ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၆ – နယ်မြေ
“ချူဖုန်း အာကာသသုတေသနကျောင်းမှာ ရှိနေတုန်းပဲဆိုတာ ငါ အာမခံနိုင်တယ် .. ငါ ဂူစူးမြို့မှာ နေတာ…”
အပြင်လောက ပွက်လောရိုက်နေသည့်အချိန်တွင် သန္ဓေပြောင်းတစ်ဦးမှ ချူဖုန်း အာကာသသုတေသနကျောင်းအား တကယ်တိုက်ခိုက်နေကြောင်း အတည်ပြုပေးလာသည်။
“သနားစရာကောင်းတဲ့ ငန်းကြီးပဲ … ငှက်ဘုရင်တစ်ယောက်ဖြစ်တာတောင်မှ ဒီအဖြစ်အပျက်မှာ နောက်ခံဇာတ်ကောင်လေးပဲ ဖြစ်လိုက်ရတယ် .. အားလုံးပြီးသွားတော့မှ သူ ကင်စားခံလိုက်ရတယ်ဆိုတာ လူတွေသိကြတာ”
သူ၏သနားစရာကောင်းလှသည့် ကံကြမ္မာအတွက် လူအချို့ သက်ပြင်းချလာကြသည်။
လူများစွာကတော့ ဆွံ့အသွားကြရသည်။
ချူဖုန်း တစ်ရက်တည်းဖြင့် အဖွဲ့အစည်းနှစ်ခုအား ဖျက်ဆီးလိုက်သည့်သတင်းမှာ လှိုင်းလုံးကြီးကဲ့သို့ ရိုက်ခတ်လာသည်။
အပြင်လောကမှာ မတည်ငြိမ်နိုင်တော့။ သာမန်လူများမပြောနှင့် နေရာပေါင်းစုံမှ ဘုရင်များပင် ဆွံ့အသွားခဲ့ရသည်ပင်။
“ရက်စက်လိုက်တာ..” နောက်ဆုံးတွင် လူအချို့ သက်ပြင်းချလာကြသည်။
ယခုအချိန်တွင် ချူဖုန်းတို့အုပ်စုမှာ အာကာသသုတေသနကျောင်းမှ ထွက်မသွားသေး။ မြင်လိုက်ရသူတိုင်း ဝိညာဉ်လွင့်ထွက်သွားလောက်သည့်အရာကို လုပ်နေကြလေ၏။ ဤသည်မှာ အနားယူသည့်ကနားတစ်ခုကို မီးရှို့ကာ ငန်းကြီးကို ကင်နေခြင်းပင်။
သူတို့သည် “ပြစ်မှုများ ကျူးလွန်းထား”သော်လည်း ထွက်သွားရန် အလျင်မလိုကြ။ မွှေးပျံ့လှသည့် ငန်းကင်နံ့ကြားမှ ပစ္စည်းများကို သိမ်းဆည်းနေကြလေသည်။
အာကာသသုတေသနကျောင်းမှ လူများမှာတော့ မျက်နှာများ စိမ်းဖန့်နေလေပြီ။ သူတို့အားလုံး ကြောက်ရွံ့တုန်လှုပ်သလို ဒေါသလည်း ထွက်နေရသည်။ အင်အားကြီးအဖွဲ့အစည်းတစ်ခု ဖြစ်သောကြောင့် ဤကဲ့သို့ အလွယ်တကူ သိမ်းပိုက်ခံလိုက်ရပြီး ပျော်ပွဲစားထွက်သည့်နေရာအဖြစ် လုပ်ခံလိုက်ရသည်မှာ ရှက်စရာကောင်းလှသည်။
သို့သော် မည်သူမှ ရှေ့ထွက်မပြောရဲကြ။
“ဒီရှေးစာအုပ်က “နယ်မြေ”တွေနဲ့ ပတ်သက်နေတာ .. ဒီလိုစာအုပ် တော်တော်လေးကို ရှားတယ်” နွားဝါလေးမှာ အလွန်ပျော်ရွှင်နေပြီး မျက်နှာလေးလည်း တောက်ပနေသည်။
“ဒီစာအုပ်ထဲမှာ နယ်မြေတွေလို့ ခေါ်ကြတဲ့ နေရာတွေနဲ့ ပတ်သက်တဲ့ အခြေခံအုတ်မြစ်တွေရှိတယ် .. ဒီစာအုပ်က အပြင်ဘက်နယ်မြေတွေမှာတောင် ရှားပါးတဲ့စာအုပ်တစ်အုပ်”
ချူဖုန်း စာအုပ်ယူလိုက်ပြီး လှန်လှောကြည့်လိုက်သည်။ ထိုစာအုပ်တစ်အုပ်လုံးတွင် ထူးခြားကာ ဖတ်၍မရနိုင်သည့်စာများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ ဖားလောင်းနှင့်တူသည့် ဤရှေးဟောင်းစာများကို ချူဖုန်း နားမလည်။
“ငါတို့ ဒီစာအုပ်ကို သေချာလေ့လာလို့ရှိရင် ငါတို့ နာမည်ကြီးတောင်တွေနဲ့မြစ်တွေကို သိမ်းတဲ့အချိန်ကျရင် ရှုံးမှာမဟုတ်တော့ဘူး” နွားဝါလေး ပြောလာသည်။
နာမည်ကြီးတောင်များတွင် ရှေးယခင်ကတည်းက ရှိနေသည့် နယ်မြေများစွာရှိသည်။ အချို့မှာ ဘူမိသံလိုက်ကို အသုံးပြုပြီး အချို့မှာ နေစွမ်းအင်များကို ဆွဲယူနိုင်သည်။ အခြားနယ်မြေများမှာတော့ လူများကို လမ်းပျောက်အောင် လုပ်နိုင်ကြသည်။
ထိုစကားကြားလိုက်ရသည်နှင့် ချူဖုန်း ပျော်ရွှင်သွားရသည်။ သူတို့သာ ဤနယ်မြေများအကြောင်း နားလည်ထားလျှင် သူတို့ လုံဟူတောင်သို့ နောက်တစ်ခေါက်သွားလည်လျှင် အများကြီး ပိုလွယ်သွားလိမ့်မည်။
“ဟား ဟား … ဒီစာအုပ်က ရတနာပဲ..” နွားနက်ကြီးသည် ပါးစပ်နားရွက်တက်ချိတ်မတတ် ပြုံးနေပြီး သွားရေများပင် ကျလာလေ၏။
ယခုတလောတွင် နေရာအနှံ့မှ ကျွမ်းကျင်သူများသည် ခြေကုတ်ရရန်အတွက် နာမည်ကြီးတောင်များအား တိုက်ခိုက်နေကြသည်ပင်။ သို့သော် သူတို့ အရှုံးကြီးရှုံးနေကြကာ တောင်များလည်း ဘုရင်သွေးများ စွန်းထင်းလာသည်။
တောင်များမှ နယ်မြေများမှာ အင်အားကြီးလှသည်။ ထိုနယ်မြေအားလုံးကို ရှေးယခင်ကတည်းက ပြုလုပ်ထားခဲ့ကြခြင်းဖြစ်ပြီး ခြေတစ်လှမ်းလှမ်းရန်အတွက်ပင် ခက်ခဲလှသည်။ နောက်ဆုံးတွင် ဘုရင်များမှာ ထိုနေရာများ၌ အသက်ဆုံးရှုံးသွားကြရလေ၏။
အချို့တောင်များတွင် ထူးဆန်းသည့်ရှေးဟောင်းသားရဲထွက်လာကာ တောင်ထိပ်အား ကာကွယ်လာသည်ပင်။
သူတို့အုပ်စုထဲမှ လူအားလုံး သွားရေယိုလာကြသည်။ ဒီနယ်မြေတွေနဲ့ လျှို့ဝှက်ချက်တွေကိုသာ သိသွားရင် ဒီနာမည်ကြီးတောင်တွေက သူတို့ခြံနောက်ဖေးလို ဖြစ်လာမှာမလား..
“ပြိုင်ဘက်ကင်းနတ်ဆိုးဘုရင်ချူ .. ကျွန်တော့်ကို အရှင့်ခြေရင်းမှာ ဒူးထောက်ခစားခွင့်ပြုပါ .. ကျွန်တော် အရှင့်နောက်ကို တစ်ဘဝလုံး လိုက်ချင်ပါတယ်…” ကျောရိုးမရှိသည့်မြည်းကြီးမှာ ကပ်ဖားလျက်ဖား လုပ်သည့်နေရာ၌ ကျွမ်းကျင်လှသည်။
“ဘေးဘက်သွားရပ်နေ .. မင်းက ငါ့ရဲ့စီးတော်ယာဉ်…” နွားနက်ကြီး မြည်းကိုရိုက်လိုက်သည်။
“ဒီဘုရင်ကြီး ခဏလောက် လေ့လာကြည့်ရအောင်..” မန်ချူးကျားသည် သွားရေများကို သုတ်လိုက်ကာ သားရဲအရေခွံစာအုပ်ကို ဆွဲယူကာ အနီးကပ်ကြည့်လိုက်သည်။
“အစ်ကိုကျား .. အစ်ကို့အရင်အကျင့်ဟောင်းတွေ ပေါ်မလာဖို့ သတိပေးလိုက်မယ်နော် .. ဒါကိုယူမပြေးရင် ပိုကောင်းလိမ့်မယ်” ချူဖုန်းသတိပေးလိုက်သည်။
“မင်းဘာတွေ လာပြောနေတာလဲ … ငါက အဲဒီလိုလူမျိုးမို့လို့လား..” မန်ချူးကျား မကျေမနပ်ပြောလိုက်သော်လည်း စိတ်ထဲကတော့ နည်းနည်း အပြစ်ရှိစိတ်ဝင်သွားရသည်။ အကျင့်ဆိုးများမှာ တကယ်ကို ဖျောက်ရခက်လှသည်။ သူ တကယ်ကို ယူပြေးရန် စဉ်းစားခဲ့ခြင်းပင်။
“ခင်ဗျားက တကယ်မရိုးသားတာပဲလေ…” နွားနက်ကြီး မျက်လုံးလှန်ပြလိုက်၏။ ကျားကြီးနှင့်နေသည်မှာ အချိန်တစ်ခု ကြာနေပြီဖြစ်သောကြောင့် သူ့အကြောင်း နောကျေနေပြီဖြစ်သည်။
“အဲဒါက အကျင့်ပါနေလို့ပါ .. ငါပြင်ပါ့မယ် ဟုတ်ပြီလား..” မန်ချုးကျား စိုးရိမ်တကြီးပြောလိုက်ပြီး အလွန်လျင်မြန်လှသည့် အရှိန်ဖြင့် စာအုပ်ကိုလှန်ဖတ်လိုက်သည်။ သူ ဤစာအုပ်ကို တတ်နိုင်သမျှ မြန်မြန်နားလည်ချင်သည်။
သို့သော် အချိန်အတော်ကြာစိုက်ကြည့်ပြီးနောက်တွင် သူ ဘာတစ်ခုကိုမှ နားမလည်သည့်အပြင် ခေါင်းပင် မူးနောက်လာသည်။
“တစ်ကမ္ဘာလုံးကို လှည့်ပတ်သွားနိုင်ဖို့ ငါ ရှေးအီဂျစ်စကား၊ ဂရိစကား၊ အာရပ်စကားနဲ့ တရုတ်စကားသင်ခဲ့တာ .. ငါက ဘာသာစကားကျွမ်းကျင်သူမဟုတ်ပေမယ့် အဲဒီလိုဖြစ်ဖို့က သိပ်မလိုတော့ဘူး .. ဒါပေမဲ့ ဒါ .. ဒါက ဘာဘာသာစကားကြီးလဲ.. ငါ တစ်လုံးမှ နားမလည်ဘူး…” မန်ချူးကျား ဒေါသတကြီး ပြောလာသည်။
ချူဖုန်း အတော်လေးတော့ အံ့အားသင့်သွားရသည်။ ဒီကျားကြီးက ဒီလောက်တောင် သိတာလား .. သူ့ကို နွားနက်ကြီးနှင့်ပင် ယှဉ်၍ရနေလေပြီ။
နွားနက်ကြီးလည်း ကမ္ဘာအနှံ့သွားလာနိုင်ရန်အတွက် ဘာသာစကားများစွာ သင်ယူခဲ့ကြောင်း နွားဝါလေး သူ့အား ပြောခဲ့ဖူးသည်ပင်။
“ငါ နားလည်သွားပြီ .. ဂျီးနီးယပ်စ်တွေ.. မဟုတ်ဘူး မကောင်းတဲ့ကောင်တွေမှာ တူညီတဲ့အချက်တွေ ရှိနေတယ်…” ချူဖုန်း မန်ချူးကျားကိုကြည့်ပြီးနောက် နွားနက်ကြီးကိုကြည့်ကာ ပြောလိုက်သည်။
ကျားနှင့် နွားနက်နှစ်ကောင်လုံး ချူဖုန်းကို လက်တစ်ချောင်း ထောင်ပြလာကြလေ၏။
တကယ်တမ်းတွင် ချူဖုန်းလည်း အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သည်ပင်။ စာလုံးတစ်လုံးမှနားမလည်လျှင် သူတို့ ဘယ်လိုလေ့လာတော့မည်နည်း… ဤဘာသာစကားမှာ မည်သည့်မျိုးနွယ်စုဘာသာစကားဖြစ်သလဲဟု သူ နွားဝါလေးကို မေးလိုက်သည်။
နွားဝါလေး၏မျက်နှာမှာ အတော်လေး လေးနက်နေသည်။ ထို့နောက် ဤစာအုပ်ထဲတွင် ဗုဒ္ဓပါဠိစာအချို့ ပါနေကြောင်း ချူဖုန်းကို ပြောပြလာသည်။ ကျန်းမိသားစုမှရလာခဲ့သည့် ရွှေရောင်ရဟန္တာအဆောင်တွင်လည်း ဤစာလုံးများရှိသည်။ ထို့အပြင် တာအိုစာများ၊ သားရဲဘာသာစကား၊ ပိုးကောင်ဘာသာစကားနှင့် ငှက်ဘာသာစကားများ စသည်ဖြင့် ဘာသာစကားပေါင်းစုံ ရောနေသည်ဟု ပြောလာသည်။
“ဘာသာစကားတွေအများကြီး စုပေါင်းထားတာလား..” နွားနက်ကြီး အံ့အားသင့်သွားရသည်။ သူတို့ ဒါကို ဘယ်လိုလေ့လာရတော့မှာလဲ.. ဘယ်သူက ဘာသာစကားတွေအားလုံးကို သင်နိုင်မှာလဲ…
“အဲဒါကြောင့် ဒီကျမ်းစာက လုံးဝကို မရိုးရှင်းတာ .. ဒါက မြို့များစွာတန်ကြေးရှိတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စာအုပ်ပဲ” နွားဝါလေး လေးနက်စွာ ပြောလာသည်။
သူပြောသည့်အတိုင်းဆိုလျှင် အပြင်ဘက်လောကများတွင်ပင် နယ်မြေများအကြောင်း လေ့လာသည့်သူမှာ အနည်းငယ်သာရှိသည်။ ထိပ်တန်းအဆင့်ဂိုဏ်းများသာ သူတို့ဂိုဏ်းကို ကာကွယ်ရန်အတွက်ရည်ရွယ်ကာ တောင်များ၊ မြစ်များနှင့် သံလိုက်အားများကို ဆွဲယူရန်အတွက် ဤပညာကို လူလွှတ်သင်ကြားစေကြသည်။
နယ်မြေများအကြောင်း ရေးထားသည့်စာအုပ်များမှာ လျှို့ဝှက်သိုင်းကျမ်းထက်ပင် ရှားပါးသေးသည်။
“ဒီစာအုပ်က ပိုပြီးတော့တောင် ထူးခြားသေးတယ် … ဘာသာစကားတွေ အများကြီးနဲ့ရေးထားတာကို ကြည့်ခြင်းအားဖြင့် ဒီထဲမှာ ဖော်ပြထားတဲ့နယ်မြေတွေအားလုံးက ထိပ်တန်းအဆင့်နယ်မြေတွေဆိုတာ သိနိုင်တယ်” နွားဝါလေး ရှင်းပြလာသည်။
ဤစာအုပ်ထဲမှ စာများကို အရေးပါသည့်ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦး ရေးထားခဲ့ခြင်းဖြစ်ပြီး စကားလုံးအများစုမှာ ခန္ဓာကိုယ်ထဲမှစွမ်းအင်များ၊ လောကကြီး၏ ထူးခြားကာ ဆန်းကြယ်လျှို့ဝှက်သည့်သဘောတရားများနှင့် ဆက်စပ်နေသည်။
ဤစာလုံးများသည် သဘာဝအတိုင်းဖြစ်လာသည့် စက်ကွင်းများကို ပြုပြင်နိုင်သည့်အပြင် ကိုယ်ပိုင်စက်ကွင်းများကိုလည်း ဖန်တီးနိုင်သည်။
“ဒါက အရမ်းရှုပ်တာပဲ… င့ါခေါင်းတွေ မူးနောက်နေပြီ … ငါ မလေ့လာတော့ဘူး..” နွားနက်ကြီး ခေါင်းခါလိုက်သည်။
မန်ချူးကျားသည် အသုံးမဝင်သည့်စာအုပ်တစ်အုပ်ကဲ့သို့ ထိုစာအုပ်ကို နွားဝါလေးထံ ပြန်ပစ်ပေးလိုက်သည်။ သူ ဤစာအုပ်ကို မခိုးချင်တော့သလို ရတနာအဖြစ်လည်း မသတ်မှတ်တော့။
ဤစာများကို လေ့လာရသည်မှာ အချိန်ကုန်၊ အားအင်ကုန်သည့်အပြင် နားလည်နိုင်ရန်လည်း ခက်ခဲလှသည်။
“နယ်မြေအတွေအကြောင်းကို လေ့လာတာက ကျင့်ကြံတာထက် ပိုခက်ပြီး ၁၀ ဆလောက်ပိုရှုပ်တယ် .. အဲဒါကြောင့်မို့လို့ တစ်ခြားလောကတွေမှာတောင် ဒီနယ်ပယ်ကို လေ့လာတဲ့သူ နည်းနည်းပဲရှိတာ” နွားဝါလေး ခေါင်းငြိမ့်လိုက်သည်။
“မင်း ဒါကို လေ့လာမှာလား..” ချူဖုန်း မေးလိုက်သည်။
“ဒါပေါ့ လေ့လာမှာပေါ့.. ငါက ကောင်းကင်ဘုံရဲ့ အကာအကွယ်အောက်မှာ ဒီလောကကို ပထမဆုံးရောက်လာတဲ့ ဂျီးနီးယပ်စ်ပဲလေ .. ငါက ဘိုးဘေးကြီးဖြစ်ဖို့ ကံပါလာပြီးသား” နွားဝါလေးသည် လူလုံးသေးသော်လည်း ယုံကြည်ချက်ကတော့ အပြည့်ပင်။
ဤနွားဝါလေး လျှောက်ပြောနေသည်ဟု ချူဖုန်း ခံစားနေရသည်။ သူက ဒါကို ဘယ်လိုလေ့လာမှာလဲ.. ချူဖုန်း အတော်လေး စိတ်ဝင်စားမိသည်။
“တစ်ချို့စာလုံးတွေကို ငါသိပြီးသား .. မင်းလုပ်ရမှာက စာလုံးတစ်လုံးစီရဲ့ အရေးပါမှုကို ခံစားရမှာ … နယ်မြေတွေကို လေ့လာဖို့ ဘာသာစကားတွေအများကြီးကို လေ့လာစရာမလိုဘူး … ဒီစာလုံးတွေရဲ့ ပြောင်းလဲမှုတွေကို ခံစားဖို့ နာမည်ကြီးတောင်နဲ့မြစ်တွေမှာ ရှိနေတဲ့ စာလုံးတွေကို ကြည့်လို့ရတယ် … မင်းလုပ်ရမှာက အဲဒီစာလုံးတွေထဲမှာ ရှိနေတဲ့ စွမ်းအင်နဲ့ နိယာမတရားတွေကို ခံစားဖို့ပဲ”
နွားဝါလေး၏ ရှင်းပြချက်ကို ကြားသည်နှင့် ချူဖုန်း ခေါင်းငြိမ့်လိုက်ကာ သူလည်း ဤအရာကို လေ့လာချင်ကြောင်း ပြောလိုက်သည်။
နွားဝါလေးသည် တစ်ခဏခန့် စည်းစားပြီးနောက် စာအုပ်လှန်လိုက်ကာ သူသိထားသည့်စာလုံးအားလုံးကို ရှင်းပြလိုက်ပြီး လိုက်မှတ်ခိုင်းလိုက်သည်။
ထို့နောက် ချူဖုန်း စာမျက်နှာများကို တစ်ရွက်ပြီးတစ်ရွက်လှန်လိုက်ကာ သူ၏တောက်ပနေသည့်နဖူးနှင့် ဖိကပ်လိုက်သည်။ သူသည် ဝိညာဉ်တံဆိပ်ကို အသုံးပြုကာ တစ်အုပ်လုံးကို မှတ်မိအောင် လုပ်လိုက်ခြင်းပင်။
အားလုံး မှတ်မိသွားသည်နှင့် သူ နွားဝါလေးကို စာအုပ်ပြန်ပေးလိုက်သည်။
“နောင်ကျရင် ငါတို့ မင်းတို့နှစ်ယောက်ကိုပဲ အားကိုးတော့မယ် .. တာအိုဘိုးဘေးကျောင်းပဲဖြစ်ဖြစ်၊ ဗုဒ္ဓရှေးဟောင်းမြေပဲဖြစ်ဖြစ်၊ ခွန်လွန်က အနန္တနတ်ဘုရားနယ်မြေပဲဖြစ်ဖြစ် နာမည်ကြီးတောင်နဲ့မြစ်တွေအားလုံးက ငါတို့အိမ်နောက်ဖေး ဖြစ်လာမှာ .. မင်းတို့ သေချာလေ့လာကြ” မန်ချူးကျား ကြွေးကြော်လိုက်သည်။
ဤကျားသည် ရိုးသားမှုရှိသည့်ကျားမဟုတ်။ နွားဝါလေးနှင့် ချူဖုန်း အောင်မြင်လိမ့်မည်ဟု သူ မယုံကြည်။
“စောင့်ကြည့်ထားလိုက်… ဒီကမ္ဘာက တောင်နဲ့မြစ်တွေက ငါတို့ရဲ့ ဆေးစိုက်ခင်းတွေ ဖြစ်လာတော့မှာ” ချူဖုန်း ရယ်မော၍ ပြောလိုက်သည်။
“ဟုတ်တယ် … တစ်ခြားလောကကလူတွေ ရောက်လာရင် ဒါမှမဟုတ် မောက်မာတဲ့နတ်ဘုရားတွေ ပေါ်လာရင်တောင် သူတို့တွေ ငါတို့ရဲ့ ဟင်းသီးဟင်းရွက်စိုက်ခင်းကို ဖြတ်နိုင်မှာမဟုတ်ဘူး…” နွားဝါလေး ယုံကြည်ချက်အပြည့်ဖြင့် ပြောလာသည်။
“ငါတို့မှာ နာမည်ကြီးတောင်တွေအများကြီး ရှိရင် ငါတို့ လေလံတင်ပြီး ရောင်းလို့ရတယ် .. ငါတို့ တောင်တစ်လုံးစီကို နတ်ဘုရားတစ်ပါး ဒါမှမဟုတ် သူတောင်စင်မတစ်ပါးနဲ့လဲမယ်” ချူဖုန်း၏မျက်လုံးများ တောက်ပနေသည်။
“မင်း တကယ်ပြောနေတာလား.. မင်းက ဒီဘုရင်ကြီးကို စိတ်လှုပ်ရှားအောင် လုပ်နေတာပဲ … ငါလည်း အပြင်လောကက ကျားမလေးနဲ့လဲချင်တယ် .. ဒဏ္ဍာရီလာကျားဖြူဖြစ်ရင် ပိုကောင်းတာပေါ့…”
သူတို့ ထိုညကို အာကာသသုတေသနကျောင်း၌သာ ဖြတ်သန်းလိုက်ကြသည်။
ကျောင်းမှလူများ၏ မျက်နှာများမှာ မည်းမှောင်နေလေပြီ။ သို့သော် သူတို့ ဘာမှမပြောရဲကြ။
“ဒီမကောင်းတဲ့ဧည့်သည်တွေကို ရှင်းဖို့ နည်းလမ်းမရှိဘူးလား.. ကမ္ဘာကြီး မပြောင်းလဲခင်ကတည်းက သဘာဝတရားကြီးနဲ့ ရင်းနှီးနေတဲ့ အဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ ငါတို့မှာ ကျွမ်းကျင်သူတစ်ချို့တော့ ရှိသင့်တယ်” အာကာသသုတေသနကျောင်းမှ ကောင်လေးတစ်ဦး ညည်းတွားလိုက်သည်။
“ဟူး .. ငါတို့မှာ ကျွမ်းကျင်သူတစ်ချို့ရှိတယ် ဒါပေမဲ့အခုအချိန်မှာတော့ သူတို့ကို မသုံးရဲဘူး .. ငါတို့ အလောတကြီးလုပ်ရင် အားလုံး သေကုန်လိမ့်မယ် .. အနာဂတ်မှာ ငါတို့ ဒီလူတွေကိုပဲ အားကိုးရတော့မှာ” တစ်စုံတစ်ယောက်မှ စိတ်ပျက်စွာ တီးတိုးပြောလာသည်။
မိစ္ဆာဧည့်သည်များသည် နောက်တစ်နေ့စောစောတွင် ပြန်ထွက်သွားကြလေ၏။
ထိုနေ့မနက်အစောပိုင်းတွင် ချူဖုန်းတို့အုပ်စု အပြင်လောကမှသတင်းများကို တွေ့လိုက်ရသည်။ လောကကြီးမှာ ဆူညံပွက်လောရိုက်နေသည့်ပုံပင်။
အားလုံးမှာ သူတို့၏နောက်ပစ်မှတ်ကို ခန့်မှန်းနေကြသည်။ သူတို့သည် မီးလောင်ရာလေပင့်ရသည်ကို ကြိုက်ကြပြီး ထပ်ဖြစ်လာမည့် ပဋိပက္ခကြီးကို စောင့်မျှော်နေကြလေသည်။
အဖွဲ့အစည်းကြီးများမှာတော့ အောက်ဘက်၌ ချော်ရည်များဆူပွက်နေသည့် မီးတောင်ကြီးကို ဖင်ခုထိုင်ထားရသကဲ့သို့ ဖြစ်နေကြသည်။ သူတို့သည် တစ်နေ့တစ်နေ့ ချူဖုန်း သူတို့ကို လာသတ်မလားဟု စိုးထိတ်နေကြရ၏။
“ကုန်းမြေပေါ်က အဖွဲ့အစည်းတွေက အရမ်းအားနည်းတာပဲ … အဓိကအဖွဲ့အစည်းကြီးတွေမှာတောင် အင်အားဒီလောက်ပဲရှိတာလား… ဒီလူတွေ ငါတို့ ရေအောက်မျိုးနွယ်စုကလန်ရဲ့ တံခါးကို လာခေါက်တာနဲ့ သူတို့တွေကို ဖူးယောင်နေအောင်ကို ရိုက်ပစ်လိုက်မှာ…” ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူတစ်ဦးမှ မှတ်ချက်ပေးလာသည်။
“မင်းတို့တောင်ပင်လယ်က ကြီးကျယ်မြင့်မြတ်လှတဲ့ နဂါးမျိုးဆက်က ဟိန်းထုန်တောင် သူများစားတာခံလိုက်ရပြီ .. မင်းတို့တွေက ဘာတွေလာပြောနေတာလဲ…” လူအချို့မှ ပြန်တုံ့ပြန်လာကြသည်။
“အိမ်ရှေ့စံမင်းသား ဟိန်းထုန် သေသွားတာက လုပ်ကြံခံလိုက်ရလို့ .. တောင်ပိုင်းပင်လယ်ရဲ့ စွမ်းအားကြီးတဲ့ လူသတ်လက်နက်အတွက် ပြိုင်ဘက်ကင်းကျွမ်းကျင်သူတစ်ချို့ပေါင်းပြီး သူ့ကို လုပ်ကြံလိုက်တာပဲနေမှာ .. ဒီကိစ္စက ဒီမှာတင် ပြီးသွားမှာမဟုတ်ဘူး…” ရေအောက်မျိုးနွယ်စု ကျွမ်းကျင်သူမှ အေးစက်စွာ ပြောလာသည်။
လူများမှာ ဟိန်းထုန်အား သတ်လိုက်သည့်သူကို ခန့်မှန်းနေကြဆဲပင်။ အားလုံးတွင် သူတို့သံသယနှင့်သူတို့ ရှိနေကြသော်လည်း ခိုင်မာသည့်သက်သေမရှိ။ မည်သူမှ ဝန်မခံလာသေး။
ဂြိုလ်တုပုံများမှာ မရှင်းလင်းသောကြောင့် မျက်လုံးသုံးလုံး ရေအောက်မျိုးနွယ်စုကျွမ်းကျင်သူ ချန်းယွဲ့လည်း ချူဖုန်းလက်ထဲ၌ သေသွားခဲ့သည်ကို မသိကြသေး။
ချူဖုန်း တောင်းဆိုထားသောကြောင့် ကျောက်စိမ်းဂူကျောင်းမှလူများသည် ဤသတင်းကို လျှို့ဝှက်ထားပြီး အပြင်သို့ မပေါက်ကြားစေခဲ့။
ဒေါင်းဘုရင် မတိုက်ပဲ ထွက်ပြေးသွားသည်ကို လူအချို့သိကြသော်လည်း ဒေါင်းဘုရင် ဒေါသထွက်သွားမည်စိုးသောကြောင့် မည်သူမှ မပြောရဲကြ။ ဤကိစ္စမှာ ရှက်စရာကောင်းလှသည်ပင်။
“ဘယ်ထပ်သွားကြမှာလဲ..” မန်ချူးကျား မေးလိုက်သည်။ သူလည်း မှော်လက်နက်တစ်ခု လိုချင်နေသောကြောင့် ရတနာသိုက်များကို ဓားပြတိုက်ချင်နေပြီဖြစ်သည်။ နွားနက်ကြီး၏ ဗုဒ္ဓပစ္စည်းကို သူ အတော်လေး မနာလိုဖြစ်နေသည်ပင်။
“ဒိမ်ဒီမျိုးရိုးဗီဇ” ချူဖုန်း အနည်းငယ် တွေဝေနေမိသော်လည်း ဆုံးဖြတ်ချက်ချလိုက်သည်။
အစက သူ ဒိမ်ဒီအဖွဲ့ကို မထိချင်။ အဘယ်ကြောင့်ဆိုသော် လင်းနွိုင်မိသားစုမှာ ဤအဖွဲ့၏ အရေးအပါဆုံးအဖွဲ့ဝင်များထဲမှ တစ်ဦးပင်။ သို့သော် သူ့ရန်သူဖြစ်သည့် မုမိသားစုလည်း ထိုနေရာ၌ ရှိနေသောကြောင့် သူ အားလုံးကို တစ်ခါတည်း ရှင်းပစ်ချင်သည်။
အပိုင်း ၂၇၆ ပြီး၏။