Switch Mode

Chapter – 278

ပြိုင်ဘက်ကင်း ကျွမ်းကျင်သူများကြားမှ တိုက်ပွဲ

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၈ – ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကြားမှ တိုက်ပွဲ

မူး…

နွားနတ်ဆိုးအော်သံ ထွက်ပေါ်လာ၏။ ဤအသံမှာ ချူဖုန်းပြုလုပ်လိုက်ခြင်းမဟုတ်။ သူ့လက်သီးစွမ်းအင်လှိုင်းများမှ ထွက်ပေါ်လာခြင်းပင်။ နွားနတ်ဆိုးလက်သီးပညာကို အဆင့်တစ်ခုထိရောက်အောင် ကျွမ်းကျင်သွားသည်နှင့် လက်သီးများမှ အနက်ရောင်အလင်းများ တောက်ပပေါ်လာပြီး ထူးဆန်းသည့်အသံတစ်သံ ထွက်ပေါ်လာလိမ့်မည်။ တိုက်ခိုက်မှုမှာ ရန်သူ၏ခန္ဓာကိုယ်သာမက စိတ်ကိုလည်း တိုက်ခိုက်လိမ့်မည်။

ဤလက်သီးပညာမှာ တကယ်ကို ထူးခြားလှသည်။

ချူဖုန်း လေထဲသို့ ပြေးတက်သွားလိုက်ပြီး ကြောင်ဘုရင်နောက် လိုက်လံတိုက်ခိုက်လိုက်၏။

ထိတ်လန့်မှုကြောင့် ကြောင်ဘုရင်၏အမွေးများ ထောင်ထသွားရသည်။ ရန်သူ၏အရှိန်မှာ လျင်မြန်လွန်းလှသည်။ ချူဖုန်းသည် သူကဲ့သို့ အချုပ်အနှောင်ခြောက်ခုဖြတ်တောက်ထားသည့် ကျွမ်းကျင်သူထက်ပင် မြန်နေသေးသည်။ ထို့အပြင် သူသည် သူ၏လျင်မြန်ဖြတ်လတ်မှုအတွက် နာမည်ကြီးသည့်သူပင်။

ခွပ်…

သူ နောက်ပြန်လှည့်လိုက်ကာ သံချိတ်များကဲ့သို့ ချွန်ထက်နေသည့် လက်သည်းများဖြင့် တိုက်ခိုက်လိုက်သည်။

ထို့နောက်တွင်တော့ မိုးကြိုးပစ်ချလိုက်သကဲ့သို့ လေထဲ၌ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ဖြစ်ပေါ်လာလေ၏။

ဤသည်မှာ ချူဖုန်း၏လက်သီးနှင့် ကြောင်ဘုရင်၏ ဧရာမလက်သည်းကြီး ထိပ်တိုက်တွေ့သွားသောကြောင့်ပင်။ သူ့လက်သီးမှာ ရန်သူထံသို့ ဦးတည်သွားနေသည့် ကျွဲနက်ကြီးကဲ့သို့ပင်။

ကြောင်ဘုရင် အလွန်တုန်လှုပ်သွားရသည်။ သူသည် အမြန်ဆုံးသက်ရှိများထဲမှ တစ်ဦးဖြစ်သော်လည်း သူ့ခွန်အားကတော့ ထိုသို့မဟုတ်။ ချူဖုန်း အကျွမ်းကျင်ဆုံးလက်သီးနှင့် တွေ့သွားသည်နှင့် သူ တစ်ကိုယ်လုံး တုန်ယင်လာကာ သွေးအန်တော့သည်။

ချူဖုန်း ပြန်မဆင်းသေးပဲ ဒုတိယလက်သီးပစ်သွင်းလိုက်၏။ ဤလက်သီးမှာ ရေနဂါးနတ်ဆိုးလက်သီးပင်။

ဤလက်သီးလည်း အနက်ရောင်အလင်းများ တောက်ပလာပြီး လူတစ်ယောက်၏ စိတ်ကိုတုန်ခါသွားစေနိုင်သည့် ရေနဂါးတစ်ကောင် အော်သံ ထွက်ပေါ်လာသည်။

သူ့ဘယ်လက်သီးကို ရစ်ပတ်နေသည့် ရေနဂါးတစ်ကောင်ကိုပင် မြင်နေရသည်။

ဖူး…

ကြောင်ဘုရင်ကြီး လက်မြှောက်ကာ ခုခံလိုက်သော်လည်း သူ့ခန္ဓာကိုယ်မှာ လျှပ်စီးဖြင့် ပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ အဝေးသို့ လွင့်ထွက်သွားကာ နှာခေါင်းနှင့်ပါးစပ်မှ သွေးများစီးကျလာသည်။

ဝှစ်…

ကြောင်ဘုရင် ပျောက်ကွယ်သွား၏။ သူ၏ ပုန်းကွယ်နိုင်စွမ်းကို အသုံးပြုကာ ထွက်ပြေးသွားလိုက်ခြင်းပင်။

ချူဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ သူ့နတ်အာရုံများကို အဆုံးစွန် အသုံးပြုလိုက်သည်နှင့် သူ့နှလုံးမှာ နေမင်းကြီးကဲ့သို့ အရောင်တောက်လာပြီး စွမ်းအင်များစွာ ထုတ်လွှတ်လာသည်။

ဒုန်း ဒုန်း ဒုန်း…

ချူဖုန်း၏နှလုံးခုန်သံမှာ ဗုံတီးနေသကဲ့သို့ မြည်ဟီးလာသည်။ သူ့နှလုံးခုန်သံကို အဝေးမှပင် ကြားနေရပြီဖြစ်သည်။

သူ့ခန္ဓာကိုယ်၏ ဇီဝလုပ်ဆောင်မှုများမှာ အမြင့်ဆုံးသို့ ရောက်နေလေပြီ။ သူ့သွေးထဲရောနေသည့် ဝိညာဉ်စွမ်းအင်များလည်း ကြွတက်လာကာ အသက်ရှူစည်းချက်အတိုင်း သူ့သွေးစွမ်းအင်များနှင့် လှည့်ပတ်လာသည်။

“ခင်ဗျား ပြေးမလွတ်ဘူး .. ကျုပ် ခင်ဗျားကိုတွေ့ပြီ…” ချူဖုန်း အော်ဟစ်လိုက်သည်။

သူ့စွမ်းအင်များကို အမြင့်ဆုံးအဆင့်ထိ တင်လိုက်သောကြောင့် သူ့မွေးညှင်းပေါက်မှ နတ်အလင်းများထွက်လာသည်။ သူ နောက်တစ်ခေါက် ထပ်ခုန်လိုက်ပြီး အသံထက် ငါးဆခွဲမြန်သည့်နှုန်းဖြင့် နေရာတစ်ခုထံသို့ ဦးတည်ပြေးသွားလိုက်သည်။ သူ ပြေးနေသည့်လမ်းကြောင်းရှိ သစ်ပင်ကြီးများနှင့် ကျောက်တုံးများမှာ မြက်ပင်ခြောက်များ ဆွဲနှုတ်သကဲ့သို့ လေထဲမြှောက်တက်လာပြီး တစ်စစီဖြစ်သွားသည်။

ကြောင်ဘုရင်သည် သူ့ကိုယ်သူ မမြင်ရအောင်လုပ်ပြီး ခြေရာလက်ရာများအားလုံးကို ဖျောက်နေရသောကြောင့် သူ့အရှိန် နှေးသွားသည်။

ဝုန်း…

တစ်ခဏအတွင်း ချူဖုန်း ကြောင်ဘုရင်ရှေ့သို့ ရောက်လာကာ သူ ထွက်ပြေးမည့်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

“မူး… ဂီး…”

မူလရှေးဟောင်းသားရဲနှစ်ကောင်၏ အော်သံများ ပဲ့တင်ထပ်လာပြီး ရေနဂါးတစ်ကောင်နှင့် ကျွဲတစ်ကောင်သည် လေဟာနယ်တစ်ခုလုံးကို ဖိနှိပ်ထားတော့သည်။

တောင်ကြောတစ်ခုလုံးကို ဖိနှိပ်နိုင်သည့် ချူဖုန်း၏လက်သီးနှစ်လုံး ရောက်ရှိလာသည်။

ကြောင်ဘုရင် အော်ဟစ်လိုက်ကာ ထိုလက်သီးများကို အားကုန်ခုခံလိုက်သည်။

ခွပ်…

သူ့ပခုံးများ ကွေးသွားပြီး သူ၏တောက်ပသည့်လက်သည်းများလည်း အရောင်မှိန်သွားသည့်အပြင် အချို့လက်သည်းများမှာ ကျိုးကျသွားပြီး မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

ကြောင်ဘုရင်မှာ နံရံထက်သို့ ရိုက်ချလိုက်သည့် သံချောင်းကဲ့သို့ အောက်သို့ရောက်အောင် ဖိနှိပ်ခံလိုက်ရသည်။

ဝုန်း…

ကြောင်ဘုရင်ကြီး အောက်သို့ကျလာသည်နှင့် မြေကြီးနှင့် ကျောက်တုံးများ ပေါက်ကွဲလွင့်ထွက်သွားသည်။ သူ့ခန္ဓာကိုယ်ထက်၌ သွေးစီးကြောင်းများစွာ ရှိနေသော်လည်း သူသည် အလွန်တည်ငြိမ်နေဆဲပင်။ ထို့နောက် သူသည် ဝှစ်ခနဲ ထပ်မံပျောက်ကွယ်သွားသည်။

ချူဖုန်း အားနည်းသည့်အော်ရာတစ်ခုကို အာရုံခံလိုက်ရသောကြောင့် ထိုနေရာသို့လိုက်သွားကာ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်သည်။

ရွှီး…

သို့သော် ယခုတစ်ခေါက်တွင် ကြောင်ဘုရင်သည် ပြန်းချင်ဟန်ဆောင်ပြီး ပြန်တိုက်ရန် စီစဉ်ထားပင်။

သူသည် ချူဖုန်းနောက်၌ ရုတ်တရက်ပေါ်လာပြီး စတင်တိုက်ခိုက်တော့သည်။

ကြောင်မျိုးနွယ်စု၏ တိုက်ခိုက်မှုအားလုံး အတော်လေးတူညီကြသည်။ သူသည် “နှလုံးသို့တိုက်ခိုက်သည့်ကျားလက်သည်း” တိုက်ကွက်ကို အသုံးပြုကာ ချူဖုန်းအနောက်ဘက်မှနေ၍ တိုက်ခိုက်နေခြင်းပင်။

ခွပ်…

သို့သော် ချူဖုန်းဘေးပတ်လည်၌ ခေါင်းလောင်းကြီးနောက်တစ်ကြိမ် ထွက်ပေါ်လာသည်ကို သူ ထိတ်လန့်စွာ တွေ့လိုက်ရသည်။ ကြောင်ဘုရင်၏ တိုက်ခိုက်မှု ရှုံးနိမ့်သွားလေပြီ။

ချူဖုန်းသည် ရှင်းယီလက်သီးနှင့် နွားနတ်ဆိုးလက်သီးများကြား လျင်မြန်စွာ ပြောင်းလဲနိုင်သည်ပင်။

ထိုခေါင်းလောင်းကြီးကြောင့် ကြောင်ဘုရင်၏ လက်မှသွေးများစီးကျလာသည်။ သူ့တိုက်ခိုက်မှု ကျရှုံးသွားသည်နှင့် သူ နောက်တစ်ကြိမ် နောက်ဆုတ်လိုက်သည်။

“ခင်ဗျားက ဘယ်သွားချင်နေတာလဲ..”

ချူဖုန်းသည် ခန္ဓာကိုယ်၌ ခေါင်းလောင်းကြီး ဝန်းရံလျက်ပင် လေဟာနယ်ကို ဖြတ်သန်းကာ ကြောင်ကြီးနောက် ပြေးလိုက်သွားလိုက်၏။ သူ့အရှိန်မှာ မြန်လွန်းလှသောကြောင့် သူ ပျံသန်းနေသကဲ့သို့ ဖြစ်နေသည်။

ကြောင်ဘုရင်မှာ အတော်လေး စိတ်ဖိစီးနေရသည်။ သူ ဘယ်တုန်းကမှ ခုခံသည့်ဘက်မှ မဖြစ်ဖူး။ သူ၏လုပ်ကြံသည့်ပညာများမှာ လောကကြီး၌ ပြိုင်ဘက်ကင်းပြီး တိုက်ခိုက်မှုတိုင်း အောင်မြင်ခဲ့သည်သာ။ သူ့တိုက်ခိုက်မှုများကို သတိထားနိုင်ရန် ခက်ခဲလှသည်။

သို့သော် ယနေ့တော့ သူသာ ဆက်တိုက်သွေးအန်နေရသည်။

“ငါ့ကို ဖိအားလာမပေးနဲ့ .. ငါပေးဆပ်ရမယ်ဆိုရင်တောင် မင်းကို ငါနဲ့အတူ ဆွဲချသွားမှာ..” ကြောင်ဘုရင် အော်ဟစ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ့အမွေးများသည် အဝါရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသည်။ သူ့တစ်ကိုယ်လုံးတွင် အခြားအရောင်များမရှိတော့။ တစ်ကိုယ်လုံး ငွေရောင်ဖြစ်သွားသည်။

မြောင်…

ကြောင်ကြီးပါးစပ်ဟကာ အဖြူရောင်အလင်းများ ထွေးထုတ်လာသည်။ ဤအလင်းများမှာ ဓားစွမ်းအင်နှင့်တူလှပြီး ချူဖုန်းထံသို့ ဦးတည်လာနေသည်။ ဤတိုက်ခိုက်မှုမှာ ပို၍စွမ်းအားကြီးလာသည်။

ချွမ်း ချွမ်း ချွမ်း…

ထိုစွမ်းအင်များအောက်တွင် ချူဖုန်း၏ခေါင်းလောင်းကြီး လွှဲရမ်းလာကာ ပျက်စီးလုနီးပါးဖြစ်လာသည်။

“ဒီလောက်စွမ်းရည်လေးနဲ့ မရသေးဘူး…” ချူဖုန်း အော်ဟစ်လိုက်သည်။

ချူဖုန်းမှာ ပို၍ပင် ကြမ်းတမ်းလာသည်။ ရွှေရောင်ခေါင်းလောင်းကြီး၏ အကာအကွယ်အောက်တွင် သူ လက်သီးနှစ်လုံးကို ထပ်မံပစ်သွင်းလိုက်သည်။ သူ့လက်သီးမှ ရေနဂါးတစ်ကောင်နှင့် ကျွဲတစ်ကောင် ထွက်ပေါ်လာပြီး ရောယှက်သွားကာ ရန်သူထံသို့ ဦးတည်သွားလေ၏။

“အမ်…”

ကြောင်ဘုရင်ကြီး အန္တရာယ်အငွေ့အသက်ကို အာရုံခံလိုက်ရသည်။ ချူဖုန်း၏လက်မှ အနက်ရောင်အလင်းများ ထွက်ပေါ်လာပြီး ထွင်းဖောက်၍မရနိုင်သည့် အနက်ရောင်နံရံကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဤသည်မှာ နွားနတ်ဆိုးနှင့် ရေနဂါးတို့ကို အမြင့်ဆုံးအဆင့်ထိရောက်အောင် ပေါင်းစည်းထားခြင်းပင်။

နွားနတ်ဆိုးလက်သီးထံမှ စွမ်းအင်လှိုင်းများကို ကြောင်ဘုရင်ခန္ဓာကိုယ်မှ တုန့်ပြန်လာသည်။ ကြောက်စရာကောင်းသည့် စွမ်းအင်စည်းချက်လှိုင်းမှာ သူ့သားကောင်ကို တစ်စစီလုပ်ပစ်တော့မတတ်ပင်။

ဤလက်သီးပညာနှစ်ခုမှာ ချူဖုန်း အကျွမ်းကျင်ဆုံးပညာနှစ်ခုဖြစ်သောကြောင့် ကြောင်ဘုရင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ သူ့ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားကာ သွေးများလည်း နေရာအနှံ့ လွင့်စင်လာသည်။

“မြောင်….”

ကြောင်ဘုရင်၏ခန္ဓာကိုယ်တစ်ဝက်မှာ အနက်ရောင်သို့ ပြန်ပြောင်းသွားသော်လည်း အခြားတစ်ဝက်မှာ အဖြူရောင်ဖြစ်နေဆဲပင်။ ဤသည်မှာ ယင်နှင့်ယန်စွမ်းအင်ပုံနှင့်ပင် တူနေသည်။

အထူးသဖြင့် သူ့မျက်လုံးများပင်။ မျက်လုံးတစ်ဖက်မှာ အသူရာချောက်နက်ကဲ့သို့ မည်းမှောင်နေပြီး အခြားတစ်ဖက်မှာ နှင်းကဲ့သို့ ဖြူဖွေးနေသည်။

ကြောင်များမှာ ယင်ယန်တို့နှင့် ဆက်သွယ်နိုင်သည်ဟု ပြောကြသည်။ သူတို့သည် သေခြင်း၊ရှင်ခြင်းကိုလည်း မြင်နိုင်ကြသည်။ ကြောင်ဘုရင်ကြီး၏လက်ရှိပုံစံမှ အန္တရာယ်အငွေ့အသက်များကို ချူဖုန်း ခံစားနေရသည်။

ဝုန်း…

ချူဖုန်း နတ်ခြေထောက်ကို အသုံးပြုကာ မြန်မြန်ပြန်ဆုတ်လိုက်သည်။ သူသည် အသံထက်အဆများစွာ မြန်ဆန်သော်လည်း ထိုတိုက်ခိုက်မှုကို မရှောင်ရှားနိုင်။ ကြောင်ဘုရင်မျက်လုံးများမှ အရောင်မတူညီသည့် အလင်းတန်းများ ပစ်လွှတ်လာသည်။ အလင်းတန်းတစ်ခုမှာ မည်းနက်နေပြီး အခြားတစ်ခုမှာ ဖြူဖွေးနေသည်။

ချူဖုန်းတစ်ကိုယ်လုံး ကြက်သီးထလာသည်။ ယင်ယန်စွမ်းအားကို သူ ခံစားနေရပြီး သေခြင်းနှင့်ရှင်ခြင်း သူ့ကိုလွှမ်းခြုံသွားသလို ခံစားနေရသည်။

သူ မလေးစားပဲမနေနိုင်။ ဘုရားနယ်မြေများ၌ တိုက်ခိုက်ရဲသည့် ဒေါင်းဘုရင်အပေါင်းအဖော်ပီသပါပေသည်။

ဒုန်း…

ချူဖုန်း ရှင်းယီလက်သီးပညာကို အသက်သွင်းလိုက်သည်နှင့် သူ့ဘေးပတ်လည်တွင် အကောင်ပုံခြောက်ပုံပေါ်လာပြီး လျင်မြန်စွာ လှည့်ပတ်လာကာ ခေါင်းလောင်းတစ်လုံး ဖြစ်လာသည်။

တောင်ကြောတစ်လျှောက်လုံးတွင်လည်း သာယာသည့် ခေါင်းလောင်းသံများ ထွက်ပေါ်လာသည်။

သို့သော် ထိုခေါင်းလောင်းသည့် ရှင်ခြင်းသေခြင်းစွမ်းအင်များပါဝင်သည့် ယင်ယန်အလင်းတန်းကို မတားဆီးနိုင်ခဲ့။ အားနည်းသွားအောင်သာ လုပ်နိုင်ခဲ့သည်။

ဝုန်း…

ဤသို့ အန္တရာယ်များသည့်အချိန်တွင် ချူဖုန်းသည် နွားဝါလေး သင်ပေးထားသည့် အသက်ရှူစည်းချက်ကို အသက်သွင်းကာ သူဘေးပတ်လည်မှ စွမ်းအင်များကို စုတ်ယူလိုက်သည်။

ရုတ်တရက် သူ့ခန္ဓာကိုယ်မှ အသက်ဓာတ်များ ထွက်ပေါ်လာပြီး သူ့ဝိညာဉ်စွမ်းအင်များပင် ဆူပွက်လာသည်။

သူသည် မည်သည့်လက်သီးပညာကိုမှ အသုံးမပြုပဲ သူ့မသိစိတ်အတိုင်းသာ လိုက်လုပ်လိုက်သည်။ ထို့နောက် သူ လက်နှစ်ဘက်ကို ဆန့်တန်းကာ ထိုစွမ်းအင်တန်းများကို တွန်းထုတ်လိုက်သည်။

ထိုအချိန်တွင် အဆုံးမရှိသည့် အလင်းတန်းများ ပေါက်ကွဲထွက်လာတော့သည်။

ဤသည်မှာ ရွှေရောင်ပင်လယ်ကြီးတစ်စင်းပေါ်လာပြီး အားလုံးကို ဝါးမြိုသွားသကဲ့သို့ပင်။

ဖူး…

နောက်ဆုံးတွင် ချူဖုန်း၏လက်နှစ်ဘက်လုံး စုတ်ပြဲသွားကာ သွေးများရွှဲနစ်သွားသော်လည်း သူ့ခန္ဓာကိုယ်ကတော့ ဘာမှမဖြစ်သွား။ ကြည့်ရသည်မှာ သူ ထိုစွမ်းအင်ကို အောင်အောင်မြင်မြင်ခုခံလိုက်နိုင်သည့်ပုံပင်။

ထို့အပြင် သူ့လက်များမှ ထွက်လာသည့် ရွှေရောင်စွမ်းအင်လှိုင်းများမှာ ကြောင်ဘုရင်ခန္ဓာကိုယ်ကို ရိုက်ခတ်သွားကာ တစ်ဖက်လူ၏ခန္ဓာကိုယ်ပုံပျက်သွားကာ အရိုးများစွာ ကျိုးအက်သွားသည်။ သူ ဒဏ်ရာပြင်းထန်စွာ ရသွားလေပြီ။

“ဟမ်…” ချူဖုန်း အံ့အားသင့်သွားရ၏။ သူ့လက်နှစ်ဘက်မှ အသက်ဓာတ်များ လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို သူ ခံစားနေရသည်။ သေခြင်းနှင့်ရှင်ခြင်းစွမ်းအင်များသည် သူ့အသွေးအသားမှ စွမ်းအင်များကို စုတ်ယူလိုက်ပြီး သေခြင်းစွမ်းအင်အဖြစ် ပြောင်းပစ်လိုက်ကြသည်။

ခွပ်…

ချူဖုန်း သူ၏ထူးခြားသည့်အသက်ရှူစည်းချက်ကို မြန်မြန်အသက်သွင်းလိုက်သည်။ ခဏကြာပြီးနောက် သူ့ဒဏ်ရာမှ အဖြူရောင်နှင့် အနက်ရောင်အလင်းတန်း ထွက်လာပြီး သူ့ဒဏ်ရာများ ပြန်လည်ကောင်းမွန်လာတော့သည်။

အသက်ကိုးချောင်းကြောင်၏ စွမ်းအားကို ချူဖုန်း ကြောက်ရွံ့သွားရသည်။ အခြားသူသာဆိုလျှင် သေသွားလောက်လေပြီ.

ကြောင်ဘုရင်၏ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် အရောင်ပြောင်းလာသည်။ သူ့အမွေးနှင့် အရေပြားများလျင်မြန်စွာ ခြောက်သွေ့လာပြီး သွေးစွမ်းအင်များလည်း အားနည်းလာ၏။ သူသည် ရုတ်တရက်ကြီး အသက်တစ်ရာ ကြီးသွားသကဲ့သို့ပင်။

ဤသည်မှာ သူသုံးလိုက်သည့် ယင်ယန်စွမ်းအင် ပြန်ကန်ထွက်လာခြင်းပင်။

“သေလိုက်တော့…”

ချူဖုန်း လက်မြှောက်လိုက်ကာ ဆက်တိုက်တိုက်ခိုက်တော့သည်။

“အား…”

တိုက်ပွဲ၏ အခြားတစ်နေရာတွင် မန်ချူးကျား၏ အခြေအနေမှာ အတော်လေး ဆိုးရွားနေသည်။ ရွှေကျီးကန်း၏နှိပ်စက်ခြင်း ခံနေရသောကြောင့် သူ့တစ်ကိုယ်လုံး သွေးများစိုရွှဲနေသည်။ သူသည် တစ်ဖက်လူ၏ပြိုင်ဘက်မဟုတ်။ အကြိမ်ပေါင်းများစွာ သူ အသတ်ခံရမလိုဖြစ်ခဲ့သည်။

ရွှေကျီးကန်းတွင် ကြောက်စရာကောင်းသည့်ခွန်အားများ ရှိနေသလို ထူးခြားသည့်အာရုံများလည်းရှိသည်။ သူသည် ဘေးပတ်လည်မှ အန္တရာယ်များကို အာရုံခံနိုင်သောကြောင့် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးသည်နှင့် နောက်ပြန်ဆုတ်လိုက်၏။

မဟုတ်ပါက မန်ချူးကျား အန္တရာယ်များနေလောက်လေပြီ။

နွားနက်ကြီး အံကြိတ်နေရ၏။ သူ ဗုဒ္ဓပစ္စည်းကို အသုံးပြုချင်သော်လည်း ကျီးကန်ဘုရင်သည် တစ်ခဏခန့်တိုက်ခိုက်ပြီးသည်နှင့် ပြန်ပြန်ဆုတ်နေသည်။ သူ၏အသိစိတ်မှာ တကယ်ကို ကြောက်စရာကောင်းလှသည်။ သို့သော် ဤဗုဒ္ဓပစ္စည်းမှ ကျီးကန်းဘုရင်အား ခြိမ်းခြောက်နေနိုင်သောကြောင့်သာ။ မဟုတ်ပါက မန်ချူးကျား ဒုက္ခများနေလောက်လေပြီ။

“ချီးပဲ .. ငါ အခုတလောမှ အသက်ရှူစည်းချက်ပညာရထားပြီး မကျွမ်းကျင်သေးလို့ မင်း င့ါကို အနိုင်ကျင့်နေတာ… မင်း သတ္တိရှိရင် နောက်တစ်လနေမှ ပြန်လာခဲ့.. ငါ မင်းအမွေးတွေအားလုံးကို အပြောင်နှုတ်ပေးမယ်…” မန်ချူးကျား ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။

သို့သော် သူ ပါးစပ်ပြန်ပိတ်သွား၏။ အဘယ်ကြောင့်ဆိုသော် များပြားလှသည့် ရွှေရောင်အမွေးအတောင်များ သူ့ထံသို့ ပျံသန်းလာနေသည်ပင်။ ဤမြားမိုးရွာနေသကဲ့သို့ ဖြစ်နေသော အမွေးအတောင်များကြောင့် သူ အူလျားဖားလျားပြေးရတော့သည်။

ဝုန်း…

ရွှေကျီးကန်သည် မန်ချူးကျားကို လျစ်လျူရှုလိုက်ပြီး ချူဖုန်းထံသို့ ဦးတည်သွားလိုက်သည်။ မီးတောက်များထုတ်လွှတ်ရင်းဖြင့်ပင် သူ့ခြေသည်းများမှာ ချူဖုန်းဦးခေါင်းထံသို့ ဦးတည်သွားနေသည်။

ဘေးပတ်လည်ရှိ မြက်ပင်နှင့်သစ်ပင်များ ပြာဖြစ်သွားကာ ကျောက်တုံးများ အရည်ပျော်ကျသွားသည်။ မြေပြင်ကြီးလည်း အနီရောင်ချော်ရည်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

ဤသည်မှာ ကောင်းကင်ဘုံကိုးခုနှင့် ကမ္ဘာမြေဆယ်ခုကို သတ်ဖြတ်ရန်အတွက် ဒဏ္ဍာရီလာနတ်ငှက်ကြီး အသက်ဝင်လာသကဲ့သို့ပင်။

ဝုန်း…

ချူဖုန်း လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ကာ တိုက်ခိုက်မှုကို ခုခံလိုက်ပြီး အခြားလက်သီးတစ်လုံးကို ကြောင်ဘုရင်ထံသို့ ပစ်လွှတ်လိုက်သည်။

ခွပ်…

ကြောင်ဘုရင် သူ၏ကြီးမားလှသည့် လက်သည်းများဖြင့် ခုခံလိုက်သော်လည်း သူ့လက်ကြီးသာ တစ်စစီဖြစ်သွားသည်။ ချူဖုန်း၏တိုက်ခိုက်မှုမှာ သူ၏အရိုးပေါင်းများစွာကို ချိုးပစ်လိုက်ပြီး သူ့ရင်ဘတ်ကိုလည်း ဖောက်ထွက်သွားသည်။ ထို့နောက် ချူဖုန်းသည် ရေနဂါးလက်သီး၏စွမ်းအင်များကို လှည့်ပတ်စေလိုက်ပြီး ကြောင်ဘုရင်နှလုံးကို တစ်စစီဖြစ်အောင် လုပ်ပစ်လိုက်သည်။

ကြောင်ဘုရင် ထိတ်လန့်စွာ အော်ဟစ်လာ၏။

လေထဲ၌ ရှိနေသည့် ရွှေကျီးကန်း ကျယ်လောင်ရှည်လျားစွာ အော်ဟစ်လိုက်ပြီး သူ့အမွေးအတောင်များလည်း တောက်ပလာသည်။ သူ ချူဖုန်းကို တစ်စစီဖြစ်အောင်လုပ်ပစ်ရန် မစောင့်နိုင်တော့။

ဝုန်း…

ရွှေကျီးကန်း၏ လက်သည်းများကို ချူဖုန်း လက်တစ်ဖက်တည်းဖြင့် တွန်းထုတ်လိုက်သည်။ ထို့နောက် ကြောင်ဘုရင်ရင်ဘတ်ထဲ၌ ရှိနေသည့်သူ့လက်ကို ပြန်ထုတ်လိုက်ပြီး တစ်ဖက်လူ၏ လည်ပင်းကို လိမ်ချိုးပစ်လိုက်တော့သည်။

အပိုင်း ၂၇၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset