Switch Mode

Chapter – 283

စုန့်တောင်မှ သာ့လင်ကျောင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၈၃ – စုန့်တောင်မှ သာ့လင်ကျောင်း
. ။ ,
“စိတ်မပူပါနဲ့ ငါတို့ အဆင်ပြေတယ် ငါတို့ သူငယ်ချင်းတစ်ယောက်ကို လာလည်ကြတာ” ဖုန်းတစ်ဖက်ခြမ်းမှ ချူကျင်းယွမ်၏ ပုံမှန်မဟုတ်သည့် အသံထွက်ပေါ်လာသည်။

ချူဖုန်း အနည်းငယ်စိုးရိမ်သွားရ၏။ သူတို့နှစ်ယောက်က ဘယ်လိုလုပ် ရုတ်တရက်ကြီး သာ့လင်ကျောင်းက သူငယ်ချင်းတစ်ယောက်ဆီကို သွားလည်ရတာလဲ.. သူ့အဖေအသံမှာ အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားနေရသည်။ ဒီအတောအတွင်းမှာ သူတို့တစ်ခုခုဖြစ်ခဲ့တာလား…

ဤကဲ့သို့သော အခြေအနေမျိုးအတွက် သူတို့ပြင်ဆင်ထားသည့် လျှို့ဝှက်ကုဒ်ကို ချူဖုန်း သုံးလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မည်ကဲ့သို့ ဆက်သွယ်ကြမည်ကို သူတို့ တိုင်ပင်ထားပြီးသားပင်။

“လျှောက်ထင်မနေနဲ့ … ငါတို့ကို ဒီမှာ ကောင်းကောင်းဧည့်ခံထားကြတယ်” ဘေးဘက်မှ ဝမ်ကျင်း ပြောလာကာ ချူကျင်းယွမ်ကို စနောက်လာသည်။

ဘာဖြစ်နေတာလဲ.. ချူဖုန်း အတော်လေး ရှုပ်ထွေးသွားရသည်။

“သာ့လင်ကျောင်းက အကြီးအကဲလူဝံက ငါတို့ရဲ့ မိတ်ဆွေဟောင်းပဲ” ဝမ်ကျင်း ရှင်းပြလာသည်။

ထို့နောက် ဘာဖြစ်နေသည်ကို ချူဖုန်း နားလည်သွားရတော့သည်။

ပြောင်းလဲမှုများ စတင်သည့်အချိန်က သူ တိုင်ဟန်းတောင်မှ ရွှမ်းထျန်သို့ လမ်းလျှောက်သွားခဲ့သည်။ ထိုအချိန်တွင် လူဝံအကြီးအကဲသည် သာ့လင်ကျောင်းကို ဂိုဏ်းတစ်ခုအဖြစ် တည်ထောင်မည်ဟု ကြေညာခဲ့သောကြောင့် တစ်လောကတုံး တုန်လှုပ်သွားခဲ့ကြသေးသည်။

ထိုသတင်းကြားရစဉ်က သူ့အဖေ အတော်လေး စိတ်ပျက်ခဲ့သည်ကို သူ မှတ်မိနေနသေးသည်။

အမြဲတမ်း တည်ငြိမ်ကာ ဂုဏ်သိက္ခာရှိရှိနေတတ်သည့် သူ့အဖေက မတည်ငြိမ်နိုင်တော့သည်မှာ ရယ်စရာကောင်းသည်ဟု သူ ထင်မိခဲ့သေးသည်။

သူတို့ ငယ်စဉ်က စုန့်တောင်သို့ လာခဲ့ကြသေးသည်ဟု ဝမ်ကျင်း ပြောပြလာသည်။ ထိုစဉ်က ဝမ်ကျင်းယွမ်သည် လူဝံများကို အသီးကျွေးချင်သော်လည်း လူဝံထဲမှတစ်ကောင် သူ့ကို ကုတ်ပစ်လိုက်သောကြောင့် သွေးချင်းချင်းနီရဲသွားခဲ့ရသည်။ ထိုအချိန်မှစကာ သူ လူဝံများကို အကောင်းမမြင်တော့။

ထိုအချိန်က သူ ဤကိစ္စကို ဟာသတစ်ခုအဖြစ်သာ မှတ်ယူခဲ့သည်။

သို့သော် သူ့အဖေအား ကုတ်လိုက်သည့် လူဝံမှာ လူဝံအကြီးအကဲ၏မြေးဖြစ်ကြောင်း သိလိုက်ရသည့်အချိန် သူ အံ့အားသင့်သွားရသည်။

ထိုလူဝံသည် ရွှမ်းထျန်သို့ ခဏလာခဲ့သေးသည်။ ချူကျင်းယွမ်တို့ဇနီးမောင်နှံအား ကျောက်စိမ်းဂူကျောင်း၌ တွေ့လိုက်ရသည့်အချိန်က သူ အံ့အားသင့်သွားခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် ဤနှစ်ယောက်ကို သူ မှတ်မိသည်ပင်။

“လူဝံမျိုးဆက်က စုန့်တောင်မှာ ဂိုဏ်းတစ်ခုထောင်ပြီး သာ့လင်ကျောင်းကို တည်ထောင်ခဲ့ကြတာ … သူတို့တွေ ရဟန္တာအသက်ရှူစည်းချက်ပညာကို ရပြီးတဲ့နောက်မှာ သူတို့တွေက ဗုဒ္ဓဘာသာဖြစ်သွားပြီလို့ ပြောလို့ရတယ် .. သူတို့တွေက ကံတရားကို အရမ်းအလေးပေးလာကြတာ … ငါတို့နဲ့တွေ့တာက သူတို့ကံကြွေးဆပ်ဖို့လို့ တွေးနေကြတာလေ” ဝမ်ကျင်း ရယ်မော၍ ပြောလိုက်သည်။

ဒါက အတော်လေး ရှုပ်ထွေးတာပဲ… ချူဖုန်း ဆွံ့အသွားရ၏။

ချူကျင်းယွမ်၏လေသံ ထူးဆန်းနေသည်မှာ အံ့ဩစရာမရှိတော့။ အခြေအနေကို နားလည်ပြီးသည့်နောက်တွင် ချူဖုန်း ရယ်ချင်လာသည်။

သူ စိတ်အေးသွားရသည်။ ထို့နောက် သူလည်း စုန့်တောင်သို့ တတ်နိုင်သမျှ မြန်မြန်လာမည်ဖြစ်ကြောင်း ပြောလိုက်သည်။

ရှီကျင်းမြို့၌ ကိစ္စများကို ရှင်းပြီးသွားပြီဖြစ်ပြီး ရေနဂါးနတ်ဆိုးလက်သီးလည်း ရခဲ့သောကြောင့် ချူဖုန်း အတော်လေး ကျေနပ်နေသည်။

ထိုနေ့တွင် ချူဖုန်း၊ နွားဝါလေးနှင့် နွားနက်ကြီးတို့သည် သူတို့၏ ရေနဂါးလက်သီးပညာကို ပြီးပြည့်စုံအောင် လုပ်လိုက်ကြသည်။

ဤသည်မှာ ချူဖုန်းအတွက် အလွန်သိသာလှသည်။ သူ့ခွန်အားမှာ နောက်တစ်ကြိမ် တိုးသွားလေပြီ။

“ငါတို့ ခဏလောက် သိုသိုသိပ်သိပ်နေရအောင် .. ငါ စုန့်တောင်က သာ့လင်ကျောင်းကို သွားမလို့… မင်းတို့လိုက်ဦးမလား..” ချူဖုန်း မေးလိုက်သည်။

“မလိုက်ဘူး” နွားနက်ကြီး ခေါင်းခါလာကာ သူ့အမူအရာလည်း မည်းမှောင်လာသည်။

ဘာဖြစ်ခဲ့သည်ကို သိနေသောကြောင့် နွားဝါလေး စိတ်ထဲ ကြိတ်ဝမ်းသာနေလေ၏။

“ခင်ဗျားနဲ့ လူဝံအကြီးအကဲက သွေးသောက်ညီအစ်ကိုတွေ မဟုတ်ဘူးလား..” ချူဖုန်း အနာကိုဆွလိုက်သည်။

ယခင်က နွားနက်ကြီးသည် စုန့်တောင်၌ ဗောဓိအသီးကို သွားခိုးခဲ့သော်လည်း လူဝံအကြီးအကဲကြောင့် ပြာနှမ်းနေအောင် ရိုက်ခံခဲ့ရသည်။ လူဝံအကြီးအကဲကို အရိုးထဲထိအောင် ဒေါသထွက်နေသည့်အတွက် သူ မသွားချင်။

“ငါတို့ လက်သီးပညာတွေကို လေ့ကျင့်နိုင်မယ့် နေရာတစ်နေရာ ရှာရအောင် ပြီးရင် ကျန်းရှီကိုသွားမယ် … ငါကြားတာတော့ ရေအောက်မျိုးနွယ်စုတွေက လုံဟူတောင်ကို အချီကြီး တိုက်ကြတော့မှာတဲ့ .. ငါတို့ ဖျာဝင်ခင်းလို့ရမလားဆိုတာ ကြည့်ရအောင်” နွားဝါလေး ပြောလိုက်သည်။

ထို့နောက် စုန့်တောင်တွင် မျောက်ဝိုင်ရှိသလား ကြည့်ခဲ့ရန် နွားဝါလေး ချူဖုန်းကို တီးတိုးပြောလိုက်သည်။

“မျောက်တွေက ဘယ်လိုဝိုင်ဖောက်ရမလဲဆိုတာ သိလို့လား..” ချူဖုန်း အံ့အားသင့်သွားရသည်။

မျောက်ဝိုင်နှင့် ပျားရည်မှာ ဤပြောင်းလဲနေသည့်ကမ္ဘာတွင် တန်ဖိုးဖြတ်မရအောင် အဖိုးတန်ကြောင်း နွားဝါလေး ပြောပြလာသည်။ အချို့ပစ္စည်းများမှာ ထူးခြားသည့်ရတနာပင် ဖြစ်နိုင်သည်။

တစ်ခဏခန့် စဉ်းစားပြီးနောက် ချူဖုန်း နားလည်သွားရသည်။ နတ်အသီးဖြင့် ဖောက်ထားသည့်ဝိုင် သို့မဟုတ် နတ်ဝတ်မှုန်များဖြင့် ပြုလုပ်ထားသည့် ပျားရည်များမှာ အလွန်အဖိုးတန်လိမ့်မည်ပင်။

နောက်ဆုံး ချူဖုန်း သူတို့နှင့် လမ်းခွဲလိုက်၏။ သူ ရွှေလင်းတကို စီးမသွားပဲ သူ့ဘာသာသူသာ သွားလိုက်သည်။

ကမ္ဘာကြီး ပြောင်းလဲသွားပြီးသည့်နောက်တွင် ရှီကျင်းနှင့် စုန့်တောင်မှာ ကီလိုမီတာ ၅၀၀၀ ခန့် ကွာဝေးသွား၏။ သာမန်လူများအတွက်တော့ ဤသည်မှာ အဆုံးမရှိအောင် ဝေးကွာလှသည့် အကွာအဝေးပင်။

သို့သော် ချူဖုန်းကတော့ အမြင့်ဆုံးအရှိန်ဖြစ်သည့် အသံထက် ငါးဆခွဲမြန်သည့်နှုန်ဖြင့်သွားလျှင် တစ်နာရီအတွင်း ရောက်သွားနိုင်သည်။

သို့သော် ပထမနာရီဝက်အတွင်းသာ သူ အရှိန်အမြင့်ဆုံဖြင့် သွားနိုင်လိမ့်မည်။ နာရီဝက်သွားပြီးလျှင်တော့ သူ နားရလိမ့်မည်။ မဟုတ်ပါက ကိုယ်တွင်းအပူရှိန်ကြောင့် သူ ဒဏ်ရာရသွားလိမ့်မည်။

ထိုနေ့ညနေတွင် သူတို့ စုန့်တောင်ခြေသို့ သူ ရောက်သွားသည်။

မြင့်မားထောင်မတ်နေသည့် စုန့်တောင်မှာ အလေးအမြတ်တောင်ငါးတောင်မှ တစ်တောင်ပင်။ ကမ္ဘာကြီး ပြောင်းလဲသွားသည့်အချိန်တွင်တော့ ဤတောင်ကြီးမှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ချိတ်ဆက်နေသကဲ့သို့ ကျယ်ပြန့်လာသည်။

တောင်ထိပ်တွင် ထင်းရှူးပင်နှင့် ဆိုက်ပရပ်အပင်များ ပေါက်နေပြီး ခရမ်းရောင်တိမ်တိုက်များနှင့် အလွန်ပနံသင့်နေသည်။

လအလင်းရောင်အောက်တွင် တောင်တစ်ခုလုံး အနီရင့်ရောင်တောက်ပနေပြီး ရွှေမှုန်လေးများ ဖြန်းပက်ထားသည်။ ဤမြင်ကွင်းမှာ အလွန်ခမ်းနားလှသည်ပင်။

ချူဖုန်း အေးအေးဆေးဆေးပင် တောင်ပေါ်သို့ တက်သွားလိုက်သည်။ ခဏကြာပြီးနောက် သူ တောင်ထိပ်ပေါ်သို့ တိတ်ဆိတ်စွာပင် ရောက်ရှိသွားလေ၏။

ဘုရားကျောင်းများမှာ လရောင်အောက်တွင် တောက်ပနေပြီး ရှေးဗောဓိပင်ကြီးလည်း လေထဲတွင် လွှဲရမ်းနေပြီး ဗုဒ္ဓစာရွတ်ဖတ်သံများ ထုတ်လွှတ်နေသည်။

ဒုန်း ဒုန်း…

ညနေခင်းဗုံတီးသံ ထွက်ပေါ်လာသည်။ ဤနေရာတစ်ခုလုံးမှာ လောကီရေးရာနှင့် ကင်းကွာနေသကဲ့သို့ ငြိမ်းချမ်းလှပြီး ချူဖုန်း၏စိတ်ကို တည်ငြိမ်ငြိမ်းချမ်းစေသည်။

ဝှစ်…

ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။ ဤသည်မှာ လူဝံအကြီးအကဲ၏ လူသားပုံစံပင်။ သူသည် ပိန်ပါးသော်လည်း အရပ်မရှည်။ သူသည် ဗုဒ္ဓအမွေအနှစ်များ လက်ခံပြီးပြီဖြစ်သော်လည်း ဂတုံးမတုံးထားသေး။

လူဝံအကြီးအကဲတွင် ဆံပင်တိုတိုကပ်ကပ်လေး ရှိနေပြီး မျက်လုံးများမှာ မီးအိမ်များကဲ့သို့ တောက်ပနေ၏။

ဤလူမှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ဦးဖြစ်သလို ပထမဆုံးဂိုဏ်းတစ်ခု တည်ထောင်ခဲ့သည့်သူလည်းဖြစ်သည်။

ချူဖုန်း ရောက်လာသည်ကို သူသာ ပထမဆုံးအာရုံခံမိသွားကာ လျှပ်တပြက်ရောက်လာခြင်းပင်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် လူဝံအကြီးအကဲ မည်မျှစွမ်းအားကြီးသည်ကို သိနိုင်သည်။

“မင်္ဂလာပါ စီနီယာ” ချူဖုန်း နှုတ်ဆက်လိုက်သည်။

လူဝံအကြီးအကဲ ပြုံးလိုက်သည်။ သူသည် ငါအကြီးဟု ဂုဏ်မောက်မနေ။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့မှ လူငယ်လေးမှာ အလွန်ထူးခြားလှသည်ကို သူသိသည်ပင်။ ဤလူငယ်လေးသည် အံ့အားသင့်စရာကောင်းသည့် ခွန်အားပိုင်ဆိုင်ထားပြီး သူသည် ပြိုင်ဘက်ကင်းကျွမ်းကျင်သူဖြစ်ကြောင်း သက်သေပြပြီးဖြစ်သည်။

“ငါ ကျန်းရှီကို လာပြီးတော့ မင်းကို လာကူညီသေးတယ် .. ဒါပေမဲ့ သားရဲဘုရင်အုပ်လိုက်ကြီးကို မင်းတစ်ယောက်တည်း ရှင်းပစ်နိုင်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး” လူဝံအကြီးအကဲ ပြောလိုက်သည်။

“စီနီယာရဲ့ စိတ်ရင်းစေတနာအတွက် ကျေးဇူးတင်ပါတယ် စီနီယာ…”

သူတို့နှစ်ဦး လမ်းလျှောက်ရင်း စကားပြောလာခဲ့ကြသည်။ ချူဖုန်း သူ့မိဘများနှင့် တွေ့ဆုံကာ သူတို့ဘေးကင်းကြောင်း အတည်ပြုလိုက်သည်။ ဇာတ်လမ်းအသေးစိတ်အား သိလိုက်ရသည့်အချိန်တွင် သူ အံ့အားသင့်သွားခဲ့ရသေးသည်။

စုန့်တောင်မှာ နေ၍ကောင်းလှသည်ဟု ချူဖုန်း ခံစားရသည်။ ရှုခင်းများမှာ အလွန်လှပလှပြီး ဤနေရာတစ်ခုလုံးတွင်လည်း ခရမ်းရောင်မြူများ ရစ်သိုင်းနေသည်။ ဤနေရာမှာ နေထိုင်ရန်အတွက် တကယ်ကို သင့်တော်သည့် နေရာတစ်ခုပင်။

ချူစုံတွဲ ဘေးကင်းရန်အတွက် လုထုန် ဤစုံတွဲကို ဂျိဒ်ကျောင်းသို့ ပို့ခဲ့ခြင်းဖြစ်သည်။

လူဝံအကြီးအကဲ ထိုစုံတွဲအား ဤနေရာသို့ ဖိတ်ခေါ်ခဲ့သည်မှာ အခြားအကြောင်းပြချက် မရှိလောက်။

“စီနီယာက ကျွန်တော့်ကို သိပ်မယုံကြည်ဘူးပဲ” ချူဖုန်း ပြုံး၍ ပြောလိုက်သည်။ သူ တစ်ခုခုဖြစ်သွားလျှင် တစ်ဖက်လူမှ သူ့မိဘများကို စောင့်ရှောက်ထားရန် ဆုံးဖြတ်ပြီးသွားပြီထင်သည်။

“မဟုတ်ပါဘူး .. ငါ မင်းကို အရမ်းယုံကြည်ပါတယ် .. ဗုဒ္ဓဘာသာက ကံတရားကို အလေးထားတာ .. အဲဒီတော့ မင်းမိဘတွေကို ဒီကိုဖိတ်ခေါ်ထားတာက ငါတို့လုပ်သင့်တဲ့ကိစ္စပါပဲ .. သူတို့ စိတ်အပြောင်းအလဲလေး ဖြစ်သွားအောင် လုပ်ပေးတယ်လို့ သဘောထားလိုက်ပေ့ါ” လူဝံအကြီးအကဲ ပြန်ပြောလိုက်သည်။

ဤသို့ဖြင့် ချူဖုန်း သာ့လင်ကျောင်း၌ နေခဲ့သည်။ ပတ်ဝန်းကျင်ကို သူ အလွန်သဘောကျနေလေ၏။ သူ ခဏလောက် သိုသိုသိပ်သိပ်နေပြီး ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

နံနက်ခင်း… ကြေးစည်သံများကြားတွင်…

“ဓမ္မရဲ့အနှစ်က ဓမ္မမဟုတ်ဘူး .. ဓမ္မမရှိတာကလည်း ဓမ္မပဲ.. တကယ်လို့ အခုခေတ်ငါတို့က ဓမ္မကနေ လမ်းလွဲနေတာဆိုရင် ဘယ်ဓမ္မက ဓမ္မအစစ်လဲ…”

ချူဖုန်း ဗုဒ္ဓဘာသာ ဘုရားရှိခိုးစာအုပ်နှင့် ကျမ်းစာများကို စိတ်ပါဝင်စားစွာ ဖတ်နေသည်။ သူသည် သာ့လင်ကျောင်းမှ လူဝံများထက်ပင် အစောကြီး နိုးနေသည်။

ဤနေရာ၌ နှစ်ပေါင်းထောင်ချီသက်တမ်းရှိသည့် ရှေးဘုရားကျောင်းများ ရှိသကဲ့သို့ ဗုဒ္ဓကျမ်းစာများစွာလည်း ရှိသည်။ ထို့အပြင် ပြန်အသက်ဝင်လာသည့် နတ်သစ်ပင်များလည်း ရှိနေသောကြောင့် သူ့စိတ် အတော်လေး တည်ငြိမ်အေးချမ်းနေသည်။

“ရုပ်ပုံအထွေထွေက စိတ်ကနေ ဖြစ်လာတာ… အကျိုးရှိလို့ အကြောင်းတရားတွေပေါ်လာတာ … သံသရာတစ်ပတ်လည်ပြီးရင် လောကကြီးက ပန်းပေါင်းစုံ ဖူးပွင့်လာလိမ့်မယ်”

ချူဖုန်းသည် ရက်ပေါင်းအတော်ကြာသည်အထိ ဘုရားကျောင်းထဲမှ ထွက်မသွားခဲ့။ ဗုဒ္ဓစာပေများကို ရွတ်ဖတ်ခြင်းဖြင့် စုန့်တောင်၌ အေးအေးလူလူ နားနေခဲ့သည်။

ဤအတောအတွင်း သူ ရေနဂါးလက်သီးကို ပြီးဆုံးခဲ့ပြီး နွားနတ်ဆိုးလက်သီးနှင့် ပေါင်းစည်းခဲ့၏။ ဤသည်မှာ သူ့စွမ်းအားကို အတော်လေး တိုးတက်လာစေခဲ့သည်ပင်။

သူသည် မနက်မှညထိ ပေါ့ပေါ့ပါးပါးသာ နေခဲ့သည်။ မနက်နှင့် ညတွင် လက်သီးပညာကို တစ်ခါစီ လေ့ကျင့်ခဲ့သည်။

ထို့အပြင် သူ၏ရှင်းယီလက်သီးပညာလည်း တိုးတက်လာခဲ့လေပြီ။ ယခုအချိန်တွင် ခေါင်းလောင်းကို ဆင့်ခေါ်သည့်အချိန်တွင် သားရဲ ၇ ကောင်ထိ ထွက်ပေါ်လာပြီဖြစ်သည်။

သူ၏ခုခံနိုင်မှုစွမ်းအားမှာလည်း အတော်လေး တိုးတက်သွားပြီဖြစ်ပြီး မည်သည့်တိုက်ခိုက်မှုမှ မထိုးဖောက်နိုင်သလောက်ပင်။

တစ်ခါတစ်ရံတွင် ချူဖုန်း လူဝံအကြီးအကဲကိုရှာကာ သိုင်းပညာလေ့ကျင့်ခဲ့သည်။ သို့သော် သူ အရမ်းကြီးမတိုက်။ သူ့လက်သီးပညာ တိုးတက်မှုကို သုံးသပ်ရန်အတွက်သာ တိုက်ခိုက်ခဲ့သည်။

လူဝံအကြီးအကဲ ရထားသည့် ရွှေရဟန္တာအသက်ရှူစည်းချက်ပညာမှာ တကယ်တမ်းတွင်တော့ တျန်ဒန်ပြောင်းလဲခြင်းကျမ်းစာသာဖြစ်ကြောင်း သိလိုက်ရသည်။

“စီနီယာက တကယ်ထူးခြားတာပဲ .. တစ်ယောက်တည်းနဲ့ အလေးအမြတ်တောင်ငါးလုံးထဲက တစ်လုံးကို သိမ်းနိုင်တယ်” ချူဖုန်း အထင်ကြီးစွာ ပြောလိုက်သည်။

“ငါကစုန့်တောင်ရဲ့ အပိုင်းသေးသေးလေးကိုပဲ သိမ်းထားတာပါ .. တကယ့်တောင်အစစ်က မြူထဲမှာ ရှိနေတုန်းပဲ” လူဝံအကြီးအကဲ ကောင်းကင်ထက်သို့ လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။

ထိုအချိန်မှသာ နာမည်ကြီးတောင်များအားလုံး အတူတူပင်ဖြစ်ကြောင်း ချူဖုန်း သိလိုက်ရသည်။ သူတို့၏ ပုံစံအစစ်မှာ ယခုထိ ထွက်မလာသေး။

ရက်ပေါင်းများစွာကြာသည်အထိ ချူဖုန်း စုန့်တောင်၌ သီးသန့်နေကာ လူထုမျက်စိရှေ့မှ ပျောက်ကွယ်နေခဲ့သည်။

သို့သော် အပြင်လောကမှာတော့ သူကဲ့သို့ မငြိမ်းချမ်းသေး။ ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူများသည် လုံဟူတောင်ကို အကြီးစားကျူးကျော်နေသောကြောင့် ကျန်းရှီ၌ မုန်တိုင်းတိမ်တိုက်များ စုဝေးနေသည်။

ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူများသည် ဤနေရာကို စုပေါင်းတိုက်ခိုက်ပြီးမှသာ ပြန်လည်ခွဲဝေရန် ဆုံးဖြတ်လိုက်ကြသည်။

လုံဟူတောင်တွင် ရွှေကျီးကန်နှင့်အတူ ဒေါင်းဘုရင်ပေါ်လာခဲ့သည့်အပြင် တိုင်ဟန်းတောင်မှ မြွေဖြူနှင့် ဝူတန်းတောင်သခင်တို့လည်း ပေါ်လာကြသည်။

အမြင်ရှစ်မျိုးကျောင်း၊ ကျောက်စိမ်းဂူကျောင်းနှင့် ဂျိဒ်ကျောင်းအရှင်တို့လည်း အပြေးလေး ရောက်သွားကြ၏။

အဘယ်ကြောင့်ဆိုသော် လုံဟူတောင်ကြီး ပြိုလဲတော့မည်ဟု အားလုံး ခံစားနေရသည်ပင်။

ထို့နောက်တွင် နွားဝါလေး သူ့ကို ဆက်သွယ်လာကာ ခွန်းလွန်တောင်မှ ရွှေဂဠုန်ဘုရင်နှင့် အမဲလိုက်ခွေးဘုရင်တို့လည်း ထိုနေရာသို့ သွားပြီဖြစ်ကြောင်း ပြောပြလာသည်။

ကျန်းရှီမှာ အတော်ေလး ရှုပ်ထွေးလာသည်။ ဘုရင်များသည် ရေအောက်မျိုးနွယ်စုများနှင့်အတူ တောင်ပေါ်သို့ တက်ချင်နေကြသည်ပင်။

“စီနီယာ မသွားဘူးလား..” ချူဖုန်း လူဝံအကြီးအကဲကို မေးလိုက်သည်။

“တာအိုပညာရှေးကျောင်းတော်ကို ရင်ဆိုင်ဖို့က အဲဒီလောက်မလွယ်ဘူး .. ဒီတစ်ခေါက်တော့ မပါတော့ဘူး” လူဝံအိုကြီးဆုံးဖြတ်ချက်ချလိုက်သည်။

“ချူဖုန်း ဒီကို မြန်မြန်လာခဲ့.. ရတနာကြီးတစ်ခု ပေါ်လာတော့မယ် .. အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့သူတွေ အလောတကြီး ပြေးလာနေကြတာ အံ့ဩစရာမရှိတော့ဘူး .. အဲဒီရတနာက တိုက်ရလောက်အောင် အဖိုးတန်လိမ့်မယ်ထင်တယ်” နွားနက်ကြီး သူ့ကို မြန်မြန်လာရန် လောဆော်လာသည်။

“မင်းတို့တွေ ဒီပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေကြားထဲကို ဝင်မပါကြနဲ့ … အားလုံးက အဆင့်မြင့်ချင်နေကြတာ .. နည်းနည်းလေးမှားသွားတာနဲ့ မင်းတို့ ကြားညှပ်သွားလိမ့်မယ်” ချူဖုန်း လေးနက်စွာ သတိပေးလိုက်သည်။

သူ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ အခြားသူများ ကံဆိုးသွားမည်ကို သူ စိုးရိမ်လာသည်။

ချူဖုန်း ထိုတိုက်ပွဲထဲ ဝင်မပါချင်။ ထိုနေရာကို သွားဖူးပြီးသားဖြစ်သောကြောင့် တောင်ထိပ်ထိရောက်အောင် မတိုက်နိုင်ဟု သူ ယုံကြည်၏။ သူ့အင်အားတိုးလာအောင်သာ အရင်လုပ်ချင်သည်။

“ချူဖုန်း မင်းဒီကိုလာပြီးတော့ ကျောင်းအရှင်ကို ကယ်ပေးလို့ရမလား .. သူ အဲဒီမှာပြဿနာကြီးတက်နေပြီ” လုထုန် ချူဖုန်းကို ရုတ်တရက် ဆက်သွယ်ကာ အကူအညီတောင်းလာသည်။

“ဘာဖြစ်နေတာလဲ.. ရေအောက်မျိုးနွယ်စုတွေက တောင်ကို သိမ်းဖို့အတွက် အလုပ်ရှုပ်နေကြတာ မဟုတ်ဘူးလား…” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

“ရတနာတစ်ခု ပေါ်လာပြီးတော့ အဲဒီရတနာက အခု ကျောင်းအရှင်လက်ထဲမှာ” လုထုန် သူ့အား လျှို့ဝှက်စွာ ပြောလာသည်။

ချူဖုန်း သက်ပြင်းချ၍ စတင်ထွက်ခွာသွားရန်သာ တတ်နိုင်တော့သည်။ “ဒီတစ်ခေါက် ကျွန်တော် သူ့ကျေးဇူးအားလုံးကိုပြန်ဆပ်လိုက်မယ်”

အပိုင်း ၂၈၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset