Chapter – 13 စိတ် ပြောင်းသွားခြင်း
ညီအကိုနှစ်ယောက် အံ့သြတကြီးဖြစ်သွားတာကိုမြင်လိုက်ရတော့ ကျောက်ဟိုင်ပြုံးလိုက်ဖြစ်သည်။ အနှေးအမြန် ဒီနေရာလပ်ဒေသအကြောင်း သိသွားမှာပဲဆိုတော့ သူသိပ်ပြီး စိတ်ပူမနေတော့။
ကျောက်ဟန် ကို့ယို့ကားယားပြုံးလိုက်သည်။
“ ကဲ မင်းတို့လက်ထဲက ဓားတွေချထားလိုက်တော့။ မလေးဘူးလားကွ။ အခု ဘာမှမလှုပ်ရှားဘဲ ငြိမ်ငြိမ်လေးနေနော်”
သူပြောပြီးသည့်အခါ အတွေးတစ်ချက်နဲ့တင် သုံးယောက်သား နေရာလပ်ဒေသအတွင်းရောက်သွားသည်။
ဘလော့ဟက်နဲ့ေ၇ာ့ဟက်တို့မှာ နေရာလပ်ဒေသကို ကြောင်တောင်တောင်လိုက်ကြည့်နေကြသည်။ ကြီးထွားနေပြီဖြစ်တဲ့ မုန်လာဥဖြူတွေကို သူတို့မြင်ရသည်။ တဲအိမ်လေးနဲ့ အိမ်ရှေ့က ပစ္စည်းတွေကိုလည်း မြင်ရ၏။ ပါးစပ်အဟောင်းသားဖြစ်နေစဉ်မှာ ကျောက်ဟိုင်က သူတို့ပခုံးကိုပုတ်ပြီး
“ ဒီထဲတောင် ရောက်နေမှကွာ ဓားတွေချထားလိုက်ပါတော့”
လို့ပြောလာ၏။
သူတို့ကို ထိလိုက်တော့မှ အသိပြန်ဝင်လာကြကာ ဓားတွေကိုချလိုက်ကြသည်။ ကျောက်ဟိုင်ရဲ့စကားက သူတို့အတွက် တော်ဝင်ဆန်ကာ လိုက်နာကိုလိုက်နာရမယ်လို့ စိတ်ထဲစွဲထင်စေ၏။
ကျောက်ဟိုင်လည်း သူတို့ပြောင်းလဲသွားတာကို သတိပြုမိပေမယ့် လျစ်လျူရှုလိုက်ပြီး မုန်လာဥတွေသာ မှည့်မမှည့်ကြည့်နေလိုက်သည်။
သူ့မှာ ပိုက်ဆံဆိုလို့ ရွှေဒင်္ဂါးနှစ်ရာသာ ကျန်တော့သည်။ ဒါကြောင့် မြန်မြန်ဆန်ဆန်ရိတ်သိမ်းပြီး ပိုက်ဆံအဖြစ် ပြောင်းဖို့လိုအပ်ပေသည်။
ဂိမ်းထဲမှာဆိုရင် ကောက်ပဲသီးနှံတွေ ရင့်မှည့်ပြီးတဲ့အခါ မြန်မြန်သာ မရိတ်သိမ်းနိုင်ရင် ပေါင်းပင်တွေနဲ့ ပိုးကောင်တွေရောက်လာပြီး ဖျက်ဆီးလိုက်တတ်သည်။ စနစ်က သူ့ကိုသတိပေးတယ်ဆိုပေမယ့် သူနောက်ကျသွားခဲ့လို့ ပေါင်းပင်တွေနဲ့ပိုးကောင်တွေရောက်လာပြီး ဖျက်ဆီးပစ်လိုက်ကြရင်တော့ ကျောက်ဟိုင်ရင်နာရပေမည်။
မုန်လာဥဖြူတွေက ပိုက်ဆံတွေဖြစ်သည်။ သူက ပိုကောင်းတဲ့ဘ၀တစ်ခုကိုလိုချင်မှတော့ ပိုက်ဆံများများရှာနိုင်မှဖြစ်ပေလိမ့်မည်။
ဘလော့ဟင်နဲ့ရော့ဟက်တို့က ကျောက်ဟိုင်ဘေးတွင်သာ ရပ်နေကြသည်။ အရင်ကတော့ ဂရင်းအမိန့်ကိုသာနာခံတတ်ပေမယ့် အခုတော့ သူတို့တွေ ပြောင်းလဲသွားကြပြီပေ။ ကျောက်ဟိုင်ရဲ့နေရာက ဂရင်းထက် ပိုအရေးပါလာသည်။ ကျောက်ဟိုင်ရဲ့စကားကိုသာ သူတို့လုပ်ကိုလုပ်ရမယ့် အမိန့်အဖြစ် လိုက်နာကြတော့မည်ပေ။
နေရာလပ်ဒေသက ထူးခြားတဲ့နေရာတစ်ခုဖြစ်သည်။ အရာရာက ကျောက်ဟိုင်နှင့်သာ သက်ဆိုင်နေသည်။ လောလောဆယ်မှာ အဆင့်နိမ့်နေသေးလို့ အားလုံးကို ကျောက်ဟိုင် မပိုင်နိုင်သေးပေမယ့် အဆင့်တွေတက်လာတဲ့အခါကျရင်တော့ နေရာလပ်ဒေသက အရာရာတိုင်းကို ကျောက်ဟိုင် ပိုင်ဆိုင်လာပေလိမ့်မည်။
ဒီနေရာလပ်ဒေသက ကျောက်ဟိုင်ပိုင်သည်။ ကျောက်ဟိုင်ပိုင်တာမို့လို့ ဘာကိုပဲ သယ်လာသယ်လာ အားလုံးက သူ့အမိန့်ကိုသာ နာခံရပေမည်။ ဟက်ညီအကိုလည်း ဒီနည်းတူပင်။ ကျောက်ဟိုင်ပြောသမျှက တော်ဝင်အမိန့်လို့ကို ခံစားမိကြရသည်။
ကျောက်ဟိုင်ကတော့ ဒါတွေကိုသတိမပြုမိသေးချေ။
နေရာလပ်ဒေသကိုတစ်ပတ်ပတ်ကြည့်ပြီး ပြောင်းလဲမှုရှိ မရှိ စစ်ဆေးလိုက်သည်။ ဘာမှထူးထူးခြားခြား ပြောင်းလဲနေတာမျိုးမ၇ှိပေ။ သူအဆင့်တစ်ဆင့်တက်လာပေမယ့် မျိုးစေ့နည်းနည်းရတာကလွဲပြီး ထူးထူးခြားခြား မတွေ့ရပေ။
သူ့မှာလည်း ပိုက်ဆံကနည်းနည်းပဲကျန်တော့သည်။ ဂရင်းပြန်မလာခင်မှာ အခုစိုက်ထားတဲ့မုန်လာဥဖြူတွေက ရင့်မှည့်နိုင်တာဖြစ်လို့ လက်ထဲရှိတာတွေကို ရောင်းလိုက်လို့ရသည်။
အခြားကောက်ပဲသီးနှံတွေ စိုက်ဖို့ ကျောက်ဟန်မကြိုးစားချင်တာမဟုတ်။ သူသိတာတွေနည်းသေးတာမို့ မှားယွင်းပြီး စိုက်ပျိုးမိလို့ ရောင်းမထွက်ဘဲဖြစ်မှာကိုသာ သူစိုး၇ိမ်လို့ဖြစ်သည်။ ရောင်းလို့မရခဲ့ရင် သူ့ငွေက ရပ်သွားနိုင်သည်။ အခုအခြေအနေမှာ ခြေလှမ်းမှားလို့မဖြစ်ပေ။ သူတစ်ချက်မှားလိုက်တာနဲ့ သူ့ဘ၀ဒုက္ခရောက်သွားနိုင်သည်။ အရာရာက သေခြင်း၊ရှင်ခြင်းနဲ့သက်ဆိုင်နေသည်မဟုတ်လား။
ဘာမှထူးခြားတာမတွေ့လေတော့ အပြင်ပြန်ထွက်ဖို့တွေးမိပြီး ဟက်ညီအကိုနှစ်ယောက်ကိုကြည့်ကာ
“ ကဲ ဒီမှာလည်း ကိစ္စမ၇ှိတော့ဘူးဆိုတော့ အပြင်ထွက်ကြတာပေါ့”
ဘလော့ဟက်နဲ့ရော့ဟက်တို့က ကျောက်ဟိုင်နောက်ပဲ တကောက်ကောက်လိုက်နေကြတာမို့ သူပြောတာလည်းကြားရော နှစ်ယောက်သားပြိုင်တူလိုလို
“ ဟုတ်ကဲ့ပါ သခင်လေး” လို့ပြောလာကြသည်။
ဒီပြောင်းလဲမှုက ကျောက်ဟိုင်ကို နှစ်ခါလောက်ပြန်လှည့်ကြည့်မိစေသည်။ ထိုနှစ်ယောက်ရဲ့ပုံစံက ဘာမှပြောင်းမသွားတာတွေ့တော့မှ အတွေးတစ်ချက်နဲ့ အပြင်ပြန်ထွက်လိုက်သည်။
အခန်းထဲပြန်ရောက်တော့ ဘယ်သူမှဝင်မလာသေးကြောင်းကို တံခါးပိတ်ထားတာကိုကြည့်ရင်း သိလိုက်သည်။
ဟက်ညီအကိုနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး ကျောက်ဟိုင် အခန်းထဲက ထွက်လိုက်သည်။
“ ရဲတိုက်အပြင် ထွက်ကြည့်ကြတာပေါ့။ မြေဆီလွှာတွေက အလုပ်ဖြစ်မဖြစ် ငါသိချင်သေးတယ်”
ကျောက်ဟိုင် ရှေ့ကသွားနေရင်း ဟက်ညီအကိုကို စကားပြောသွားတာဖြစ်သည်။
အရင် အခြေအနေအတိုင်းဆို သေချာပေါက် ကျောက်ဟိုင်ကို တားကြပေလိမ့်မည်။. အခုတော့ ဘာမှမပြောတဲ့အပြင် ကျောက်ဟိုင်နောက်ကနေသာ ရိုရိုကျိုးကျိုးလိုက်လာကြသည်။
ရိက္ခာရုံကိုရောက်တော့ ရိက္ခာတွေကိုကိုင်ကြည့်ပြီး စပါးကျီထဲသိုလှောင်ဖို့ တွေးလိုက်သည်။ ထိုအခါ သူ့အတွေးအတိုင်း ရိက္ခာထုပ်က ပျောက်ကာ နေရာလပ်ဒေသထဲ ၀င်သွားသည်။
သူအသစ်ရှာတွေ့တဲ့အရာက နေရာလပ်ဒေသထဲ ၀င်စရာမလိုဘဲ အတွေးနဲ့တင် ပစ္စည်းတွေ ထုတ်နိုင်၊ သွင်းနိုင်နေခြင်းပင်။ ဒီရှာဖွေတွေ့ရှိမှုက ကျောက်ဟိုင်ကို ကျေနပ်စေသည်။
စပါးကျီထဲက တစ်ခုခုထုတ်ချင်ရင်လည်း သူတွေးရုံနဲ့ မျက်စိရှေ့တွင်ပေါ်လာလေသည်။ ဟက်ညီအကိုရဲ့အမူအယာအရ သူတို့မမြင်ရတာသေချာပေသည်။ ဒီအရာက ကျောက်ဟိုင်တစ်ယောက်ထဲသာ မြင်နိုင်စွမ်းရှိနေခြင်းပင်။
သုံးယောက်သားရဲတိုက်အပြင်ကို ရောက်တော့ ဂိတ်တံခါးဖွင့်ထားတာကို မြင်ရသည်။ မယ်ရင်းနဲ့ မာဂ့်တို့က အစေခံတွေကို မိုင်းတွင်းမှာ ယုန်မွေးဖို့အတွက် လိုအပ်တာတွေကို ပြင်ဆင်ခိုင်းနေသည်။
မယ်ရင်းတို့ ဘာမှပြောစရာမလိုဘဲ အစေခံတွေက သွက်လက်စွာနဲ့ လုပ်ဆောင်နေကြသည်။
ဒါတွေက အရင်ရက်က ကျောက်ဟိုင်ပြောခဲ့တဲ့ စကားတွေကြောင့်ဖြစ်သည်။ သူတို့တွေ စိတ်ဓာတ်တက်ကြွနေကြပြီး ကြိုးကြိုးစားစား အလုပ်လုပ်ကြသည်။
မယ်ရင်းတို့လည်း ဒါကို သတိထားမိကြသည်။ အစေခံတွေက မကုန်နိုင်တဲ့ အားအင်တွေရနေသလိုမျိုး သေသေချာချာ ကြိုးကြိုးစားစားနဲ့ကို အလုပ်လုပ်နေကြသည်။ တစ်နာရီနဲ့ ပြီးရမယ့်အလုပ်ကို နာရီဝက်နဲ့ပြီးတဲ့အထိ လုပ်ဆောင်လာနိုင်ကြသည်။
ကျောက်ဟိုင် သူတို့တွေရှိတဲ့ဘက်ကိုမသွားပေ။ သူ ယုံကြည်ရတဲ့သူတွေ နည်းပေမယ့် မယ်ရင်းတို့ကိုတော့ ယုံကြည်သည်။ ဒါကြောင့် မသွားတော့ခြင်းပင်။
ကျောက်ဟိုင် အရင်ဆုံး ကျုံးဘက်ကိုသွားလိုက်သည်။ ကျုံးက ရေတွေက ကြည်လင်နေပြီး သေသေချာချာဆောက်လုပ်ထားမှန်းသိသာသည်။ ကျုံးထဲဝင်သည့်ရေတွေက နှစ်လမ်းဖြစ်သည်။ တစ်လမ်းက အနားက စမ်းချောင်းနှစ်ခုက စီးဝင်လာတာဖြစ်ပြီး နောက်တစ်ခုကတော့ မြေအောက်မြစ်က ၀င်လာတာဖြစ်သည်။
သူသာ ဒီထဲတွင် ငါးမွေးဖို့ဆိုရင်အတော်အကုန်အကျများပေမည်။ ငါးတွေ အဝေးကို ကူးထွက်မသွားဖို့အတွက် ကျုံးကို အရင်ပြင်ဖို့လိုသေးသည်။
နောက်ပြီး ဒီကျုံးက ရဲတိုက်က မြောင်းနဲ့ဆက်ထားခြင်းဖြစ်သည်။ ကျုံးကိုပြင်မယ်ဆိုရင် မြောင်းကိုပါ ပြင်ဖို့က လိုသေးသည်။ ဒါက အတော်အကုန်အကျများမှာ သေချာနေသည်။
ကျောက်ဟိုင် ဒီကိစ္စကို ဘေးဖယ်ထားပြီး မြေဆီလွှာကိစ္စကိုပဲ အာရုံစိုက်ဖို့တွေးလိုက်သည်။ လွင်တီးခေါင်မြေတွေသာ စိုက်လို့၊ ပျိုးလို့ရသွားရင်သူပိုက်ဆံတွေရှာနိုင်လာလိမ့်မည်။ ထိုအခါ အခြားပိုက်ဆံကုန်မယ့်ကိစ္စတွေကို တွေးနိုင်ပေပြီ။
စိုက်ပျိုးရေးက လွယ်ကူတဲ့အလုပ်မဟုတ်ပေ။ ကျောက်ဟိုင်လို အတွေ့အကြုံမ၇ှိတဲ့သူတစ်ယောပ်အတွက်ဆို ပိုဆိုးပေသည်။ ကံကောင်းတာက အခြားသူတွေစိုက်ပျိုးရေးလုပ်တာကို သူမြင်ဖူးခဲ့သည်ပေ။ သူက သတင်းကြည့်တတ်သူမို့ သတင်းထဲပါတဲ့ ရေလွှမ်းတဲ့အကြောင်းတွေ၊ ဆည်ဖောက်တဲ့အကြောင်းတွေနဲ့ စိုက်ပျိုးရေးအကြောင်းတွေကို မြင်ဖူးလေသည်။ ဒီသတင်းတွေကိုကြည့်ရုံနဲ့ ဆည်ဖောက်ပြီး ရေသွင်းတာကလည်း မလွယ်ကူမှန်းသိနိုင်သည်။
သူ ရှေးခေတ်စာအုပ်တွေလည်း ဖတ်ဖူးသည်မို့ ထိုထဲတွင် အင်ပါယာအရှင်တွေက ကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးရေးလုပ်တာမျိုးတွေ ပါလေသည်။ သို့ပေသိ ဘုရင်က အနည်းငယ်သာ လုပ်ခဲ့ရပြီး နောက်ပိုင်းအစစအရာရာကို အစေခံတွေကသာ လုပ်ဆောင်သွားကြခြင်းပင်။
အခုစိုက်ပျိုးမှာက ကျောက်ဟိုင်ဖြစ်ပြီး အင်ပါယာလည်းမဟုတ်ပေ။ သူ့ယာတွေတွင် သူကိုယ်တိုင်လုပ်ရမှာဖြစ်သည်။
ကျောက်ဟိုင်တို့တွေ အနက်ရောင်မြေစပ်ကို သွားလိုက်ကြသည်။ ထိုနေရာက ရဲတိုက်နဲ့ ခြေလှမ်းတစ်ဆယ့်နှစ်လမ်းလောက်သာဝေးသည်။ ကျောက်ဟိုင် ဆောင့်ကြောင့်ထိုင်ပြီး အနက်ရောင်မြေဆီလွှာတွေကို လက်တစ်ဆုပ်စာ ကိုင်ကြည့်လိုက်သည်။
ကိုင်မိလိုက်တာနဲ့ ရင်းနှီးတဲ့ခံစားချက်ကိုရလိုက်သည်။
သူက သဲကျောက်တွေပေါတဲ့ တရုတ်ပြည်မြောက်ပိုင်းမှာ ကြီးပျင်းခဲ့တာဖြစ်သည်။ ဒါကြောင့် သဲကျောက်ဖြစ်တဲ့ အဆီဓာတ်များတဲ့မြေဆီလွှာတွေနဲ့ ၇င်းနှီးသည်။ ဒါတွေသာ သူတွေးသလိုဖြစ်နေရင် ဘာစိုက်စိုက်ဖြစ်မယ်မထင်တော့ပေ။
မဟုတ်တာလည်း ဖြစိနိုင်သေးသည်မို့ ပြန်ထရပ်လိုက်ကာ
“ ဘလော့ဟက် အနက်ရောင်မြေကြီးနည်းနည်းတူးလိုက်ပါ ငါလေ့လာဖို့ယူသွား၇မယ်”
ဘလော့ဟက် ခေါင်းငြိမ့်ပြီး သူ့လက်စွဲတော်ဓားနဲ့ တူးဆွလေသည်။ သိပ်မကြာခင်မှာပဲ အနက်ရောင်မြေဆီလွှာတွေကို စည်ပိုင်းတစ်ခုစာရလိုက်သည်။
“ ရပြီ အလုပ်ဖြစ်ဖို့ မျှော်လင့်တယ်ကွာ”
တူးလို့ပြီးတာနဲ့ မြေဆီလွှာစည်ပိုင်းကို နေရာလပ်ဒေသထဲ သိုလှောင်ထားလိုက်သည်။
ပြန့်ကျဲနေတဲ့ မြေတွေကိုကြည့်ပြီး ကျောက်ဟိုင်သက်ပြင်းချလိုက်သည်။
“ ဒီလောက်များတဲ့ မြေတွေကွာ စိုက်ပျိုးလို့မကောင်းတာ နှမြောစရာပဲ”
ဖြုန်းတီးနေသလိုပဲ။
သူစမ်းသပ်ပြီးတဲ့အခါ အလုပ်ဖြစ်ဖို့ပဲ မျှော်လင့်သည်။ သူတို့ရဲ့ တိုးတက်မှုသာနှေးနေရင် အခြားသူတွေ ဒီတိုးတက်မှုတွေအကြောင်းသိသွားတဲ့အခါ ဘူတကလန် အဆုံးသတ်သွားလိမ့်မည်။
***