Switch Mode

Chapter – 14

မျက်လုံးနဲ့ မြင်တာထက်

Chapter – 14 မျက်လုံးနဲ့ မြင်တာထက်

မြေဆီလွှာတွေ သိမ်းလို့ပြီးတော့ ဘလော့ဟက်နဲ့ ရော့ဟက်တို့ကိုခေါ်ပြီး မယ်ရင်းတို့ရှိတဲ့နေရာဆီ ထွက်လာခဲ့လိုက်သည်။ အစေခံတွေ ဘယ်လိုလုပ်ဆောင်နေတယ်ဆိုတာကို သူတွေ့ချင်၏။

သံတောင်က မိုင်းတွင်းတွေက တော်တော်လေး ကြီးမားကျယ်ပြန့်ပြီး လူပုလေးတွေ သေချာတူးဖော်ခဲ့တာတွေဖြစ်သည်။ လူပုလေးတွေရဲ့ အတွေ့အကြုံတွေအရ ပြိုကျမှာတွေ စိတ်ပူစရာမလိုလောက်အောင် ခိုင်မာတောင့်တင်းအောင် တူးထားခဲ့ကြခြင်းဖြစ်သည်။

မယ်ရင်းနဲ့မာဂ့်တို့က မိန်းကလေးတွေဆိုပေမယ့် သူတို့မှာ ဂရင်းဆိုတဲ့ထောက်တိုင်ကြီးရှိတာမို့ ကလန်တွင်းနေရသည်မှာ အခက်အခဲမရှိခဲ့ပေ။ ဒါ့အပြင် ကျောက်ဟိုင်ရဲ့စကားတွေက လွတ်လပ်ခွင့်ရနိုင်ဖို့အတွက် အစေခံတိုင်းက ကြိုးကြိုးစားစားလုပ်ကိုင်နေကြသည်ဖြစ်ရာ မယ်ရင်းတို့ ကြည့်ရှုပေးဖို့မလိုတော့တဲ့အထိပင်။

မိုင်းတွင်းတွေကို ရှင်းလင်းပြီးနောက်မှာ အသုံးပြုလို့ရတဲ့နေရာအနည်းငယ်ကိုသာ တွေ့ရသည်။ ဆယ်မီတာဝန်းကျင်ကျယ်ဝန်းတဲ့ မိုင်းတွင်းဂူတွေက လူပုလေးတွေက သူတို့နေဖို့အတွက် ဆောက်လုပ်ခဲ့တာတွေဖြစ်သည်။ ရှေ့ပိုင်းနားလောက်သာ နေလို့အဆင်ပြေပြီး နောက်ပိုင်းထဲတွင်တော့ ရေတွေရှိလေသည်။ ဒီအေ၇ှ့ပိုင်းလေးကတင် မျက်လုံးပြာယုန်တစ်သောင်းထိ မွေးဖို့လုံလောက်နေပေပြီ။

လူပုတွေက နေထိုင်ဖို့အတွက် ရည်ရွယ်ဆောက်ခဲ့တာမို့ ဥမင်တွေမှာ ရေရလွယ်သလို ထွက်ရလွယ်ပြီး တစ်ခုခုဆိုပုန်းခိုဖို့အတွက်လည်း အဆင်ပြေနေသေးသည်။

ကျောက်ဟိုင်အတွက် အခုမှပထမဆုံးအကြိမ်အဖြစ် လူပုလေးတွေလုပ်ခဲ့တဲ့သံတောင်ကို မြင်ရခြင်းပင်။ သံတောင်က ပင်လယ်ရေမျက်နှာပြင်အထက် မီတာတစ်ထောင်လောက်သာမြင့်သည်။ သံတောင်က အနက်ရောင်မြေတွေကို စက်ဝိုင်းသဏ္ဍာန်ဝိုင်းကာ တည်၇ှိသည်။

သူနေတဲ့ရဲတိုက်က သံတောင်ရဲ့ ဆင်ခြေလျှောနေရာတွင်၇ှိပြီး ရဲတိုက်အနောက်ဘက်တွင် သံတောင်တွေကို တန်းမြင်နိုင်သည်။

လူပုလေးတွေတူးထုတ်ခဲ့တဲ့ ဥမင်တွေ၊မိုင်းတွင်းတွေက သံတောင်ရဲ့ဝမ်းဗိုက်နားတွင် တည်၇ှိသည်။

မွဲခြောက်ခြောက်အပင်တွေနဲ့ ပတ်ဝန်းကျင် အနေအထားကိုကြည့်ပြီး သူတို့ကို ဒီနေရာကို ဘာလို့ပို့လိုက်မှန်းသိလိုက်သည်။ ဒီနေရာကား ကန့်သတ်နယ်မြေငါးခုထဲက တစ်ခုဖြစ်တဲ့ ပျက်စီးနေသော ပုပ်သိုးသွားတဲ့ရွှံနွံအိုင်ဟုခေါ်သေးသည်။

ဘူတမိသားစုတွေသာ ဒီနေရာမှာနေလို့ကတော့ တိုးတက်ကြီးပွားဖို့ဆိုတာကို အိပ်မက်ထဲမှာတောင် မက်လို့မဖြစ်နိုင်တော့ပေ။ ဒါကြောင့်လည်း ဂရင်းက ဒီနေရာကိုပြောင်းရမယ်မှန်းသိလိုက်တဲ့အခါမှာ ပိုက်ဆံတွေထုတ်သုံးပြီး လိုအပ်တာတွေဝယ်ခဲ့ခြင်းပင်။

မယ်ရင်းတို့ဆီ ရောက်သွားတော့ သူတို့တွေ အလုပ်၇ှုပ်နေတာမို့ ကျောက်ဟိုင်ကိုသတိမထားမိပေ။

ဥမင်ကိုလည်းမြင်ရော ကျောက်ဟိုင် ပါးစပ်အဟောင်းသားဖြစ်သွားရလေသည်။ လူပုလေးတွေတည်ဆောက်ခဲ့တယ်ဆိုပေမယ့် အ၀င်ဝက ငါးမီတာကျယ်ပြီး သုံးမီတာမြင့်သည်။ အထဲတွင်တော့ ကျောက်တုံးမြို့တော်တစ်ခုပုံစံ တည်ဆောက်ထားသည်။ နံရံတွေ၊အမိုးတွေနဲ့ ပြင်ဆင်ထားပုံတွေက ကျောက်ဟန်မမျှော်လင့်ထားမိတာတွေပင်။ လူပုလေးတွေအနေနဲ့ ဒီလိုမြေအောက်မြို့တော်တစ်ခုအလား တည်ဆောက်နိုင်မယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့ဖူးချေ။ မျက်လုံးပြာယုန်တွေမပြောနှင့် လူတွေပင် အယောင်တစ်သောင်းလောက် အသာလေးနေလို့အဆင်ပြေလေသည်။

ဒီနေရာကို လျှို့ဝှက်ခံတပ်လုပ်လို့ရတယ်။

သို့ပေမယ့် ပြုပြင်ရမှာတွေ၊ ပြင်ဆင်ရမှာတွေကို တွေးမိပြန်တော့ ကျောက်ဟိုင် ဒီကိစ္စကို ခေါင်းထဲက ထုတ်လိုက်သည်။

ကျောက်ဟိုင်ရောက်လာတာမြင်သွားတော့ မယ်ရင်းတို့တွေ အပြေးရောက်လာကြသည်။

“ သခင်လေး ဒီကိုဘယ်လိုရောက်လာတာလဲ။ ဒီနေရာက ညစ်ပတ်နေတာ သခင်လေးအတွက် မသင့်တော်ပါဘူး”

“ ဘာမှမဖြစ်ပါဘူးအဘွားရဲ့ ကျွန်တော်တစ်ချက်လာကြည့်တာပါ။ အဘွားမယ်ရင်းဒီလိုဥမင်တွေ ဘယ်နှစ်ခု၇ှိလဲ”

မယ်ရင်းကပဲ

“ ဒီလောက်ကြီးတဲ့ဥမင်ကတော့ နှစ်ခုပဲရှိပါတယ် သခင်လေး။ ဒီတစ်ခုက ရဲတိုက်ရဲ့မျက်နှာချင်းဆိုင်မှာရှိပြီးတော့ နောက်တစ်ခုကတော့ တစ်ဖက်ခြမ်းမှာရှိပါတယ်။အခြားမိုင်းတွင်းဂူလေးတွေက သိပ်မကြီးပေမယ့် တစ်ဆယ့်နှစ်ခုလောက်တွေ့ထားပါတယ်”

“ ဒါဆိုကောင်းပါတယ်။ အခြားဘက်ကတစ်ခုထက် ဒီတစ်ခုကိုပဲ အရင်သုံးကြရအောင်။ ဒါ့ထက် ဒီဥမင်က ဘယ်လောက်နက်လဲအဘွား။ တကယ်လို့ မျက်လုံးပြာယုန်တွေကို ဒီထဲထည့်မွေးထားပြီးရင် သူတို့ကိုပြန်ဖမ်းလို့မမိတော့ရင် ဘယ်လိုလုပ်မလဲ”

“ ဒါတော့ သခင်လေးစိတ်မပူပါနဲ့။ လူပုလေးတွေက သေချာစဉ်းစားပြီးလုပ်ထားကြလို့ အောက်ဘက်နက်နက်ကိုဆက်သွားရင်ရေတွေပဲရှိပါတယ်။ ဘယ်ကိုနက်မလဲတော့မသိနိုင်ပေမယ့် ယုန်လေးတွေအတွက်တော့ အဆင်ပြေပါတယ်”

“ ဒါဆိုကောင်းတာပေါ့။ အ၀င်အထွက်အတွက်ကတော့ သေချာစီစဉ်လိုက်ပါဦး”

“ စိတ်ချပါသခင်လေး ကျွန်မ သေချာလုပ်မှာပါ။ သခင်လေးစိတ်မပူပါနဲ့”

“ အဘွားမယ်ရင်း ကျွန်တော်လည်း အလျှင်မလိုတာမို့လို့ အဘွားအလုပ်တွေကိုပဲ သေချာလုပ်လို့ရပါတယ်။ ဒီဥမင်ကိုသေချာရှင်းလင်းပြီးရင်တော့ ရဲတိုက်နဲ့ဆက်သွယ်ဖို့ လမ်းဖောက်ဖို့လိုလိမ့်မယ်”

“ သခင်လေး စိတ်ချပါ ကျွန်မ အကုန်လုံးဆောင်ရွက်လိုက်ပါ့မယ်”

“ ဒါဆို ကျွန်တော် ရေတွေအလုပ်လုပ်လားမလုပ်လားသိရဖို့ အထဲဝင်ကြည့်လိုက်ပါဦးမယ်”

“ ကျွန်မလည်း လိုက်ခဲ့ပါမယ်သခင်လေး။ ကျွန်မက ရေစွမ်းအားကိုအထူးပြုတဲ့မှော်ပညာသည်ဆိုတော့ တစ်ခုခုဆို သခင်လေးကို ကူညီနိုင်မှာပါ”

ကျောက်ဟိုင်လည်း တားမနေတော့ဘဲဝင်ခဲ့လိုက်တော့သည်။

ဥမင်က ဆင်ခြေလျှောသဏ္ဍာန်ဖြစ်ကာ မတ်စောက်သည်။ နံရံတွေမှာတော့ ကွန်ပျူတာဂိမ်းတွေထဲကလို အတုံးပုံလေးတွေတွေ့ရသည်။ များသောအားဖြင့်ကတော့ သယ်ထုတ်ခံထားရပေပြီ။

မာဂ့်က အစေခံတွေကိုကြည့်ဖို့ နေခဲ့လေတော့ သူတို့လေးယောက်သာ ၀င်ခဲ့တာဖြစ်သည်။ မီတာရာကျော်လောက်သွားပြီးမှသာ မြေအောက်ရေကန်ကိုတွေ့ရသည်။ မြေအောက်ရေကန်ဟုဆိုခြင်းမှာ ကျယ်ပြန့်လွန်းတာကြောင့်ဖြစ်သည်။

အပြင်ဘက်ကလာတဲ့အလင်းရောင်နည်းနည်းနဲ့သာ ရေကန်ကိုမြင်ရခြင်းဖြစ်ပြီး ကျယ်လောင်တဲ့ရေသံတွေကြောင့် သူမှန်းဆနိုင်ခြင်းပင်။

ထိုအချိန်တွင် သူ့ဘေးမှအလင်းရောင်ပေါ်လာ၏။

မယ်ရင်းလက်ထဲမှ အလင်းရောင်ထွက်လာခြင်းပင်။ ဒီအရာကား မှော်ပညာဖြစ်သည်။ အာ့ဆုကုန်းမြေက မှော်ပညာသည်တိုင်း ဒီလိုအလင်းရောင်ရဖို့အတွက်သုံးတဲ့ မှော်နည်းလမ်းကို တတ်မြောက်ကြသည်။ လွယ်ကူသလို အခြားပစ္စည်းတွေလည်းမလိုတာမို့လို့ ပညာသည်ကျောင်းသားတွေပင် တတ်မြောက်ကြသည်။

ထိုအလင်းရောင်အကူအညီနဲ့ကြည့်လိုက်မှ အမှန်တကယ်ကို မြေအောက်ရေကန်လို့ဆိုနိုင်မှန်း သိရ၏။ ပုံမှန်မြေအောက်ရေကန်တွေထက်ပင်ကျယ်ပြောနေသေးပြီး အဆုံးကိုပင်မမြင်နိုင်ပေ။

ရေကန်ထဲမှာ ကျွန်းအနည်းငယ်ကိုလည်းမြင်နေရပေသည်။ထိုကျွန်းတွေက စတု၇န်းမီတာဒါဇင်ကျော်လောက်သာကျယ်ပေမယ့်တိုင်လုံးတွေသဖွယ် အထက်အောက်လျှောနေသည်။

“ အဘွားမယ်ရင်း အဲ့ဒါတွေက တိုင်လုံးတွေလားဘာတွေလဲ”

“ သခင်လေးမြင်တာမမှားပါဘူး။ ဒါတိုင်တွေပါ။ လူပုလေးတွေက တိုင်တွေရှိရာကျွန်းလေးတွေပေါ်ရပ်ပြီး အခြားလူပုလေးတွေ အလုပ်လုပ်တာကိုစောင့်ကြည့်ကြတယ်။ ခေါင်းဆောင်လူပုက အမိန့်ပေးခိုင်းစေတဲ့အခါ အဲ့ဒိနေရာပေါ်တက်ရပ်တော့ သိသိသာသာ၇ှိတာပေါ့။ ပြီးတော့ကန်ရေကိုလည်း ဖြန့်ဝေဖို့ ဒီနေရာတွေကပဲလုပ်ကြတယ်”

“ ဒါဆိုကောင်းတာပေါ့ ဒီကန်ထဲမှာငါးမွေးရမယ်”

“ ဒါပေမယ့်သခင်လေး ရေတွေက ရေသေဖြစ်နေပေမယ့် ကျွန်မ ရေစွမ်းအင်တွေကိုခံစားမိနေတယ်။ ကျွန်မစိုးရိမ်တာက ငါးတွေထည့်မွေးလိုက်တော့မှ ရေတွေထဲကူးခတ်ပြီး တခြားတစ်နေရာကိုရောက်သွားမှာကိုပါ”

“ အဘွားပြောတာလည်းမှန်နေတာပဲ။ အဘွားပဲ သေချာစီစဉ်လိုက်ပါ ကျုံးထဲမှာလည်း ဒီလိုအတွေးတွေကြောင့် ဘာမှလုပ်လို့မရဘူးဖြစ်နေတာ”

“ စိတ်ချပါသခင်လေး ကျွန်မစီစဉ်လိုက်ပါမယ်”

“ အဘွားမယ်ရင်း ကျွန်တော်လေ့လာဖို့အတွက် ရေနည်းနည်းလိုချင်တယ်”

ကျောက်ဟိုင်ဘာလို့ဒီလိုပြောမှန်း မယ်ရင်းမသိပေမယ့် လက်တွေကိုဝေ့ရမ်းလိုက်တဲ့အခါ တစ်မီတာအရွယ်၇ှိတဲ့ ရေဘောလုံးလေးက ကန်ထဲကမြောက်တက်လာသည်။

ကျောက်ိဟိုင်မှာ မယ်ရင်းကိုအားကျသလို ကြည့်နေဖြစ်သည်။ မှော်ပညာတတ်တော့ ကောင်းလိုက်တာ။

သူ့ရှေ့ကို ရောက်လာတာနဲ့ ထည့်သိမ်းဖို့တွေးလိုက်တယ်ဆိုရင်ပဲ မျက်စိရှေ့က ပျောက်ကွယ်သွားသည်။

ဒီရေတွေ နေရာလပ်ဒေသထဲတကယ်ရောက်၊မရောက် စစ်ဆေးပြီးမှ ကျောက်ဟိုင်သက်ပြင်းချနိုင်သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset