန်ဆင်းသွားလိုက်သည်။

မှော်နယ်မြေတစ်ခုအား ဖြတ်သန်းနေရသကဲ့သို့ သိပ်သည်းလှသည့် အသက်စွမ်းအင်များ သူ့ကို ဖြတ်ပြေးသွားသည်။

သစ်ပင်နှင့် မြက်ပင်အားလုံး စိမ်းစိုတောက်ပနေကြသည်။ မြက်ပင်ရိုင်းများပင် စိမ်းစိုနေလေ၏။ ပန်းပွင့်ဖူးများမှာ သလင်းကျောက်ကဲ့သို့ တောက်ပနေပြီး လေထဲ မွှေးရနံ့များ သင်းပျံ့နေသည်။

သစ်ပင်အိုများမှာ ကြီးမားလှသောကြောင့် ထိုအပင်ကို တစ်ပတ်ဝိုင်းရန် အမျိုးသား ဒါဇင်ဝက်ခန့် လိုအပ်လိမ့်မည်။ သစ်ပင်များမှ နွယ်များလည်း ကျဆင်းနေသည်။

အားလုံးမှာ တကယ်ကို ခမ်းနားလှသည်။

ချူဖုန်း အရှေ့သို့ ပြေးထွက်သွားသည့်အချိန်တွင်တော့ ကောင်းကင်ပေါ်၌ ရှိနေသည့် ဤလောကကြီးမှာ အလွန်ကျယ်ပြောလှကြောင်း သူတွေ့လိုက်ရသည်။

“ဒါက လုံဟူတောင်က ထာဝရနယ်မြေများလား..” သူ သံသယဝင်လာသည်။

မြေပြင်ထက်မှ သွေးရာများနှင့် အပျက်အစီးများကြောင့်သာမဟုတ်လျှင် ကမ္ဘာပေါ်တွင် ဤနေရာထက် ငြိမ်းချမ်းသည့်နေရာရှိမည်မဟုတ်ဟု ထင်မိလိမ့်မည်။

ခဏကြာပြီးနောက် သူ့အမူအရာ ပြောင်းလဲသွားသည်။ သူ လျှောက်လာလေလေ ပို၍ထိတ်လန့်လာလေလေပင်။ အနက်ရောင်အမွေးများဖြင့် ဖုံးလွှမ်းနေသည့် အသားတုံးကြီးကို သူမြင်လိုက်ရ၏။ ဤသည်မှာ သေချာပေါက် အမဲလိုက်ခွေးဘုရင်၏အသားပင်။

တစ်စုံတစ်ယောက်သည် ဓားသွားကဲ့သို့ ထက်ရှသည့်လက်နက်ဖြင့် သူ့ခန္ဓာကိုယ်အား ဖြတ်တောက်ခဲ့ခြင်းပင်။ ဤနေရာတစ်ခုလုံးမှာ တိုက်ပွဲကြောင့် ပျက်စီးနေလေ၏။

“အမ်…” ခဏကြာပြီးနောက် လူတစ်ယောက်အရပ်တစ်ဝက်ခန့်ရှိသည့် အပင်လေးတစ်ပင်ကို သူတွေ့လိုက်ရသည်။ ထိုအပင်တွင် ခရမ်းရောင်အသီးသီးနေကာ မွှေးပျံ့သည့်ရနံ့များ ထုတ်လွှတ်နေသည်။

“သန္ဓေပြောင်းအသီးတစ်လုံးရှိနေတယ်…” သူ အံ့အားသင့်သွားရ၏။ သူ့ရှေ့၌ ရှိနေသည့်အသီးမှာ သာမန်လူကို စွမ်းအားကြီးသည့် သန္ဓေပြောင်းတစ်ဦးဖြစ်သွားအောင် လုပ်ပေးနိုင်သည်ပင်။

ထို့နောက် နီရဲနေသည့် ရှေးသစ်ပင်တစ်ပင်ကို တွေ့လိုက်ရ၏။ ဤအပင်သည်မီတာပေါင်းများစွာ မြင့်မားနေပြီး သိပ်မကြာခင်ကမှ သူ့အသီးများကို ခူးထားသည့်ပုံပင်။ ထိုနေရာ၌ သွေးစသွေးနများ တွေ့လိုက်ရ၏။ ဤနေရာ၌လည်း တိုက်ပွဲဖြစ်ထားသည့်ပုံပင်။

ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများ အဘယ်ကြောင့် ကုန်းမြေမှြေမှ ကျွမ်းကျင်သူများအား အုပ်စုဖွဲ့ တိုက်ခိုက်ကြသည်ကို သူ နားလည်သွားလေပြီ။ ဤနေရာ၌ ကံကောင်းမှုများစွာ ရှိနေသည်ပင်။

သူ သွေးရာအတိုင်း လိုက်လာပြီး ပျက်စီးနေသည့် တောင်များကို ကျော်ဖြတ်ခဲ့သည်။

ကီလိုမီတာ ၅၀ ခန့် ပြေးပြီးသည့်နောက်တွင်တော့ လူအရိပ်အယောင်အချို့ကို မြင်လိုက်ရသည်။ ဤသည်မှာ သွေးများစိုရွှဲနေသည့် ဘုရင်အဆင့်သက်ရှိသုံးဦးပင်။

ဤသုံးဦးမှာ ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူများဖြစ်ကြောင်း သိသာလှ၏။ အဘယ်ကြောင့်ဆိုသော် သူတို့လူသားပုံစံ ပြောင်းထားသော်လည်း သူတို့၏ မူလအစိတ်အပိုင်းများ ပေါ်နေသည်ပင်။ တစ်ဦးမှာ လက်အစား ရေယက်ကြီး ရှိနေသည်။

တစ်ဦးမှာ ငါးမန်းခေါင်းရှိနေပြီး သူ ပါးစပ်ဟလိုက်တိုင်း ချွန်ထက်နေသည့်သွားများကို မြင်နေရသည်။

အခြားတစ်ဦးမှာ တစ်ကိုယ်လုံး၌ အဖုအပိမ့်များရှိနေသည်။ လူသားခန္ဓာကိုယ်ဖြစ်သော်လည်း သူ့ထံတွင် ချောကျိကျိ ရေဘဝဲလက်တံရှိနေသည်။ သူ့လက်တံများကြားထဲတွင် ခေါင်းတစ်လုံး ရှိနေသည်။

ချူဖုန်း အေးခဲသွားရ၏။ အဘယ်ကြောင့်ဆိုသော် ထိုခေါင်းပိုင်ရှင်မှာ ခွန်းလွန်တောင်မှ သားရဲဘုရင်တစ်ဦးဖြစ်ကြောင်း သူ မှတ်မိသည်။

သူသည် ခွန်းလွန်တောင်မှ နတ်ဆိုးတစ်သိုက်နှင့် ရင်းနှီးသောကြောင့် သူတို့ သေဆုံးသွားသည်ကို မြင်လိုက်ရသည့်အချိန် သူ မွန်းကြပ်လာရသည်။

“သောက်ကျားသစ်ကြီး .. သူ ပြေးတာ တော်တော်မြန်တယ် .. ငါတို့ သူ့ကို ဖမ်းမိခါနီးနေပြီ…”

ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူသုံးဦး မကျေမနပ်ပြောဆိုနေကြသည်။

“မစိုးရိမ်ပါနဲ့ … ကျားဝေလငါးဘုရင် လှုပ်ရှားနေပြီဆိုတော့ သူတို့တွေ ကြာကြာပြေးနိုင်မှာ မဟုတ်တော့ဘူး .. သူတို့ ဒီမှာ တစ်စစီစုတ်ပြတ်သတ်ပြီး သေရလိမ့်မယ်”

“နွားနှစ်ကောင်က ဘယ်များ ရောက်နေတာလဲ… ကျားဝေလငါးဘုရင်က ငါတို့ သူတို့ကို တွေ့အောင်ရှာရမယ်လို့ အမိန့်ပေးထားတာ .. နွားနှစ်ကောင်ကို သူကိုယ်တိုင်သတ်ပြီး ချူဖုန်းကို မျှားခေါ်ဖို့အတွက် သူတို့ခေါင်းကို လုံဟူတောင်မှာ ချိတ်ထားမှာတဲ့”

ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူသုံးဦးသည် အခြားသူများ၏သွေးများ စွန်းထင်းနေခြင်းပင်။ သူတို့သည် သားရဲဘုရင်တစ်ဦးခေါင်းကိုင်ကာ ကင်းလှည့်ပြီး နွားဝါလေးနှင့် နွားနက်ကြီးတို့အား ရှာနေခြင်းပင်။

သူတို့သည် အနောက်ပိုင်းတွင် ကျန်နေခဲ့သောကြောင့် ဤနေရာ၌ ပြိုင်ဘက်ကင်းကျွမ်းကျင်သူမရှိ။ ဤနေရာတစ်ခုလုံးကို ရေအောက်မျိုးနွယ်စုမှ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများ ရှင်းလင်းထားပြီးသားပင်။ ချူဖုန်းအား တွေ့လိုက်ရသည့်အချိန် သူတို့ အလိုလိုနောက်ဆုတ်သွားကြပြီး နောက်မှ သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူမဟုတ်ကြောင်း သတိရသွားသည်။

“မင်းက… ချူဖုန်းပဲ…”

သူတို့သုံးဦးသည် သူ့ကို မှတ်မိသွားသောကြောင့် အခြားသူများ သတိထားမိစေရန် အော်ဟစ်လာကြသည်။

ဝုန်း…

ချူဖုန်း လက်သီးချက် ပစ်သွင်းလိုက်သလို ဓားပျံကိုလည်း အသက်သွင်းလိုက်သည်။

ဂဏန်းဘုရင်ကို လက်သီးတစ်ချက်တည်းဖြင့် တစ်စစီဖြစ်အောင်လုပ်ပစ်လိုက်ပြီး ကျန်သည့်နှစ်ဦးကိုတော့ ဓားပျံဖြင့် ခေါင်းဖြတ်ပစ်လိုက်သည်နှင့် သွေးများမှာ လေထဲပန်းထွက်လာတော့သည်။

သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ချူဖုန်း အရှေ့သို့ တရှိန်ထိုး ပြေးသွားလိုက်သည်။

ဤနေရာတွင် အပင်များ ကျဲပါးသော်လည်း ဝိညာဉ်စွမ်းအင်များမှာ သိပ်သည်းလှသည်။

ဤသည်မှာ မီးတောင်ဧရိယာတစ်ခုပင်။ တောင်ထိပ်များစွာသည် အနက်ရောင်မီးခိုးများ မှုတ်ထုတ်နေပြီး အချို့မီးတောင်များမှာ ချော်ရည်များပင် စီးကျနေလေပြီ။

ချူဖုန်း နောက်ထပ် ကီလိုမီတာ ၅၀ ခန့်သွားလိုက်ပြီး သူ့နတ်အသိစိတ်ကို ဖြန့်ကျက်လိုက်သည့်အချိန်တွင် ကျားဝေလငါးဘုရင်၏အသံကို ကြားလိုက်ရသည်။ အသံကြားသည်နှင့် ထိုဘက်သို့ ချူဖုန်း တရှိန်ထိုး ပြေးသွားလိုက်တော့သည်။

“နှင်းကျားသစ်လေးကတော့ ငါ့သွားကြားတောင် မညှပ်ဘူး .. မင်းက ငါ့ကို အဆွယ်တွေ ဖြဲပြရဲသေးတယ်ပေါ့ … မင်းတို့ခွန်းလွန်က အမဲလိုက်ခွေးဘုရင်တောင် ငါ့လှံတံနဲ့ ထိုးဖောက်ခံလိုက်ရပြီး သူ့နှလုံး တစ်စစီဖြစ်သွားတာ”

ကျားဝေလငါးမှာ အရပ်မြင့်ကာ မာကျောသန်မာသည့်သူပင်။ သူ၏မည်းနေသည့်ဆံပင်များ လေထဲလွင့်နေကာ မျက်လုံးများမှာလည်း ကြေးခေါင်းလောင်းများ ကဲ့သို့ပင်။ သူသည် မီးတောင်တစ်လုံးရှေ့၌ ရပ်နေပြီး သူ့ခြေထောက်အောက်တွင် ချော်ရည်များ စီးဆင်းနေသောကြောင့် သူသည် နတ်ဆိုးနတ်ဘုရားတစ်ပါးနှင့်ပင် တူနေသည်။

“ပြော… နွားနှစ်ကောင် ဘယ်မှာလဲ.. ခင်ဗျားမပြောရင် ခင်ဗျားကို သေတဲ့အထိ နင်းသတ်ပစ်မယ်” ကျားဝေလငါးဘုရင် စီးမိုး၍ ပြောလိုက်သည်။

နှင်းကျားသစ်ဘုရင်ဘေးတွင် တစ်စစီဖြစ်အောင်နင်းချေခံထားရသည့် သားရဲဘုရင်တစ်ဦးလည်း ရှိနေသည်။ သူ့သွေးများကြောင့် ချော်ရည်မှာ ပို၍နီရဲသွားသည်။

နှင်းကျားသစ်ဘုရင်လည်း အခြေအနေမကောင်းတော့ပေ။ သူ အလွန်လည်းဒေါသထွက်နေလေ၏။ သေသွားသည့်သူမှာ ခွန်းလွန်တောင်မှ သူ့သူငယ်ချင်းကောင်းပင်။ သူ ကျားဝေလငါးဘုရင်၏ ခြေထောက်ကို မတားဆီးနိုင်ခဲ့။

သူတို့နှစ်ဦး၏ အင်အားမှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများနှင့် အလွန်ကွာဝေးလှသည်။

“လားမားဘုန်းတော်ကြီး ငါတို့အတွက် လက်စားချေပေးလိမ့်မယ် … ပြီးတော့ မင်း နွားနှစ်ကောင်ကို ထိရင် ချူဖုန်း မင်းကို သေချာပေါက် လာသတ်လိမ့်မယ်…” နှင်းကျားသစ်ဘုရင်မှာ ဒေါသထွက်နေပြီးဘာကိုမှ ဂရုမစိုက်တော့။ သူ့ငွေရောင်ဆံပင်များမှာ သွေးများစွန်းထင်းနေပြီး သူ့အသံလည်း အက်ကွဲနေသည်။

“လားမားကြီး လာရဲရင် သူ့ကိုဖျော်ဖြေပေးမယ့်သူ ရှိနေမှာပဲ… င့ါလှံတံက ရဟန္တာသွေး သောက်ချင်နေတာ ကြာလှပြီ.. ချူဖုန်းကတော့ သူ့အသက်ကိုပေးဖို့ မြန်မြန်ရောက်လာဖို့ မျှော်လင့်တယ်… သူသာ တကယ်ပေါ်လာလို့ကတော့ သူ့ကိုဖိချေပြီး သတ်ပစ်မှာ .. သောက်ချီးနတ်ဆိုးဘုရင်လား.. ရေအောက်မျိုးနွယ်စုရှေ့မှာ သူက ဘာမှမဟုတ်ဘူး… သူ ဝိုင်းသတ်ခံရမှာပဲ…”

အပိုင်း ၂၈၆ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset