Switch Mode

Chapter – 281

ထိပ်တန်း ၁၀ ဦး

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၈၁ – ထိပ်တန်း ၁၀ ဦး

ကျန်းနင်မြို့…

ချူဖုန်းတို့အုပ်စုသည် အခြားသူများကို မထိတ်လန့်စေပဲ သိုသိုသိပ်သိပ်သာ ရောက်လာကြသည်။ လူအများစုမှာ သူတို့ ကျန်းရှီ၌ ရှိနေဆဲဟု ယုံကြည်နေကြသည်ပင်။

ချူဖုန်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများမှာ ယခုအချိန်ထိ အားကောင်းနေဆဲပင်။ သူ ရေအောက်မျိုးနွယ်စုအား ဆန့်ကျင်ရဲသည့်ကိစ္စမှာ ကိစ္စကြီးပင်။

ချူဖုန်းသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများကိုပင် သတ်နိုင်နေပြီဖြစ်သောကြောင့် အများစုမှာ သူ့အင်အားအစစ်ကို ဆွေးနွေးလာကြ၏။

နောက်ဆုံးတွင်တော့ ချူဖုန်းသည် အရှေ့တိုင်း၏ ထိပ်တန်းကျွမ်းကျင်သူ ၁၀ ဦး စာရင်းဝင်သွားပြီဖြစ်ကြောင်း ယုံကြည်လိုက်ကြရသည်။ ဤစာရင်းမှာ တစ်ကမ္ဘာလုံးမှ လက်ခံထားသည့်စာရင်းမဟုတ်သော်လည်း အလွန်ထူးခြားလှသည့်စာရင်းတစ်ခုပင်။

ခွန်းလွန်တောင်မှ လားမားဘုန်းတော်ကြီး၊ ခုန်ထုန်တောင်မှ တောင်လိပ်ကြီး၊ ဟွားတောင်မှ ရွှေဂဠုန်ကြီး… အားလုံးမှာ ထိပ်တန်း ၁၀ ဦးစာရင်းဝင်သူများပင်။

နှစ်ပေါင်း ရာချီ၊ ထောင်ချီ အသက်ရှည်ကြသည့် ထိုနတ်ဆိုးအိုများနှင့်ယှဉ်လျှင် ချူဖုန်းမှာ အလွန်ငယ်ရွယ်သေးသည်။ သူ အင်အားကြီးလာသည်မှာ လျင်မြန်လွန်းလှသည်ပင်။

တကယ်ဟုတ်ဟုတ်မဟုတ်ဟုတ် ချူဖုန်း ထိပ်တန်း ၁၀ ဦးစာရင်းဝင်သည်ဟူသည့် သတင်းမှာ ပွက်လောရိုက်သွားခဲ့သည်။

ထို့နောက်တွင်တော့ သူ ဤကဲ့သို့ အင်အားကြီးလာ ရသည့် နောက်ကွယ်မှ အကြောင်းရင်းကို ဆန်းစစ်လာကြပြီး အများစုမှာ သူ့အသက်ရှူစည်းချက်ပညာကြောင့် ဖြစ်လိမ့်မည်ဟု ယုံကြည်လာကြသည်။

သို့သော် ယခုတစ်ခေါက်တော့ ဤနတ်ဆိုးဘုရင်ကို မည်သူမှ ဗလိုင်းကြီး မတိုက်ရဲကြတော့။

ဒိမ်ဒီ၊ လင်းအိမ်တော်တွင်…

ရှုဝမ်ယီ၏ ဤနောက်ပိုင်းနေ့ရက်များမှာ ပျော်ရွှင်မှုနှင့် စိုးရိမ်မှုကြား ဗျာရိုက်နေသည်။ ချူဖုန်း ဒဏ်ရာရသွားသည့်သတင်း ကြားရသည့်အချိန် သူမ ပျော်ရွှင်ခဲ့ရသော်လည်း ယခုတော့ သူ ပြန်လာလေပြီ။

ယခင်က သူမ ညီမလေး ရှုဝမ်ချင်းနှင့် မုအိမ်တော်မှသခင်လေးတို့ ပူးပေါင်းကာ ချူဖုန်းကို တိုက်ခိုက်ခဲ့ကြသည်။ သို့သော် သူတို့ တိုင်ဟန်းတောင်၌ သေဆုံးသွားခဲ့ကြရသည်။ ရှုဝမ်ယီသည် ချူဖုန်းကို ရန်သူအဖြစ်သတ်မှတ်ထားကာ အမြဲတမ်း လက်စားချေရန် ကြံစည်နေခဲ့သည်ပင်။

သို့သော် ချူဖုန်း ဘုရင်အဆင့်ရောက်သွားသည့်အချိန်တွင်တော့ သူမ မတိုက်ခိုက်ရဲတော့။

“သူက ရေအောက်မျိုးနွယ်စုကို ဆန့်ကျင်ပြီးတော့ တောင်ပင်လယ်က နဂါးဘုရင်ကို ရန်စထားတာ…” ရှုဝမ်ယိ ရယ်မောလိုက်သည်။ သူမ စိုးရိမ်မှုများမှာ မကြာခင် ကွယ်ပျောက်သွားတော့မည်ဟု သူမ ခံစားနေရသည်။

နဂါးအကြီးအကဲမှာ နှစ်ပေါင်း ၁၅၀၀ ကျင့်ကြံသက်တမ်းရှိသည်။ သူသည် ပင်လယ်အနက်ပိုင်း၌ နဂါးဖြစ်တည်ခြင်းအသီးကိုရှာဖို့ အလုပ်များနေတာသာမဟုတ်လျှင် သူ အစောကြီးကတည်းက ကမ်းပေါ်သို့ တက်လာလောက်လေပြီ။

“အမ် .. အပြင်ဘက်က ဘာလို့ အဲဒီလောက် ဆူညံနေတာလဲ..” ရှုဝမ်ယီ အံ့အားသင့်သွားရသည်။

လင်းမိသားစုသည် အတော်လေးကြီးမားလှပြီး ဗီလာဝန်းထဲ၌ အဆောက်အဦးများစွာ ပိုင်ဆိုင်ထားသည်။ ရုတ်တရက်ထွက်ပေါ်လာသည့် ဆူညံသံများကြောင့် ရှုဝမ်ယီ အံ့အားသင့်သွားရသည်။

“မမလေး … မကောင်းတော့ဘူး .. ကျွန်မကြားတာ နတ်ဆိုးဘုရင်ချူ ရောက်လာပြီတဲ့…” သူမအကူတစ်ယောက် သူမကို လာသတင်းပို့လာသည်။

“ဘာ .. သူက ကျန်းရှီမှာမဟုတ်ဘူးလား..” ရှုဝမ်ယီ အံ့အားသင့်သွားရသည်။ သူမသည် ချူဖုန်းကို အကြိမ်ပေါင်းများစွာ ပစ်မှတ်ထားဖူးပြီး သူ့မိဘများကိုပင် ထိခိုက်အောင် လုပ်ဖူးသည်။ ချူဖုန်း သူမအား လက်စားလာချေမည်ကို သူမ စိုးရိမ်ထိတ်လန့်နေသည်ပင်။

ခဏကြာပြီးနောက် ချူဖုန်း သူမနာမည်ကိုမေးလာပြီး သူ့ကိုတွေ့ရန် လာနေပြီဖြစ်ကြောင်း ကြားလိုက်ရသည်။

ရှုဝမ်ယီ မျက်နှာဖြူဖျော့သွားကာ သတိလစ်မတတ် ဖြစ်သွားရသည်။

ထိုအချိန်တွင် လင်းမိသားစု၏ အရေးကြီးပုဂ္ဂိုလ်များကိုယ်တိုင် ထွက်လာကာ ချူဖုန်းအား ဧည့်ခန်းထဲသို့ ခေါ်လာကြသည်။ အသက်ကြီးသည့်အကြီးအကဲများပင် ချူဖုန်းကို ထွက်လာကြိုကြလေ၏။

ချူဖုန်း ကျန်းနင်သို့ ဤမျှမြန်မြန်ဆန်ဆန်ရောက်လာပြီး သူတို့အိမ်တံခါးကို လာခေါက်လိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြ။

လင်းနွိုင် ဤနေရာ၌ မရှိသော်လည်း ဖြစ်ပျက်နေသည့်ကိစ္စများကို သိပြီးသားဖြစ်သောကြောင့် လွန်ခဲ့သည့် ၂ ရက်ကတည်းက အလောတကြီး ပြန်လာနေပြီဖြစ်သည်။

လင်းမိသားစုမှ လူများမှာ ခံစားချက်များ ရှုပ်ထွေးနေကြသည်။ သူတို့ စိုးရိမ်ပူပန်နေကြသကဲ့သို့ ချူဖုန်းဤအဆင့်ထိ မြန်မြန်ရောက်လာသည့်အတွက်လည်း ဝမ်းသာနေကြသည်။

သူတို့ ချူဖုန်း၏ခွန်အားကို အသိအမှတ်ပြုသည်။ လူသားမျိုးနွယ်စုတွင် သူကဲ့သို့သော ကျွမ်းကျင်သူများ လိုအပ်နေသည်ပင်။

သို့သော် သူတို့ဆွေးနွေးမှုများတွင် ချူဖုန်း၏လုပ်ရပ်များမှာ ပွင့်လင်းလွန်းလှကြောင်း၊ သူ့နည်းလမ်းများမှာ အလွန်ကြမ်းတမ်းလှပြီး အဖွဲ့များစွာကို ရန်ပြုမိထားသောကြောင့် အဖွဲ့အစည်းများကြားတွင် သူ နာမည်ဆိုးများ ရှိလာကြောင်း စသည့်အကြောင်းအရာများ ပါဝင်သည်။

အချို့လူများမှာ ပြောင်းလဲမှုအကြောင်းကို သိထားကြပြီး ဤအဖွဲ့အစည်းများနောက်တွင် အင်အားမည်မျှသိုဝှက်ထားသည်ကို သိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း ထိုကဲ့သို့သော အဖွဲ့အစည်းများထဲမှ တစ်ခုပင်။

“ချူဖုန်း မင်းနဲ့လင်းနွိုင်က အတန်းဖော်တွေဖြစ်ပြီး ရင်းလည်းရင်းနှီးကြတယ်ဆိုတော့ ငါတို့ မင်းကို အပြင်လူလို့ မသတ်မှတ်ပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်..” လူအိုကြီးတစ်ဦး ပြောလာသည်။

သူသည် လင်းနွိုင်၏အဘိုးပင်။ ဤလူကြီးသည် အတော်လေး အသက်ကြီးနေပြီဖြစ်သော်လည်း အသားအရေမှာ ပန်းရောင်သန်းနေပြီး စိတ်နှလုံးလည်း သန်မာနေဆဲပင်။

“ပြောင်းလဲမှုတွေက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ် … နောက်ထပ် ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး”

သူ ဤကဲ့သို့ လိုက်သတ်နေခြင်းမှာ မသင့်တော်ကြောင်း သူ ချူဖုန်းကို ပြောထားပြီးသားဖြစ်သည်။ သူသည် ချူဖုန်းကို အနည်းငယ် ငြင်သာရန် ပြောလိုက်၏။ အဘယ်ကြောင့်ဆိုသော် မည်သူမှ အလုံးစုံပြိုင်ဘက်ကင်းမနေနိုင်၊ သူ အနာဂတ်ကို စဉ်းစားကြည့်သင့်သည်။

ချူဖုန်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသောကြောင့် ဘာမှပြန်မပြောပဲ ခေါင်းသာငြိမ့်ပြလိုက်သည်။

အကျဉ်းချုပ်ဆိုရလျှင် လေထုအခြေအနေမှာ သိပ်မဆိုး။ သူ့ကိုလုပ်ကြံသည့်အထဲတွင် လင်းမိသားစု မပါကြောင်း အတည်ပြုပြီးသားဖြစ်သောကြောင့် မကောင်းသည့်မတော်တဆမှုများ ဖြစ်မလာတော့။

မုမိသားစုလည်း ပါဝင်မည်မဟုတ်ကြောင်း လင်းမိသားစု ပြောလာသည်။

ဤသည်မှာ ချူဖုန်းကို အံ့အားသင့်သွားစေခဲ့သည်ပင်။

တကယ်တမ်း သူ ကျန်းနင်သို့ လာသည်မှာ မုမိသားစုနှင့်ရှင်းရန် ဖြစ်သည်။ လင်းနွိုင်ရှိနေလျှင် မုမိသားစု သူ့ကို ရန်ရှာရဲမည်မဟုတ်။ သို့သော် ဤသည်မှာ မုမိသားစု သူ့ကိုဘာမှလုပ်မည်မဟုတ်ဟု မဆိုလို။ သူတို့သည် အစောကြီးကတည်းက သူ့အား မုန်းတီးနေခဲ့ကြသည်ပင်။

“မုမိသားစုက အခုလောလောဆယ်မှာ နောက်ထပ်ပြောင်းလဲမှုဖြစ်လာမှာကို စောင့်ရင်းနဲ့ သူတို့ အခြေအနေ တည်ငြိမ်အောင်လုပ်နေတာ … မင်းကို လုပ်ကြံတဲ့ကိစ္စမှာ သူတို့မပါလောက်ဘူး” ထိုအကြီးအကဲ ပြောပြလာသည်။

နောက်ဆုံး ရှုဝမ်ယီလည်း အားတင်းထားသည့်အပြုံးကြီးနှင့် ရောက်လာသည်။ သူတို့ ဒိမ်ဒီဆေးဝါးအဖွဲ့ထဲ၌ ရှိနေသော်လည်း ချူဖုန်း သူမအား သတ်သွားမည်ကို သူမ ကြောက်နေဆဲပင်။

ချူဖုန်းကို မည်သူက မကြောက်ပဲ နေမည်နည်း.. သူသည် အဖွဲ့အစည်းများအတွက် နတ်ဆိုးတစ်ပါးပင်။

ချူဖုန်းနှင့် ရန်ငြိုးရန်စ ရှိသည့်သူအနေဖြင့် သူမ ချူဖုန်းကို အလွန်ကြောက်ရွံ့နေသည်ပင်။ သူမ အမျိုးသား လင်းယဲယီမရှိသည့်အတွက် သူမ အနည်းငယ် စိတ်သက်သာရာရမိသည်။

လင်းမိသားစုလည်း ဤအခြေအနေကို သတိပြုမိသည်ပင်။ သူတို့သည် ချူဖုန်း ဤကိစ္စကို ကျော်သွားရန် ဖျောင်းဖျပေးလာကြသည်။

ချူဖုန်း သူမကို စိုက်ကြည့်လိုက်၏။ သူမကို ဤနေရာ၌ပင် သေအောင်ရိုက်သတ်ပစ်ချင်သော်လည်း တစ်ခဏခန့် စဉ်းစားပြီးနောက် ဤကိစ္စကို ရွှေ့ဆိုင်းထားရန် ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ပြုံးချင်စိတ်လည်း ရှိမနေ။

သူသည် လင်းမိသားစုကို အမြဲတမ်းလာလည်ချင်သည့်အကြောင်း တိုက်ရိုက်ပင် ပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ရှုဝမ်ယီသည် ယခင်က သူ့ကို အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သည့်အပြင် သူ့မိသားစုဝင်များကိုပါ ထိခိုက်အောင်လုပ်ခဲ့ကြောင်း ပြောပြလိုက်သည်။

ထိုစကားများ ကြားလိုက်ရသည့်အချိန်တွင်တော့ လင်းမိသားစု၏မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ ချူဖုန်း၏ “လာလည်သည်” ဟူသည့်စကားမှာ အိမ်ရှင်များအတွက် မကောင်းကြောင်း ထော်ဂုအဖွဲ့အစည်းနှင့် အာကာသသုတေသနကျောင်းတို့မှ သက်သေပြပြီးသားပင်။

လင်းမိသားစုဝင်အချို့ ရှုဝမ်ယီကို လှည့်ကြည့်လာကြ၏။ အချို့မှာ သနားသည့်အကြည့်နှင့်ဖြစ်ပြီး အချို့မှာ အပြစ်တင်သည့်အကြည့်များဖြင့်ပင်။

ဖိအားများအောက်တွင် နောက်ဆုံးတော့ ရှုဝမ်ယီ နောက်ထပ်သတိလစ်သွားတော့သည်။

ချူဖုန်း ပြောစရာစကားပျောက်သွားရသည်။ သူမခေါင်းပေါ် ဓားသွားတင်ပြီး သူတို့၏ကောင်းမွန်သည့်လေထုကို ဖျက်ဆီးဖို့ သူ အစီအစဉ်မရှိ။ သို့သော် သူမ ဤမျှကြောက်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…

သူ့အဆင့်နှင့်ဆိုလျှင် ဤအမျိုးသမီးကို သတ်ရန် လွယ်လွယ်လေးပင်။ သူကိုယ်တိုင်ပင် လုပ်စရာမလို။ လင်းမိသားစုကို ဖိအားပေးပြီး လုပ်ခိုင်း၍ရသည်။

သို့သော် သူ ယနေ့တော့ လုပ်ဖို့အစီအစဉ်မရှိ။

“နောင်ကျရင် ကျွန်တော့်အပေါ် မကောင်းကြံတဲ့အတွေးတွေ ထပ်မရှိတော့ဖို့ မျှော်လင့်တယ်” ချူဖုန်း ပြောလိုက်သည်။

နောက်ဆုံးတွင် ဧည့်ဝတ်ကျေလွန်းလှသည့် လင်းမိသားစုကြောင့် သူ ထွက်မသွားနိုင်ခဲ့။ သူတို့သည် သူ့အတွက် ဗီလာတစ်ခု ပြင်ဆင်ပေးပြီးသွားပြီဖြစ်သည်။

လင်းနွိုင်လည်း မကြာခင် ပြန်ရောက်လာတော့မည်ဖြစ်ကြောင်း သူတို့ ပြောလာသည်။ သူနှင့် လင်းနွိုင်ကြားမှ ဆက်ဆံရေးကို သူတို့သိနေကြသည်ပင်။

“အားလုံး ဘယ်လိုထင်လဲ..” လျှို့ဝှက်ခန်းတစ်ခုထဲတွင် လင်းမိသားစုမှ အရေးပါသည့်ပုဂ္ဂိုလ်များ ဆွေးနွေးနေကြသည်။ ဤအဆောက်အဦးဖွဲ့စည်းပုံမှာ ထူးခြားလှသောကြောင့် ဘုရင်အဆင့်နတ်အသိစိတ်များပင် အသံများကို ကြားရမည်မဟုတ်။

“သူက အင်အားကြီးပြီးတော့ တိုးတက်တာလည်း မြန်တယ် … ပြောင်းလဲခြင်းရှုထောင့်ကနေ ကြည့်မယ်ဆိုရင်တော့ သူက သစ်ပင်ကောင်းတစ်ပင် ဖြစ်လာနိုင်တယ်”

“အရမ်းမာကျောတဲ့ပစ္စည်းက ကျိုးပဲ့လွယ်တယ် .. သူ သူ့ကိုယ်သူ ကာကွယ်နိုင်လိမ့်မယ် ဒါပေမဲ့ သူ့ရဲ့ ကံတရားက အလှည့်အပြောင်းတွေနဲ့ ပြည့်နှက်နေမှာ”

လင်းမိသားစုဝင်များသည် ချူဖုန်း၏အင်အားနှင့် စွမ်းရည်များကို အသိအမှတ်ပြုသော်လည်း သူသည် အလွန်ပွင့်လင်းကာ ရဲတင်းလွန်းသည်ဟု သူတို့ခံစားနေရသည်။ သူ့အနာဂတ်မှာ သိပ်မတောက်ပလောက်။

အဖွဲ့အစည်းများ သူတို့ဝှက်ဖဲကို ထုတ်သုံးလာလျှင် သူ မည်ကဲ့သို့ဖြစ်သွားမည်ကို ပြောစရာပင်မလို။ ရေအောက်မျိုးနွယ်စု တုံ့ပြန်လာလျှင် သူ အသက်ရှင်နိုင်မည်မဟုတ်။ နဂါးဘုရင် နှစ်ပေါင်း ၁၅၀၀ ကျင့်ကြံထားသည်ကို သူက အတုအယောင်ထင်နေသည်လား…

“ကျွန်တော်တို့ကလန်ထဲက လူတစ်ချို့က သူ့ကို လင်းနွိုင်နဲ့အတူတူ ရှိနေစေချင်ကြတယ်”

“သူတို့က ဘာသိလို့လဲ… သူတို့အားလုံး ပါးစပ်ပိတ်အောင် လုပ်ထားလိုက်တာ ပိုကောင်းလိမ့်မယ်…”

လင်းမိသားစုစံအိမ်၌ တစ်ရက်နေပြီးနောက် နွားနက်ကြီး၊ မန်ချူကျားတို့နှင့် ဟိုတယ်၌ တွေ့လိုက်သည်။

နောက်ဆုံး သူတို့ မုမိသားစုထံသို့ သွားလည်လိုက်သည်။

မုမိသားစုသည် သူတို့မိသားစု အခြေအနေကို တည်ငြိမ်အောင်လုပ်နေပြီး အစောကြီးကတည်းက ပြင်ဆင်ထားပြီးသားပင်။ သူတို့မျိုးဆက်နှင့် အဓိကအဖွဲ့ဝင်များမှာ မိသားစု၌ မရှိတော့။ အဖွဲ့အစည်းနှစ်ခု တိုက်ခိုက်ခံလိုက်ရကြောင်း ကြားလိုက်ရသည့်အချိန် သူတို့ စိုးရိမ်ထိတ်လန့်လာကြရသည်။

သူ့အားလုပ်ကြံသည့်ကိစ္စ၌ သူတို့မပါဝင်ခဲ့ကြောင်း ပြောပြပေးရန် လူအချို့သာ ကျန်ခဲ့သည်။ ကျန်သည့်သူများကတော့ ထွက်ပြေးသွားကြလေပြီ။

နောက်ပိုင်း သူ လင်းနွိုင်နှင့် အဆက်အသွယ်ရကာ မုမိသားစု တကယ်မပါဝင်ခဲ့ကြောင်း အတည်ပြုချက် ရလိုက်သည်။

ချူဖုန်း အတော်လေး အံ့အားသင့်သွားရသည်။ သူ့အား မုန်းတီးနေသည့် မုမိသားစုသည် သူ့အား အကောက်မကြံခဲ့ပဲ သူနှင့်ဘာမှမသက်ဆိုင်သည့် ထော်ဂုအဖွဲ့အစည်းနှင့် အာကာသသုတေသနကျောင်းမှ သူ့အား ရန်လိုနေခဲ့သည်။

“ဒီလောကကြီးက တကယ်ကို ခန့်မှန်းရခက်တာပဲ…” သူ သက်ပြင်းချလိုက်သည်။

“မင်း ဘယ်တော့ ပြန်လာမှာလဲ..” ချူဖုန်း လင်းနွိုင်ကို မေးလိုက်သည်။

“မနက်ဖြန် ကျန်းနင်ကို ရောက်လောက်ပြီ”

ချူဖုန်း ကျန်းနင်၌ ရောက်နေသည့်သတင်း ပေါက်ကြားသွားကာ အနည်းငယ် ဆူဆူညံညံ ဖြစ်လာသည်။

ယခုအချိန်တွင်တော့ သူ ထိပ်တန်းအဆင့် ၁၀ ဦးထဲ ပါဝင်နိုင်ကြောင်း လူများ ပို၍ ယုံကြည်လာကြတော့သည်။

သူ ဒိမ်ဒီ၌ လှုပ်ရှားလိမ့်မည်ဟု လူအများထင်နေခဲ့ကြသော်လည်း ယခုတစ်ခေါက် အလည်အပတ်ခရီးမှာ အတော်လေး ငြိမ်းချမ်းနေသည်။

“သူ လင်းမိသားစု သားမက်ဖြစ်သွားပြီလို့တော့ မပြောနဲ့နော်…” အချို့လူများ လှောင်ပြောင်ချင်လာကြသည်။

နေ့လည်ပိုင်း နေခြစ်ခြစ်တောက် ပူနေသည့်အချိန်တွင် ထူးဆန်းသည့်အဖြစ်အပျက်တစ်ခု ဖြစ်ပျက်လာ၏။ ကောင်းကင်ထက်မှ နွယ်ပင်များကျလာကာ မြို့ထဲသို့ပင် ရောက်လာသည်။

ရွှမ်းထျန်၊ ဂူစူးနှင့် ဟန်ချန်တို့တွင်လည်း ဤကဲ့သို့သော နွယ်ပင်များ ကျလာလေ၏။

အနောက်နိုင်ငံမှ မြို့ကြီးအချို့တွင်လည်း နွယ်ပင်များ မြင်လာကြရသည်။

နေရာအနှံ့မှ လူများ ထိတ်လန့်သွားကြရသည်။ ဘာဖြစ်နေတာလဲ…

ဟိုးယခင်က အာကာသအပြင်ဘက်၌ အပင်များ ပေါက်လာခဲ့သေးသည်။ ထိုအပင်များ ဂြိုလ်တုပတ်လမ်းကြောင်းအား အနှောက်အယှက်ပေးလာသည့်အချိန်တွင် သူတို့ ထိုအပင်များကို ဒုံးကျည်များဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ကြသည်။ အခုလည်း အဲဒီလိုမျိုးဖြစ်လာမှာလား…

သို့သော် ဂြိုလ်တုဓာတ်ပုံများ၌ ကြည့်လိုက်သည့်အချိန်တွင် ထိုသို့မဟုတ်ကြောင်း တွေ့လိုက်ရသည်။

ဤနွယ်ပင်များသည် လေထဲ၌ အမြစ်တွယ်နေခြင်းပင်…

ချူဖုန်းသည် နွားဝါလေးနှင့်အတူ ရွှေလင်းတကိုစီးကာ ထိုအပင်များကို အနီးကပ်သွားကြည့်လိုက်၏။

ဤနွယ်ပင်များမှာ ကြိုးများကဲ့သို့ပင်။ အချို့မှာ ကောင်းကင်ထက်မှ မီတာထောင်သောင်းချီ ရှည်လျားနေပြီး အချို့မှာ မီတာရာဂဏန်းသာရှိသည်။ အရောင်များလည်း မတူကြ။

အချို့မှာ စိမ်းစိုနေပြီး အချို့မှာ ခရမ်းရောင်တောက်ပနေသည်။ သို့သော် နွယ်ပင်အားလုံးမှာ အတော်လေး ခိုင်ခံ့မည့်ပုံပင်။

မီတာ သုံးထောင်ရှည်လျားသည့် အပြာရောင်နွယ်ပင်တစ်ခုကို ချူဖုန်း တွေ့လိုက်ရသည်။ ထိုအပြာရောင်မှာ အတော်လေး ထူးခြားလှပြီး လူတစ်ယောက် လက်မောင်းခန့်တုတ်သည်။

သူတို့ နွယ်ပင်အမြစ်နားသို့ သွားလိုက်သည့်အချိန်တွင် အချင်းတစ်မီတာခန့်ရှိသည့် မြူတိမ်တိုက်တစ်ခုကို တွေ့လိုက်ရသည်။

ချူဖုန်း ထိုမြူနားသို့ ကပ်သွားရန် ပြင်လိုက်သော်လည်း နွားဝါလေး သူ့ကို တားဆီးလာသည်။ “အနားအရမ်းမကပ်နဲ့”

ဘေးပတ်လည်အား လေ့လာကြည့်လိုက်သည့်အချိန်တွင် နွယ်ပင်အားလုံးအမြစ်များကို မြူများဖုံးလွှမ်းနေကြောင်း တွေ့လိုက်ရသည်။

နောက်ဆုံး ချူဖုန်း သူ့ဓားပျံကို မြူထဲ ပစ်လွှတ်လိုက်သည်။ သို့သော်လည်း တစ်ခုခုဖြင့် ထိမိသွားသကဲ့သို့ သတ္တုချင်းရိုက်ခတ်သည့်အသံများသာ ထွက်ပေါ်လာလေသည်။

ချူဖုန်း အမူအရာ ပြောင်းလဲသွားပြီး ဓားပျံကို မြန်မြန်ဆွဲထုတ်လိုက်၏။ သို့သော် သူ့ဓားပျံ ဘာမှမဖြစ်သည်ကို တွေ့လိုက်ရသည်။

“ပြောင်းလဲမှုက တကယ်ရောက်လာပြီလား..” ချူဖုန်း စဉ်းစားကြည့်လိုက်သည်။

ထိုနေ့တွင် ရဲတင်းသည့် အချို့သန္ဓေပြောင်းလူများသည် နွယ်ပင်တစ်လျှောက်တက်ကာ မြူထဲ တိုးဝင်ပျောက်ကွယ်သွားကြလေ၏။

“ကောင်းကင်လှေကားကနေ တက်သွားရင် ထာဝရနယ်မြေရောက်မှာ…”

ဤသတင်းများ ပျံ့နှံ့လာသည်။

လူအများစု မစွန့်စားရဲကြသော်လည်း လူတစ်အုပ်စုကတော့ သတ္တိရှိရှိ တက်သွားကာ မြူထဲ ပျောက်ကွယ်သွားကြသည်။

ဤကိစ္စမှာ ပွက်လောရိုက်သွားပြီး အားလုံးမှာ ဤလူများ ပြန်ရောက်လာပြီး မည်သည့်ပြောင်းလဲမှုများ ဖြစ်ခဲ့မည်ကို စောင့်ကြည့်နေလိုက်ကြသည်။

အပိုင်း ၂၈၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset