ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၉ – ရွှေကျီးကန်းအား ဒဏ်ရာရအောင် လုပ်ခြင်း
ချူဖုန်းမှာ နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ပင်။ သူသည် အသက်ကိုးချောင်းကြောင်နှလုံးကို တစ်စစီဖြစ်အောင် လုပ်လိုက်ပြီး သူ့လည်ပင်ကို လိမ်ချိုးကာ သူ့မျက်လုံးများ တစ်ဖြည်းဖြည်း အရောင်မှိန်လာသည်ကို ကြည့်နေလိုက်သည်။
သူ လုံးဝညှာတာမနေ။ သူ့ကို ချောင်းမြောင်းတိုက်ခိုက်သည့်သူအားလုံးကို မြေမြှပ်ပစ်ရမည်။
ချူဖုန်းနှုတ်ခမ်းထောင့်ထက်၌ အေးစက်သည့်အပြုံးတစ်ခု ထွက်ပေါ်လာသည်။ သူသည် ကြောင်ဘုရင်ကို ဘေးဘက်သို့ ပစ်ထုတ်လိုက်ပြီး ရွှေကျီးကန်းနှင့် တိုက်ခိုက်ရန်အတွက် အပေါ်သို့တက်သွားလိုက်သည်။ ဤရှားပါးသည့်အခွင့်အရေးကို အသုံးချကာ သူ ကျီးကန်ဘုရင်ကိုလည်း သတ်ပစ်ချင်သည်။
ဝုန်း…
ချူဖုန်း၏ လက်သီးစွမ်းအင်မှာ ကြောက်စရာကောင်းလှသည်။ ရေနဂါးနက်တစ်ကောင် ကောင်းကင်ထက်သို့ ပြေးတက်သွားသကဲ့သို့ သူ့လက်သီး လေဟာနယ်ကို ထိုးခွင်းကာ ရွှေကျီးကန်းထံသို့ ဦးတည်သွားသည်။
ကောင်းကင်တစ်ခွင်လုံး မီးတောက်များဖြင့် ပြည့်နှက်သွားသည်။ ရွှေကျီးကန်းသည်လည်း သတ်ဖြတ်လိုသည့်အငွေ့အသက်အပြည့်ဖြင့် ချူဖုန်းအား တိုက်ခိုက်လာသည်ပင်။
နေလုံးကြီး ပေါက်ကွဲသွားသကဲ့သို့ သူတို့နှစ်ဦးကြားတွင် မီးတောက်များ ထွက်ပေါ်လာသည့်မြင်ကွင်းမှာ ကြောက်စရာကောင်းလှသည်။
လောင်ကျွမ်းနေသည့် ရွှေရောင်အမွေးအတောင်များ ကောင်းကင်ထက်မှ ပြုတ်ကျလာ၏။ ထိုအမွေးအများစုတွင် သွေးများစွန်းထင်းနေသည်ပင်။ ချူဖုန်းလည်း အဝေးသို့ လွင့်ထွက်သွားလေ၏။
ဤသည်မှာ ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ ထိပ်တိုက်တွေ့ဆုံခြင်းပင်။
အသက်ကိုးချောင်းကြောင်လည်ပင်ကို ချိုးလိုက်ကတည်းက ချူဖုန်း ပြိုင်ဘက်ကင်းကျွမ်းကျင်သူဖြစ်သွားပြီဟု သတ်မှတ်၍ရသည်။
ဝုန်း…
ပြုတ်ကျလာသည့် အမွေးအတောင်များကြောင့် တောအုပ်ကြီး ပျက်စီးသွားကာ အားလုံး ပြာအဖြစ် ပြောင်းလဲသွားသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျီးကန်းဘုရင် မည်မျှကြောက်စရာကောင်းသည်ကို သိနိုင်သည်။
“ချူဖုန်း မင်းက တကယ်သေသင့်တဲ့ကောင်…” ကျီးကန်းဘုရင် ဟစ်ကြွေးကာ ကောင်းကင်ထက်မှ တဟုန်ထိုး ထိုးဆင်းလာသည်။ သူ့ဘေးပတ်လည်တွင်လည်း မီးတောက်များ ရှိနေသည်ပင်။
ချူဖုန်းကို လုပ်ကြံရန်အတွက် အသက်ကိုးချောင်းကြောင်နှင့် အတူလာခဲ့ခြင်းဖြစ်သော်လည်း ကြောင်ကြီးသာ သေဆုံးသွားခဲ့ရသည်။ သူတို့နှစ်ဦးမှာ လောကကြီးကို တုန်လှုပ်အောင် လုပ်နိုင်သည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူများပင်။
ဝုန်း…
ကျီးကန်းဘုရင် သူ့အတောင်ပံများကို ဖြန့်ကျက်ကာ အောက်ဘက်သို့ ဆင်းလာသည်နှင့် အံ့အားသင့်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့အတောင်ပံများ တောင်ကုန်းလေးတစ်ခုကို ထိမိသွားသည်နှင့် ထိုတောင်ကုန်း ချက်ချင်း အရည်ပျော်သွားခဲ့လေ၏။
မီးတောင်ကြီး ပေါက်ကွဲသွားသကဲ့သို့ ချော်ရည်များကြားမှ မီးတောက်များ ပေါက်ကွဲထွက်လာသည်။ ဤနေရာတစ်ခုလုံးသည် အနီရောင်ပင်လယ်ကြီးကဲ့သို့ ဖြစ်သွားကာ အနီရောင်လှိုင်းများလည်း ကောင်းကင်ထိပင် ရောက်သွားသည်။ ကျီးကန်းဘုရင် တစ်ချက်တိုက်ခိုက်လိုက်သည်နှင့် တောင်တစ်ခုလုံး ပျက်စီးသွားလေပြီ။
ချူဖုန်း တုန်လှုပ်သွားရ၏။ ကျီးကန်းဘုရင်၏ခွန်အားမှာ သူ့ကို ကြောက်ရွံ့သွားစေသည်ပင်။ သူ အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ့ဘေးပတ်လည်တွင် တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီး သူ့ကို ချော်ရည်များကြောင့် မထိခိုက်အောင် ကာကွယ်ပေးလာသည်။
ဖောက်…
သူ ချော်ရည်အိုင်ထဲမှ ခုန်ထွက်လိုက်ပြီး ရွှေကျီးကန်းထံသို့ ပြန်သွားလိုက်သည်။
“အာ.. ကြောင်သေသွားပြီပဲ..” နွားနက်ကြီး အံ့အားသင့်သွားရ၏။
မြည်းဘုရင်၊ နွားနက်နှင့် အခြားသူတို့သည် ကီလိုမီတာပေါင်းများစွာ ဝေးကွာသည့်နေရာမှ အပြေးလေးရောက်လာကြခြင်းပင်။ သူတို့ ရောက်လာသည့်အချိန်တွင် လည်လိမ်ကာ ရင်ဘတ်၌ အပေါက်ကြီးဖြစ်နေသည့် ကြောင်ကိုသာ တွေ့လိုက်ရတော့သည်။
“သောက်ရမ်းမိုက်တာပဲ … ပြိုင်ဘက်ကင်း အသက်ကိုးချောင်းကြောင် အသတ်ခံလိုက်ရပြီ…” မန်ချူးကျား အံ့အားတကြီး ပြောလိုက်သည်။
“အ…” ကျားကြီး နာကျင်စွာ ညည်းလိုက်သည်။ သူ့တစ်ကိုယ်လုံး ရွှေရောင်အမွေးများ စိုက်နေကာ ဖြူကောင်ကဲ့သို့ ဖြစ်နေလေပြီ။
“ညီလေးချူ .. နောက်တစ်ကောင်သတ်လိုက်လို့လည်း ဘာမှမထူးခြားဘူး.. သူများတွေကို အမွေးနဲ့ချောင်းတိုက်ဖို့ပဲသိတဲ့ အဲဒီရွံစရာကောင်းတဲ့ကျီးကန်းကြီးကို သတ်ပေးပါ..”
“ငါ အရမ်းမွန်းကြပ်နေပြီ…” နွားနက်ကြီး၏ မျက်နှာ မည်းမှောင်နေသည်မှာ ခရမ်းရောင်သို့ပင် ပြောင်းတော့မည်။ ဗုဒ္ဓပစ္စည်းထဲသို့ သူ စွမ်းအင်များ ထည့်နေသော်လည်း ယခုထိ သုံးဖို့အခွင့်အရေးမရသေး။
“သတ်…”
ကျီးကန်းဘုရင် သူ၏သတ်ဖြတ်သည့်အကွက်ကို ထုတ်သုံးလာသောကြောင့် ရုတ်တရက် အလင်းမိုးရွာသွန်းလာသည်။ သူ့ခန္ဓာကိုယ် နတ်အမွေးများ ကျွတ်ကျလာသည်။ ထိုအမွေးများ အောက်ဘက်သို့ ထိုးဆင်းလာသည်နှင့် သတ္တုချင်းရိုက်ခတ်သည့်အသံများပင် ထွက်ပေါ်လာသည်။ ဤအမွေးများမှာ ထက်ရှသည့်ဓားသွားများထက်ပင် ကြောက်စရာကောင်းသေးသည်။
“ပြေး…”
မန်ချူးကျားတို့အုပ်စု အူလျားဖားလျား ပြေးရတော့သည်။
ဤတိုက်ခိုက်မှုမှာ ယခင်က သူတို့ကြုံခဲ့ရသည့် တိုက်ခိုက်မှုများထက် ပိုကြမ်းသည်။ ဤအမွေးများမှာ ယခင်ကကဲသို့ အမွေးနုများမဟုတ်ပဲ သူ့အမွေးအစစ်များပင်။
ချူဖုန်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ ဖရိုဖရဲစွမ်းအင်များမှာ ကောင်းကင်ဗိုလ်ချုပ်များ မြေပြင်ထက်သို့ ဆင်းသက်လာသကဲ့သို့ပင်။ များပြားလှသည့်အမွေးများမှာ ကောင်းကင်တစ်ခုလုံး ပြည့်နှက်နေပြီး ပြန်ဆုတ်နိုင်သည့်လမ်းအားလုံးကို ပိတ်ကာဆီးထားသည်။
ချူဖုန်း အော်ဟစ်လိုက်ကာ ဘေးပတ်လည်မှ စွမ်းအင်များကို စုတ်ယူလိုက်ကာ သူ့ဘယ်လက်ကိုမြှောက်လိုက်ပြီး နတ်ဆိုးဖိနှိပ်ခြင်းကောင်းကင်ပညာကို အသက်သွင်းလိုက်သည်။ ထို့နောက်တွင်တော့ လျှပ်စီးများ ထုတ်လွှတ်နေသည့်အဆောင်တစ်ခု ပေါ်လာလေ၏။
ခွပ်…
လေထဲ၌ လျှပ်စစ်တန်းများ ထွက်ပေါ်လာကာ ရွှေကျီးကန်းအမွေးတစ်ရာကျော်ကို ပစ်ချလိုက်သည်။ မြင်ကွင်းများမှာ တစ်ဖြည်းဖြည်း ပို၍ကြောက်စရာကောင်းလာသည်။
မီးနှင့်လျှပ်စီးများ တိုက်ခိုက်လာသည်နှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။
အချို့အမွေးများ ရပ်တန့်သွားသော်လည်း အချို့အမွေးများမှာ ဆက်လက်ဆင်းသက်လာနေဆဲပင်။
ချွမ်း ချွမ်း ချွမ်း…
ကျန်သည့်အမွေးများကို တားဆီးရန်အတွက် ချူဖုန်းဘေးပတ်လည်၌ ခေါင်းလောင်းကြီးတစ်ခု ပေါ်လာသည်။
ရွှီး ရွှီး ရွှီး…
အမွေးများမှာ မြေပြင်ထက်သို့ ထိုးစိုက်သွားသည်နှင့် ကမ္ဘာပျက်ကပ်ရောက်လာသကဲ့သို့ တောတောင်နှင့် မြေပြင်တို့မှာ ချက်ချင်းပင် ချော်ရည်များအဖြစ် ပြောင်းလဲစီးဆင်းသွားသည်။
“သတ်…”
ရွှေကျီးကန်း ရူးသွပ်သွားလေပြီ. သူသည် အတောင်ပံများကို ခတ်လိုက်ပြီး ရွှေရောင်နေလုံးတစ်လုံးအဖြစ် ပြောင်းလဲလိုက်သည်။ သူ အတောင်ပံများကို ခတ်လိုက်တိုင်း မရေမတွက်နိုင်သည့် မီးတန်းများ ထွက်ပေါ်လာသည်ပင်။
“သောက်ကျီးကန်း .. မီးတောက်ထုတ်တာအပြင် မင်းဘာလုပ်တတ်သေးလဲ..”
ချူဖုန်း ကျဉ်းထဲကြပ်ထဲ ရောက်နေသည်။ မြေပြင်မှာ ချော်ရည်များဖြင့် ပြည့်နှက်နေသောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန်စွမ်းအင်များ ထုတ်သုံးနေရသည်။
ရွှီး…
ရုတ်တရက် ရွှေရောင်ကျီးကန်း အောက်သို့ထိုးဆင်းလာကာ ရွှေရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားပြီး ချူဖုန်းကို လက်သီးများဖြင့် တိုက်ခိုက်လာသည်။
ဝုန်း…
ကျီးကန်၏ခန္ဓာကိုယ်မှ တောက်ပသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေပြီး သူ့လက်သီးနှစ်ဘက်မှာလည်း နေလုံးနှစ်လုံးကဲ့သို့ပင်။ ထို့အပြင် သူသည် နတ်ဘုရားတစ်ပါး မြေပြင်ထက်သို့ ဆင်းသက်လာသကဲ့သို့သော အော်ရာမျိုးလည်း ထုတ်လွှတ်နေသည်။
အနီးကပ်တိုက်ခိုက်ရဲသည့် ရန်သူများကို ချူဖုန်းမကြောက်။ တစ်ဖက်လူသည် သူ မရောက်နိုင်သည့် ကောင်းကင်ထက်၌ ရှိနေမည်ကိုသာ သူစိုးရိမ်သည်။
ဒုန်း ဒုန်း ဒုန်း…
သူတို့နှစ်ဦး တိုက်ခိုက်လာသည်နှင့် နတ်အလင်းများ ထွက်ပေါ်လာသည်။
ရွှေကျီးကန်းမှာ ဘုရားနယ်မြေတိုက်ပွဲကို ဦးဆောင်သည့် ပြိုင်ဘက်ကင်းကျွမ်းကျင်သူ ဖြစ်ထိုက်သည်။ သူ့ခွန်အားမှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သူ့လက်သီးချက်ကြောင့် တောင်များ ပြိုကျကုန်သည်။
သူတို့နှစ်ဦးလုံး အားကုန်တိုက်ခိုက်နေကြသည်ပင်။
ဖူး…
ရုတ်တရက် ရွှေကျီးကန်း အလင်းတန်းတစ်ခုကို ထွေးထုတ်လာသည်။ သူ့ခေါင်းလောင်းကို ထိုးဖောက်သွားသည့် လျှပ်တပြက်တိုက်ခိုက်မှုကြောင့် ချူဖုန်း ထိတ်လန့်သွားရသည်။
ချူဖုန်း ဘေးဘက်သို့ ရှောင်လိုက်သောကြောင့်သာ ထိုအလင်းတန်းနှင့် ကပ်သီးလေး လွတ်သွားခြင်းပင်။ သူ့အနောက်၌ ရှိနေသည့် တောင်မှာ လျင်မြန်စွာပင် အရည်ပျော်ကျသွားသည်။
“နေစွမ်းအင်မီးတောက်…”
ချူဖုန်း တုန်လှုပ်သွားရ၏။ ဤစွမ်းအင်မီးတောက်နှင့် ထိသွားပါက သူပင် တောင့်ခံနိုင်မည်မဟုတ်။
ထိုစွမ်းအင်မီးတောက်များကို မှုတ်ထုတ်ပြီးသည်နှင့် ရွှေကျီးကန်းဘုရင်၏ ခန္ဓာကိုယ် တစ်ခဏခန့် ယိုင်သွားသည်။ အချိန်တိုအတွင်း သူ ဤကဲ့သို့သော မီးတောက်မျိုး ထပ်မထုတ်နိုင်တော့မည်မှာ သေချာသည်။
“သောက်ကျီးကန်း .. ခင်ဗျားသေလိုက်တော့..” ချူဖုန်း အော်ဟစ်လိုက်သည်။
နတ်ဆိုးဖိနှိပ်ခြင်းပညာ၊ အင်ပါယာဓားပညာ… စသည်ဖြင့် ပညာအားလုံးကို သူ တပြိုင်နက်တည်း အသုံးပြုလိုက်သည်။ ယခုအချိန်မှာ ရှင်းယီပညာကို လေ့ကျင့်ရမည့်အချိန်မဟုတ်။ ရွှေကျီးကန်းမှာ ဟိန်းထုန်နှင့် မျက်လုံးသုံးလုံးချန်းယွဲ့ထက်ပို၍ စွမ်းအားကြီးသည်။
ရွှီး…
ရွှေကျီးကန်သည့် ကျီးကန်းပုံစံပြန်ပြောင်းပြီး ကောင်းကင်ထက်သို့ ပြန်တက်သွားကာ ကြောက်စရာကောင်းသည့် စွမ်းအင်တစ်မျိုးကို အသက်သွင်းလာသည်။
ကောင်းကင်ထက်တွင် ရွှေရောင်အမွေးအတောင်များပြည့်နှက်သွားပြီး ရွှေရောင်တိမ်တိုက်များကဲ့သို့ အကုန်လုံးကို ဖုံးလွှမ်းသွားသည်။
“အမ်…” ချူဖုန်း ထိတ်လန့်သွားရ၏။
ထိုရွှေရောင်အမွေးအတောင်များသည် ရွှေရောင်ကျီးကန်းအဖြစ်သို့ ပြောင်းလဲသွားကာ ထိုနေရာကို စက်ဝိုင်းပုံ လှည့်ပတ်ပျံသန်းနေကာ များပြားလှသည့်စွမ်းအင်များ ထုတ်လွှတ်နေသည်ပင်။
ဤမြင်ကွင်းမှာ ချူဖုန်းကို အတော်ေလး ဖိအားများစေသည်။ မန်ချူးကျားတို့လည်း အံ့အားသင့်သွားရသည်ပင်။ ဒီငှက်ပေါင်းတစ်ထောင်ကျော်က အတုတွေလား..
ရွှေကျီးကန်းသည် သူ့အမွေးအတောင်များမှ ဖြစ်လာသည့် ကျီးကန်းများကြား ရောနေပြီး သူ့ကို ရှာ၍မရတော့။
ချွမ်း…
သူ့ကိုကာကွယ်ပေးရန် ရွှေခေါင်းလောင်းပေါ်လာသည်။ ထိုအချိန် သူ့လက်ဝါး တောက်ပလာကာ လျှပ်စစ်များ ရောယှက်လာသည်။ ရွှေကျီးကန်း၏ ခန္ဓာကိုယ်အစစ်ကို ရိုက်ချနိုင်ရန် မျှော်လင့်လျက် လေထဲသို့ လျှပ်စီးတန်းများစွာ ပစ်လွှတ်လိုက်သည်။
ရွှီး ရွှီး ရွှီး…
ကျီးကန်းအုပ်ကြီးသည် နေရာအနှံ့သို့ ပျံ့နှံ့သွားလေ၏။ ဤကျီးကန်အကုန်လုံးကို သတ်ချင်လျှင် သူ စွမ်းအင်များစွာ သုံးရလိမ့်မည်။
“သတ်…”
ရွှေကျီးကန်၏ တိုက်ပွဲကြွေးကြော်သံမှာ နေရာအနှံ့ ပဲ့တင်ထပ်သွားသည်။ ထို့နောက် အကောင်ရေတစ်ထောင်ကျော်ရှိသည့် ကျီးကန်းအုပ်ကြီးသည် ချူဖုန်းထံသို့ ထိုးဆင်းလာကြတော့သည်။
“အမွေးတစ်ခုစီတိုင်းမှာ ဝိညာဉ်စွမ်းအင်နည်းနည်းစီထည့်ထားတော့ အတုလားအစစ်လား တစ်ချက်ကြည့်ရုံနဲ့ မခွဲနိုင်တော့ဘူး…” ချူဖုန်း သတိကြီးကြီးဖြစ်လာသည်။ အချိန်ရလျှင်တော့ သူ ခွဲနိုင်လိမ့်မည်။ သို့သော် ယခုတော့ သူ အချိန်မရှိ။
ကံကောင်းစွာဖြင့် သူ့ခေါင်းလောင်းမှာ အတော်လေး ခုခံအားမြင့်လှသည်။
ရွှေကျီးကန်းမှာ တကယ်ကြောက်စရာကောင်းလှသည်ကိုတော့ သူ ဝန်ခံရလိမ့်မည်။ ဤတိုက်ကွက်တစ်ခုတည်းဖြင့်ပင် သူ့လမ်းကြောင်းရှိ ဘုရင်အားလုံးကို သတ်ပစ်ရန် လုံလောက်သည်။ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများပင် သူ့ကို ယှဉ်နိုင်မည်မဟုတ်။
ချွမ်း ချွမ်း ချွမ်း…
ထိုပုံရိပ်ယောင်အားသည် ခေါင်းလောင်းနှင့်ထိသွားသည်နှင့် ခေါင်းလောင်းကြီး တုန်ခါသွားကာ ကျီးကန်းများလည်း ရွှေရောင်အမွေးအဖြစ်သို့ ပြန်ပြောင်းသွားသည်။
ဒုန်း ဒုန်း ဒုန်း…
လေထဲ၌ ဗုံသံကဲ့သို့သော နှလုံးခုန်သံကြီး ထပ်မံထွက်ပေါ်လာသည်။ သူ စွမ်းအင်များစွာ ထုတ်လွှတ်နေသောကြောင့် သူ့နှလုံးမှ တောက်ပသည့် အလင်းတန်းများ ထွက်ပေါ်လာလေသည်။
သူ၏နတ်အသိစိတ်ကို အဆင့်မြင့်တင်လိုက်ပြီး ကျီးကန်းဘုရင်အစစ်ကို ရှာဖွေလိုက်သည်။ သေရေးရှင်ရေးနှင့် ရင်ဆိုင်နေရသော်လည်း သူ တည်ငြိမ်နေဆဲပင်။
ရုတ်တရက် သူ အလန့်တကြားဖြစ်သွားပြီး ဘေးဘက်သို့ ရှောင်တိမ်းလိုက်သည်။ ရွှေကျီးကန်းဘုရင်အစစ်သည် သူ့ပါးစပ်မှ ရွှေရောင်အလင်းတန်းတစ်ခု ပစ်လွှတ်လာသည်ပင်။ ထိုနေစွမ်းအင်မီးတောက်သည် ခေါင်းလောင်းကိုဖြတ်ကာ သူ့ခန္ဓာကိုယ်ကို ထိမိလုနီးပါးဖြစ်သွားသည်။
“ခင်ဗျားက ဘယ်သွားချင်နေတာလဲ..”
ထိုအလင်းတန်းကို ရှောင်ရှားပြီးသည်နှင့် ချူဖုန်း အပေါ်ဘက်သို့ ခုန်တက်လိုက်ပြီး ကျီးကန်းဘုရင်ကို လိုက်ဖမ်းလိုက်သည်။
နေစွမ်းအင်မီးတောက် ပစ်လွှတ်ပြီးသည်နှင့် ကျီးကန်းဘုရင် တစ်ခဏခန့် အားနည်းနေမည်ဖြစ်ကြောင်း သူသိပြီးသားပင်။ သူ နောက်တစ်ကြိမ် ထပ်ပစ်နိုင်ဦးမည်မဟုတ်။ ဤသည်မှာ သူ့ကို ရိုက်ချရန် အကောင်းဆုံးအခွင့်အရေးပင်။
သူ့ကို ရှာတွေ့သွားသောကြောင့် ရွှေကျီးကန်းဘုရင် ဒေါသထွက်သွားလေသည်။ သူ၏အနန္တကိုယ်ပွားပညာ ရှုံးနိမ့်သွားလေပြီ။ ချူဖုန်းသာ တစ်လှမ်းနောက်ကျလျှင် သူ နေစွမ်းအင်မီးတောက်ဖြင့် သူ့ကို လောင်ကျွမ်းအောင် လုပ်၍ရလေပြီ။
ခွပ် ခွပ် ခွပ်…
ချူဖုန်း၏ အဆုံးမရှိသည့် တိုက်ခိုက်မှုများ ရောက်လာသည်နှင့် ကျီးကန်းကြီး အမွေးကျွတ်ကုန်သည်။ ရှင်းယီလက်သီးမှ နွားနတ်ဆိုးနှင့် ရေနဂါးနတ်ဆိုးလက်သီးများထိ လက်သီးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ကျီးကန်းဘုရင်၏ အမွေးအချို့ သွေးများစွန်းထင်းသွးကာ လေနှင့်အတူ ညင်သာစွာ မျောလွင့်သွားသည်။ တစ်ချိန်တည်းမှာပင် ချူဖုန်း၏လက်သီးများမှာ အနက်ရောင်အလင်းများနှင့် တောက်ပလာလေ၏။
“မင်းတို့ လုပ်ရဲလား..”
ရွှေကျီးကန်းဘုရင်ကြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လာ၏။ အဘယ်ကြောင့်ဆိုသော် မန်ချူးကျားတို့အုပ်စုသည် အသက်ကိုးချောင်းကြောင်၏အလောင်းကို ဆုတံဆိပ်အနေဖြင့် ဆွဲသွားသည်ကို သူ မြင်လိုက်ရသည်ပင်။
ထိုအုပ်စုကို တားဆီးရန်အတွက် မရေမတွက်နိုင်သည့် အမွေးများ ပစ်လွှတ်လိုက်သည်။ ထို့နောက် သူ ချူဖုန်းကို လျစ်လျှူရှုကာ ထိုအုပ်စုထံသို့ ပြေးသွားလိုက်တော့သည်။
သူ မြေပြင်ထက်သို့ ရောက်လာသည်နှင့် ချူဖုန်း သူ့ကို ချက်ချင်းလိုက်ဖမ်းလိုက်သည်။
ခွပ် ခွပ် ခွပ်…
သူတို့နှစ်ဦးသည် ထိုနေရာသို့တစ်ချိန်တည်းနီးပါး ရောက်ရှိသွားပြီး အချက်ရေပေါင်းများစွာ တိုက်ခိုက်လာကြတော့သည်။ ဤသည်မှာ မည်သည့်ပညာမှ မပါပဲ စွမ်းအားချင်းသီးသန့် တိုက်ခိုက်ကြခြင်းပင်။
ဖူး…
ဒဏ်ရာရသွားသည့် ရွှေကျီးကန်း သွေးအန်သွားသည့်အပြင် သူ အတော်ေလးလည်း ထိတ်လန့်သွားရသည်။ သူသည် အထူးကံကောင်းမှုတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီး ရွှေကျီးကန်းသွေးမျိုးဆက်အဖြစ် အဆင့်တက်နိုင်ခဲ့သောကြောင့် သူ့ခန္ဓာကိုယ်မှာ အလွန်မာကျောလှသည်ပင်။ သို့သော် ယနေ့တော့ သူ အကြိမ်များစွာ ဒဏ်ရာရနေသောကြောင့် စိတ်ဖိစီးလာရသည်။
နောက်ဆုံးတွင် ရွှေကျီးကန်းသည် အသက်ကိုးချောင်းကြောင်အလောင်းကို သယ်ကာ ကောင်းကင်ထက်သို့ ပြန်တက်သွားသည်။ ချူဖုန်းလည်း ကောင်းကင်ထက်သို့ လိုက်တက်သွားကာ သူ့ကို တိုက်ခိုက်လိုက်ပြီး ထိုအလောင်းအား ပြန်ချထားခဲ့ရန် ဖိအားပေးလိုက်သည်။
“မင်း…” ရွှေကျီးကန်းမှာ အံ့အားသင့်သွားရသလို ဒေါသလည်း ထွက်သွားရသည်။
ချူဖုန်း မြေပြင်ထက်သို့ ပြန်ရောက်သည်နှင့် ချာကရမ်ကို ထုတ်လိုက်သည်။ ရန်သူ လွတ်မြောက်တော့မည်ကို သူ သိသည်။ ယခုအချိန်မှာ သတ်ဖြတ်ရမည့်အချိန်ပင်။
“ငါလုပ်မယ်..” နွားနက်ကြီး အော်ဟစ်လာသည်။ စွမ်းအင်များကို အချိန်အတော်ကြာ ထိန်းချုပ်ထားရသောကြောင့် သူ့မျက်နှာကြီး နီရဲနေလေပြီ။ နွားနက်ကြီး လေပေါ်ပျံတက်သွားအောင် မန်ချူးကျားကူညီပေးလိုက်သည်။
ထိုပစ္စည်းမှ ကြောက်စရာကောင်းသည့် အလင်းတန်းများ ထွက်ပေါ်လာသည်နှင့် လေထဲ၌ ရွှေရောင်ရဟန္တာတစ်ပါးပုံ ပေါ်လာသည်။
ပစ္စည်းကြီးသည် သူ့ခွန်အားကို ပြသကာ ထိုနေရာတစ်ခုလုံးကို ကြောက်စရာကောင်းသည့် စွမ်းအင်များဖြင့် ဝါမြိုပစ်လိုက်တော့သည်။
ခွပ်…
ရွှေကျီးကန်းကြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားပြီး သွေးများနေရာအနှံ့ လွင့်စင်သွားကာ ကောင်းကင်တစ်ခွင်လုံး နီရဲသွားတော့သည်။
ပြင်းထန်လှသည့် ဒဏ်ရာကြောင့် သူ ကောင်းကင်ပေါ်မှ ပြုတ်ကျမတတ် ဖြစ်သွားရသည်။ သူ့ခန္ဓာကိုယ်တစ်ခြမ်း စုတ်ပြတ်သွားပြီး အတောင်ပံတစ်ဖက်လည်း တစ်စစီဖြစ်လုနီးပါးပင်။
“ချီးပဲ .. ငါတို့ပစ်မှတ်နဲ့ လွဲသွားပြီ..” နွားနက်ကြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချူဖုန်း အပေါ်မော့ကြည့်ပြီး တစ်ခဏခန့်စဉ်းစားပြီးနောက် ပစ်မှတ်မှာ ချာကရမ်ကို အသုံးပြုရန်အတွက် အတော်လေး ဝေးကွာသွားပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ရန်သူ ထိုချာကရမ်ကို အလွယ်တကူ ရှောင်တိမ်းနိုင်လိမ့်မည်။
“ရွှေလင်းတဘုရင် လိုက်မယ်..” ချူဖုန်း တစ်ဖက်လှည့်ကာ ရွှေလင်းတဘုရင်ကျောထက်သို့ ခုန်တက်လိုက်သည်။
အပိုင်း ၂၇၉ ပြီး၏။