Switch Mode

Chapter – 273

အဖွဲ့ အင်အား တိုးတက်အောင် လုပ်ခြင်း

ပျက်သုန်းခြင်း ခေတ်ကို ကျော်လွန်၍
အပိုင်း ၂၇၃ – အဖွဲ့အင်အား တိုးတက်အောင်လုပ်ခြင်း

နွားနက်ကြီးသည် ဗုဒ္ဓပစ္စည်းကိုင်ထားပြီး လမ်းတစ်လျှောက်လုံး ပြုံးပျော်နေလေ၏။ သူ ထိုပစ္စည်းကို လှုပ်ခါလိုက်သည်နှင့် ဗုဒ္ဓအော်ရာထွက်ပေါ်လာကာ ရှင်းလင်းသည့် ကြေးသံလည်းကြားလိုက်ရသည်။

“ဟမ် တစ်ခုခုတော့ မှားနေပြီ .. ဒါက အရမ်းလည်းစွမ်းအားမကြီးဘူး” နွားနက်ကြီး သံသယဝင်လာသည်။

ဗုဒ္ဓပစ္စည်းမှာ လက်မောင်းတစ်ဖက်စာရှိပြီး အလွန်လေးလံလှသည်။ စွမ်းအင်ထည့်လိုက်သည်နှင့် အရောင်တောက်ပလာသော်လည်း ထိုမျှသာ။ ဘာမှဆက်ဖြစ်မလာတော့။ အဖျက်စွမ်းအင်များ ထွက်မလာ။

“ဒါကြောင့်လည်း ထော်ဂုအဖွဲ့အစည်းက ဖုန်တက်အောင် ထားထားတာပေါ့ .. သာမန်လူတွေ ဒီပစ္စည်းကို အသက်မသွင်းနိုင်ဘူး .. ဘာလို့လဲဆိုတော့ ဒီပစ္စည်းအလုပ်လုပ်ဖို့က ဗုဒ္ဓအသက်ရှူပညာ လိုအပ်တယ်” နွားဝါလေး ပြောလာသည်။

နွားနက်ကြီး မျက်လုံးများ တောက်ပလာကာ သူ၏မိုးကြိုးအသက်ရှူစည်းချက်ပညာကို အသက်သွင်းလိုက်သည်။ ဤပညာမှာ မပြည့်စုံသေးသော်လည်း ဤပစ္စည်းအား အသက်သွင်းရန် လုံလောက်သည်။

ဝုန်းဟူသည့်အသံနှင့်အတူ ပစ္စည်းမှ ကြောက်စရာကောင်းသည့် အလင်းတန်းများ ထွက်ပေါ်လာပြီး မီတာ ၃၀၀ ပတ်လည်တွင် ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားသည်။ မြည်းဘုရင်၊ မန်ချူးကျားနှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြရသည်။

နွားနက်ကြီးနောက် ရွှေရဟန္တာတစ်ပါး ထွက်ပေါ်လာသည့်အချိန်တွင် ပို၍ထိတ်လန့်သွားကြရသည်။ ထိုရဟန္တာမှာ ရွှေဖြင့်ထွင်းထုထားသကဲ့သို့ ရွှေရောင်တောက်ပကာ အလွန်တည်ကြည်ခံ့ညားလှသည်။

ပျံသန်းခြင်းတွင် အာရုံစိုက်ထားသည့် ရွှေလင်းတကြီး တုန်လှုပ်သွားရသည်။

“ဟက်…”

နွားနက်ကြီး အသက်ရှူထုတ်လိုက်ကာ ပစ္စည်းကို အားဖြင့် လွှဲရမ်းလိုက်ကာ အနီးမှတောင်ကြီးထံသို့ ပစ်ပေါက်လိုက်သည်။ ပေါက်ကွဲသံကြားထဲတွင် ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံလည်း ထွက်ပေါ်လာသည်။ တောင်တစ်ဝက်မှာ အရည်ပျော်သွားကာ ချော်ရည်များအဖြစ် စီးကျလာသည်။

နွားနက်ကြီးမပြောနှင့် ချူဖုန်းနှင့် မန်ချူးကျားတို့ပင် ဆွံ့အသွားရသည်။ ဤပစ္စည်း၏ပေါက်ကွဲအားမှာ ကြောက်စရာကောင်းလွန်းလှသည်။

ရွှေလင်းတမှာ အမွေးများ ထောင်ထသွားပြီး ကောင်းကင်ထက်မှ ပြုတ်ကျမလို ဖြစ်သွားသည်။

“ငါ့စွမ်းအင်တွေ အကုန်စုတ်ခံလိုက်ရပြီထင်တယ် … ငါ မောသွားပြီ..”

နွားနက်ကြီးသည် လေလျော့သွားသည့် ပူဖောင်းကဲ့သို့ ဖင်ထိုင်ကျသွားသည်။ သူ့တစ်ကိုယ်လုံး အားနည်းနေကာ ထိုပစ္စည်းကိုင်ထားသည့်လက်ပင် တုန်ယင်နေသည်။

ယခုပြုလုပ်လိုက်သည့် တိုက်ခိုက်မှုမှာ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အကုန်လုံးကို ခမ်းခြောက်သွားစေခဲ့သည်။

“ဒီမှော်လက်နက်က တကယ်ကို ထူးခြားတာပဲ .. ငါတို့ ဒါကို ကောင်းကောင်းသုံးရမယ် .. အခု တိုက်ခိုက်မှုက အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားတဲ့ ကျွမ်းကျင်သူကို သတ်နိုင်လောက်တယ်..” ချူဖုန်း၏အမူအရာ လေးနက်နေသည်။

မန်ချူးကျားလည်း ခေါင်းညိမ့်လိုက်သည်။ သူ မနာလိုဖြစ်နေပြီး သွားရေများပင် ကျနေလေပြီ။ နွားနက်ကြီးမှာ သူ့မိတ်ဆွေဖြစ်ပြီး သူ ညီအစ်ကိုဟု ပင်ခေါ်နေသည့်သူ ဖြစ်နေသောကြောင့်သာ။ အခြားသူများသာဆိုလျှင် ဤကျားကြီး ထိုပစ္စည်းကို လုဖို့နည်းလမ်း ရှာနေလောက်လေပြီ။

“ဒီပစ္စည်းက တကယ်ကို ထူးခြားတယ် .. သူ့အဆင့်က အရမ်းမြင့်လို့ နွားနက်ကြီးရဲ့ စွမ်းအင်တွေ အကုန်လုံးကို စုတ်ထုတ်သွားတာ” နွားဝါလေး ရှင်းပြလာသည်။

ဤပစ္စည်းမှာ ချူဖုန်း၏ ဓားပျံ၊ ခရမ်းရောင်လျှပ်စီးတူ သို့မဟုတ် နွားဝါလေး၏ ငွေရောင်လှံတံများထက်ပင် ပို၍စွမ်းအားကြီးသည်ဟု ပြော၍ရသည်။ ဤသည်မှာ ဤခေတ်တွင် တူးဖော်ရရှိသည့် အဆင့်အမြင့်ဆုံး မှော်လက်နက်တစ်ခုဟုပင် သတ်မှတ်၍ရသည်။

အစောပိုင်းတိုက်ခိုက်မှုမှာ အချုပ်အနှောင်ခြောက်ခု ဖြတ်တောက်ထားသည့် ကျွမ်းကျင်သူကိုပင် သတ်နိုင်လိမ့်မည်ဟု မှတ်ချက်ပေးလာသည်။ သို့သော် ထိုတိုက်ခိုက်မှုမှာ ပစ်မှတ်ကို ထိမှန်ရမည်ပင်။

တိုက်ခိုက်သူမှာ စွမ်းအင်များစွာ ကုန်ဆုံးသွားမည်ဖြစ်သောကြောင့် ပစ်မှတ်ကိုမထိမှန်လျှင် တိုက်ခိုက်သူ ကံဆိုးသွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ထိုတိုက်ခိုက်မှုတွင် သူ့စွမ်းအင်အကုန် ကုန်သွားမည်ပင်။

“ငါ စမ်းကြည့်မယ်..” ချူဖုန်း ပြောလိုက်သည်။

သူနှင့် နွားဝါလေးလည်း မိုးကြိုးအသက်ရှူစည်းချက်ပညာကို သိကြသည်ပင်။ နွားနက်ကြီးကိုပင် သူတို့သင်ထားပေးခြင်းသာ။ ထို့ကြောင့် သူတို့နှစ်ဦးက ဤပစ္စည်း၏စွမ်းအားကို ပို၍အသက်သွင်းနိုင်လိမ့်မည်။

ဝုန်းးး.

မီတာသုံးရာပတ်လည်ကို နတ်အလင်းတန်းများ လွှမ်းခြုံသွားကာ ဘုရားနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ စွမ်းအင်လှိုင်းများမှာ ကျယ်ပြန့်ကာ ကြောက်စရာကောင်းလှသည်။

ချူဖုန်းနောက်တွင် ရွှေရောင်ရဟန္တာတစ်ပါး ပေါ်လာပြီး ထိုပစ္စည်းကို လွှဲရမ်းလိုက်သည်နှင့် ကျမ်းစာရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။

ဝုန်း..

ကျန်သည့်တောင်တစ်ဝက်မှာ အရည်ပျော်ကျပြီးနောက် ဘာမှမကျန်တော့အောင် အငွေ့ပျံသွားလေသည်။

ဤမြင်ကွင်းမှာ အားလုံးကို ဆွံ့အသွားစေခဲ့သည်။

ရွှေလင်းတကြီးမှာ ထိုစွမ်းအင်လှိုင်းများကို တောင့်မခံနိုင်တော့။ သူတို့ ဤပစ္စည်းဖြင့် သူ့အား မတော်တဆပစ်မိသွားမည်ကို စိုးရိမ်ကာ ခရီးသည်များကို ခါချမိလုနီးပါး ဖြစ်သွားသည်။

ချူဖုန်း ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားကာ တင်ပုလ္လင်ခွေထိုင်လိုက်ရသည်။ သူ၏လက်ရှိခွန်အားနှင့်ပင်လျှင် သူ မနည်းတောင့်ခံနေရသည်။ ဤလက်နက်ကို တစ်ကြိမ်ထက်ပို အသက်သွင်းရန်မှာ အလွန်ခက်ခဲလိမ့်မည်။

ထို့နောက် သူ့စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန်အတွက် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအင်များကို စုတ်ယူလိုက်သည်။

ခဏကြာပြီးနောက် သူ ပြန်ကောင်းလာသည်။ သူ၏ခိုင်မာလှသည့် အုတ်မြစ်ကြောင့် မောပန်းရာမှ လျင်မြန်စွာ ပြန်ကောင်းလာနိုင်ခဲ့သည်။

“ဒီပစ္စည်းက တကယ်ကို လူသတ်လက်နက်ပဲ … ဒါက မင်းတို့နှစ်ယောက်အတွက် အကာအကွယ်တစ်ခု ဖြစ်လိမ့်မယ် .. ဒါနဲ့ဆို မင်းတို့ ပြိုင်ဘက်ကင်းကျွမ်းကျင်သူတွေကို တိုက်ခိုက်လို့ရပြီ” ချူဖုန်း နွားနှစ်ကောင်ကို ပြောလိုက်သည်။

ပြိုင်ဘက်ကင်းကျွမ်းကျင်သူများကို သူကိုယ်တိုင် တိုက်ခိုက်နိုင်သောကြောင့် ဤလက်နက်ကို မလိုအပ်။

တကယ်တမ်းတွင် ဤပစ္စည်း၏ စွမ်းအားမှာ နွားဝါလေး ထင်ထားသည်ထက် သာလွန်နေသည်။ ဤပစ္စည်းကို တစ်ယောက်တည်းသုံးရန်အတွက် မသင့်တော်။

နွားနှစ်ကောင်လုံး မိုးကြိုးအသက်ရှူစည်းချက်ကို သိနေသည့်အပြင် သူတို့နှစ်ဦးသည် အမြဲတမ်းနီးပါး အတူတူရှိနေကြသောကြောင့် ဤပစ္စည်းမှာ သူတို့နှင့် သင့်တော်သည်။

ဤသည်ကို မြင်သည်နှင့် မန်ချူးကျား၏ မျက်လုံးများနီရဲလာပြီး မနာလိုဖြစ်လာသောကြောင့် သွားရေများပင် ကျလာသည်။ ချူဖုန်း သူ့ကို ပြုံးပြလိုက်ကာ “ကျားအစ်ကိုကြီး ကျွန်တော့်ကို ကူညီဖို့အတွက် ကီလိုမီတာပေါင်း ထောင်ပေါင်းများစွာကို ဖြတ်ကျော်လာတာဆိုတော့ ကျွန်တော် အစ်ကို့ကို မမျှမတ မဆက်ဆံပါဘူး”

“အာ .. မင်း င့ါကို ဘာပေးမှာလဲ..” ကျားအိုကြီး၏ မျက်လုံးများ အရောင်လက်လာကာ ပါးစပ်သည်လည်း နားရွက်တက်ချိတ်မတတ်ပင်။

“ကျွန်တော် အစ်ကိုကျားကြီးကို လက်ဆောင်ကြီးကြီး ပေးဖို့ရှိတယ် .. ဒါပေမဲ့ အဲဒါက အစ်ကို ကျွန်တော်တို့ကို ဘယ်တော့မှ သစ္စာမဖောက်ဘူးဆိုမှ” ဤကျားကြီးမှာ အနောက်တိုင်းမှနေ၍ ကူးပြောင်းလာခြင်းဖြစ်သည်ဟူသည့်အချက်ကို အလေးပေးရန် ချူဖုန်းမမေ့။

မန်ချူးကျား ပျာယာခတ်သွားရသည်။ “ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. ငါက အမြဲတမ်း မန်ချူးကျားပဲ .. ရှီလာကြောင့် ငါ အဖွဲ့အမှားထဲ ရောက်သွားတာ .. အရေးအကြီးဆုံးအချိန်မှာ ဘက်ပြောင်းပြီးတော့ သူတို့ကို တိုက်ခဲ့ပြီး အမှန်တရားအတွက် ရပ်တည်ခဲ့တယ်လေ .. ဒါက ပညာရှိတယ်လို့ခေါ်တယ် .. သစ္စာမရှိတာလို့ ခေါ်တာမဟုတ်ဘူး”

ယခင်က လုံဟူတောင်အား တိုက်ခိုက်ကြသည့်အချိန်က ဤကျားကြီးသည် လားမားဘုန်းတော်ကြီး၏ သင်္ကန်းယူလာခဲ့သည်ပင်။ သူသည် ထိုသင်္ကန်းကိုခိုးပြီး ခွန်းလွန်တောင်မှ ထွက်ပြေးရန် စီစဉ်ထားခဲ့ခြင်းပင်။ ဤကိစ္စမှာ အားလုံးကို ဆွံ့အသွားစေခဲ့သည်။

“နွားအိုကြီး .. မင်း င့ါအပြစ်တွေကို လာထောက်မနေနဲ့ .. ငါ အဲဒီသင်္ကန်းကို ပြန်ပေးပြီးပြီ .. ငါ ပစ္စည်းပြန်ပေးပြီးတာတောင်မှ အဲဒီလားမားကြီးက င့ါကို ဗုဒ္ဓဘာသာ ပြောင်းစေချင်နေတုန်းပဲ .. ကံကောင်းစွာနဲ့ ငါ မြန်မြန်ပြေးနိုင်ခဲ့လို့သာပေါ့”

ချူဖုန်း ရှင်းယီလက်သီး ၁၂ မျိုးထဲမှ အသက်ရှူပညာကို ခွဲထုတ်လိုက်ပြီး မန်ချူးကျားအား သင်ပေးရန် ဆုံးဖြတ်လိုက်သည်။

“ဘာ .. အသက်ရှူစည်းချက်ပညာလား..” ထိုစကားကြားလိုက်ရသည်နှင့် မန်ချူးကျား ဆွံ့အသွားရသည်။ သူသည် အလွန်စိတ်လှုပ်ရှားလာကာ ရွှေလင်းတကျောပေါ်၌ ခုန်ပေါက်လာလေ၏။

သူသည် ကျားအဖြစ် မွေးဖွားလာသောကြောင့် သူ့ထံ၌ အစွမ်းအစများရှိသည်ဟု သူ့ကိုယ်သူ ယုံကြည်ထားသည်။ သို့သော် သူ မည်မျှပင် ကြိုးစားပါေစ ရှီလာ၊ ဒေါင်းဘုရင်ကဲ့သို့သောလူနှင့် မယှဉ်နိုင်သေး။ သူတို့နှင့်တွေ့တိုင်း အမြဲတမ်း ထွက်ပြေးနေရသည်။ ဤသည်မှာ သူ့ထံ၌ အသက်ရှူစည်းချက်ပညာမရှိသောကြောင့်ပင်။

ဤခေတ်မှ ပြိုင်ဘက်ကင်းကျွမ်းကျင်သူအားလုံး အမွေအနှစ်တစ်ချို့ကို ပိုင်ဆိုင်ထားကြသည်ပင်။

လားမားဘုန်းတော်ကြီးဆိုလျှင် ပြောစရာပင်မလိုတော့။ သူသည် ရွှေရဟန္တာအသက်ရှူစည်းချက်ပညာအား လေ့ကျင့်နေသည်ပင်။

ကျားကြီး အင်အားကြီးလာစေရန်အတွက် သူ အသက်ရှူစည်းချက်ပညာတစ်ခု သင်ပေးရန် ဆုံးဖြတ်လိုက်ခြင်းပင်။ မည်သို့ပင်ဖြစ်စေ သူတို့သည် မိတ်ဆွေများပင်။ ရှီလာနှင့်တိုက်ခဲ့သည့်တိုက်ပွဲတွင် ဤကျားကြီး အတော်လေး ကြိုးစားအားထုတ်ခဲ့သည်ပင်။ သူသာမရှိလျှင် တိုက်ပွဲမှာ ပို၍အန္တရာယ်များပြီး သူတို့အများစုလည်း သေနေလောက်လေပြီ။

ချူဖုန်း ကျားကြီး၏ နဖူးကြားကို လက်ညှိုးဖြင့် ထိလိုက်ပြီး ဝိညာဉ်တံဆိပ်မှတစ်ဆင့် ပညာကို လွှဲပြောင်းပေးလိုက်သည်။ သူ သီးသန့်လုပ်ထားသည့် အသက်ရှူစည်းချက်ပညာကို ကျားကြီး၏ စိတ်ဝိညာဉ်နယ်မြေထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်၏။

တစ်ချိန်တည်းမှာပင် ရှင်းယီကျားပုံစံကိုလည်း ထည့်ပေးလိုက်သည်။

“ဟား ဟား…” မန်ချူးကျား ရယ်မောလိုက်သည်။ “ဒီဘုရင်ကြီးမှာ အခု အသက်ရှူစည်းချက်ပညာတစ်ခုရှိပြီကွ… ဒီလောကကြီးမှာ ငါ သွားလို့မရတဲ့နေရာ မရှိတော့ဘူး .. မကြာခင်မှာ ငါ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတော့မယ်…”

“မူး မူး .. ဝုတ် ဝုတ် .. ပြိုင်ဘက်ကင်းနတ်ဆိုးဘုရင်ချူ ငါလည်းသင်ချင်တယ်” မနာလိုသည့် မြည်းဘုရင် ချူဖုန်းကို တောင်းဆိုလာလေ၏။ သူရဲဘောကြောင်သည့်ကောင်မှာ ရုတ်တရက်ကြီး သတ္တိရှိလာလေသည်။

“ခင်ဗျား ကောင်းကောင်းနေရင် ကျုပ် စဉ်းစားပေးမယ် .. အခု ကျုပ် ခင်ဗျားကို ပုံစံအစစ်တစ်ခုပေးမယ်” ချူဖုန်း သူ့နဖူးကို ထိလိုက်ကာ ရှင်းယီမြင်းပုံစံကို ပေးလိုက်သည်။

“ကောင်းပြီလေ… င့ါကို စောင့်ကြည့်နေလိုက်တော့…” မြည်းဘုရင်ကြီးမှာ အတော်လေး ကျေနပ်သွားလေ၏။

ထို့နောက်တွင်တော့ ချူဖုန်း လင်းတဘုရင်ကို ရှင်းယီသိမ်းငှက်ပုံစံအား ပေးလိုက်သည်။ အသက်ရှူစည်းချက်ပညာတော့မပေး။

ရွှေလင်းတဘုရင်မှာ တကယ်ကို စိတ်လှုပ်ရှားသွားရသည်။ သူသည် စီးတော်ယာဉ်တစ်ကောင်ဖြစ်အောင် ဖိအားပေးခံခဲ့ရသောကြောင့် သူ ချူဖုန်းအား အမြဲတမ်းမုန်းတီးနေခဲ့သည်ပင်။ သို့သော် ယခုအချိန်တွင်တော့ သူ့စိတ်ရှင်းလင်းလာကာ မျှော်လင့်ချက်များ ပြည့်နှက်လာသည်။ သူ အသက်ရှူစည်းချက်ပညာ ရရှိမည့်နေ့ကို စောင့်မျှော်နေလေပြီ။

နွားဝါလေးသည် သူသင်ပေးသည့်အသက်ရှူစည်းချက်ပညာအား မည်သူ့ကိုမှ မပေးရန် ပြောထားသည်။ ထိုပညာမှာ တကယ်ပြိုင်ဘက်ကင်းပညာဖြစ်ပြီး သူတိုးတက်လာသည်နှင့် စွမ်းအားကြီးလာလိမ့်မည်။ ယခုအချိန်တွင် သူ၏ထူးခြားလေးနက်မှုများ သိပ်သိသာဦးမည်မဟုတ်။

သူ အခြားအသက်ရှူစည်းချက်ပညာများကို စိတ်မဝင်စားဟု နွားဝါလေး ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်ပညာမှ သူ့ပညာလောက် စွမ်းအားကြီးမည်မဟုတ်။ မိုးကြိုးအသက်ရှူစည်းချက်ပညာ အပြည့်ကို ရှာတွေ့လျှင်တော့ တစ်မျိုးပင်။

ထို့နောက် ရှင်းယီလက်သီးပုံစံ ၁၂ မျိုး ရေးထွင်းထားသည့် သားရေချပ်ကို နွားနှစ်ကောင်အား တိတ်တဆိတ်ပေးလိုက်သည်။

“အား… ထော်ဂုအဖွဲ့အစည်းက ရလာတဲ့ ပစ္စည်းက စွမ်းအားကြီးတဲ့ မှော်လက်နက်ဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး .. အာကာသသုတေသနကျောင်းမှာ ပစ္စည်းကောင်းလေးတွေ ထပ်ရဖို့ မျှော်လင့်ကြတာပေါ့…”

ထို့နောက် သူတို့အုပ်စုသည် အာကာသသုတေသနကျောင်းအား မည်ကဲ့သို့ လုယက်တိုက်ခိုက်ကြမည်ကို ဆွေးနွေးလိုက်ကြသည်။

“ငါ မျှော်လင့်နေမိပြီ .. ငါတို့ ရှေးဟောင်းပစ္စည်းတစ်ချို့ ရှာတွေ့ရင် မဆိုးဘူး”

အမှန်တရားမှာ သူတို့ဘက်တွင်ရှိနေသောကြောင့် သူတို့ ရဲတင်းကာ ယုံကြည်ချက်ရှိသည်။ မကြာခင်တွင် သူတို့ ထိုအဖွဲ့အစည်းများ၏ တံခါးသွားခေါက်ကာ စာရင်းရှင်းမည်။ ဦးခေါင်းများ လိမ့်ကျလာအောင် လုပ်ရုံသာမက သူတို့ ရတနာသိုက်များကိုပါ အပြတ်ရှင်းပစ်ကာ သူတို့ကံကောင်းမှုများကို ယူပစ်မည်။

“အပြင်လောကကလူတွေ ရောက်မလာခင် ငါတို့ တောင်တစ်တောင်ကို ယူထားရမယ်”

အာကာသသုတေသနကျောင်းမှာ ဂူစူးမြို့၌ ရှိသည်။ ဂူစူးနှင့် ဟန်ချန်မှာ ကီလိုမီတာ ၂၀၀၀ ခန့်ဝေးသည်။

သာမန်လူများအတွက် ဤသည်မှာ အလွန်ဝေးကွာလှသည့် ခရီးဖြစ်သော်လည်း ချူဖုန်းအတွက်တော့ ဘာမှမဟုတ်။ သူကိုယ်တိုင်သွားလျှင် မိနစ် ၂၀ အတွင်း ရောက်နိုင်သည်။

ရွှေလင်းတကြီးလည်း မနှေး။ သို့သော် လမ်းတွင် အသက်ရှူစည်းချက်ပညာနှင့် ရှင်းယီလက်သီးချက်များကို လေ့လာနေသောကြောင့် ခရီးစဉ် နှောင့်နှေးသွားသည်။

ထိုသို့ဆိုသော်လည်း သူတို့ ဂူစူးသို့ နောက်မိနစ် ၄၀ အတွင်း ရောက်ခဲ့သည်ပင်။

“ငါတို့ အကြွေးတောင်းဖို့ လာပြီ..”

သူတို့ ဂူစူးမြို့အပြင်ဘက်၌ ဆင်းလိုက်ပြီး ရွှေလင်းတလည်း လူပုံစံ ပြောင်းလိုက်သည်။ ထို့နောက် သူတို့ မြို့ထဲသို့ လမ်းလျှောက်ဝင်လာလိုက်ကြသည်။

အာကာသသုတေသနကျောင်းမှာ လှပသည့်ဥယျာဉ်တစ်ခုထဲ၌ ရှိနေသည်။

ဂူစူးမြို့မှ ဥယျာဉ်များမှာ ရှေးခတ်အချိန်ကတည်းက ကမ္ဘာပေါ်ရှိ အကောင်းဆုံးနေရာများထဲမှ တစ်ခုပင်။ များပြားလှသည့် စံအိမ်များ၊ ကျောက်တံတားများ၊ ရှိနေပြီး ဥယျာဉ်များကို ကျောက်တုံးများဖြင့် အလှဆင်ထားသည်ပင်။

မြို့ထဲ၌ ထိုကဲ့သို့သော ဥယျာဉ်အတော်များများရှိသော်လည်း အာကာသသုတေသနကျောင်းမှ ဥယျာဉ်များစွာကို ပိုင်ဆိုင်ထားပြီး ထိုဥယျာဉ်အားလုံးကို ဆက်ထားသောကြောင့် ရှုခင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ လှပနေသည်။

ချူဖုန်း ကျောင်းသို့တန်းသွားလိုက်သည်။ မြည်းဘုရင်လည်း ယဉ်ကျေးမနေ။ ဇာမဏီဂိတ်တံခါးကို သူ့ခွာများဖြင့်ပေါက်လိုက်သည်။

ရှင်းယီအသက်ရှူစည်းချက်ပညာအား ရလိမ့်မည်ဟူသည့် မျှော်လင့်ချက်ဖြင့် သူသည် ရှေ့ဆုံးမှ ဦးဆောင်သွားလေ၏။ ကျောရိုးမရှိသည့်မြည်းသည် ယခင်က ဤမျှသတ္တိမရှိ။ သူသည် သားရဲဘုရင်များကြားတွင် အရင်ဆုံးထွက်ပြေးနိုင်သည့်သူအဖြစ် နာမည်ကြီးသည်ပင်။

စွမ်းအားကြီးသည့်လူတစ်စု ကျူးကျော်ဝင်ရောက်လာသောကြောင့် ချက်ချင်း အထိတ်တလန့် ဖြစ်သွားကြသည်။

“ဟက် .. ဒါက ထွက်ပြေးနေတဲ့မြည်းမဟုတ်ဘူးလား .. မင်း ဘယ်တုန်းက အာကာသသုတေသနကျောင်းကို ကျူးကျော်ရဲတဲ့သတ္တိရသွားတာလဲ..” သန္ဓေပြောင်းတစ်ဦး ပေါ်လာကာ ဧည့်သည်များကို လှောင်ပြောင်လာလေသည်။

သူသည် လက်နှစ်ဖက် နောက်ပစ်ကာ မြည်းဘုရင်ကြီးကို လမ်းပိတ်ထားလိုက်သည်။

သူ့နောက်တွင် သန္ဓေပြောင်းအုပ်စုတစ်စု ဝှစ်ခနဲ ပေါ်လာကာ ဤနေရာကို ပိတ်ထားလိုက်ကြတော့သည်။

“မင်းကဘာလို့ ဒီက လူသားတွေ လက်အောက်ကို ရောက်သွားတာလဲ..” မြည်းဘုရင် အံ့အားသင့်သွားရသည်။

“ငါက အခု အာကာသသုတေသနကျောင်းရဲ့ ဓမ္မကာကွယ်သူပဲ” သန္ဓေပြောင်းသက်ရှိ ပြောလာသည်။ သူ၏လူသားပုံစံမှာ ရှည်လျားဖြောင့်မတ်နေပြီး သွားကြီးကြီးနှင့် မြည်းထက် ပို၍စွမ်းအားကြီးမည့်ပုံပင်။

“ဒီခေတ်အခါမှာ ဓမ္မကာကွယ်သူ ရှိသေးတာလား..” မြည်းဘုရင်သည် သူ့နားကို ကလော်လိုက်ကာ ပြောလိုက်သည်။

“မင်း နားမလည်ပါဘူး..” ဤဘုရင်သည် ကိုယ့်ကိုကိုယ် အလွန်ဘဝင်ကိုင်နေသော်လည်း ဤသည်မှာ အချိန်ခဏသာ ခံလိုက်သည်။ အဘယ်ကြောင့်ဆိုသော် မြည်းနောက်မှ ချူဖုန်းတို့အုပ်စု ပေါ်လာသည်ပင်။

“ဒါက လူသား သားရဲဘုရင်လား..” ချူဖုန်း မေးလိုက်သည်။

“မဟုတ်ဘူး .. မင်း သူ့ကို စားလို့ရတယ် .. ဒီငန်းက အရမ်းအရသာရှိမှာ သေချာတယ်” သူရဲဘောကြောင်သည့် မြည်းကြီး တက်ကြွစွာပင် ပြောလာသည်။

“လခွမ်း..” ဘဲငန်းဘုရင်မှာ အလွန်ကြောက်ရွံ့သွားသောကြောင့် နောက်ပြန်လှည့်ပြေးမတတ် ဖြစ်သွားသည်။ သူ ဤမြည်းဘုရင်ကို မုန်းတီးလှသည်။

“ဒီမှာ ဘယ်သူက ပြဿနာလာရှာရဲတာလဲ..” ဥယျာဉ်အတွင်းပိုင်းမှ အာကာသသုတေသနကျောင်းအကြီးအကဲများ ပေါ်လာသည်။ သူတို့နောက်တွင် အရေးပါသည့်ပုဂ္ဂိုလ်များစွာလည်း ပါလာသည်။

ချူဖုန်းမှာ တည်တည်ငြိမ်ငြိမ်ဖြင့်ပင်။ ကနားနား၌ ရှိနေသည့် ကျောက်တံတားလေးပေါ်သို့ လျှောက်သွားကာ သူ့ရှေ့မြင်ကွင်းကို စိုက်ကြည့်လိုက်သည်။

ထို့နောက် အမျိုးသမီးဘုရင်တစ်ဦး ပေါ်လာသည်။ သူမသည် မငယ်တော့သော်လည်း သူမသည် ကိုယ့်ကိုကိုယ်ဂရုစိုက်သောကြောင့် ၄၀ လောက်သာ ထင်ရသည်။

သူမ ငယ်ရွယ်စဉ်က ချောလှသည့်သူတစ်ဦးဖြစ်ခဲ့မည်မှာ သေချာသည်။ အသက်ကြီးသွားသော်လည်း ယခုထိ ကျက်သရေရှိကာ ဆွဲဆောင်မှု ရှိနေဆဲပင်။

သူမ နာမည်သည် ဟော့ယန်ဖြစ်ပြီး အာကာသသုတေသနကျောင်းရှိ စွမ်းအားအကြီးဆုံးလူများထဲမှ တစ်ဦးပင်။

“ရှင်ပဲ… ချူဖုန်း .. ကျွန်မတို့ဂူစူးကို ရှားပါးဧည့်သည့်လာလည်တာပဲ” ဟော်ယန် ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။ ချူဖုန်းကို တွေ့သော်လည်း သူမ အတော်လေး တည်ငြိမ်နေဆဲဖြစ်ကာ ကြောက်ရွံ့ခြင်းမရှိ။

“အစ်ကိုချူ .. ဝမ်းသာစရာပဲ .. အာကာသသုတေသနကျောင်းကို ရောက်လာတာတောင်မှ ကျွန်တော်ကိုယ်တိုင် ထွက်မကြိုမိတာကို ခွင့်လွှတ်ပေးပါ..” လူအုပ်ထဲမှ လူငယ်တစ်ဦး ထွက်လာကာ ပြောလာသည်။

သူ့အမေမှာ အာကာသသုတေသနကျောင်းတွင် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သောကြောင့် ဟော်လင်း သူ့အမေ မျိုးရိုးနာမည်ကို ယူခဲ့သည်။

သူသည် တည်ငြိမ်သည့်အပြုံးနှင့် ချဉ်းကပ်လာကာ ချူဖုန်းအား အစ်ကိုဟု ခေါ်လိုက်သည့်အချိန်တွင် အနည်းငယ်မှ စိုးရိမ်မနေ။

“အစ်ကိုချူ .. ဒီညီလေးက အစ်ကို့အကြောင်း ကြားဖူးတာ တော်တော်ကြာပါပြီ .. အစ်ကိုနဲ့တွေ့ရတာ တကယ်ကို ဂုဏ်ယူရပါတယ်” သူ့အသံမှာ ယဉ်ကျေးပုံပေါ်သော်လည်း ဝတ်ကျေတန်းကျေဆန်လှသည်။

ချူဖုန်း၏ နာမည်ဂုဏ်သတင်းကြောင့် သူ့အား လူငယ်တစ်ယောက် ထွက်ကြိုသည်ဆိုသည်မှာ မသင့်တော်။ ဤသည်မှာ အသက်ကြီးသည့်မျိုးဆက်မှ အရေးပါသည့်ပုဂ္ဂိုလ်များ၏ အလုပ်ဖြစ်သင့်သည်။

ဟော်လင်းမှာ ဘာကိုမှ မကြောက်သည့်ပုံပင်။

မန်ချူးကျားနှင့် နွားနက်ကြီး စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်ကြသည်။ အာကာသသုတေသနကျောင်းတွင် နက်ရှိုင်းလှသည့် နောက်ခံရှိပြီး အမြင်ရှစ်မျိုးကျောင်းနှင့် အလွန်ရင်းနှီးကြောင်း သူတို့ သိကြသည်ပင်။

ကျောင်းမှ လူများ အမြင်ရှစ်မျိုးကျောင်းဆရာအား ဆက်သွယ်ပြီး သူတို့အတွက် ပြောပေးရန် ပြောခဲ့ကြောင်း လုထုန် သူ့တို့ကို ပြောထားပြီးသားပင်။

“မင်းတို့တွေက ထော်ဂုအဖွဲ့အစည်းနည်းလမ်းကို သုံးပြီး ချူဖုန်း နောက်ဆုတ်သွားအောင် အမြင်ရှစ်မျိုးကျောင်းဆရာကို သုံးဖို့ စဉ်းစားထားတာလား..” မြည်းဘုရင်လည်း စိတ်ထဲကြိတ်ရယ်လိုက်သည်။

အာကာသုတေသနကျောင်းမှာ ဟန်ချန်၌ ဖြစ်ခဲ့သည့်ကိစ္စကို မသိသေး။

ချူဖုန်း လျိုကျီဟုန်ကို ခေါင်းဖြတ်လိုက်ပြီဖြစ်ပြီး ကျန်းမိသားစုတစ်စုလုံးအား ရှင်းလင်းပစ်ခဲ့သည့်အပြင် ထော်ဂုအဖွဲ့အစည်း၏ ရတနာသိုက်ကိုလည်း ဓားပြတိုက်ပြီးသားပင်။ သူတို့ တိုက်ပြီးပြီးချင်း ဤနေရာသို့ ချက်ချင်း ထွက်လာခဲ့ကြခြင်းဖြစ်သောကြောင့် သတင်းထွက်မလာသေး။

“သတင်းထွက်လာတဲ့အချိန် ဖြစ်သွားမယ့်သူတို့မျက်နှာတွေကို မြင်ချင်နေပြီ” နွားနက်ကြီး ရယ်မောလိုက်သည်။

အပိုင်း ၂၇၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset