ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၈၅ – ပထမဆုံးသေသည့်သူ
ချူဖုန်း သူ့ဝိညာဉ်စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရင်း ခြေလှမ်းကျယ်ကြီးဖြင့် သွားလိုက်သည်။ သူ့အသက်ရှူစည်းချက်ပညာကို အသက်သွင်းလိုက်သည်နှင့် ဘေးပတ်လည်မှ စွမ်းအင်များ သူ့ထံသို့ ဝင်ရောက်လာပြီး သူ့ဘေးပတ်လည်တွင် အလင်းကွင်းတစ်ခု ဖြစ်လာသည်။
လူအုပ်နောက်တွင် သူ တိတ်တဆိတ်ပေါ်လာသည်။ ဤနေရာ၌ သက်ရှိများစွာရှိနေ၏။ အချို့မှာ သားရဲမျိုးနွယ်စုများဖြစ်ပြီး အချို့မှာ လူသားများပင်။
သားရဲအချို့မှာ သူတို့မူလပုံစံကို ဖုံးကွယ်မနေတော့ပဲ လူအုပ်ထဲ၌ ရပ်နေကြသည်။ အချို့မှာ တောက်ပသည့်အကြေးခွံများရှိပြီး အချို့မှာ အရောင်အသွေးစုံလင်သည့် အမွေးအတောင်များ ရှိကြသည်။
“ရင်နာစရာကောင်းလိုက်တာ .. ဝူတန်းတောင်အရှင်က တိုက်ပွဲမှာကျသွားတာတော့ မဟုတ်ဘူးမလား.. သနားစရာကောင်းလိုက်တာ” လူသားမိန်းကလေးတစ်ဦး နီရဲနေသည့်မျက်လုံးများဖြင့် ပြောလာ၏။ သူမသည် ဤသည်ကို လက်ခံနိုင်ရန် ခက်ခဲနေသည်။
“ဘိုးဘေးအရှင်ရဲ့ လက်သီးပညာက အရမ်းအံ့ဩဖို့ကောင်းတာ .. သူ… အသက်ရှင်လောက်မှာပါ” လူလတ်ပိုင်းအမျိုးသား ပြောလိုက်သည်။ သို့သော် သူ ကိုယ်တိုင်ပင်လျှင် သူ့စကားကို မယုံကြည်သည့်ပုံပင်။ ရေအောက်မျိုးနွယ်စုများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်း ခံလိုက်ရပြီးနောက် ဝူတန်းတောင်အရှင်သည် ဓားအော်ရာများကြား၌ပင် လုံဟူတောင်၏ ထူးဆန်းသည့်ဟင်းလင်းပြင်နယ်မြေထဲသို့ ကျရောက်သွားခဲ့သည်။
ဤကိစ္စကို ဆွေးနွေးနေကြသည်မှာ လူသားများသာမက။ သားရဲမျိုးနွယ်စုများလည်း သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။ သူတို့လည်း အလွန်စိုးရိမ်နေကြသည့်ပုံပင်။
“ရွှေဂဠုန်က ဟွားတောင်ရဲ့ ဂိုဏ်းချုပ်လေ .. သူက ထိပ်တန်းအဆင့် ကျွမ်းကျင်သူ ၁၀ ယောက်စာရင်းထဲမှာတောင် ပါသေးတယ် .. သူလည်း တကယ်အသတ်ခံလိုက်ရတာလား..” အနီရောင်ငှက်လေးတစ်ကောင်မှ စိတ်ပျက်စွာ ညည်းတွားလိုက်သည်။
သူတို့ ဤကိစ္စကို မယုံကြည်ချင်။ အဘယ်ကြောင့်ဆိုသော် ငှက်မျိုးနွယ်စုထဲရှိ စွမ်းအားအကြီးဆုံးကျွမ်းကျင်သူများထဲတစ်ယောက် ကျဆုံးသွားလျှင် သူတို့ကို အတော်လေး ရိုက်ခတ်သွားနိုင်သည်ပင်။
ချူဖုန်း တိတ်တိတ်နေလိုက်ပြီး သူ့အသက်ရှူသံများကိုတည်ငြိမ်အောင် ထိန်းလိုက်သည်။ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်ကောင်းလာနေပြီဖြစ်ပြီး အကောင်းဆုံးအနေအထားသို့ ရောက်တော့မည်။
သို့သော် အခြားသူများ၏ ဆွေးနွေးသံကို ကြားလိုက်ရပြီးနောက် သူ စိုးရိမ်လာသည်။ ဤနေရာမှ ကျားဂူ သို့မဟုတ် နဂါးအိုင်နှင့် တူနေသည်ဟု ခံစားလာရသည်။ ကုန်းမြေမှ ကျွမ်းကျင်သူများမှာ အားမနည်းကြ။ သို့သော် ဤမြေ၌ သူတို့ သွေးစွန်းသွားလေပြီ။
ရွှေဂဠုန်ကို ယခင်က တွေ့ဖူးသောကြောင့် ရွှေဂဠုန်ကြီး၏ ရှေးဟောင်းသွေးမျိုးဆက် နှိုးထလာပြီဖြစ်ကြောင်း သူသိသည်။ သူသည် ခွန်လွန်တောင်တိုက်ပွဲ၌ နဂါးနက်ကြီးပင် အသာလေး စုတ်ဖြဲခဲ့သည်။
ဒီလိုနတ်ဂဠုန်မျိုးက ဘယ်လိုလုပ် ဒီမှာ သေသွားတာလဲ…
“ပျင်းစရာကောင်းလိုက်တာ… ကုန်းမြေက ကျွမ်းကျင်သူတွေက ဒီလောက်ပဲ ရှိတာလား .. ငါ့ဓားပညာကို လေ့ကျင့်ချင်ပေမယ့်လည်း လုံလောက်အောင် မသတ်ရသေးဘူး”
တောင်ထိပ်မှ ပျင်းတိပျင်းရွဲအသံတစ်သံ ထွက်ပေါ်လာ၏။ စကားပြောသည့်သူမှာ သွေးများစီးကျနေသည့် အဖြူရောင်ဓားရှည်ကိုင်ထားသည့် ဆံပင်ဖြူနှင့် အမျိုးသားတစ်ဦးပင်။
သူသည် တောင်အောက်သို့ သာမန်ကာလျှံကာပင် ငုံ့ကြည့်လိုက်သည်။
ဤလူမှာ ငါးမန်းဖြူဘုရင်ဖြစ်ပြီး စွမ်းအားကြီးသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း တောင်အောက်ရှိ လူများထံမှ သူ သိခဲ့ရသည်။ ကျောက်စိမ်းဂူကျောင်းဆရာမှာ သူ့ကြောင့် ဒဏ်ရာရခဲ့ခြင်းပင်။
ထို့အပြင် ဝူတန်းတောင်သခင်အား တိုက်ခိုက်သည့်နေရာ၌ သူလည်းပါဝင်ခဲ့ကာ ဝူတန်းတောင်အရှင် နောက်ကျောကို ဒဏ်ရာရအောင်လုပ်ခဲ့သည်။
“တော်လောက်ပြီ .. မင်း ရန်သူတွေကို သွားသတ်လိုက်တော့ … ငါ ဒီမှာ စောင့်ကြည့်နေမယ်”
တောင်တစ်တက်၌ ဆံပင်နက်နှင့် လူငယ်တစ်ဦး ပေါ်လာပြီး ငါးမန်းဖြူနေရာကို ယူလိုက်သည်။ ငါးမန်းဖြူသည် ပြုံးလိုက်ကာ ဓားကြီးကိုမြှောက်ပြီး ပျောက်ကွယ်သွားလေ၏။
“ကျားဝေလငါးဘုရင်…”
အချို့လူများ တီးတိုးရေရွတ်ကာ ဂနာမငြိမ် ဖြစ်လာကြသည်။ အများစုမှာ ဤလူငယ်လေးကို မော့မကြည့်ရဲကြသောကြောင့် ခေါင်းငုံ့လိုက်ကြ၏။
ကျားဝေလငါးဘုရင်သည် အရပ်ရှည်ကာ တောင့်တင်းသည့်သူပင်။ ထို့နောက် သူသည် လက်ထဲမှ ပစ္စည်းတစ်ခုကို ပစ်ထုတ်ကာ တောင်တစ်ဝက်ရှိ တစ်ပင်တစ်ပင်၌ ချိတ်ဆွဲထားလိုက်၏။
“ငါ ချူဖုန်းညီအစ်ကိုတွေထဲက တစ်ယောက်ရဲ့ အမြှီးကို ဖြတ်ခဲ့တယ် .. သူ အခုရောက်လာပြီလား မသိပေမယ့် ငါသူ့ကို စောင့်နေရတာ တော်တော်ကြာနေပြီ”
ကျားဝေလငါးဘုရင်မှ အေးစက်စွာ ပြောလာသည်။
သစ်ပင်ထက် ချိတ်ထားသည့် မီးခိုးရောင်အမြှီးမှ သွေးများတစ်စက်စက် ကျနေဆဲပင်။
တောင်အောက်ခြေမှာ လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။
“ချူဖုန်းရဲ့ သွေးသောက်ညီအစ်ကိုက မြည်းတစ်ကောင်ပဲ .. သူက ပြေးရတာကို တော်တော်လေး ကျွမ်းကျင်နေတဲ့ပုံပဲ .. အခုတော့ သူ့အသက်ကို ချန်ထားပေးလိုက်မယ်” ကျားဝေလငါးဘုရင် ထူးမခြားနား ပြောလိုက်သည်။
ချူဖုန်းမှာ မြည်းတစ်ကောင်ညီအစ်ကို ရှိနေတာလား.. အားလုံး မယုံကြည်နိုင်ဖြစ်သွားကြကာ ကျားဝေလငါးဘုရင်သည် ချူဖုန်းကို နှိမ့်ချရန်အတွက် တမင်သက်သက် ပြောလိုက်ခြင်းဖြစ်လိမ့်မည်ဟု ထင်လိုက်ကြသည်။
“သူ ငါ့သွေးသောက်ညီအစ်ကို ဟိန်းထုန်ကို သတ်ခဲ့တယ် .. ငါ သူ့ကို ဒီအတိုင်း လွှတ်ပေးမယ်လို့ ထင်နေတာလား .. ငါ သူ့ညီအစ်ကိုတွေကိုတစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်…” ကျားဝေလငါးဘုရင် တောင်အောက်သို့ စိုက်ကြည့်ကာ ပြောလိုက်သည်။
သူတို့ကြားမှ ဆက်ဆံရေးမှာ ထူးခြားကြောင်း အားလုံး သိလိုက်ရသည်။ မည်သို့ပင်ဖြစ်စေ ဟိန်းထုန်သေဆုံးသွားကြောင်း သတင်းထွက်လာပြီးနောက် စန်းချင်တောင်သို့ ပထမဆုံး ရောက်သွားသည့်သူမှာ ခုံးနတ်သမီးနှင့် ကျားဝေလငါးဘုရင်တို့ပင်။
မြည်းဘုရင် ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာလား.. ချူဖုန်းထံမှ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်လာသည်။
သူသည် အခြားလူများကို ရှောင်ရှားကာ တောအုပ်ထဲ သွားလိုက်လေ၏။ သူ ကျားဝေလငါးဘုရင်ကို သတ်ချင်သည်။
သို့သော် သူ့ခန္ဓာကိုယ်ထက်၌ မည်သည့်စွမ်းအင်လှိုင်းမှမရှိ။ သူ့ခြေလှမ်းများလည်း တည်ငြိမ်နေသည်။ သူ ရောက်လာပြီဖြစ်ကြောင်း ရေအောက်မျိုးနွယ်စုကို မသိစေချင်သေး။
လမ်းတစ်လျှောက်လုံးတွင် သွေးများ စွန်းထင်နေသည်။
ဤလမ်းမှာ သူ ယခင်က တက်ခဲ့သည့်လမ်းမဟုတ်။ ဤလမ်းသည် တောင်တစ်ဝက်ကို ကျော်သွားလေပြီ။
ဤနေရာတစ်ခုလုံးတွင် အပေါက်များ. မြောင်းများဖြင့် ပြည့်နေ၏။ ကျောက်တုံးအများစုမှ အရည်ပျော်ပြီး ခဲသွားပြီဖြစ်သည်။ သွေးစွန်းနေသည့်အရိုးများ. အကြေးခွံများနှင့် အမွေးအတောင်များလည်း နေရာအနှံ့ ပြန့်ကျဲနေသည်။
ဤအရာအားလုံးမှာ ဘုရင်အဆင့်သက်ရှိများထံမှ ကျန်ခဲ့သည့်အရာများပင်။
ယခုအချိန်တွင် ချူဖုန်း အကောင်းဆုံး အနေအထားသို့ ရောက်သွားပြီဖြစ်သည်။ သွေးစွန်းနေသည့် လမ်းတစ်လျှောက်အတိုင်း တက်လာခဲ့ပြီး နောက်ဆုံး မည်သည့်အန္တရာယ်မှ မတွေ့ပဲ သူ့ပန်းတိုင်သို့ ရောက်သွားလေပြီ။
သူနှင့် ကျားဝေလငါးဘုရင်မှာ မီတာသုံးရာခန့်သာ ဝေးတော့သည်။
သူတို့ကြား၌ တာအိုဘုရားကျကျောင်းလေးတစ်ခု ရှိနေသည်။ ထိုဘုရားကျောင်းမှာ သာမန်အိမ်တစ်လုံးအရွယ်အစားသာရှိပြီး နံရံများမှာ အချိန်မရွေးပြိုကျတော့မည့်ပုံဖြင့် အက်ကွဲရာများ ထင်ဟပ်နေသည်။
သူ၏တစ်ခုတည်းသော ထူးခြားချက်မှာ အလင်းဖျော့လေး ထုတ်လွှတ်နေခြင်းပင်။
တောင်ခြေမှ လူများ၏ ပြောစကားများအရဆိုလျှင် ဤတာအိုဘုရားကျောင်းမှာ ထူးခြားသည့် ဟင်းလင်းပြင်နယ်မြေနှင့် ဆက်စပ်နေသည်။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူအုပ်စုမှာ ဤထဲသို့ ဝင်သွားခဲ့ကြသည်ပင်။
ဤနေရာမှာ ယခင်က မြက်ရိုင်းပင်များ ဖုံးလွှမ်းနေသောကြောင့် မည်သူမှ သတိမထားမိခဲ့။ တစ်စုံတစ်ယောက် မတော်တဆဝင်မိသွားမှသာ အခြားနေရာနှင့် ဆက်သွယ်ထားကြောင်း သိခဲ့ကြရသည်။
ကျားဝေလငါးဘုရင်အပြင် အနား၌ လှပသည့် မိန်းမပျိုလေးတစ်ဦးလည်း ရှိသေးသည်။ သူမသည် ခုံးနတ်သမီးပင်။ ရှည်လျားနက်မှောင်သည့်ဆံနွယ်များ. ပြီးပြည့်စုံသည့် မျက်နှာသွင်ပြင်. တောက်ပနေသည့်မျက်လုံးများနှင့်သူမသည် အတော်လေး လှသည်ဟု သတ်မှတ်၍ရသည်။
သူမ ကျောထက်၌ ကျောက်စိမ်းကဲ့သို့သော ခုံးခွံနှစ်ခု ရှိနေသည်။ ဤသည်မှာ သူမ အလှကို ပိုတိုးစေသည်ပင်။
သို့သော် သူမ လက်များမှာတော့ သွေးများစွန်းထင်းနေသည်ပင်။
ထိုနေရာ၌ အသီးများနှင့် အစားအသောက်များ တင်ထားသည့် ကျောက်စိမ်းစားပွဲတစ်လုံး ရှိနေသည်။ ခုံးနတ်သမီးသည် ကျားဝေလငါးဘုရင်ထက် ပို၍အိန္ဒြေသိက္ခာကြီးမားကာ တည်ငြိမ်စွာဖြင့်ပင် စားပွဲပေါ်မှ စားစရာများကို စားနေသည်။
“ရှင်က ဘာလို့ ဒီလောက်စိတ်ပူပန်နေတာလဲ .. ကျွန်တို့တွေ တစ်ယောက်ပြီးတစ်ယောက် ဖြေးဖြေးချင်း သတ်လို့ရတယ်.. ရှင် အဲဒီနွားနှစ်ကောင်ကို အရင်သတ်လိုက် ပြီးရင် ကျားအိုကြီးကို သတ်မယ် .. ချူမျိုးရိုးနာမည်နဲ့ကောင်ကို ဖြည်းဖြည်းချင်း နာကျင်ခံစားခိုင်းရမယ်”
“မင်းပြောတာဟုတ်တယ် .. ငါ သူတို့ကို သွားသတ်လိုက်တော့မယ် .. သူတို့ တစ်ယောက်မှ ပြေးမလွတ်နိုင်ဘူး…” ကျားဝေလငါးဘုရင်သည် ရက်စက်သည့် အပြုံးတစ်ခု ပြုံးလိုက်ကာ သူ၏ဖြူဖွေးနေသည့်သွားများကို လှစ်ဟပြလာသည်။
“အင်း ပြီးရင် ငါ အရသာစာရင်းတစ်ခုလုပ်ပြီး မျိုးရိုးနာမည်ချူနဲ့ကောင်ကို အကဲဖြတ်ခိုင်းဦးမယ် .. အမဲသားနှပ်က ကောင်းမလား. ကျားအသားကင်က ကောင်းမလား”
ခုံးနတ်သမီးသည် ပြုံးနေသော်လည်း သူမ မျက်လုံးများမှာ အေးစက်လှသည်။
သူမ ဟိန်းထုန်ကို သဘောကျနေသည်မှာ လျှို့ဝှက်ချက်တစ်ခုမဟုတ်။ ချူဖုန်းအား သတ်ချင်နေသည့်စိတ်မှာ ကျားဝေလငါးဘုရင်ထက် မနည်း။
“ဟား ဟား … ဒီအိုင်ဒီယာမဆိုးဘူး.. ငါ့သတင်းကောင်းကို စောင့်နေ .. မကြာခင်မှာ ငါတို့ အစားကောင်းစားကြမယ်” ထိုသို့ပြောပြီးနောက် ကျားဝေလငါးဘုရင် တာအိုဘုရားကျောင်းထဲ ပျောက်ကွယ်သွားသည်။
ချူဖုန်း သူတို့နား ချဉ်းကပ်လာနေပြီဖြစ်ပြီး သူတို့ကြားတွင် မီတာ ၁၀၀ သာ ဝေးတော့သည်။
ယခုအခြေအနေမှာ သူ့အတွက် အတော်လေး ကောင်းလှသည်။ သူ ခုံးနတ်သမီးကို အရင်သတ်မည်။ ပြီးလျှင် ကျားဝေလငါးဘုရင်ကို သတ်မည်။
သို့သော် ခုံးနတ်သမီးသည် ရုတ်တရက်ထရပ်လိုက်ကာ တောင်ခြေဘက်သို့ မျက်နှာမူလိုက်သည်။ “ချူဖုန်း ရှင်ရောက်လာပြီလား… ရှင် မလာသေးဘူးဆိုရင်တော့ ရှင့်ညီအစ်ကိုတွေ သေချာပေါက် သေတော့မှာ…”
သူမ အူလှိုက်သည်းလှိုက် ရယ်မောပြီးဆက်ပြောလိုက်သည်။ “ကုန်းမြေပေါ်က ကျွမ်းကျင်သူတွေက တကယ်ကို နည်းလွန်းတာပဲ .. အရေအတွက်က အမဲလိုက်ဖို့တောင် မလုံလောက်ဘူး .. ဒါနဲ့စကားမစပ် ချူဖုန်း ရှင့်ညီအစ်ကိုတွေက တကယ် အခြေအနေဆိုးနေပြီ…”
ထို့နောက် သူမသည် အမြင့်တစ်နေရာသို့ အေးဆေးလျှောက်သွားလိုက်ကာ သွေးရွှဲနစ်နေသည့် အဝတ်အပိုင်းအစတစ်ခုကို ကောက်ယူလိုက်သည်။ “ဒီကလေးရဲ့ အဝတ်အစားကို ငါကိုယ်တိုင် ဆွဲဆုတ်ခဲ့တာ .. နှမြောစရာကောင်းတာက ငါ သူ့ကို ဒဏ်ရာရအောင်ပဲ လုပ်လိုက်နိုင်တာ မသတ်ခဲ့လိုက်နိုင်ဘူး”
သူမ ရပ်နေသည့်နေရာကို ချူဖုန်း မီးတောက်တော့မည့် မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။ ဤသည်မှာ နွားဝါလေး၏ အင်္ကျီပင်။
မြေပြင်ထက်၌ သွေးစွန်းသည့် ပစ္စည်းများစွာ ရှိနေ၏။ ထိုထဲတွင် နွားနက်ကြီး၏ ဦးချိုတစ်ပိုင်းနှင့် ရွှေလင်းတ၏ အမွေးအတောင်များအပြင် ဝူတန်းတောင်အရှင်၏ ဝတ်ရုံအပိုင်းအစများပင် ပါနေသည်။
“ဒါက တိုက်ပွဲမှာ ငါရခဲ့တဲ့ ဆုတံဆိပ်တွေပဲ .. ငါ့ဟာ နည်းနည်းပဲ ပါတာပါ .. ကျန်တာတွေက တစ်ခြားသူတွေကို ယူလာခိုင်းထားတာ”
ခုံးနတ်သမီးသည် တောက်ပစွာ ပြုံးလိုက်ကာ မြေပြင်ထက်ရှိ ပစ္စည်းများကို ဟိုဟိုဒီဒီ နင်းနေလေ၏။
ချူဖုန်း စလှုပ်ရှားလိုက်၏။ ဤအမျိုးသမီးကိုသတ်ရန် အရှေ့သို့ ခုန်ထွက်လိုက်သည်။
သူ့အမြင်တွင်တော့ ဤခုံးနတ်သမီးဟုခေါ်သည့်သူမှာ ဘာမှနတ်သမီးဆန်မနေ။ သူမသည် အဆိပ်ပြင်းကာ ရက်စက်သည့်သူပင်။ သူမက သူ လုံဟူတောင်ပေါ်တက်အောင် ရန်စနေတာမလား..
ဤအမျိုးသမီးသည် ဟိန်းထုန်အတွက် လက်စားချေပေးရန်အတွက်နှင့် ရူးသွပ်နေလေပြီ။ သူမကို အခုချက်ချင်း မသတ်နိုင်လျှင် နောင်၌ ကြောက်စရာကောင်းသည့်ပြဿနာများစွာ ပေါ်လာလိမ့်မည်။
“သေလိုက်တော့…” ချူဖုန်း ဟစ်ကြွေးလိုက်သည်။
ခုံးနတ်သမီး၏ မျက်ဆံများမှေးကျဉ်းသွားရသည်။ ချူဖုန်းတကယ်လာလိမ့်မည်ဟု သူမ မထင်ထားခဲ့။ ထို့အပြင် ဤလူသည် သူမနှင့် မီတာတစ်ရာအကွာတွင် ရောက်နေလေပြီ။ ဤအကွာအဝေးမှာ သူမတို့ကဲ့သို့သော အဆင့်များအတွက် အလွန်နီးကပ်လှသည်။
“ချူဖုန်း..”
“ဘုရားရေ .. နတ်ဘုရားချူ တကယ်ရောက်လာပြီ…”
တောင်အောက်မှ လူအားလုံး အံ့အားတကြီး ရေရွတ်လိုက်ကြသည်။ သန္ဓေပြောင်းလူနှင့် သားရဲအားလုံး သူ မည်ကဲ့သို့ လုပ်ဆောင်မည်ကို မြင်ချင်နေကြလေပြီ။ သူ ထူးဆန်းသည့်နယ်မြေထဲ ဝင်သွားကာ ရေအောက်မျိုးနွယ်စုများအား သတ်ဖြတ်ပစ်မည်ကို သူ တို့တွေ့ချင်နေကြလေပြီ။
“ကျွန်မ စောင့်နေတာ ကြာလှပြီ” ခုံးနတ်သမီးမှာ ပြာယာမခတ်သွား။ သူမ လက်မြှောက်လိုက်ကာ ကျောက်စိမ်းသတ္တောတစ်ခုကို ဖွင့်လိုက်သည်နှင့် ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
ရွှီး…
ထို့နောက် အံ့အားသင့်စရာကောင်းသည့်သက်တံ့တစ်ခု ထွက်ပေါ်လာလေ၏။ ထိုသက်တံ့မှာ တောက်ပလွန်းလှသောကြောင့် လူများ မျက်လုံးပင် မဖွင့်နိုင်တော့။
ဤသည်မှာ ထာဝရဓားတစ်လက် ကောင်းကင်ထက်၌ ဖြတ်သန်းသွားသကဲ့သို့ပင်။
“မကောင်းတော့ဘူ…” တစ်စုံတစ်ယောက် အော်ဟစ်လိုက်သည်။
လူများသည် ချူဖုန်း ရေအောက်မျိုးနွယ်စုအား သတ်ဖြတ်မည့်မြင်ကွင်းကို မြင်ချင်သော်လည်း ယခု သူတို့ရှေ့၌ ရှိနေသည့်မြင်ကွင်းမှာ သူတို့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ကျောက်စိမ်းသတ္တောထဲ၌ လူသတ်လက်နက်တစ်ခု ရှိနေပြီး ထိုလက်နက်ကြောင့် ခွန်းလွန်တောင်မှ အမဲလိုက်ခွေးဘုရင် ဒဏ်ရာရခဲ့သည်ကို သူတို့ မြင်တွေ့ခဲ့ရပြီးဖြစ်သည်။ ဓားအလင်းတန်းတစ်ခုတည်းဖြင့် အမဲလိုက်ခွေးဘုရင် ဟက်တက်ကွဲသွားခဲ့ရသည်။
ဤလက်နက်မှာ ဓားပျံမဟုတ်ပဲ သင်္ကေတများစွာ ရေးထားသည့် ငွေဖြူရောင်စာရွက်တစ်ရွက်သာဖြစ်ကြောင်း တွေ့လိုက်ရသည့်အချိန် ချူဖုန်း ဆံပင်မွေးများ ထောင်ထသွားရ၏။
ဤသည်မှာ “ရွှေရဟန္တာအဆောင်”နှင့်တူသည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်သည်။
ဤပစ္စည်းမှ ထွက်လာသည့် ဖျက်ဆီးနိုင်စွမ်းမှာ သူတို့အဆင့်သက်ရှိများအတွက် ကြီးမားလွန်းလှသည်။ ဤပစ္စည်းသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများကို ဒဏ်ရာရအောင် လုပ်နိုင်ရုံသာမက သတ်ပင်သတ်ပစ်နိုင်သည်။
သူ့ရန်သူကို လျှော့မတွက်မိ၍ တော်သေးသည်။ အလင်းများ ထွက်ပေါ်လာကာ ချူဖုန်းပျောက်ကွယ်သွားလေ၏။
သူ၏ပုလင်းထဲသို့ ဝင်သွားလိုက်ခြင်းပင်။ ဓားသံတချွမ်းချွမ်း ထွက်ပေါ်လာသော်လည်း သူ ဘာမှမဖြစ်သွား။
ဤပုလင်းကို အစောကြီးကတည်းက သူ စမ်းသပ်ပြီးသားဖြစ်သည်။ ဤပုလင်းမှာ ခုခံနိုင်စွမ်းမြင့်လှပြီး သူ့ကို ချိုင့်ဝင်သွားအောင်ပင် မလုပ်နိုင်။ လုံဟူတောင်၌ အန္တရာယ်ကြုံလျှင် ဤကျောက်စိမ်းပုလင်းကို ခုခံကာကွယ်ရာ၌ အသုံးပြုရန် သူ စီစဉ်ထားခဲ့ပြီးသားပင်။
ခုံးနတ်သမီးတွင် ရွှေရဟန္တာအဆောင်နှင့်တူသည့် လက်နက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့။
ဒါဇင်ဝက်ခန့် တိုက်ပြီးသည့်နောက်တွင် အဆောင်ပျက်စီးသွားသည်။ စာရွက်သည် ဓားအလင်းတန်းများ မထုတ်နိုင်တော့ပဲ တစ်စစီဖြစ်သွားကာ ပြာအဖြစ်ပြောင်းလဲသွားတော့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..” ခုံးနတ်သမီး အံ့အားသင့်သွားရ၏။ ဤနတ်ရေနဂါးအဆောင်မှာ ရှေးနတ်နဂါးမှ ချန်ရစ်ထားခဲ့သည့်ပစ္စည်းပင်။ ဤပစ္စည်းမှာ အထူးပြုလုပ်ထားသည့်ပစ္စည်းမဟုတ်သော်လည်း သာမန်လူများ ခုခံနိုင်သည့် ပစ္စည်းမဟုတ်။
သူမသည် အပြင်ပိုင်းတွင် နူးညံ့သိမ်မွေ့သော်လည်း ဤကဲ့သို့သော လူသတ်လက်နက်မျိုးကို သယ်ဆောင်ထားသည်။ သူမ ရည်ရွယ်ချက်မှာ အခြားသူများကို လာကယ်သည့် ကျွမ်းကျင်သူများ မထင်မှတ်ထားသည့်အချိန် တိုက်ခိုက်ရန်ပင်။
ဤတိုက်ခိုက်မှုမှ ချူဖုန်း လွတ်မြောက်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့။
ထို့နောက် ချူဖုန်း ဝှစ်ခနဲ ပုလင်းထဲမှ ပြန်ထွက်လာကာ ပုလင်းကို ပြန်သိမ်းလိုက်ပြီး ရန်သူထံသို့ လက်သီးမိုး ရွာသွန်းလိုက်သည်။
ခုံးနတ်သမီးအမူအရာ ပြောင်းလဲသွား၏။ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူဖြစ်သောကြောင့် သူမ ပုံပန်းသွင်ပြင်မှာ ငယ်ရွယ်ပုံပေါက်နေသော်လည်း တကယ်တမ်းတွင် သူမသည် နှစ်ရာပေါင်းများစွာ အသက်ကြီးနေပြီဖြစ်သည်။
သူမ ခုံးခွံများကို ခွပ်ခနဲပိတ်လိုက်ကာ သူမကိုယ်သူမ ကာကွယ်လိုက်သည်။
ထို့အပြင် ခုံးခွံများ တောက်ပလာကာ စွမ်းအင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချူဖုန်းထံသို့ ပစ်လွှတ်လိုက်သည်။
“သတ်…”
ချူဖုန်းမကြောက်။ သူသည် ရေနဂါးနတ်ဆိုးလက်သီးနှင့် နွားနတ်ဆိုးလက်သီးကို ပေါင်းစည်းပြီးသွားပြီဖြစ်သောကြောင့် သူ ယခင်ကထက် အားကြီးသွားပြီဖြစ်သည်။
ဝုန်း…
လက်သီးတစ်ချက်ထိုးလိုက်သည်နှင့် သူ့လက်သီးသည် ဖြူဖွေးနေသည့် ခရုခွံကို ထိုးဖောက်သွားကာ ခုံးနတ်သမီး၏ ထိတ်လန့်တကြားအော်ဟစ်သံ ထွက်ပေါ်လာစေခဲ့သည်။
သူမသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူဖြစ်သော်လည်း ယခုအချိန်တွင် သူမ ချူဖုန်းကို မယှဉ်နိုင်။ တစ်ဖက်လူမှာ ပြိုင်ဘက်ကင်းဖြစ်သော်လည်း သူမကတော့ ထိုသို့မဟုတ်။
ခုံးနတ်သမီး၏လက်များ တောက်ပလာကာ သူမကိုယ်သူမ ကာကွယ်ရန် ခန္ဓာကိုယ်ရှေ့ ကွယ်ထားလိုက်သည်။
ကံမကောင်းစွာဖြင့် ချူဖုန်း၏လက်သီးချက်သည် ခုံးခွံကို ဖောက်ထွက်ပြီးနောက် သူမလက်များကို ကျိုးသွားစေကာ သူမခန္ဓာကိုယ်ကို ထိုးဖောက်သွားလေ၏။ သွေးများမှာ နေရာအနှံ့ ဖြာထွက်လာတော့သည်။
“လက်သီးတစ်ချက်တည်းပဲ…” တောင်အောက်မှလူများ အံ့အားသင့်သွားကြရသည်။
ခမ်းနားလှသည့် ခုံးနတ်သမီးမှာ ချူဖုန်း၏ လက်သီးချက်တစ်ချက်တည်းဖြင့် ထိုးဖောက်ခံလိုက်ရလေပြီ…
“အား…” ခုံးနတ်သမီး၏အော်သံ ထွက်ပေါ်လာသည်။
ခွပ်…
ချူဖုန်း လက်ကိုလှုပ်ခါလိုက်သည်နှင့် သူမ အပိုင်းပိုင်းအစစဖြစ်သွားတော့သည်။
ထို့နောက်တွင်တော့ ချူဖုန်း ခြေလှမ်းကျယ်များဖြင့် တာအိုဘုရားကျောင်းငယ်လေးထဲသို့ ဝင်သွားလိုက်သည်။ သူ ကျားဝေလငါးဘုရင်နောက် လိုက်သွားရန် လိုအပ်သည်။
အားလုံး တုန်လှုပ်သွားကြရသည်။ ချူဖုန်း သတ်ဖြတ်မှုကြီးအား စတင်တော့မည်ဖြစ်ကြောင်း သူတို့ အာရုံရနေသည်ပင်။
အပိုင်း ၂၈၅ ပြီး၏။