Switch Mode

Chapter – 282

ကြယ်တာရာ နွယ်ပင်

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၈၂ – ကြယ်တာယာနွယ်ပင်

ရောင်စုံနွယ်များသည် နေရောင်အောက်၌ စိမ်းစိုတောက်ပနေကြသည်။

အချို့မှာ နီရဲနေပြီး လေတိုက်၍ သစ်ရွက်များ လှုပ်ခတ်သွားသည်နှင့် ကောင်းကင်တစ်ခုလုံး နီရဲသွားသည်။ အချို့မှာ နှင်းပွင့်များကဲ့သို့ ညင်သာစွာ လွှဲရမ်းနေသည်။ အချို့အပင်များမှာ နဂါးနက်ချိတ်ဆွဲထားသကဲ့သို့ မည်းနက်နေသည်။

ဤနွယ်ပင်များမှာ မြို့ကြီးအားလုံးအထက်၌ မီတာတစ်ရာ၊ မီတာတစ်သောင်း၌ ရှိနေကြသည်။

“ဒါက တကယ်ပဲ ဘာတွေလဲ..” ချူဖုန်း ရေရွတ်လိုက်သည်။

နွယ်ပင်ပေါ်တက်ပြီး မြူများထဲ ဝင်ရောက်ပျောက်ကွယ်သွားသူ့လူပေါင်း တစ်ထောင်၊ နှစ်ထောင်ခန့် ရှိနေပြီဟု ပြောကြသည်။

အချို့မှာ သန္ဓေပြောင်းများဖြစ်ပြီး အချို့မှာ သာမန်လူများပင်။ သူတို့သည် သူတို့လက်ရှိ အခြေအနေကို ပြောင်းလဲရန်အတွက် စွန့်စားလိုက်ကြလေ၏။

နွားဝါလေးသည် နွယ်ပင်များကို သေချာကြည့်ပြီးနောက် “ဒါက ကြယ်တာယာနွယ်ပင်တွေနဲ့ နည်းနည်းတူတယ်” ဟု ပြောလာသည်။

“သူတို့က နာမည်ကြီး အပင်တွေလား..” ချူဖုန်း မေးလိုက်၏။

“အင်း အရမ်းနာမည်ကြီးတယ် .. သူတို့တွေ အရွယ်ရောက်သွားရင် နေလုံးကြီးကိုကွယ်ပြီး ကြယ်ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားလိမ့်မယ်” နွားဝါလေး၏ နုနယ်သည့် မျက်နှာလေးတွင် လေးနက်သည့် အမူအရာများ ရှိနေသည်။

သူတို့က အဲဒီလောက်တောင် စွမ်းအားကြီးတာလား… ချူဖုန်း အံ့အားသင့်သွားရသည်။

“ဒါက ကြယ်တာယာနွယ်ပင်ရဲ့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ် .. သူတို့အခုမှ အပင်ပေါက်တာ… ကြီးလာပြီး ပြောင်းလဲသွားဖို့က လိုသေးတယ် .. အပင်က ကြီးလာတာနဲ့ ပြောင်းလဲမှုတွေအများကြီး ဖြစ်လာလိမ့်မယ်”

နွားဝါလေး၏ အမူအရာမှာ ပို၍လေးနက်လာသည်။ ဤကြယ်တာယာနွယ်ပင်၏ အံ့အားသင့်စရာကောင်းသည့်အချက်မှာ သူ့နာမည်အတိုင်း ကြယ်ကောင်းကင်၌ အမြစ်တွယ်ခြင်းဖြစ်ပြီး အပင်များမှာ ကြယ်ပေါင်း ထောင်ပေါင်းများစွာနှင့် ချိတ်ဆက်နေနိုင်ကြောင်း အားလုံးကို ပြောပြလိုက်သည်။

ကြယ်ပေါင်းထောင်ပေါင်းများစွာနဲ့ ချိတ်ဆက်နိုင်တယ်ဟုတ်လား… ချူဖုန်း အံ့အားသင့်သွားရသည်။ ဒါက အပင်ပဲမဟုတ်ဘူးလား … ဤကိစ္စမှာ အာရေဗီယန် တစ်ထောင့်တစ်ညပုံပြင်နှင့်ပင် တူနေလေပြီ။

“လက်တစ်ဆုပ်စာလောက်ပဲ အဲဒီအဆင့်ကို ရောက်မှာပါ” နွားဝါလေး ရှင်းပြလာသည်။ ဤအပင်များမှာ သူနေခဲ့သည့် လောက၌ပင်မရှိ။ သူ သိသမျှအားလုံးမှာ ရှေးဟောင်းမှတ်တမ်းများမှဖြစ်သည်။

“တစ်နေ့တည်းနဲ့ ကောင်းကင်တစ်လုံး ကြယ်တာယာနွယ်ပင်တွေနဲ့ ပြည့်သွားတာ .. ဒါက ဘာသဘောလဲ..” ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

“အစေ့တွေက အာကာသမှာ လွင့်မျောနေပြီးတော့ ဒီပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ အပင်လာပေါက်တာဖြစ်နိုင်သလို အပြင်လောကက တစ်ယောက်ယောက် တမင်သက်သက် စိုက်လိုက်တာလည်း ဖြစ်နိုင်တယ်” နွားဝါလေး ပြန်ဖြေလာသည်။

ထို့ကြောင့် သူ ချူဖုန်းကို လက်လွတ်စပယ် မြူထဲ မဝင်ခိုင်းခြင်းပင်။ ဤမြူများမှာ အခြားနေရာတစ်ခုနှင့် ဆက်နေနိုင်သောကြောင့် ဤသည်မှာ အန္တရာယ်များလှသည်။

“နာမည်ကြီးတောင်တွေအားလုံးမှာ လမ်းတစ်ခုစီရှိကြတယ် .. ကောင်းကင်ကြီးလည်း အဲဒီလိုဖြစ်သွားတာလား .. ငါဘာလို့ ကမ္ဘာကြီးက အပေါက်တွေနဲ့ ပြည့်နေတယ်လို့ ခံစားလာရတာလဲ.. ဒါမှမဟုတ် နေရာတိုင်းမှာ တစ်ခြားလောကနဲ့ ဆက်သွယ်ထားတဲ့ လမ်းတွေရှိနေတယ်လို့ ပြောရမှာလား…”

“အစကတည်းက အဲဒီလိုမျိုးပဲလေ .. မဟုတ်ရင် အပြင်လောကကလူတွေက ဘာလို့ စွန့်စားပြီး ဒီလောကကို လာနေမှာလဲ .. အားလုံးက ကံကောင်းမှုတွေကို သိမ်းယူဖို့ပဲ” နွားဝါလေး အဝေးသို့ ငေးကြည့်၍ ပြောလိုက်သည်။

“ဒီလောကကြီးမှာ ချိတ်ပိတ်ထားတဲ့ နေရာတွေအများကြီး ရှိနေတာက ဒီနေရာက ဘယ်လောက်ထူးခြားလဲဆိုတာကို ပြနေတာပဲ .. အဲဒီနေရာတွေမှာ တာအိုနယ်မြေတွေတောင် ရှိနေနိုင်တယ်” နွားဝါလေး လက်ညှိုးထိုး၍ ပြောလိုက်သည်။

နယ်မြေများကို လေ့လာခြင်းမှာ ကျင့်စဉ်ကျင့်ကြံရသည်ထက် ဆယ်ဆလောက်ပိုခက်သည်။ အပြင်လောကမှာပင် ဤအကြောင်း လေ့လာချင်သည့်သူ အနည်းငယ်သာရှိသည်။

ထိုလူနည်းစုမှာလည်း ထိပ်တန်းအဆင့် စွမ်းအားရှင်များပင်။

သို့သော် ဤကမ္ဘာမြေတွင်တော့ နာမည်ကြီးတောင်တိုင်း၌ နယ်မြေတစ်ခုစီ ရှိနေသည်။

“ငါ မင်းတို့ကို နောက်တစ်ခေါက် သတိပေးလိုက်မယ် .. ဒီမှာ တစ်နှစ်ကျင့်ကြံတာက တစ်ခြားနေရာတွေမှာ ဆယ်နှစ်၊ နှစ်တစ်ရာကျင့်ကြံတာနဲ့ ညီမျှတယ် … တစ်ချို့ တာအိုမြေတွေ ပွင့်လာပြီး နတ်သစ်ပင်တွေ ပြန်ကောင်းလာတော့ ပထမအဆင့်ဂိုဏ်းတွေတောင် ငြိမ်ငြိမ်ထိုင်မနေနိုင်ကြတော့ဘူး .. ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီကိုလာဖို့က အဲဒီလောက် မလွယ်ဘူး” နွားဝါလေး အတိတ်အကြောင်းကို နောက်တစ်ကြိမ် ပြန်ပြောကာ သူ ယခုကဲ့သို့ လျင်မြန်စွာ တိုးတက်နိုင်သည့် အခွင့်အရေးအား တန်ဖိုးထားရန် ချူဖုန်းကို သတိပေးလိုက်သည်။ အခွင့်အရေးတစ်ခါ လွှဲချော်သွားသည်နှင့် တစ်ဘဝလုံး နောင်တရနေလိမ့်မည်။

ထို့ကြောင့်လည်း ကျွမ်းကျင်သူများစွာသည် ရှိသမျှအားကုန်သုံးပြီး သူတို့တပည့်များအား ဤလောကသို့ လွှတ်ရန် ကြိုးစားနေကြခြင်းပင်။ သူတို့ သူတော်စင်ဖြစ်လိုကြသည်။

ရွှေလင်းတဘုရင် အောက်ဆင်းလိုက်သောကြောင့် နွားနက်ကြီး၊ မြည်းဘုရင်နှင့် မန်ချူးကျားတို့ သူတို့စကားကို နားစွန်နားဖျား ကြားသွားလေ၏။

“ညီလေး … မင်း ဒါကို အခွင့်ကောင်းယူပြီး နယ်မြေစာအုပ်ကို လေ့လာလိုက်လေ .. ပြီးတော့ နာမည်ကြီးတောင်တွေအကုန်လုံးကို သိမ်းရမယ် .. အဲဒီနတ်ဘုရားမတွေ၊ တာအိုသားတော်တွေ၊ သူတော်စင်မတွေ ရောက်လာရင် သူတို့တွေက ငါတို့တွေကို ငမ်းငမ်းတက်ကြည့်ရုံပဲ တတ်နိုင်တော့မှာ .. အဲဒီအချိန်ကျရင် မင်း နတ်ဘုရားမတွေကို မင်းကိုယ်လုပ်တော် လုပ်ခိုင်းလို့ရတယ်၊ ငါလည်း ကျားဖြူမတစ်ချို့ကို ခေါ်လို့ရမှာ .. ငါတို့ ကလေးနည်းနည်းလောက် ခေါ်လို့လည်းရတယ် .. အဲဒါဆိုရင် ငါတို့ သူတော်စင်ဘိုးဘေး ဖြစ်လာမှာပဲ…” ကျားဖြူကြီး အရှက်မရှိ ပြောလာသည်။

“ခင်ဗျားပဲ ကျုပ်တို့ကို အရင်ဆုံး သစ္စာဖောက်ပြီး သူတို့တွေနဲ့ စီးတော်ယာဉ် ဒါမှမဟုတ် ဂါးဒီးယန်းသားရဲ သွားလုပ်မှာကိုပဲ စိုးရိမ်ရတာ” နွားဝါလေး မကျေမနပ် ပြောလိုက်သည်။

“လျှောက်ပြောမနေနဲ့ .. ငါက အဲဒီလောက် သစ္စာမရှိတဲ့သူပုံ ပေါက်နေလို့လား..”

“ပေါက်တယ်…” နွားနက်ကြီး လေးနက်စွာ ခေါင်းညိမ့်ပြလာသည်။

နောက်တစ်နေ့တွင် လင်းနွိုင် ပြန်ရောက်လာသည်။ သူမသည် သာမန်အတိုင်းသာ ဝတ်စားထားသောကြောင့် ပုန်ကန်တတ်သည့် ဆယ်ကျော်သက်လေးနှင့်ပင် တူနေသည်။ သူမသည် တီရှပ်အပွနှင့် ဂျင်းအပြဲကို ဝတ်ဆင်ထားခဲ့သည်ပင်။

ဤကဲ့သို့သော အဝတ်အစားမျိုးမှာ သူမ အဆင့်အတန်းနှင့် မကိုက်ညီ။

သူမသည် ချူဖုန်းနှင့်အတူ လမ်းမထက်၌ ဦးတည်ချက်မရှိလမ်းလျှောက်နေလေ၏။

ထိုကဲ့သို့ ဝတ်ဆင်ထားသော်လည်း သူမ၏ အေးစက်စက်ဟန်ပန်ကို ဖုံးကွယ်၍မရ။ သူမသည် ရေခဲတောင်ထိပ်၌ ပွင့်လာသည့် နှင်းကြာပန်းကဲ့သို့ မွှေးရနံ့သင်းပျံ့နေသည်။

“တကယ့်ခေတ်ကြီး ရောက်လာတော့မယ်” အဝေးရှိကောင်းကင်ထက်မှ နွယ်ပင်များကို ကြည့်ပြီး လင်းနွိုင် ပြောလိုက်သည်။ သူမ မျက်နှာထက်တွင် မျှော်လင့်မှုနှင့်အတူ စိုးရိမ်မှုများလည်း ရှိနေသည်။

ပြောင်းလဲမှုများနှင့် ပတ်သက်လျှင် သာမန်လူများထက် အဖွဲ့အစည်းများကို ပိုနားလည်သည်ပင်။ လင်းနွိုင်ကဲ့သို့ လူငယ်လေးပင် အကြီးအကဲများထံမှ လျှို့ဝှက်သတင်းအချို့ ရထားသေးသည်။

မကြာခင်တွင် ကမ္ဘာကြီး၌ လျင်မြန်လှသည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာတော့မည်။ အင်အားကြီးသည့်သူများ ပို၍ အင်အားကြီးလာမည်လား .. သို့မဟုတ် အားနည်းသည့်သူများ အင်အားကြီးလာမည်လား.. ပြောင်းလဲမှုများ ဖြစ်ပေါ်လာလျှင် အားကြီးသည့်သူကို အနိုင်ယူနိုင်သည့် အခွင့်အရေးများ ပေါ်လာနိုင်သည်ပင်။

အပြင်လောကမှ သက်ရှိများပင် ဝင်ရောက်လာနိုင်သည်။

လင်းနွိုင်သည် ချူဖုန်းအား စိုက်ကြည့်လိုက်ပြီးနောက် ဤအတောအတွင်း သိုသိုသိပ်သိပ်နေရန် လေးလေးနက်နက် အကြံပေးလာသည်။ နောက်လာမည့်ခေတ်၌ ရှင်သန်နိုင်ရန်ကိုသာ ဦးစားပေးသင့်ကြောင်း ပြောပြလာသည်။

ချူဖုန်း ခေါင်းညိမ့်လိုက်ကာ သူမ စေတနာကို အသိအမှတ်ပြုလိုက်သည်။ အိမ်ပြင်၌ ရှိနေသည့် အိမ်ခေါင်မိုးအရင်ပျက်စီးတတ်သည်ကို သူသိသည်ပင်။ ယခု နာမည်ကြီးတောင်များ နှင်းများဖြင့် ဖုံးလွှမ်းနေပြီး ကောင်းကင်မှလည်း နွယ်ပင်များ ကျနေသည်။ လောကကြီးမှာ မကြာခင် ပြောင်းလဲတော့မည်မှာ သိသာလှသည်။

အဖွဲ့အစည်းအားလုံး တိတ်တဆိတ်စောင့်ဆိုင်းနေသည့် နေ့ရက် ရောက်လာလေပြီ။

သူ ဝိုင်းပြီး အမဲလိုက်ခံရသည့်နာကျည်းမှုကို မချေဖျက်နိုင်သေး။ သူ သိုသိုသိပ်သိပ်မနေခင် အားလုံးရှင်းပစ်ချင်သေးသည်။

လင်းနွိုင် ထပ်ခါတလဲလဲ စည်းရုံးပြီးသည့်နောက်တွင်တော့ သူ ခေါင်းညိမ့်လိုက်ရသည်။ “ပြောင်းလဲမှုတွေကို စောင့်နေတုန်း ငါ ကျင့်ကြံနေလိုက်မယ်”

အထီးကျန်သောသူသည် နန်ဟွားကျမ်းစာကို ဖတ်သင့်ပြီး အလုပ်မရှိသောသူကတော့ ဟွမ်ထင်ကျမ်းစာကို အလွတ်ကျက်နေသင့်သည်ဟု ပြောကြသည်။ ကြည့်ရသည်မှာ သူ တိတ်တိတ်ဆိတ်ဆိတ် အေးအေးချမ်းချမ်းနေရန် လိုအပ်နေသည့်ပုံပင်။

