ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၈၀ – အောင်မြင်မှုအားလုံး ပေါ်ထွက်လာခြင်း
ရွှေရောင်လင်းတသည် လုတောင်၌ဖိနှိပ်ခံရစဉ်က မကျေမနပ်ဖြစ်ခဲ့သော်လည်း ယခု ဤလူ၏ကြမ်းတမ်းခက်ထန်မှုကို မြင်လိုက်ရသည့်အချိန်တွင်တော့ သူ့ကံကြမ္မာကို သူ လက်ခံလိုက်တော့သည်။
သူ ဘာတွေမြင်ခဲ့ရသနည်း… ချူဖုန်း အဖွဲ့အစည်းများအား ဖျက်ဆီးပစ်သည်ကို မြင်ခဲ့ရပြီး အသက်ကိုးချောင်းကြောင်အား သတ်လိုက်သည်ကိုလည်း မြင်ခဲ့ရသည်။ ယခု သူ ရွှေကျီးကန်းကို လိုက်ဖမ်းတော့မည်။ ဤအရာအားလုံးမှာ သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။
ရွှေလင်းတသည် ချူဖုန်းစကားကို မငြင်းဆန်ပဲ သူ့အတောင်ပံများကို ဖြန့်ကျက်ကာ စတင်ပျံသန်းတော့သည်။
“ဖမ်းလိုက်…”
ဗုဒ္ဓပစ္စည်းကို အသက်သွင်းပြီးသွားသည်နှင့် နွားနက်ကြီး အားနည်းသွားကာ ချူဖုန်းကို ဖမ်းခိုင်းရန်အတွက် ပစ္စည်းကို လေထဲသို့ အနိုင်နိုင်ပစ်နေရသည်။
နွားဝါလေးလည်း ရွှေလင်းတပေါ် ခုန်တက်လိုက်ကာ လိုက်ဖမ်းသည့်အဖွဲ့ထဲ ဝင်ပါလိုက်သည်။
ရွှေလင်းတကြီး ကျယ်ပြောလှသည့် ကောင်းကင်ကြီးကို ဖြတ်သန်းသွားသည်နှင့် လေပြင်းများ တိုက်ခတ်လာသည်။ သူတို့သည် အသံထက် လေးဆမြန်သည်အထိ တစ်ဖြည်းဖြည်း မြန်မြန်သွားခဲ့ကြသည်။
တစ်ယောက်မှာ အရှေ့မှ ပြေးနေပြီး အနောက်မှတစ်ယောက်လည်း အပူတပြင်းလိုက်နေသောကြောင့် ပေါက်ကွဲသံများပင် ထွက်ပေါ်လာသည်။ ဤမြင်ကွင်းကို သူတို့ဖြတ်သွားသည့်သက်ရှိများအားလုံး အံ့အားသင့်သွားခဲ့ကြရသည်။
သို့သော် ကံမကောင်းစွာဖြင့် ရွှေကျီးကန်းသည် အရင်ဆုံးပြေးသွားသည့်သူ ဖြစ်သည့်အပြင် သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့်သူဖြစ်သောကြောင့် သူ့အရှိန်မှာ ပိုမြန်သည်ပင်။
ပြင်းထန်လှသည့် ဒဏ်ရာများရှိနေပြီး အတောင်ပံတစ်ဖက် စုတ်ပြဲမလို ဖြစ်နေသော်လည်း သူ့အရှိန်မှာ အံ့အားသင့်စရာကောင်းနေဆဲပင်။ သူသည် ရွှေလင်းတကို တစ်ဖြည်းဖြည်းအဝေး၌ ချန်ရစ်ထားခဲ့လေ၏။
“ရွှေကျီးကန်းဘုရင် … ခင်ဗျားသတ္တိရှိရင် မပြေးနဲ့…” ချူဖုန်း အနောက်မှ အော်ဟစ်လိုက်သော်လည်း ကံမကောင်းစွာဖြင့် သူ့အသံမှာ သူတို့သွားနေသည့်နှုန်းထက်မမြန်နိုင်သောကြောင့် သူ့ရန်သူ မကြားလောက်။
သူတို့သည် ဂူစူးမြို့မှ ကျန်းရှီနယ်မြေသို့ ရောက်သည်အထိ ရွှေကျီးကန်းဘုရင်နောက် လိုက်ခဲ့ကြသည်။
သို့သော် နောက်ဆုံးတွင်တော့ သူတို့ မျက်ခြေပြတ်သွားသည်။ ဤပြိုင်ဘက်ကင်းငှက်ဘုရင်ကို မသတ်လိုက်နိုင်သည့်အတွက် ချူဖုန်း အလွန်နောင်တရမိသည်။
ယခု သတင်းများ ပျံ့သွားလေပြီ။
“တစ်ခုခုဖြစ်နေတယ် .. နတ်ဆိုးဘုရင်ချူက ကောင်းကင်ကြီးကို နောက်တစ်ခေါက် ထိုးဖောက်သွားပြန်ပြီ…”
အသက်ကိုးချောင်းကြောင်၊ ရွှေကျီးကန်းနှင့် ချူဖုန်းတို့ တိုက်ပွဲဖြစ်ခဲ့သည့်နေရာမှာ ဂူစူးမြို့နှင့် အလွန်နီးလှသောကြောင့် အချို့လူများ ထိုတိုက်ပွဲကို သတိပြုမိခဲ့ကြသည်။ သို့သော် သူတို့သည် အနားမကပ်ရဲပဲ အဝေးမှသာ ကြည့်ခဲ့ကြသည်။
အခြေအနေအတိအကျကို မသိရသော်လည်း သူတို့မြင်လိုက်ရသည့်မြင်ကွင်းမှာ သူတို့ကို ထိတ်လန့်သွားစေခဲ့သည်ပင်။
ရွှေကျီးကန်းတစ်ကောင် ကြောင်ဘုရင်၏ပျက်စီးသွားသည့် အလောင်းကို ကုတ်ချီပြေးပြီး ချူဖုန်း အနောက်မှ လိုက်ဖမ်းနေသည်ကို သူတို့တွေ့လိုက်ကြရသည်။
သူတို့ သဲလွန်စအမျိုးမျိုးကို စုစည်းပြီးသည့်နောက်တွင်တော့ သူတို့ကို ထိတ်လန့်သွားစေသည့် ကောက်ချက်တစ်ခု ထွက်ပေါ်လာသည်။
အမှန်တရားကို အတော်များများ ခန့်မှန်းနိုင်ပြီဖြစ်သော်လည်း သူတို့ မယုံကြည်ရဲဖြစ်နေကြသည်။ ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှစ်ဦး ရှုံးနိမ့်ခဲ့သည့်အပြင် တစ်ဦးမှာ သေဆုံးသွားသည်….
အားလုံး ဆွံ့အသွားရ၏။
“ချူဖုန်းက အဖွဲ့အစည်းနှစ်ခုကို နိုင်ထားတာ မဟုတ်ဘူးလား.. သူက ဘယ်လိုလုပ် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေနဲ့ တိုက်နေတာလဲ.. သူ့ရဲ့တိုက်ပွဲတိုက်တဲ့နှုန်းက မြန်လွန်းပြီးတော့ ရုတ်တရက်ဆန်လွန်းတယ်”
“သူက တကယ်ကို နတ်ဘုရားပဲ.. သူ မိုးကောင်းကင်ကို ထိုးဖောက်ကို ကြံနေတာလား..” လူများမှာ သက်ပြင်းမချပဲ မနေနိုင်တော့။
သာမန်လူများမပြောနှင့် ဘုရင်အဆင့်သက်ရှိများပင် နှလုံးခုန်နှုန်းများ မြန်ဆန်လာကာ ခေါင်းများမူးဝေလာကြသည်။ ဘယ်သူက ချူဖုန်းကို ယှဉ်နိုင်တော့မှာလဲ.. ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှစ်ဦးအား အနိုင်ယူလိုက်သည်ဆိုသည်မှာ သူသည် စွမ်းအားကြီးကျွမ်းကျင်သူများအထက်၌ ရှိနေသည်ဟု ဆိုလိုခြင်းပင်။
ယခင်က အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူများသည် သူတို့ကိုယ်သူတို့ ယုံကြည်ချက်ရှိကြသေးသည်။ သို့သော် ယခုတော့ သူတို့ မကြောက်ပဲမနေနိုင်တော့။
မည်သူက သူတို့ကိုယ်သူတို့ အသက်ကိုးချောင်းကြောင်ထက် စွမ်းအားကြီးသည် ကြွေးကြော်နိုင်သနည်း… ထိုဘုရင်မှာ မွေးရာပါ လုပ်ကြံသူတစ်ဦးဖြစ်ပြီး အမှောင်ထဲ၌ လျှောက်လှမ်းနေသူတစ်ဦးပင်။ သို့သော် ယခုတော့ ချူဖုန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရလေပြီ။
အချို့အဖွဲ့အစည်းမှ အကြီးအကဲများမှာ ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ သူတို့ရင်ဘတ်များ တင်းကြပ်နေပြီး အမြင်အာရုံများပင် မှောင်မဲသွားသလို ခံစားနေရသည်။
ချူဖုန်းသည် သူတို့ထင်ထားသည်ထက် ပို၍စွမ်းအားကြီးလာသည်ပင်။
သူတို့ သူ့အားတိုက်ခိုက်သည့်အချိန်က သူ ဤမျှစွမ်းအားမကြီးသေး။ သူသည် အချုပ်အနှောင်လေးခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးသာဖြစ်ပြီး သေမလိုဖြစ်ခဲ့သည်။ သူ ကျန်းရှီမှ အသက်ရှင်လျက် ထွက်လာနိုင်လိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့။
သူ ပြန်ကောင်းလာသည်နှင့် ဟိန်းထုန် သတ်ခံလိုက်ရသည်။
ထို့အပြင် ဒေါင်းဘုရင်သည် ချူဖုန်းကို သတ်ရန်အတွက် တောင်ဘက်ပိုင်းသို့ ရောက်လာသည့်အပြင် ဘုရင်များစွာကိုလည်း သူ့ကို ရှာဖွေအမဲလိုက်ရန် အမိန့်ပေးခဲ့သည်။
ခဏကြာပြီးနောက် သူ့သဲလွန်စများ တွေ့ခဲ့ကြပြီး အသက်ရှူစည်းချက်ပညာအတွက် ဘုရင်အဆင့်သက်ရှိပေါင်းများစွာ သူ့ကို တိုက်ခိုက်ခဲ့ကြသည်။
သို့သော် ရုတ်တရက်ဖြစ်သွားသည့် ပြောင်းလဲမှုမှာ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ချူဖုန်းသည် သူ့ကို ဝိုင်းထားသည့် ဘုရင်အုပ်စုကို ထိုးဖောက်ကာ အသက်ရှင်လျက် ထွက်ပြေးသွားနိုင်ခဲ့သည်။
သူ အောင်မြင်စွာ ထွက်ပြေးလိုက်နိုင်ခြင်းမှာ သူ့အသက်ရှူစည်းချက်ပညာမှာ ထူးခြားကြောင်း သက်သေပြလိုက်ခြင်းပင်။ ဤသည်မှာ အဖွဲ့အစည်းများကို လိုချင်တပ်မက်စိတ် ပိုဖြစ်လာစေခဲ့သည်။
ယခုအချိန်တွင် အချို့အဖွဲ့အစည်းများမှာ ထိတ်လန့်တုန်လှုပ်နေကြရပြီး မသက်မသာဖြစ်နေကြလေပြီ။
ချူဖုန်း စွမ်းအားကြီးလာလေလေ သူတို့နေ၍ထိုင်၍ မကောင်းလေလေပင်။
“ဒီနတ်ဆိုးဘုရင်ချူကို ဘယ်သူနိုင်အောင်တိုက်နိုင်လဲ … ဘယ်သူမှ သူ့ကို မရှင်းပစ်နိုင်တော့ဘူးလား..” သားရဲမျိုးနွယ်စုအချို့ ညည်းတွားလာကြသည်။
အချို့သူများစိုးရိမ်နေကြသော်လည်း အချို့သူများက ဝမ်းသာနေကြသည်ပင်။
“ဟား ဟား .. နတ်ဘုရားချူက တကယ်ကို ကောင်းကင်ကိုဆန့်ကျင်နိုင်တာပဲ .. ကျန်းရှီမှာ ဝိုင်းတိုက်တာ ခံရပြီး အဲဒီကနေ ထွက်လာနိုင်ကတည်းက သူ စွမ်းအားကြီးလာပြီးတော့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေ ဖိနှိပ်မှာကို ကြောက်စရာမလိုတော့ဘူး”
သာမန်လူများမှာ ပျော်ရွှင်နေကြသည်ပင်။ ချူဖုန်း မီးခိုးပြာဝံပုလွေအား သတ်ပစ်ခဲ့သည်ကို သူတို့မှတ်မိနေကြဆဲပင်။
ယခုအချိန် ရေအောက်မျိုးနွယ်စုမှာ အတော်လေး တည်ငြိမ်နေကြသည်။ ချူဖုန်း၏အောင်မြင်မှုများကို သူတို့ အထင်မကြီး။ အဘယ်ကြောင့်ဆိုသော် သူ့ထက်ပိုကြောက်စရာကောင်းသည့် ကျွမ်းကျင်သူများကို သူတို့ မြင်ဖူးကြသည်ပင်။
တစ်ချိန်က နတ်အသီးတစ်လုံးအတွက် ရေအောက်မျိုးနွယ်စုများသည် ပင်လယ်ရေကြီးနီရဲသွားသည်အထိ တိုက်ခိုက်ခဲ့ကြရသည်။ ထိုအချိန်က သေသွားခဲ့သည့် ကျွမ်းကျင်သူများမှာ ကုန်းမြေပေါ်၌ ရှိနေသည့် ကျွမ်းကျင်သူများထက်ပင် ပိုများသေးသည်။
ထို့ကြောင့် ကမ်းခြေသို့ ရောက်လာပြီးသည့်နောက်တွင် သူတို့ ယုံကြည်ချက်လွန်ကဲနေကြသည်။
ယခုတစ်ခေါက်လည်း ထို့အတူပင်။ ဤကိစ္စကို တစ်စုံတစ်ယောက်မှ မကျေမနပ်ပြောလာသည်။
“ဒီလောက်အဆင့်လေးများ…”
“လူသားတစ်ယောက်အနေနဲ့ဆိုရင်တော့ မဆိုးဘူးလို့ ပြောလို့ရပါတယ် … သူက ရေနဂါးနဲ့ ပင်လယ်ကျားမျိုးနွယ်စုက ဂျီးနီးယပ်စ်တွေနဲ့ ယှဉ်ရင် သိပ်မဆိုးဘူးလို့ ပြောလို့ရတယ်”
အချို့ရေအောက်မျိုးနွယ်စုဘုရင်များသည် ဘက်မလိုက်ကြ။
“သူတို့တွေ ပေါင်းဖွဲ့ပြီး ဟိန်းထုန်ကို သတ်လိုက်တာ ကံဆိုးသွားတာပဲ .. မဟုန်ရင် ဒီချူဖုန်း အစောကြီးကတည်းက သေသွားပြီ… ဒီလိုမျိုးထိပ်ကိုရောက်လာဖို့ အခွင့်အရေးရှိမှာ မဟုတ်ဘူး”
အချို့ရေအောက်မျိုးနွယ်စုများမှာ ဤအောင်မြင်မှုသည် နဂါးနက်အိမ်ရှေ့စံမင်းသားအတွက် ဖြစ်သင့်သည်ဟု ခံစားနေကြရလေ၏။
တကယ်တမ်းတွင် အချို့ရေအောက်မျိုးနွယ်စုများမှာ ချူဖုန်းကို တမင်သက်သက် အဆင့်နိမ့်နေကြခြင်းဖြစ်သည်။
“ကျောက်စိမ်းဂူကျောင်း… ခင်ဗျားတို့တွေ တောင်ပင်လယ်နဂါးမျိုးနွယ်စုရဲ့ အမျက်ဒေါသကို ခံစားကြရမှာပါ..” ကျောက်စိမ်းဂူကျောင်းအရှင် စန်းချင်တောင်နား၌ ပေါ်လာခဲ့ကြောင်း အချို့လူများ သက်သေရှာတွေ့သွားကြသည်။ အချို့လူများမှာ သူတို့ကိုယ်တိုင် တွေ့လိုက်ကြခြင်းပင်။
ယခုအချိန်တွင် ကျောက်စိမ်းဂူကျောင်းအရှင်သည် အခြားကျွမ်းကျင်သူများနှင့် ပူးပေါင်းကာ ဟိန်းထုန်ကို သတ်လိုက်ခြင်းဖြစ်ကြောင်း ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူ အများစု ယုံကြည်ထားကြလေ၏။
သတင်းကြားလိုက်ရသည့်အချိန် ချူဖုန်း ဆွံ့အသွားရသည်။
ယခင်က လူသတ်တရားခံမှာ သူဖြစ်သည်ဟု ရေအောက်မျိုးနွယ်စုများ ယုံကြည်နေခဲ့ကြပြီး သူ့ကို အရိုးထိမုန်းနေခဲ့ကြသည်။ သို့သော် ယခုတော့ ပစ်မှတ်မှာ ကျောက်စိမ်းဂူကျောင်းအရှင်ထံသို့ ပြောင်းသွားလေပြီ။
တစ်ချိန်တည်းမှာပင် ချူဖုန်း အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ ကျောက်စိမ်းဂူကျောင်းအရှင်က စန်းချင်တောင်နားမှာ တကယ်ပေါ်လာတာလား..
ဤသတင်းကြားလိုက်ရသည်နှင့် လုထုန် ဆွံ့အသွားရကာ ကျောက်စိမ်းဂူကျောင်းအရှင်ကို ချက်ချင်း ဆက်သွယ်ကာ သေချာပြင်ဆင်ထားရန် သတိပေးလိုက်၏။ ရေအောက်မျိုးနွယ်စု ကျောက်စိမ်းဂူကျောင်းအား ကျူးကျော်တိုက်ခိုက်လာနိုင်သည်။
ကျောက်စိမ်းဂူကျောင်းအရှင်လည်း ဆွံ့အသွားခဲ့ရသည်ပင်။ သူ ပါးစပ်ဟလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ မည်သည့်စကားမှ ထွက်မလာခဲ့။
ခွန်လွန်တောင်မှ အမဲလိုက်ခွေးဘုရင်၊ သာ့လင်ကျောင်းမှ လူဝံကြီးနှင့် ဟွားတောင်မှ ရွှေဂဠုန်ကြီးတို့သည် ကျောက်စိမ်းဂူကျောင်းအရှင်အား သူ၏ထူးခြားသည့်စွမ်းရည်များအတွက် ဆက်တိုက်ပင် ချီးကျူးလာကြသည်။
“ငါမဟုတ်ဘူး” ကျောက်စိမ်းဂူကျောင်းအရှင် ငြင်းလိုက်သည်။ ဤကဲ့သို့သော အောင်မြင်မှုမှာ သူ့ကို ဂုဏ်သတင်းကြီးစေသော်လည်း ထိုအောင်မြင်မှုနောက်မှ လိုက်ပါလာသည့် အန္တရာယ်မှာ ကြီးမားလွန်းလှသည်။ သူသည် ရေအောက်မျိုးနွယ်စု၏ ပစ်မှတ်ဖြစ်သွားကာ ထပ်ခါတလဲလဲ စိန်ခေါ်ခံနေရလိမ့်မည်။
ထို့အပြင် ဟိန်းထုန်အား သတ်လိုက်သည့်သူမှာ သူမ ဟုတ်။ သူ ဓားစာခံမဖြစ်ချင်။
“ငါက ဒီတိုင်းဖြတ်သွားတာပါ” ကျောက်စိမ်းဂူကျောင်းအရှင် ရှင်းပြလိုက်သည်။
ဤအကြောင်းပြချက်မှာ အတော်လေး ရယ်စရာကောင်းသည်ဟု ရေအောက်မျိုးနွယ်စုများ ခံစားလိုက်ရသည်။ ဖြတ်သွားရုံပဲဟုတ်လား … ဒါက တမင်သက်သက် ရန်စနေသလိုပဲ…
ထို့နောက်တွင်တော့ အမြင်ရှစ်မျိုးကျောင်းအရှင်ကိုလည်း ကျန်းရှီ၌ မြင်လိုက်ကြောင်း အချို့လူများ ထွက်ဆိုလာကြသည်။ ထို့ကြောင့် ရေအောက်မျိုးနွယ်စုများသည် ဤအရှင်နှစ်ဦးမှာ တောင်ပင်လယ်နဂါးမျိုးနွယ်စု၏ လက်နက်ကြီးကို ဓားပြတိုက်ရန်အတွက် ဟိန်းထုန်ကို သတ်ခဲ့ခြင်းဖြစ်သည်ဟု ယူဆလိုက်ကြတော့သည်။
ဤသတင်းမှာ အတော်လေး အုတ်အော်သောင်းတင်းဖြစ်သွားတော့သည်။
သို့သော် နောက်ဖြစ်လာသည့်ကိစ္စမှာ အားလုံးကို ပြောင်းလဲသွားခဲ့သည်။
ချူဖုန်းသည် ယွမ်လော့တောင်တိုက်ပွဲ၌ ဘုရင်အားလုံးကို သတ်ပစ်ခဲ့သည်။ ထိုထဲတွင် အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူတစ်ဦးပင် ပါသေးသည်။ ထို့နောက်တွင်တော့ ထိုလူမှာ မျက်လုံးသုံးလုံးရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူ ချန်းယွဲ့ဖြစ်ကြောင်း ထွက်ပေါ်လာသည်။
သူတို့ယခင်က ရထားသည့် ဂြိုလ်တုပုံတွင် ကျွမ်းကျင်သူများမှာ စွမ်းအင်များ ရစ်သိုင်းကာ ပြင်းထန်စွာ တိုက်ခိုက်နေကြခြင်းဖြစ်သောကြောင့် သူတို့ရုပ်ကို သေချာမမြင်ရ။
သို့သော် ထိုတိုက်ပွဲပြိးနောက် စစ်တပ်နှင့် သုတေသနဝန်ထမ်းများစွာ ရောက်လာခဲ့သောကြောင့် သူတို့အားလုံး ပါးစပ်ပိတ်နေရန်မှာ မဖြစ်နိုင်။ နောက်ဆုံး သတင်းများ ပေါက်ကြားလာတော့သည်။
ရေအောက်မျိုးနွယ်စုအားလုံး ဆွံ့အသွားကြရသည်။ ချူဖုန်းသည် ဟိန်းထုန်ကို ရှောင်နိုင်ခဲ့သောကြောင့်သာ သူ ကံကောင်းပြီး အသက်ရှင်နေခဲ့ခြင်းဖြစ်သည်ဟု ချူဖုန်းကို တမင်သက်သက် အဆင့်နိမ့်ချခဲ့ကြသည်။
သို့သော် နောက်ဆုံးတွင်တော့ ဤကဲ့သို့သော အောင်မြင်မှုမျိုး ထွက်ပေါ်လာသည်။
မျက်လုံးသုံးလုံးမျိုးနွယ်စု ချန်းယွဲ့မှာ ဟိန်းထုန်ထက် အနည်းငယ်ပို၍ စွမ်းအားကြီးသည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် ရှုံးနိမ့်သွားခဲ့သောကြောင့် ချူဖုန်းအား ပြောဆိုခဲ့ကြသောသူများမှာ မျက်နှာများပင် အရောင်မရှိတော့။
ထို့နောက်တွင်တော့ လူအချို့သည် ချူဖုန်း၏အောင်မြင်မှုများစွာကို ဆန်းစစ်ခဲ့ကြသည်။ သူတို့သည် ယွမ်လော့တောင်မှ ကျန်ခဲ့သည့်သဲလွန်စဓာတ်ပုံများနှင့် ဂူစူးမြို့အပြင်ဘက်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှ အချက်အလက်များကို ထုတ်ပြကာ ကျွမ်းကျင်သူများအား မှတ်ချက်ပေးရန် မေးလိုက်ကြသည်။
နောက်ဆုံးတွင် အားလုံး၏အမူအရာများမှာ ပို၍ပင် ဆိုးရွားလာကြသည်။
အဘယ်ကြောင့်ဆိုသော် စန်းချင်တောင်တိုက်ပွဲမှ သဲလွန်စများမှာ ယွမ်လော့တောင်နှင့် ဂူစူးမြို့၌ ဖြစ်ပျက်ခဲ့သည့်တိုက်ပွဲသဲလွန်စများနှင့် တူညီနေသည်ပင်။
“လခွမ်း .. ဒါ မဖြစ်နိုင်ဘူးမလား.. ဟိန်းထုန်က ချူဖုန်းသတ်တာကို ခံလိုက်ရတာလား..” သားရဲမျိုးနွယ်စုမှ အကြီးအကဲအချို့ပင် ထိတ်လန့်သွားကြလေ၏။
ဤကိစ္စမှာပွက်လောရိုက်သွားကာ အားလုံး ဤကိစ္စနောက် လိုက်လာကြတော့သည်။ သူတို့သည် တိုက်ပွဲများမှ ကျန်ရစ်ခဲ့သည့် အပျက်အစီးများကို နှိုင်းယှဉ်ကြည့်လိုက်ကြသည်။
သူတို့ ဘယ်လိုကြည့်ကြည့်… အားလုံးက ချူဖုန်းရဲ့လက်ရာတွေနဲ့တူနေတယ် .. တိုက်နေတဲ့ပုံရော၊ အပျက်အစီးပုံစံတွေရောပဲ..
နောက်ဆုံးတွင် စန်းချင်တောင်ရှိ ကျောက်တုံးကြီးတစ်တုံး၌ ခြေရာတစ်ခု ရှိနေသည်ကို တစ်စုံတစ်ယောက် ရှာတွေ့သွားသည်။ သေချာနှိုင်းယှဉ်ကြည့်ပြီးသည့်နောက်တွင် ထိုခြေရာမှာ ချူဖုန်းခြေရာနှင့် ကိုက်နေသည်ကို တွေ့လိုက်ရသည်။
ရှက်စရာကောင်းလွန်းလှသောကြောင့် ရေအောက်မျိုးနွယ်စုများ ဒေါသထွက်လာကြရသည်။ ဤသည်မှာ ချူဖုန်းလုပ်ခြင်းမဟုတ်၊ သူ့စွမ်းရည်များမှာ မလုံလောက်သေးဟု အမြဲတမ်းပြောဆိုနေခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ သူတို့ကိုယ်ပါးကိုယ် ပြန်ရိုက်လိုက်ရသည်။
ပိုဆိုးသည်မှာ ဤချူဖုန်းသည် သူနှင့်မဆိုင်သည့်ကိစ္စကဲ့သို့ အစမှအဆုံးထိ တစ်ခွန်းမှ ဝင်မပြောခဲ့။
“ကိုက်တဲ့ခွေးက မဟောင်ဘူး..” နောက်ဆုံးတွင် ရေအောက်မျိုးနွယ်စုများမှာ ချူဖုန်းလှည့်စားခြင်းခံလိုက်ရသည်ဟု ခံစားရကာ မျိုးစုံဆဲဆိုလာတော့သည်။
ဤသည်မှာ အပြင်လောက၌ အဆင့် ၁၂ ရှိသည့်ငလျင်ကြီး လှုပ်ခတ်သွားသကဲ့သို့ပင်။ အားလုံးပြီးသွားသည့်အချိန်တွင်တော့ ယခုတလောဖြစ်ပျက်ခဲ့သည့် ကိစ္စအားလုံးမှာ ချူဖုန်းနှင့် ဆက်စပ်နေခဲ့သည်ပင်။
နွားနက်ကြီး၊ မြည်းဘုရင်နှင့် အခြားသူများလည်း ဤကိစ္စကို ဆွေးနွေးနေကြသည်။
“တိုက်ဆိုင်လိုက်တာ .. ကျောက်စိမ်းဂူကျောင်းအရှင်က တမင်သက်သက် ဖော်လိုက်တာများလား… သူ အလကားသပ်သပ်ဓားစာခံမဖြစ်ချင်လို့ မင်းကို ထုတ်ပြလိုက်တာများလား..”
ကျန်းရှီနယ်မြေလည်း မငြိမ်းချမ်းတော့။ ကမ်းခြေသို့ ရောက်လာကြသည့် ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူအများစုမှာ လုံဟူတောင်ကို တိုက်ခိုက်သိမ်းပိုက်ရန်အတွက် ကျန်းရှီသို့ ရောက်နေကြသည်။
“ချူဖုန်း မင်းက တကယ်တတ်နိုင်တာပဲ .. ငါတို့ကို တစ်ခုပဲပြောလိုက်.. အိမ်ရှေ့စံမင်းသား ဟိန်းထုန်ကို သတ်တာ မင်း ဟုတ်လား မဟုတ်ဘူးလား…”
ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူများမှာ တကယ်ဒေါသထွက်နေကြသည်ပင်။ သူတို့သည် ဆဲရေးသည့်စကားမျိုးစုံ ပြောလာကြပြီး အချို့မှာ ချူဖုန်းကို စိန်ခေါ်ရန် စီစဉ်နေကြသည်။ အချို့မှာ ချူဖုန်းအား လုပ်ကြံမည်ဖြစ်ကြောင်း ကြွေးကြော်လာကြသည်။ အချို့သူများမှာတော့ ဟိန်းထုန်၏ ဖခင်ဖြစ်သည့် တောင်ပင်လယ်နဂါးအကြီးအကဲမှာ သေချာပေါက် ကမ်းခြေသို့ လာပြီး ချူဖုန်းကို သတ်လိမ့်မည်ဟု ပြောလာကြသည်။
“တောင်ပင်လယ်က ရေနဂါးအသားက တကယ်မဆိုးဘူး..” ချူဖုန်း မှတ်ချက်ပေးလိုက်သည်။ ဤစကားမှာ ပဒူအုံကို တုတ်နှင့်ထိုးလိုက်ခြင်းပင်။ ကုန်းမြေပေါ်မှ ကျွမ်းကျင်သူများပင် တစ်ခဏခန့် ဆွံ့အသွားကြရသည်။ ဒီလူက ပြဿနာရှာဖို့ မကြောက်ဘူးပဲ .. သူ တိုက်ဖို့ပြင်ဆင်ထားတာလား…
ဤစကားများပြောနေသည့်အချိန်တွင် သူ မြောက်ဘက်ပိုင်းသို့ ဦးတည်နေပြီဖြစ်သည်။ ခဏကြာပြီးသည့်နောက်တွင်တော့ ဒိမ်ဒီဇီဝဆေးအဖွဲ့အစည်းကြီးရှိရာ ကျန်းနင်မြို့သို့ ရောက်သွားလေပြီ။
အပိုင်း ၂၈၀ ပြီး၏။