ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၇ – ပြိုင်ဘက်ကင်းကျွမ်းကျင်သူများ ချုံခိုတိုက်ခိုက်ခြင်း
ဂူစူးမြို့ အပြင်ဘက် နံနက်ခင်းအချိန်တွင်…
ချူဖုန်းတို့အဖွဲ့ မြို့ထဲမှ ထွက်လာကြသည်။
ရွှေလင်းတဘုရင်သာ သူ၏မီတာ ၇၀ လောက်ရှိသည့် ခန္ဓာကိုယ်ကြီးဖြင့် ပျံသန်းသွားလျှင် အားလုံး ထိတ်လန့်သွားလိမ့်မည်။
အရောင်စုံလှသည့် နံနက်ခင်းတိမ်တိုက်များမှာ ရောင်စုံအလင်းများ ဖြန့်ကျက်နေသည်။
ဂူစူးမြို့နားတွင် တောင်များရှိနေပြီး ကျားဟိန်းသံများ၊ မျောက်အော်သံများမှာ အဆက်မပြတ် ကြားနေရသည်ပင်။
ချူဖုန်းတို့ အလျင်စလို မထွက်သွားခဲ့ကြ။ ထိုအစား နေရောင်ခြည်ကို ခံယူပြီး လတ်ဆတ်သည့်လေများကို ရှူရှိုက်ကာ သူတို့အသက်ရှူစည်းချက်ပညာများကို အသက်သွင်းလိုက်ကြသည်။
သူ၏အရိုးအဆစ်များမှ အသံများ ထွက်လာသောကြောင့် မန်ချူးကျား အလွန်ကျေနပ်နေသည်။ အသက်ရှူစည်းချက်ပညာတစ်ခု ပိုင်ဆိုင်ထားခြင်းမှာ သူ့အတွက် သိသာလှသည်။ ယခု ရှင်းယီအသက်ရှူစည်းချက်အား ပိုင်ဆိုင်ထားရသည်မှာ သူ ပြန်လည်မွေးဖွားလာတော့မလိုပင် ခံစားနေရသည်။
သူ့ခန္ဓာကိုယ်ထဲ၌သွေးစွမ်းအင်များ ပို၍အားကောင်းလာသည်ကို သူ ခံစား၍ရသည်။ အသက်ရှူစည်းချက်ပညာ ရှိသည်နှင့် မရှိသည်မှာ ကွာခြားလှသည်။
“ကျားကွန်ဖူးထွက်ပေါ်လာတာနဲ့ အားလုံး ဉီးညွှတ်ရလိမ့်မယ်…” သူသည် အသက်ရှူစည်းချက်အားအသက်သွင်းကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် ရှင်းယီလက်သီးပညာတစ်ကြိမ် လေ့ကျင့်ပြီးသွားလေပြီ။
နွားနက်ကြီးသည် ယခုအချိန်တွင် အသက်ရှူစည်းချက်ပညာ နှစ်ခုကို သိသွားပြီဖြစ်သည်။ တစ်ခုမှာ မိုးကြိုးအသက်ရှူပညာဖြစ်ပြီး နောက်တစ်ခုမှာ ရှင်းယီအသက်ရှူပညာပင်။
နွားဝါလေးနှင့် ချူဖုန်းသာ အသက်ရှူစည်းချက်ပညာသုံးခုရှိသည်။
ချူဖုန်း၏ လက်ရှိအောင်မြင်မှုများမှာ နွားဝါလေး သင်ပေးသည့် အသက်ရှူစည်းချက်ပညာနှင့် သက်ဆိုင်သည်ဟု ပြော၍ရသည်။
မနာလိုမှုကြောင့် မြည်းဘုရင်၏မျက်လုံးများမှာ နီရဲနေလေပြီ။ သူသည် ချူဖုန်း၏ ယုံကြည်မှုအလုံးစုံကို မရသေးသောကြောင့် မည်သည့်အသက်ရှူစည်းချက်ပညာမှ မရသေး။ ချူဖုန်း ပေးထားသည့် ရှင်းယီမြင်းပုံစံကိုသာ လေ့ကျင့်နိုင်သေးသည်။
“ကောင်းကင်မြင်းဥက္ကာကြွေလက်သီး..”
မြည်းဘုရင် ကျယ်လောင်စွာ အော်ဟစ်လိုက်ကာ လက်သီးပုံစံများကို ပြုလုပ်လာသည်။
ရွှေလင်းတဘုရင်မှာ ဤမြည်းအိုကြီးကို မြင်ပြီးနောက် ဆွံ့အသွားကာ သူ့ဗိုက်ထဲပင် မသက်မသာဖြစ်လာသည်။ သို့သော် သူလည်း ငြိမ်ငြိမ်မနေပဲ သိမ်းငှက်ပုံစံအား လေ့ကျင့်နေသည်ပင်။
သူတို့ တောအုပ်ထဲမှ အေးဆေးပင် လျှောက်လာခဲ့ကြသည်။ ဂူစူးမြို့နှင့် အနည်းငယ်ဝေးမှသာ သူတို့ခရီးဆက်ကြမည်ပင်။
ရုတ်တရက် ချူဖုန်း၏ ဆံပင်မွေးများ ထောင်ထလာပြီး နေလုံးကြီးတစ်လုံးကဲ့သို့ သူ့တစ်ကိုယ်လုံး တောက်ပလာပြီး ရွှေမှုန်လေးများ ထွက်ပေါ်လာသည်။
ထိုသို့ ကာကွယ်လိုက်သော်လည်း အလွန်နောက်ကျသွားသွားပြီဖြစ်ပြီး သူတို့ ချုံခိုတိုက်ခိုက်ခံလိုက်ရလေပြီ။
အပေါ်ဘက်မှ လက်သည်းကြီးတစ်ဖက် ရုတ်တရက် ရောက်လာသည်။ ထိုချွန်ထက်နေသည့် လက်သည်းကြီးသည် ချူဖုန်းကျောကို ဖြတ်သွားသောကြောင့် သူ့ကျောထက် သွေးများ ဖြာထွက်သွားတော့သည်။
ချူဖုန်း ဒဏ်ရာရသွားလေပြီ။ ဤတိုက်ခိုက်မှုမှာ သူ မတုံ့ပြန်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
လက်သည်းကြီးမှာ ကြိမ်ခြင်းနီးပါး ကြီးမားလှပြီး အခြားဘုရင်များသာဆိုလျှင် အစိတ်စိတ်အမွှာမွှာဖြစ်သွားလောက်လေပြီ။
ထိုတိုက်ခိုက်မှုမှာ ငလျင်လှုပ်သကဲ့သို့ တောအုပ်တစ်ခုလုံးကို တုန်ခါသွားစေသည်အထိပင်။
ချူဖုန်း ဘေးဘက်သို့ ရှောင်တိမ်းလိုက်၏။ သူ့အင်္ကျီအစိတ်အပိုင်းများမှာ တစ်စစီဖြစ်သွားလေပြီ။ သိထားရမည်မှာ သူ့အတွင်းအင်္ကျီမှာ သူ တိုက်ပွဲများ၌ မထိခိုက်စေရန် သားရဲအရေပြားဖြင့် ပြုလုပ်ထားခြင်းပင်။ ယခုတော့ ထိုသားရဲအရေပြားအင်္ကျီမှာ တစ်စစီဖြစ်သွားပြီး သူ့နောက်ကျောဘက် ဒဏ်ရာရသွားသည်။ ဒဏ်ရာမှာ နက်လွန်းလှသောကြောင့် အရိုးများကိုပင် မြင်နေရပြီဖြစ်သည်။
ချူဖုန်း ခန္ဓာကိုယ်မှ တောက်ပသည့်အလင်းများ ထွက်ပေါ်လာပြီးနောက် သူ့ဘေးပတ်လည်တွင် ရွှေရောင်ခေါင်းလောင်းကြီးတစ်လုံး ပေါ်လာသည်။ ကျား၊ နဂါး၊ ဝက်ဝံနှင့် သိမ်းငှက်တို့ သူ့ဘေးပတ်လည်ပေါ်လာပြီး ခေါင်းလောင်းတစ်လုံးကဲ့သို့ ပြောင်းလဲသွားခြင်းပင်။
ရှင်းယီလက်သီးပညာ အဆင့်တက်လာပြီးနောက်တွင် စွမ်းအားကြီးသည့် ခုခံမှုများမှာ ချူဖုန်း နားလည်လာသည့် လျှို့ဝှက်နက်နဲမှုများထဲမှ တစ်ခုပင်။
ဒုန်း…
လက်ကြီး နောက်တစ်ကြိမ် ထပ်ရောက်လာကာ ခေါင်းလောင်းကြီးနှင့် တိုက်ခိုက်လာသည်။ ခေါင်းလောင်းကြီးသည် ပြင်းထန်စွာ တုန်ခါသွားသော်လည်း ချူဖုန်း ဘာမှမဖြစ်သွား။
“သတ်…”
ချူဖုန်း၏ မျက်လုံးများမှာ မီးတောက်တစ်ခုကဲ့သို့ လောင်ကျွမ်းလာကာ သူ့ခန္ဓာကိုယ်မှလည်း ပင်လယ်လှိုင်းကဲ့သို့ များပြားလှသည့် သွေးစွမ်းအင်များ ထုတ်လွှတ်လာသည်။
မြောင်…
အဝေးမှ နားကွဲလောက်သည့် အော်သံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံတွင် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ယိမ်းယိုင်စေနိုင်သည့် စိတ်ဝိညာဉ်တိုက်ခိုက်မှုများ ပါဝင်နေသည်။ ထို့နောက် ကြီးမားလှသည့်ကြောင်တစ်ကောင် ရုတ်တရက်ပေါ်လာလေ၏။ ထိုကြောင်ကြီး၏ လက်တွင် သွေးများစွန်းထင်းနေသည်ပင်။
ချူဖုန်း သူ့မူလပုံစံထုတ်ပြလာအောင် ဖိအားပေးလိုက်ခြင်းပင်။
“အသက်ကိုးချောင်းကြောင်…”
အသက်ကိုးချောင်းကြောင်မှာ ဒေါင်းဘုရင်နှင့် အလွန်ရင်းနှီးပြီး ချူဖုန်းကို ဒဏ်ရာရအောင်လုပ်နိုင်သည့် စွမ်းအားကြီးကျွမ်းကျင်သူများထဲမှ တစ်ဦးဖြစ်သည်။
အသက်ကိုးချောင်းကြောင်၏ ချောင်းမြောင်းတိုက်ခိုက်သည့်ပညာမှာ ဤလောကတွင် အကောင်းဆုံးပညာဖြစ်ကြောင်း သူ ကြားဖူးသည်မှာ ကြာလှလေပြီ။ ယနေ့ ထို တိုက်ခိုက်မှုအား ကိုယ်တိုင် ကြုံတွေ့လိုက်ရသည့်အချိန်တွင်တော့ ဤပညာ နာမည်ကြီးသည်မှာ ဖြစ်သင့်သည်ဟု သူ ခံစားလိုက်ရသည်။ သူ ထိုလက်ထဲ၌ ဒဏ်ရာပြင်းပြင်းထန်ထန် ရတော့မလို ဖြစ်သွားခဲ့သည်ပင်။
ချူဖုန်း သတိကြီးကြီးထားလိုက်သည်။ ထူးခြားစွမ်းရည်များရှိသည့် သက်ရှိများကို အထင်သေး၍မရ။ သူသည် အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူများကို သတ်နိုင်လောက်အောင် ထူးခြားသည့်ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း သူ သတိလက်လွတ်နေ၍မရ။
တကယ်တမ်းတွင် အသက်ကိုးချောင်းကြောင်မှာ ချူဖုန်းထက်ပင် ပိုအံ့အားသင့်နေသည်ပင်။ သူ၏အကောင်းဆုံးတိုက်ခိုက်မှုမှာ ကျရှုံးသွားလေပြီ။
သူ ချူဖုန်းခေါင်းကို ဖြတ်ယူသွားရန် စီစဉ်ထားခြင်းပင်။
မူး…
ဘေးဘက်မှ မန်ချူးကျားနှင့် နွားနက်ကြီးတို့ ဒေါသတကြီး အော်ဟစ်လိုက်ကြ၏။ သူတို့လည်း ချောင်းတိုက်ခံလိုက်ရသည်ပင်။
လက်ရှိတွင် အကျင့်မကောင်းသည့်မန်ချူးကျားသည် ရှားရှားပါးပါး ရှေ့ထွက်ကာ တိုက်ခိုက်မှုများအား ခုခံနေသည်ပင်။
သူတို့ကို လာတိုက်ခိုက်သည့်သူမှာ အသက်ကိုးချောင်းကြောင်လောက် စွမ်းအားမကြီး။ အသက်ကိုးချောင်းကြောင် တိုက်ခိုက်ပြီးမှ သူ တိုက်ခိုက်လာခြင်းပင်။
“ချီးပဲ .. နာတယ်ဟ … အား…” မန်ချူးကျား အော်ဟစ်လိုက်သည်။
ချူဖုန်း ထိတ်လန့်သွားရ၏။ ကျားကြီး အသက်အန္တရာယ်ရှိနေပြီဟု ထင်လိုက်သော်လည်း သူ့ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သူ အံ့အားသင့်သွားရသည်။
မန်ချူးကျားသည် နောက်ခြေကို ကန်ထုတ်ကာ ဆက်တိုက် အော်ဟစ်နေလေ၏။ သူ့ဖင်ထက်၌ ကြောက်စရာကောင်းသည့် အမွေးအတောင်တစ်ချို့ စိုက်ဝင်နေသည်ကို သူတွေ့လိုက်ရသည်။
ဤအမွေးအတောင်များကို အထင်သေး၍မရ။ ရွှေဝါရောင်အမွေးအတောင်များသည် မီးတောက်များ လောင်ကျွမ်းနေကာ မီတာပေါင်းများစွာ ရှည်လျားလှသည်။ ထိုအမွေးများ ကျားကြီးဖင်၌ စိုက်နေခြင်းမှာ သူ့ဖင်ကို ဓားဖြင့် ထိုးထားသည်နှင့်မခြား။
“ချီးပဲ.. ရွှေကျီးကန်း… မင်း ငှက်ရောဟုတ်သေးရဲ့လား .. မင်းတိုက်ရဲရင် အောက်ဆင်းလာပြီး ငါနဲ့လာတိုက်လိုက် .. လူတွေကို ချောင်းတိုက်တာကို တော်တယ်လို့မခေါ်ဘူး .. မင်းမေ .. မင်း ဘယ်အချိန်ကတည်းက င့ါဖင်ကို မျက်စိကျနေတာလဲ… ဒီကိုဆင်းလာခဲ့စမ်း .. ငါ မင်းကို ပြာနှမ်းနေအောင် ရိုက်ပစ်မယ်…”
မန်ချူးကျား ဆက်တိုက်အော်ဟစ်နေတော့သည်။ ဖင်၌ ဤကဲ့သို့သော် ငှက်မွေးများ ထိုးစိုက်နေသည်ကို မည်သူမှ သည်းခံနိုင်မည်မဟုတ်။
ဒေါသထွက်နေသည့် နွားနက်ကြီးလည်း နာကျင်စွာ ညည်းတွားလာသည်။ “ဒါက တကယ်နာတယ် သောက်ကောင်ရဲ့ .. မင်း ဆင်းလာခဲ့စမ်း .. မင်း အမွေးတွေနဲ့ ပစ်ရတာ ကြိုက်တယ်မလား.. ငါ မင်းအမွေးတွေကို တစ်ပင်ချင်း နှုတ်ပစ်ပြီး ကိုယ်တုံးလုံးပြေးခိုင်းမယ်…”
သူ့ဖင်၌ အမွေးတစ်ချောင်း စိုက်နေပြီး လက်ဖြင့် ပုတ်မိသည်နှင့် သတ္တုသံတစ်သံ ထွက်လာသည်။
နွားဝါလေးနှင့် ငှက်ဘုရင်တို့မှာ သူတို့နောက် နည်းနည်းဝေးသည့်နေရာတွင် ရောက်နေသောကြောင့် လွတ်သွားသည်။ ရွှေလင်းတဘုရင်မှာ သူတို့ထက်ပင် ပိုဝေးနေသောကြောင့် ဘာမှမဖြစ်သွား။
“အရူးတွေ .. မင်းတို့လိုကောင်တွေကများ ငါနဲ့ယှဉ်ချင်နေတာလား .. ငါသတ်ချင်ရင် မင်းတို့ကို အလွယ်လေး သတ်လိုက်လို့ရတယ်..” လေထဲမှ ရွှေဝါရောင်ငှက်တစ်ကောင် တည်ငြိမ်စွာ ပြန်ပြောလာသည်။
သူ ချူဖုန်းကိုသာ အာရုံစိုက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်းမှာ အလွန်စွမ်းအားကြီးလှသည်ဟု သူ ခံစားနေရသည်။
ရွှေကျီးကန်းနှင့် အသက်ကိုးချောင်းကြောင်တို့ ရောက်လာလေပြီ။ သူတို့သည် ဒေါင်းဘုရင်၏ အယုံကြည်ရဆုံးမိတ်ဆွေများ ဖြစ်ရုံသာမက ဘုရားနယ်မြေတိုက်ခိုက်မှုများအား ဦးဆောင်နေသည့်သူများလည်းဟုတ်သည်။
“ခင်ဗျားက ကျုပ်ကို ချောင်းတိုက်ရဲတယ်ပေါ့ .. ဒီနေ့ကစပြီးတော့ ကျုပ်တို့ ကမ္ဘာမကြေ ရန်သူဖြစ်သွားပြီ..” ချူဖုန်း ကြေညာလိုက်သည်။
ဒေါင်းဘုရင် သူ့ကိုရှင်းရာတွင် ကူညီရန်အတွက် ဤဘုရင်နှစ်ယောက် တောင်ပိုင်းသို့ အပြေးရောက်လာကြသည်ကို သူသိထားသည်ပင်။ သို့သော် သူတို့တစ်ခါမှ ထိပ်တိုက်မတွေ့ဖူးခဲ့ကြ။ ယနေ့မှ တွေ့ကြခြင်းပင်။
“စိတ်ဝင်စားစရာပဲ .. မင်းရဲ့ခွန်အားနဲ့ အာရုံတွေက ငါထင်ထားထက်ပိုပြီး အားကောင်းနေတယ် .. မင်းနေရာမှာ မန်ချူးကျားသာဆိုရင် သူ သေနေလောက်ပြီ” အသက်ကိုးချောင်းကြောင် ပြောလိုက်သည်။
ဧရာမကြောင်ကြီး၏ လှုပ်ရှားမှုများမှာ ညင်သာလှပြီး ပေါ့ပါးနေသည်။ သို့သော် သူ ချူဖုန်းကို လှည့်ပတ်ကြည့်နေသည့်အချိန်တွင် တောင်တစ်ခုလုံး တုန်ခါလာသည်။
“ကြောင်ပေါက်လေး .. ငါတို့ စကားပြောနေစရာမလိုဘူး…” မန်ချူးကျား ကြောင်ကြီးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ “ဘာပဲဖြစ်ဖြစ် ငါတို့တွေက အတော်လေး တူကြတာပဲ .. အဓိပ္ပာယ်မရှိတာတွေ ပြောနေမယ့်အစား ဘာလို့ဒီအစ်ကိုကြီးကို လာမနှုတ်ဆက်တာလဲ..”
“ဒီကြောင်က မင်းက အများကြီး အင်အားကြီးတယ်” မြည်းဘုရင် ထပြောလာသည်။ ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှစ်ဦး သူတို့ကို ချောင်းတိုက်ကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူ့ဒူးများ ပျော့ခွေသွားမတတ် ဖြစ်နေလေပြီ။ သူ ချက်ချင်းပင် အညံ့ခံချင်သွားရသည်။ “ရွှေကျီးကန်းဘုရင်၊ ကြောင်ဘုရင် ကျွန်တော်တို့အားလုံးက မိသားစုတွေပဲ… အေးအေးဆေးဆေးလေး စကားပြောရအောင် .. ဒေါသမထွက်ပါနဲ့”
“ဘေးမှာ သွားနေစမ်း..” အရှက်ခွဲသည့်မြည်းကြီးကို နွားနက်ကြီး ရိုက်ထည့်လိုက်ကာ မောင်းထုတ်လိုက်သည်။
ဒုန်း…
ချူဖုန်း၏ ခေါင်းလောင်းကြီး လှုပ်ရှားလာကာ ငြိမ်းချမ်းသည့်ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။
သူ အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်သည်နှင့် သူ့ခန္ဓာကိုယ် တောက်ပလာကာ သူ့ကျောထက်မှ ဒဏ်ရာများကို မြန်မြန်ကုသလိုက်သည်။ ငါးခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးနောက် သူ ပြန်လည်ကုသနိုင်စွမ်းအား ရရှိခဲ့သည်ပင်။
အချိန်ခဏလေးအတွင်းမှာပင် သူ့ကျောထက်မှ ဒဏ်ရာပျောက်ကွယ်သွားလေ၏။
ဤမြင်ကွင်းမှာ အသက်ကိုးချောင်းကြောင်ကို ထိတ်လန့်သွားစေခဲ့သည်။ ကိစ္စများမှာ အတော်လေး ဒုက္ခများတော့မည်ဟု သူ ခံစားနေရသည်။ သူကဲ့သို့ ကမ္ဘ့ာနံပါတ်တစ် လုပ်ကြံသူပင် အတော်လေးဖိအားများလာရသည်။
ရန်သူ၏ ပြန်လည်ကုသနိုင်စွမ်းမှာ ကြောက်စရာကောင်းလောက်အောင်ပင်။
“အာကာသသုတေသနကျောင်းက မင်းတို့ကို ဒီမှာ ချုံခိုတိုက်ပြီး သတ်ပစ်ဖို့ အကူအညီတောင်းခဲ့တာ .. ငါတို့တွေ ကျောင်းရဲ့ အရင်းအမြစ်တွေကို ရချင်ပေမယ့် ကြည့်ရတာတော့ ငါတို့ မရလောက်တော့ဘူးထင်တယ်”
သူသည် ဝှီးချဲပေါ်ထိုင်နေသည့် အကြီးအကဲကို ချက်ချင်းရောင်းစားလိုက်လေ၏။
“အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေဟုတ်လား .. ဟက်..” ချူဖုန်း တစ်ခုခုကို ချက်ချင်း သတိထားမိသွားသည်။
“ဟုတ်တယ် .. ဒီကမ္ဘာကြီးမှာ ပြောင်းလဲမှုတွေ ဖြစ်လာမှာကို အဖွဲ့အစည်းတွေ အရင်သိတာပဲ .. ဒီကိစ္စကို မင်း အသေးစိတ်စစ်ဆေးလို့ရတယ် .. နောက်ဆုံးကျရင် အဖွဲ့အစည်းတွေကပဲ ပြိုင်ဘက်ကင်းဖြစ်သွားလိမ့်မယ်လို့ ပြောကြတယ်”
အသက်ကိုးချောင်းကြောင် ပြုံးလိုက်သည်။ သူ ထပ်ရှင်းပြရလည်းကိစ္စမရှိ။ သူ့အသံမှာ အတော်လေးဖျားယောင်းသည့်အသံဖြစ်နေပြီး ချူဖုန်း ဤကိစ္စကို အသေးစိတ်စစ်ဆေးပြီး ဒုက္ခရောက်ရန် မျှော်လင့်နေသည်ပင်။
“ခင်ဗျားကို သတ်ပြီးမှ အဲဒီကိစ္စကို စဉ်းစားလိုက်မယ်”
ချူဖုန်း အော်ဟစ်လိုက်ကာ ရန်သူထံသို့ ပြေးဝင်သွားလိုက်သည်။ သူ စတင်တိုက်ခိုက်လေပြီ။
ဝုန်း…
လေဟာနယ်ပေါက်ကွဲသွားကာ တောအုပ်တစ်ခုလုံး တုန်ခါသွား၏။ ကျောက်တုံးကြီးများမှာ ပေါက်ကွဲသွားကာ တစ်စစီ ဖြစ်သွားကြသည်။
ကျားဟိန်းသံနှင့် နဂါးအော်သံများလည်း ထွက်ပေါ်လာသည်။ ချူဖုန်း ရှင်းယီ၏ ကျားနှင့်နဂါးအာဏာလုခြင်းကို အသုံးပြုနေခြင်းပင်။ ရန်သူကို မြန်မြန်သတ်ပစ်ချင်သောကြောင့် ပထမဆုံး တိုက်ခိုက်မှုမှာပင် သူ အင်အားကို ထိန်ချန်ထားမနေတော့။
ဝေါင်း…
ကြောင်ဘုရင်သည် ကျားတစ်ကောင်ကဲ့သို့ ဟိန်းလာသောကြောင့် သားရဲများစွာ တုန်ယင်သွားရကာ သူ့ပါးစပ်မှ ထွက်လာသည့် ငွေရောင်လှိုင်းများကြောင့် တောအုပ်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားရသည်။
ဒုန်း ဒုန်း ဒုန်း…
ငွေရောင်လှိုင်းများဖြင့် ထိတွေ့သွားသည်နှင့် ရွှေရောင်ခေါင်းလောင်းကြီးမှ အသံမြည်လာသည်။
ထိုအချိန်တွင် သူ့နဂါးနှင့်ကျားလက်သီးမှ အကြေးခွံများရှိသည့်နဂါးတစ်ကောင်နှင့် ရှေးကျားနက်ကြီး ပေါ်လာကာ အရှေ့သို့ ပြေးသွားကြတော့သည်။
ကျားနှင့်နဂါးအချင်းချင်း လိမ်ယှက်သွားကာ သူတို့ထံမှ ထွက်လာသည့် စွမ်းအင်လှိုင်းများမှာလည်း အလွန်စွမ်းအားကြီးလှသည်။
မြောင်…
အသက်ကိုးချောင်းကြောင်မှာ လျင်မြန်သွက်လက်လှသည်။ သူသည် ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်ပဲ လျင်မြန်စွာ ရှောင်ရှားလိုက်သည်။
သို့သော် ကျားနှင့်နဂါးမှာ ကြောက်စရာကောင်းလှသည်။ တိုက်ခိုက်မှုမှာ တောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားကာ ပြိုင်ဘက်မှာ ရှောင်စရာနေရာမရှိ။
ဝုန်း…
ကြောင်ဘုရင်သည် နောက်ပြန်လှည့်ကာ တိုက်ခိုက်လိုက်သော်လည်း နောက်ပြန်ဆုတ်ရန်သာ ဖိအားပေးခံလိုက်ရပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။
“ခင်ဗျား အသက်ကို ပေးလိုက်တော့…”
ချူဖုန်း ကျယ်လောင်စွာ အော်ဟစ်ကာ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူ့တစ်ကိုယ်လုံးမှ ရွှေရောင်အလင်းတန်းဖျော့လေး ထုတ်လွှတ်နေပြီး သူ့ခြေလှမ်းတစ်လှမ်းတိုင်းမှာ ၂ ကီလိုမီတာခန့်ရှိသည်။
“မင်းက တကယ်ကို စွမ်းအားကြီးတာပဲ..” အသက်ကိုးချောင်းကြောင်မှာ ထိုကဲ့သို့ ပြောပြီး ဝှစ်ခနဲပျောက်သွားသည်။
ထို့နောက် သူ ချူဖုန်း နောက်ကျော၌ ပြန်ပေါ်လာပြီး သူ့လက်သည်းများဖြင့် ခုတ်လာသည်။ သူသည် လေဟာနယ်ကို ဖြတ်သန်းသွားနေသကဲ့သို့ ရုတ်တရက် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။
ဤသည်မှာ သူ ခြောက်ခုမြောက် အချုပ်အနှောင်ကို ဖြတ်တောက်ပြီးနောက် ရလာသည့်စွမ်းရည်ပင်။ သူသည် နေရာတစ်ခု၌ ပုန်းခိုနေနိုင်ပြီး သူ့တည်ရှိမှုကို အာရုံခံနိုင်ရန်လည်း အလွန်ခက်ခဲလှသည်။
ကံမကောင်းစွာဖြင့် ရှင်းယီလက်သီးပညာကို ကျွမ်းကျင်ပြီးသည့်နောက်တွင် ချူဖုန်း၏ ခုခံမှုများမှာ အံ့အားသင့်စရာကောင်းလောက်အောင် စွမ်းအားကြီးလာသည်။ သူ့ဘေးပတ်လည်မှ ခေါင်းလောင်းမှာ ဖျက်ဆီး၍မရသည့် အရံအတားကဲ့သို့ ဖြစ်လာပြီး သူဘာမှမဖြစ်အောင် ကာကွယ်ပေးလာသည်။
သူတို့နှစ်ဦးသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည့်အရှိန်ဖြင့် တိုက်ခိုက်နေခဲ့ကြသည်။ တစ်ခဏအတွင်းမှာပင် သူတို့ အချက်ရေ တစ်ရာကျော် တိုက်ခိုက်ပြီးသွားကြလေပြီ။
ကြောင်ဘုရင်၏ တိုက်ခိုက်မှုများမှာ အလွန်စွမ်းအားကြီးလှသည်။ ချူဖုန်းကဲ့သို့သော ခုခံမှုမရှိသည့် အခြားဘုရင်သာဆိုလျှင် အစောကြီးကတည်းက သေသွားလောက်လေပြီ။
ကြောင်ဘုရင် သက်ပြင်းချလိုက်သည်။ သူနှင့်ချူဖုန်းတိုက်ခိုက်နေသည်မှာ အချက်ရေ တစ်ရာကျော်ရှိနေပြီဖြစ်သော်လည်း သူ ချူဖုန်းကို မသတ်နိုင်သေး။
ဤကဲ့သို့သော ပြိုင်ဘက်မျိုးကို သူ ပထမဆုံးတွေ့ဖူးခြင်းပင်။ သူ၏လျင်မြန်ဖြတ်လတ်မှုနှင့် ချောင်းမြောင်းတိုက်ခိုက်မှုမှာ ဤလူအတွက် အလုပ်မဖြစ်။ သူ မည်သည့်ထောင့်၊ မည်သည့်နေရာမှ တိုက်ခိုက်ပါစေ ထိုခေါင်းလောင်းကို မထိုးဖောက်နိုင်ဖြစ်နေသည်။
သူ လှည့်ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူ ဆက်မတိုက်ချင်တော့။ အဘယ်ကြောင့်ဆိုသော် အချိန်ကြာလေလေ သူ အန္တရာယ်များလာလေလေပင်။
“ခင်ဗျားက ထွက်သွားချင်နေတာလား.. အဲဒီလောက်မလွယ်ဘူး…”
ချူဖုန်း၏အော်ရာ ချက်ချင်းပြောင်းလဲသွားသည်။ သူ အသက်ရှူစည်းချက်ကို အသက်သွင်းလိုက်ကာ နွားနတ်ဆိုးနှင့် ရေနဂါးနတ်ဆိုးလက်သီးများကို ပေါင်းစည်းလိုက်သည်။ ဤတိုက်ခိုက်မှုမှာ ကြမ်းတမ်းလှသည်ပင်။
ဤသည်မှာ သူ၏စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုဖြစ်သည့်အပြင် သူ အကြာဆုံးလေ့ကျင့်ထားသည့် လက်သီးပညာများလည်းဖြစ်သည်။
တစ်ဖက်တွင် မန်ချူးကျား ရွှေကျီးကန်းနှင့် စတင်တိုက်ခိုက်လာသည်။ ဖင်၌ အမွေးများစွာ စိုက်နေသောကြောင့် သူသည် ကျိန်ဆဲရင်းဖြင့်ပင် တိုက်ခိုက်နေလေ၏။
အဝေးတွင်တော့ ဘာမှမဖြစ်သည့်နွားနက်ကြီးမှ ဗုဒ္ဓပစ္စည်းကို ကိုင်ထားပြီး စွမ်းအင်များထည့်သွင်းထားလိုက်သည်။ သူသည် ရွှေကျီးကန်းကို လျှပ်တပြက်တိုက်ခိုက်ပြီး သတ်ပစ်ရန် စီစဉ်ထားခြင်းပင်။
အပိုင်း ၂၇၇ ပြီး၏။