သူတို့ ယခင်တစ်ခေါက် တွေ့ကတည်းက လင်းနွိုင် ဘုရင်အဆင့်သို့ ရောက်သွားပြီဖြစ်သည်။ ယခုတစ်ခေါက်တွင် သူမ ပို၍ စွမ်းအားကြီးလာသည်။

ချူဖုန်း တောင်ပင်လယ်မှ နဂါးဘုရင်အကြီးအကဲအကြောင်း သိချင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ဤရေနဂါးမှာ သူ့ကို အတော်လေး စိုးရိမ်စေသည်ပင်။ လင်းနွိုင်ကို မေးရန်အတွက် သူမ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။

ဒိမ်ဒီအဖွဲ့ ယခင်က ပင်လယ်ပြင်ကို လေ့လာခဲ့ပြီး သတင်းအတော်များများ ရခဲ့သည်ကို သူသိသည်။

“သူ့ရဲ့ကျင့်ကြံတဲ့သက်တမ်းက နှစ်ပေါင်း ၁၅၀၀ ကျော်ရှိတယ် .. သူ့မှာ သားသုံးယောက်ရှိပြီး အဲဒီထဲမှာ ဟိန်းထုန်က အငယ်ဆုံး” လင်းနွိုင် သူမ သိသမျှကို အသေးစိတ် ရှင်းပြလာသည်။

ချူဖုန်း ဖိအားများသွားရ၏။ အချက်အလက်အားလုံးမှာ ဤနဂါးအိုကြီး အလွန်စွမ်းအားကြီးကြောင်း ပြနေသည်။

“သူ ကမ်းခြေကို မလာလောက်သေးဘူး .. ကုန်းမြေနဲ့ယှဉ်ရင် ပင်လယ်က ကံကောင်းမှုတွေလည်း မနည်းဘူး .. ရေအောက်မှာ ဒဏ္ဍာရီလာ နဂါးသိုက်တွေတောင် ရှိတယ် .. ပိုပြီးအရေးကြီးတာက သူ အခု နဂါးဖြစ်တည်ခြင်းအသီးကိုလိုက်ရှာရင်း အလုပ်များနေတာ … ဒီအသီးက သူ့အတွက် အရမ်းအရေးကြီးတယ်”

နဂါးဘုရင်မှာ ဤလပိုင်းအတွင်းတော့ ကုန်းမြေပေါ်သို့ ရောက်မလာဟု လင်းနွိုင်ခန့်မှန်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် နဂါးဖြစ်တည်ခြင်းအသီးအတွက် ယှဉ်ပြိုင်မှုမှာ အတော်လေးပြင်းထန်လှသည်။ သဲလွန်စသေးသေးလေးကပင် သွေးမုန်တိုင်းကြီး ဖြစ်သွားစေရန် လုံလောက်သည်။ မည်သည့်ဘုရင်ကမှ နောက်ဆုတ်မည်မဟုတ်။

“လပိုင်းအတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားနိုင်တယ်” ချူဖုန်း ပြုံးလိုက်သည်။ ထိုအချိန်ကလျှင် သူ စိတ်ပူစရာလိုတော့မည်မဟုတ်။ ကမ္ဘာကြီး ပြောင်းလဲတော့မည်ပင်။ သူ လုပ်ရမည်မှာ အခွင့်အရေးကို ဆုတ်ကိုင်ကာ ဆက်တိုက် အဆင့်တက်ရန်ပင်။

သူ့လက်ထဲ၌ အစေ့သုံးစေ့ရှိသည်။ နာမည်ကြီးတောင်ပေါ်မှ သန္ဓေပြောင်းမြေများ အသက်ဝင်လာသည်နှင့် သူ ဤအစေ့များကို စိုက်၍ရသည်။

ထို့နောက်တွင်တော့ ချူဖုန်း ရေနဂါးနတ်ဆိုးလက်သီးပညာ မှတ်တမ်းတင်ထားသည့် ကျောက်စိမ်းပိုင်းအကြောင်း မေးလိုက်သည်။ ပရီချင်းကျောင်းမှာ ယခုထက်ထိ ပြန်မပေးသေးကြောင်း သူမ တွန့်ဆုတ်စွာ ပြောလာသည်။

ချူဖုန်းသည် ထိုနေ့တွင် အခြားသူများနှင့်အတူ ထွက်သွားကာ ရှီကျင်းသို့ ဦးတည်သွားလိုက်၏။ ထိုနေရာမှာ ပရီချင်းသုတေသနကျောင်း ရှိနေသည့်နေရာပင်။

ရှီကျင်းသည် တရုတ်မင်းဆက်ပေါင်း ၃၀ ၏ မြို့တော်ဖြစ်ခဲ့ပြီး သမိုင်းကြောင်းအရှည်ဆုံး ရှေးဟောင်းမြို့တော်ဟု ပြော၍ရသည်။

ထိုမြို့မှာ ပထမဆုံးချင်မင်းဆက်အုတ်ဂူနှင့်လည်း အတော်လေး နီးလှသည်။

ပရီချင်းသုတေသနကျောင်းမှာ ဤမြို့၌ တည်ရှိသည်။ သူတို့သည် အစပိုင်းတွင် ချင်ခေတ်မတိုင်မီက သမိုင်းကြောင်းကို လေ့လာခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် အဖွဲ့မှာ တစ်ဖြည်းဖြည်းကြီးလာကာ အဖွဲ့အစည်းတစ်ခု ဖြစ်လာခဲ့သည်။

ချင်ခေတ်သမိုင်းကြောင်းကို လေ့လာရင်းဖြင့် သူတို့ ရှေးဟောင်းလက်နက်တစ်မျိုးကို ရရှိခဲ့ကာ အဆင့်လွန်စွမ်းအားများအကြောင်း သိခဲ့ကြရသည်။ ထို့ကြောင့် နောက်ပိုင်းတွင် ဤအဖွဲ့အစည်းမှာ ထူးခြားသည့်စွမ်းအင်များနောက် လိုက်လာကြခြင်းပင်။

ရှီကျင်းရှေ့ဟောင်းမြို့ရိုးမှာ မားမားမတ်မတ် ရှိနေဆဲပင်။ မြို့ရိုးများမှာ မီးခိုးရောင်သန်းကာ အစက်အပြောက်များရှိနေပြီး အချိန်၏တိုက်စားမှုကို ပြသနေသည်။ ဤသည်မှာ ကောင်းကင်နှင့် ကမ္ဘာမြေကြီးကြား ပန်းချီကားချုပ်ကြီး ချိတ်ဆွဲထားသကဲ့သို့ပင်။

ဤမြို့တွင်လည်း ကောင်းကင်ထက်မှ နွယ်ပင်များ ကျဆင်းနေသည်။

“သတင်းထူးရှိတယ် .. တစ်ချို့လူတွေ တကယ် ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ခဲ့ကြတယ် … သူတို့ပြောတာ နွယ်ပင်အဆုံးထိ တက်သွားရင် ကောင်းကင်နန်းတော်ရှိတယ်တဲ့ .. တစ်ချို့တွေက နတ်အသီးတွေ ရှာတွေ့ခဲ့ကြပြီး ဘုရင်တစ်ဝက်အဆင့် ရောက်သွားကြပြီ”

ချူဖုန်းတို့အဖွဲ့ ရှီကျင်းမြို့ထဲ လမ်းလျှောက်နေတုန်း ဤသတင်း ရခဲ့ကြသည်။

မြို့ကြီးအားလုံးတွင် နွယ်ပင်များ ရှိနေသောကြောင့် ဤသတင်းများမှာ လျင်မြန်စွာပင် ပျံ့နှံ့သွားခဲ့သည်။

အချို့သာမန်လူများ သန္ဓေပြောင်းများဖြစ်လာကာ အချို့သန္ဓေပြောင်းများမှာ ဘုရင်တစ်ဝက်အဆင့် ဖြစ်သွားကြသည်။

“ငါတို့ အဲဒီကို တက်သွားရင် ချက်ချင်း ပြိုင်ဘက်ကင်းဘုရင် ဖြစ်လာလောက်လား…” နွားနက်ကြီး မေးလိုက်သည်။

“မစွန့်စားနဲ့ .. ငါတို့ကို မျှားခေါ်နေတာလို့ ငါခံစားနေရတယ်” လက်တည့်မစမ်းကြည့်ရန် ချူဖုန်း နွားနက်ကြီးကို သတိပေးလိုက်သည်။

စိတ်မကောင်းစွာဖြင့် သူတို့ ကျောင်းအလွတ်ကြီးကိုသာ တွေ့လိုက်ရသည်။ အဆောက်အဦးတစ်ခုလုံး တိတ်ဆိတ်နေပြီး အရေးမကြီးသည့် ဝန်ထမ်းအချို့သာ ရှိသည်။

ချူဖုန်းသည် တစ်ရက်တည်းဖြင့် အဖွဲ့အစည်းနှစ်ခုကို ရိုက်ချခဲ့သောကြောင့် ဤမြင်ကွင်းမှာ ဖြစ်သင့်သည်ပင်။ အခြားအဖွဲ့အစည်းများအားလုံး ပြင်ဆင်ထားကြမည်ပင်။

ပရီချင်းကျောင်းသည် အရေးကြီးသည့်ပုဂ္ဂိုလ်အားလုံးကို ရွှေ့ပြောင်းထားပြီး အန္တရာယ်ကို ရှောင်ရှားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ခဏကြာပြီးနောက် သူ ရင်းနှီးနေသည့်မျက်နှာတစ်ခု ပေါ်လာသည်။ ဤသည်မှာ သူ ရွှမ်းထျန်၌ တွေ့ခဲ့သည့် ကျီဟုန်လင်းပင်။ သူသည် ပရီချင်းကျောင်း၌ အရေးပါသည့် အထက်လူကြီးတစ်ဦးဖြစ်ပြီး ချူဖုန်းအား ရေနဂါးနတ်ဆိုးလက်သီးပါသည့် ကျောက်စိမ်းအား ပေးခဲ့သည့်သူလည်း ဤလူပင်။

“ငါ ဒီကို ရောက်နေတာက ငါ့ရဲ့ရိုးသားမှုကို ပြသဖို့ပါ .. ညီလေးချူကို လုပ်ကြံတဲ့ထဲမှာ ငါတို့တကယ် မပါခဲ့ဘူး”

ထို့နောက် သူသည် အခြားကျောက်စိမ်းပိုင်းတစ်ခုကို ပေးလာကာ ဤသည်မှာ သူတို့ ဒိမ်ဒီမှ ငှားထားခြင်းဖြစ်ကြောင်း ပြောလာသည်။ ချူဖုန်းကို ပေးလိုက်ရန် လင်းမိသားစုထံမှ ခွင့်ပြုချက် ရထားပြီးသားပင်။

ဤကိစ္စမှာ ထင်မထားသည့် ကိစ္စပင်။ တစ်ဖက်လူသည် ပေါ်လာရဲသည့်အပြင် အတော်လေး နှိမ့်ချနေကာ ချူဖုန်း လိုချင်နေသည့် ကျောက်စိမ်းတုံးကို ချက်ချင်း ထုတ်ပေးလာသည်။

ရေနဂါးနတ်ဆိုးလက်သီးပညာနှင့် နွားနတ်ဆိုးလက်သီးပညာအား ပေါင်းစည်းလိုက်လျှင် သူ့ခွန်အားမှာ အနည်းဆုံး နှစ်ဆတိုးလာမည်ဖြစ်ကြောင်း နွားဝါလေး စိတ်လှုပ်ရှားစွာ ပြောလာသည်။

ယခင်တစ်ခေါက် မပြည့်စုံသည့်ရေနဂါးလက်သီးနှင့် ပေါင်းစည်းစဉ်ကပင်လျှင် သူ့ခွန်အားများ တိုးလာသည်ကို သူ ခံစားမိသည်ပင်။

ချူဖုန်း ကျီဟုန်လင်းနဖူးကို ထိကာ အိပ်မွေ့ချလိုက်သော်လည်း ပရီချင်းမှာ သူ့အားတိုက်ခိုက်ခဲ့သည့် သက်သေ မတွေ့ခဲ့ရ။ သူ လေကို လက်သီးဖြင့် ထိုးမိလိုက်သလို ခံစားလိုက်ရသည်။

သို့သော် ကောင်းသည့်အပိုင်းမှာ သူ ရေနဂါးလက်သီးပညာ၏ ဒုတိယပိုင်းကို ရလိုက်လေပြီ။

“ချူဖုန်း .. ငါတို့ သာ့လင်ကျောင်းမှာ..”

မထင်မှတ်ထားသည့် ဖုန်းကောလ်ကြောင့် ချူဖုန်း အံ့အားသင့်သွားရ၏။ သူ့မိဘများမှာ စုန့်တောင်မှ သာ့လင်ကျောင်း၌ ရောက်နေသည်။

အပိုင်း ၂၈၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset