ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၈၄ – ကုန်းမြေနှင့် ပင်လယ်တို့၏ ထိပ်တိုက်တွေ့ဆုံမှု
စုန့်တောင်ထိပ်မှာ နံနက်ခင်း အနီရောင်တိမ်တိုက်များဖြင့် ဖုံးလွှမ်းနေပြီး အမြဲတမ်းစိမ်းစိုနေသည့် ထင်းရှူးပင်များနှင့် ဆိုက်ပရပ်စ်အပင်များနှင့်အတူ ရှေးဟောင်းဘုရားကျောင်းများကိုလည်း ရွှေရောင်အလင်းတန်းများ လွှမ်းခြုံထားသည်။
ကြီးမားလှသည့် ခေါင်းလောင်းထိုးသံနှင့် ရွှေရောင်တောက်ပနေသည့် ဘုရားကျောင်းများမှာ သဟဇာတရှိလှသည်။
ဤကိစ္စမှာ အရေးကြီးလှသောကြောင့် ချူဖုန်း ချက်ချင်းထွက်သွားရန် ပြင်လိုက်သည်။ လူဝံအကြီးအကဲနှင့် သူ့မိဘများကို နှုတ်ဆက်ပြီးသည်နှင့် ချူဖုန်း တောင်ပေါ်မှ ခုန်ဆင်းလိုက်သည်။
ဒုန်း…
ပြုတ်ကျလာသည့် ဥက္ကာခဲတစ်ခုကဲ့သို့ သူ မြေပြင်ထက်သို့ ရောက်ရှိသွားသည်။ သူ ပြုတ်ကျသည့်အရှိန်ကြောင့် မြေပြင်ပင် တုန်ခါသွားခဲ့ရသည်။
သိပ်သည်းစွာကျနေသည့်နှင်းများ ရပ်တန့်သွားပြီဖြစ်သော်လည်း တောင်ထိပ်နှင့် တောင်တက်လမ်းများကိုသာ လူဝံများ ရှင်းလင်းထားသည်။ ကျန်သည့်နေရာများမှာတော့ နှင်းများ ဖုံးလွှမ်းနေဆဲပင်။
ချူဖုန်းသည် လူသားပုံစံပန်းကန်ပြားပျံကဲ့သို့ တရှိန်ထိုး ပြေးလွှားနေခဲ့သည်။ သူ့လမ်းကြောင်း၌ ရှိနေသည့် သစ်ပင်နှင့် ကျောက်တုံးကျောက်ခဲများအားလုံး ပေါက်ကွဲသွားလေ၏။ မည်သည့်အရာမှ သူ့လမ်းကို မပိတ်ထားနိုင်။
ယခုအချိန်တွင် စုန့်တောင်နှင့် လုံဟူတောင်ကြားမှာ ကီလိုမီတာ ၄၀၀၀ ရှိသည်ပင်။
ယခုအချိန်တွင် သူသည် မည်သည့်စွမ်းအင်ကိုမှ ချွေတာမနေပဲ မီးသတ်သမားကဲ့သို့ အပြေးအလွှား သွားနေခဲ့သည်။
သို့သော် သူ့ခန္ဓာကိုယ် လောင်ကျွမ်းမတတ် ဖြစ်သွားသည့်အချိန်တွင်တော့ သူ ခဏနားရသည်။ မဟုတ်ပါက သူ အချိန်မှီ ရောက်သွားလျှင်ပင် သူ တိုက်နိုင်မည်မဟုတ်တော့။
ယခုမှ နေထွက်လာပြီး သက်ရှိများလည်း စတင်လှုပ်ရှားလာကြသည်။
နံနက်ခင်းနွေးထွေးမှုများမှာ ရုတ်တရက် ပျက်စီးသွားသည်။
မီးတောင်ကြီးများစွာ တစ်ချိန်တည်း ပေါက်ကွဲသွားသကဲ့သို့ တောင်ပိုင်းမှ သတင်းများစွာ ထွက်ပေါ်လာသည်။
ဟွားတောင်မှ ရွှေဂဠုန်မှာ တိုက်ပွဲ၌ ကျဆုံးသွားပြီဟု ပြောကြသည်။ ခွန်းလွန်တောင်မှ အမဲလိုက်ခွေးဘုရင် အသတ်ခံလိုက်ရလေပြီ…
အရာအားလုံးမှာ ရုတ်တရက်ဆန်လွန်းလှ၏။
လုံဟူတောင်၌ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ကုန်းမြေမှ ကျွမ်းကျင်သူများစွာ ရှုံးနိမ့်ခဲ့ကြ၏။ ဝမ်းနည်းစရာကောင်းသည့်သတင်းများမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် တက်လာသည်။
လွန်ခဲ့သည့် ရက်ပေါင်းများစွာက ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူများသည် သူတို့အားလုံး စုပေါင်းကာ တာအိုပညာမြို့တော်ဖြစ်သည့် လုံဟူတောင်ကို တိုက်ခိုက်ရန် စီစဉ်ခဲ့ကြသည်။ ထို့ကြောင့် ကုန်းမြေမှ ကျွမ်းကျင်သူများလည်း အပြေးလေး ရောက်လာကြသည်ပင်။
ထိုနေရာ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးကြောင့် ကုန်းမြေတစ်ခုလုံး၏ အင်အားဖွဲ့စည်းပုံ ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…
နံနက်ခင်းတွင် တိုက်ပွဲမှာ အထွဋ်အထိပ်သို့ ရောက်နေလေပြီ။ ကျွမ်းကျင်သူများစွာ တိုက်ပွဲ၌ ပိတ်မိနေပြီး လုံဟူတောင်တစ်ခုလုံး သွေးချင်းချင်း ရဲနေသည်။
ကုန်းမြေပေါ်မှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ အတော်လေး ထိခိုက်နေလေပြီ။ သူတို့ ရူးသွပ်စွာ တိုက်ခိုက်နေကြသော်လည်း သူတို့သွေးနှင့်သူတို့ ရေချိုးထားသကဲ့သို့ ဖြစ်နေကြသည်။
“တိုင်ဟန်းတောင်က မြွေဖြူလိုမျိုး စွမ်းအားကြီးတဲ့သူတောင် နှစ်ပိုင်း ပြတ်သွားပြီ…”
“ကျောက်စိမ်းဂူကျောင်းအရှင်က ရင်ဘတ်ကို ထိုးဖောက်ခံလိုက်ရတာ … တာအိုကျောင်းမှာ သူ့သွေးတွေ စွန်းသွားပြီ…”
…
ဤကဲ့သို့သော သတင်းများ ပျံ့နှံ့လာသည်နှင့် တစ်လောကလုံး ထိတ်လန့်သွားရသည်။
ဤသည်မှာ ရေကာတာကြီး ကျိုးပေါက်သွားသကဲ့သို့ အားလုံးကို တုန်လှုပ်သွားစေခဲ့သည်။
ထို့နောက်တွင်တော့ အမြင်ရှစ်မျိုးကျောင်းအရှင်သည် လက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီး လုံဟူတောင်ထိပ်၌ ပိတ်မိနေသည်ဟူသော သတင်း ထွက်ပေါ်လာသည်။
ခဏကြာပြီးသည့်နောက်တွင် ပိုစိုးရိမ်စရာကောင်းသည့်သတင်း ထွက်ပေါ်လာသည်။ ဝူတန်းတောင်သခင်သည် ဓားပင်လယ်ထဲ ရောက်သွားပြီး သူ့အဆုံးသတ်ကို မည်သူမှ မသိကြသေး။
တောက်ပသည့်နံနက်ခင်းမှာ အားလုံးအတွက် ကြောက်စရာအခိုက်အတန့်ဖြစ်လာသည်။
ရေအောက်မျိုးနွယ်စု…
ဤတိုက်ခိုက်မှုမှာ ရေအောက်မျိုးနွယ်စုဘက်မှ စတင်လိုက်ခြင်းပင်။
နေရောင်၏ နွေးထွေးမှုမှာ အားလုံး၏ရင်ထဲရှိ အေးစိမ့်နေမှုကို မချေဖျက်နိုင်။ နိုင်ငံအနှံ့မှ လူအားလုံး စိတ်မအေးနိုင်ဖြစ်နေကြသည်။ အားလုံးမှာ ဦးရေပြားများ ထုံကျဉ်သွားပြီး နှလုံးသားထဲ စိုးရိမ်မှုများ ပြည့်နှက်သွားကြသည်။ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြ။
“ရေအောက်မျိုးနွယ်စုက ဘာတွေလုပ်နေတာလဲ.. သူတို့ ရူးသွားပြီလား.. ကုန်းမြေပေါ်က ကျွမ်းကျင်သူတွေအများကြီးကို သတ်ပစ်နေတာ သူတို့ ကုန်းမြေကို ကျူးကျော်ဖို့ ကြံစည်နေတာလား..”
“ဒါကြီးက တကယ်ဖြစ်နေတာလို့ ယုံတောင်မယုံနိုင်ဘူး … ကုန်းမြေက နာမည်ကြီး ကျွမ်းကျင်သူအားလုံး ဆက်တိုက်ရှုံးနိမ့်နေတာ… စဉ်းစားလို့တောင်မရဘူး…”
“ဘာ ပြောင်းလဲမှုလဲ .. ရေအောက်မျိုးနွယ်စုက ကုန်းမြေကို ကျူးကျော်တော့မှာလား…”
အားလုံး ထိတ်လန့်နေကြရ၏။
ချူဖုန်းမှာ သူ၏ခရီးကိုသာ အာရုံစိုက်နေသောကြောင့် ယနေ့မနက်သတင်းများကို မသိသေး။
မနက်ခင်းနေရောင်ခြည်ခံယူပြီး အသက်ရှူစည်းချက်အား အသက်သွင်းလိုက်သည့်အချိန်တွင် သူ့ခြေထောက်များ အတော်လေး စွမ်းအားကြီးလာသည်။ သူ တစ်ချက်ခုန်လိုက်တိုင်း တစ်ကီလိုမီတာကျော် ရောက်သွားသည်။
ဤသည်မှာ နံနက်ခင်းတွင် တောင်ပင်လယ်၌ ရေချိုးပြီး ညနေတွင် ချန်းဝူသို့ ပြန်ရောက်လာသည့် ဒဏ္ဍာရီလာနတ်ဘုရားများနှင့် မခြားတော့။ သူသည် တစ်ရက်တည်းဖြင့် ကီလိုမီတာပေါင်း သောင်းချီ သွားနိုင်သည်။
ချူဖုန်း ခြေထောက်များ တောက်ပလာသည်။ သူ့ခြေထောက်များသည် မြေပြင်နှင့်တစ်ခါထိလိုက်တိုင်း အံ့အားသင့်စရာကောင်းလောက်သည့် စွမ်းအင်များ ထွက်လာသည်။ မြစ်ကျယ်ကြီးများကို တွေ့တိုင်း သူ တိုက်ရိုက်ပင် ခုန်ကျော်သွားလိုက်သည်။
သူ့လမ်း၌ တောင်များရှိနေလျှင်ပင် သူ ခုန်ကျော်သွားနိုင်သည်။
နောက်ဆုံးတွင် သူ မောပန်းလာပြီး အရှိန်လျှော့လိုက်ရတော့သည်။
ဤမောပန်းမှုမှာ သူ့ကိုယ်တွင်းအပူချိန် အလွန်မြင့်နေသောကြောင့်ပင်။ ယခုအချိန်တွင် သူသည် မီးဖိုတစ်လုံးကဲ့သို့ အဖြူရောင်အငွေ့များ ထွက်နေပြီး သူ့မွေးညှင်းပေါက်များမှ စွမ်းအင်များ ထွက်နေသည်။
ချူဖုန်း အရှိန်လျှော့လိုက်ပြီး အသက်လုရှူလိုက်ကာ သူ့ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းလိုက်၏။ ကောင်းကင်နှင့် ကမ္ဘာမြေကြီးမှ စွမ်းအင်များ သူ့ထံသို့ စုဝေးလာပြီး သူ့ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွားတော့သည်။ ဤသည်မှာ သူ့ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်သည်ပင်။
ထိုအချိန်တွင် သူ့ဖုန်း မြည်လာ၏။ လုထုန် ဆက်သွယ်လာခြင်းပင်။
“ကျွန်တော် အမြန်ဆုံးလာနေတယ် .. လမ်းတစ်ဝက်ကျော်နေပြီ .. စိတ်မပူပါနဲ့ .. ကျွန်တော် အတတ်နိုင်ဆုံး မြန်မြန်လာခဲ့မယ်” လုထုန် သူ့ကို လောလိမ့်မည်ဟု ချူဖုန်း ထင်လိုက်ခြင်းပင်။
သူ ပြေးလာခဲ့သည်မှာ ကီလိုမီတာ ၂၅၀၀ ရှိနေပြီဖြစ်သောကြောင့် ၁၅၀၀ လောက်သာ လိုတော့မည်။ ခဏနားပြီးလျှင် သူ မြန်မြန် ပြန်ပြေးနိုင်လေပြီ။
“ငါ မင်းကို လောဖို့မဟုတ်ပါဘူး .. အဲဒီနေရာက လူသတ်ကွင်းကြီး ဖြစ်နေပြီ .. နောက်ပြန်လှည့်လိုက်တော့..” လုထုန် သက်ပြင်းချလိုက်သည်။
“ဘာဖြစ်တာလဲ..” ချူဖုန်း အံ့အားသင့်သွားရ၏။
“မင်း သတင်းမကြည့်ဘူးလား.. အဲဒါဆိုရင်တော့ မကြည့်ဖို့ ငါအကြံပေးလိုက်မယ် .. ချူဖုန်း မှတ်ထား .. အသက်ရှင်ဖို့က အရေးအကြီးဆုံးပဲ … မြန်မြန်ပြန်လှည့်လိုက်တော့…”
ချူဖုန်း ထိတ်လန့်သွားကာ သတင်းများကို မြန်မြန်ကြည့်လိုက်တော့သည်။
ကုန်းမြေက နာမည်ကြီးကျွမ်းကျင်သူအားလုံး ရှုံးနိမ့်သွားပြီးတော့ လုံဟူတောင်မှာ သွေးစွန်းကုန်တာလား… သူ တစ်ခဏခန့် ဆွံ့အသွားရသည်။
“ခွန်းလွန်တောင်က အမဲလိုက်ခွေးဘုရင် သေသွားပြီလား..”
ရှုတောင်က ကြိုးကြာနှစ်ကောင်ရဲ့ အမွေးနဲ့ သွေးတွေ ကောင်းကင်မှာ ပြည့်သွားတာ…
သတင်းများကို ဖတ်လိုက်ရပြီးနောက် သူစိတ်လေးလံသွားရသည်။ မမျှော်လင့်ထားသည့် သတင်းများမှာ သူ့ကို ကြက်သီးထစေခဲ့သည်။ ဒီလူသတ်မှုကြီးက ဘယ်လောက်တောင် ရက်စက်တာလဲ…
ဤလူများမှာ အလွန်စွမ်းအားကြီးကြောင်း သူသိသည်။ သို့သော် သူတို့ အများစုမှာ ဒဏ်ရာရလျှင်ရ မရလျှင်လည်း သေဆုံးသွားကြရသည်။
ဤသတင်းမှန်မမှန် ချူဖုန်း အတည်မပြုနိုင်။ သို့သော် ဤသတင်းသာမှန်လျှင်တော့ လက်ရှိစွမ်းအားအဆင့်သတ်မှတ်ချက်များ ပြိုလဲသွားတော့မည်။
“အမ်…”
ရုတ်တရက် သတင်းတစ်ပုဒ်နှင့်အတူ တွဲပါလာသည့် ဓာတ်ပုံတစ်ပုံကို သူသတိထားမိသွားသည်။ ထိုဓာတ်ပုံထဲတွင် ဝူတန်းတောင်သခင်သည် ရေအောက်မျိုးနွယ်စုများ ဝိုင်းခံထားရပြီး တစ်ကိုယ်လုံး ဒဏ်ရာများ. သွေးများဖြင့် ပြည့်နှက်နေသည်။ သူ့တာအိုဝတ်ရုံမှာ စုတ်ပြဲနေပြီး ဆံပင်ဖြူများလည်း သွေးများ ရွှဲနစ်နေသည်။
တစ်စုံတစ်ယောက်မှ ထိုမြင်ကွင်းကို ဓာတ်ပုံရိုက်ကာ အင်တာနက်ပေါ်၌ တင်ထားခဲ့သည်။
ဤသည်မှာ သူ့မျက်နှာထက်၌ ရက်စက်သည့်အငွေ့အသက်များ ပေါ်ထွက်လာစေခဲ့သည်။ သူ မွန်းကြပ်လာသလို ခံစားလိုက်ရပြီး သူ တိုက်ပွဲထဲ မြန်မြန်ဝင်ပါရမည်ဟု ခံစားလာရသည်။
အကြိမ်ပေါင်းများစွာ ရှေ့ထွက်ကာ သူ့ကို ကာကွယ်ပေးခဲ့သည့်လူအိုကြီး အန္တရာယ်ကျရောက်နေသည်။
အကြီးအကဲ၏ ဆံပင်ဖြူများ သွေးစွန်းနေသည်ကို မြင်လိုက်ရသည့်အချိန် သူ့စိတ်ထဲ တင်းကြပ်သွားရသည်။ အလွန်အန္တရာယ်များလျှင်ပင် သူ တိုက်ပွဲထဲ ဝင်ပါရမည်။
“ဒီသတင်းက အမှန်ဆိုရင်တောင် ရေအောက်မျိုးနွယ်စုတွေလည်း အတော်လေး ပေးဆပ်ရမှာပဲ.. အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ဒီကျွမ်းကျင်သူအုပ်စုကို သူ့ဘာသာသူ သွေးထွက်အောင်တော့ လုပ်နိုင်မှာမဟုတ်ဘူး…”
ချူဖုန်း နွားဝါလေး. နွားနက်ကြီးနှင့် အခြားသူများကို ခေါ်လိုက်သော်လည်း ခေါ်၍မရ။ သူ နွားနှစ်ကောင်နှင့် အဆက်အသွယ်ပြတ်နေလေပြီ။
မန်ချူးကျားနှင့် မြည်းဘုရင်လည်း ဆက်သွယ်၍မရတော့သည့်အချိန်တွင် သူ့အမူအရာ လေးနက်သွားရသည်။
ချူဖုန်း အသက်ပြင်းပြင်းရှူလိုက်ပြီး ဆက်ပြေးလိုက်သည်။ ယခုတစ်ခေါက်တွင် သူ ယခင်ကထက် ပိုမြန်အောင်ပြေးပြီး လမ်းတွင်လည်း မနားတော့။ သူသည် ပျံသန်းနေသကဲ့သို့ပင် တောင်တန်းများကို ဖြတ်ကျော်ခဲ့လိုက်သည်။
နောက်ဆုံး ချူဖုန်း လုံဟူတောင်နားသို့ ရောက်လာသည်။ ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး နီရဲနေပြီး မွေးညှင်းပေါက်များမှ အခိုးအငွေ့များထွက်နေလေပြီ။
ကီလိုမီတာ ၁၅၀၀ မှာ လမ်းတစ်ဖြောင့်တန်းမဟုတ်။ လမ်းတစ်လျှောက်၌ အတားအဆီးမျိုးစုံရှိသည်။ သို့သော် ချူဖုန်းကတော့ နာရီဝက်အတွင်း အပြေးလာခဲ့လိုက်၏။
လုံဟူတောင်မှာ ယခုတလောတွင် သူရဲကောင်းများစွာ စုဝေးရာနေရာဖြစ်နေပြီး ဤနေရာ၌ သန္ဓေပြောင်းလူနှင့် သားရဲများစွာ ရှိနေသည်။
ဤလူများမှာ တောင်ပေါ်သို့ တက်နိုင်ရန် အရည်အချင်းမပြည့်မီသောကြောင့် သတင်းကြားမှသာ အလောတကြီး ရောက်လာကြရခြင်းပင်။
ကုန်းမြေနှင့် ပင်လယ်ကျွမ်းကျင်သူများကြားမှ တိုက်ပွဲအကြောင်း ကြားလိုက်ရသည့်အချိန်တွင်တော့ အချို့သူများသည် အရဲစွန့်ကာ တောင်ပေါ်သို့ ကိုယ်တိုင်တက်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။
ချူဖုန်း စိတ်အေးအောင်လုပ်လိုက်သည်။ သူ ချက်ချင်း ပြေးဝင်မသွား။ အဖြစ်အပျက်များမှာ ဖြစ်ပျက်သွားပြီဖြစ်သောကြောင့် သူ စိုးရိမ်နေလည်း အသုံးမဝင်။
သူ့အခြေအနေကို ပြန်ကောင်းအောင် လုပ်လိုက်သည်။ ဤတိုက်ပွဲတိုက်ရန် သူ အကောင်းဆုံးအနေအထားရှိရန်လိုအပ်ပြီး သေချာပြင်ဆင်ထားရမည်။
မဖြစ်နိုင်ဘူးထင်လျှင် သူ ထွက်ပြေးမည်ပင်။ အလကားသပ်သပ်သေရမည်မှာ သူ့ပုံစံမဟုတ်။ သူ အသက်ရှင်နေသေးသရွေ့ ရေအောက်မျိုးနွယ်စုနှင့် စာရင်းရှင်း၍ရသည်။
သို့သော် သူ အကောင်းဆုံး ကြိုးစားမည်ကိုတော့ ပြောစရာပင်မလို။
သူ့စိတ်ဝိညာဉ်စွမ်းအင်များ ပြန်လည်ဖြည့်တင်းနေသည့်အချိန် သတင်းများကြည့်လိုက်၏။ လက်ရှိအခြေအနေကို သူ နားလည်ထားရန် လိုအပ်သည်။
လုံဟူတောင်မှာ တိုက်ပွဲတွေဖြစ်နေတာ ဘာလို့ ဘယ်သူမှ အောက်ဆင်းမလာကြတာလဲ.. ဤအချက်မှာ ချူဖုန်းကို အံ့အားသင့်စေခဲ့သည်။ သို့သော် ခဏကြာပြီးသည့်နောက်တွင်တော့ သူ အခြေအနေအသေးစိတ်ကို နားလည်သွားတော့သည်။
တောင်ပေါ်တွင် ထူးဆန်းသည့်အာကာသဟင်းလင်းပြင်တစ်ခု ရှိနေသည်။ ရေအောက်နှင့် ကုန်းမြေပေါ်မှ ကျွမ်းကျင်သူအားလုံး ကံစမ်းရန်အတွက် ထိုထဲသို့ ပြေးဝင်သွားခဲ့ကြသည်ပင်။ ထို့ကြောင့် ရှုံးနိမ့်သွားလျှင်ပင် ထွက်ပြေးရန် ခက်ခဲလိမ့်မည်။ အချို့လူများမှာ အထဲဘက်၌ ပိတ်မိနေကြသည်ပင်။
“နွားနက်ကြီးလား..”
မျက်လုံးထဲ ရုတ်တရက် ဝင်လာသည့်ဓာတ်ပုံမှာ ချူဖုန်း၏မျက်လုံးများကို နတ်အလင်းတန်းများ တောက်ပသွားစေခဲ့သည်။
ရွှေဝါရောင်ဆံပင်နှင့် သူရဲကောင်းပုံပေါက်သည့် ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူတစ်ဦးသည် သွေးစွန်းနေသည့် နွားဦးချိုတစ်ခုကို ကိုင်ထားပြီးနောက် မြေပြင်ပေါ်သို့ ပစ်ပေါက်ကာ ခြေထောက်ဖြင့် တက်နင်းလိုက်သည်။
ထိုဦးချိုမှာ နွားနက်ကြီး၏ ဦးချိုနှင့် အတော်ေလး တူနေသောကြောင့် ချူဖုန်း၏မျက်ဆံများ မှေးကျဉ်းသွားရသည်။
ထိုရွှေရောင်ဆံပင်ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူ၏ ခြေထောက်အောက်တွင် ကြိုးကြာဖြူအမွေးအတောင်များနှင့် လူသားလက်မောင်းများလည်း ရှိနေ၏။ ဤသည်မှာ ကြောက်စရာကောင်းသည့် မြင်ကွင်းတစ်ခုပင်။
နတ်ပင်လယ်ကျား…
ဤရွှေဝါရောင်ဆံပင်နှင့် အမျိုးသားသည် ပင်လယ်ကျားမျိုးဆက်ပင်။ သူ့ခွန်အားမှာ အံ့အားသင့်စရာ ကောင်းလှသည်။ သူသည် တစ်ချိန်က လုံဟူတောင်ပေါ်၌ရပ်ကာ မည်သူ သူ့ကို စိန်ခေါ်ရဲသလဲဟု မေးခဲ့သေးသည်။
“ဘလက်ကီကြီး…” ချူဖုန်း စိုးရိမ်လာသည်။ နွားနက်ကြီးက ဒီလူကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာများလား… သူ့ကို စိတ်အေးစေသည့်တစ်ခုတည်းသော အရာမှာ ဤပုံထဲ၌ နွားနက်ကြီး၏အလောင်း ရှိနေခြင်းပင်။
“အမ်…”
ထိုလူ၏ခြေထောက်အောက်တွင် နွားဝါလေး ဝတ်ဆင်တတ်သည့် ရှပ်အင်္ကျီ၏အပိုင်းအစအား တွေ့လိုက်ရသည့်အချိန် ချူဖုန်း တုန်လှုပ်သွားရသည်။
သူ ဒေါသထွက်လာသောကြောင့် သူ့သွေးစွမ်းအင်များမှာ ပင်လယ်ရေလှိုင်းများကဲ့သို့ တက်လိုက်ကျလိုက်ဖြစ်လာပြီး ကြောက်စရာကောင်းသည့်အော်ရာ ထုတ်လွှတ်လာသည်။
သူ အချိန်ဆွဲနေ၍ မရတော့။ သူ ထပ်မစောင့်နိုင်တော့။ ချူဖုန်းသည် တိုက်ပွဲကြီးတိုက်ရန် အနည်းငယ်မှ တွေဝေမနေပဲ ခြေလှမ်းကျယ်များဖြင့် တောင်ပေါ်သို့ တက်သွားလိုက်သည်။
အပိုင်း ၂၈၄ ပြီး၏။