ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၅ – တုန်လှုပ်သွားခြင်း
“ချူဖုန်း မဖြစ်အနေအခြေအနေတစ်ခုကြောင့် ငါမင်းကို ဆက်သွယ်လိုက်ရတာပါ … ဟော်မိသားစုက လူတွေကို မင်းလွတ်ပေးဖို့ မျှော်လင့်မိတယ်” အမြင်ရှစ်မျိုးကျောင်းမှအရှင်သည် ဟော်မိသားစုအား တကယ်ကာကွယ်ပေးချင်နေသည်ပင်။
ချူဖုန်း တည်ငြိမ်စွာပြုံးလိုက်ကာ “ကိစ္စမရှိပါဘူး .. ဒါပေမဲ့ ကျွန်တော် နှစ်ယောက်ကို သတ်လိုက်မိသွားပြီ”
ချပ်ဝတ်တန်ဆာဝတ်စုံပြည့်ဝတ်ဆင်ထားသည့် ဟော်ယန်သည် တစ်ချိန်က သားရဲမျိုးနွယ်စုများနှင့် ပူးပေါင်းကာ သူ့ကိုလုပ်ကြံခဲ့သောကြောင့် ယနေ့တိုက်ခိုက်မှု၌ သူမကို သတ်ခဲ့လိုက်ရကြောင်း ချူဖုန်း ပွင့်ပွင့်လင်းလင်းပင် ပြောပြလိုက်သည်။
ထို့အပြင် သူ့ကို မလေးမစား ပြောဆိုခဲ့သည့် ဟော်လင်းဟုခေါ်သည့် လူငယ်လေးကိုလည်း သတ်ခဲ့လိုက်ကြောင်း ပြောပြလိုက်သည်။
“သေသွားပြီ .. ဟော်ယန်က သေသွားပြီ” အမြင်ရှစ်မျိုးကျောင်းအရှင် ဖုန်းချသွားလေ၏။
ချူဖုန်း တစ်ဖက်လှည့်ကာ အခြားသူများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
နွားနက်ကြီး၊ မန်ချူးကျားနှင့် မြည်းဘုရင်တို့ ရှေ့တက်လာကြကာ သူတို့၏ဘုရင်အော်ရာများကို ထုတ်လွှတ်လာကြသည်။
“ညီလေးချူ .. ဟော်ယန်က သေသွားပြီ .. ဒါက မင်းရဲ့ဒေါသကို ဖြေဖျောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ် .. ဒီကိစ္စကို ဒီမှာပဲ အဆုံးသတ်ကြတာပေါ့” အကြီးအကဲတစ်ဦး ပြောလာသည်။
ချူဖုန်းသည် ပြုံးမြဲပြုံးနေဆဲပင်။ “ဟော်ယန်က ကျုပ်ကို သတ်ဖို့ကြိုးစားခဲ့တာ .. သူ သေသွားရင်တောင် သူ့ရဲ့ပြစ်မှုကို မချေဖျက်နိုင်သေးဘူး .. ခင်ဗျားတို့က မတရားခံခဲ့ရတဲ့သူလိုမျိုး လာလုပ်မနေနဲ့ .. ဒီကိစ္စ မပြီးသေးဘူး…”
ဤစကားကြားလိုက်သည်နှင့် အများစု မသက်မသာဖြစ်သွားကြသည်။ သူတို့အားလုံး ကြောက်ရွံ့နေကြသည်ပင်။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးဘုရင်ချူသည် ဟော်ယန်ကိုပင် သတ်နိုင်သောကြောင့် သူတို့ကိုလည်း အလွယ်လေး ရှင်းပစ်နိုင်မည်ပင်။
“ညီလေးချူ .. မင်းဘာလိုချင်သေးလို့လဲ .. တာဝန်ရှိတဲ့သူကို သတ်ပြီးတာတောင် မင်းဒေါသကို မဖြေဖျောက်နိုင်သေးဘူးလား..” အကြီးအကဲတစ်ဦး အမူအရာပျက်ယွင်းစွာ ပြောလာသည်။
“ဟော်ယန်က အသတ်ခံရဖို့ ထိုက်တန်ပြီးတော့ ခင်ဗျားတို့အုပ်စု သေဖို့ထိုက်တန်တယ် .. နစ်နာသူလို လာလုပ်မနေနဲ့ … ခင်ဗျားတို့ လွတ်နိုင်လိမ့်မယ်လို့ အိပ်မက်မက်မနေနဲ့တော့ .. ကျုပ်ကို လုပ်ကြံဖို့ ဆုံးဖြတ်ချက် ချခဲ့ကြတာ ခင်ဗျားတို့ပဲ .. ခင်ဗျားတို့က သူ့ထက်တောင် ပိုပြီး နှလုံးနာစရာကောင်းဦးမယ်”
“မင်း .. မင်း ဘာလို့ အရမ်းတွေ သတ်ဖြတ်ချင်နေတာလဲ .. ဒါက ငါတို့နဲ့ဘာမှမဆိုင်ဘူး .. ဟော်ယန်က သေသွားပြီ .. မင်းက ငါတို့အားလုံးကို ရှင်းပစ်ဖို့တွေးနေတာလား..” အကြီးအကဲ၏အမူအရာ ပြောင်းလဲသွားသည်။
ချူဖုန်း သူ့နဖူးကို လက်ညှိုးထိုးကာ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်သည်။
ထို့နောက်တွင်တော့ ထိုအကြီးအကဲသည် အားလုံးကို ဝန်ခံလာလေ၏။ အခြေအနေကို အခွင့်ကောင်းယူကာ သူ့အားလုပ်ကြံရန် ကြံစည်ခဲ့သူများမှာ တကယ်ကို အာကာသသုတေသနကျောင်း၏ အထက်လူကြီးများပင်။ သူတို့သည် ချူဖုန်းကို လုပ်ကြံပြီး ပြိုင်ဘက်ကင်းအသက်ရှူစည်းချက်ပညာလုယူရန် လူများ စေလွှတ်ခဲ့ကြသည်။
သူတို့အမြင်တွင် ချူဖုန်းမှာ သေလူနှင့် မခြားတော့ပေ။ သူသေသွားလျှင် သူ့အသက်ရှူစည်းချက်ပညာကို ခွဲဝေယူကြမည်ဖြစ်သောကြောင့် အားလုံး ဝေစုလိုချင်ခဲ့ကြသည်ပင်။
“ငါတို့က အကြံပေးရုံပဲ .. စစ်ဆင်ရေးတစ်ခုလုံးကို ဟော်ယန်ကပဲ ဦးဆောင်သွားတာ..” အခြားအကြီးအကဲတစ်ဦး အော်ဟစ်လိုက်သည်။
ဖူး ဖူး ဖူး…
သွေးများလွင့်စင်ထွက်သွားပြီး ခေါင်းများ ပြုတ်ကျလာသည်။
ယန်ကျန်းရွှမ်ဟုခေါ်သည့် လူလတ်ပိုင်းအမျိုးသားနှင့်အတူ အကြီးအကဲများအားလုံး ကွပ်မျက်ခံလိုက်ရသည်။ ဤနေရာတစ်ခုလုံး သွေးနံ့များ လွှမ်းခြုံသွားတော့သည်။
“အား…”
အခြားသူများမှာ ထိတ်လန့်တကြား အော်ဟစ်လာကြလေ၏၊
“ဒီကိုမလာခင်ကတည်းက ခေါင်းတွေဖြတ်ပစ်မယ်လို့ ငါစဉ်းစားထားပြီးသား..” ချူဖုန်း ထိုနေရာ၌ ရပ်လျက် တည်ငြိမ်စွာ ပြောလိုက်သည်။
“အဖွဲ့အစည်းတစ်ခုဖြစ်တော့ရော ဘာလုပ်ရမှာလဲ .. င့ါရန်သူဖြစ်ဖို့ ဆုံးဖြတ်လိုက်တဲ့သူတွေ၊ င့ါကို လုပ်ကြံတဲ့သူတွေအားလုံး အသတ်ခံရမယ်…”
ဤကြမ်းတမ်းသည့်စကားလုံးများမှာ သူတို့နှလုံးများ လည်ချောင်းထိဆန်တက်လာစေသလို ခံစားလိုက်ရသည်။ အားလုံးဖြူဖျော့သွားကာ ဒူးတုန်လာကြလေ၏။
သန္ဓေပြောင်းလူများပင် ချူဖုန်းထံမှ ထွက်လာသည့် ဖိအားကို မခံနိုင်ပဲ မြေပြင်ထက်သို့ အားနည်းစွာ လဲကျသွားကြသည်။
ချူဖုန်းသည် အခြားအဖွဲ့အစည်းများကို သတိပေးသည့်အနေဖြင့် သတ်ဖြတ်နေခြင်းဖြစ်ကြောင်း အချို့သူများ စဉ်းစားမိကြသည်ပင်။
ချူဖုန်း နွားနက်ကြီး၊ မန်ချူးကျားနှင့် မြည်းဘုရင်တို့ကို စလှုပ်ရှားရန် အမူအရာပြလိုက်သည်။ သူတို့အဖွဲ့သည် သာမန်သန္ဓေပြောင်းများကို လျစ်လျူရှုကာ ဥယျာဉ်အတွင်းပိုင်းသို့ ဝင်သွားလိုက်ကြသည်။
“မင်း .. ပြန်လာခဲ့..” ချူဖုန်း၏အကြည့်များမှာ အစောပိုင်းက မြည်းဘုရင်အား နှာခေါင်းရှုံ့နေသည့် သန္ဓေပြောင်းထံသို့ ရောက်သွားသည်။
ထိုသန္ဓေပြောင်းမှာ ဦးရေပြားများ ထုံကျဉ်သွားပြီး ကောင်းကင်ထက်သို့ ချက်ချင်း ပြေးတက်သွားလိုက်သော်လည်း တစ်ချက်တည်းဖြင့် လမ်းဖြတ်တောက်ခံလိုက်ရပြီး အမွေးများ နေရာအနှံ့ လွင့်စင်လာကာ သူ့ခန္ဓာကိုယ်လည်း ထိန်းမရအောင် တုန်ယင်လာသည်။
ချူဖုန်းတို့အဖွဲ့ အာကာသသုတေသနကျောင်းအား စာရင်းရှင်းနေသည့်အချိန်တွင် အပြင်လောကမှာ ပွက်လောရိုက်နေလေပြီ။
“ထော်ဂုအဖွဲ့အစည်းကြီး ကံဆိုးသွားပြီ…”
ဤကျောက်ခဲတုံးအား ပစ်ချလိုက်သည်နှင့် လှိုင်းလေးများ ဖြစ်ပေါ်လာတော့သည်။
ထော်ဂုအဖွဲ့အစည်း ဘေးသင့်သွားသည့်သတင်း ပေါက်ကြားလာသည့်အချိန်တွင် အားလုံး ဆွံ့အသွားကြရသည်။
လျိုကျီဟုန်မှာ သူ ကျင့်ကြံသည့် ထော်ဂုအဖွဲ့အစည်း၏ မိုးမျှော်တိုက် ၂၈ လွှာ၌ပင် အသတ်ခံလိုက်ရသည်။
လုပ်ကြံသူသည် သွေးလွှမ်းနေသည့်ခေါင်းကို ၂၈ လွှာရှိ ဧည့်ခန်း၌သာ ထားခဲ့သောကြောင့် အဖွဲ့အစည်းမှ လူအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။
လွန်ခဲ့သည့်သုံးရက်ကပင် ထော်ဂုအဖွဲ့အစည်း သူတို့ကျွမ်းကျင်သူကို အန္တရာယ်ထဲမှ ပြန်ကယ်ထုတ်ပေးနိုင်လောက်အောင် လက်တံရှည်သည့်အတွက် အားလုံး အံ့အားသင့်ခဲ့ရသေးသည်။
သိထားရမည်မှာ ချူဖုန်းလက်ထဲသို့ ရောက်သွားသည့် ရန်သူများအားလုံးသည် ပုံမှန်အားဖြင့် ခေါင်းဖြတ်သတ်ခံရပြီး အသက်ရှင်နိုင်ချေ နည်းပါးလှသည်ပင်။ ထော်ဂုအဖွဲ့အစည်းကတော့ ချူဖုန်းလက်ထဲမှ လျိုကျီဟုန်ကို ခေါ်ယူသွားနိုင်ခဲ့သည်။
သို့သော် သုံးရက်ကြာပြီးသည့်နောက်တွင် လျိုကျီဟုန် သူ့အခန်းထဲ၌ သေနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…
ထို့နောက် အခြားသတင်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။
“သတင်းထူးကြီး .. ထော်ဂုအဖွဲ့အစည်းရဲ့ ရတနာသိုက်ကြီး ဖွင့်ဖောက်ခံလိုက်ရတယ်…”
ဤသတင်းမှာ နေရာအနှံ့ကို အတော်လေး လှုပ်ခတ်သွားစေခဲ့သည်။ အဖွဲ့အစည်းတစ်ခု၏ မြေအောက်လျှို့ဝှက်ခန်းကို ကျူးကျော်ရန်မပြောနှင့် အနားကပ်ဖို့ပင် မဖြစ်နိုင်။
ယခုတစ်ခေါက်ကိစ္စမှာ အတော်လေး ကြီးမားလှသည်ကို လူများ တွေးမိသွားကြသည်။ ထော်ဂုအဖွဲ့အစည်း အသိမ်းခံလိုက်ရခြင်းဖြစ်လိမ့်မည်။ မဟုတ်လျှင် ဘယ်လိုလုပ် သူတို့ မြေအောက်ရတနာသိုက်ကို ဖွင့်နိုင်မည်နည်းး..
အစပိုင်းတွင် ကျိုးမိသားစု၏ကံတရားကို မည်သူမှ မသိသေး။ နောက်ပိုင်းမှသာ သူတို့ကံဆိုးမှုကို လူများ တွေ့လာကြသည်။
“ဘုရားရေ .. ကျန်းမိသားစုကတော့ သွားပြီ .. သူတို့ရဲ့အဓိကလူတွေ တော်တော်များများ အသတ်ခံလိုက်ရပြီး ဗီလာတစ်ခုလုံး သွေးတွေချည်းပဲ…”
ဤသတင်းများ ပျံ့နှံ့လာသည်နှင့် လူများမှာ ဦးရေပြားများ ထုံကျဉ်လာသလိုပင် ခံစားလိုက်ရသည်။
“အားလုံးကို … ချူဖုန်း လုပ်လိုက်တာ…” ကျန်းမိသားစုမှ ကံကောင်းထောက်မစွာဖြင့် အသက်ရှင်ကျန်ခဲ့သည့်သူမှ ကြောက်လန့်တကြား ငိုယိုပြီး ပြောလာသည်။
ချူဖုန်းကြောင့် သတိလစ်သွားသည့် အမျိုးသမီးများနှင့် ကလေးများမှာ သတိပြန်ရလာသည်နှင့် စတင်ငိုကြွေးလာကြတော့သည်။
သတင်းများမှာ ဆည်ကျိုးသွားသကဲ့သို့ ပေါက်ကွဲထွက်လာသည်။ ချူဖုန်းလုပ်လိုက်ခြင်းဖြစ်မည်ကို အနည်းနှင့်အများ ခန့်မှန်းမိကြသော်လည်း တကယ်သိလိုက်ရသည့်အချိန်တွင်တော့ သူတို့ အံ့အားသင့်သွားကြရဆဲပင်။
ချူဖုန်းက အဖွဲ့အစည်းတစ်ခုကို အတော်လေး ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ခဲ့တာပဲ…
ကျောက်စိမ်းဂူကျောင်းအရှင်က ချူဖုန်းကို ဖိနှိပ်ပြီး ထော်ဂုအဖွဲ့အစည်းကို ကာကွယ်ပေးခဲ့တာလို့ ပြောကြတာ မဟုတ်ဘူးလား… ရလဒ်က ဘယ်လိုလုပ် ဒီလိုဖြစ်လာတာလဲ… အဖွဲ့အစည်းအားလုံး ထိတ်လန့်သွားကြရသည်။
ထော်ဂုအဖွဲ့အစည်းမှ သခင်လေးသည် ချူဖုန်းမှာ ဖိနှိပ်ခံလိုက်ရပြီး ပြဿနာထပ်ရှာရဲတော့မည်မဟုတ်ကြောင်း ပြောနေခဲ့သည်ပင်။
ထိုအချိန်က သူ သူ့သူငယ်ချင်းများနှင့် စုဝေးနေခြင်းဖြစ်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ဤကဲ့သို့ ပြောခဲ့ခြင်းပင်။ နောက်ပိုင်း ဤစကားများ အပြင်လောကသို့ ပျံ့နှံ့လာလေ၏။
ချူဖုန်း သတ္တုနံရံကြီးကို ကန်မိသွားသောကြောင့် လူအများ သက်ပြင်းချလိုက်ကြသည်။ ကျန်းမိသားစုမှ သခင်လေးပင် သူ့အား ဤကဲ့သို့ ပြောဆိုနိုင်သောကြောင့် သူ့နာမည်လည်း အနည်းငယ် စွန်းထင်းသွားလေပြီ။
“အားလုံး ပြောင်းလဲသွားပြီ … သုံးရက်လေးပဲရှိသေးတာကို ထော်ဂုအဖွဲ့အစည်း အများကြီးထိခိုက်သွားပြီး ကျန်းမိသားစုလည်း ဖျက်ဆီးခံလိုက်ရတယ် .. ကျန်ခဲ့တဲ့သူတွေကလည်း အားနည်းတဲ့သူတွေ၊ အသက်ကြီးပိုင်းတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေပဲ .. သူတို့မျိုးဆက်တွေနဲ့ အကြီးအကဲပိုင်းတွေအားလုံး သေသွားပြီ…”
“ဟာသပဲ .. ဒီကျန်းမိသားစုက သခင်လေးက ဘယ်လိုဟာသလုပ်ရမလဲဆိုတာ တကယ်သိနေတာပဲ.. သူစိုက်တာ သူ ပြန်ရိတ်သိမ်းရတာပဲ .. သူ့စကားကြောင့် သူ့မိသားစုတစ်ခုလုံး ပြန်ပေးဆပ်လိုက်ရတာပဲ…”
“နတ်ဆိုးဘုရင်ချူလို့ကို မပြောရဘူး .. သူက အဖွဲ့အစည်းတွေကိုတောင်မှ ဓားရမ်းရဲပြီး စစ်ပွဲစရဲတယ် … တစ်ခြားအဖွဲ့အစည်းတွေကတော့ အခုလောက်ဆို လန့်နေလောက်ပြီ”
“ဒီလူက တကယ်ကို နတ်ဘုရားကြီးပဲ… ဒီလိုဖြစ်မယ်ဆိုတာ ငါသိသားပဲ … ကျောက်စိမ်းဂူကျောင်းအရှင်ရဲ့ စကားလေးတစ်ခွန်းတည်းနဲ့ သူ့ကို ဘယ်လိုလုပ် ဖိနှိပ်နိုင်မှာလဲ.. နောက်ဆုံးတော့ သူ အဖွဲ့အစည်းကြီးတွေနဲ့ တိုက်ခိုက်တာပဲလေ … သူ နောက်ထပ် ဘယ်သူ့ကို ထပ်သတ်မလဲဆိုတာ ငါမျှော်လင့်နေမိပြီ..”
အပြင်လောကမှ ဖရိုဖရဲဖြစ်နေပြီး အားလုံး ဤကိစ္စကို အာရုံစိုက်ထားကြသည်။
လူများ ဆွေးနွေးနေကြသည့်အချိန်တွင်တော့ ချူဖုန်းမှာ အာကာသသုတေသနကျောင်း၏ ဥယျာဉ်အတွင်းပိုင်းသို့ ရောက်နေလေပြီ။ သူ ဒုတိယမြောက်အဖွဲ့အစည်းကြီးသို့ ရောက်နေပြီဖြစ်ကြောင်း လူများမသိသေး။
ဝှီးချဲပေါ်ထိုင်နေသည့် လူအိုကြီးတစ်ဦး သက်ပြင်းချလိုက်သည်။ “ယန်ထုန် ပြန်မလာစေနဲ့ … သူ သေချာပေါက် သေသွားလိမ့်မယ် .. သူက ဒီကိစ္စတွေနဲ့မဆိုင်ဘူး သူ့ဘာသာသူ ကမ္ဘာကြီးမှာ လှည့်ပတ်သွားနေပါစေ … အာကာသသုတေသနကျောင်းအတွက် ဘုရင်အဆင့်လူတစ်ယောက် ချန်ထားဖို့လိုအပ်တယ် .. မဟုတ်ရင် ဒီဒုတိယအကြိမ်ပြောင်းလဲမှုမှာ ငါတို့ ခြေကုတ်ယူနိုင်တော့မှာ မဟုတ်ဘူး”
သူသည် ကျောင်း၏ အလွန်အရေးပါသည့်သူတစ်ဦးဖြစ်ပြီး အာဏာရှိသည့်သူတစ်ဦးလည်းဖြစ်သည်။
“နှမြောစရာကောင်းတာက ငါ ပြိုင်ဘက်ကင်းကျွမ်းကျင်သူနှစ်ယောက်နဲ့ သဘောတူညီမှုတစ်ခု လုပ်ထားပေမယ့် သူတို့ဂတိဖျက်သွားတယ် … မဟုတ်ရင် ငါတို့ အခြေအနေတွေကို ပြောင်းလဲနိုင်လောက်တယ်…” လူအိုကြီး မျက်လုံးထဲတွင် ဒေါသမီးများ လောင်ကျွမ်းလာသည်။
သူ့စကားကြားလိုက်ရသည့်အချိန်တွင် သူယုံကြည်ရသည့်လက်အောက်ခံများအားလုံး တုန်လှုပ်သွားကြသည်။ အကြီးအကဲက အာကာသသုတေသနကျောင်းကို စောင့်ကြည့်ပေးဖို့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေကိုတောင် ဖိတ်ခေါ်ထားခဲ့တာလား…
“မင်းတို့အားလုံး ထွက်သွားကြတော့ .. သူ မင်းတို့ကို ဒုက္ခပေးမှာမဟုတ်ဘူး” လူအိုကြီး သူ့ဘေးနားမှ သန္ဓေပြောင်းများကို ထွက်သွားခိုင်းလိုက်သည်။ သန္ဓေပြောင်းများ မည်မျှပင် ရှိနေပါစေ ချူဖုန်းကို တားဆီးနိုင်မည်မဟုတ်ကြောင်း သူသိသည်။
ပြိုင်ဘက်ကင်းကျွမ်းကျင်သူများသာ ချူဖုန်းနှင့် ယှဉ်နိုင်လိမ့်မည်။
ချူဖုန်းသည် သူလာရာလမ်းတစ်လျှောက်ရှိ ကျောင်း၏အဓိကအဖွဲ့ဝင်များကို သတ်လာသောကြောင့် ခေါင်းများ တစ်ခေါင်းပြီးတစ်ခေါင်း လိမ့်ကျလာသည်။
အာကာသသုတေသနကျောင်းရှိ မနည်းလှသည့်လူများသည် သူ့အားရှင်းပစ်ရန် ဘုရင်အဆင့်အေးဂျင့်များ စေလွှတ်သည့်ကိစ္စအား သဘောတူခဲ့ကြသည်ပင်။
“အဘိုးကြီး .. ခင်ဗျားက အဓိကလူလို့ ကျုပ်ကြားတယ်” အကြီးအကဲတစ်ဦးတည်း ဝှီးချဲပေါ်၌ ထိုင်နေကာ ဘေးနား၌ အခြားဘယ်သူမှ မရှိသည်ကို ချူဖုန်း တွေ့လိုက်ရသည်။
“ငါက သနားစရာကောင်းတယ်လို့ မင်းထင်နေလိမ့်မယ် .. ဒီကစားပွဲမှာ နိုင်တဲ့သူက အားလုံးကို သိမ်းသွားမှာပဲ .. ငါတို့သာ မင်းကို ဖမ်းနိုင်ခဲ့ရင် အခြေအနေက ပြောင်းပြန်ဖြစ်သွားမှာ” ထိုသို့ပြောပြီးသည်နှင့် လူအိုကြီးသည် သူ့ကိုယ်သူ ဓားမြောင်ဖြင့် ထိုးချလိုက်လေတော့သည်။
“ကျုပ်ရန်သူတွေကို ကျုပ်ကိုယ်တိုင်ရှင်းရတာကို ပိုကြိုက်တယ် .. လူတွေ ကျုပ်သတ်မယ့်လမ်း လာပိတ်တာကို မကြိုက်ဘူး” ထိုသို့ပြောပြီးသည်နှင့် ဓားပျံထွက်လာကာ လူအိုကြီး လည်ပင်းကိုဖြတ်တောက်လိုက်ပြီး ခေါင်းကြီးလွင့်ထွက်သွားအောင် လုပ်လိုက်သည်။
“မင်း…” လူအိုကြီးမှာ ဒေါသထွက်သွားရသည်။ သူ သူ့ကိုယ်သူ သတ်သေသည်မှာ အလောင်းအပြည့်အစုံနှင့် သေချင်သောကြောင့်ပင်။ သို့သော်လည်း ချူဖုန်းမှာ အလွန်ပြတ်သားနေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…
ဝုန်း…
နောက်ဆုံးတွင်တော့ ချူဖုန်းတို့အုပ်စု ကျယ်ပြောလှသည့် ရတနာသိုက်ကြီးကို ဖွင့်ကြတော့သည်။ အထဲဘက်၌ ပစ္စည်းများစွာ ရှိနေသည်ပင်။
ပန်းကန်ပြားပျံများစွာနှင့် ထူးဆန်းသည့်အာကာသယာဉ်များစွာ ရှိနေသော်လည်း အားလုံးမှာ ပျက်စီးနေသည်။
“ဒါတွေကိုသာ ငါတို့သေချာလေ့လာနိုင်ရင် ငါတို့ အဆင့်အတန်းမြင့်လာလောက်တယ် … ငါတို့ အာကာသထဲကိုတောင် သွားရင်သွားနိုင်လောက်မှာ” ချူဖုန်း သက်ပြင်းချ၍ ပြောလိုက်သည်။
“အာကာသသုတေသနကျောင်း ဒါတွေကို လေ့လာနေတာနှစ်ပေါင်းများစွာ ရှိနေပြီဆိုပေမယ့် အခုထိ ပြန်မပြင်နိုင်သေးဘူး” နွားနက်ကြီး ရှင်းပြလာသည်။ သူ အိပ်မွေ့ချခဲ့သည့်သူများထံမှ သိခဲ့ရခြင်းပင်။
ခဏကြာပြီးနောက် ရတနာသိုက်အတွင်းပိုင်း၌ သိမ်းထားသည့် အလံစုတ်တစ်ခုနှင့် ကျောက်စိမ်းအပိုင်းအစတစ်ချို့ကို တွေ့လိုက်ရပြီး နွားဝါလေး၏မျက်လုံးများ တောက်ပလာသည်။
“ဒါက အာကာသသုတေသနကျောင်းမဟုတ်ဘူးလား .. ပန်းကန်ပြားပျံတွေအစား ဘယ်လိုလုပ် ရှေးဟောင်းပစ္စည်းရှိနေတာလဲ..” မန်ချူးကျား သံသယများဖြင့် ကြည့်လာသည်။
“ဒါတွေက အပြင်လောကကပစ္စည်းတွေ … နည်းလမ်းတကျပြောရမယ်ဆိုရင် ဒီပစ္စည်းတွေက ဒီကမ္ဘာက ပစ္စည်းတွေမဟုတ်ဘူးဆိုတော့ သူတို့လေ့လာနေတဲ့နယ်ပယ်ထဲ အကျုံးဝင်ပါတယ်” နွားဝါလေး ပြောလာသည်။
ကံမကောင်းစွာဖြင့် ဤနေရာရှိနေသည့်အရာအားလုံးသည် တစ်ခုအပြည့်ရှိနေသည်မဟုတ်ပဲ အားလုံးမှာ ကျိုးပျက်နေကြသည်။
“ဟမ်…”
ရတနာသိုက်ထဲ၌ လျှို့ဝှက်ခန်းတစ်ခန်းရှိနေသည်။
“အား … ငါတို့ထောပြီပဲ .. ငါတို့ ဒီလိုအမွေအနှစ်မျိုး တွေ့လိုက်ရတယ်…” နွားဝါလေး အလွန်အံ့အားသင့်သွားရသည်။
လျှို့ဝှက်ခန်းထဲတွင် ကျောက်စိမ်းသေတ္တာတစ်ခု ရှိနေပြီး ထိုသေတ္တာထဲတွင်တော့ သားရဲအရေပြားဖြင့် ပြုလုပ်ထားသည့် ရှေးစာလိပ်တစ်ခု ရှိနေသည်။
ခဏကြာပြီးနောက် သူတို့ အာကာသသုတေသနကျောင်းအား တိုက်ခိုက်သည့်သတင်းများ အပြင်လောက၌ ပျံ့နှံ့သွားလေ၏။
လူများအားလုံး ဆွံ့အသွားကြရသည်။ သိထားရမည်မှာ အစောပိုင်းလေးကတင် သူတို့ ထော်ဂုအဖွဲ့အစည်းအား တိုက်ခိုက်နေခဲ့ခြင်းပင်။ သူတို့ဘယ်လိုလုပ် အာကာသသုတေသနကျောင်းသို့ ဤမျှမြန်မြန်ဆန်ဆန် ရောက်သွားသနည်း..
ဤသည်မှာ တစ်လောကလုံးကို တိုက်ခတ်သွားသည့် မုန်တိုင်းကြီးတစ်ခုကဲ့သို့ပင်။
အင်အားကြီးအဖွဲ့အစည်းများအားလုံး ကြောက်လန့်သွားကြရလေ၏။
“အင်အားကြီးအဖွဲ့အစည်းကြီးနှစ်ခု တစ်ရက်တည်း တိုက်ခိုက်ခံရတာကို ငါမယုံကြည်နိုင်ဘူးဖြစ်နေတယ် … သူ အာကာသသုတေသနကျောင်းကနေ ထွက်သွားပြီလား…”
“ချူဖုန်း ထွက်မသွားသေးဘူး … သူ ငန်းဘုရင်ကြီးကို ကင်စားနေတုန်းပဲ..”
အပြင်လောကမှ သတင်းများမှာ အတော်လေး မှန်သည်ဟု ပြောရမည်။ ချူဖုန်းသည် ကျောင်း၌ ရှိနေဆဲပင်
ချပ်ဝတ်တန်ဆာအပြည့်အစုံ ဝတ်ဆင်ထားသည့် လူသားပုံစံငန်းဘုရင်သည် ဟော်ယန်နှင့်အတူ သူ့အားတိုက်ခိုက်ခဲ့သည့်သူဖြစ်ကြောင်း ချူဖုန်း သိထားသည်။ ယနေ့ သူ ထိုသူများနှင့် စာရင်းရှင်းပြီး ငန်းကြီးကို ကင်စားလိုက်တော့သည်။
အပိုင်း ၂၇၅ ပြီး၏။